အခန်း ၄၃
Viewers 8k

Chapter 43

(မိသားစုဥပဒေ)


ရှန်းယွင်ကျင်း သည် သားသမီးများ၏ အချစ်ရေးကိစ္စများနှင့်ပတ်သက်၍ အမြဲတမ်း ပွင့်လင်းမြင်သာမှုရှိခဲ့သည်။ လင်း မိသားစုအတွက် မသင့်လျော်သည့် ရှောင် မိသားစုဝင် တစ်ယောက်သာ မဟုတ်လျှင် လင်းယောင်ယောင် အား အခြားကောင်လေး တစ်ယောက်နှင့် မိတ်ဆက်ပေးဖို့ ဝန်မလေးပေ။ လင်းယောင်ယောင် သည် ဧကရာဇ်မိသားစုမှ ကောင်လေးတစ်ယောက်နှင့် ချိန်းမတွေ့သေးသရွေ့ အားလုံးအဆင်ပြေသည်ဟု တွေးထားမိသည်။ သို့သော် သူမ၏ အနာဂါတ် သားမက်လောင်းမှာ လင်းရွှမ် ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားပေ။


လင်းယောင်ယောင် ကို သူမ မွေးထားခြင်းမဟုတ်သော်လည်း သမီးအရင်းအဖြစ် နှစ်ပေါင်းများစွာ မှတ်ယူထားခဲ့သည်။ လင်းရွှမ် သည် မိသားစုဥပဒေကို မချိုးဖောက်သေးသော်လည်း၊ ယောင်ယောင် က သူ့ကို မချစ်မနှစ်သက်ကြောင်း ထင်ရှားနေသည်။ သမီးဖြစ်သူကို ယောက်ျားလေးတစ်ယောက်က အခွင့်ကောင်းယူလာလျှင် ထိုကောင်လေးအား ခွင့်မလွှတ်သင့်ချေ။သို့သော်၊အမေတစ်ယောက်အနေနှင့်၊ သူမ လင်းရွှမ် ကို သက်ညှာပေးသင့်ပေသည်။ တစ်ကယ်တော့ လင်းရွှမ် အရိုက်မခံရဘဲနှင့်တောင် သူ့ခြေထောက်မှာ သွေးထွက်သံယို ဖြစ်နေပြီးသားပင်။


ဝေ့ယွမ် သည် ယောင်ယောင် ၏ အစ်ကိုဝမ်းကွဲအရင်းဖြစ်သည်ကို လင်းရွှမ် မသိမီက၊သူမကို လက်လွှတ်ဆုံးရှုံးတော့မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် နှစ်ရက်၊သုံးရက်အတွင်း ပြီးမြောက်နိုင်မည့် S အဆင့်မစ်ရှင်ကို နေ့တစ်ဝက်အတွင်း ပြီးအောင်လုပ်ခဲ့သည်။ သူ ဒဏ်ရာရသွားသော်လည်း အမြန်ဆုံး ဖြစ်သည့်လမ်းကြောင်းနှင့်၊စီးနင်းသူများကို ဒုက္ခဖြစ်စေတတ်သည့် အလင်းအမြန်နှုန်း(light speed)သုံး၍ ပြန်လာခဲ့ဖို့ ရွေးချယ်လိုက်သည်။


ထို့နောက် ဆေးကုသခန်းထဲသို့ ဝင်သွားရန် ငြင်းဆိုခဲ့သဖြင့် ယောင်ယောင် ကို ရှန်းယွင်ကျင်း အတင်းပြန်ခေါ်ပေးရတော့သည်။ သူမရှေ့မှာတုန်းက လင်းရွှမ်သည် ခြေထောက်ဒဏ်ရာက မနာဘူးဟု ပြောသော်လည်း ယောင်ယောင် ရှေ့မှာတော့ နာသည်ဟု ပြောနေပြန်သည်။


'ဖာ့ခ်..တစ်ကယ် အရှက်မရှိတာပဲ"


ထို့ကြောင့် လင်းရွှမ် ၏ အတွင်းစိတ်ကို သူမသာ ကင်မရာမှတစ်ဆင့်သာ စောင့်ကြည့်မနေပါက သူမ ဘယ်တော့မှသိရမည်မဟုတ်ပေ။


ယောင်ယောင် သည် ဤကိစ္စနှင့်ပတ်သတ်၍ ဝမ်းနည်းကြောက်ရွံ့နေသောကြောင့် သူမနှင့် စကားပြောဝံ့မှာ မဟုတ်ပေ။ ယခု သူမကိုယ်တိုင် အမှတ်တမဲ့ ရှာတွေ့လိုက်သောကြောင့်သာ သိလိုက်ရခြင်းပင်။ လင်းရွှမ် က တစ်ခုခုကို ကြိုက်ပြီးဆိုလျှင် ဘယ်သူပြောပြော လက်လျှော့တတ်သူမဟုတ်ပေ။ သူမ သွားသတိပေးလိုက်မှ သူက ပို၍အရွဲ့တိုက်လာမည်ဆိုလျှင်…

ထို့ကြောင့် သူမ မသိဟန်ဆောင်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူမသည် ယောင်ယောင် ကိုဖိအားမပေးချင်သလို လင်းရွှမ် ကြောင့်လည်း သမီးဖြစ်သူနှင့် စိတ်ဝမ်းမကွဲစေချင်ပေ။


ထို့အပြင်၊ယောင်ယောင် သည် ဆက်နှောင့်ယှက်လာနိုင်သော လင်းရွှမ် ကြောင့် ဝေ့မိသားစုထံ ပြန်သွားရန် ဆုံးဖြတ်သွားနိုင်သည်။ သူမ ဝေ့ မိသားစုဆီ ပြန်သွားလျှင်တောင် လင်းရွှမ် ၏ တဇွတ်ထိုး စိတ်နေစိတ်ထားကြောင့် သူမကို ပြန်ခေါ်နိုင်မည့် နည်းလမ်းများ သေချာပေါက် ရှာပြီး မရမက လက်ထပ်ချင်လက်ထပ်သွားနိုင်၏။


ရှန်းယွင်ကျင်း သည် "သမီးဖြစ်သူ ကနေရုတ်တရက် ချွေးမဖြစ်လာခြင်း" ဆိုသည့်ကိစ္စကို တွေးနေမိလေသည်။ ဤနည်းအရဆိုလျှင်၊ ယောင်ယောင် သည် အမည်မသိမိသားစုကိုလက်ထပ်ရန် မလိုအပ်တော့ဘဲ သူမ၏ အနာဂါတ် ယောက္ခမအတွက်လည်း စိတ်ပူစရာမလိုပေ။

ဟင်....


သူမ ထိုသို့ တွေးလိုက်ပြီး ရုတ်တရက် လင်းရွှမ် ဘက်မှာ နေချင်လာရ၏။


မည်သို့ပင်ဖြစ်စေ ရှန်းယွင်ကျင်း သည် ယောင်ယောင် အတွေးကသာ အရေးကြီးဆုံးဟု တွေးလိုက်မိသည်။ ယောင်ယောင် မှာသာ အမှန်တစ်ကယ် ဆန္ဒမရှိခဲ့ပါက၊လင်းရွှမ်အား ဧကရာဇ်မြို့တော်မှ ထွက်ခွာရန် အတင်းအကြပ် အမိန့်ထုတ်ရမည်ဖြစ်သည်။နောင်ထပ် ၈နှစ် သို့မဟုတ် ၁၀နှစ် ကြာပြီးနောက်တွင် လင်းရွှမ်၏ ခံစားချက်တို့သည် မှိန်ဖျော့သွားနိုင်ပြီး ယောင်ယောင်လည်း သူမ တစ်ကယ်နှစ်သက်သူတစ်ဦးကို ရှာဖွေတွေ့ရှိပြီးဖြစ်ပေလိမ့်မည်။


ဤနည်းလမ်းက၊နောက်ဆုံးနည်းလမ်းမဟုတ်လျှင် တခြားနည်းတစ်ခုခုကို သူမ သုံးချင်မိသည်။သူမသည်လည်း ပျော်ရွှင်သာယာနေသော မိသားစုကလေးကို မပြိုကွဲစေချင်ပေ။ လင်းရွှမ်၏မိခင်အနေဖြင့် အကောင်းဆုံး နည်းလမ်းတစ်ခုကို ရှာဖွေရန် အခွင့်အရေးကျန်ရှိနေသေးသည်ဟု သူမ ခံစားရသည်။ဤအတိုင်းဆိုလျှင် ၈နှစ်၊၁၀နှစ်၊သို့တည်းမဟုတ်နောက် အနှစ်၂၀၀ခန့်အထိ နောင်တရသွားနိုင်သည်။


သို့သော်လည်း ယခုအချိန်ကစပြီး သူမသည် လင်းရွှမ် ကို နတ်ဆိုးတစ်ယောက်လို သမီးဖြစ်သူအား ပြုမူခွင့်မပြုနိုင်တော့ပေ။ လင်းရွှမ် သည် အခြားအိမ်မှ မိန်းကလေးတစ်ဦးကို စိတ်ဝင်စားသွားပါက၊ သူမ အသာတကြည်ပင် ခွင့်ပြုပေးနိုင်သည်။သို့သော်၊သူ ချစ်နေသူက သူ၏ ညီမလေးဖြစ်‌နေသည်။ မိခင်တစ်ယောက်အနေနှင့် ယောင်ယောင် အတွက် တရားမျှတမှုကို သူမ စဉ်းစားရပေတော့မည်။


ထိုသို့ စဉ်းစားရင်း ရှန်းယွင်ကျင်း သည် ဆေးကုသခန်းထဲကထွက်လာမည့် လင်းရွှမ် ကို စောင့်ပြီး ဤကိစ္စအား ပြောဖို့ စီစဉ်ခဲ့သည်။ သူ သဘောမတူပါက ခင်ပွန်းဖြစ်သူအား လှမ်းခေါ်ပြီး စစ်ကြာပွတ်နှင့် အရိုက်ခိုင်းပေတော့မည်။


လင်းယောင်ယောင် သည် ဆေးကုသခန်းမှ ထွက်လာရာ ဧည့်ခန်းထဲတွင် ရှန်းယွင်ကျင်း ကို မတွေ့ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားကာ ကိုယ့်အခန်းကိုယ် ပြန်သွားခဲ့သည်။


အိမ်ထဲသို့ ၀င်လိုက်သည်နှင့် 012 သည် ပိုင်ရှင်၏ လက်ကောက်ဝတ်မှ ဖြုတ်ကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် သူ၏ ချွန်ထက်သော ပါးစပ်ဖြင့် စတော်ဘယ်ရီပင်၏ အာဟာရရည်ကို စုပ်ယူပြီး ထိုပန်းအိုးထဲမှာသာ အသိုက်ဖွဲ့ထားလိုက်၏။ လင်းယောင်ယောင် အခန်းထဲ ပြန်ရောက်လာသည်ကိုမြင်သော 012 သည် ပန်းအိုးကို အမြန်ရွှေ့ပြီး သူ၏ အနီရင့်ရောင် အသဲ နှလုံးပုံအရွက်ကို လှန်ပြီးပြောလိုက်သည်။


“သခင် ...ကလေး ဘဲကင်စားလို့ရမလား”


သူမ ဘယ်လိုလုပ် ဘဲကင်စားချင်စိတ်ရှိမှာလဲ…


“အဖေပြန်လာမှစားမယ်”


ကလေးသည် အစားအသောက် စားရတာ နှစ်သက်သော်လည်း မိသားစုတွေ အားလုံးအတူရှိမှ စားရသည့်အရသာကို သခင်ဖြစ်သူက ပိုကြိုက်မှန်း သူသိသည်။ ယခုလေးတင် အာဟာရဖျော်ရည်ကို သောက်ထားသဖြင့် ဗိုက်ကလည်း သိပ်မဆာတော့ပေ။ထို့ကြောင့် အချိန်အတော်ကြာအောင် စောင့်လည်း ဖြစ်သည်ဟု ခံစားမိသည်။


"မင်း ပိုင်ရှင်က ဒဏ်ရာရလာတာ မဟုတ်ဘူးလား...သူ ဒဏ်ရာရထားတော့ အရမ်း ဗိုက်ဆာနေမှာပဲနော်... စွမ်းအင်ဖြည့်ဖို့ များများ စားရမှာ...သူ မစောင့်နိုင်ရင် မင်း သူ့ကို ဘဲကင် အရင် ကျွေးထားလိုက်ပါလား"


012 သည် "ဆေးကုသခန်း" ဟူသည့် စကားကို နားမလည်ပေ။သူ့အတွက်က ဒဏ်ရာရခြင်းဆိုသည်မှာ "နာကျင်ခြင်း" ဟုသာသိပြီး အထူးသဖြင့် စားချင်စိတ်ဖြစ်လာလိမ့်မည်ဟုသာ ထင်ထားမိသည်။ ထိုလူတွင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါရှိသော်လည်း သူ့ပိုင်ရှင်က ထိုလူ့ကို ကောင်းစွာ ဆက်ဆံတတ်သောကြောင့် 012 သည် အနည်းငယ်ကြောက်သော်လည်း သူ့ကို မမုန်းတီးပေ။


လင်းယောင်ယောင် သည် သွေးစပျစ်နွယ်ပင်၏ အမြင်ကိုကြားသောအခါ အနည်းငယ် ဒေါပွသွားပြီး....


"သူ ငါ့အပေါ် ကောင်းတာမို့ ဘာပဲလုပ်လုပ် မှန်တယ်ပေါ့...ဟုတ်လား... ငါ့ကို နမ်းချင်တယ်ဆိုရင်လည်း ငါကြိုက်လား၊မကြိုက်လားဆိုတာက အရေးကြီးတယ်မဟုတ်ဘူးလား"


ထိုသို့ ရှုပ်ထွေးသည့်မေးခွန်းများကို သွေးစပျစ်နွယ်ပင်ကလေး နားမလည်ပေ။


"မင်းငါ့ကိုနမ်းရင် ငါကလည်း အနမ်းခံချင်တယ်လေ...ငါဘာလို့ မကြိုက်ရမှာလဲ...နမ်းတယ်ဆိုတာ ကြိုက်တယ်လို့ပြောတာမလား"


လင်းယောင်ယောင် အံ့အားသင့်သွားပြီး နောက်ဆုံးတွင် နှာဘူးကြီး လင်းရွှမ်ကိုစိတ်ဆိုးရမည့်အစား လင်းရွှမ်က သူမအား ကြိုက်နေသည်ဟု ပြန်တွေးမိသွားတော့သည်။သူမသည် လင်းရွှမ်၏ မေတ္တာကို ငြင်းလည်းငြင်းလိုစိတ်မရှိသလို၊စိတ်ထဲကလည်း ရွံရှာမုန်းတီးစိတ်မဖြစ်မိပေ။သူမ ဒေါသထွက်မိတာက သူမအား ပြင်းပြင်းထန်ထန်ကြီးစိုး ချုပ်ကိုင်လွန်းသည့် သူ့ သဘောထားကို ဖြစ်၏။


သူမသည် သူ့ကို အစ်ကိုအဖြစ် ဆက်ဆံနေသော်လည်း လင်းရွှမ် သည် အစ်ကိုအရင်းမဟုတ်ကြောင်း အမြဲလိုလို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ သူမသည် သူ့အပေါ် သံသယတစ်စက်မှ မဝင်ခဲ့ဘဲ သူ စိတ်ဆိုးနေတာကိုတောင် အသည်းတယားယားနှင့် စနောက်ခဲ့သေးသည်။ သူ့မှာ သူကြိုက်နေသည့် "နတ်သမီးလေး" ရှိမှန်း သူမ သိလိုက်ရချိန်မှာ ဒေါသဖြစ်လိုက်မိသေးသည်။သို့သော်လည်း၊သူမ စိတ်ထဲမှာ အစ်ကိုဖြစ်သူအား တစ်ခြားမိန်းကလေးတစ်ယောက်က လုယူသွားမှာကို မခံချင်စိတ်သာ ဖြစ်မိခဲ့ရသည်။သူမ အတော်လေး စိတ်ရှုပ်သွားမိသည်။


တစ်ကယ်တမ်းက လင်းရွှမ် ကို သူမ နည်းနည်း သဘောကျနေတာ ဖြစ်နိုင်ပေမယ့် သတိမထားမိလိုက်လို့များလား...


သို့သော် သူမသည် အစကတည်းက လင်းရွှမ် ကို အစ်ကိုအဖြစ် ရိုးသားစွာ ဆက်ဆံခဲ့သည်။ လင်းရွှမ် ၏ “ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်တတ်သော” အယူဝါဒကို ဒေါသဖြစ်သည့် အရေးကြီးဆုံး အကြောင်းရင်းမှာ သူ့အား အစ်ကိုဖြစ်သူအဖြစ် ဆက်ဆံနေသည့် သူမ၏ ယုံကြည်မှုကို ချိုးဖျက်လိုက်ခြင်းကြောင့်ပင်။


လင်းယောင်ယောင် အတွေးများ ပိုမို ဖရိုဖရဲ ဖြစ်လာသည်။မကြိုက်ဘူးဟု ပြောရအောင်လည်း အနည်းငယ်ကြိုက်နေသေးသည်။ကြိုက်သည်ဟု ပြောရအောင်လည်း အစ်ကိုတစ်ယောက်လိုသာ သဘောထားနေမိ၏။


အတိုချုပ်ပြောရလျှင် ထိုဖြစ်နိုင်ချေရှိသော ကြိုက်သည်ဟု ဆို၍ရသည့် ခံစားချက်သေးသေးကလေးသည် ယခုအချိန်တွင် လင်းရွှမ် ကို လက်ခံရန် မလုံလောက်သေးပေ။ သူမ သူ့နှလုံးသားကို ပိုမိုရှင်းလင်းစွာမြင်နိုင်ရန် ခပ်ဝေးဝေးတွင် ပုန်းနေချင်မိသည်။ သို့သော် သူသည် သူမ၏ အစ်ကိုဖြစ်နေပြီး သူမသည် လင်း မိသားစု၏ သမီးဖြစ်သည်။


သူမ ဘယ်မှာများ ပုန်းနေနိုင်မှာလဲ…


သူမ၏ သွေးသားရင်းချာ ဆွေမျိုးများဖြစ်သော ဝေ့မိသားစုကို တွေ့ရှိခဲ့သော်လည်း သူ့တို့ကို ခုတုံးလုပ်၍ အသုံးမချချင်ပေ။ ဝေ့မိသားစုက သူမကို လက်ခံဖို့ ဆန္ဒမရှိခြင်း မဟုတ်သော်ငြား သူမ ဝေ့မိသားစုဘက်သို့ သွားလိုက်လျှင်တောင် ကျန်နေခဲ့သည့် လင်းမိဘ‌များ စိတ်ဆင်းရဲသွားကြပေမည်။


အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမ၏ အဘိုးအိမ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ သွားနေမည်ဟု ဆုံးဖြတ်လိုက်၏။အကြောင်းပြချက်ကလည်း၊ အဘိုးဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုအား မြှင့်တင်ပေးနိုင်မလားဆိုသည်ကို ရှင်းရှင်းလင်းလင်းသိဖို့ ဖြည့်စွက်စာများ ချက်ပေးရန်ဟု စဉ်းစားထား၏။


သူမအပေါ် အလွန်ကောင်းခဲ့ဖူးသည့် လင်းရွှမ်ကိုတော့ အစ်ကိုကြီးအဖြစ် မမှတ်ယူနိုင်တော့‌‌ေပ။ သူမ အဘိုးဖြစ်သူအိမ်မှာ နေမှာဖြစ်သော်လည်း သူ့အတွက် ပိုချက်ပြီး လင်းအိမ်ကို ပို့၍ရသေးသည်။ သို့သော်၊သူ့အတွက် ဤအိမ်မှာနေ၍ သူ့ကိုခြေဆုပ်လက်နယ်ပြုပေးရင်း၊ ဟင်းချက်ဖို့ဆိုသည်က လုံးဝမဖြစ်နိုင်တော့ပေ။


ဘာရယ်...လပန်းပွင့်နားကပ်ကို ချွတ်လိုက်လို့ သူက ပြန်ဝတ်ပေးချင်တယ် ဟုတ်လား…


သေချာသည်က၊ လင်းရွှမ် သည် အဘိုးဖြစ်သူအိမ်အထိလာပြီး နှာဘူးလာကျရန် မဖြစ်နိုင်ပေ။


စိတ်ဆုံးဖြတ်ပြီးနောက် လင်းယောင်ယောင် သည် ချက်ချင်းထကာ ခရီးဆောင်အိတ်ကို ထုပ်ပိုးလိုက်သည်။ အရင်အိမ်ဟောင်းတွင် သူမအတွက် အခန်းတစ်ခန်းရှိပြီး ထိုနေရာ၌ နေ့စဉ်သုံးပစ္စည်းများလည်း ပြည့်စုံနေသည်။ထို့ကြောင့်၊သူမ၏ အဝတ်အနည်းငယ်ကို ရွေးကာ အာကာသခလုတ်အတွင်း၌ ထည့်လိုက်သည်။ ထို့အပြင် 012 လည်း ပါသေးသည်။ထို့နောက် ထုပ်ပိုးပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။


ရှန်းယွင်ကျင်း သည် သမီးဖြစ်သူပင်ပန်းမှာစိုး၍ ကြယ်ငါးပွင့် စက်ရုပ် စားသောက်ဆိုင်၏ မီနူးကိုတစ်ချက် ကြည့်နေပြီး အေးဆေးတည်ငြိမ်စွာနှင့် သူမကိုပြောလိုက်သည်။


"ယောင်ယောင် ဘာစားချင်လဲ လာကြည့်ပါလား... ဒီညကို သမီး ဟင်းချက်စရာ မလိုဘူး...ဒီဆိုင်ရဲ့ လက်ရာက သမီး ချက်တာလောက် အရသာမရှိပေမယ့် မဆိုးပါဘူး... ချိုက်ယူဟုန် ရဲ့ အတွင်းတပည့်တစ်ယောက် ဖွင့်ထားတာတဲ့... ပြီးတော့ ဒီဒူစတားမှာ နာမည်အကြီးဆုံး ကြယ်ငါးပွင့် စက်ရုပ် စားသောက်ဆိုင်တဲ့လေ"


ညစာစားဖို့ ပြောကာမှ လင်းယောင်ယောင် သည် သူမ၏ကိုယ်ပိုင်အာကာသခလုတ်ထဲရှိ ဘဲကင်ကို ရုတ်တရက် သတိရသွားသည်။ထို့နောက် မီးဖိုချောင်ထဲသို့ ပြေးဝင်ကာ အာကာသခလုတ်ရှိ ဘဲကင်ဘူးကို ထုတ်လိုက်သည်။ အစားအသောက် ထည့်သည့်ဘူးထဲမှာ အပူကို ထိန်းသိမ်းပေးသည့် လုပ်ဆောင်ချက်တစ်ခု ပါသဖြင့် ဘဲကင်က ပူနေသေးပြီး လုံးဝ မအေးသေးပေ။


ရှန်းယွင်ကျင်း သည် ဘဲကင်ရနံ့ကို ရှူရှိုက်လိုက်ပြီး အံ့သြသွားကာ


"ဝိုး.... ဒါဘာလို့ ဒီလောက်မွှေးနေရတာလဲ... ကလေး လုပ်ထားတာလား"


လင်းယောင်ယောင် သည် ပြပွဲခန်းမ၏ အရန်ကုထုံး အစားအသောက်ပြခန်းနေရာတွင် နေ့လည်ခင်းက ဖြစ်ပျက်ခဲ့သည်များကို တိုတိုတုတ်တုတ် ပြောပြလိုက်သည်။ သူမသည် ဘဲကင်ကို တစ်ဝက်ခွဲ၍ ဘူးအသစ်တစ်ခုထဲ ထည့်ကာ၊ ရှန်းယွင်ကျင်း ကို အစမ်းစားပြလိုက်၏။ ဘဲကင်က အဆီများသော်ငြား၊မအီစိမ့်ဘဲ အရေပြားက ကြွပ်ဆတ်ပြီး အသားက နူးညံ့နေသည်။ သခွားသီး အလွှာများနှင့်၊အနည်းငယ်စပ်သော ကြက်သွန်ကွင်းများ၊ ချိုမြိန်သော ပဲနှစ်ဆော့စ်ဖြင့် လိပ်ပြီးစားလိုက်သောအခါ အတော်လေးစားကောင်းပေသည်။ အရသာကတော့ ရိုးရိုးရှင်းရှင်းဖြစ်နေသော်လည်း အံ့မခန်းပင်။


ရှန်းယွင်ကျင်း သည် တစ်ခုစားပြီးသည်နှင့် နောက်တစ်လိပ်စားချင်စိတ်ဖြစ်လာရ၏။ထို့ကြောင့် လင်းယောင်ယောင် က သူမကို တားလိုက်၏။


"အဖေ ပြန်လာတဲ့အထိ စောင့်လိုက်နော်...ပြီးမှ အတူစားလေ"


ရှန်းယွင်ကျင်း သည် အတော်လေးစားချင်နေသော်လည်း မတားနိုင်မဆီးနိုင် စားချင်နေသူမျိုးမဟုတ်ပေ။ ဤအရသာကို သူမ၏ ခင်ပွန်းဖြစ်သူနှင့်လည်း အတူစားချင်နေသေးသည်။ လင်းယောင်ယောင် က ဘဲကင်ကို ဘူးနှစ်ဘူးခွဲ၍ ထည့်ထားလိုက်သည်ကို သူမ မြင်လိုက်တာကြောင့် မနေနိုင်တော့ဘဲ မေးလိုက်မိ၏။


"သမီး ဘာလို့ တစ်ခြမ်းခွဲသိမ်းရတာလဲ... ရွှမ်လေး အတွက် သီးသန့်ထားပေးတာလား... အဟမ်း... အနည်းဆုံး မနက်ဖြန် မနက်ကျမှ ဆေးကုသခန်းထဲက ထွက်သွားလို့ရမှာ...သူ့ကို စိတ်မပူပါနဲ့"

"မဟုတ်ပါဘူး"


ရှန်းယွင်ကျင်း ကောင်းကောင်းနားလည်သည်။ ထိုလူယုတ်မာသည် သမီးကလေးအား ယုတ်မာစွာပြုမူထားတာကြောင့် သူ့အပေါ် စေတနာရှိစရာအကြောင်းမရှိချေ။ လင်းယောင်ယောင် သည် ရှန်းယွင်ကျင်း ကို ရဲရဲ မကြည့်ဝံ့တော့ဘဲ အေးအေးဆေးဆေး ဖြစ်ဟန် ဟန်ဆောင်ပြီးပြောလိုက်သည်။


"ဒီတစ်ဝက်က အဘိုးအတွက်ပါ..အဘိုးဆီ သမီး ကိုယ်တိုင်ကိုယ်ကျ ပို့ပေးလိုက်မယ်...စကားမစပ် အဘိုးရဲ့ အိမ်မှာ နည်းနည်းလောက်ကြာကြာနေပြီး ဖြည့်စွက်စာ ကျွေးလိုက်မယ်လေ...ပြီးတော့ အကျိုးသက်ရောက်မှုရှိလား၊မရှိလား ဆိုတာကိုလည်း စောင့်ကြည့်ချင်သေးတယ်"

ရှန်းယွင်ကျင်း ကသာ သူမကိုယ်စား စက်ရုပ်တစ်ရုပ်ကို အဘိုးဖြစ်သူဆီ ပို့ပေးမည်ဟု ပြောလာလျှင် သူမ ဘာဆက်ပြောရမှန်းတောင်မသိတော့ပေ။ လင်း မိဘတွေက အိမ်မှာ သိပ်မနေကြ၍ သမီးတစ်ယောက်အနေနှင့် ဤကျောင်းအားလပ်ရက်မှာ မိဘများနှင့်အတူ‌ေနပေးခြင်းက ပိုကောင်းပေသည်။ အံ့သြစရာကောင်းသည်က ရှန်းယွင်ကျင်း ဘာမှ ဆက်မမေးလာဘဲ ခေါင်းတညိတ်ညိတ်နှင့်...


"သမီးနေချင်ရင် အိမ်ဟောင်းမှာသွားနေလေ...သမီး စစ်သင်တန်းကို တစ်လတက်ရတာတောင် သမီးအဘိုးက သမီးအကြောင်းမေးမေးနေတာ"

ယောင်ယောင် သည် အိမ်ဟောင်းတွင် ရက်အနည်းငယ်ကြာ ခေတ္တနေထိုင်ပါက သူမသည် လင်းထျန်းယွဲ့ နှင့်ပေါင်း၍ လင်းရွှမ် နှင့် သုံးပွင့်ဆိုင်စစ်မေး၍ရပေသည်။ လင်းယောင်ယောင် ၏ အံ့အားသင့်နေသော မျက်လုံးများကို သူမ မြင်လိုက်သောအခါမှ သူမသဘောတူလိုက်သည်မှာ အတော်မြန်လွန်းနေမှန်း သိလိုက်ရသည်။


"ဝေ့မိသားစုက သမီးကို သူတို့ရဲ့ ဆွေမျိုးတွေအဖြစ် အသိအမှတ်ပြုမပြုဆိုတာကိုလေ အိမ်ဟောင်းမှာ စကားပြောရတာ ပိုအဆင်ပြေလိမ့်မယ်ထင်တယ်...သမီးရဲ့...ရွှမ်လေး မှာလည်း ဒဏ်ရာက နည်းလေးပဲ ရထားတာဆိုတော့ အမေပဲ သူ့ကိုကြည့်ထားပေးမယ်လေ"


လင်းယောင်ယောင် မထွက်သွားခင်မှာ သူမက Biying အသီးကို သက်တမ်းမကုန်ခင် တတ်နိုင်သမျှ အမြန်ဆုံးစားဖို့ မှာလိုက်သေးသည်။အရင်က လင်းရွှမ်သည် Biying အသီး ပေးခဲ့သည်ကို ညီမဖြစ်သူကို အတော်လေးဂရုစိုက်တာကြောင့် သူမ စိတ်ထဲမှာ ပျော်ခဲ့ဖူးသည်။ယခုတော့ သူ့အဖေလိုပင် ဉာဏ်နီဉာဏ်နက်များနေတာမှန်း သိလိုက်ရသည်။


တစ်ကယ် သားအဖလို့ မပြောရဘူး...


သို့သော်၊ ယောင်ယောင် က သမီးလေးတစ်ယောက်အနေနှင့် ဖြစ်ဖြစ်၊"ချွေးမ"လောင်း အနေနှင့်ဖြစ်ဖြစ်၊ သူမ၏ ကိုယ်လုံးကိုယ်ပေါက်အဆင့်ကို တတ်နိုင်သမျှ အဆင့် မြှင့်တင်သင့်သည်။


လင်းရွှမ် ပေးသည့် Biying အသီးကို သူမ စိတ်ဆိုးနေသဖြင့် စားချင်စိတ်တော့မရှိပေ။ သို့ရာတွင်၊ သူ့အောက်မှာဖိချုပ်ခံရပြီး ပြန်မခုခံနိုင်သည့် ရှက်စရာကောင်းသော အမှတ်ရစရာတွေကို တွေးပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်အဆင့်ကို အမြန်ဆုံး တိုးတက်အောင်လုပ်ဖို့ တစ်ကယ်လိုအပ်နေပြီဟု ခံစားလိုက်ရသည်။ အနည်းဆုံးတော့ နောက်တစ်ခါဆိုလျှင် သူ့ကိုတစ်ခုခု ပြန်လုပ်နိုင်မည်ဖြစ်သည်။


အမေနှင့်သမီးမှာ ဖွင့်ဟမပြောဖြစ်ကြသည့် လျှို့ဝှက်ချက်များကြောင့် နှစ်ယောက်သား သက်ပြင်းကိုယ်စီချမိကြသည်။


ရှန်းယွင်ကျင်း: ' အမေဖြစ်ရတာ ရှက်လိုက်တာ...ငါ့သမီး တစ်ခုခုဖြစ်မှန်း သိတယ်... ဒါပေမယ့် ငါ သူမကို နှစ်သိမ့်မပေးရဲဘူး ဖြစ်နေတာ'


လင်းယောင်ယောင်- '.. ငါ့အမေ ဒီအကြောင်းကို မသိသေးလို့ တော်သေးတာပေါ့...မဟုတ်ရင် သူမ အရမ်းရှက်နေမှာပဲ'


ရှန်းယွင်ကျင်း ကသာ လင်းရွှမ် နံဘေးမှာ ရပ်တည်နေလျှင်... သူမ ဤအိမ်မှာ ဆက်မနေနိုင်တော့သည်ကတော့ အမှန်ပင်။




xxxxxx



Ei Thet Hmue