အခန်း ၄၇
Viewers 8k

Chapter 47

(အစ်ကိုကြီးရွှမ် ပြန်လာခြင်း)


သို့သော်လည်း ယနေ့ ပင်လယ်စာ ဟင်းပွဲတစ်ခုစီတွင်ပါရှိသော အရန်ကုထုံး၏ အကျိုးသက်ရောက်မှုသည် မာစတာအဆင့် အစားအသောက် အရန်ကုထုံးပညာရှင်များထက် အဆင့်မနိမ့်လှချေ။ ဟင်းသီးဟင်းရွက်များ ထည့်ချက်ထား‌သော ဟင်းပွဲများ၏ အရန်ကုထုံး အကျိုးသက်ရောက်မှုသည် မာစတာအဆင့် အရန်အစားအသောက် လက်ထောက်ကုထုံးပညာရှင် အများစုထက် အနည်းငယ်ပိုကဲသည်။


သူ တစ်လုတ်စားပြီးသည်နှင့် အလွန် သေးငယ်ပြီး ငြိမ်းချမ်းသော စွမ်းအင်တစ်ခု သူ၏ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်ခု လျော့ပါးသွားသည်ကို သူ ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးလည်း အားအင်တွေ ပိုများလာပြီး မျက်နှာထားကလည်း စောစောကထက် ပိုပြီး ရွှင်လန်းလာ၏။


ပို၍အရေးကြီးသည်မှာ၊ ထိုသို့ အကျိုးသက်ရောက်မှုများရှိသောဖြည့်စွက်အစားဟင်းပွဲများ၏ အရသာသည် ကြယ်ငါးပွင့်စားသောက်ဆိုင်များထက် လည်း စားကောင်းနေသလိုပင်။ဟင်းအမည်ချင်း ပေါင်းစပ်မှုသည် ပို၍ပင်ဆန်းသစ်ပြီး ထူးခြားလှသဖြင့် ဘယ်လောက်စားစား ငြီးငွေ့မှာမဟုတ်ပေ။


လင်းယောင်ယောင် ကို အလွန်ချစ်မြတ်နိုးသော ဝေ့ မိသားစုသည် ယခုအခါ ချီးမွမ်းနေပြီဖြစ်သည်။ သို့သော် ဤအကြောင်းကြောင့် ဝေ့မိသားစုထံသို့ ပြန်လာပါဟု မတိုက်တွန်းကြချေ။ လင်းယောင်ယောင် သည် မည်မျှပင် ကောင်းမွန်ပါစေ သူမအား လင်း မိသားစုမှ ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ သူတို့ ဝေ့ မိသားစုမှာ လက်ထောက်ကုထုံးဆရာအဖြစ် ပါရမီပါလာသူ တစ်ယောက်မှ မရှိသော်လည်း သူမကို ဘာမှမတောင်းဆိုရဲပေ။ ဝေ့မိသားစုအတွက် သူမအား အများကြီးလုပ်ပေးခိုင်းဖို့ အကြောင်းပြချက်မရှိပေ။ ယုလန် က သူမကို ညင်သာစွာ ခေါ်လိုက်သည်။


"သမီး အဘွားက အဆာပြေမုန့်တွေ၊ လက်ဖက်ရည်ရနံ့ မွှေးမွှေးလေးတွေလုပ်ရတာ ကြိုက်တယ်...သူက တစ်ခါတစ်လေ extract ထည့်ပြီး လုပ်လိုက်တာပေါ့နော်... နောင်ကြုံရင် သမီးရဲ့ အတွေ့အကြုံတွေကိုလည်း သူမနဲ့တိုင်ပင်ပြီး ဝေမျှလို့ရတယ်လေ"


ယခင်ဘဝက သူမ၏ အဘွားဖြစ်သူက ဟင်းချက်ခြင်းအတတ်ပညာကို သင်ပေးခဲ့သည်ကို သွားသတိရမိသည်။ ထို့ကြောင့်၊ ဤဘဝတွင် မတွေ့ဖူးသော အဘွားအကြောင်း အနည်းငယ် သိချင်လာပြီး


"ကောင်းပြီလေ...သမီး သေချာပေါက်လာမှာပါ"


ယခုက ဆွေမျိုးအဖြစ် အသိအမှတ်ပြုခြင်း သက်သက်ပင်။ ဘိုးဘေးများကို အသိအမှတ်ပြုပြီး သူမ၏ နာမည်ကို မျိုးရိုးနာမည်ပြန်ပြောင်းရန်အတွက် အချိန်တစ်ခုလိုနေသေးသည်။ ဝေ့မိသားစုက ကိုယ်မိသားစုသဖွယ် ဖြစ်လာသောအခါတွင် တဖြည်းဖြည်း နာမည်ပြန်ပြောင်း၍ရပေသည်။


ကလေးမလေးက နာမည်ကို ဝေ့လို့ ပြန်ပြောင်းနိုင်ရင် ကောင်းမှာပဲ…


ဤအတွေးများက ဝေ့မိသားစု၏ အတွေးသက်သက်သာဖြစ်ပြီး အရာအားလုံးက ဝေးနေသေးသည်။ ထို့အပြင်၊ယနေ့ လင်း မိသားစု၏ စိတ်အားထက်သန်သော သဘောထားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသေးသည်။


ဝေ့ မိသားစုကို နှုတ်ဆက်ပြီးနောက် လင်းယောင်ယောင် သည် သူမအခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ကာ စာအိတ်အနီရောင်တစ်ခုကို ပျော်ရွှင်စွာဖွင့်လိုက်သည်။ စာအိတ်အနီပေါ်တွင် သူမနာမည် ရေးထိုးထားသည်။သူမ အထဲက အရာကို ဖွင့်ကြည့်လိုက်သောအခါ တုန်လှုပ်သွားခဲ့သည်။ အဘိုးဝေ့က သူမကို မုန့်ဖိုးလုံးဝမထည့်ပေးထားဘဲ အီလက်ထရွန်းနစ်ချပ်စ်များဖြင့် သိမ်းဆည်းထားသည့် ဆိုင်ငွေလွှဲစာရွက်စာတမ်းများအား ပေးခဲ့ခြင်းဖြစ်သည်။ ထိုဆိုင်ကလေးသည် စစ်ပညာရေးအကယ်ဒမီ ကျောင်းဝင်း၏ စီးပွားရေးလမ်းမပေါ်တွင် တည်ရှိသော ဖြည့်စွက်ကုထုံး အစားအသောက်ဆိုင်ဖြစ်ပြီး ဈေးဝယ်သူများက ရှားပါးသော ဖြည့်စွက်ကုထုံးပါဝင်ပစ္စည်းများကို စိတ်ကြိုက်ရွေးချယ် မှာယူနိုင်ကြသည်။


အဘွားဝေ့သည် ထိုဆိုင်ဘေးက အရန်ဆေးဝါးဆိုင်တစ်ဆိုင် ပေးခဲ့ပြီး ရှားပါးဆေးဖက်ဝင်ပစ္စည်းများကို သူမ စိတ်ကြိုက်ပြင်ဆင် ရောင်းချနိုင်သည်။ ဆိုင်များ၏ အဓိက ဖောက်သည်အုပ်စုများသည် စစ်ပညာရေးအကယ်ဒမီမှ ကျောင်းသားများဖြစ်ပြီး သူတို့၏ နေ့စဉ်လိုအပ်ချက်များမှာ အလွန်အဆင့်မြင့်ခြင်းမရှိသောကြောင့် ဆိုင်ရှင်တို့ သိုလှောင်ထားသော ကုန်ကြမ်းများမှာ အဆင့်နိမ့် အစားအသောက် ပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်ပစ္စည်းများသာ ဖြစ်သော်လည်း ဆိုင်၏ တည်နေရာကြောင့် လုပ်ငန်းသည် အမြဲတစေ၊ အလွန်ကောင်းမွန်နေကြသည်။


ဤဆိုင်နှစ်ခုစလုံးသည် သူမ နာမည်အောက်တွင်ရှိပြီး သီးသန့်မန်နေဂျာများက ထိုဆိုင်များကို စီမံခန့်ခွဲမည်ဖြစ်သည်။ လစဉ်လတိုင်း ဒေါ်လာသန်းပေါင်းများစွာ သူမ ဝင်ငွေရှာ၍ ရပေသည်။ စီမံခန့်ခွဲရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လိုပါကလည်း ကိုယ်နှစ်သက်ရာကို လုပ်ဆောင်နိုင်သည်။


ဤဆိုင်နှစ်ဆိုင်၏ ကျောထောက်နောက်ခံဖြင့် လင်းယောင်ယောင် သည် သူမ လိုချင်သည့် ဘယ်လို ဖြည့်စွက်အစားအသောက်မျိုးကိုမဆို ပြုလုပ်နိုင်သည် ။ ဝေ့ဟန့် နှင့် ယုလန် တို့ကလည်း တစ်ဦးလျှင် ၅သန်းတန်ဖိုးရှိ အကြွေးဝယ်ကဒ်ကို ပေးခဲ့ကြသည်။ဝေ့ယွမ်၏ Limited Edition ဇိမ်ခံအမြန်ကားကလည်း ကုန်ကျစရိတ် ၅သန်းကျော်သေးသည်။


လင်း မိသားစုသည် သူတို့ သမီးလေးအတွက် ဘာမဆိုဖြည့်ဆည်းပေးကြပြီး မူလပိုင်ရှင်ကလည်း ဖက်ရှင်ကို အတော်လေး အာရုံစိုက်သူဖြစ်သည်။ အရင်တုန်းက တစ်လကို မုန့်ဖိုး 500,000 (၅သိန်း) ရရှိခဲ့ပြီး အခုဆိုလျှင် သန်းနှင့်ချီလာသည်အထိ မုန့်ဖိုး တက်လာပြီဖြစ်သည်။


ဝေ့မိသားစုက မမျှော်လင့်ဘဲနဲ့ ပိုရက်ရောနေပါလား...


ထို့ကြောင့်လည်း "တစ်ညတည်းနဲ့ မင်း ချမ်းသာလာမယ်ဆိုရင် မင်းရဲ့စိုးရိမ်ပူပန်မှုတွေအားလုံးကို ချက်ချင်း ပြေလျော့စေနိုင်တယ်"ဟု လူတွေ ပြောနေကြခြင်းဖြစ်ရမည်။


ငွေဟာ အရာအရာပါလား...


ရုတ်တရက် သန်းပေါင်းများစွာ အသားတင်ကြွယ်ဝပိုင်ဆိုင်သော အမျိုးသမီးငယ်လေးတစ်ဦးအနေဖြင့် ယခင်ဆင်းရဲဘဝမှ လာခဲ့သူ လင်းယောင်ယောင် သည် စိုးရိမ်ပူပန်နေမိသေးသည်။


သူမ ဘယ်လိုများ ဒီပိုက်ဆံတွေ ကုန်အောင်သုံးရမလဲ...


ထိုစဉ် သူမ အခန်းတံခါးကို နှစ်ချက်လာခေါက်သဖြင့် လင်းယောင်ယောင် သည် ရှန်းယွင်ကျင်း ရောက်လာသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဆိုဖာပေါ်မှ ခုန်ဆင်းကာ ဖိနပ်မစီးဘဲ ပြေးသွားလိုက်သည်။


"အမေ သမီး ပြောစရာရှိတယ်..."


သို့သော်၊တံခါးခေါက်သူက လင်းရွှမ် ဖြစ်နေသောအခါ သူမ ချက်ချင်းပင် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူမ မျက်နှာပေါ်ရှိ လှပသော အပြုံးသည် ရပ်တန့်သွားကာ စကားသံများလည်း တိတ်သွားသည်။


ကလေးမလေး၏ သိသာထင်ရှားသော စိတ်နေစိတ်ထားကြောင့် လင်းရွှမ် လွန်စွာ ခါးသီးသွားသည်။


"စိတ်မပူပါနဲ့...မင်းရဲ့သဘောဆန္ဒမပါဘဲ မင်းလက်ချောင်းလေး တစ်ချောင်းတောင် မထိတော့ဘူး"


သူ အေးစက်စက်အသံနှင့် အာမခံလိုက်၏။


ထိုအခါမှ လင်းယောင်ယောင် သည် အနည်းငယ် စိတ်လျှော့သွားပုံရပြီး တိုးတိုးပြောလိုက်သည်။


"အိုး... အဆင်ပြေရဲ့လား"


အဓိပ္ပာယ်က အဆင်ပြေရင် ထွက်သွားနိုင်သည်ဟူ၍ ဖြစ်သည်။


သူမနှင့် မီတာအနည်းငယ်အကွာတွင် ရပ်နေသော လင်းရွှမ် က သူမကို တည်ငြိမ်စွာကြည့်ကာ အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။


"ဝေ့မိသားစုနဲ့ မပြန်ဖြစ်တာ ကိုယ်အရမ်းဝမ်းသာပါတယ်"


"ဒါက ညီမလေး မိဘတွေအတွက်ပဲ... အခု မပြန်ဘူးဆိုပေမယ့် နောက်ကျရင် ပြန်လိုက်မသွားဘူးလို့ အာမမခံဘူး"


လင်းရွှမ် က စိတ်ဆိုးဟန်မပြဘဲ သူမကို တည့်တည့်ကြည့်သည်။


"မင်း သူတို့နဲ့လိုက်သွားမယ်ဆိုရင်လည်း ကိုယ်က မင်းကိုပြန်ခေါ်မှာပါ"


လင်းယောင်ယောင် မျက်နှာက ချက်ချင်းပင် နီမြန်းသွားသည်။


" ဘာတွေပြောနေတာလဲ ဟမ်..."


လင်းရွှမ် သည် သူမ အနားကို နီးကပ်လာသော်လည်း ၂မီတာအကွာတွင် ရပ်လိုက်ပြီး လေးနက်သောမျက်နှာဖြင့် ပြောလိုက်သည်။


"တောင်းပန်ပါတယ်...အဲဒီနေ့က မင်းရဲ့သဘောဆန္ဒမပါဘဲ နမ်းခဲ့တာကို တစ်ကယ် တောင်းပန်ပါတယ်"


လင်းယောင်ယောင် သည် သူ၏ တောင်းပန်စကားကို ကြားပြီး နောက်ဆုံးတွင် သူမ နှလုံးသားထဲမှာ ဒေါသများ ပြန့်ကျဲလာသည်ကို ခံစားလိုက်ရသည်။ထို့နောက် သူမကိုယ်သူမ ပြန်သုံးသပ်ကြည့်သောအခါ လင်းရွှမ်ကို ထိုသို့ဖြစ်လာအောင် တွန်းအားပေးမိသူမှာ သူမကိုယ်တိုင်ပင်။ သူမတို့၏ ဆက်ဆံရေးသည် အရင်တုန်းကလို မောင်နှမ ဆက်ဆံရေးကို ပြန်သွားလို့မရသော်လည်း တစ်ယောက်နှင့်တစ်ယောက် အမြဲခပ်ကင်းကင်း ဆက်ဆံနေဖို့ဆိုတာလည်း မဖြစ်နိုင်ပါပေ။ ထို့ကြောင့် သူမသည် ထိုကိစ္စကို ထာဝစဉ် တင်းခံနေ၍မရတော့ပေ။


"နောက်တစ်ခါကျရင် မလုပ်နဲ့"


လင်းရွှမ် က "အင်း" ဟုပြောပြီး ခြေလှမ်းနှစ်လှမ်း ထပ်ပြီး တိုးလာသည်။


"ဟုတ်တယ်...နောက်တစ်ကြိမ်၊နောက်တစ်ကြိမ် ၊နောက်တစ်ကြိမ်၊ အကြိမ်ပေါင်း မရေတွက်နိုင်အောင် နမ်းရုံတင်မကဘူး နောက်ထပ်နမ်းတာထက် ပိုတာတွေလည်း လုပ်မှာပါ... ဒါပေမယ့် မင်း သဘောတူမှပါ… ကိုယ်က မင်းကို ထပ်ပြီး ဒေါသထွက်အောင် မလုပ်တော့ပါဘူး"


သူ့စကားကို ကြားပြီးနောက် သူမ မျက်နှာမှာ ရုတ်တရက် နီမြန်းသွားပြီး နောက်ပြန်တစ်ချက်ဆုတ်ကာ


"ပါးစပ်နဲ့ မရမ်းကားပါနဲ့.. ကောင်းကောင်းပြောပါ...အနားမကပ်ပါနဲ့"


လင်းရွှမ် က နာခံမှုရှိစွာ ချက်ချင်း ရပ်လိုက်ပြီး


"ကိုယ် မင်းနဲ့ ပိုနီးစပ်ချင်တယ်...မင်း ကိုယ့်ဆီ လာဖို့ ငြင်းရင် ကိုယ်ကပဲ အတင်း မင်းနဲ့ ပိုနီးလာအောင် လုပ်ပစ်နိုင်တယ်"


သူက သူ့နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ထားပြီးနောက်


“တောင်းပန်ပါတယ်...ကိုယ့် ခံစားချက်တွေက မင်းကို စိတ်အနှောင့်အယှက်ဖြစ်ရင် ကိုယ် နည်းနည်းတော့ ထိန်းထားလိုက်ပါ့မယ်…ဒါပေမယ့် မင်း ဆက်ပြီး ကိုယ့်ကိုအဖက်မလုပ်ဘဲ ကိုယ် ပြောတာတွေကိုနားထောင်ချင်စိတ်ရှိမှ အဆင်ပြေမယ်"


လင်းရွှမ် ၏ တောင်းပန်စကားကို နားထောင်ပြီး လင်းယောင်ယောင် ဒေါသလေးတွေ ပျောက်သွားရပြီး စိတ်ထဲက အချဉ်ပေါက်လာ၏။အကယ်၍ သူမလေးစားရသော အစ်ကိုကြီးသည် မိန်းကလေးတစ်ယောက်အတွက် နှိမ့်ချရသည်ကို သူမ သိသွားလျှင် ဒေါသနှင့် ဝမ်းနည်းစိတ်တို့ ဖြစ်နေရပေလိမ့်မည်။ သူမ အစ်ကိုကြီးက အလွန်တော်၊ထင်မြက်ပြီး အရပ်ကလည်း ရှည်ရှည်နှင့် ရုပ်ကလည်း ချောသေးသည်။ သူ့ကို မကြိုက်သည့်ကောင်မလေးမှာ မျက်ကန်းသာ ဖြစ်နိုင်သည်။ လင်းရွှမ် သည် အခြားမိန်းကလေးများကို သွားပြီး ကြိုက်နေပါက...သူမ ယခုလိုသွားပြောပေလိမ့်မည်။


"ကမ္ဘာပေါ်မှာ သူပဲလှတာမဟုတ်ပါဘူး...တခြားကောင်မလေး‌တွေလည်းလှကြပါတယ်...မျက်လုံးမပါတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ အစ်ကိုကြီး ဘဝကို မပျက်စီးပါစေနဲ့"


သို့သော် လင်းရွှမ် က သူမကို သဘောကျနေသည်။ သူမ ဤလောကကို စတင်ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ သူမ အတွေးမိဆုံးအရာက သူမ၏ ကံကြမ္မာကို ဘယ်လိုပြောင်းလဲပြီး ပိုမိုကောင်းမွန်သည့် ဖြည့်စွက်အစားအသောက်တွေ လုပ်ရမလဲဆိုတာပင်။ အချစ်ကို တောင့်တခြင်းလည်း ရှိခဲ့ဖူးသည်။ သူမတွင် ယခင်က အနာဂါတ်ချစ်သူရည်းစားအတွက် စံနှုန်းမရှိသော်လည်းလင်းရွှမ် ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ရှိနေရသောအခါ သူမ လက်တွဲဖော်ကို ရှာဖွေချင်လျှင် လင်းရွှမ်ထက် သာလွန်သူ မရှိနိုင်ဟု သူမ ခံစားခဲ့ရသည်။


သူသည် သူမ၏ အစ်ကိုအစစ်မဟုတ်ကြောင်း သိသော်လည်း သူ့ကို ချစ်ခင်တွယ်တာနေဆဲ၊ ယုံကြည်ပြီး ရင်းနှီးနေဆဲဖြစ်သည်။ သူမ သူ့ကို လုံးဝမုန်းတီးနေတာမျိုး မဟုတ်ပေ။ လင်းရွှမ် က သူမကို သဘောကျကြောင်းပြောပြီးနောက် အချိန်အတော်ကြာအောင် တွေးနေခဲ့သည်။ "အစ်ကိုကြီး" အဖြစ်မှ "ကိုယ်နှင့် လိုက်ဖက်သူ" အဖြစ်သို့ ရုတ်တရက် ပြောင်းသွားခြင်း နှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ရက်၊နှစ်ရက်အတွင်းလည်း ရှင်းရှင်းလင်းလင်း အဖြေတစ်ခု မရရှိနိုင်ပေ။


ထို့ကြောင့်၊ လင်းရွှမ် က သူမကို သတိကြီးကြီးထားပြီး မေးလာသည့်အခါ..


"ယောင်ယောင် က ကိုယ့်ကိုမုန်းပြီး စက်ဆုပ်နေတာလား"


သူမ သိတောင်မသိလိုက်ခင်မှာပင် ပါးစပ်ကလွှတ်ကနဲထွက်သွားတော့သည်။


"မဟုတ်ဘူး...အစ်ကိုကြီးကို မမုန်းပါဘူး"


လင်းရွှမ် ရုတ်တရတ် ဝမ်းသာသွားသည်။


"ဒါပေမယ့် အစ်ကိုကြီးကို မကြိုက်ဘူး"


လင်းရွှမ် က သူ့နှုတ်ခမ်းထောင့်တွေကို ညွှန့်တက်အောင်ပြုံးလိုက်သည်။ သူ့ကို မမုန်းဘူးဆိုလျှင် အတော်လေး ကောင်းနေသည်ဟု ပြော၍ရပေသည်။


"အင်း...ကိုယ်က အရမ်းတင်းကြပ်လွန်းတယ်၊ ခေတ်ကလည်း မဆန်ဘူး...ဆိုပြီး မင်းအရင်တုန်းက မင်းပြောဖူးတယ်လေ"


သူ၏ အေးစက်ပြီး ချောမောသော မျက်နှာ၊တည်ငြိမ်လေးနက်သော အသံ၊ သူ၏ အေးစက်နူးညံ့သော သူ၏ ရောင်ဝါ... အားလုံးသည် နှစ်ချို့ဝိုင်တစ်ပုလင်းနှင့်တူပြီး လင်းယောင်ယောင်၏ နှလုံးသားကို ညင်သာစွာ လှုပ်ယမ်း နေသည်။ အဆုံးတွင် လင်းရွှမ်သည် သူ၏ အေးစက်သော စိတ်နေစိတ်ထားနှင့် မလိုက်လျောညီထွေဖြစ်သော အပြုအမူတစ်ခုကို ပြုလုပ်ခဲ့သည်။ သူက ပါးလွှာပြီး အရောင်ဖျော့သည့် sexy ဆန်ဆန် နှုတ်ခမ်းတွေနှင့် သူ့လက်နှစ်ချောင်းကို နမ်းလိုက်ပြီး သူမဘက်ကို fly kiss ပေးလိုက်၏။


"Good night…ကိုယ် ဒီည မင်းအိပ်မက်ထဲမှာ ရှိနေမယ်လို့ မျှော်လင့်ပါတယ်"


ထို့နောက် သူက ချာကနဲလှည့်ကာ အခန်းထဲမှ ထွက်သွားလေသည်။ လင်းယောင်ယောင် သည် ပူနွေးနေသော သူမ မျက်နှာကို ဆုပ်ကိုင်ထားလိုက်သည်။ထိုအခါမှ၊ သူမ နောက်ဆုံးအကြိမ် သူ့အား သွားနမ်းလိုက်သောအခါက သူ ဘယ်လိုခံစားသွားမည်ဆိုသည်ကို သဘောပေါက်သွားရသည်။


စက္ကန့်ပိုင်းအတွင်း အိပ်ပျော်လေ့ရှိသော လင်းယောင်ယောင် သည် အိပ်ပျော်သွားသည်။ သူမအိပ်နေစဉ်တွင် လင်းရွှမ်ကို အိပ်မက်မက်ခဲ့သည်။ နက်မှောင်အေးစက်သော မျက်လုံးများက သူမကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းတွေက သူမ နားရွက်နားအထိ တိုးကပ်လာသည်။


"ယောင်ယောင် ကိုယ် နမ်းလို့ရမလား"


"ဟင့်အင်း"


တစ်ခါ နမ်းလို့ရမလားဟု ထပ်မေးပြန်သည်။


လင်းယောင်ယောင်: "မရဘူး"


လင်းရွှမ်က “နမ်းလို့ရမလား…” ဆိုပြီး ဆက်မေးဆဲဖြစ်၍ သူမ ရူးလုမတတ် ဖြစ်နေသည်။


"မရဘူး... ဘယ်နှစ်ခါမေးမှာလဲလို့"


လင်းရွှမ် က သူ့နှုတ်ခမ်းကိုသူ ပွတ်သပ်လိုက်သည်။


"နမ်းလို့ရတယ်လို့ မပြောမချင်း မေးနေမှာ"


ထိုသို့ အဆုံးမရှိသော ခွင့်ပန်မှု...သူမအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးကြီးပင်။


တစ်ဖက်တွင် ရက်အတော်ကြာ အိပ်မပျော် ဖြစ်ခဲ့ရသော လင်းရွှမ် သည် စိတ်အေးလက်အေးဖြင့် အိပ်ပျော်သွားသည်။ ကလေးမလေး၏ နှလုံးသားက အတော် နူးညံ့သည်။ သူမကို စောင့်ကြပ်ပြီး သူမ အနီးနားရှိ ကောင်လေးအားလုံးကို သူ မောင်းထုတ်နေသရွေ့ တစ်နေ့နေ့တွင် သူ့ရင်ခွင်ထဲသို့ နာခံမှုရှိစွာ ရောက်ရှိလာမည်ဖြစ်သည်။ ယခု သူမသည် သူ့ရင်ခွင်ထဲတွင် မရှိသော်လည်း သူ့နှလုံးသားထဲတွင် ရှိနေခဲ့သည်။အရင်က သူ စိတ်မငြိမ်မသက်ဖြစ်ပြီး အိပ်ရေးမဝတာကလည်း သူ့နှလုံးသားကို သူမ လှုပ်ခါသွားတာကြောင့်ပင်။ သူတို့ကြားက စည်းမျဉ်းကို ဖြတ်ကျော်ပြီး ချိုမြိန်သော အရသာကို မြည်းစမ်း၍ သူ့ဆန္ဒကို ဖြည့်ဆည်းရန်မှာ ခဲယဉ်းလှသည်။ နီးနီးနားနားရှိသော်လည်း သူမနှလုံးသားကို တောင်းလို့မရသေးပေ။ဤကလေးမလေးက ဘယ်တုန်းကစပြီး သူ့အချစ်ဆုံးဖြစ်သွားမှန်းတောင် သူမသိလိုက်ပေ။


သို့သော်၊ သူ့ချစ်ရသည့် ကောင်မလေးအတွက် လင်းရွှမ် အကန့်အသတ်မရှိ သည်းခံနိုင်သည်။သူမ သူ့ကို တဖြည်းဖြည်းနှင့် ချစ်မိသွားသည့်အထိ သူ စိတ်ရှည်ရမည်ဖြစ်သည်။ထို့အပြင်၊ သူမအား အထက်စီးကနေ ဖိပြီး အတင်းနမ်းခြင်းသည် တစ်ကယ်ကို အံ့သြစရာကောင်းသော်လည်း အတင်း သူမအား ‌လွှတ်ပေးဖို့ တောင်းပန်ခံရမည့်အစား အသာတကြည် လက်ခံဖို့ ကြိုးစားခြင်းက ပိုကောင်းပေမည်။


လင်းရွှမ် ၏အိပ်မက်ထဲတွင် သူ့ "နတ်သမီးလေး" ပါ၀င်သော်လည်း လင်းယောင်ယောင် ၏ အပြစ်ကင်းသောအိပ်မက်နှင့် နှိုင်းယှဉ်ပါက သူ့အိပ်မက်သည် ပို၍ အရိုင်းဆန်ပြီ သိပ်လည်းအဓိပ္ပါယ်မရှိနိုင်ပေ။


'အိမ်မက်လေးကိုတော့ တစ်နေ့နေ့မှာဖြစ်လာမယ်လို့ မျှော်လင့်လို့ရတယ်မလား'


လင်းရွှမ် နိုးလာပြီးနောက် ထိုသို့တွေးလိုက်မိသည်။သို့သော်၊ လက်တွေ့မှာတော့ သူမ လက်လေးတွေကိုတောင် မထိနိုင်ပေ။


နည်းနည်းတော့ သနားစရာပဲ...


ပိုဆိုးသည်က ချန်ပင်း ဆီက အရေးပေါ် ဆက်သွယ်မှုတစ်ခုကြောင့်ဖြစ်သည်။ ပြီးခဲ့သည့် မစ်ရှင်အတွက် သူသွားရောက်ခဲ့သည့် X-312 ၏ နောက်ဆက်တွဲ မစ်ရှင်ကို ချန်ပင်း လှမ်းအကြောင်းကြားခြင်းဖြစ်သည်။ နောက်ဆုံးအကြိမ်က သူကိုယ်တိုင်ဦးဆောင်၍ ရန်သူကို စိတ်ပျက်လက်ပျက်ဖြစ်အောင် အဝေးသို့ တိုက်ထုတ်နိုင်ခဲ့သဖြင့် တစ်ဖက်မှ ပြင်းထန်သော တုံ့ပြန်မှုတစ်ခု ပြန်လာခဲ့သည်။ ရန်သူတို့သည် သူလျှိုမှတစ်ဆင့်X-312ကြယ်တာရာ၏ မြို့စောင့်တပ်ထံ ခြိမ်းခြောက်စာတစ်စောင် ပေးပို့ကာ တစ်လအတွင်း သူတို့ လိုချင်သည့်အရာကို ပေးရန် တောင်းဆိုခဲ့သည်။


X-312 ဂြိုဟ်သည် မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့ သီးသန့်ပိုင်ဆိုင်သည့် စစ်ဘက်အဆင့် သိပ္ပံသုတေသနဂြိုဟ်ဖြစ်သည်။ အခြားအဖွဲ့က မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့ တီထွင်ဖန်တီးထားသည့် အာကာသယာဉ်လက်နက်အသစ်၏ ဒီဇိုင်းကို လိုချင်နေကြသည်။


မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့ ၏ အကြီးမားဆုံး အားသာချက်မှာ ထိပ်တန်းအရာရှိ လင်းကျန့်ဟိုင်၊ ဗိုလ်ချုပ် လင်းထျန်းယွဲ့ နှင့် ရှုံးပွဲမရှိ စစ်နတ်ဘုရား လင်းရွှမ် တို့သည် လက်နက်စနစ် သို့မဟုတ် ကာကွယ်ရေးစနစ်ဘက်မှကြည့်သည်ဖြစ်စေ အဆင့်မြင့်ဆုံး စွမ်းရည်ရှိသူများဖြစ်သည်။


တစ်ဖက်က ရန်သူများမှာ အနက်ရောင်ကြယ်အင်အားစုမှ တစ်ဆင့် ဆက်သွယ်လာကြသည်။ အနက်ရောင်ကြယ်အင်အားစုသည် ကြားနေအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း သူတို့လက်ခံထားသည့် client က ငွေကြေး ပေးနေသရွေ့အရာအားလုံးကို လုပ်ဆောင်နိုင်သည်။


မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့ ၏နောက်ဆုံးပေါ် အာကာသယာဉ် လက်နက်စနစ်ဒီဇိုင်းကို အမှန်တစ်ကယ်လိုချင်သူက ဘယ်သူမှန်း မသိရပေ။ခန့်မှန်းမိသည်က ထိုနောက်ကွယ်ကအဖွဲ့အစည်းသည် ရန်လိုတတ်သော Narai ဖက်ဒရေးရှင်း ဖြစ်နိုင်သည်၊ သို့မဟုတ် အင်ပါယာအတွင်းမှ အဖွဲ့တစ်ခု ဖြစ်နိုင်သည်။


တစ်လအတွင်း ဖွဲ့စည်းထားသော မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့၏ ပင်မအာကာသယာဉ်အသစ်သည် တရားဝင်ပြီးစီးပြီး ယခုမှ အစမ်းလည်ပတ်မည်ဖြစ်သည်။ သတင်းအချက်အလက်ကို ဘယ်သောအခါမှ ပေါက်ကြားခြင်းမရှိဘဲ သံသယဖြစ်ဖွယ် သူလျှိုကို လုံးလုံးလျားလျား နှိမ်နင်းနိုင်စေရန်အတွက်၊ လင်းရွှမ် သည် ဤကာလအတွင်း X-312 ဂြိုလ်ပေါ်တွင်သာ နေထိုင်ခဲ့ရ၏။



xxxxxxx

Ei Thet Hmue