အခန်း၄၉
Viewers 8k

Chapter 49

(လင်းယောင်ယောင် နှင့် Eleven)




လင်း မိသားစုစားသုံးသော သစ်သီးဝလံများသည် စျေးကွက်ထဲတွင်မရရှိနိုင်သော သဘာဝအော်ဂဲနစ်များသာဖြစ်ပြီး အဆင့်မြင့်တင်သွင်းလာသော ကုန်ပစ္စည်းများဖြစ်သည်။


"ယောင်ယောင်က အရမ်းကြင်နာတာပဲ"


တစ်ဖန် သူမ ရှေ့မှာထိုင်နေသည့် ကောင်မလေးကလည်း ပြောလာပြန်၏။


"အတန်းဖော် ယောင်ယောင် အရမ်းစားရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး အရမ်းပိန်နေတာလဲ...ခန္ဓာကိုယ် ထိန်းသိမ်းနည်းလေးဘာလေး ပြောပြပါလား"


သူမ အနောက်မှာထိုင်နေသည့် ကောင်လေးက စောင်းငဲ့ကြည့်လာပြီး


" အလှလေး ယောင်ယောင်...မင်း ပြပွဲမှာ နာမည်ကြီး 'ပီကင်းဘဲကင်' ကို လုပ်ခဲ့တာဆို... မင်းချက်ထားတာ ကောင်းတယ်လို့ပြောတယ်... မင်းက အရမ်း တော်တာပဲနော်"


ဒုတိယ ကောင်လေး- "ကျောင်းသူ လင်း ရေ…ဖြည့်စွက်စာတွေကို ဘယ်လို အရသာရှိရှိ လုပ်ရတာလဲ…စီနီယာအစ်မ ရန်နင် ရဲ့ ပီကင်း ဘဲသား ဗားရှင်းကို ကိုယ် စားကြည့်လိုက်တာတောင် အရမ်းစားကောင်းနေတာရော်… ရုတ်တရက်ကြီး ကိုယ်တောင် မေဂျာမပြောင်းချင်တော့ဘူး...ဒီ မေဂျာမှာပဲ နေပြီး အံ့သြစရာကောင်းတဲ့ ဖြည့်စွက်အစားအသောက် လုပ်နည်းကို ငါလေ့လာချင်တယ်"


နံပါတ်သုံး ကောင်လေးတစ်ယောက်သည် သူ့မျက်လုံးများထဲတွင် ပန်းရောင်ပူဖောင်းများ အပြည့်ဖြင့် သူမကို စိုက်ကြည့်နေသည်။


"အင်း...အရမ်းအစားကြိုက်တဲ့ အလှတရားလေးက ချစ်စရာကောင်းလိုက်တာ...ကိုယ့်မှာလည်း အဆာပြေမုန့်တွေ အများကြီးရှိသေးတယ်…မင်းစားချင်လား"


ကျောင်းမှာ နေလျှင် အေးဆေးတည်ငြိမ်ပြီး မာနကြီးသလိုမျိုး ဟန်တစ်ခွဲသားနှင့်နေဖို့လုပ်ထားသည့် လင်းယောင်ယောင် မှာ အံ့အားသင့်သွားခဲ့သည်။ သူမသည် အမှန်တစ်ကယ် အစားအသောက်ကို ဝါသနာပါသော်လည်း ကိုယ်တိုင်စားကြည့်မြည်းကြည့်ပြီး၊ကိုယ်ကြိုက်မှသာ စားကောင်းလိမ့်မည်ဟု သူမ ခံယူထားသည်။ သူမသည် သူတို့စိတ်ကူးထားသည့်အတိုင်း အစားအသောက်ပေါင်းစုံကြုံရာကျပန်း စားသူမဟုတ်ပေ။အစားကိုသေချာကန့်သတ်ပြီး ဟင်းချက်ဖို့အတွက် စဉ်းစားရင်း စားရခြင်းဖြစ်သည်။ယခုတော့ မိန်းကလေး လင်း ၏ မြင့်မြတ်၊ မာနကြီးပြီး ကျက်သရေရှိသော အပြင်ပန်းလွှာသည် "အဆက်မပြတ်စားနေခြင်း" ကြောင့် ပလ္လင်ပေါ်မှ မတော်တဆပြုတ်ကျသွားခဲ့ရသည်။


လင်းယောင်ယောင် သည် တစ်နေ့ကျလျှင် ဟန်ဆောင်ထားသော သူမ၏ စရိုက်အတုများ ကွာကျသွားလိမ့်မည်ဟု တွေးဆခဲ့ဖူးသည်။ သူမ၏ ဟင်းချက်စွမ်းရည်ကို ပြသလိုက်သည့်အခါ သူမလည်း ကျော်ကြားလာမှာ ဖြစ်ပြီး အစားအသောက်ကြိုက်သူတွေကလည်း သူမအနားကို ဝန်းရံလာမှာ ဖြစ်သည်။ သို့သော်၊ သူမကိုယ်တိုင်က အစားမက်သွားရာ သူတို့အားလုံး အတင်းချဉ်းကပ်လာကြတော့သည်။ကျန်းရို့ မှလွဲ၍ သူမ ချက်ပြုတ်လိုက်သော အစားအစာများကို အတန်းထဲရှိ ဘယ်သူမှ မစားဖူးကြပေ။သို့သော် သူတို့ဘက်ကတော့ အတော်လေး စားချင်နေပုံရသည်။


ကျောင်းဆင်းခါနီးချိန်တွင် သူမ ပို၍တောင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ကျောင်းသားများ ဖိုရမ်မှာ တစ်ယောက်ယောက်က သူမသည် နာမည်ကြီး ရှေးခေတ် ဟင်းလျာချက်ပြုတ်နည်းများကို ခိုးယူနေသည်ဟု အမည်မဖော်လိုသူက ပို့စ်တစ်ခုတင်ခဲ့သည်။ သူမ ခိုးယူနေသူမှာ Star Network မှ အကောင့်ပိုင်ရှင် "Eleven" ဆိုသူ၊ ရှေးခေတ်တရုတ်အစားအသောက် ကုထုံးပညာရှင် ဖြစ်ပေတော့သည်။


ထိုအခါ အစားအသောက် ဖြည့်စွက် ကုထုံးဌာနက တစ်တန်းလုံး ဒေါသထွက်နေကြသည်။ သူတို့အားလုံးသည် လင်းယောင်ယောင် ဘက်တွင် အခိုင်အမာ ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။ အထူးသဖြင့် ကျန်းရို့ပင်။


"ဒါက နင့်ကို သိက္ခာချလိုက်တာပဲ... ငါတို့ ယောင်ယောင် က အရမ်းတော်တယ်...သူများရဲ့ ချက်နည်းကို ဘယ်လိုလုပ်ပြီး ခိုးချတာ ဖြစ်နိုင်မှာလဲ… အရင် နာမည်ကြီးသွားတဲ့ ပီကင်းဘဲကင်ကို လုပ်တဲ့သူက ယောင်ယောင်လေ... Eleven ဆိုတဲ့သူကသာ ငါတို့ ယောင်ယောင်ဆီကနေ ခိုးချတာ..."


ဘေးဘက်က စားပွဲမှာ လင်းယောင်ယောင် ပေးသည့် ပန်းသီးကို စားခဲ့သူ ရှန်းရွှယ် ကလည်း ပြောလာပြန်သည်။


" Eleven လုပ်ထားတဲ့ ဘဲကင်တွေက ပိုအရသာရှိတယ် လို့ ပြောတဲ့သူတွေက တစ်ကယ်ကို ငတုံးတွေပဲ...ယောင်ယောင်ရဲ့ ဘဲကင်ထက် ပိုအရသာရှိတဲ့ ဘဲကင်မျိုးကို ဘယ်သူက ဘယ်လိုလုပ် လုပ်နိုင်မှာလဲ...အဲ့ Elevenက ဘာကောင်မ မလို့လဲ"


လင်းယောင်ယောင် အနည်းငယ်ရှက်သွားပြီး '... ခဏနေဦး sis ရေ ...နင် ပြောနေတဲ့ Elevenက ငါလေ'


စစ်ပညာရေးအကယ်ဒမီ၏ ကျောင်းဖိုရမ်တွင် ရေပန်းစားနေသည်မှာ လင်းယောင်ယောင် သည် နာမည်ကျော် မျိုးဆက်သစ် တရုတ်စားစရာအစားအစာလက်ထောက် "Eleven" ၏ လက်ရာ ပီကင်းဘဲကင်ကို Star Network ပလက်ဖောင်းမှ ကူးယူခြင်းဆိုသည့် ကိစ္စဖြစ်သည်။ လူအတော်များများက တစ်ကယ်မယုံကြသလို တစ်ချို့ကလည်း ငြင်းကြသေးသည်။


စစ်ရေးလေ့ကျင့်မှုအစတွင် လင်းယောင်ယောင် သည် နေ့လည်စာစားနေစဉ် ထမင်းဘူးတစ်ဘူးကို သူမ၏ အာကာသခလုတ်ထဲက ထုတ်ယူခဲ့ဖူးသည်။ ဟင်းပွဲတွေက သပ်သပ်ရပ်ရပ်နှင့် အနံ့ကလည်း မွှေးနေသဖြင့် လူတိုင်းက ဘယ်ဆိုင်က မှာထားတာလဲဟု ဆိုကာ အံ့သြနေကြသည်။သို့သော်လည်း လင်းယောင်ယောင် က သူမကိုယ်တိုင် ချက်ခဲ့တာဟု ပြောခဲ့သည်။


လူတိုင်းသိကြသည့်အတိုင်း သူမသည် မာနကြီးသော မိန်းမပျိုလေးဖြစ်ပြီး ဖက်စ်ရှင်ပစ္စည်းမျိုးစုံကိုသာ ၀ယ်လိုသူဖြစ်သည်။


ဒီလို သပ်သပ်ရပ်ရပ် အစားအသောက်ကို သူမ ဘယ်လို လုပ်နိုင်မှာလဲ...


လင်းယောင်ယောင် သည် အခြားသူများထံမှ နည်းနာများကို ခိုးယူတတ်ကြောင်းကို သက်သေပြရန်အတွက် မနာလိုသူများသည် ဤအဖြစ်အပျက်ကို အသုံးပြုရန် ကြိုးစားခဲ့ကြသည်။ သူမသည် "ပီကင်းဘဲကင်" ကို ပရိသတ်ရှေ့မှ ဖန်တီးခဲ့မည်ဆိုရင်တောင် ဟင်းချက်နည်းကို ခိုးယူခဲ့ခြင်းဖြစ်နိုင်၏။


Star Network မှ နာမည်ကြီး တရုတ် အရသာရှိသော အစားအစာ လက်ထောက် "Eleven" သည် ပီကင်းဘဲကင်ကို ပြုလုပ်ရုံသာမကဘဲ၊ သူမအရင်က ချက်ပြုတ်ထားသည့် ဟင်းပွဲတွေကလည်း ရှုပ်ထွေးပြီး ခေတ်နောက်ပြန်ဆွဲကာ အတော်လေးဆန်းသစ် ထူးခြားသည်။သူမ လုပ်ထားသည့် ပီကင်းဘဲကင်က ပိုထိရောက် နူးညံ့ပြီး အရသာလည်းရှိနေလေသည်။


လင်းယောင်ယောင် ဆီကနေ ဘယ်လို ကူးနိုင်မှာလဲ...


လူတော်တော်များများက လင်းယောင်ယောင် ကို လက်တွေ့မှာ သိကြပြီး ဖြည့်စွက် အစားအသောက် ဖြည့်စွက်ကုထုံးဌာန၊ ဖြည့်စွက်ဆေးဝါး ကုထုံးဌာနနှင့် စစ်သင်တန်းကျောင်းမှာ အရင်က သူမနှင့်အတူ လေ့ကျင့်သင်ကြားဖူးသော ဖြည့်စွက်ဂီတ ကုထုံးဌာနက လူတော်တော်များများသည် သူမအတွက် ပြောပေးနေကြသည်။ တစ်ကယ်တမ်းတွင်၊ သူမသည် လူတွေနှင့် သိပ်မရင်းနှီးဘဲ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က အောက်ခြေမှာ ရှိနေသော်လည်း လင်းရွှမ်၏ ပုံမှန်မဟုတ်သည့် တင်းကျပ်သော လေ့ကျင့်မှု လိုအပ်ချက်တွေက ပြီးမြောက်အောင် တွန်းအားပေးခဲ့သည်။ ဤသည်မှာ သူမ၏ နုနယ်ပျော့ပျောင်းသောအသွင်အပြင်၊ မောက်မာပြီး ကြီးစိုးသည်ဟု ထင်ရသည့် စရိုက်တို့နှင့် လိုက်လျောညီထွေမှု မရှိဖြစ်နေလေသည်။


'သူမလို အရမ်းထက်မြက်တဲ့ မိန်းမတစ်ယောက်က သူများရဲ့ဟင်းချက်နည်းကို ခိုးယူတဲ့သူဘယ်လိုဖြစ်နိုင်မှာလဲ....'


ပီကင်းဘဲကင်ကို ပထမဆုံးလုပ်သူမှာ လင်းယောင်ယောင် ဖြစ်သည် ။ ဖိုရမ်ကို “Eleven” ဘက်မှ ကာကွယ်သူ တစ်ဝက်ရှိပြီး ကျန်ထက်ဝက်က လင်းယောင်ယောင် ကို ထောက်ခံကြသည်။ဤကိစ္စသည် အရှုပ်အထွေးကြီးတစ်ခု ဖြစ်နေသည်။


လင်းယောင်ယောင် ကို Eleven ဟု ဘယ်သူကမှ မရိပ်မရခြင်း၏ အကြောင်းပြချက်မှာ သိပ်ရိုးရှင်းလှသည်။ နွေရာသီအားလပ်ရက်အစကတည်းက၊ အမျိုးမျိုးသော virtual ဖြည့်စွက်အစားအသောက်များကို "Eleven" ၏ Star Network ဆိုင်ပလက်ဖောင်းတွင် အခါအားလျော်စွာ အပ်ဒိတ်လုပ်တတ်သည်။ စျေးနှုန်းက များသလို ထုတ်ကုန်တွေကလည်း အမြဲတမ်း အသစ်ဖြစ်နေတတ်သည်။ထို့ကြောင့်၊ သူမသည် Star Networkတွင် အချိန်အများစု ကုန်ဆုံးတတ်သော သူတစ်ယောက်ဖြစ်သည်။ လူတိုင်း Star Network တွင် "Eleven" ၏ အင်တာနက်ကိုယ်စားပြုရုပ်ပုံ(avatar)အား ကြည့်ရှုနိုင်သည်။ ထိုမျက်နှာသည် အလွန်တွေ့ရတတ်သော စနစ်မှ သတ်မှတ်ထားသည့် မျက်နှာဖြစ်သည်။


လင်းယောင်ယောင် ၏ ယခင် Star Network အကောင့်ကို သိရှိသူ အများအပြားသည် သူမ၏ပရိုဖိုင်ပုံမှာ အတော်လေး လှပပြီးစွဲမက်ဖွယ်ကောင်းကြောင်း သိကြလေသည်။ Star Network သည် virtual အကောင့်အသစ်တစ်ခုအတွက် ပြန်လည်လျှောက်ထားခွင့်ပြုသော်လည်း၊ အရေးကြီးသော အကြောင်းပြချက်ကြောင့်သာ မဟုတ်ပါက သုံးစွဲသူများက ပြန်ပြောင်းဖို့ ကြိုးစားကြမှာမဟုတ်ပေ။နှစ်ပေါင်းများစွာ သုံးခဲ့သည့် သူတို့၏ ကိုယ်ပိုင်အကောင့်ကို ဘယ်သူကမှ မပိတ်ပစ်ချင်ကြပေ။


တိုတိုပြောရလျှင် လင်းယောင်ယောင် ကို သိသူတွေက သူမသည် Star Network မှာ ဖြည့်စွက်အစားအသောက်များကိုတစ်နေကုန် ပြင်ဆင်ပြီး ရောင်းချနေကာ ခံစားချက်အပြည့်နှင့် ဆိုင်ငယ်လေးကို ဖွင့်လှစ်နိုင်သော Eleven ဟု မထင်ကြပေ။


Star Network ရှိ "Eleven" သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည်။ ထို့အပြင် Elevenသည် စီးပွားရေးအခြေအနေ ခက်ခဲပုံရသည်၊သူမ ရောင်းချနေသော အစားအသောက်များ၏ ဈေးနှုန်းများက အတော်လေး များလွန်းနေသည်။ အကျင့်မကောင်းသည့် လူချမ်းသာ သူဌေးသမီးမလေး လင်းယောင်ယောင် နှင့်လုံးဝမတူပေ။


လင်းယောင်ယောင် သည် တိတ်တဆိတ် နေချင်သူ ဖြစ်၍ သီးသန့်အကောင့်ဖြစ်သည့် "Eleven" ကို ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ မူလပိုင်ရှင်နှစ်သက်သော ပင်မအကောင့်ကို အမှတ်တရအနေနှင့်သဘောထား၍ လုံးဝ ဖျက်မပစ်ခဲ့တာဖြစ်သည်။ ဒုတိယအကောင့်က ယခုလိုအောင်မြင်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခြင်းလည်းဖြစ်သည်။ထို့ကြောင့်၊ဘယ်သူကမှ သူမကို မရိပ်မိနိုင်ကြချေ။


ရှန်းရွှယ် က စိုးရိမ်တကြီးနှင့်


" ယောင်ယောင်၊ ကျေးဇူးပြုပြီး တစ်ခုခုပြောပါလား...'Eleven' က နင့်ဆီကနေ ပီကင်းဘဲကင်နည်းကို တစ်ကယ် ခိုးချထားတာလား"


Star Network တွင် လင်းယောင်ယောင် သည် "ကျောင်းသားသစ်ဖလား" ဖြည့်စွက်ကုထုံးပြိုင်ပွဲအတွက် "Eleven" အဖြစ် စာရင်းသွင်းခဲ့သည်။ သိပ်မကြာခင်မှာပင် ထိုအကောင့်သည် သူမပိုင်ကြောင်း လူတိုင်းသိသွားကြပေလိမ့်မည်။ ထို့ကြောင့် သူမ ယခုနေ ပြောလိုက်လျှင်လည်း ဘာမှမထူး၍ အမှန်အတိုင်း ပြောပြလိုက်သည်။


"ငါက Eleven ပါ"


သူမ၏ လေသံမှာ အထူးတည်ငြိမ်လျက်ရှိသည်။ စာသင်ခန်းကြီးသည် ချက်ချင်း တိတ်ဆိတ်သွားပြီး အားလုံးက အံဩဟန်များနှင့်...

"ဘယ်လိုဖြစ်နိုင်မှာလဲ"


"ဒါ အမှန်မဖြစ်နိုင်ဘူး"


"ငါ နားကြားများမှားနေသလား"

လက်တွေ့ဘဝတွင် လင်းယောင်ယောင် ပြုလုပ်သော အစားအစာကို စားဖူးသူ ကျန်းရို့ သာလျှင် ယုံကြည်ခဲ့သည်။


"နာမည်ကြီး ရှေးတရုတ် အစားအသောက် လက်ထောက် ကုထုံးပညာရှင် "Eleven" က နင်လား...မိုက်လိုက်တာ"


စာသင်ခန်းဝင်ပေါက်တွင် ချောမောပြီးအရပ်ရှည်သော လူငယ်တစ်ဦး ငြိမ်သက်စွာ ရပ်နေသည်။ သူ့မျက်နှာပေါ်တွင် ချစ်ဖွယ်ကောင်းသော အပြုံးတစ်ခုဖြင့် အဝေးမှ လူအုပ်ကြီးဝိုင်းရံနေသော လင်းယောင်ယောင် ကို နှုတ်ဆက်လိုက်သည်။


"အာ...Eleven... ကိုယ် မင်းကို တစ်ကယ်တွေ့ပြီပဲ"


လင်းယောင်ယောင် မော့ကြည့်လိုက်ရာ ရှောင်ချီမှန်း သိသွားသည်။ ရှောင်ချီ ၏ စကားများသည် သူမက အမှန်တစ်ကယ် Eleven ဖြစ်ကြောင်း သေချာသွားစေသည်။


Eleven နှင့် လင်းယောင်ယောင်က မတူဘူးလို့ ဘယ်သူက ပြောနိုင်ဦးမှာလဲ...နာမည်ချင်းက ဒီလောက်တူနေတာကို...

Eleven(011)... ဆိုသည်မှာ လင်းယောင်ယောင်ဆိုသည့် အမည်၏ သံတူကြောင်းကွဲ ကိုယ်စားပြုထားသည့် နံပါတ်ဖြစ်သည်။ အစားအသောက်များ ဈေးကြီးရခြင်းမှာလည်း လင်းယောင်ယောင် ၏ ထုံ ဝိသေသလက္ခဏာကြောင့်ဖြစ်သည်။


Star Network တွင် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းသည် အလွန်အောက်ကျို့သလို ဖြစ်နေရတာကြောင့် အခြားသူများလို လိုက်လုပ်ဖို့ရာ သူမအတွက် မဖြစ်နိုင်ပေ။


'ဒါဆို Star Network မှာလုပ်ထားတဲ့ ဘဲကင်က ပြပွဲမှာ လုပ်ထားတာထက် ဘာကြောင့် ပိုကောင်းတာလဲ... '


Star Network ရှိ ပတ်ဝန်းကျင်သည် ဖြည့်စွက်အစားအစာပြုလုပ်ရန် ပိုမိုသင့်လျော်ပြီး ပါဝင်ပစ္စည်းများကို စီမံဆောင်ရွက်ရန် စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကိုလည်း အသုံးပြု၍ရသောကြောင့် အချိန်ကိုလည်း စိတ်ကြိုက်ယူ၍ ရပေသည်။


"Eleven က လင်းယောင်ယောင်" ဆိုသည်ကို သိသွားပြီးနောက် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အရာအားလုံးဟာ ကျိုးကြောင်းဆီလျော်လာခဲ့သည်။


"အိုး တစ်ကယ်ကြီးလား"


" ငါက နင့်ရဲ့သစ္စာရှိဖောက်သည်လေ..."


"ယောင်ယောင်၊ မင်း လက်တွေ့မှာ မင်းရဲ့ အရည်အချင်းတွေကို ဘယ်တော့ပြမှာလဲ...ဒါဆို အဲဒီလူတွေက ဆဲဆိုပြီးမေးခွန်းထုတ်ဝံ့မှာမဟုတ်ဘူး"


လင်းယောင်ယောင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဆာနေသည့် ဗိုက်ကို နောက်တစ်ကြိမ်ကိုင်လိုက်၍ သူမဘေးနားက စိတ်လှုပ်ရှားနေသည့် အတန်းဖော်တွေကို ပြောလိုက်သည်။


"နေ့လည်စာ စားချိန်ရောက်ပြီ... အားလုံး အရင်သွားစားသင့်တယ်နော် နောက်မှ ပြောကြရအောင်"


သူမ၏ အေးစက်၍ လက်ရာမြောက်ပြီး လှပသော မျက်နှာထားနှင့် သူမ၏ လေသံမှာ နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း လူတိုင်းက သူမအား လေးစားမှုဖြင့် ကြည့်နေကြသည်။ ဉာဏ်ကြီးရှင် အစားအသောက်လက်ထောက် ကုထုံးပညာရှင်တစ်ယောက်အနေနှင့် ဒေါသနည်းနည်းကြီးတာက ပုံမှန်ဖြစ်၍ သူမကို ချစ်စရာကောင်းသည်ဟုသာ ထင်မြင်နေကြသည်။ ကျန်းရို့ သည် လင်းယောင်ယောင် အမှန်တကယ် ဗိုက်ဆာနေပြီဖြစ်ကြောင်း အလိုလို သိလိုက်သည်။


"အားလုံး လမ်းဖယ်ပေးကြပါဦး"


လင်းယောင်ယောင် နောက်ဆုံး စာသင်ခန်းထဲက ထွက်လာသောအခါ သူမ သတိမထားမိသော်လည်း ရှောင်ချီ က သူမနောက်ကို လိုက်လာနေသည်။ သူမသည် ရိုးရိုးခေါက်ဆွဲပြုတ်စားဖို့ အိပ်ဆောင်ကို ပြန်သွားရန် စီစဉ်နေခြင်းဖြစ်၍ ကျန်းရို့ ကလည်း အဆောင်ကို ပြန်သွားပြီး သူမဘာသာသူမ ချက်ပြုတ်ဖို့ စီစဉ်နေတာပင်။ ရှောင်ချီက သူမ ဘေးကို အတင်းအမြန်လိုက်လာပြီး ပြောလိုက်သည်။


"တစ်ကယ်လက်တွေ့ကျရင် မင်း ဖြည့်စွက်စာတွေ လုပ်တဲ့အခါ ငါ့ကို ပေးရမယ်လို့ ငါတို့ ပြောခဲ့တယ်မဟုတ်ဘူးလား...လွန်ခဲ့တဲ့ တစ်ပတ်က ပြပွဲမှာ မင်းဘဲကင်လုပ်ခဲ့တာလေ...ဒါပေမယ့် မင်း ကိုယ့်အတွက်တောင် မချန်ခဲ့ဘူးမလား"


"ငါ နင့်ကို ကောင်းကောင်းမသိဘူးလေ...နင့်ရုပ်ကိုလည်း မမှတ်မိတော့ဘူး...နောက်တစ်ခါ အခွင့်အရေးရတဲ့အထိ စောင့်ရအောင်လေ"


လင်းယောင်ယောင် သည် သာမန်အစာအကူ ကုထုံးပညာရှင်တစ်ဦးသာဖြစ်ပါက၊ သူ့အတွက် အရန်အစားအသောက်များအား ငွေသုံးပြီး သူစားချင်တိုင်းစားနိုင်သည်။ သို့ရာတွင်၊ "Eleven" က လင်းယောင်ယောင် ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ မိန်းကလေး၏ မျက်နှာသွင်ပြင်သည် ချစ်စရာကောင်းပြီး လှပနေကာ ရုပ်ရည်ကလည်း ပြေပြစ်ချောမောသည်။ သာမန်ရုပ်ရည်သာရှိပြီး၊ စီးပွားရေးအခြေအနေညံ့ဖျင်းသည့် သနားစရာကောင်းသော မိန်းကလေး တစ်ယောာက်နှင့် မတူပေ။သူမ၏ ရုပ်ရည်အပြင် နောက်ခံအိမ်ကလည်း အတော်လေး အားကြီးသူများဖြစ်သည်။ သူမသည် စစ်တပ်မိသားစု၏ အကြီးအကဲဖြစ်သူ လင်းမိသားစု၏ မွေးစားသမီးဖြစ်သည်။


သူမ၏ အဘိုးကစစ်ဗိုလ်ချုပ်ကြီး၊ သူမ အဖေက ရေတပ်ဗိုလ်ချုပ်ကြီး၊ သူမ၏ အမေက ချမ်းသာသည့် မိန်းမတစ်ဦး၊ သူမ၏ အစ်ကိုကြီးကလည်း အရှုံးမရှိစစ်နတ်ဘုရား ဖ်ြစနေလေသည်။ထို နာမည်များနှင့်ပင် သူမသည် ဒီ တော်ဝင်မြို့တော်ကြီးတစ်ခုလုံးကို စိတ်ကြိုက်လျှောက်သွားနိုင်ပေသည်။


အရင်တုန်းက လင်းယောင်ယောင်သည် ရှောင်မင် ကို သဘောကျခဲ့သော်လည်း ရှောင်မင် က သူမကို မကြိုက်ခဲ့ပေ။ သို့သော် သူသည် သူမကို မျက်နှာမပျက်စေအောင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေရဆဲပင်။ ရှောင်ကျန်း သည် လင်းယောင်ယောင် ကို သုံးနှစ်ကြာ ချစ်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှုကနေ ပြန်လာပြီးနောက်၊ကောက်ရိတ်သိမ်းပွဲတော်အားလပ်ရက်မှာ ရှောင်ကျန်းသည် သူမကို ဖွင့်မပြောနိုင်ခဲ့၍ စိတ်ဓာတ်ကျနေခဲ့သည်ဟု ဆိုကြသည်။


လင်းယောင်ယောင် သည် အရှင်သခင် အင်ပါယာတွင် သြဇာအရှိဆုံး ညီအစ်ကိုနှစ်ယောက်အား စိတ်ကြိုက်ခြယ်လှယ်ထားသူပင်။ သူ့ crush လုပ်ထားသည့် ဖြည့်စွင်အစားအသောက်များကို မကောင်းသည့်ကောမန့်များသွားရေးသူ ရှောင်ကျန်းသည် ယခုဆို ငိုတောင်ငိုနေပေတော့မည်။


အရင်က ကောလဟာလများအရ၊ Star Network မှာ ရှောင်ချီ သည် ယောင်ယောင် အကြောင်းကိုတစ်စွန်းတစ်စ ကြားပြီး သိပ်ပြီး အထင်မကြီးခဲ့ပေ။သူမက ရှောင်ကျန်း နှင့်မထိုက်တန်ဘူးဟုတောင် သူထင်ခဲ့ဖူးသည်။ သူမသည် အသိဉာဏ်ကင်းမဲ့ပြီး မာနကြီးသော အမျိုးသမီးတစ်ဦးသာဖြစ်သည်။သို့သော်လည်း၊ Eleven က ထိုသို့မိန်းကလေးမျိုး မဟုတ်မှန်း သူသိသည်။ သူမသည် အေးဆေးတည်ငြိမ်သူ၊ လျစ်လျူရှုသူ၊ အဆိပ်ပြင်းသူ၊ ထက်မြက်ပြီး အလွန်ဉာဏ်ကောင်းသူဖြစ်သည်။


ယခုအချိန်တွင် လင်းယောင်ယောင် ၏ ပြင်ပပုံရိပ်သည် စွဲမက်ဖွယ်ကောင်းပြီး မာနကြီးသော်လည်း စိတ်ထားလေးက အထူးကောင်းမွန်နေလေသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ သူမသည် လူအများအား စူးစမ်းလိုစိတ်နှင့် အနိုင်ယူလိုစိတ်တို့ကို ဖြစ်ပေါ်စေသူမျိုး ဖြစ်သည်။ ထို့အပြင်၊ ရိုင်းစိုင်းသူများကိုပင်လျှင် နူးညံ့သိမ်မွေ့သော သိုးလေးတစ်ကောင်အဖြစ် ယဉ်ပါးစေသည့် အစွမ်းရှိသူပင်။ ရှောင်ချီ က စိတ်ဝင်တစား မေးလိုက်သည်။


"မင်း ဝေ့ယွမ်နဲ့ တွဲနေတယ်လို့ ကိုယ်ကြားတယ်"


လင်းယောင်ယောင် မဖြေခင်မှာ သူက သနားကမား လေသံနှင့်..


"ကျွတ်...မင်းက အပြင်မှာ အရမ်းလှတယ်ဆိုတာ ကိုယ်သိခဲ့ရင် ကိုယ် အရင်စလိုက်ပါတယ်... ဒါဆို ဝေ့ယွမ် က မင်းအနားကိုကပ်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး"


"ငါက ဘယ်သူလဲ ဆိုတာ နင့်ကို သတင်းပို့ရမှာလား..ပြီးတော့ အပြင်မှာတွေ့ရင် ငါ့ကို မချစ်ဖို့ ပြောခဲ့ဖူးတယ်မလား"


ရှောင်ချီ သည် မြင်မြင်ချင်းပင် လင်းယောင်ယောင် ကို အမှန်တစ်ကယ် မချစ်ခဲ့ပေ။ ပြင်းထန်သော ဆွဲအားတစ်ခုခုကြောင့် သူသည် သူမကို အနည်းငယ် စိတ်ဝင်စားလာခဲ့ခြင်းသာ ဖြစ်သည်။ သူမ၏ ဟင်းချက်ကောင်းနေမှုသည်လည်း လူအများကို အာရုံစူးစိုက်လာစေသည်။ သူမလုပ်ထားသည့် ဖြည့်စွက်စာများသည် သူ၏ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းအခြေအနေတွေအတွက် အထူးထိရောက်မှန်းကို ပြောစရာမလိုပေ။ ထို့အပြင် လင်းမိသားစုနှင့် ဝေ့မိသားစုတို့ အောင်မြင်စွာလက်ထပ်ခဲ့မည်ဆိုလျှင် အားကောင်းလွန်းသဖြင့် တော်ဝင်မိသားစုအတွက် ကောင်းကျိုးဖြစ်လာမှာ မဟုတ်ပေ။ ရှောင်ချီ က ပြုံးပြီးပြောလိုက်သည်။


"အစကပြောခဲ့တာတွေကို ရုပ်သိမ်းလို့ရမလား... မင်းကိုယ့်ကို တစ်နေ့နေ့မှာ ချစ်မိသွားတယ်ဆိုရင် ကိုယ့်ဘဝအတွက် အကြီးမားဆုံး ဂုဏ်ယူစရာကြီးပဲ...ကိုယ် ဝေ့ယွမ်ကိုမနာလိုတော့ဘူးကွာ..."


ထိုအချိန်တွင် ဝေ့ယွမ်သည် သူမအနားကို လျှောက်လာသည်။ဝေ့ယွမ် နှင့်ရှောင်ချီ တို့သည် တစ်ခါ၊နှစ်ခါ ဆုံဖူးသူများဖြစ်၏။ဝေ့ယွမ်သည် ရှောင်ချီ အား ခေါင်းညိတ်ပြပြီးနောက် လင်းယောင်ယောင်ကို နူးညံ့သိမ်မွေ့သော ကျေနပ်မှုအပြုံးဖြင့် မေးလိုက်သည်။


"ယောင်ယောင်၊ ကြယ်ငါးပွင့် စားသောက်ဆိုင်ကနေ ဟင်းတွေ ကိုယ်မှာထားတယ်...ချောင်လေးနဲ့ ယဲ့ရှီးတို့လည်း စောင့်နေကြပြီ... အတူတူစားရအောင်လား"


ရှင်းရှင်းလင်းလင်းပြောရလျှင် ဆက်သွယ်ရေးစက်ကိုသုံးပြီး သူပြောနိုင်သော်လည်း ဝေ့ယွမ် က လူကိုယ်တိုင်ရောက်လာပြီး ဖိတ်နေခြင်းက အတော်လေး စေတနာထားမှန်း သိသာနေသည်။


ကျောင်းက ဖိုရမ်အဖြစ်အပျက်ကြောင့် "Eleven" သည် လင်းယောင်ယောင် ၏ဒုတိယအကောင့်ဖြစ်ကြောင်း ဝေ့ယွမ် မသိခဲ့ပေ။ လင်းယောင်ယောင် သည် ဘာမှပြန်မပြောနိုင်သေးခင် သူမစိတ်ထဲမှာ မရေရာသော ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သည်။


အစ်ကိုက သူကို သဝန်တိုနေတာလား...




xxxxx


Ei Thet Hmue