အခန်း ၄၆
Viewers 8k

Chapter 46

(အစ်ကိုနှစ်ယောက် မျက်နှာချင်းဆိုင်ခြင်း)


လင်းယောင်ယောင် ဤအိမ်ကို ရောက်လာကတည်းက သူတို့သည် အဘိုးကြီး လင်း ၏ အစားအသောက်များကို ချက်ပြုတ်စရာ မလိုအပ်ခဲ့ပေ။ ထို့ကြောင့်၊သူတို့ သုံးယောက်လုံး စိတ်ဆိုးနေကြသည်။


တရားဝင် ဖြည့်စွက် အစားအသောက် ချက်ပြုတ်နည်း သင်တန်းကို တစ်ခါမှ မတက်ဖူးတဲ့ ကလေးမလေးက ဘယ်လောက်ကောင်းကောင်း လုပ်နိုင်မှာမလို့လဲ..


မြေးဖြစ်သူ၏ ဟင်းလျာများ‌ဖြင့် မစ္စတာလင်းသည် ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းလိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။


မကြာမီ၊မိန်းကလေး လုပ်ထားသည့် ရှေးခေတ်တရုတ်အစားအစာတွေက အထူးအရသာကောင်းကြောင်း အိမ်ရှင်ဆီက ကြားသိရသောအခါ သူတို့သုံးယောက်က ပိုလို့တောင် မကျေမနပ်ဖြစ်သွားကြသည်။ ဖြည့်စွက်ကုထုံး အစားအသောက်များသည် ကုထုံး၏ အကျိုးသက်ရောက်မှုကို အလေးပေးခြင်း ဖြစ်ရသည်။


" ဒီဟင်းလျာတွေက ဘယ်လောက်အရသာရှိနိုင်မှာ လဲ..."


ထို့ကြောင့်၊သူတို့ သုံးယောက်သည် သူမကို ဟင်းဘယ်လိုချက်ရမည် ဆိုသည်ကို ပြချင်နေကြ၏။ လိုအပ်ပါက၊ မသိနားမလည်သော မိန်းကလေးငယ်အား မာစတာအဆင့် ဖြည့်စွက်အစားအသောက်များ၏ တစ်ကယ့်အဆင့်ကို သိရှိနိုင်စေရန် နည်းစနစ်အချို့ကို ပြသမည်ဟု ရည်ရွယ်ထားသည်။ သို့သော် သုံးယောက်သားမှာ ရွှေရောင်ဝင်းနေသည့် ကျောက်ပုဇွန်ဟင်းအား တွေ့လိုက်သောအခါ ထိုကဲ့သို့ မတွေးရဲကြတော့ပေ။


' ဒါက တစ်ကယ်ကြီး ဖြည့်စွက်အစားအစာလား....ထိပ်တန်းကြယ်ငါးပွင့်စားဖိုမှူး ချက်ထားတာ မဟုတ်ဘူးလား...မွှေးနေတာပဲ...နိုးနိုး...အရသာကောင်းရင်လည်း ကုထုံးရဲ့ အကျိုးသက်ရောက်မှုက အတော်လေး ညံ့သွားမှာလေ...ပြီးတော့ ဘယ်လိုလုပ်ပြီး ရောဂါကို ကုပေးနိုင်မှာလဲ..

ပြီးတော့ သူမက တစ်ချို့ပါဝင်ပစ္စည်းတွေကို စိတ်စွမ်းအင်နဲ့ ပြုပြင်ထားတာလေ'


သို့သော်လည်း၊ သူတို့ထင်မြင်ချက်တွေကို ပြောကြည့်သည့်အခါ မိန်းကလေး လင်းက မကူညီချင်လျှင် ထွက်သွားနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေး ပြောလာတော့သည်။


လင်းယောင်ယောင်က သူမသည် စားဖိုမှူးဖြစ်သောကြောင့် မည်သို့မည်ပုံ ချက်ရမည် ဆိုတာကို ပြောပိုင်ခွင့်ရှိသူဟု ခံယူထား၏။ သူမ လိုချင်သည်က၊ မြန်မြန်ပြီးအောင် ကူနိုင်မည့် လူသုံးဦးဖြစ်ပြီး သူမကို ဆရာလာလုပ်မည့်သူ မဟုတ်ပေ။


လင်းယောင်ယောင် သည် ငယ်ရွယ်လွန်းပြီး အဆင့်မမြင့်သောကြောင့် မာစတာအဆင့် အစားအသောက် လက်ထောက် ကုထုံးပညာရှင် အမျိုးသားနှစ်ဦးမှာ စိတ်ဆိုးပြီး ထွက်သွားတော့သည်။ ယုရှို့ ဟုခေါ်သော သက်လတ်ပိုင်းအရွယ် အမျိုးသမီး အစားအသောက် လက်ထောက် ကုထုံးပညာရှင်တစ်ဦးသာ ကျန်ရှိတော့သည်။


သူမသည် လင်းယောင်ယောင် ၏ ထူးဆန်းသော ရှေးခေတ်တရုတ်အစားအသောက် ချက်ပြုတ်နည်းများကို စူးစမ်းလိုစိတ်ကြောင့် ခွင့်ပြုလျှင် အနည်းငယ် လေ့လာချင်နေမိသည်။


လင်းယောင်ယောင်သည် သူမ သိထားသော ဟင်းချက်နည်းများကို ဖုံးကွယ်ထားရန် မလိုအပ်ဟု ထင်မြင်မိသည်။နောက်ဆိုလျှင် သူမသည် အဘိုး လင်း အတွက် ချက်ပြုတ်ကျွေးမွေးရန် အမြဲတမ်း လာမနေနိုင်ပေ။ ယုရှို့ ကသာ သူမ တတ်‌မြောက်ထားသော ရှေးခေတ်တရုတ် ဟင်းချက်နည်းတစ်ချို့ကို သင်ယူနိုင်လျှင် အဘိုးဖြစ်သူ၏ ကျန်းမာရေးအခြေအနေလည်း ပိုကောင်းလာနိုင်မည်ဖြစ်သည်။


သူမ ဟင်းပွဲများပြင်ဆင်ပြီး အဝတ်အစားလဲ၍ ထွက်လာသောအခါ ဝေ့မိသားစုလည်း ရောက်လာကြသည်။


အဘိုးကြီးနှစ်ယောက်ဖြစ်သည့် မစ္စတာလင်းနှင့် စ္စတာဝေ့တို့မှာ ရောက်ရောက်ချင်း စကားဖောင်ဖွဲ့နေကြသည်။ လင်းထျန်းယွဲ့ တို့လင်မယားသည် ဝေ့ဟန့် နှင့် ဇနီးဖြစ်သူတို့ကို ဧည့်ခံနေကြ၏။ လင်းရွှမ် နှင့် ဝေ့ယွမ် သည် အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြသည်။ထို့နောက် ဝေ့ယွမ် က ပြုံးပြီး


"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ် လင်း... ကျွန်တော်က အစ်ကိုတစ်ယောက်အနေနဲ့ တာဝန်မကျေပွန်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ...ယောင်ယောင် ကို ကျွန်တော်တို့ အသိအမှတ်ပြုပေမယ့် သူမကို မခေါ်သွားပါဘူး...သူမမှာ မိသားစုဝင်တွေ ထပ်တိုးလာတာပါပဲ... ဥပမာ၊ အခုဆို သူမမှာ အစ်ကိုနှစ်ယောက်ရှိသွားပြီလေ"


မျက်လုံးချင်းဆုံလိုက်သောအခါ ဝေ့ယွမ်သည် စိတ်ထဲမှနေ၍


'အခုတော့ လင်းရွှမ်က သူ့ညီမလေးကို လာလုမယ့်သူလို့ မထင်လောက်တော့ဘူး ထင်ပါရဲ့'


လင်းရွှမ် ကလည်း သူ့ကိုယ်သူ တွေးနေမိသည်။


'သူက မင်းညီမဖြစ်တော့ရောငါက ဘာလုပ်ရမှာလဲ...မင်းတို့ သူမကို ခေါ်သွားရင်တောင် ငါက မရရအောင်ပြန်ခေါ်မှာကွ"

သို့သော်၊အပြင်ပန်းကမူ ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏။


"ကောင်းပြီလေ...ဘာပဲဖြစ်ဖြစ် သူမက ငါတို့ လင်း မိသားစုဝင် အမြဲတမ်း ဖြစ်နေမှာပါ"


သူမသည် မွေးစားသမီးတစ်ဦးဖြစ်ခဲ့ဖူးသော်လည်း နောင်တစ်ချိန်တွင် ထိုသို့မဟုတ်နိုင်တော့ပေ။


လင်းယောင်ယောင် သည် လင်းရွှမ် စကားကိုကြားပြီး လည်ချောင်းဝအထိ နှလုံးသားတစ်ခုလုံး ရောက်လာသလိုဖြစ်နေတော့သည်။ ဝေ့ မိသားစုရှေ့မှာ မပြောသင့်သည့် အရာတွေကို ထိုလူယုတ်မာ ပြောလိုက်မှာကို သူမကြောက်နေမိတာကြောင့် အတင်းပြေးလာလိုက်သည်။


"အစ်ကို လင်းရွှမ်… အစ်ကို ဝေ့ယွမ်"


ဝေ့ယွမ် က ပျော်နေပုံဖြင့် ပြုံးပြပြီး သူမ၏ ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပွတ်သပ်လိုက်၏။ လင်းရွှမ် ကလည်း သူမ ပါးကိုသာ ခပ်ဖွဖွ ညှစ်လိုက်ပြီး စိုးရိမ်စိတ်ကြောင့် ဖြစ်တည်လာသော သူမ နဖူးပေါ်မှ ချွေးစေးများကို ဂရုမပြုဘဲနေလိုက်တော့သည်။


လင်းယောင်ယောင် က လင်းရွှမ် ၊ဝေ့ယွမ် တို့နှင့် စကားပြောဖို့ သိပ်စိတ်မ၀င်စားဖြစ်နေချိန်မှာ ကံကောင်းစွာပင် လင်းကျန့်ဟိုင် က သူမကိုလာခေါ်သည်။


"ယောင်ယောင်…ဒါ သမီးအဘိုးပဲ...လာ နှုတ်ဆက်လိုက်ပါဦး"

အဘိုးဝေ့သည် သိက္ခာရှိသော မျက်နှာထားရှိသူဖြစ်ပြီး အသက်ငါးဆယ်ခန့်ရှိပုံရသည်။ သူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ကျက်သရေရှိသည်။ နှစ်ရှည်လများ ပျောက်ဆုံးသွားခဲ့သည့် မြေးမလေး လင်းယောင်ယောင် ကို တွေ့လိုက်ရသောအခါ ကျက်သရေရှိနေသည့် မျက်နှာက အနည်းငယ် ပျော့ပြောင်းသွားသည်။ လင်းယောင်ယောင် သည် အဘိုးဝေ့ကို ချိုသာပြီး ချစ်စဖွယ် အပြုံးလေးနှင့်နှုတ်ဆက်လိုက်၏။


"မင်္ဂလာပါ အဘိုး"


အဘိုးဝေ့က အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့်


"ကောင်းပြီ...မင်္ဂလာပါကွယ်"


ထို့နောက် စာအိတ်အနီနှစ်အိတ်ကို ထုတ်ယူကာ ပေးလာသည်။ ကြယ်တာရာခေတ်တွင်ပင် အသက်ကြီးသူတို့က လူငယ်မျိုးဆက်သစ်များကို စာအိတ်အနီပေးသည့် ဓလေ့ကို လက်ဆင့်ကမ်းလာကြသေးသည်။သို့သော်၊ ငွေသားမဟုတ်ပေ။ ယေဘူယျအားဖြင့်၊ အကြွေးဝယ်ကဒ်သာ ဖြစ်တတ်သည်။ကဒ်ကို တိုက်ရိုက်အသုံးပြုခြင်း သို့မဟုတ် ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ ကြိုက်သလို လွှဲပြောင်းနိုင်သည်။ လင်းယောင်ယောင် သည် အနီရောင်စာအိတ်နှစ်ခုကိုမြင်ပြီး အံ့ဩနေစဉ် ဝေ့ချုံးရှန် က ပြောလာသည်။


"နောက်တစ်ခုက သမီးရဲ့ အဘွားဆီကလေ... သူမရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းတော့ ဒီကို မလာနိုင်ဘူး သမီးရဲ့"


ထို့နောက် သူမသည် စာအိတ်များကို လက်နှစ်ဘက်နှင့် ယူကာ အဘွား ဝေ့ ၏ ကျန်းမာရေး အခြေအနေကို မေးခွန်းအနည်းငယ် မေးမြန်းလိုက်သည်။ သူ့ဇနီးအကြောင်းပြောရသည့်အခါ ဝေ့ချုံးရှန် က အေးဆေးသည့် မျက်နှာထားနှင့် ပြောပြလေသည်။


"ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး...သူမမှာ မျိုးရိုးလိုက်ရောဂါရှိနေတော့ အနားယူဖို့ လိုတယ်လေ.သမီးကို သူမက အရမ်းချစ်ပါတယ်...နောက်တစ်ခါ အိမ်ရောက်ရင် သူမကို တွေ့ရမှာပါ"


စကားပြောအလွန်ကျွမ်းကျင်သူ အဘိုး ဝေ့ သည် သူမအား ဝေ့မိသားစုအိမ်သို့ အတင်းဖိအားပေး၍ ပြန်လာခိုင်းနေခြင်း မဟုတ်ပေ။ သူမကလည်း သဘောထားကြီးစွာဖြင့်


"ကောင်းပါပြီ အဘိုး...သမီးလည်း အဘွားကို တွေ့ချင်ပါတယ်"


ထို့နောက် သူမသည် Biying အသီးအကိုစားပြီး ဖြစ်၍ ယခုလေလောဆယ် ခန္ဓကိုယ်က မငြိမ်မသက်ဖြစ်နေသေးကာ အစားအသောက်လည်း စားကောင်းနေကြောင်း ရှက်ရှက်နှင့်ရှင်းပြလိုက်၏။ အလွန်စားချင်စိတ်ရှိကြောင်းကို ရှက်စိတ်ဖြင့် ရှင်းပြသည်။ ဝေ့မိသားစုဆီ အလည်မသွားခင် ခဏလောက်စောင့်ဖို့ရာလည်း ပြောလိုက်သည်။ထိုအခါ အဘိုးကြီး လင်း က သူမကို စတင်ပြီး အရွှန်းဖောက်ပါတော့သည်။


"ဒီကောင်မလေး အရမ်းစားနေတာ ဒါကြောင့်ကိုး...ငါတို့ မိသားစုက ချမ်းသာလို့ တော်သေးတာပေါ့....တခြားသူတွေဆို သူမ စားဖို့ကို တတ်နိုင်မှာမဟုတ်ဘူး"


"အဘိုးကလည်း အခုမှ တွေ့တဲ့မိသားစုရှေ့မှ သမီးကို လာနောက်ရတယ်လို့"


အဘိုးကြီး ဝေ့ကပါ ရယ်မောနေတော့သည်။


"တို့အားလုံး သမီးရဲ့မိသားစုပဲကွယ့်...ဘာရှက်စရာရှိလဲ...နောက်လည်း များများစား"


ထို့နောက် သူက လင်းရွှမ် ကို သဘောကျစွာကြည့်ကာ လင်းယောင်ယောင် အား ပြောလိုက်သည်။


"သမီးမှာ အစ်ကိုကောင်းတစ်ယောက်ရှိနေတာပဲ"


Biying အသီးသည် အလွန်ရှားပါးသော်လည်း လင်းရွှမ် သည် လင်းယောင်ယောင် အတွက် ရှာဝယ်ပေးထားခြင်းဖြစ်သည်။ Biying အသီး၏ အကောင်းဆုံးအကျိုးသက်ရောက်မှုရရှိစေရန်အတွက် သူမ၏ ကိုယ်လုံးကိုယ်ပေါက် D-အဆင့် မှ C-အဆင့် အထိရောက်ရှိရန် သူကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးရန် အရန်ကုထုံးဌာန၏ နည်းပြဆရာတစ်ဦး ဖြစ်လာကြောင်းကိုလည်း သူတို့ ကြားသိရသည်။အစ်ကိုအနည်းစုကသာ သူတို့ညီမအတွက် ထိုသို့အသေးစိတ်ဂရုစိုက်ပေးတတ်ကြ၏။


အဘိုး ဝေ့ က လင်းရွှမ်အား ချီးမွမ်းနေသည်ကို သူမ နားထောင်ရင်း သူ့ကို ခိုးကြည့်ကာ..


'ရှင်က ကျွန်မ အပေါ်ကောင်းပြရုံနဲ့ ကျွန်မကို လုပ်ခဲ့တဲ့ မကောင်းတဲ့ကိစ္စတွေကို ကျွန်မ မေ့မှာမဟုတ်ဘူး'


လင်းရွှမ် သည် သူမအကြည့်ကို နားလည်သဘောပေါက်ကာ သူ့နှလုံးသားကို ကြောင်လေးတစ်ကောင် ကုတ်ခံရသလို ခံစားလိုက်ရသည်။ သူက နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးလိုက်ပြီး


"ကျွန်တော်က သူ့အစ်ကိုဆိုတော့ သေချာပေါက် လုပ်ပေးသင့်တာပေါ့"


လင်းယောင်ယောင် သူ့ကို စိုက်ကြည့်နေဆဲပင်။


သူမကို အတင်း နမ်းပြီး မလွှတ်ပေးတာကရော အစ်ကိုတစ်ယောက် လုပ်သင့်တာပဲလား....


အနီရောင် လပန်းပွင့် အိပ်မက် ကြယ်နားကပ်မှာလည်း သူမအတွက် ချိန်ကိုက်ဗုံးတစ်ခုလိုပင် သူမ၏ အာကာသခလုတ်ထဲတွင် ရှိနေသေးသည်။သူမ စွန့်ပစ်ရန် ဝန်လေးမိနေရကာ သူ့ကို ပြန်ပေးလျှင်လည်း လက်ခံမှာ မဟုတ်ပေ။ သူက ပြန်စိုက်ကြည့်နေသဖြင့် သူမ ချက်ချင်း မျက်နှာလွှဲလိုက်သည်။ သူ၏ စူးရှပြင်းထန်သော အကြည့်များက သူမဆီကို မကြာခဏ ရောက်လာနေ၍ မနေတတ်မထိုင်တတ်ဖြစ်ရပြီး မျက်နှာကလည်း အနည်းငယ်နီမြန်းလာရ၏။


ထို့နောက် ရှန်းယွင်ကျင်း သည် လင်းယောင်ယောင် ကို ဝေ့ဟန့် နှင့် မဒမ်ဝေ့ တို့ဆီ ခေါ်သွားသည်။ ဝေ့ဟန့် သည် ရုပ်ရည်ပြေပြစ်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးပြီး ကြည့်နေသည်။ သူ့ဇနီး ယုလန် မှာလည်း ချစ်စရာကောင်းနေကာ ကျက်သရေရှိနေ၏။ နှစ်ယောက်စလုံး အတော်လေး လိုက်ဖက်ညီနေသည်။


"ဦးလေး နဲ့ အန်တီ"


ဝေ့ဟန့် သက်ပြင်းချလိုက်ပြီး


"အားလင်း... သမီးရဲ့ အဖေသာ သမီးကိုတွေ့နိုင်ရင် သိပ်ကောင်းမှာပဲ"


ကလေးမလေးက အလွန်လှပြီး အမေဖြစ်သူထက်တောင် လှသေးသည်ဟု ဝေ့ဟန့် ထင်လိုက်မိသည်။ သူမ၏မျက်လုံး၊မျက်ခုံးများသည် ဝေ့ မိသားစု၏ ထူးခြားအေးစက်သောမျက်နှာသွင်ပြင်ကို ဖော်ပြထားဆဲဖြစ်ပြီး ချမ့်ယောင် ၏ မက်မွန်သီး မျက်လုံးများထက် ပိုပြီး လှပနေကြသည်။ သို့သော်လည်း ယနေ့သည် ဆွေမျိုးများကို အသိအမှတ်ပြုရန် လင်း မိသားစုထံသို့ ရောက်ရှိလာသော နေ့ထူးနေ့မြတ်ဖြစ်၍ ဝေ့လင်း နှင့် ချမ့်ယောင် အကြောင်းပြောဖို့ မသင့်လျော်ပေ။


ယုလန် က ပြုံးပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။


"ယောင်ယောင် က တစ်ကယ်ကို လှပြီး ချစ်စရာကောင်းတာပဲ.... မစ္စ ရှန်းယွင်ကျင်းက သိပ်ချစ်တာ မဆန်းပါဘူး"


ရှန်းယွင်ကျင်း က ဂုဏ်ယူစွာဖြင့်


"ဟုတ်ပါတယ်...ကျွန်မသမီးကို ကျွန်မ သားထက်တောင် အချစ်ပိုနေရတယ်ရှင်"


သူမ ထိုသို့ပြောနေရင်း လင်းရွှမ် အား သတိပေးသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ဝေ့မိသားစုရှေ့တွင် သူ့စိတ်ကို ထိန်းထားရန် သူမ သတိပေးနေသည်။ လင်းရွှမ် ၏ မျက်နှာသည် အေးစက်နေပြီး စိတ်ထဲတွင် သူ မှားသွားသလို ခံစားလိုက်ရတော့သည်။


ဝေ့ဟန့် တို့ ဇနီးမောင်နှံကလည်း စာအိတ်အနီများ လင်းယောင်ယောင်ကို ထပ်ပေးပြန်သည်။ လင်းယောင်ယောင် သည် လက်ထဲတွင် အနီရောင် စာအိတ်၄အိတ်ကို ကိုင်ထားပြီး ဝေ့ယွမ်အား ပြုံးရွှင်စွာဖြင့် ကြည့်နေသည်။ မျှော်လင့်နေသည့် သူမ မျက်လုံးလေးတွေက 'နောက်ထပ်ရှိသေးလား' ဟု မေးနေသည်။သူမ အကြည့်ကိုမြင်ပြီး ဝေ့ယွမ်စိတ်ထဲ အသည်းယားသွားကာ...


"အစ်ကို လင်းရွှမ် က ညီမကို Biying သစ်သီးတစ်လုံး ပေးတယ်ဆိုတော့

အစ်ကို ဘာမှ မပြင်ဆင်ထားရင် ရှက်စရာကောင်းနေမှာပေါ့"


ထို့နောက် ဝေ့ယွမ်သည် လည်ဆွဲပုံ အာကာသခလုတ်ကို ယူလိုက်ပြီး သူ စိတ်ကြိုက်ဖန်တီးထားသည့် နောက်ဆုံးပေါ် Limited Edition S-အတန်းစား ဇိမ်ခံအမြန်ကားကို ပြသလိုက်သည်။ အမြန်ကားကလေး၏ ကြော့ရှင်းဖြူစင်သော ပုံစံသည် အလွန်ကြည့်ကောင်းပြီး အင်ဂျင်စွမ်းဆောင်ရည်ကလည်း ကောင်းမွန်သည်။ထို့အပြင်၊ ကောင်းမွန်သော ကာကွယ်ရေးစနစ်နှင့် အမြင့်ဆုံးဖွဲ့စည်းပုံ အသိဉာဏ်ရှိသော တိုက်ခိုက်ရေးစနစ်လည်း ပါရှိသည်။


လင်းယောင်ယောင် သည် အသက် 18 နှစ်မပြည့်မီက C-အတန်းစား အမြန်ကားကို အလိုအလျောက်မောင်းနှင်မှုစနစ် ဖြင့်သာ စီးနင်းနိုင်ခဲ့သည်။ ယခု သူမသည် အရွယ်ရောက်နေပြီဖြစ်သည်။


အသက်ပြည့်ပြီးသူတိုင်း၊Starnet တွင် Manual အမြန်ကားလိုင်စင် ရရှိသရွေ့ B-အတန်းစား အထက် အမြန်ကားများကို ကြိုက်သလိုမောင်းနှင်နိုင်သည်။ကားပုံစံက အမိုက်စားဖြစ်နေပြီး အမြန်ဆုံးမောင်းနှင်နိုင်သလို အော်တိုမောင်းနှင်နိုင်သည့် လုပ်ဆောင်ချက်စနစ်များလည်း ရှိသေးသည်။


နွေရာသီအားလပ်ရက် အတောအတွင်း သူမသည် ယာဉ်မောင်းလိုင်စင်ရရန် လုံးဝ တွေးတောင်မတွေးခဲ့ပေ။ သူမကိုယ်တိုင်ကလည်း ကိုယ်တိုင်မောင်းနှင်နိုင်သော အမြန်ကားများကို စွဲလမ်းခြင်းမရှိပေ။ သူမ အပြင်ထွက်သည့်အခါ C-အတန်းစား အရှိန်မြှင့်ကားကိုသာ အမြဲသုံးခဲ့ပြီး ကားသစ်တောင်းဖို့လည်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့သည်လည်း အိမ်မှာသိပ်မနေကြ၍ သူမကို ကားအသစ်ဝယ်ပေးဖို့မတွေးခဲ့ပေ။ထို့ကြောင့် သူမစိတ်ထဲဝယ် အလွန် လှပသော အမြန်ကားအသစ်ကို လက်ခံရရှိသည့်အတွက် အလွန်ဝမ်းသာမိသည်။


ယခင်က လင်းယောင်ယောင် သည် ဝေ့ မိသားစုကို မတွေ့ရခင် သူမ တာဝန်ကြောင့် ပိုရင်းနှီးချင်ခဲ့သည်။ယခု အမှန်တစ်ကယ်တွေ့ပြီးနောက် တာဝန်အရဟု မမှတ်ယူတော့ဘဲ စိတ်ထဲကပါ ချစ်ခင်လာရတော့သည်။ ဝေ့ မိသားစုဘက်မှလည်း သူမကို အလွန်ကျေနပ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးခင်တုန်းကတည်းက ကလေးမလေးသည် "ပီကင်းဘဲကင်" လုပ်ပြီး ဝေ့ယွမ်မှတစ်ဆင့် ထည့်ပေးလိုက်သေးသည်။


ထိုဘဲကင်သည် အရသာရှိပြီး အရန်ကုထုံးအာနိသင်မှာ အထူးကောင်းမွန်သော်လည်း ကလေးမလေး၏ စေတနာလောက် သူတို့ တန်ဖိုးမထားကြပေ။ ဝေ့မိသားစုမှ ကလေးတစ်ဦးအဖြစ် သူမကို အသိအမှတ်ပြုချင်သော်လည်း လင်းမိသားစုထံမှ ဆွဲထုတ်ဖို့ မရည်ရွယ်ထားကြချေ။အဓိကအချက်မှာ သူမအပေါ်တာဝန်ပေါ့လျော့ခဲ့သည်ဟု သူတို့ ထင်နေမိတာကြောင့်ပင်။ ဆွေမျိုးရင်းချာများအနေနှင့် သူတို့သည် ကလေးမလေးအပေါ် တာဝန် ပေါ့ဆလွန်းခဲ့ကြသည်။ထို့ကြောင့် ယခုမှ ပြန်ခေါ်ချင်နေပါက တစ်ဖက်မိသားစုအပေါ် အားနာစရာကောင်းလှသည်။


သူတို့ပြောနေသည့်အချိန်က နေ့လည်စာစားချိန်ဖြစ်သည်။ အရသာရှိသော ပင်လယ်စာဟင်းပွဲများသည် ဝေ့မိသားစု၏ အမြင်၊ အနံ့၊ အရသာနှင့် အာရုံများ အထူးသဖြင့် တိုက်ခိုက်ရေးတပ်ခွဲသုံးခုနှင့် ဉာဏ်ရည်မပြည့်စုံသော အဘိုးအိုဝေ့ကို အလွန်အံ့သြသွားစေသည့် အရသာရှိသော ဖြည့်စွက်အစားအစာများဖြစ်သည်။


ယခင် "ပီကင်းဘဲကင်" သည် အလွန်အကျွံပြင်ထားခြင်းမဟုတ်ပဲ အရံဟင်းသခွားသီးများများကိုသာ စိတ်စွမ်းအင်ဖြင့် စီမံဆောင်ရွက်ခဲ့တာဖြစ်သည်။ အထူးသဖြင့် သာမန်အစားအစာနှင့် အရန်ကုသရေး အစားအစာတို့ကို ရောစပ်ထားသောကြောင့် အရန်ကုသမှုအကျိုးသက်ရောက်မှုသည် အလွန်ထင်ရှားခြင်းမရှိပေ။ ကလေးမလေးသည် ဤဖြည့်စွက်ဟင်းပွဲများမှာ အထူးကောင်းမွန်မှန်း ကြည့်ရုံနှင့်သိလိုက်သဖြင့် အဘိုးဝေ့ အံ့ဩသွားရ၏။



xxxxxx

Ei Thet Hmue