အခန်း ၄၁
Viewers 8k

Chapter 41



စားဖိုမှူးအနေဖြင့် လင်းယောင်ယောင် သည် တာဝန်ကျေစွာ လုပ်ပေးပြီးဖြစ်၍ ဘဲကင်၃ကောင်ကို ချန်ထားလိုက်သည်။သူငယ်ချင်းတွေအတွက် တစ်ကောင်၊ မိဘများစားဖို့ တစ်ကောင် ဖြစ်ပြီး ကျန်တစ်ကောင်ကမူ...


ထို့နောက် သူမ သည် လက်ဆေးရန် ဘေစင်ဘက်သို့သွားပြီး maskကို ချွတ်ကာ ရန်နင် အား ပြောပြလိုက်သည်။


"နောက်ဆို အစ်မကိုလည်း အားကိုးရတော့မှာ...ကြိုးစားပေးဦးနော်"


ရန်နင် မှာ စိတ်လှုပ်ရှားနေပြီး ဘာပြန်ပြောရမှန်း မသိတော့ပဲ လင်းယောင်ယောင် လက်ကို ကိုင်ထားလိုက်သည်။


"ယောင်ယောင်ရဲ့ 'ပီကင်းဘဲကင်' လုပ်နည်းကို အစ်မ ကြည့်ထားတယ်...‌‌ေနာက်ကျရင်လည်း ဒီဘဲကင်ကို ပြပွဲလုပ်နေတဲ့အတောအတွင်း အစ်မ ကိုယ်တိုင်လုပ်ကြည့်လို့ရမလား...သင်တန်းကြေးလည်းပေးပါ့မယ်… ဒါမှမဟုတ် ညီမလိုချင်တာ ပြောလေ... ဖြည့်စွက် အစားအသောက် ဌာနကို အရင်ကလိုမျိုး တိတ်ဆိတ်နေမှာကို အစ်မ မလိုချင်ဘူး…ပြပွဲအပြီးထိပဲလေနော်...ပြီးရင် ညီမရဲ့ နည်းကိုအစ်မ မသုံးတော့ဘူးလေ"


ဘေးနားက ချိုက်မူပိုင် က အေးစက်စွာပြောလာသည်။


"မဟုတ်ဘူး...မင်း အဲဒါ သူများဟင်းချက်နည်းကို ခိုးနေတာပဲ"


လင်းယောင်ယောင် က


"ရပါတယ် အစ်မ လုပ်ချင်သလို လုပ်ပါ... ဒါက လျှို့ဝှက်ချက်ကြီးလည်းမဟုတ်ပါဘူး"


ထို့နောက် သူမက ချိုက်မူပိုင် ဘက်ကို လှည့်ပြီး


"ဟင်းချက်နည်းတွေကို သူများပေးလိုက်လို့ စားဖိုမှူးတွေရဲ့ အဆင့်အတန်းက ကျဆင်းသွားမှာ မဟုတ်ဘူး...ပိုတောင် တိုးလာနိုင်တယ်... စားသောက်ကုန်လုပ်ငန်းတစ်ခုလုံးရဲ့ရည်ရွယ်ချက်ကိုက ဖြည့်စွက်စာတွေရဲ့ အရသာကို မြှင့်တင်ပေးဖို့ မဟုတ်လား...စီနီယာ ဘယ်လိုထင်သလဲ"


ချိုက်မူပိုင် သူမကို လေးလေးနက်နက် စိုက်ကြည့်နေ၏။


"ကလေးမလေး...မင်း ဒီလောက်ထိ အမြော်အမြင်ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... မင်းရဲ့ အယူအဆက ငါ့ဆရာရဲ့ အယူအဆနဲ့ အရမ်း တူနေတာပဲ...သူသာ မင်းကို သိရင် အလုပ်သင် ခန့်မှာပဲ"


သူမသည် အဘိုးကြီးချိုက် နှင့် အဆက်အသွယ်ရှိနေပြီဟု ဘယ်သူ့ကိုမှ ပြော၍မဖြစ်သေးပေ။ထို့ကြောင့် နှုတ်ဆိတ်၍သာ နေလိုက်၏။ ဘေးက ရန်နင် သည် သူမကို ဦးညွှတ်လိုက်သည်။


" ယောင်ယောင်...အစ်မကို တပည့်အဖြစ် လက်ခံပေးပါလား"


"အစ်မက ညီမရဲ့ စီနီယာလေ...ညီမက ဟင်းချက်ရတာပဲ ဝါသနာပါတယ်.. တပည့်တွေ ဘာတွေ လက်မခံဘူး...ဒါပေမယ့် အခွင့်အရေးရရင် နောက်ကျ ဟင်းချက်နည်း အတူတူ လေ့လာပြီး ဆွေးနွေးကြရအောင်လေ"


ရန်နင် အတော်ဝမ်းသာသွား၏။


" ဘာပဲဖြစ်ဖြစ် ညီမကို အစ်မ စိတ်ထဲကနေ သခင်မလေးလို ဆက်ဆံတော့မယ်...ညီမလေးက စီနီယာ ထက်ကို အရမ်းတော်ပြီး အစ်မ လေးစားရတဲ့သူပါပဲ"

လင်းယောင်ယောင် တိုးတိုးလေးပြောလိုက်၏။


"အစ်မ ညီမကို ချီးကျူးလို့ရပေမယ့် စီနီယာကို မစပါနဲ့တော့လား...ဟိုမှာမျက်နှာပျက်နေပြီ...ဟီးဟီး"

ချိုက်မူပိုင် : "...မင်း ငါ့အကြောင်း မကောင်းပြောချင်ရင် ငါ့နောက်ကွယ်မှာ ပြောလို့မရဘူးလား"


ဘဲကင်က အတော်လေးကို ရောင်းကောင်းနေသည်။ အခုမှ စပြီးရောင်းသော်လည်း လူအုပ်ကြီးက တန်းစီပြီး နောက်ဖေးတံခါးအထိ တိုးဝင်လာကြသည်။ ထို့ကြောင့် တစ်ဖက်က ဆေးဝါးအရန်ကုထုံး ပြခန်းနေရာအထိ ရောက်သွားကြ၏။


ဝေ့ယွမ်နှင့် အခြားသူများထံ ဆက်သွယ်ရန်အတွက် လင်းယောင်ယောင်သည် သူမ၏ ဆက်သွယ်ရေးစက်ကို ထုတ်ယူဟန် ပြင်လိုက်သော်လည်း ဝေ့ယွမ် တို့က ဝူလီလီကို ခေါ်လာသည်ကို သူမ တွေ့လိုက်ရသည်။ အစပိုင်းတွင်၊ ဧည့်သည်များမှာ လူအုပ်ကြီးထဲကနေ ဖြတ်ပြီး လမ်းကူး‌လာသော သူတို့ လေးယောက်ကို ကြည့်ပြီး ဒေါပွသွားကြသည်။


'ဒီလေးယောက်က ကြားဖြတ်ချင်နေတာလား'


ဝန်ထမ်းတွေကို သိလျှင်တောင် နောက်ဖေးတံခါးကို ဖြတ်သွား၍ မရပေ။ထိုအကျင့်မျိုးက ကိုယ်ကျင့်တရား ကင်းမဲ့လွန်းပေသည်။


ခေါင်းငိုက်စိုက်ချထားသည့် ဝူလီလီ ကို ဝေ့ယွမ်တို့ သုံးယောက်က လူများရာနေရာကို တမင်တကာနေရာ‌ေပးခိုင်းလိုက်ပြီး အသံချဲ့စက်တစ်ခုကို သူမရှေ့တွင် ချထားလိုက်သည်။ ထိုအခါမှ အားလုံးက ပီကင်းဘဲကင်နှင့် ကိတ်မုန့်တို့ကို ဘာကြောင့် ပြုလုပ်ခဲ့ကြမှန်း သဘောပါက်သွားကြလေသည်။ တောင်းပန်ပြီးနောက် မျက်နှာပျက်သွားသော ဝူလီလီသည် မျက်နှာကို အတင်းအုပ်ထားကာ ထွက်ပြေးသွားခဲ့သည်။သူမအတွက် လင်းယောင်ယောင်က ဂျိုကောင်မပင်။ ယခုတစ်ကြိမ်‌ဆိုလျှင်၊ ဧကရာဇ်မြို့တော် ကျောင်းပေါင်းစုံ ပြပွဲတွင် သူမ မျက်နှာပျက်သွားခဲ့ရပြီဖြစ်သည်။


လင်းယောင်ယောင် သည် သူမထည့်ယူလာသော ဘဲကင်များထဲမှ တစ်ကောင်ကို သူမ၏ အာကာသခလုတ်ထဲသို့ ထည့်လိုက်ပြီး ကျန်နှစ်ကောင်ကို ဘူးများနှင့်ထုပ်ပိုးလာခဲ့ခြင်းဖြစ်၏။ လူတိုင်းသည် ရွှေဝါရောင် ဆံပင်ရှိပြီး၊လန်းဆန်းတောက်ပစွာ ဝတ်စားထား၍ သေးသေးသွယ်သွယ် ဤကောင်မလေးကို သိနေကြပြီဖြစ်သည်။ သူမသည် ဘဲကင်လုပ်သော စားဖိုမှူးဖြစ်သည်။


"ဟား...သူမက အရမ်းလှတာပဲ... အစားအသောက် အရန်ကုထုံးပညာရှင်မလား"


"ငါ သူမအတွက်ဆို ဘာမဆို လုပ်ပေးချင်မိတယ်ကွာ"


"ဟေ့ အလှလေး... ဘဲကင်ကို ထားခဲ့လို့ရမလား...တန်းစီနေကြတာက လူတွေ အများကြီးပဲ...တော်ကြာ တို့အလှည့်ရောက်ရင် မရှိတော့မှာ ကြောက်တယ်"

ဘဲကင်ဝယ်ပြီးသော ရှေ့တန်းရှိလူများ အားလုံး တအံ့တသြ ဖြစ်နေပြီး တစ်ချိန်တည်းတွင် စိတ်ဓာတ်ကျနေကြသည်။


"အရသာရှိလိုက်တာ...ဘာလို့ တစ်လိပ်ပဲ ရတာလဲ...ငါဆို ဘဲတစ်ကောင်လုံး ကုန်လောက်တယ်"


ထို့နောက် ဘဲသားကင်ရပြီးသူများသည် နောက်ကိုတစ်ခါသွားပြီး တန်းစီနေပြန်သည်။ ချောင်းမင်ယောင် က လင်းယောင်ယောင် လက်ထဲက ဘဲကင်ဘူးကို လက်လှမ်းယူလိုက်ရင်း...


"ဒါက ငါတို့အတွက် ဖယ်ထားတာလား...ဟုတ်လား ယောင်ယောင် က အရမ်းမိုက်တာပဲ"


လင်းယောင်ယောင် က သူ့ကို တစ်ဘူး ပေးလိုက်ပြီး ကျန်တစ်ဘူးကို ဝေ့ယွမ်အား ပေးလိုက်သည်။


"အစ်ကိုဝေ့ယွမ်...ဒါကို အိမ်ပြန်ယူသွားပြီး ညီမအစားနှုတ်ဆက်ပေးပါနော်"


တစ်ယောက်နှင့်တစ်ယောက် တရားဝင် အသိအမှတ်မပြုသေးသော်လည်း သွေးစစ်ချက်က ထွက်လာပြီဖြစ်သည်။ လင်းယောင်ယောင် သည် လင်း မိသားစု၏ မိဘများထံ နေနေဆဲဖြစ်သော်လည်း ဝေ့မိသားစု၏ မေတ္တာတရားကိုလည်း သူမ ဘယ်တော့မှ မေ့မှာမဟုတ်ပေ။ သူမကို မပြုစု၊မပျိုးထောင်ခဲ့သော်ငြားလည်း သူမကို မွေးပေးခဲ့သည်။ ဝေ့ယွမ် က သက်ပြင်းချရင်း


"ယောင်ယောင်ကို ညီမ တော်ရတာနဲ့တင် အစ်ကိုက ဝမ်းသာနေပါပြီ... ဝေ့ မိသားစုကို ညီမ အားနာနေစရာ မလိုပါဘူး"


"ညီမက ဝေ့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေလို့လား"


ဝေ့ယွမ် အံ့အားသင့်သွားသည်။


"ဘယ်ဟုတ်မှာလဲ...မဟုတ်ပါဘူး"


"အစ်ကို လင်းရွှမ် ကို ရုတ်တရက် မနာလိုဖြစ်မိတယ်... သူက ညီမရဲ့အစ်ကိုအဖြစ် ဆယ့်ရှစ်နှစ်လောက် ဖြစ်နေခဲ့တာမလား"


လင်းယောင်ယောင် သည် ထိုနာမည်ကိုကြားလိုက်သောအခါ နှုတ်ဆိတ်နေခဲ့ရသည်။ 012 သည် သူမ စကားကို နားထောင်ရှာပြီး ယခုထိ သူမ လက်ကောက်ဝတ်မှာမလှုပ်မလျှက် နေနေဆဲဖြစ်သည်။


"သခင်... ကလေး ဗိုက်ဆာနေပြီ… ဒီဘဲကင်စားချင်တယ်... အိမ်ပြန်ပြီး စားလို့ရမလား"


012 သည် အပြင်မှာ မပျော်သလို ခံစားရ၏။ ပိုင်ရှင်သည် အခြားလူသားများက သူ့အား လိုချင်တပ်မက်စိတ်ဖြစ်သွားမှာကို ကြောက်ရွံ့သောကြောင့် တစ်စက်ကလေးတောင် သူ လှုပ်ရှားခွင့်မရပေ။ အပြင်မှာနေနေသော်လည်း အရသာရှိသည့် အစားအသောက်များကို မစားနိုင်ပေ။


လင်းရွှမ်ဆိုသည့်အမည်ကို တစ်ကြိမ်သာ ပြောဖြစ်သော်လည်း မှော်အစွမ်းတစ်ခုလိုပင် လင်းယောင်ယောင်၏ ကမ္ဘာထဲတွင် ထိုလူတစ်ဖန်ပေါ်လာပြန်သည်။ အကြောင်းမှာ၊သူမ၏ ဆက်သွယ်ရေးကိရိယာက ရုတ်တရက် မြည်လာခြင်းဖြစ်ပြီး ခေါ်ဆိုသူမှာ ရှန်းယွင်ကျင်း ဖြစ်သည်။ ချိတ်ဆက်အပြီးတွင် ရှန်းယွင်ကျင်း က


"ယောင်ယောင် မကြာခင် ပြန်လာတော့နော်...သမီး အစ်ကို ပြန်လာပြီ... သူ့ခြေထောက်မှာလေ ဒဏ်ရာအပြင်းအထန်ရပြီး သွေးတွေ အရမ်းထွက်နေပေမယ့် ဆေးကုသခန်းထဲကိုလည်း မဝင်ဘူး... ဆဲလ်တွေပြုပြင်တဲ့ ကုထုံးကိုလည်း လက်မခံဘူးလေ...သမီးကို အရင်တွေ့မှ ကျေနပ်မယ်တဲ့"


လင်းယောင်ယောင် အံ့သြသွားသည်။


ဒီနတ်ဆိုးကြီး လင်းရွှမ် က ဘယ်လို ဒဏ်ရာရသွားတာလဲ...ချီးထုပ်...


သို့သော်၊စိတ်ထဲမှ ဆဲဆိုလိုက်သော်လည်း သူမ အသံထဲတွင် စိုးရိမ်မှုအချို့ပါရှိနေသည်။


"ဘာဖြစ်တာလဲ...သမီး ချက်ချင်းပြန်လာခဲ့မယ်"


စုချင်းဟယ် သည် အလုပ်လုပ်ရာမှ အပြင်ဘက်ကို ထွက်လာ၍ အရန်ဆေးဝါး ပြခန်းနေရာအထိ ရောက် နေသည့် ရှည်လျားသော လူတန်းကြီး၏ အဆုံးက သူမ၏ သူငယ်ချင်းဆီကို သွားလိုက်သည်။ မည်သို့ပင်ဆိုစေ၊အရန်ဆေးဝါးပြခန်းနေရာမှာလည်း ဈေးဝယ်သူတစ်ယောက်မှ မရှိတော့ပေ။ သူမသည် လူအုပ်အဆုံးတွင် ခဏရပ်နေစဥ် ပြပွဲသို့ အသစ်လာရောက်သူများစွာက သူမနောက်တွင် တန်းစီနေကြသည်။


လင်းယောင်ယောင် နှင့် ဝေ့ယွမ် တို့သည် အရန်အစားအသောက်ပြခန်းနေရာမှ အတူတူ ထွက်လာခဲ့ကြသည်။ သူတို့သည် ပြပွဲခန်းမ၏အထွက်ပေါက်ဆီသို့ အလျင်အမြန်လျှောက်လာကြရာ စုချင်းဟယ် အနားကိုဖြတ်သွားမိကြသည်။ စုချင်းဟယ်သည် သူမကို လက်ကိုဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။


"အတန်းဖော် ယောင်ယောင်..."


ယခုတစ်ကြိမ်တွင် ပြပွဲခန်းမကြီးရှိ ဖြည့်စွက်အစားအသောက်ဟု ပြော၍ရသော "ပီကင်းဘဲကင်" ကို လင်းယောင်ယောင် ပြုလုပ်ခဲ့ကြောင်း သူမ ကြားသိခဲ့ရပြီးဖြစ်သည်။ လင်းယောင်ယောင် သည် အလွန်တော်နေတာကြောင့် သူမ လုံးဝမအံ့ဩပေ။ သို့သော် လင်းယောင်ယောင် ၏ "ပီကင်းဘဲကင်" သည် ရနံ့လေးနှင့်ပင် လူများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး သူမ မျှော်လင့်ထားသည်ထက် အောင်မြင်ခဲ့၏။

ယခုအချိန်က လင်းယောင်ယောင် သည် လင်းရွှမ် သတင်းကိုကြားပြီး အပြေးအလွှား ပြန်လာခဲ့ချိန်ဖြစ်၍ သူမအနီးနားမှ လူတွေ ဘာပြောပြော ဂရုမစိုက်မိပေ။တန်းစီနေသော လူများက သူမအား "ပီကင်းဘဲကင်" စားဖိုမှူးအဖြစ် အသိအမှတ်ပြုနှုတ်ဆက်ကြသည်။ လူတော်တော်များများက သူမကို စကားပြောချင်ပုံရပြီး သူမနှင့် ရင်းနှီးချင်ပုံရသော်လည်း သူမ စိတ်ထဲ အာရုံမစိုက်မိချေ။ သို့သော်၊စုချင်းဟယ်သည် အရပ်ရှည်သူဖြစ်ကာ ရုပ်လှတာကြောင့် အများကြားထဲတွင် ထင်းနေသဖြင့် သူမ တစ်ချက်လှည့်ကြည့်လိုက်ပြီး စိတ်ထဲက ထိတ်လန့်သွားရ၏။ မူရင်းဝတ္ထုထဲမှ ဇာတ်ဆောင်မင်းသမီးက သူမကို အကြိမ်ပေါင်းများစွာ နှုတ်ဆက်နေရသည်မှာ ဘာကြောင့်မှန်း သူမ နားမလည်ခဲ့ပေ။ သူမကိုယ်တိုင်ကလည်း စုချင်းဟယ် ကို မူရင်းဝတ္ထုထဲကလို ဒေါသတကြီး မဆက်ဆံချင်ပေ။


ဒါပေမယ့် စုချင်းဟယ် က သူမဆီကို ချဉ်းကပ်ခဲ့တာလား...


အမှန်အတိုင်းဆိုရလျှင် မူရင်းဝတ္ထုတွင် လင်းမိသားစုသည် ထိုကဲ့သို့ အဆုံးသတ်သွားရခြင်းမှာ ရှောင်မင် နှင့် သူ၏ပြိုင်ဘက်အကြီးဆုံးမင်းသား ရှောင်လွေ့ သည် လင်း မိသားစုကို တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စုချင်းဟယ် ကမူ သူမအပြစ်နှင့်လုပ်ရပ်များအား ရှောင်မင် ရှေ့မှာကောင်းကောင်းမွန်မွန်သာ ထောက်ပြပြောဆိုခဲ့သူပင်။ သို့သော် သူမသည် စုချင်းဟယ် ကို မရိုင်းစိုင်းဘဲ မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။


စုချင်းဟယ် ၏ သူငယ်ချင်းမှာ အနီးနားရှိ ကျောင်းတစ်ကျောင်းမှ မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည်လည်း ဆေးဝါးအရန်ကုထုံးဌာနတွင် ထူးချွန်သော ဒုတိယနှစ်ကျောင်းသူအဖြစ် မှတ်ယူနိုင်သည်။ သူမသည် လင်းယောင်ယောင် ကို ဘဲကင် စားဖိုမှူးမှန်း သတိမထားမိဘဲ...


"အဲဒီမိန်းကလေးက ဘယ်သူလဲ…မာနကလည်း ကြီးလိုက်တာ… ချင်းဟယ်... နင် က အရမ်းလှပြီး ထက်မြက်နေတဲ့ဟာကို… ဘာလို့ သူမကို သွားနှုတ်ဆက်နေတာလဲ...သူမက နင့်ကို လုံးဝ အထင်သေးနေတာ မြင်တယ်မလား"


စုချင်းဟယ် ပြုံးလိုက်သည်။


" 'ပီကင်းဘဲကင်' လုပ်တဲ့ စားဖိုမှူးက သူမပဲလို့ ပြောရင်ရော နင် သူ့ကို အမြင်ကပ်နေမှာပဲလား... သူမက မာနကြီးတာ မဟုတ်ပါဘူး…ကြည့်ရတာ တစ်ခုခုကို အလျင်လိုနေတာထင်တယ်....ဒါပေမယ့် ခေါင်းတော့ညိတ်ပြသွားသားပဲ...ပြီးတော့ ငါတို့က ခင်လည်းမခင်ကြဘူးလေ"


ထိုအခါမှ သူမ သဘောပေါက်သွားသည်။


"ဟင်းချက်ကျွမ်းကျင်တဲ့ စားဖိုမှူးတွေ အကုန်လုံးက ဒေါသကြီးကြတယ်လို့ ငါကြားဖူးတယ်ဟဲ့… အဲ့ဒါကြောင့် နေမှာပါဟယ်...သူတို့နဲ့ စကားပြောရတာ အရမ်းလွယ်ရင် လူတိုင်းကလေ သူတို့ကို ဟင်းတွေအတင်းချက်ကျွေးခိုင်းနေကြမှာ ဆိုတော့လည်း မာနကြီးသင့်ပါတယ်လေ"

လင်းယောင်ယောင်သည် အလွန်ရှားပါးသော ရှေးခေတ်တရုတ်အစားအစာလက်ထောက်ကုထုံးပညာရှင်တစ်ဦးဖြစ်သည်မှာ ပြောနေစရာတောင်မလိုတော့ပေ။ သူမသည် ပင်မပြပွဲခန်းမ၏ အရန်အစားအစာ ပြခန်းနေရာရှိ သူမ၏ "ပီကင်းဘဲကင်" ကြောင့် "ရှေးတရုတ်အစားအစာ လက်ထောက်ကုထုံးပညာရှင်" အဖြစ် လူသိများလာခဲ့သည်။ ထို့အပြင်၊ သူမသည် Starnet News တွင်လည်း ခေါင်းကြီးပိုင်းကနေ ဖော်ပြခြင်းခံရ၏။ သို့သော် ထိုသတင်းသည် သူမနှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းခြင်းမဟုတ်ပဲ သူမ၏ သဘောဆန္ဒမပါဘဲနှင့် တင်ခဲ့ခြင်းကြောင့် သတင်းထောက်သည် သူမ အမည်ကို တိုက်ရိုက်မရေးဘဲ အင်ပါယာ၏ ပထမဆုံးစစ်ပညာရေးတက္ကသိုလ်၏ အစားအသောက်အရန်ကုထုံးဌာနမှ လူသစ်တစ်ဦးဟုသာ ရည်ညွှန်းခေါ်ဆိုခဲ့သည်။


လင်းယောင်ယောင် သည် ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့အား သူမအား ပြန်လိုက်ပို့ဖို့ မခိုင်းခဲ့ပေ။ သူတို့နှစ်ယောက်လုံး ညဘက်ရောက်လျှင်၊ မက်ခါစနစ်လေလံပွဲသို့ သွားချင်ကြပြီး ဝယ်ချင်သော အရာများလည်း ရှိနေကြသေးသည်။ သို့သော် ဝေ့ယွမ်သည် အထူးအထွေ ဘာမှဝယ်စရာမရှိသဖြင့် သူမကို ပြန်ပို့မည်ဟု ပြောလာသည်။သူမလည်း အငှားကားကို မစောင့်နိုင်တော့သလို၊အငှားကားသည် သူ၏ ဇိမ်ခံကားထက် မြန်မှာမဟုတ်သောကြောင့် မငြင်းဆန်ခဲ့ပေ။


စိုးရိမ်သောက ဖြစ်နေသော သူမ မျက်နှာကိုမြင်သောအခါ ဝေ့ယွမ် က ဆိုလာသည်။


"ယောင်ယောင်…စိတ်မပူပါနဲ့...အသေးအဖွဲဒဏ်ရာ မလား…ဒဏ်ရာကို 24 နာရီအတွင်း ဆေးကုသခန်းထဲကို ဝင်လိုက်ရင် နေ့တစ်ဝက်အတွင်း သက်သာသွားမှာပဲဟာကို.... တစ်နာရီလောက်သာ ထပ်လှဲနေလိုက်ရင် ပိုကောင်းလာမှာပါ"

ကြယ်တာရာ ခေတ်တွင်၊ အတွင်းအင်္ဂါများ သို့မဟုတ် အရေးကြီးသော အစိတ်အပိုင်းများကို ပျက်စီးသွားစေသော မည်သည့်ဒဏ်ရာကိုမဆို အသေးစားဒဏ်ရာအဖြစ်သာ မှတ်ယူနိုင်သော်လည်း ပြဿနာမှာ လင်းရွှမ် သည် ကုသမှုကို လုံးဝလက်မခံခြင်းပင်။ ဤဒဏ်ရာနှင့် သူ မသေနိုင်မှန်း သူမ သိသော်လည်း အနည်းဆုံးတော့ သူ နာကျင်ရမှပင်။ သူမ ဝေ့ယွမ်ကို မည်သို့ရှင်းပြရမှန်းမသိတော့။ လင်းရွှမ် သည် ဆေးကုသခန်းထဲသို့ သူမကို ပထမဆုံးမတွေ့ရဘဲ အဘယ်ကြောင့် မဝင်ရသလဲ ဆိုသည်ကို သူမသာ သိပေသည်။


ကံကောင်းထောက်မစွာနှင့်၊ ဝေ့ယွမ်က သိပ်အများကြီးမမေးခဲ့ဘဲ Manual မောင်းနှင်မုဒ်အား အသုံးပြု၍ ကားကို အမြန်ဆုံးအရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။ လင်း မိသားစု၏ အဓိက နေအိမ်သို့ရောက်ရန် စောစောက တစ်နာရီကြာခဲ့သော်လည်း ယခုမူ မိနစ်လေးဆယ်သာ ကြာသည်။အိမ်ရောက်သောအခါ သူမ သူ့ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် အစ်ကို... ပြန်လာပို့ခိုင်းရတဲ့အတွက်လည်း အားနာပါတယ် .. ဒီညလေလံပွဲလည်း ညီမ မလာနိုင်တော့တဲ့အတွက် တောင်းပန်ပါတယ်နော် ... နောက်နေ့မှ ဆက်သွယ်ပါ့မယ်"


ဝေ့ယွမ် သည် လင်းအိမ်၏ အဓိကတံခါးဂိတ်ပေါက်တွင် ကားကို သေသေသပ်သပ် ရပ်ထားလိုက်ပြီး လင်းယောင်ယောင် ခေါင်းကို ခပ်ဖွဖွ ထိလိုက်သည်။


"အစ်ကိုက ညီမ အစ်ကိုပါ... ကျေးဇူးတင်စရာမလိုပါဘူး... မြန်မြန်အထဲဝင်တော့"


--


ရှန်းယွင်ကျင်း သည် သမီးဖြစ်သူ လင်းယောင်ယောင် ကို ဆက်သွယ်ပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ လေသံသည် တုန်လှုပ် ချောက်ချားပြီး ငိုသံပါနေရာမှ ချက်ချင်း အေးစက်သွားကာ အလိုမကျဟန် ဖြစ်သွားသည်။



xxxxx

Ei Thet Hmue