အခန်း ၄၄
Viewers 8k

Chapter 44



ခဏအကြာတွင် လင်းယောင်ယောင် သည် လင်း မိသားစု၏ နေအိမ်ဟောင်းသို့ ရောက်ရှိလာသည်။ လင်းကျန့်ဟိုင် သည် သူမ၏ မက်ဆေ့ခ်ျကို လက်ခံရရှိပြီးကတည်းက ထိုင်စောင့်‌နေခြင်း ဖြစ်သည်။ လင်းထျန်းယွဲ့ ကလည်း ဝေ့မိသားစုအကြောင်း ယနေ့ မက်ဆေ့ခ်ျမှတစ်ဆင့်ပြောပြထားပြီးဖြစ်သည်။ လင်းကျန့်ဟိုင် နှင့် ဝေ့ မိသားစု၏ အကြီးအကဲ ဝေ့ချုံးရှန် တို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ခဲ့သည်။သူ၏ မြေးမလေးမှာ ဝေ့မိသားစုမှ မြေးမလေးဖြစ်နေသဖြင့် ရေစက်ဟုပင် ဆိုရပေမည်။


လင်းကျန့်ဟိုင် သည် မည်သည့် မိသားစုသို့ လင်းယောင်ယောင် ရွေးချယ်လိမ့်မလဲဟု သိပ်မစဉ်းစားခဲ့ပေ။ သူကိုယ်တိုင်ကလည်း အသက်အရွယ်ရလာ၍ ဘဝမှာ အဖြစ်အပျက်ပေါင်းစုံ ရင်ဆိုင်ခဲ့ရပြီးပြီဖြစ်သည်။ ကလေးမလေးက လတိုင်း သူ့ဆီလာတွေ့နိုင်သရွေ့ သူ အဆင်ပြေနိုင်သည်။ အနှေးနှင့်အမြန်ဆိုသလို မြေးမလေးဟာ လက်ထပ်တော့မှာဖြစ်သည်။သူမသည် ရုပ်လေးကလှပြီး ချစ်ဖို့ကောင်းရုံသာမက အလွန်ကောင်းမွန်သော ဖြည့်စွက်စာကိုလည်း ဖန်တီးနိုင်သည့်သူဖြစ်ကြောင်း သူကြားသိရသည်။


သူမ နောက်ဆို ဘယ်လောက်နာမည်ကြီးလာမယ်ဆိုတာ ဘယ်သူသိမလဲလေ....


သူမသည် လင်း မိသားစု သို့မဟုတ် ဝေ့ မိသားစုဝင် အဖြစ် ကြာကြာမနေဘဲ စောစောလက်ထပ်ပြီး အိမ်ထောင်တစ်ခုထူထောင်လိုက်လျှင် ပိုကောင်းမည်ဖြစ်သည်။ထိုမှသာ သူ မြေကြီးထဲမရောက်ခင် မြစ်ကလေးကို ထိန်းကျောင်းချီပိုးခွင့်ရမည်ဖြစ်သည်။


သို့သော် လင်းယောင်ယောင် ယူလာသည့် "ပီကင်းဘဲကင်" ဟုခေါ်သော ဖြည့်စွက်အစားအစာကို စားလိုက်ရချိန်မှာ အဘိုးကြီး လင်း ထိုအတွေးမျိုး မတွေးတော့‌ေပ။ တစ်ခါတစ်ရံတွင် အသက်ကြီးသူများသည် စာမျက်နှာတစ်ရွက်အား လှန်လိုက်သလိုပင် ကလေးလေးများလို စိတ်အပြောင်းအလဲမြန်ကြ၏။သူသည် ဤကဲ့သို့ အရသာရှိသော အစာကို မစားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်က ပျက်စီးပြိုကွဲနေတာကြောင့် ခေါင်းအမြဲကိုက်ခြင်း ဝေဒနာကို သက်သာစေရန်အတွက် ဖြည့်စွက် အစားအစာအမျိုးမျိုးကို စားသုံးနေခဲ့ရသည်။ သူ့ထက် ငယ်ရွယ်သူများက တစ်ခါတစ်လေ အိမ်သို့လာပြီး စားကြသောက်ကြသည့်အခါမှ ပုံမှန် အစားအသောက် အနည်းငယ်ကို စားလေ့ရှိသည်။


သူက သာမန်လူလို အရသာရှိတဲ့ အစားအသောက်ကို မစားချင်ခဲ့တာလား...ဘယ်ဟုတ်မလဲ...


အကြောင်းက ပုံမှန်အစားအစာများ စားလိုက်လျှင် ခေါင်းကိုက်ခြင်းဝေဒနာက ပိုဆိုးလာတာကြောင့်ပင်။ သူ့လျှာကို အလိုလိုက်မိ၍ စိတ်ထဲနေသာထိုင်သာရှိသွားသော်လည်း သူ့ခန္ဓာကိုယ်ကမူ တစ်နေ့လုံး အဆင်မပြေဖြစ်တတ်သည်။ သို့သော် မြေးမလေး ယောင်ယောင် ကျွေးသော ဖြည့်စွက်စာသည် ခြွင်းချက်ဖြစ်သည်။


ဘာလို့ဒီလောက်အရသာရှိနေတာလဲ...


ပိုအရေးကြီးသည့်အချက်က၊ သခွားသီးများကိုသာ စိတ်စွမ်းအင်နှင့် အနည်းငယ် ပြုပြင်ထားခြင်းဖြစ်သည်။သို့သော်၊ သူ့အိမ်မှာ အထူးငှားရမ်းထားသည့် မာစတာအဆင့် ကုထုံးပညာရှင်များ၏ အစားအသောက်များထက် သူမ ဟင်းလျာ၏အာနိသင်မှာ ပိုတောင်ကောင်းနေသေးသည်။


လင်းယောင်ယောင် သည် စနစ်တကျ လေ့ကျင့်မှုမျိုးတစ်ခါမှ မပြုလုပ်ခဲ့ဖူးပေ။ အတိအကျပြောရလျှင် သူမအား "အလုပ်သင်အဆင့် လက်ထောက်ကုထုံးပညာရှင်" အဖြစ်သာ မှတ်ယူနိုင်ပြီး တိုးတက်စရာ နေရာများစွာရှိသေးသည်။


လင်းကျန့်ဟိုင် သည် အစားအသောက်တွင်ပါရှိသော စိတ်စွမ်းအားသည် ပျက်စီးနေသော စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ ထုံထိုင်းနာကျင်မှုကို သက်သာစေရန် အထူးထိရောက်ကြောင်း သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။သူသည် ချိန်အတော်ကြာ ခံတွင်းပျက်နေတာကြောင့် ဘဲကင်ကို မြင်မြင်ချင်း သိပ်စားမကောင်းနိုင်ဘူးဟုသာထင်ခဲ့သည်။ သို့သော်၊ သူ တစ်ကိုက်စားကြည့်လိုက်ရာ မျက်ရည်ကျလုမတတ် အရသာရှိနေတော့သည်။ သူ၏ ပျက်စီးနေသော ဝိညာဉ်ရေးနယ်ပယ်ကြောင့် ဆယ်နှစ်ကျော်ကြာအောင် အစာစားချင်စိတ်မရှိခဲ့ပေ။


လင်းကျန့်ဟိုင် သည် ဘဲကင်တစ်ဝက်ကို ချက်ချင်း ပြိုက်ကနဲ ကုန်သွား၏။ 012 ဟုခေါ်သော ဂြိုလ်သားအိမ်မွေးအပင်လေးတောင် အနည်းငယ်သာ စားလိုက်ရပြီး သူ၏မြေးမလေးသည်လည်း တစ်တို့၊နှစ်တို့သာ စားပြီး ရှက်ရွံ့သောအကြည့်ဖြင့် သူ့ကို ကြည့်နေသည်။


လင်းယောင်ယောင်သည် လင်းကျန့်ဟိုင် ၏ဝိညာဉ်ရေးနယ်ပယ်ကို ကုသရန်အတွက် အစားအသောက်အရန်ဌာနကို ရွေးချယ်ခဲ့သည်ဟု သူမ မူလက မိဘများအား ပြောခဲ့သည်။ သို့သော် လင်းကျန့်ဟိုင် သည် သူမ ပထမဆုံးအကြိမ်ချက်ပြုတ်သော ဖြည့်စွက်စာကို ယနေ့မှ ပထမဆုံးစားဖူးခြင်းပင်။အရင်ကလည်း တစ်ခါမှ မချက်ကျွေးခဲ့ဖူးပေ။ထို့ကြောင့် သူမ အဘိုးဖြစ်သူအပေါ် အားနာစိတ်ဖြစ်ကာ ရှက်လည်း ရှက်နေမိသည်။


"အဘိုးအတွက် နောက်ဆို သမီး ထပ်လုပ်ပေးပါ့မယ်"


လင်းကျန့်ဟိုင် ကမန်းကတန်း ခေါင်းညိတ်လိုက်သော်လည်း တွေးကြည့်ပြီး ခေါင်းကို အထပ်ထပ်ခါယမ်းလိုက်သည်။


"ဘယ်လိုဖြစ်တာလဲ...သမီးလို ကလေးမလေးက ငါ့လို အဘိုးကြီး တစ်ယောက်အတွက် ချက်ပြုတ် ပေးစရာမလိုပါဘူး...တစ်ခါ နှစ်ခါ ချက်ပေးရင် ရပါပြီ"


လင်းကျန့်ဟိုင် စိတ်ပူစပြုလာသည်။ ယောင်ယောင် ၏ အစားအသောက်များသည် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ပျက်စီးနေသူများအတွက် အထူးထိရောက်ကြောင်း ဝေ့ မိသားစုက မသိပေ။ သူတို့သိသွားလျှင် ယောင်ယောင်ကို အတင်းပါအောင်ခေါ်နိုင်၏။သူ့ စိတ်ထဲမှာ အတော်လိမ္မာသည့် မြေးလေးကို ဆုံးရှုံးရမှာ ဝန်လေးနေမိသည်။ သူမ ချက်ပြုတ်ထားသည့် ဟင်းလျာတွေသည် သူ့အတွက် "ဆေး" ဖြစ်လျှင်တောင် သူမ ပင်ပန်းမှာစိုး၍ မကြာခဏ ချက်ပြုတ်ခွင့်ပေးဖို့ ဝန်လေးနေမိသည်။


သူသည် အရသာသိပ်မကောင်းသည့် တစ်ခြားမာစတာအဆင့် အစားအသောက် လက်ထောက်ကုထုံးပညာရှင်များ ချက်ပြုတ်ထားသော အစားအသောက်ကို အားကိုးပြီး ပုံမှန်ဘဝနှင့် နေထိုင်နိုင်သည်။သို့သော်၊မြေးမလေး၏ လက်ရာကြောင့် သူမကိုအားကိုး၍ အသက်ဆက်လို့ရသေးသည်။သို့သော်၊ ယောင်ယောင် က တခြားမိသားစုမှ ကောင်လေးတစ်ယောက်ကိုလက်ထပ်လိုက်ပါက သူ မျှော်လင့်ထားသလို သူမ လက်ရာကို စားရမှာမဟုတ်တော့ပေ။ သူ့သက်တမ်းသည်လည်း နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ပဲ ကျန်တော့သည်။သူ့မြေးမလေး လက်ထပ်သွားသည်ကို မျက်စိနှင့်မြင်သွားချင်ခဲ့သော်လည်း ယခုတော့ ရုတ်တရက် ဝန်လေးသွားမိသည်။


လူငယ်အများစုသည် အိမ်ထောင်ပြုပြီးနောက်တွင် ၎င်းတို့ဘာသာ နေထိုင်ကြသော်လည်း လင်းယောင်ယောင် အိမ်ထောင်ကျသောအခါတွင် ခင်ပွန်းဖြစ်သူ၏ မိသားစုမှ တာဝန်များကို ပိုမိုထမ်းဆောင်ရမည်ဖြစ်သည်။ လင်းကျန့်ဟိုင်သည် သူမ ပင်ပန်းမှာကိုမလိုလားတာကြောင့်ပင် ရံဖန်ရံဖန်မှသာ သူ့ကိုဟင်းချက်ကျွေးရန်ပြောခဲ့သည်။ထို့ကြောင့် သူမသည် အနာဂါတ်ခင်ပွန်းဖြစ်သူ၏ မိသားစုထဲကို ဝင်ဆံ့နိုင်အောင်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရမှာကို သူ ဘယ်လိုမှ ကြည့်မနေနိုင်ပေ။


တစ်ဖက်တွင်၊လင်းယောင်ယောင်သည် အချိန်ရတိုင်း မီးဖိုချောင်ထဲကို ပြေးဝင်ပြီး အဘိုးလင်းကျန့်ဟိုင်အတွက် ဖြည့်စွက်စာများ ချက်ပြုတ်ပေးသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော လူနာများအပေါ် အကျိုးသက်ရောက်မှုကို စမ်းသပ်ချင်တာလည်း ပါသည်။ထို့အပြင် အလုပ်များများလုပ်လေလေ၊တခြား အတွေးများမတွေးမိမှာဖြစ်၏


အိမ်ဟောင်းသို့ရောက်လာပြီး ဒုတိယနေ့ နံနက်စောစောတွင် လင်းယောင်ယောင်သည် Buying အသီးကို စားလိုက်သည်။ အကျိုးသက်ရောက်မှုက အတော်လေးပျော့ပြီး နှေးကွေးနေသဖြင့် B အဆင့်သို့ တစ်ခါတည်းနှင့် တက်နိုင်မည် မဟုတ်ပေ။အနည်းဆုံး

ဆယ်ရက်ခန့် ကြာမည်ဖြစ်သည်။ဤကာလအတွင်းမှာ စွမ်းအင်ကြွယ်ဝသည့် အစားအစာများကို တတ်နိုင်သမျှ များများစားပေးရမည် ဖြစ်သည်။ ဤကာလအတွင်း သူမ၏ခန္ဓာကိုယ်အရေပြား၊ အသားနှင့်အရိုးများသည် အနည်းငယ် အဆင်မပြေဖြစ်နေရသော်လည်း D +မှ C အဆင့်သို့ ရောက်သွားသောအခါ ယခုလို နာကျင်ရမည်မဟုတ်ပေ။


Biying အသီးကို စားသုံးလိုက်တာကြောင့် သူမ အစားလည်းပိုစားချင်လာ၏။နေ့စဉ် သူမသည် အဘိုးဖြစ်သူအတွက်နှင့် လင်းအိမ်အတွက် ၊ လင်းရွှမ် အတွက်ပါ ပို့ပေးရပြီး ကျန်ဟင်းများသည် သူမ ဗိုက်ထဲသာ ရောက်သွားကြသည်။ လင်းကျန့်ဟိုင် သည် ရုတ်တရက် အများကြီးစားတတ်သည့် သူ့မြေးငယ်လေးအတွက် အကောင်းမြင်ပေးရှာ၏။ သူမသည် တစ်နေ့ကို ထမင်း ၁၀နပ်စားပြီး အဆာပြေလည်း အမြဲစားသည်။သူမမှာ တစ်နေကုန်လုပ်စရာဆို၍ စားလိုက်သောက်လိုက်၊ဟင်းချက်လိုက် နှင့်သာ အချိန်ကုန်နေခဲ့သည်။


ငါ အရမ်းစားလိုက်ရင် အိမ်ထောင်ပြုဖို့ သိပ်မလွယ်ဘူး မဟုတ်လား.…ငါ လက်မထပ်ချင်ဘူး..ဒါကြောင့် များများစားရမယ်


သူမလိုပင် အဘိုးဖြစ်သူ လင်းကျန့်ဟိုင် လည်း စိုးရိမ်ပူပန်မှုများ ရုတ်တရက်ဖြစ်လာပြီး


'ယောင်ယောင် အိမ်ထောင်မပြုနိုင်ရင် ဘာဆက်ဖြစ်မလဲ'


ကံအားလျော်စွာပင်၊ ဤကလေးမလေး အိမ်ထောင်ပြုခွင့်မရခြင်း သို့မဟုတ် အိမ်ထောင်မပြုလိုပါက သူကိုယ်တိုင် ပြုစုပျိုးထောင်မည်ဟု လင်းရွှမ် က ပြောထားခဲ့သည်။ သူ မရှိတော့သည့်အခါမှာလည်း လင်းရွှမ်ကသာ သူမကို စောင့်ရှောက်ပေးမည်ဖြစ်သည်။


လင်းယောင်ယောင် သည် ကောက်ရိတ်သိမ်းပွဲတော် ၄ရက်မြောက်နေ့ဖြစ်သည့် အိမ်ဟောင်းသို့ ပြန်ရောက်ပြီး ၃ ရက်အကြာတွင် ဝေ့မိသားစု၏သခင်ကြီး ဝေ့ချုံးရှန် သည် အဘိုး လင်း အား တရားဝင် နှုတ်ခွန်းဆက်လိုကြောင်း ‌အကြောင်းကြားလာခဲ့၏။ ဝေ့ဟန့် ကလည်း သူ့ဇနီး ၊ ဝေ့ယွမ် နှင့်အတူ မနက်ဖြန်မနက် တရားဝင်လာရောက်လည်ပတ်မည်ဟု ဆိုထားသည်။သူတို့ လာရောက်လည်ပတ်ရခြင်းသည် လင်းယောင်ယောင် ကို အသိအမှတ်ပြုရန် ဖြစ်သည်။


လင်းထျန်းယွဲ့၊ ရှန်းယွင်ကျင်း နှင့် ခြေထောက် သက်သာသွားသော လင်းရွှမ် တို့သည် ဝေ့ မိသားစုနှင့် တရားဝင်နှုတ်ဆက်ရန်အတွက် ယနေ့ညဆိုလျှင် လင်း အိမ်ဟောင်းသို့ ရောက်ရှိလာမည်ဖြစ်သည်။


လင်းရွှမ် ကို မတွေ့ရသည်မှာ သုံးရက်ရှိပြီဖြစ်၍ လင်းယောင်ယောင် ထိတ်လန့်သွားမိသည်။ သို့သော် မိသားစုတစ်ခုလုံးရှေ့တွင် သူမအား ယခင်ကကဲ့သို့ မဆက်ဆံနိုင်ဟုတွေးကာ စိတ်သက်သာရာရသွားခဲ့သည်။ လင်းရွှမ် ကသာ သူမကို အရင်လို အနိုင်ကျင့်နေသေးလျှင် မနက်ဖြန်ရောက်ပါက ဝေ့မိသားစုနှင့် ပြန်လိုက်သွားဖို့ သူမ တွေးလိုက်မိ၏။


လင်းရွှမ်၏ ခြေသလုံးကြွက်သားဒဏ်ရာကို ဆေးကုသခန်းအတွင်း ဒဏ်ရာများကို ပြန်လည်ပြုပြင်ပေးသော အရည်တစ်မျိုးဖြင့် ကုသခဲ့တာကြောင့် ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် အလွန်အကျွံ လှုပ်ရှား၍ မရသေးပေ။ကောင်းမွန်ခါစ ကြွက်သားများဖြစ်၍ သန်မာဖို့အတွက် ရက်အနည်းငယ် အနားယူရမည်။လှုပ်ရှားလိုက်၍ တစ်ခုခုမှားသွားပါက ဆေးကုသခန်းထဲသို့ ထပ်မံဝင်ရောက်ရပေမည်။ ထို့ကြောင့်လည်း သူမကို သုံးရက်လုံးလုံး လိုက်မရှာခဲ့ခြင်းဖြစ်နိုင်သည်။


လင်းရွှမ်သည် ဤသုံးရက်အတွင်းမှာ အမေဖြစ်သူ၏ ဆူပူသောင်းကျန်းမှုဒဏ်ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခဲ့ရပြီး တစ်နေ့ကို ဖခင်ဖြစ်သူကလည်း သုံးကြိမ်တိုင်တိုင် ကြာပွတ်နှင့် ရိုက်နှက်သေးသည်။


လင်းထျန်းယွဲ့ သည် သူ့ကို တစ်နေ့၃ကြိမ် စစ်တပ်ထဲမှာသုံးကြသည့် ကြာပွတ်နှင့် နောက်ကျောကို လာလာရိုက်တတ်သည်။ အားလုံးက အရေပြားမှာ ဒဏ်ရာတွေသာ ဖြစ်သွားသဖြင့် ဆေးကုသခန်းထဲကို ဝင်စရာမလိုပေ။ ဒဏ်ရာကို ဆေးဖျန်းပေးရုံနှင့် သက်သာသွားသော်လည်း နာကျင်မှုက ကြောက်စရာကောင်းလှ၏။


လင်းရွှမ် အံကြိတ်ထားကာ တွေးလိုက်မိသည်။ မရိုးသားသော ထိုကလေးမလေးက သူ့ကို ထားခဲ့ကာ ထွက်ပြေးသွားပြီဖြစ်သည်။ ရှန်းယွင်ကျင်း၏ ဆူပူကြိမ်းမောင်သံနှင့် လင်းထျန်းယွဲ့ ကြာပွတ်ဒဏ်ကို နေ့စဉ်ရင်ဆိုင်ရသောအခါ သူ မနေနိုင်ဘဲ ပြန်ပြောမိတော့သည်။


"ယောင်ယောင် ကိုသေတဲ့အထိ ကျွန်တော် ချစ်မယ်လို့ယုံကြည်ပါတယ်...ကျွန်တော်ကို သတ်ရင်သတ်...မသတ်ရင်လည်း လာမတားနဲ့...ကျွန်တော် စွမ်းဆောင်နိုင်မှ လင်းမိသားစုက မျိုးဆက်မပြတ်မှာလေ"


ရှန်းယွင်ကျင်း ကလေးထပ်မမွေးနိုင်တော့‌ေပ။ သူသာ ယောင်ယောင် နှင့် အိမ်ထောင်မပြုပါက၊ လင်း မိသားစုသည် မျိုးဆက်ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသည်။


လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့ ရုတ်တရက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားကြ၏။ တစ်ကယ်တော့ ယခုလိုမျိုး တဇွတ်ထိုး ဖြေလာလိမ့်မည်ဟု သူတို့ မှန်းဆခဲ့ပြီးဖြစ်သည်။သို့သော်လည်း၊ သမီးဖြစ်သူကို ငဲ့ညှာသောကြောင့် ဤကောင်စုတ်ကလေးကို လွှတ်ထား၍မရတော့ပေ။ဤကောင်စုတ်လေး၏ ကိုယ်လုံးကိုယ်ပေါက်က အတော်လေးကောင်းမွန်သဖြင့် ဘယ်လောက်ရိုက်ရိုက်၊ သိပ်လည်းဆိုးရွားစေမည်မဟုတ်ပေ။


လင်းရွှမ် : 'သူမကို မဟုတ်ဘဲ ကျွန်တော်ကိုများ မွေးစားထားကြတာလား'


ရှန်းယွင်ကျင်း က


"ယောင်ယောင် ကို လိုက်လို့ရပေမယ့် မင်း ကလေးကိုအနိုင်ကျင့်ပြီး မရမ်းကားရဘူး...ကြားလား"


အရိုက်ခံရတာကို ခံနိုင်ရည်ရှိသော်လည်း လင်းရွှမ်သည် ရှန်းယွင်ကျင်း တောင်းဆိုသည်ကို မလိုက်လျောနိုင်ပေ။ထို့ကြောင့်၊သူမ ရှေ့မှာပင် လင်းထျန်းယွဲ့ ကိုမေးလိုက်သည်။


"အဖေရော အမေ့ကို လိုက်ခဲ့တုန်းက အရမ်းစိတ်ပါလက်ပါလိုက်ခဲ့တာမဟုတ်လား.... နည်းနည်းလေးတောင် အဆင့်လေးမကျော်ခဲ့ကြဘူးလား...ပြောကြည့်"


လင်းထျန်းယွဲ့ ရှက်သွားပြီး ရှန်းယွင်ကျင်း မျက်နှာမှာလည်း အနည်းငယ် နီမြန်းစပြုလာသည်။


"... အဟမ်း...အဟမ်း...ဘာတွေပြောနေတာလဲ ခွေးကောင် "


လင်းရွှမ် က ယောင်ယောင် ရှေ့မှာသွားပြီး သနားအောင်လုပ်ပြမှာစိုး၍ လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့သည် ဆေးစက်ရုပ်အား သူ့နောက်ကျောရှိ အရှိုးရာများအားလုံးကို ကုသခိုင်းထားသည်။ ဤကိစ္စအား သူမတို့ သိနေသည်ကို လင်းယောင်ယောင် အား သွားမပြောရန် အမိန့်ထုတ်ထား၏။ လင်းယောင်ယောင် သိသွားလျှင် သူမတော်တော်လေး ရှက်သွားမှာ သေချာသည်။ ဤကိစ္စကြောင့် ဝေ့မိသားစုအိမ်ကို သူမ သွားလိုက်မှာကြောက်မိ၏။


ရှန်းယွင်ကျင်း တို့လင်မယားနှစ်ယောက်သည် လင်းရွှမ် ၏ ဆုံးဖြတ်ချက်ကို မရပ်တန့်နိုင်သော်လည်း သမီးဖြစ်သူအတွက် တရားမျှတအောင် ပြောထားသည်။ အကြောင်းမှာ၊သူမကသာ လင်းရွှမ် ကို လက်မခံနိုင်ပါက သူတို့၏ သမီးငယ်လေးအဖြစ် ဆက်လက်ရှိနေနိုင်ရန် ဖြစ်သည်။


တစ်ကယ်တမ်းတွင် လင်းရွှမ် သည် သူ့မိဘတွေကို ဤမျှမြန်မြန် အသိပေးဖို့ မတွေးထားဖူးပေ။ ထိုနေ့က သူ့ဒဏ်ရာကို‌ အကြောင်းပြ၍ပြန်လာပြီး လင်းယောင်ယောင် ၏ နူးညံ့သောလက်ကလေးကိုလည်း ဆုပ်ကိုင်ထားခဲ့သည်။အပြင်ပန်းက ငြိမ်သက်နေသော်လည်း သူ့နှလုံးသားကတော့ အကြမ်းပတမ်း လှုပ်ခါနေရသည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကြောင့် နာကျင်ကိုက်ခဲနေကာ သူ၏ ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်မှာလည်း ဒဏ်ရာရထားခဲ့သည်။ ထို့အပြင်၊အိမ်ကသာ အလုံခြုံဆုံးနေရာဖြစ်၍ တင်းထားသမျှ သတိတို့ စိတ်လွတ်လက်လွတ်ဖြစ်သွားခဲ့သည်။သို့သော်လည်း၊ ဆေးစက်ရုပ်က သူ့ကို ဆေးကုသခန်းထဲ ရွှေ့လိုက်သည်နှင့် အခန်းထဲမှာ ထောက်လှမ်းရေးကိရိယာများ ဖွင့်ထားမှန်း သူ မတော်တဆ သတိထားမိခဲ့သည်။ သေချာပေါက် စောင့်ကြည့်နေသူမှာ ရှန်းယွင်ကျင်း ပင်ဖြစ်ရမည်။ အမေဖြစ်သူ သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ သူ့ခံစားချက်များကို ဖုံးကွယ်စရာမလိုအပ်ဘူးဟုလည်း ထင်မိသည်။ သူ့မိဘများကို သူ့အချစ်ရေးအား ကူညီပေးဖို့ မတောင်းဆိုချင်သလို၊မိဘများကြောင့်လည်း သူ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ပေ။


သုံးရက်ကြာအောင် မိဘများ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီးနောက် လင်းရွှမ် သည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ခဲ့သည်။ သူတို့ ပြောတာကလည်း မမှားပေ။ ယောင်ယောင်က သူ့ကို ဘယ်လိုထင်မြင်နေမလဲဆိုသည့်အချက်ကို တွေးပြီး သူကိုယ်တိုင် ဆင်ခြင်သုံးသပ်ဖို့လိုအပ်သည်။ သို့ရာတွင်၊သူကိုယ်တိုင် သွားမေးပြီးတောင်းပန်ချင်သော်လည်း သူမ ရှိမနေတော့ပေ။


လင်းထျန်းယွဲ့၊ ရှန်းယွင်ကျင်း နှင့် လင်းရွှမ် တို့သည် လင်းမိသားစု၏ အိမ်ဟောင်းသို့ အတူရောက်လာသောအခါ လင်းယောင်ယောင် သည် မီးဖိုချောင်တွင် ချက်ပြုတ်နေချိန် ဖြစ်သည်။ မတူကွဲပြားသော ပါဝင်ပစ္စည်းများကို အရသာရှိသော ဟင်းလျာများဖြစ်စေရန် အချိုးကျထည့်ထားသောကြောင့် အလွန်ပြည့်စုံလှသည်။ သူမသည် ရိုးရာတရုတ်ဟင်းပွဲပုံစံကို အသုံးပြုကာ ဆန်းသစ်ပြီး အရသာရှိအောင် ချက်ပြုတ်လိုက်သည်။


ဤခေတ်တွင် ကြယ်ငါးပွင့် စားသောက်ဆိုင်များ၏ ပရော်ဖက်ရှင်နယ်စားဖိုမှူးများနှင့် နှိုင်းယှဉ်ပါက သူမ၏ စကေးလယ်ဗယ်က အနည်းငယ်နိမ့်နေကြောင်း ဝန်ခံ‌ေပသည်။ ဖြည့်စွက် အစားအသောက် လုပ်ငန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူမ၏ ကုထုံး အကျိုးသက်ရောက်မှုက တစ်ခြားဖြည့်စွက်ကုထုံးများထက် ပိုဆိုးမှာ မဟုတ်ချေ။ ထိုမျှမကသေးပေ သာမန်အစားအစာများထက်ပင် ပိုအရသာရှိကာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်နေသူများကိုပင် အကျိုးသက်ရောက်စေသည်။ ဤအပိုင်းကလည်း အားလုံးကို အဖမ်းစားနိုင်ဆုံးအပိုင်းဖြစ်၏။


သူမ ဟင်းချက်ရသည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်မဖြစ်မိပေ။ လင်း မိသားစုသည် သူမကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့ကြပြီး သူမဘက်ကမူ တစ်ခါတစ်လေမှ ဖြည့်စွက်ကုထုံးအာနိသင်ရှိ ဟင်းလျာများသာ ကျွေးမွေးနိုင်သည်။ တစ်အိမ်လုံးကလည်းဆုံခဲလှသဖြင့် သိပ်ပြီး ပင်ပင်ပန်းပန်းချက်ပြုတ်ရသည်မရှိပေ။


လင်းယောင်ယောင် သည် ယနေ့အတွက် အိမ်ချက်ဟင်းလျာများကိုသာ အလေးပေးချက်ပြုတ်လိုက်ရင်းနှင့် သူမပါ ဗိုက်ဆာလာရတော့သည်။သူမမှာလည်း တစ်နေကုန် ဟင်းချက်၊စားသောက်နေတာနှင့် အချိန်ကုန်နေရသည်။


ပထမဆုံး ဟင်းလျာက ဝက်နံရိုးစွပ်ပြုတ်ဖြစ်ပြီး ရေငတ်ပြေစေကာ အာဟာရလည်း ဖြစ်စေသည်။ သူမသည် ဤစွပ်ပြုတ်ကို စစ်ရေးလေ့ကျင့်မှုသင်တန်းအတွင်း အသင်းဖော်များအတွက် ချက်ပြုတ်ခဲ့သော်လည်း လင်းမိသားစုအား တစ်ခါမှ မကျွေးဖူးပေ။ နောက်တစ်ခုက အာလူးနှင့်ကြက်ဟင်း၊ ဝက်သားလုံးကြော်၊ ပုဇွန်နှင့်ကြက်ဥ၊ ငါးနှင့် သီးဟင်းသီးဟင်းရွက်၊ ကြာမြစ်ကြော်၊ ခရမ်းသီး‌နှပ်နှင့် နုတ်နုတ်စင်းထားသည့် အသားနှင့် ပဲပင်ပေါက် ကြော်တို့ ဖြစ်သည်။ အချိုပွဲက ပူတင်းနှင့် အုန်းနို့ကိုသစ်သီးများထည့်ကာ ဖျော်ရည်လုပ်ထားလိုက်သည်။



xxxxxx



Ei Thet Hmue