အခန်း ၄၅
Viewers 8k

Chapter 45



လင်းယောင်ယောင် သည် အသားပါဝင်ပစ္စည်းများကို မည်သို့အစွမ်းထည့်၍ ပြုပြင်ကိုင်တွယ်ရမည်ကို မသိသေးသောကြောင့် ဟင်းသီးဟင်းရွက်များကို စိတ်စွမ်းအင်နှင့် အနည်းငယ်မျှသာ ပြုပြင်ခဲ့သည်။


စက်ရုပ်များသည် ပါဝင်ပစ္စည်းများကို သူမ ခိုင်းထားသည့်အတိုင်း ကူညီပေးနိုင်သောကြောင့် ပါဝင်ပစ္စည်းများကို သန့်စင်ရန်နှင့် ချက်ပြုတ်ရန်အတွက်သာ သူမ၏ စိတ်စွမ်းအင်ကို အသုံးပြုရန် လိုအပ်သည်။ထို့နောက် သူမသည် ဟင်းလျာများ ချက်ပြုတ်ပြီးသွားသောအခါ ပန်းကန်ပြားပေါ် ထည့်ထားလိုက်၏။ အာလူးနှင့် ကြက်သားဟင်းသည် ချက်ပြုတ်ပြီးစီးရန် နောက်ထပ်၅မိနစ်ခန့် အချိန်ယူရမည်ဖြစ်သော်လည်း စက်ရုပ်များနှင့် မျက်နှာလွဲထား၍ရပေသည်။


လင်းယောင်ယောင် ခါးစည်းကို ချွတ်လိုက်ပြီး အခန်းထဲပြန်သွားကာ အစားအသောက်နံ့များ ပျောက်သွားအောင် အမြန်ရေချိုးရန် တွေးလိုက်၏။ထို့နောက် တစ်ဖက်လှည့်လိုက်ရာ မီးဖိုချောင်တံခါးဝမှာ ရပ်နေသည့် ရင်းနှီးနေသော လူတစ်ယောက်ကို သူမ လှမ်းမြင်လိုက်ရသည်။


သူမကို စိုက်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ...


မြင်ကွင်းက ထူးထူးခြားခြားဖြစ်နေသည်။ ဤကမ္ဘာသို့ ဝင်ရောက်ပြီး မကြာမီ လင်းရွှမ်သည် နယ်ခြားကြယ်တာရာမှ ဧကရာဇ်မြို့တော်သို့ ပြန်လာခဲ့သည်။


သူ့ကို ပထမဆုံးမြင်ဖူးတာက ဒီလိုပုံစံမျိုး မဟုတ်လား...


သူနှင့်ပထမဆုံးတွေ့ချိန်မှာပင် သူမသည် စစ်နတ်ဘုရားကို ဖက်လှဲတကင်းအရောတဝင် နှုတ်ဆက်ခဲ့သဖြင့် သိပ်မကြာခင်မှာ တတိယခြေထောက်ကိုပါကိုင်မိသွားရသည်။ ယခု သူတို့နှစ်ယောက်ကလည်း တော်တော် ရင်းနှီးနေပြီဖြစ်၍ သူမစိတ်ထဲ ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။


သူ့ဘယ်ဘက်ခြေထောက်မှာ သက်သာလာသလိုရှိသည်။ သူ့တစ်ကိုယ်လုံးက ဓားရှည်တစ်ချောင်းလိုတောင့်တင်းကြံ့ခိုင်နေပြီး အေးစက်စက်မျက်နှာထားရှိနေသည်။ သို့သော်၊သူ့ပုံစံက အနည်းငယ်ဝမ်းနည်းနေသလိုပင်။ သူမ သူ့ကို ခေါ်ချင်သော်လည်း မခေါ်ချင်ပေ။ နောက်ဆုံးတွင် သူမ မျက်နှာကိုတစ်ဖက် လှည့်ကာ သူနှင့် မျက်လုံးချင်းမဆုံလိုက်ဘဲ အတော်လေးကျယ်ဝန်းသည့် မီးဖိုချောင်တံခါး တစ်ဖက်ခြမ်းမှ‌နေ၍ တစ်ဖက်သို့ လျှောက်သွားလိုက်သော်လည် လင်းရွှမ် က ရုတ်တရက် သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။


"ကိုယ့်ကို စိတ်ဆိုးနေသေးလား"


လင်းယောင်ယောင် သည် ဘယ်လိုရုန်းရုန်း လွတ်မြောက်နိုင်မှာမဟုတ်သော သူမ လက်ကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။


"ဘယ်လိုလုပ်ပြီး သတ္တိရှိမှာလဲ…အဓိက ဗိုလ်ချုပ်ကြီးရဲ့"


သူမ ထေ့ငေါ့လိုက်ခြင်း ဖြစ်သည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အားနည်းနေပြီး ခွန်အားမှာလည်း သူနှင့် အလွန်ကွာခြားလှသည်။


အဲ့ဒီ့အတွက် သူမ စိတ်ဆိုးပိုင်ခွင့်တောင် မရှိဘူးလား...


သူ့ကို အစ်ကိုကြီးဟု ခေါ်ဖို့ ခွင့်မပြုသလို သူ့နာမည်ကိုလည်း မခေါ်စေချင်ဘူးဟုဆို၍ သူ့ကို သူစိမ်းများလို ရာထူးသာတပ်ခေါ်လိုက်သည်။ “ဗိုလ်ချုပ်” ဟူသော ရာထူးကိုသာ အမည်တပ်ခေါ်လိုက်ခြင်းဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို တတ်နိုင်သမျှ မျဉ်းသားထားလိုက်သည်။


မတွေ့တာ သုံးရက်ရှိပြီဖြစ်၍ သူမ အရပ်က ၁စင်တီမီတာ၊၂စင်တီမီတာခန့်ရှည်လာနေသည်က သိသာထင်ရှားနေ၍ Biying အသီးကို စားထားခြင်းဖြစ်နိုင်သည်။ သူမ၏ အမို့အမောက်များကလည်း အရင်ကထက်ပို၍ တင်းပြည့်လာသလိုပင်။ Biying အသီးက အမှန်တစ်ကယ် အသုံးဝင်ပုံရသည်။


လင်းရွှမ် သည် ကလေးမလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ကာ နမ်းချင်မိသည်။သို့သော် သူမမျက်နှာပေါ်မှာ အလိုမကျဟန်တို့က အထင်းသားပေါ်လွင်နေသည်။ထို့အပြင် ယခုတစ်ခေါက်က သူ အရက်မသောက်ထားသလို ဒဏ်ရာလည်း မရထားပေ။ မိသားစုဝင်တွေ အားလုံးကလည်း အပြင်မှာ ရှိနေကြသည်။ သူ အလိုရှိသည့်အတိုင်း လူ‌ဆိုးတစ်ယောက်လို သူမအား ဆက်ဆံမည်ဆိုပါက၊ သူမက သူနှင့် ဝေးသထက် အဝေးသို့သာ ရောက်သွားပေလိမ့်မည်။


လင်းရွှမ် တွင် ထူးခြားသော အရည်အချင်းများ ငယ်စဉ်ကတည်းက ရှိခဲ့သည်။ သူ့ကလေးဘဝကနေ လူကြီးဘဝအထိ အရာရာဟာ ချောမွေ့လွန်းခဲ့၏။ ထူးကဲသည့် သူ့အရည်အချင်းများ၊ ခွန်အားများဖြင့် သူလိုချင်သမျှကို အမြဲရနိုင်ခဲ့သည်။ လင်းယောင်ယောင် သည် သူလိုချင်သောအရာဖြစ်သည်ကို ဆုံးဖြတ်ပြီးနောက်တွင် ညီမဆိုသော ပတ်သတ်မှုကြောင့် အချိန်အတော်ကြာအောင် စိတ်နှစ်ခွဖြစ်ခဲ့ရသည်။


ဝေ့ယွမ်နှင့် ၃ရက်လောက်တည်း ခင်မင်ပြီးနောက် နှစ်ယောက်သား တပူးပူးတတွဲတွဲ နေလာသည့်အတွက် သူမတို့ ချစ်သူဖြစ်နေကြပြီဟု ထင်ပြီး သူ စိတ်လှုပ်ရှားသွားရသည်။ ထို့ကြောင့် သူ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ရှေ့ကို တစ်လှမ်းတိုးဖို့သာ ဆုံးဖြတ်လိုက်ရသည်။ သို့သော် အနီရောင် လပန်းပွင့်နားကပ်ကို သူမကိုယ်တိုင်က လုံးဝနားမလည်နိုင်ခဲ့ပေ။


သူက စကားပြောကောင်းသူမဟုတ်ပေ။ သူ့စိတ်ရော၊ကိုယ်ရော နလန်မထူ ဘာမှ သတိမရနိုင်လောက်အောင် အရက်မူးနေမှသာလျှင် သူလုပ်ချင်သည့်အရာများကို သတ္တိရှိရှိ လုပ်တတ်သူဖြစ်၏။ ထို့ကြောင့်လည်း သူမကို နမ်းမိခဲ့တာဖြစ်သည်။ ပထမခြေလှမ်းတစ်လှမ်း စမှားလိုက်လျှင် နောက်ခြေလှမ်းတစ်ရာကလည်း ဆက်ပြီး မှားနေလိမ့်မည်။ နောက်ကြောင်းပြန်လှည့်ကြည့်ဖို့လည်း သူ မရည်ရွယ်ထားသလို ကြည့်ချင်လျှင်တောင် ကြည့်လို့မရတော့ပေ။ သို့သော် ထိုအချိန်က သူသည် သူ့ပျော်ရွှင်မှုကိုသာ အာရုံစိုက်ခဲ့ပြီး သူမ ခံစားချက်များကို လျစ်လျူရှုခဲ့သည်။သူလည်း သတိပြန်ဝင်လာသောအခါ သူမရင်ထဲမှာ ဆွဲနှုတ်၍မရနိုင်တော့သော သံချောင်းများဖြင့် ထိုးခံထားရသည်ကို သူ တွေ့ရှိခဲ့ရသည်။သူ ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ကာမှ အရင်ကလိုတောင် ရင်းနှီးခွင့်မရတော့ပေ။သို့သော်၊သူမ ဘယ်လောက်ပင် ဒေါသထွက်နေပါစေ၊သူ့အရိပ်စက်ကွင်းအောက်က လွတ်မှာမဟုတ်ပေ။သို့ရာတွင် ယခုအခြေအနေက သူ တွေးထားသလိုမဟုတ်နိုင်တော့ပြီ။


မနက်ဖြန်တွင် ဝေ့ မိသားစုသည် လင်းယောင်ယောင် ကို အသိအမှတ်ပြုရန် လာကြတော့မည်။ ဝေ့ မိသားစုဆီသို့ သူမ ပြန်သွားမည်ဆိုလျှင် ဧကရာဇ်မြို့တော်နှင့် ဝေးသည့် ကျောင်းတစ်ကျောင်းကိုလည်း ပြောင်းသွားနိုင်၏။


နောက်ဆို သူမကို မတွေ့ရတော့ဘူးဆိုရင် ဘာလုပ်ရမလဲ…


အမြဲတမ်း မာနကြီးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည့် ဗိုလ်ချုပ်ကြီး လင်း ဟာ ရုတ်တရက် ထိတ်လန့်သွားရပြီး ဖြည်းဖြည်းချင်း လေသံကိုလျှောချလိုက်သည်။


"ကိုယ့်မှာ အပြစ်ရှိပါတယ်...ကိုယ်က မကောင်းတဲ့ကောင် လူယုတ်မာကြီးပါ... မင်း ကိုယ့်ကို စိတ်ဆိုးရင် ဆဲချင်ဆဲလို့ရတယ်...ဒါပေမယ့် ကိုယ့်ကို မခေါ်မပြောဘဲမနေပါနဲ့"


လင်းယောင်ယောင် သူ့ကို မကြည့်ရဲသေးပေ။


"ညီမ မှားခဲ့ပါတယ်...တစ်ကယ်ဆို မောင်နှမချင်းလည်း သင့်တော်ရုံ ခပ်ကင်းကင်းလေး နေခဲ့သင့်တာပါ..နောက်ဆို ညီမ အဲ့လိုအမှားမျိုး မလုပ်မိအောင် ဂရုစိုက်ရမယ်"


သူ့ကို မရိုက်နိုင်သဖြင့် ပါးစပ်ကပြောဆိုနေ၍လည်းအသုံးမဝင်ပေ။


သူမ သူ့ကို အေးစက်စက် ဆက်ဆံနေရုံမှလွဲ၍ တခြားဘာများကော တတ်နိုင်ဦးမှာလဲ…


မိန်းကလေးများသည် လင်းရွှမ် လို အဘက်ဘက်မှ ပြည့်စုံနေသော လူကောင်းတစ်ယောက်ထံမှ အချစ်ကို လက်ခံရရှိထားပါက သူတို့စိတ်ထဲမှာ ကြည်နူးမှုခံစားရပေမည်။ သူ့ဘက်က အတင်း စိုးမိုးပြီး အနမ်းကြမ်းကြီးနမ်းလာလျှင် တစ်ချို့တစ်ဝက်က သဘောကျမှာမဟုတ်တော့ပေ။ ကံမကောင်းစွာနှင့်၊ ကျန်နေသူ တစ်ဝက်ထဲမှာ သူမ မပါပေ။ ပထမတော့ သူမကပင် သူနှင့်ရင်းနှီးအောင် နေခဲ့သေးသည်။


ယခုလည်း၊သူမစိတ်ထဲမှာ သူ့ကို ရွံရှာမုန်းတီးမနေဘဲ နောင်ဆိုလျှင် သူ၏ ချစ်ဖို့ကောင်းသည့် အချက်ကလေးများအား ခံနိုင်ရည်ရှိမှာမဟုတ်ဟုတောင် သိလိုက်ရသည်။ သို့သော် သူမ ဒေါသထွက်နေသေးသည်။ အစ်ကို တစ်ယောက်အနေနှင့် သူ့အပေါ်ထားသည့် သူမ၏ ယုံကြည်မှုများကို ချနင်းပြီး ချစ်သူများလို အခွင့်အရေးမယူသင့်ပေ။ နောင်တစ်ချိန်မှာ ၊သူတို့နှစ်ယောက် ဆက်ဆံရေးက ဘယ်လိုပင် တိုးတက်နိုင်သည်ဖြစ်စေ၊သူမသည် အရင်က အဖြစ်အပျက်တို့ကို ပေါ့ပေါ့တန်တန် ခွင့်မလွှတ်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူမသာ သူ၏ ပြင်းပြသောအနမ်းကြမ်းကြီးကို ခွင့်လွှတ်လိုက်မည်ဆိုပါက၊ သူက နောက်ထပ် အရာများကို သူမအား ခွင့်မတောင်းဘဲ အတင်းအကျပ်ယူမည်သာဖြစ်သည်။


စကားပြောပြီးနောက် လင်းယောင်ယောင် အမြန်ထွက်သွားလိုက်ရာ လင်းရွှမ်က သူမ ကျောပြင်ကို ငေးကြည့်လျက်ကျန်ခဲ့သည်။ ထိုစဉ် မီးဖိုချောင်ထောင့်နားက အိမ်မကြီးနှင့်ဆက်ထားသည် တံခါးရှေ့မှာ ရှန်းယွင်ကျင်း ပေါ်လာပြီး ရင်တုန်ပန်းတုန်ဟန်နှင့်..


"ကျွတ်...ကျွတ်...ငါမင်းကို စောစောကပြောထားတယ်မလား..ကလေးကို အတင်းစိတ်ရှုပ်မခံပါနဲ့...မင်း အရူးကြီးလိုလုပ်မနေနဲ့"


လင်းယောင်ယောင် ၏ သူ့ကို ဂရုမစိုက်သော အမူအရာကြောင့် စောစောက စိတ်အားထက်သန်မှု အပြည့်ရှိနေခဲ့သော လင်းရွှမ် နှလုံးသားသည် လေထဲ လွင့်စင်သွားခဲ့သည်။ ထို့နောက် သူ့အမေ၏ စကားက ရေခဲထည့်ထားသော ဇလုံထဲမှာ သူ့နှလုံးသားအား ထည့်ထားသလိုဖြစ်သွားသည်။ထို့နောက် သူက အမေဖြစ်သူကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြန်မပြောဘဲ ဧည့်ခန်းထဲသို့ ထွက်သွားလိုက်သည်။


ဤသည်မှာ နှစ်အတော်ကြာပြီးနောက်မှ လင်းမိသားစု ပြန်လည်ဆုံဆည်းကြသည့် ညစာစားပွဲတစ်ခုဖြစ်သည်။ လင်းယောင်ယောင် ကိုယ်တိုင်ချက်ပြုတ်ထားသည့်ဟင်းလျာများက အတော်လေးခံတွင်းမြိန်လှသည်။သို့သော်၊စိတ်အေးလက်အေး မြိန်ရေရှက်ရေစားနိုင်သူက ဘာမှမသိရှာသော အဘိုးလင်း တစ်ယောက်တည်းပင်။


လင်းယောင်ယောင် ကမူ အတတ်နိုင်ဆုံး မိဘများအား စိတ်ချမ်းသာစေချင်သလို၊အဘိုးဖြစ်သူ ရိပ်မိသွားမှာစိုး၍ ရယ်ကာမောကာဖြင့် ဟန်လုပ်နေသေးသည်။ သမီးဖြစ်သူ နောက်မှလည်း လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့က ဖော်လိုလိုက်ကာ ရယ်မောပေးကြ၏။ လင်းရွှမ် သည် အမြဲတမ်း အေးစက်စက် နေတတ်သည့်အတွက် ဘာမှမထူးခြားသော်လည်း ယနေ့မှာတော့ ပို၍ အေးစက်နေသလိုရှိသည်။

အဘိုးကြီး လင်း က


"မင်းရဲ့ ညီမလေးက သူများမိသားစုထဲ သွားမှာကြောက်လို့ မင်း မျက်နှာမကောင်းဖြစ်နေတာလား"


လင်းရွှမ် က ပြန်ဖြေလိုက်သည်။


"...ဟုတ်ကဲ့..."


လင်းရွှမ် အတွေးမှာ အကယ်၍ ဝေ့မိသားစုကသာ သူတို့အကြောင်းကို သိသွားပါက ယောင်ယောင်ကို သူနှင့်လက်ဆက်မပေးမှာ ကြောက်နေမိခြင်းဖြစ်သည်။ သို့သော်၊ယခုလောလောဆယ် စိုးရိမ်စရာအကောင်းဆုံးက သူမ သူ့ကို အေးစက်စက်ဆက်ဆံနေတာကိုပင်။


အဘိုးလင်း သည် ယခင်က လင်းရွှမ် နားမှာအတင်းကပ်ခဲ့သော ကလေးမလေးသည် ယနေ့ လင်းရွှမ် ကို ဘာစကားတစ်ခွန်းမှ စမပြောသဖြင့် သူစိုးရိမ်သွား၏။


"ယောင်ယောင် လေး...သမီးမှာ အစ်ကိုအသစ်တစ်ယောက်ရှိလာပြီဆိုတော့ ရွှမ်လေး ကို မကြိုက်တော့တာလား"


စားချင်စိတ်များလာတာကြောင့် အားရပါးရ ငုံ့စားနေသော လင်းယောင်ယောင် အံ့ဩသွားပြီး ရင်တွေတုန်သွားသည်။


"အဟွတ်...အဟွတ်...အဟွတ်"


သူမ သီးသွားသောအခါ ဘေးမှာထိုင်နေသည့် လင်းရွှမ် က ချက်ချင်းဆိုသလို သူမကို ရေတစ်ခွက်တိုက်လိုက်ပြီး ကျောကုန်းကိုလည်း အသာအယာပွတ်ပေးလိုက်၏။


"ဘာတွေ လောနေတာလဲ...ဖြည်းဖြည်းစား"


ပြောပြီးသောအခါ သူက အဘိုးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး တူဖြင့် ကြက်ခြေထောက်တစ်ခု ညှပ်၍ ပန်းကန်ထဲထည့်ပေးလိုက်သည်။


လင်းကျ့န်ဟိုင် သည် လင်းရွှမ်က ဘာမှ ထပ်မမေးနိုင်စေရန် ကြက်ခြေထောက်လာထည့်ပေးမှန်း အဘိုးကြီးပီပီ သဘောမပေါက်ပါချေ။ သူ့အတွေးက မြေးဖြစ်သူမှာ သူ ကျန်မာရေးမကောင်း၍ မစားခဲ့ရသည့် ကြက်သားကို စားစေချင်၍ လာထည့်ပေးတာဟုသာ ထင်နေသည်။ထို့အပြင်၊ လင်းရွှမ်က ကြက်တောင်ပံကိုသာ ကြိုက်နှစ်သက်တာမို့ ကြက်ခြေထောက်လာပေးတာဟု ထင်လိုက်မိသည်။


သို့သော် မကြာမီ လင်းရွှမ်သည် ကြက်တောင်ပံနှစ်ချောင်းကို တူနှင့် တစ်ခါညှပ်ပြီး လင်းယောင်ယောင် ပန်းကန်ထဲ ထည့်ပေးလိုက်သည်ကို သူ တွေ့လိုက်ရသည်။ချက်ချင်းပင်၊ လင်းထျန်းယွဲ့ သည်လည်း ကျန်ကြက်တောင်ပံနှစ်ချောင်းကို ရှန်းယွင်ကျင်း ထမင်းပန်းကန်ထဲသို့ အမြန်ထည့်လိုက်သဖြင့် အဘိုးကြီး လင်း ထမင်းသီးလုနီးပါးပင်။သူ့စိတ်ထဲ တစ်ခုခု မှားနေသလိုမျိုး ခံစားလာရ၏။ သူ့သားက မိန်းမကိုအတော်ချစ်မှန်း သူ အစကတည်းက သိထားပြီးသားပင်။


ဒါပေမယ့် လင်းရွှမ် က ယောင်ယောင် ကို ဘယ်အချိန်ကတည်းက ဂရုစိုက်လိုက်တာလဲ...


သူတို့ရင်ထဲမှာ ဖုံးကွယ်ထားသော အတွေးများ မည်သို့ပင်ရှိစေကာမူ၊ဟင်းလျာများက အတော်လေး အရသာရှိသောကြောင့် လင်း မိသားစုအားလုံးက သူတို့ ကျေနပ်သည်အထိ စားလိုက်ကြသည်။မူလက၊ နက်ဖြန်လာမည့် ဝေ့မိသားစုနှင့် မည်သို့ ပြောဆိုဆက်ဆံရမည်ကို ဆွေးနွေးရန် သဘောတူခဲ့ကြသော်လည်း ယခုတော့ လုံးဝမဆွေးနွေးခဲ့ကြပေ။


ထမင်းစားပြီးနောက် လင်းထျန်းယွဲ့ က သူ့ဖခင်၏ သဘောထားကို မေးမြန်းပြီး နောက် သဘောတူညီမှုတစ်ခုရရှိခဲ့သည်- "ယောင်ယောင် ဖြစ်စေချင်သလို ဖြစ်ရမယ်"


ရှန်းယွင်ကျင်း သည် အချိုပွဲများကို လင်းယောင်ယောင် ၏အခန်းထဲသို့ ယူသွားသည်။ ထို့နောက် သားအမိနှစ်ယောက်သား လတ်ဆတ်ပြီး အရသာရှိသော အုန်းနို့၊ အသီးအနှံများနှင့် ကြက်ဥနို့ပေါင်းကိုစားရင်း စကားပြောဆိုကြသည်။ ရှန်းယွင်ကျင်း က လင်းယောင်ယောင်ကို စပြောလိုက်သည်။


"သမီး အမေတို့အတွက် စိတ်ပူစရာ မလိုပါဘူး..သမီး ပြန်လိုက်ချင်ရင် ပြန်သွားလိုက်ပါ...ဒါပေမယ့် လင်း မိသားစုက သမီးရဲ့အိမ်ပဲနော်...သမီး ပြန်လာချင်တဲ့အချိန် ပြန်လာခဲ့"


လင်းရွှမ် ကြောင့်သာ မဟုတ်ခဲ့လျှင် လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့သည် ချစ်လှစွာသော သမီးငယ်လေးကို ဝေ့ မိသားစုနှင့် ပြန်လိုက်ခွင့်ပြုရန် သဘောတူမှာ မဟုတ်ကြောင်း သေချာပေါက် ပြောကြပေလိမ့်မည်။ ယခုတော့ လင်းမိဘများသည် လင်းရွှမ် က ယောင်ယောင် ကို လိုက်သည် ဖြစ်စေ၊မလိုက်သည်ဖြစ်စေ ဤတစ်ကြိမ်က သူမ၏ သွေးသားရင်းချာ ဝေ့မိသားစုနှင့် ပိုမိုနီးစပ်မည့် အခွင့်အရေးဖြစ်၍ လက်လွတ်မခံသင့်ဟု တစ်မျိုးတွေးပေးလာကြ၏။


ထို့ကြောင့်၊ လင်းယောင်ယောင် သည် တစ်နေ့မှာ လင်း မိသားစုက သူမနှင့် မကိုက်ညီဟု ခံစားလာရသောအခါ အနည်းဆုံး ဝေ့ မိသားစုသည် သူမအတွက် အထောက်အပံ့တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။


ထိုအခါ လင်းရွှမ် ကလည်း သူမနှင့် တဖြည်းဖြည်း အနေဝေးသွားကြပေလိမ့်မည်။ လင်းမိသားစုတွင်ဆက်နေပါက၊ သူမ အဆင်မပြေဖြစ်လာမှာ သေချာသည်။ လင်းရွှမ်အား ၈နှစ်၊၁၀နှစ်ခန့် အဝေးကို သွားခိုင်းလိုက်ပြီး သူ ပြန်လာချိန်ရောက်လျှင် သူမ ဝေ့မိသားစုဘက်ကို ခဏသွားနေလိုက်၍ရပေသည်။လင်းရွှမ် ပြန်သွားမှ လင်းမိသားစုဘက်ကို ပြန်လာနိုင်၏။


အကယ်၍ လင်းရွှမ် ကသာ သူမ နှလုံးသားကို ရနိုင်ခဲ့လျှင် ...


ထိုအခါ ယောင်ယောင် သည် လင်း မျိုးရိုးနာမည်ကြီးနှင့်ဖြစ်၍ လင်းရွှမ် နှင့် လက်ထပ်၍မရပေ။ အကယ်၍ ဝေ့ မျိုးရိုးနာမည်ကို ဆက်ခံပြီးမှ ပြန်လက်ထပ်လျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။


ယခု လင်းယောင်ယောင် သည် ရှန်းယွင်ကျင်း ၏ ရှုပ်ထွေးသော ရေရှည်စီမံကိန်းကို သေချာမသိသေး၍ သူမ စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရသည်။


"အရင်က ဝေ့မိသားစုဆီ ပြန်သွားဖို့ သမီးကို ခွင့်မပြုဘူးလို့ အမေ ပြောခဲ့တာမဟုတ်လား"


ရှန်းယွင်ကျင်း က စိတ်လှုပ်ရှားသွားပြီး တံတွေးတစ်ချက် မျိုချလိုက်သည်။


"သမီး အဖေနဲ့ အမေက ပြန်ပြီးတိုင်ပင်လိုက်တာလေ...ပြီးတော့ သမီးကို အိမ်ရဲ့ နွေးထွေးမှုအနှစ်သာရကိုလည်း ခံစားစေချင်တယ်"


လင်းယောင်ယောင် သည် သူမနှင့် လင်းရွှမ် ကြားက မရှင်းမလင်းသော ဆက်ဆံရေးကို တွေးကြည့်လိုက်သောအခါတွင်.... သူသည် မိဘများနှင့် အဘိုးဖြစ်သူရှေ့တွင် ညစာစားနေစဉ် သူမအား ဟင်းများထည့်ပေးခြင်း၊ဇွန်းများ စီစဉ်ပေးခြင်း၊ ထိုကဲ့သို့သော အလွန်အကျွံရင်းနှီးသည့် အပြုအမူအချို့ကို ပြသနေသေးသည်။ လင်းရွှမ် နှင့် သူမ၏ ဆက်ဆံရေးသည် နောင်တစ်ချိန်တွင်၊ မည်သို့တိုးတက်လာမည်ကို မသိနိုင်သော်လည်း ပုံမှန်မွေးချင်းဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိနိုင်မည်မဟုတ်ပေ။ လင်းမိသားစု၏ မိဘများက မကန့်ကွက်ပါက၊ သူမသည် ဝေ့မိသားစုနှင့် နီးစပ်ချင်မိသည်။


လင်းယောင်ယောင် သည် စိတ်ပိုင်းဖြတ်ပြီးနောက် ခရမ်းချဉ်သီးနှင့် အမဲသား ခေါက်ဆွဲ အိုးကြီးတစ်လုံးချက်ပြီး ညစာအတွက် 012 ကို ချက်ကျွေးပြီး ကောင်းကောင်း အိပ်ပျော်သွားသည်။


လင်းရွှမ် သည် ကုတင်ပေါ်မှာ လှဲနေပြီး အတော်ကြာ အိပ်မပျော်နိုင် ဖြစ်နေရသည်။ ကောင်မလေးအား ဘယ်လိုချော့ရမလဲဆိုသည်ကို တွေးရင်း ညဉ့်နက်ခဲ့ရ၏။


နောက်တစ်နေ့တွင် ဝေ့ချုံးရှန် ၊ ဝေ့ဟန့် နှင့် သူ၏ဇနီး နှင့် ဝေ့ယွမ် တို့သည် နံနက် ၁၀ နာရီခွဲခန့်တွင် တရားဝင်လာရောက်လည်ပတ်ခဲ့ကြသည်။ လင်းယောင်ယောင် သည် မနက်စာပြင်ဆင်ရန် မနက်စောစောထလိုက်သည်။ ဝေ့ မိသားစုနှင့် ပိုမိုရင်းနှီးချင်တာကြောင့် သူမ အကောင်းဆုံး ရိုးသားရပေမည်။ မစ္စတာဝေ့သည် စိတ်ပိုင်းဆိုင်ရာအရ အတော်လေး ထိခိုက်နေသူဖြစ်၍ သူမ ချက်ပြုတ်ထားသည့် ဖြည့်စွက်ဟင်းလျာများက သူ့အတွက် အထောက်အကူဖြစ်လာနိုင်သည်။


နေ့လယ်စာအတွက် ပြင်ဆင်ထားသော ဟင်းလျာများသည် အလွန်များပြားလှသည်။ ဝေ့ မိသားစု၏ အရင်အိမ်ဟောင်းသည် ပင်လယ်ကမ်းစပ်တွင်ရှိကြောင်း ဝေ့ယွမ်ထံမှ သူမကြားဖူးသည်။ ထို့ကြောင့် ပင်လယ်စာနှင့် လတ်ဆတ်သော မြစ်ငါးဟင်းများကို ချက်ပြုတ်ရန် ရည်ရွယ်ထားသည်။ ရွှေရောင်တဝင်းဝင်းနှင့် စားချင့်သဖွယ်ကျောက်ပုစွန်ဟင်း၊ ပုဇွန်ပြုတ်၊ ဂဏန်းချဥ်စပ်၊ ရေဘဝဲကြော်၊ ကြက်သွန်ဖြူနံသင်းနေသော ကမာကြာဇံချက်၊ ပြည်ကြီးငါးနှင့်ကြက်သွန်ကြော်၊ ဂုံးကောင်အစပ်ကြော်၊ ငါးခေါင်းတို့ဟူး ဟင်းချို... ထို့အပြင် ဟင်းသီး ဟင်းရွက်ဟင်းလျာ ခြောက်မျိုး၊ အအေးနှစ်မျိုး၊ စားမြိန်(appetizer)ဟင်းပွဲနှစ်မျိုးနှင့် အချိုပွဲ နှစ်ခု ပါရှိသည်။


လင်းယောင်ယောင် အလုပ်များနေမှာစိုး၍ အဘိုး လင်း က မာစတာအဆင့် အစားအသောက် လက်ထောက်အကူ တစ်ယောက်ကို ကူညီဖို့ ခေါ်လိုက်သည်။ ပိုမိုနူးညံ့သိမ်မွေ့သော လက်လုပ်လက်စား လုပ်ဆောင်စရာများ ရှိသေးသည်။ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်များသည် တစ်ကယ့် စားဖိုမှူးများလောက် မကောင်းမွန်ကြပေ။သို့သော်လည်း၊

မာစတာအဆင့် အစားအသောက်လက်ထောက်ကုထုံးပညာရှင်များသည် မာနကြီးတတ်ကြသည်။


တခြားသူတွေကို သူတို့ ဘယ်ကူညီချင်မှာလဲ....




xxxxxx



Ei Thet Hmue