အခန်း၄၈
Viewers 8k

Chapter 48

(ကိုယ့်ကို လွမ်းဖို့ မမေ့ပါနဲ့...)


ဤကိစ္စနှင့် ပတ်သက်၍ မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့ ၏ တပ်ရင်းမှူး လင်းထျန်းယွဲ့ ဘက်မှ ပြန်ကြားချက်မှာ လင်းရွှမ် ကိုယ်တိုင်ဆုံးဖြတ်ပြီး အစီအစဉ်ချမှတ်ရန်သာ ဖြစ်သည်။ လင်းရွှမ် မှာသာ၊ ဒုတိယအဆင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိခဲ့ပါက လင်းထျန်းယွဲ့ သည် သူ့ကို အိမ်မှာချည်း အောင်မနေခိုင်းဘဲ အပြင်ထွက်ပြီးတာဝန်ထမ်းဆောင်ခိုင်းမှာ သေချာသည်။ သို့သော် လင်းရွှမ် သည် သူ့သားဖြစ်ပြီး ဤကာလအတွင်း သူ၏ စိတ်စွမ်းအားကို ထပ်မံအသုံးပြုပါက၊ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို ပိုမိုပျက်စီးစေပြီး စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှုခွန်အားလည်း ကျဆင်းသွားဖွယ်ရှိသည်။


လင်းထျန်းယွဲ့ ထိုအခြေအနေမျိုး မဖြစ်စေချင်ပေ။ သို့သော်လည်း နောက်ဆုံးပေါ် ပင်မအာကာသယာဉ်လက်နက်စနစ်၏ ဒီဇိုင်းရေးဆွဲမှုကို ထုတ်ဖော်ပြသ၍ မဖြစ်ပေ။ထို့ကြောင့်၊ အလုပ်ကိစ္စများနှင့် ကိုယ်ရေးကိုယ်တာကိစ္စ နှစ်ဖက်စလုံးအကျိုးရှိစေမည့် ဆုံးဖြတ်ချက်တစ်ခု ချရန် သားဖြစ်သူအား ပြောထားသည်။


လင်းရွှမ် သည် သူ့ကိုယ်ကျိုးအတွက် စီးပွားရေးကို ဂရုမစိုက်သော လူမျိုးမဟုတ်ပေ။ ယောင်ယောင်က သူမ လက်လေးကို ဆုပ်ကိုင်ထားခွင့်မပေးမချင်း ခဏလောက် အချိန်ပေးပြီး နေခွင့်ရမည်ဟု အစက သူထင်ထားခဲ့သည်။သို့သော် ယခု သူ မလုပ်နိုင်တော့။


သူသည် X-312 ဂြိုလ်သို့သွားရမည်ဖြစ်သော်လည်း လင်းရွှမ် သည် ရိတ်သိမ်းပွဲတော် အားလပ်ရက်အပြီးကို စောင့်ဆိုင်းပြီး နောက်ထပ်နှစ်ရက်ခန့် နေလိုက်သေးသည်။အားလပ်ရက်ပြီးသောအခါ ယောင်ယောင်လည်း ကျောင်းပြန်တက်ရမည်ဖြစ်၏။


လင်းယောင်ယောင် သည် ပင်မအိမ်သို့ ပြန်မလာတော့သောကြောင့် သူလည်း အိမ်ဟောင်းတွင်သာ နေခဲ့သည်။ လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့လည်း အတူတူ တည်းခိုခဲ့ကြသည်။ အပျော်ဆုံးလူက အဘိုးကြီး လင်း ပင်။ စိတ်ထဲမှာ တစ်ခုခုမှားနေသည်ကို သူခံစားမိသော်ငြား.. ရိုးသားသည့် ယောင်ယောင်လေး မှလွဲလျှင် ရှန်းယွင်ကျင်း နှင့် လင်းရွှမ် တို့နှစ်ယောက်စလုံးက သူ့အတွက် ချက်ကျွေးမည့်ဟင်းလျာများကို လုစားမည့်သူများဟုသာ ထင်မြင်နေမိသည်။သားဖြစ်သူကတော့ မိန်းမဖြစ်သူနေ၍ အတူနေနေရခြင်းဖြစ်နိုင်သည်။


လင်းယောင်ယောင် သည် ကောက်ရိတ်သိမ်းပွဲတော်အားလပ်ရက် ကုန်ဆုံးစေချင်နေမိသည်။ထိုမှသာ လင်းရွှမ် နှင့်တစ်မိုးအောက် အတူမနေရမှာဖြစ်သည်။


သူမသည် မီးဖိုချောင်ထဲတွင် အချိန်အများစုကုန်ဆုံးပြီး အဘိုးဖြစ်သူအတွက် ချက်ပြုတ်နေတတ်သည်။ စကားမစပ်၊ သူမသည် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်မှာ ထိခိုက်သွားသော လင်းရွှမ် အတွက်လည်း တစ်ခုခု ချက်ပြုတ်ပေးသေးသည်။ သို့သော်၊ ရှန်းယွင်ကျင်း ထံမှ လင်းရွှမ်၏ နောင်ထပ်မစ်ရှင်အကြောင်း သိလိုက်ရသည်။ သူသည် X-312 တွင် တစ်လကြာနေမည်ဖြစ်၍ သူမ၏ စိတ်အဆင်မပြေမှုနှင့် လွတ်မြောက်လိုသောခံစားချက်များသည် ရုတ်တရက် စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ် ထိခိုက်မှုသည် ယခုထိ မသက်သာသေးပေ။


သူဘာလို့ ထပ်ထွက်သွားတာလဲ...


တစ်ဖန် တစ်ခုခု မှားသွားပါက၊ယခုမှ ပြန်လည်နာလန်ထကာစဖြစ်၍ အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်သွားနိုင်သည်။ လွန်ခဲ့သည့်နှစ်ရက်တွင် လင်းရွှမ်သည် ယခင်ကလို ဖြည့်စွက်အစာကိုသာ မစားတော့ဘဲ ဖြည့်စွက်ဆေးဝါးများအပြင် ကိုယ်ကာယလေ့ကျင့်ခန်းကိုလည်း စတင်ပြုလုပ်ခဲ့သည်။ သူ့ဘယ်ဘက်ခြေကြွက်သားတွေ အားလုံးက ကြီးထွားလာပြီဖြစ်သည်။ သူကောင်းကောင်းမလေ့ကျင့်ဘူးဆိုလျှင် မစ်ရှင်ကျလျှင်လည်း အခက်တွေ့သွားနိုင်သည်။


မောင်နှမ နှစ်ယောက်သားသည် တစ်နေ့လျှင် ထမင်းသုံးနပ်စားချိန်မျှသာ တွေ့ဆုံကြသည်။ မိသားစုနှင့်အတူရှိနေခြင်းကြောင့် လင်းရွှမ် သည် ထိန်းထိန်းသိမ်းသိမ်းပြုမူကာ သူမကိုလည်း မကြာခဏ စိုက်ကြည့်လေ့မရှိပေ။ ထိုညက သူ၏ ပူပူနွေးနွေး ချစ်ခြင်းမေတ္တာ စကားလုံးများသည် သူမ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာများလားဟု တွေးယူရသည်အထိပင်။


လင်းရွှမ် ပြောင်းလဲသွားရခြင်းမှာ၊သူကသာ သူမကို စိုက်မကြည့်မနေပါက ကလေးမလေးသည် စိတ်ထဲမှာ မယိုးမယွဖြစ်ကာ သူ့ကို အာရုံစိုက်လာနိုင်အောင် ဖြစ်သည်။ သူ၏ SSS အဆင့် စိတ်စွမ်းအား ခံယူချက်ကြောင့်သာ မဟုတ်ပါက၊ သူမ အပြုအမူကို သူ ရိပ်မိဖို့ရာမဖြစ်နိုင်ပေ။ သူမ သူ့ကို စိတ်ပူနေမှန်း သိသာသော်လည်း ဘာမှ မပြောလာပေ။


ကောက်ရိတ်သိမ်းပွဲတော်၏ နောက်ဆုံးနေ့တွင် ညစာစားပြီး မကြာမီတွင် လင်းရွှမ် သည် လင်းယောင်ယောင် ထက် အနည်းငယ်စောပြီး ထွက်ခွာခဲ့သည်။ လင်းယောင်ယောင် သည် လင်းရွှမ် က အဖိုးနှင့် မိဘများအား နှုတ်ဆက်သွားပြီး သူမကိုမူ ဂရုစိုက်ဟန်မပြတာကြောင့် စိတ်ထဲက ဝမ်းနည်းနေမိသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ကားပါကင်ဆီသို့ လျှောက်သွားခဲ့သည်။


လင်းယောင်ယောင် ရုတ်တရက် စိတ်ပူလာသည်။


သူမ သဘောကျလာအောင် ကြိုးစားမယ်လို့ ပြောပြီး ဘာလို့ အခုကျ ဂရုမစိုက်တာလဲ...


သူမ သူ့ကို မချစ်သော်လည်း အစ်ကိုတစ်ယောက်အဖြစ် မှတ်ယူနေမိသေးသည်။ ထို့ကြောင့် သူမ ပြေးလွှားပြီး သူ့နောက်သို့ လိုက်သွားခဲ့သည်။ သို့သော် သူမထက် စက္ကန့်အနည်းငယ်စောပြီး အိမ်မှထွက်သွားသူကြီးမှာ ယခု အရိပ်ကလေးတောင် မမြင်ရတော့ပေ။သို့သော်၊သူ၏ စစ်ဘက်ဆိုင်ရာအမြန်ကားကတော့ ခြံဝင်းထဲတွင် ရှိနေသေးသည်။သူမ ဟိုဒိီလျှောက်ရှာနေစဉ်မှောင်ရိပ်ကျသည့် တိုင်နောက်ကွယ်မှာ ပုန်းနေသူက ထွက်လာပြီး


"မင်း ကိုယ့်ကိုရှာနေတာလား"


လင်းယောင်ယောင် အံ့အားသင့်သွားပြီး သူ့လက်မောင်းကို မကျေမနပ်ဖြင့် ရိုက်လိုက်သည်။


"ဟင်း... တမင်သက်သက် ညစ်တာပေါ့လေ"


လင်းရွှမ် က သူ့လက်ဖဝါးကို ဖြန့်ပြီး


"ကောင်းပြီ...ဒါဆိုလည်း ကိုယ့်လက်ဖဝါးကိုရိုက်လိုက်"


သူမသည် နှစ်ရက်ဆက်တိုက် လျစ်လျူရှုခံခဲ့ရသော်လည်း ရင်ထဲက မကျေနပ်ချက်ကို မပြောနိုင်သေးပေ။ထို့ကြောင့် သိပ်စဉ်းစားမနေဘဲ သူ့ လက်ဖဝါးကို ဖတ်ကနဲ လှမ်းရိုက်လိုက်သည်။ထိုအခါ လင်းရွှမ် သည် ချက်ချင်းပင် သူမ လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ဖျစ်ညှစ်လိုက်ပြီး သူမ ဒေါသမထွက်လာခင် ချက်ချင်းလွှတ်လိုက်၏။


"မင်းကိုယ်တိုင် ကိုယ့်လက်ကို လာထိတာနော်"


သူ မနေ့ညကတွေးခဲ့ဖူးသည့် ခရီးမထွက်ခင် သူမ လက်ကလေးကိုကိုင်ခွင့်ရချင်သည့် ဆန္ဒသည် ယခု ပြည့်သွားပြီဖြစ်သည်။


ဒါပေမယ် ဥာဏ်တော့ များတတ်ရတာပေါ့...


ဒေသကြီးသည့် ကြောင်မလေးမှာ အရူးလုပ်ခံလိုက်ရ၍ ဒေါသထွက်နေသေးသော်လည်း လင်းရွှမ် က မကြာမီ ထွက်ခွာတော့မည့်အတွက် သူမ အထွေအထူးပြောမနေတော့‌ေပ။


ထို့နောက် လင်းယောင်ယောင် သည် သူမပြင်ဆင်ထားသော ဟင်းလျာများကို အထူးအာကာသခလုတ်တစ်ခုထဲမှာ ထည့်ထားလိုက်ပြီး လင်းရွှမ် လက်ထဲသို့ ထည့်လိုက်သည်။ ထိုအာကာသခလုတ်ထဲတွင် သယ်ယူရလွယ်ကူသော ဖြည့်စွက်အစားအသောက်များ အပြည့်ရှိသည်။


ပျားရည်စိမ်ထားသော ချိုချဉ် သံပုရာအလွှာများ... သစ်သီးခြောက်များနှင့် ဟင်းသီးဟင်းရွက် ကြွပ်ကြွပ်ကြော်လေးများ...ပူပြီး စပ်နေသည့် အိမ်လုပ်ငရုတ်သီးဆော့စ်...အဆိပ်အတောက်များကို ကင်းစင်စေပြီး အပူကို လျှော့ချပေးနိုင်သော လက်ဖက်ခြောက်ရွက်...


သူမသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အားလုံးကို အမြန်ပင် ပြင်ဆင်ထားခဲ့သည်။ သူမသည် ပါဝင်ပစ္စည်းတစ်ခုစီကို စိတ်စွမ်းအင်နှင့် အလွန်ဂရုတစိုက်ပြုပြင်ထားခဲ့၏။ လင်းရွှမ် ၏ အမြဲတမ်း တင်းမာသော မျက်နှာက ယခု အံ့အားသင့်နေသောအခါ သူမ ကမန်းကတန်းပြောလိုက်သည်။


"သိပ်အများကြီး မစဉ်းစားနဲ့...အစ်ကိုကြီးရဲ့ စိတ်စွမ်းအားတွေ အဆင့်နိမ့်သွားမှာ ကြောက်လို့ ပေးတာ...ပြီးတော့ အဖေနဲ့ အမေကလည်း စိတ်ပူနေတာဆိုတော့ အားနာလို့"


လင်းရွှမ် ရယ်မောလိုက်သည်။


"သြော် ကိုယ် သိပါတယ်...မင်းလုံးဝစိတ်မပူဘူးဆိုတာ...ကိုယ် ပြန်မလာနိုင်ရင် ပိုကောင်းမယ်ဆိုပြီးတော့တောင် တွေးနေတာမလား"


"မဟုတ်ဘူး"


လင်းရွှမ် ၏ အပြုံးသည် ပို၍ အားရဝမ်းသာ ဖြစ်လာ၏။ များသောအားဖြင့် မပြုံးတတ်သူများ ပြုံးလိုက်လျှင် အတော်လေး ကြည့်ကောင်းတတ်ကြသည်။ထိုအခါမှ သူက လူလည်ကျနေခြင်း ဖြစ်ကြောင်း သူမ ရိပ်မိလိုက်တော့သည်။ ထိုညက စကားပြောကတည်းက သူသည် သူမကို ဆက်တိုက် စနောက်ပြီး လူလည်ကျနေခဲ့တာပင်။ ပြင်ဆင်ထားသည့် ပစ္စည်းတွေ လည်း ထုတ်ပေးခဲ့ပြီးပြီမို့ စကားနည်းနည်းပြောလိုက်လျှင် အမှားနည်းနည်းလုပ်မိသွားသလို ခံစားမိတာကြောင့် သူမ လှည့်ထွက်ခဲ့သည်။


" နောက်ရက်သုံးဆယ်လုံးလုံး ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတော့ဘူးလေ...ကိုယ့်ကို လွမ်းဖို့ မမေ့နဲ့နော်...နောက်ပြီး မင်းကို တစ်ခြားယောက်ကျားလေးတွေနဲ့ တွဲခွင့်မပေးဘူး"


သူမ ခြေလှမ်း ရပ်ပြီး သူ့ကို ရှုံ့မဲ့ကာ ပြောလိုက်သည်။


"မရပါဘူး...တွဲမှာပဲ"


"ဒါဆို မင်းအစား ကိုယ်က လွမ်းပေးရမှာပေါ့..."

"နောက်ပြီး မင်း တစ်ယောက် တွဲရင် ကိုယ် ချက်ချင်းပြန်လာမယ်...နှစ်ယောက်တွဲရင် မင်းတို့ နှစ်ယောက်လုံးကို ဒဏ်ခတ်ရမယ်....ဘာပဲဖြစ်ဖြစ် သူ့အမေတောင် သူ့ကို မသိတော့တဲ့အထိ အရိုက်ခံရမယ် ဆိုတာကတော့ သေချာတယ်"


လင်းယောင်ယောင်: "..."


နောက်ဆုံး စကားကတော့ အရင်တစ်ခါကလည်း ပြောဖူးပြီးသားပင်။ထိုစဉ်က အစ်ကိုတစ်ယောက်၏ ညီမလေးက်ို စိတ်ပူသည့်အ‌နေဖြင့် ပြောလိုက်ခြင်းသာ။


အခုရော သူက အစ်ကိုကြီးတစ်ယောက်လိုပဲ ပြောတာမလား...


ကောက်ရိတ်သိမ်းပွဲတော်အားလပ်ရက်အတွင်း လင်းယောင်ယောင် သည် အစားအသောက်မျိုးစုံလုပ်ရန် အလုပ်များနေပြီး Star Network ပေါ်ကို သိပ်မတက်ခဲ့ပေ။လင်းရွှမ် ခရီးထွက်သွားသောအခါမှ သူမ အကောင့်ကို ပြန်သုံးဖြစ်ခဲ့၏။


အဘိုးကြီးချိုက် သည် ပြပွဲတွင် သူမ ပီကင်းဘဲကင်လုပ်လိုက်သည်ကို သိသွားပြီး သူမအား မက်ဆေ့ခ်ျ ပို့ထားလေသည်။

"ကောင်းတယ် ဟားဟား...စကားမစပ်၊ မင်းရဲ့ 'ပီကင်းဘဲကင်' ကိုလည်း ငါ စားချင်တယ်...စီနီယာ ချိုက်က အစမ်းလုပ်ပြီး ငါ့ကို ကျွေးပေမယ့် မင်းလိုတော့ မကောင်းဘူး ထင်တယ်"


လင်းယောင်ယောင် ရှက်သွားရသည်။ အဘိုးကြီးချိုက် သည် သူမ၏ ဘဲကင်ကို မစားဖူးသေးပေ။


စီနီယာအစ်ကို ချိုက်မူပိုင် လုပ်ထားတဲ့ ဟင်းပွဲက သူမလက်ရာလောက် စားမကောင်းဘူးဆိုတာ သူ ဘယ်လိုလုပ် သိနိုင်မှာလဲ...


ယခု သူမ၏ "ရှေးတရုတ်စားစရာအိမ်" တွင် ဘာဟင်းပွဲမှ ရှိမနေကြပေ။သူမသည် ပိုက်ဆံ မလိုအပ်သော်လည်း သူမ ဆိုင်၏ ဂုဏ်သိက္ခာနှင့်ရောင်းအားကို ထိန်းသိမ်းထားလိုသေးသည်။ထို့ကြောင့် သူမသည် Star Network မှာ virtual ပီကင်းဘဲကင်ကို ဖန်တီးခဲ့သည်။ သူမသည် ဘဲများမှ အညစ်အကြေးများကို စိတ်စွမ်းအင်သုံး၍ ဖယ်ရှားခဲ့ပြီး ပိုမိုရှုပ်ထွေး၍ စေ့စပ်သေချာသော နှပ်နည်းတစ်မျိုးကို သုံးခဲ့သည်။ Star Network တွင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန်အတွက် အချိန်ကလည်း အရေးကြီးသဖြင့် ခပ်မြန်မြန်ပြုလုပ်ရသေးသည်။ နောက်ဆုံးဟင်းလျာချက်ပြီးသွား၍ သူမ မြည်းကြည့်ရာ အရန်ကုထုံး အကျိုးသက်ရောက်မှုသည် ပြပွဲခန်းမ၌ သူမ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သော ဘဲကင်ထက် များစွာသာလွန်ကြောင်း ခံစားလိုက်ရသည်။ Star Network မှ virtualဘဲကင်၏ အရသာသည် အပြင်က "ပီကင်းဘဲကင်" နှင့် သိပ်မကွာလှပေ။


ကြာရွက် ပေါင်မုန့်၊ သခွားသီးအလွှာများ၊ကြက်သွန်နီ အကွင်းများ၊ ဆော့စ်များနှင့် ဘဲကင်ကို တစ်ပါတည်း ပြင်ဆင်လိုက်သည်။ထို့နောက် ဘဲသားကို ဇီးသီးဆော့စ်ချဥ်တွင် နှစ်ပြီးစားနိုင်အောင်လည်း ဇီးသီးဆော့စ်ကို ထက်လုပ်လိုက်သေးသည်။


ထို့နောက် ဘဲကင်တစ်ကောင်ကို ဆော့စ်နှစ်မျိုးလုံးထည့်ပေးကာ အဘိုးကြီးချိုက် ထံသို့ ပို့ပေးလိုက်သည်။ ကျန်ရှိသော ဘဲကင်အနည်းငယ်အတွက် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဟင်းချက်အကူစက်ရုပ်လက်ထောက်အား အချိုပဲနှစ် ဆော့စ်က တစ်ဝက်၊အချဉ် ဇီးသီးဆော့စ်တစ်ဝက်စီ ပြင်ဆင်ထားကာ ဖောက်သည်များ ကြိုက်ရာဆော့စ်နှင့်စားနိုင်ရန် "ရှေးတရုတ်စားစရာအိမ် "ဆိုင်တွင် ထားပေးခိုင်းလိုက်သည်။ တစ်ပွဲလျှင် လေးငါးယွမ်သာ ကျသင့်ပြီး လူတစ်ယောက်က အများဆုံး ငါးပွဲသာ ဝယ်ယူနိုင်သည်။


ထိုနေ့က သူမ၏ဘဲကင်သည် Star Network တစ်ခုလုံးအား ပွဲဆူစေမည်ကို လင်းယောင်ယောင် အစောပိုင်းက မသိခဲ့ပေ။ star Network အကောင့် "Eleven" သည် သူမ၏ ဟင်းချက်နည်းကို လက်တွေ့ကမ္ဘာ ကူးယူသည်ဟု တစ်ချို့က ဆိုကြသော်လည်း "Eleven" ပြုလုပ်သော ဘဲကင်သည် သိသိသာသာပင် သူမ ထက်ပိုကောင်းပြီး ပိုအရသာရှိသည်ဟုလည်း တစ်ချို့က ဆိုကြသည်။


လင်းယောင်ယောင် နှင့် Eleven နှစ်ယောက်က အတူတူဆိုသည်ကို လူအနည်းငယ်သာ သိကြသည်။


လင်းယောင်ယောင် သည် ဘဲကင်ဟင်းများကို ပြုလုပ်ပြီးနောက် ဗိုက်ဆာလာသဖြင့် ညစာစားရန် ထွက်သွားခဲ့သည်။


နောက်တစ်နေ့သည် ရိတ်သိမ်းပွဲအပြီး ကျောင်းပြန်သွားရမည့်နေ့ဖြစ်၍ လင်းယောင်ယောင် ကျောင်းပြန်တက်ကာ အတန်းစတက်လိုက်သည်။ အစားအသောက်အရန်ကုထုံးဌာနသည် လူကြိုက်အများဆုံး ဘာသာရပ်များထဲမှ တစ်ခုဖြစ်သည်။ ပထမနှစ်ကျောင်းသားအားလုံး ၂၅ယောက်သာ ရှိပြီး မိန်းကလေး ၇ယောက်နှင့် ယောက်ျားလေး ၁၈ ဦးဖြစ်သည်။ မူလက အရန်ကုထုံးဌာနတွင် ယောက်ျားလေးအများစုသည် စစ်မြေပြင်နှင့် တိုက်ပွဲများကိုသာ စိတ်ဝင်စားသောကြောင့် မိန်းကလေး ပိုများသည်။


သို့သော်၊ ထိုမိန်းကလေးများကလည်း စိတ်ပါဝင်စား၍ ရွေးချာ်ခဲ့ကြခြင်းမဟုတ်ပေ။ အများစုမှာ အမှတ်နည်းခြင်း၊ သို့မဟုတ် အရည်အချင်းများ မပြည့်မီသောကြောင့် ဤဌာနသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ စစ်ပညာရေးအကယ်ဒမီသို့ မဖြစ်မနေ တက်ရောက်ချင်ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အစားအသောက် ဖြည့်စွက်ကုထုံးဌာနကို ဦးစွာရွေးချယ်ကြပြီး အားလပ်ချိန်များတွင် ဆေးဝါးဖြည့်စွက်ကုထုံးဌာနက စာများကို ကိုယ်တိုင်လေ့လာသင်ကြားကြမည်ဖြစ်သည်။ ပထမအဆင့် စာမေးပွဲပြီးနောက်၊ ဆေးဝါးဖြည့်စွက်ကုထုံးသင်တန်း၏ ရမှတ်သည် ပျမ်းမျှအဆင့်ထက် ကျော်လွန်သွားပါက ‌ဌာနလွှဲပြောင်းလျှောက်ထားနိုင်သည်။


လင်းယောင်ယောင်သည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အမှတ်ရနေသော်လည်း ကြယ်တာရာခေတ်ကို လေ့လာရန် အနည်းငယ်ခက်ခဲနေသေးသည်။ ဖြည့်စွက်ကုထုံး၏ နိယာမကို သင်ကြားမည့် ဆရာမသည် အလွန်စည်းကမ်းတင်းကြပ်ပုံပေါ်သော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။

အတန်းပြီးဆုံးပြီးနောက်၊ Starnet တွင် "ကျောင်းသားသစ်များဖလား" ကုထုံးပြိုင်ပွဲအတွက် မှတ်ပုံတင်မည့် ကိစ္စကို ရှင်းပြပေးပြီး တရားဝင်ပြိုင်ပွဲကို လာမည့်လအစောပိုင်းတွင် စတင်မည်ဖြစ်ကြောင်း သူမက ကြေညာခဲ့သည်။


ဆရာမ ထွက်သွားသောအခါ အတန်းထဲမှ လူတိုင်းက ထိုအကြောင်းကိုသာ တရစပ် ပြောဆိုနေကြသည်။ ကျန်းရို့ က လင်းယောင်ယောင် ကို စာရင်းသွင်းထားသေးလားဟု လာမေးနေသဖြင့် သူမ ခေါင်းညိတ်လိုက်သည်။


"အင်း...စစ်သင်တန်းမတက်ခင်က စာရင်းသွင်းခဲ့တာ"


ကျန်းရို့ မှာ ထိုပြိုင်ပွဲကို စောင့်မျှော်နေသော်လည်း စိတ်ပူဟန်ဖြင့် ပြောလာသည်။


"လက်တွေ့မှာတော့ ငါ ဖြည့်စွက်စာတွေ မဖန်တီးနိုင်သေးဘူး...ပြီးတော့ ချိုက်ယူဟုန်ရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့လည်း ငါ မမျှော်လင့်ထားဘူးဟာ...နင်ကတော့ သေချာပေါက် ပထမရမှာပဲ...ငါဆို ဖိုင်နယ်တောင် ရောက်ပါ့မလားမသိဘူး"


ကျန်း မိသားစုသည် ကျန်းရို့ အတွက် မျှော်လင့်ချက်ကြီးကြီးမားမား မထားကြသော်လည်း သူမကို ပိုက်ဆံများစွာ ပေးထားသည်။ထို့အပြင်၊ သူမ၏ မိဘများသည် တစ်ကျောင်းလုံးက ထိပ်တန်း ၁၀ ယောက်ထဲမှာ ကျန်းရို့ ပါမည်ဟု မျှော်လင့်ထားတာကြောင့် ဖိအားများအောက်တွင် ရှိနေသူဖြစ်သည်။


ကျန်းရို့တွင် ဒုတိယနှစ်ကျောင်းသူ ဆေးဝါးလက်ထောက် ကုထုံးပညာရှင် ဝမ်းကွဲအစ်မတစ်ဦးရှိသည်။ သူမသည် ပြီးခဲ့သည့်နှစ်က "ကျောင်းသားသစ်များဖလား" ၏ ဆေးဝါးအုပ်စုပြိုင်ပွဲတွင် တတိယနေရာကို ရရှိခဲ့သူဖြစ်သည်။ မိသားစုကလည်း ထိုအစ်မကို ဖူးဖူးမှုတ်ထားကြသည်။


"စိတ်မပူပါနဲ့ဟယ်.. ပိုလေ့ကျင့်ရမှာပေါ့... အချိန်ရှိပါသေးတယ်.…ငါလည်း နံပါတ်တစ်ဖြစ်ဖို့မှန်းထားပေမယ့် ရလဒ်မထွက်ခင် ဘာမှ သေချာပေါက် မပြောနိုင်သေးဘူး...အပြင်ဘက်မှာလည်း ပိုတော်တဲ့ သူတွေ အများကြီးရှိနေမှာ... ပုန်းနေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေလို အားကြီးတဲ့သူတွေ အများကြီး ရှိနိုင်တယ်"


Biying အသီးသည် အသက်ဝင်နေဆဲဖြစ်သောကြောင့် လင်းယောင်ယောင် သည် အဆာပြေစားရန် မုန့်အမျိုးမျိုးနှင့် သစ်သီးအများအပြားကို ကျောင်းအထိပါယူလာခဲ့သည်။ ကျန်းရို့နှင့် စကားပြောနေစဉ် သူမသည် အာကာသခလုတ်မှ မုန့်ဘူးများကို ထုတ်ကာ စတင်စားလေတော့သည်။


လင်းယောင်ယောင် သည် တခြားသူများနှင့် စကားပြောဆိုရသည်ကို မကြိုက်ပေ။ သူမသည် စစ်ရေးလေ့ကျင့်မှုသင်တန်းအတွင်းကလည်း အခန်းဖော်များနှင့် အတူမနေခဲ့ချေ။သူမမှာ အေးစက်စက်နှင့် ရက်စက်ကြမ်းကြုတ်သည့် နည်းပြအစ်ကိုတစ်ယောက်လည်း ရှိသည်။ ထို့ကြောင့် ၊အတန်းဖော်များက သူမကိုဆိုလျှင် ရှိန်နေကြသည်။


ထို့ကြောင့် သူမ စားသောက်နေသည်ကို တွေ့လိုက်သောအခါ မနက်စာမစားရသေးဟု လူတိုင်းက ယူဆလိုက်ကြသည်။ ထူးထူးခြားခြားစားနေသော သရေစာများကိုကြည့်ပြီး အံ့ဩနေကြသော်လည်း သူမဆီကို လာပြီးမချဉ်းကပ်ရဲကြချေ။ ကံကောင်းထောက်မစွာပင်၊ အဆာပြေမုန့်အားလုံးသည် အခန်းအပူချိန်ထဲတွင်သာ ရှိနေသောကြောင့် အနံ့က သိပ်ထွက်မနေပေ။ထို့ကြောင့် တခြားသူများလည်း သူမကို ထူးပြီးအာရုံစိုက်မနေကြတော့‌ေပ။


ကျန်းရို့မှာ ဗိုက်မဆာသော်လည်း လင်းယောင်ယောင် စားနေတာကိုကြည့်ပြီး အားကျလာသဖြင့်

အချိုမုန့်အချို့၊ ခရမ်းရောင် ကန်စွန်းဥအုန်းနို့ကိတ်၊ ပဲနီလိပ်၊ ကြက်ဥအနှစ်ကြွပ်ကြွပ်ကြော်၊ macaron နှင့် ချိုချဉ် ဇီးသီးမုန့်တို့ကို မြည်းကြည့်ခဲ့သည်။ ချိုသော်လည်း မအီသော အချိုမုန့်များသည် အလွန်အရသာရှိသဖြင့် သူမ မျက်လုံးပြူးသွားသည်။ သူမ အများကြီးမစားနိုင်သည်က ဝမ်းနည်းစရာကောင်းသည်။


လင်းယောင်ယောင်သည် Biying အသီးကြောင့် ယခုလို စားချင်နေမှန်း သူမ သိထား၍ ဆက်မစားဖို့ရာဆုံးဖြတ်လိုက်၏။


အခြားသူများမှာ လင်းယောင်ယောင် စားသောက်နေချိန်၌ သူမအပေါ်ထားသော ခံယူချက်ကို တဖြည်းဖြည်း ပြောင်းပြန်ဖြစ်သွားခဲ့ကြသည်။ အစားကြီးသူ၊အစားမက်သူ မိန်းကလေးတစ်ဦးသည် အားရပါးရစားသောက်နေချိန်မှာ သူမ မျက်နှာပေါ်တွင် မာနကြီးဟန်နှင့် ဒေါသရိပ်တို့ကိုလည်း မတွေ့ရတော့ပေ။ နည်းပြ လင်းရွှမ် သည် ရက်စက်ပြီး ကြောက်စရာကောင်းသော်လည်း၊ သူမတို့အတွက် ရှေးရှူကာ အတင်းလေ့ကျင့်ခိုင်းခဲ့ခြင်းဖြစ်သည်။စစ်ရေးလေ့ကျင့်မှုပြီးသွားသောအခါ သူတို့၏ ကိုယ်လုံးကိုယ်ပေါက် အဆင့်များမှာ တစ်ဆင့်၊နှစ်ဆင့်ခန့် တိုးတက်လာသည်ကို သတိပြုမိကြသည်။ နည်းပြ လင်း၏ မျက်နှာသည် အေးစက်နေသော်လည်း သူ့နှလုံးသားက နွေးထွေးနေလေသည်။


သူ့ညီမကရော ဒီလိုပဲ ဖြစ်နိုင်ပါ့မလား...


ယခုလည်း လင်းယောင်ယောင် ၏ အစားမက်သူ တစ်ဖက်ခြမ်းကို ရုတ်တရက်မြင်လိုက်ရသော် သူတို့ သူမကို အလွန်ချစ်ခင်သွားကြသည်။ သူမသည် မုန့်ဘူးတစ်ဘူးကို ထုတ်ပြီး ပန်းသီးများကို တတိယအကြိမ် စားသောအခါ ဘေးနားရှိ စားပွဲဝိုင်းတွင် ထိုင်နေသော မိန်းကလေးများမှာ သည်းမခံနိုင်တော့ပေ။ သူတို့အားလုံး တံတွေးကို မျိုချပြီး အတင်းထားကာ ရောက်လာကြသည်။


"ယောင်ယောင်... အတန်းဖော် ယောင်ယောင်...ငါလေ မနက်က အလျင်လိုနေလို့ မနက်စာမစားခဲ့ရဘူး...ငါဗိုက်ဆာနေပြီ...နင် ငါ့ကို သစ်သီးတွေ ပေးလို့ရမလား...ငါပြန်ပေးပါ့မယ်..."


လင်းယောင်ယောင် ခေါင်းညိတ်လိုက်ပြီး ထိုကောင်မလေးကို မုန့်ဘူးပေးလိုက်သည်။သူမက ပန်းသီးတစ်လုံးယူကာ ကိုက်စားလိုက်ရင်း


" အသီး ဆိုတော့ ပြန်ပေးစရာ မလိုဘူးနော်"



xxxxxx



Ei Thet Hmue