အခန်း ၅၁
Viewers 8k

Chapter 51

(မက်ခါတိုက်ပွဲ)


မက်ခါမောင်းနှင်ခြင်းသည် အပြည့်အဝအာရုံစိုက်မှု လိုအပ်သည်။ စစ်မြေပြင်တွင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားလျှင်တောင် အန္တရာယ်ဖြစ်စေနိုင်သည်။ မက်ခါ တိုက်ခိုက်ရေးသမားများအတွက်၊ မောင်းနှင်ခန်းရှိ မောင်းသူဘေးက အကူမောင်းနှင်သူ ထိုင်ခုံသည် တစ်ကယ့်ဇနီးမယားများအတွက်သာဖြစ်သည်။


Star Network တွင် အသက်အန္တရာယ်လည်းမရှိသလို၊ သေစေနိုင်မည့် ခြိမ်းခြောက်မှုများ မရှိသောကြောင့် စိတ်အေးအေးထား၍ ရသေးသည်။ မောင်းနှင်သူများသည် သူတို့၏ တွဲဖက်မောင်းနှင်သူနေရာတွင် အရန်အကူကုထုံးပညာရှင်ကို ခေါ်ကာ အနှောင့်အယှက် အတားအဆီးများအား အတူတူရင်ဆိုင် ယှဉ်ပြိုင်တတ်ကြသည်။ ဤနည်းအားဖြင့်၊သူတို့၏ မက်ခါ တိုက်ပွဲအဆင့်ကို ပြိုင်ဖက်အား အင်အားပြနိုင်မည်ဖြစ်သည်။


သို့သော် လင်းရွှမ် ၏ တွဲဖက်မောင်းနှင်သူနေရာမှာ လက်တွေ့ဘဝတွင်ဖြစ်စေ၊ Star Network တွင်ဖြစ်စေ ယခင်က ဘယ်သူမှ ထိုင်ဖူးခြင်းမရှိပေ။ယခု လင်းယောင်ယောင် ကသာ ပထမဆုံး ထိုင်သူ ဖြစ်လာတော့မည်။ထို့ကြောင့် သူ့မျက်လုံးများသည် တလက်လက်တောက်ပသွားပြီး...


"မင်း လိုချင်ရင် ဘာမဆို ရပါတယ်"


သူ့စိတ်ထဲမှာတော့...


'မင်း ကိုယ့်ရဲ့ မက်ခါထဲမှာ ထိုင်နေမယ်ဆိုတော့ မင်းက ကိုယ့် မိန်းမဖြစ်လာမှာပဲ'

ဤကိစ္စကို ဘာမှမသိရှာသည့် လင်းယောင်ယောင်သည် အလွန်ပင် ဝမ်းသာနေရှာ၏။


"တစ်ကယ်လား… ကောင်းတယ်...ဒါဆို ညီမလေးကို မက်ခါတိုက်ပွဲထဲခေါ်သွားပေး"


လင်းရွှမ်: "..."


'ဒီမိန်းကလေးက ဘယ်လို ထူးဆန်းတဲ့ ဝါသနာပါလိမ့်...ကြယ်တွေကို မကြည့်ချင်ဘဲ ရန်ဖြစ်တာ၊သတ်ရတာကို ကြိုက်ရတယ်လို့'


သို့သော်လည်း လင်းရွှမ် သဘောတူခဲ့သည်။သူမ စိတ်ဝင်စားလျှင် သူ့အတွက် အဆင်ပြေပေသည်။ ထို့အပြင် သူမ၏ စိတ်စွမ်းအားတင်းမာမှုစက်ဝန်းသည် စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်း (mental tentacle)သည် လုံးဝန်းပြီး ထက်မြက်မှုရှိသည်။ ကလေးမလေးသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိသည့်အပြင် လက်တွေ့ဘဝတွင်လည်း B-အတန်းစားမက်ခါကိုသာ မောင်းနှင်နိုင်သည်။ သို့သော်၊ Star Network မှာမူ၊တိုက်ပွဲများ တိုက်ဖို့ စိတ်စွမ်းအားကို သက်သက်အားကိုး၍ရသည်။ ပညာရှိများ၏ သီအိုရီအရ၊ သူမသည် SS-အတန်းစားမက်ခါကိုပင် မောင်းနှင်နိုင်မည်ဖြစ်ည်။


လင်းယောင်ယောင် သည်လည်း သူမ၏ အရည်အချင်းကို တွေးတောနေပုံရပြီး တွေးဆဆဟန်ဖြင့်ပြောလိုက်သည်။


"အစ်ကိုကြီး...ညီမလေးကို မက်ခါမောင်းတတ်အောင် သင်ပေးနိုင်မလား… Starnet မှာ မက်ခါလေးတော့ မောင်းတတ်သင့်တယ်"


ကလေးမလေး၏ မျက်လုံးများသည် တောက်ပနေပြီး စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ခြင်းအပြည့်ရှိနေ၍ သူ ငြင်းဖို့ခက်သွားရသည်။ထို့အပြင် သူ မသင်ပေးလိုက်ပါက တစ်ခြားတစ်ယောက်ကိုရှာပြီး သင်ခိုင်းမှာလည်းစိုးရသေးသည်။ထို့ကြောင့်၊ သူ သင်ပေးတာက ပိုကောင်းပေသည်။


လင်းရွှမ် ခေါင်းညိတ်လိုက်ပြီး


"...အင်း"


မက်ခါလင်းယွင်သည် အပြင်ဘက်တွင် အေးစက်ပြီး လူအများကို လွှမ်းမိုးနိုင်သည့် ဩဇာရှိသူဖြစ်ကာ အခန်းအတွင်းတွင် ဇိမ်ကျကျအလှဆင်ထားသော မက်ခါစက်ရုပ်ကြီးဖြစ်သည်။


လင်းယောင်ယောင် သည် ရှုပ်ထွေးသောဖွဲ့စည်းပုံကို လုံးဝနားမလည်သဖြင့် လင်းရွှမ် ၏ ညွှန်ကြားချက်များကိုသာ လိုက်နာဖို့လိုပြီး သူ့ဘေးက ထိုင်ခုံတွင် ဝင်ထိုင်ကာ လုံခြုံရေးခါးပတ်ကိုပတ်၍ အသာထိုင်နေလိုက်၏။သူမသည် ယခုမှ စ,ပြီးစီးနှင်းမှာဖြစ်၍ လင်းရွှမ် က သူမကို တွဲဖက်မောင်းနှင်ခွင့် လုံးဝမပေးပေ။ အာရုံလွင့်သွားလျှင် အန္တရာယ်များသောကြောင့်ဖြစ်သည်။သူမကို မောင်းနှင်ခွင့်ပေးလိုက်လျှင်လည်း အချည်းအနှီးဖြစ်ရမည်ဖြစ်သည်။


သူ၏ နံပါတ်တစ် SSS အဆင့် စိတ်စွမ်းအားကို အားကိုး၍ လင်းရွှမ် သည် Star Net မက်ခါ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ အရှုံးမရှိခဲ့ပေ။ သူရှုံးသွားမှာကို ဘယ်တုန်းကမှ မစိုးရိမ်ဖူးသော်လည်း ယခု ပထမဆုံးအကြိမ် စိတ်ပူနေရသည်။အကြောင်းမှာ မက်ခါကို မမောင်းရသည်မှာ ကြာပြီဖြစ်၍ မက်ခါပြိုင်ပွဲပလက်ဖောင်းပေါ်ရှိ သူ့အမှတ်များသည် မြင့်မားခြင်းမရှိပေ။ သို့သော် သူ့မှာ အနိုင်ရနှုန်း 99.999% ရှိသူဖြစ်၍ သူသည် ထိပ်တန်းကစားသမား 100 ကို တိုက်ရိုက်စိန်ခေါ်ရန် အရည်အချင်းပြည့်မီဆဲပင်။


လင်းရွှမ် သည် အဆင့်-၅ရှိသူ "ကမ္ဘာကျော်" ကို ကျပန်းရွေးချယ်ခဲ့ပြီး မကြာမီ ပြိုင်ဘက်ကလည်း တိုက်ခိုက်ရန်ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ ရှေ့ထိုင်ခုံတွင်ထိုင်နေသူ လင်းယောင်ယောင် သည် "ကမ္ဘာကျော်" ဟူသော နာမည်ပြောင်ကို တွေးကြည့်လိုက်သည်။


ဒါက မူလအမျိုးသားဇာတ်ဆောင် ရှောင်မင် ရဲ့ star Network ID မဟုတ်ပါလား...


"ကမ္ဘာကျော်" သည် အဆင့်ရပ်တည်မှုတွင် အဆင့်-၆နေရာတွင် ရှိသော်လည်း၊ ပထမ ၄ယောက်စလုံးက သူ့ထက် အသက်ကြီးသူများဖြစ်သည်။ ကျောင်းရှိ ကျောင်းသားများထဲတွင် သူသည် အရှင်သခင် အင်ပါယာရှိ အတော်ဆုံး မက်ခါကစားသမားတစ်ယောက်ဟု သတ်မှတ်ခံရပြီးဖြစ်သည်။သို့ရာတွင် လက်တွေ့မှာပင်လျှင် သူ့အဆင့်က နိမ့်နေသေးသည်။


သူမ စိတ်လှုပ်ရှားသွားပြီး လင်းရွှမ် ကိုပြောလိုက်သည်။


"ညီမလေးတို့ ဒီဂိမ်းကို အနိုင်ရမှ ဖြစ်မယ်"


လင်းရွှမ် ၏ ခွန်အားဖြင့် ရှောင်မင် ကို အနိုင်ရခြင်းသည် ဂုဏ်ယူစရာကိစ္စမဟုတ်သော်လည်း သူမ သူ့ကို အရှုံးမပေးသင့်ပေ။ သူမသည် မူရင်းဝတ္ထုကိုဖတ်နေချိန်ကလည်း အမျိုးသားဇာတ်ဆောင် ရှောင်မင် ကို ကြည့်မရခဲ့ပေ။ သူသည် ပလ္လင်ကိုရယူနိုင်ရန်အတွက် လှည့်ကွက်မျိုးစုံဖြင့် ကစားခဲ့သူဖြစ်ပြီး မူရင်းဝတ္ထုတွင် လင်းမိသားစုကိုလည်း အဓိကအနေဖြင့် ဒုက္ခရောက်အောင် လုပ်ခဲ့သူပင်။


ဤဘ၀တွင် လင်းယောင်ယောင်သည် သူမနှင့် မိသားစု၏ အေးချမ်းတည်ငြိမ်မှုကိုသာ ရှာဖွေခဲ့သည်။ ရှောင်မင် ရာဇပလ္လင်ပေါ် မထိုင်နိုင်အောင်လည်း သူမ ကြိူးစားမှာမဟုတ်ပေ။ ဆင်တစ်ကောင်လုံးကို လောဘတကြီး မျိုချပြီး ကိုယ်တိုင် ဒုက္ခလည်း မရောက်ချင်ပေ။သို့သော်လည်း၊ ရှောင်မင် စိတ်မချမ်းသာအောင် လုပ်ဖို့ အခွင့်သာခဲ့လျှင် သူမ ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ပေ။


တိုက်ပွဲဖြစ်ပွားမည့်နေရာတွင် မက်ခါ အချင်းချင်း မိတ်ဆက်လိုက်သောအခါ လင်းရွှမ်က သူမဘက်ကို ခေါင်းကိုလှည့်ကာပြောလိုက်သည်။


"ကိုယ် အနိုင်ရရင် ဆုတစ်ခုခု ပေးမှာလား"


လင်းယောင်ယောင် ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။


"Star Network မှာ ညစာ လုပ်ပေးရမလား"

လင်းရွှမ် က ခေါင်းခါသည်။


"မင်း ချက်တာကို စားရတာကြိုက်ပေမယ့် မင်းကို ပိုကြိုက်တယ်"


လင်းယောင်ယောင်: '. အဲဒါက ဘာကိုဆိုလိုတာလဲ'

"ကိုယ် ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိပါတယ်"

မကြာမီတွင် မက်ခါနှစ်မျိုး ကြားက တိုက်ပွဲမှာ စတင်ခဲ့‌ေလသည်။


မြင်ကွင်းသည် သူမ စိတ်ကူးထားသလောက် ကြည့်၍မကောင်းပေ။ လင်းရွှမ် သည် ရန်သူကို အေးဆေးရက်စက်စွာ အနိုင်တိုက်ရန် ရည်ရွယ်ထားသော်လည်း အတင်းအနိုင်လိုချင်နေသော ကလေးမလေးအား စနောက်ချင်စိတ်ပေါက်လာသဖြင့် တက်ကြွစွာ တိုက်ခိုက်မည့်အစား "ကမ္ဘာကျော်"၏ တိုက်ကွက်များကို ရှောင်တိမ်းနေကာ ပြန်လည်တိုက်ခိုက်ခြင်းမရှိပေ။


လင်းယောင်ယောင် သည် ကြားထဲကနေပြီး အားမလိုအားမရဖြစ်လာကာ ကြံရ မရသည့်အဆုံး သူ့ကိုပြောချလိုက်သည်။


"အစ်ကိုကြီး သူ့ကိုနိုင်ရင် ညီမလေး နမ်းမယ်..."


လင်းရွှမ် ရုတ်တရက် ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်သည်။ထူးထူးခြားခြား သူ့မျက်လုံးတွေက တလက်လက်တောက်ပနေလေသည်။


လင်းယောင်ယောင် သည် လင်းရွှမ် ၏ စူးစူးရဲရဲ အကြည့်ကိုရင်ဆိုင်ပြီး စကားကို ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ လင်းရွှမ် ၏နှုတ်ခမ်းများမှာ တစ်ချက်လှုပ်ခတ်သွားကာ သူ့တစ်ကိုယ်လုံး၏ အရှိန်အဟုန်သည် ယခုချက်ချင်း ရက်စက်ကြမ်းကြုတ်သော ထက်မြက်မှုဆီသို့ ချက်ချင်းပြောင်းသွားသည်။သူ့ကြည့်ရသည်မှာ အပြင်းဆုံးအရှိန်ဖြင့် ထွက်သွားတော့မည့် ဓားပျံတစ်လက်နှင့်တူနေပေသည်။

လင်းရွှမ် အာရုံပြောင်းသွားမှုကြောင့် လင်းယွင် သည် "ကမ္ဘာကျော်" မက်ခါ၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ပျက်စီးမှုက 30% တိုးလာသည်။ "ကမ္ဘာကျော်" သည် လူသိများသော မက်ခါသခင်တစ်ဦး ဖြစ်သောကြောင့်၊ သူ တိုက်ရိုက်ပြသသည့်အချိန်တိုင်း၊ ကြည့်ရှုသူနှင့် ပရိသတ်အများအပြားသည် ပိုက်ဆံပေး၍ ကြည့်ကြရသည်။ အနိုင်ရသောဘက်သည် ဝင်ငွေ၏ 80% ၊ 10% သည် အရှုံးဘက်သို့ ရရှိပြီး ကျန် 10% သည် မက်ခါပြိုင်ပွဲပလက်ဖောင်းသို့သွားမည်ဖြစ်သည်။


ပရိသတ်များမှာလည်း စိတ်ဝင်တစားဖြင့် ကြည့်ကာ အော်ဟစ်လိုက်ကြသည်။


"ဟေး...ငါတို့ကောင် ထပ်အနိုင်ရတော့မယ်... 'ရွှမ်' ဆိုတဲ့ကောင်က 99.999% အနိုင်ရနှုန်းတောင်ရှိတာဆိုတော့ တော်ရုံလူဆို သူ့ကိုနိုင်မှာမဟုတ်ဘူး...ငါတို့ကောင်က နိုင်မှာပါ"


"ဒီကောင့်ကို အနိုင်ရရင် "ကမ္ဘာကျော်" ရဲ့အဆင့်က အဆင့်-၄အထိ တိုးလာမှာပဲ"


"ကမ္ဘာကျော်" ရဲ့ ပြိုင်ဘက်က အခုတစ်ခေါက်ကသိပ်ပြီး မထူးခြားပေမယ့် ငါကတော့ ဒီliveကို ဆက်ကြည့်ချင်နေတာပဲ"

"ရွှမ်" ကို ဘယ်သူမှ အကောင်းမြင်စိတ်မရှိကြသော်လည်း ခြင်္သေ့ဆိုသည်မှာ ဘယ်သူ့ကိုမှ ဂရုစိုက်တတ်သူမဟုတ်ချေ။


"ဝဲဂယက်တိုက်ကွက်" သို့မဟုတ် "သုံးဆင့်တိုက်ကွက်" ဆိုသည်တိုက်ကွက်များကို လင်းယောင်ယောင် မသိပေ။အာရုံစူးစိုက်နေသည့် လင်းရွှမ် မျက်နှာက အတော်လေး ချောမှန်းကိုတော့ သူမ သိသည်။


အဆက်မပြတ် ပြင်းထန်သော တိုက်ကွက်သည် အလွန်မိုက်လှသောကြောင့် "ကမ္ဘာကျော်" တစ်ယောက် ရိုးရိုးရှင်းရှင်း ရှောင်လို့မရနိုင်ပေ။ပွဲစစချင်း အခြေအနေတို့သည် စက္ကန့်သုံးဆယ်အတွင်း ပြောင်းပြန် ဖြစ်သွားခဲ့၏။ အရင်က ရွှမ် သည် အမျိုးမျိုးသော ရှောင်တိမ်းမှုတွေသာ လုပ်ခဲ့ပြီး 30% အထိတောင် ပျက်စီးသွားခဲ့သည်။ သို့သော် ရုတ်တရက်၊ တန်ပြန်တိုက်ခိုက်မှုလှိုင်းတစ်ခုက တစ်ဖက်ကို 90% ပျက်စီးသွားသည်အထိ "ကမ္ဘာကျော်" ကို ရိုက်ခတ်သွားစေခဲ့သည်။ ထို့ကြောင့် စနစ်ဒိုင်၏ စက်သံဖြင့် မက်ခါတိုက်ပွဲ မြင်ကွင်းက ပြီးဆုံးသွားခဲ့သည်။


"ဒီဂိမ်းက 5 မိနစ်နဲ့ 30 စက္ကန့်ကြာပြီး အနိုင်ရသူကတော့ "ရွှမ်" ဖြစ်ပါတယ်... "ရွှမ်" မက်ခါက သူ့ရဲ့ တွဲဖက်မောင်းနှင်သူအဖြစ် လက်ထောက်ကုထုံးပညာရှင်တစ်ဦးကို ခေါ်လာတဲ့အတွက် ဒီဂိမ်းမှာ ရမှတ်တွေက နှစ်ဆတိုးလာတာဖြစ်ပါတယ်... ဂုဏ်ယူပါတယ်..."


ပရိသတ်အားလုံး အံသြသွားကြသည်။ "ရွှမ်" ၏ လျင်မြန်လှပပြီး ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်တိုက်ကွက်များတွင် သူတို့ ပျော်ဝင်နေကြဆဲဖြစ်သည်။


'ဘာကောင်လဲကွာ...ဖာ့ခ်...ဒီလို မက်ခါ တိုက်ကွက်ကြီးကို သူ ဘယ်လိုများ သုံးလိုက်ရတာလဲ"


' အရမ်းရက်စက်တာပဲ'


ရွှမ်၏ စွမ်းဆောင်မှုက ပထမငါးမိနစ်အတွင်းမှာ ဘာမှမဟုတ်သေးသော်လည်း အရှောင်အတိမ်းကလည်း အတော်လေး အားကောင်းပေသည်။ 30% ပျက်စီးသွားခြင်းက သူ့အတွက် အဆိုးဘက်ကိုဦးတည်သွားခြင်းဖြစ်သော်လည်း နောက်ဆုံး စက္ကန့်သုံးဆယ်အတွင်း သူက အံ့မခန်းစွမ်းဆောင်နိုင်ခဲ့သည်။ မကြာမီ၊"ရွှမ်" ဟုခေါ်သောလူသည် လက်ထောက်ကုထုံးပညာရှင် တစ်ဦးကို တွဲဖက် မောင်းနှင်သူအဖြစ် အမှန်တကယ် ခေါ်လာကြောင်း စနစ်က အစီရင်ခံခဲ့သည်။


"ရွှမ်" က လက်ထောက်ကုထုံးပညာရှင် တွဲဖက် မောင်းနှင်သူကို ပထမငါးမိနစ်အတွင်း တိုက်ခိုင်းထားခဲ့တာများလား...


သူ၏ တွဲဖက်မောင်းနှင်သူကို "ကမ္ဘာကျော်" က အနိုင်ကျင့်ခဲ့သည်ကိုမြင်လျှင် ပွဲမပြီးမီ စက္ကန့် သုံးဆယ်ခန့်အလိုမှာ သူကိုယ်တိုင် ပြောင်းကိုင်ခြင်း ဖြစ်နိုင်သည်။ထို့ကြောင့်လည်း သူ့မှာ 99.999% အနိုင်ရနှုန်းရှိနေခြင်းဖြစ်ရမည်။


ကြယ်တာရာခေတ်တွင် သန်မာသူများကို လူအများက အထူးတလည် လေးစားကြသည်။ လင်းရွှမ် ၏ နောက်ဆုံးအကြိမ် တန်ပြန်တိုက်ခိုက်မှုကြောင့် လူများစွာသည် "ကမ္ဘာကျော်" ပရိသတ်များမှ "ရွှမ်" ၏ ပရိသတ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

လူများစွာသည် "ရွှမ်" သခင်၏ ယခင်သူရဲကောင်းမှတ်တမ်းကိုရှာဖွေရန် မက်ခါ တိုက်ပွဲပလက်ဖောင်း၏ ဖိုရမ်များသို့ သွားလိုက်ကြသည်။ "ကမ္ဘာကျော်" ကို အာရုံစိုက်ကြသူက ပရိတ်သတ် အနည်းငယ်သာ ရှိတော့သည်။


"ဟားဟားဟား..‌‌ နောက်ပွဲကျန်ပါသေးတယ်....စိတ်မပျက်ပါနဲ့"


"ကမ္ဘာကျော်ရေ... မငိုနဲ့…မင်း ပြန်ထပြီး ပြန်ကြိုးစားပါ"


"ကမ္ဘာကျော်က မတရားရှုံးတာမဟုတ်ဘူး... အမှန်တော့၊ ဒီခွန်အားကွာဟချက်က အားလုံးသိသာတယ်မလား...သူက အရမ်းအားကြီးနေတာလေ... မင်းက ငယ်သေးတယ်ဆိုတော့ များများလေ့ကျင့်ပေါ့"


တစ်ဖက်တွင် လင်းရွှမ် သည် အနိုင်ရပြီးနောက် တိုက်ပွဲမြင်ကွင်းမှ ဆုတ်ခွာရန် မစောင့်နိုင်တော့ပေ။သူ၏ ပြိုင်ဘက် "ကမ္ဘာကျော်" ပေးပို့သော စကားပြောခွင့် မက်ဆေ့ခ်ျကိုလည်း လျစ်လျူရှုလိုက်သည်။ သူငယ်ချင်းဖြစ်ခွင့် လာပို့သည့်မက်ဆေ့ခ်ျကိုတော့ သူ ဖတ်ကိုမဖတ်လိုက်မိချေ။


မက်ခါ လေ့ကျင့်ရေးခန်းကို ပြန်ရောက်သောအခါ လင်းရွှမ် ၏ စူးရှပြီး အေးစက်စက် အသက်ရှုသံက ရုတ်တရက် ရပ်သွားသည်။ သူ စိတ်လျှော့လိုက်ကာ လင်းယောင်ယောင်ကို နက်မှောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ မျှော်လင့်ချက်အငွေ့အသက်များက ထင်ရှားနေကြသည်။ လင်းယောင်ယောင် ၏ နှလုံးသားသည် တနည်းနည်းဖြင့် တဟုန်ထိုး အခုန်မြန်လာရသည်။ လင်းရွှမ် ဤမျှလောက် ချောမောနေသည်ကို သူမ တစ်ခါကလေးတောင် မတွေ့ခဲ့ဖူးပေ။သူက အတော်လေး မိုက်သူဖြစ်ပြီး သူ့ကိုမြင်သူများကိုလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေသည်။ မကြာမီ၊သူမသည် လင်းရွှမ် ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်ပြီး ပြောလိုက်သည်။


"ဒီတစ်ခေါက် နှာဘူးမကျနဲ့နော်..ငုံ့ပေးဦး"


လင်းရွှမ် : "...ဟမ်"


မိန်းကလေး၏ နူးညံ့သော ပွင့်ချပ်နှင့်တူသော နှုတ်ခမ်းများသည် နောက်ဆုံးတွင် သူ၏ အေးစက်ပြီး ချောမောသော မျက်နှာပေါ် ကျရောက်သွားသည်။ Star Network သည် အလွန်လက်တွေ့ကျသည်ဟု ခံစားခဲ့ရသော်လည်း လက်တွေ့ဘဝကဲ့သို့ အစစ်အမှန်မဟုတ်ပေ။ လင်းယောင်ယောင် ၏ လက်ရှိပုံရိပ်သည် Star Network ပုံသေစနစ် မျက်နှာစာ၏ avatar မျက်နှာသာဖြစ်ပြီး တစ်ကယ့်လူအစစ် မျက်နှာလည်း ဟုတ်မနေပေ။ မတွေ့ရတာတစ်ရက်လောက်ကြာပြီဖြစ်၍ သူမကို လွမ်းစပြုနေပြီ။ ကလေးမလေးကို သူ စိတ်မချနိုင်ဘဲ သူမ အလှကို လူများစွာက ရှာဖွေတွေ့ရှိသွားမှာကို သူကြောက်မိသည်။ လက်တွေ့ဘဝတွင် သူမသည် ထက်မြက်သူတစ်ယောက်ဖြစ်နေ၍ ပိုဆိုးသည်။


ယောက်ျားလေးဘယ်နှစ်ယောက်ကများ သူမကိုကြိုက်နေခဲ့ပြီလဲ...


Starnet တွင်၊ စနစ်ပုံသေမျက်နှာဖြင့် သတ်မှတ်ထား‌ေသာကြောင့် သူမအတွက် ပိုမိုလုံခြုံသည်။ လင်းရွှမ် သည် သူမ နမ်းသည့်နေရာကို လက်နှင့်ထိလိုက်ကာ မျက်လုံးကမရွေ့ဘဲ သူမကို စိုက်ကြည့်နေသေးသည်။ သူကျေနပ်သွားပြီး နည်းနည်းတော့ နောင်တရသွားသလိုဖြစ်သွား၏။


"မင်းကို နမ်းခွင့်ပေးရအောင်လို့ အိမ်ပြန်တဲ့အထိ မင်း စောင့်သင့်တာပေါ့"


လင်းယောင်ယောင် ရှက်သွားသည်။ သူ့ကို လိုလိုလားလား နမ်းလိုက်သည့်အခါ နှစ်ယောက်ကြားက အငွေ့အသက်မှာ တစ်ခုခုကြောင့် ‌‌ေနွးထွေးလာသလို သူမ ခံစားလိုက်ရသည်။ သို့သော် သူမသည် သူ့ကို ဖြည်းဖြည်းချင်း သဘောကျ နေမိသည်ကို လင်းရွှမ် မသိစေချင်သေးပေ။သူမ၏ ကိုယ်ပိုင်အတွေးကို ဆုံးဖြတ်ရန် အချိန်ပိုလိုအပ်သလို သူမသည် လင်းရွှမ်က သူမကို ချစ်နေသည့်အတွက် ဖြစ်တည်နေသည့် ခံစားချက်ကိုလည်း နှစ်သက်သည်။ သူမ လက်ပိုက်ကာ မျက်နှာထားတင်းတင်းနှင့်ပြောလိုက်သည်။


"ဒီအကြောင်းတွေ မပြောနဲ့တော့... မက်ခါမောင်းတတ်အောင် သင်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား"


လင်းရွှမ် သည် သူမခေါင်းကို ထိချင်ပုံနှင့် သူ့လက်ကို မြှောက်လိုက်သည်။ သို့ရာတွင်၊ သူမသဘောဆန္ဒမပါဘဲ မထိသင့်သောကြောင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။


"ဒီည နည်းနည်းနောက်ကျနေပြီ... စောစောအိပ်ချင်တယ်မလား... မနက်ဖြန်ည ၈ နာရီမှ စကြရအောင်"


သူမလည်း အချိန်လင့်နေမှန်း သဘောပေါက်သွားသည်။ ထို့ကြောင့်လင်းရွှမ် နှင့် goodnight ဟု အချင်းချင်းပြောပြီးနောက် Star Network မှ ထွက်လာခဲ့သည်။ အိပ်ငိုက်လာသဖြင့် သူမ ရေချိုးပြီးနောက် ကုတင်ပေါ်သို့ တက်လာခဲ့သည်။ယနေ့ည အိမ်မက်များကတော့ အတော်လေးလှပမည်ထင်သည်။


သို့သော်လည်း Star Network မှ လင်းရွှမ် သည် "ကမ္ဘာကျော်" ၏ အထောက်အထားကို စတင်စစ်ဆေးကြည့်ရာ တစ်ဖက်မက်ခါသည် SS အဆင့်ရှိသူဖြစ်ကြောင်း သိသွားရသည်။ ထို့ကြောင့် တစ်ဖက်လူ၏ အသေးစိတ်အချက်အလက်များကို မက်ခါ ပလက်ဖောင်းမှ ကာကွယ်ပေးထား၍ အခြေခံအကျဆုံး အချက်အလက်များကိုသာ ရှာတွေ့နိုင်ခဲ့သည်။ အသက်နှစ်ဆယ်ကျော်ခန့်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပြီး၊ သူသည် ဧကရာဇ်မြို့တော်တွင် နေထိုင်သည်။ ထို့အပြင်၊ ဧကရာဇ်အမှတ်အသားကို ကိုယ်စားပြုသည့် ရွှေသရဖူသင်္ကေတလည်း ရှိနေသည်။


သူ ဆက်စပ်ကြည့်လိုက်သောအခါ၊ဒုတိယမင်းသား ရှောင်မင် သာလျှင် လင်းယောင်ယောင်ကို အနိုင်ရချင်စိတ်ပေါက်သွားအောင် စွမ်းဆောင်နိုင်သူဖြစ်သည်။ သူ့အသက်အရွယ်ကလည်း ၂၀ ကျော်ချင်းတူနေသည်။မထင်မှတ်ပဲ၊ ဒုတိယမင်းသားသည် ယခုလိုမက်ခါ အစွမ်းသတ္တိတွေကို ဖုံးကွယ်ထားခဲ့သည်။ သူသည် တိုက်ခိုက်ရေး ကွပ်ကဲမှုစနစ်တွင် အဓိကကျွမ်းကျင်ပြီး ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်လည်း ရှိသည်။ သူသည် သူ၏ privacy အား ကာကွယ်ရန် Star Network တွင် ID "ကမ္ဘာကျော်" ကိုအသုံးပြုခဲ့သော်လည်း ယောင်ယောင် ကမူ ရှောင်မင်မှန်း အစကတည်းက သိထားပုံရသည်။


သူမ ဘယ်လိုသိတာလဲ....


အိပ်ရာမဝင်ခင် Weibo သို့မဟုတ် ကျောင်းဖိုရမ်ကို လင်းယောင်ယောင် ကသာ ကြည့်ရှုခဲ့မည်ဆိုလျှင်၊ Weibo မှာ တင်ခဲ့သည် "ခရမ်းချဉ်သီး ကြက်ဥမွှေကြော်" ၏ သင်ကြားမှု ဗီဒီယိုမှာ ကျောင်း၏ အကျော်ကြားဆုံး ပြဿနာဖြစ်လာသည်ကို သိနိုင်မည်ဖြစ်သည်။ သို့သော်လည်း သူမသည် "Eleven" မဟုတ်ဟု မူလက သံသယရှိခဲ့သူများ သိပ်မရှိကြတော့ပေ။ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်လုပ်တာက မခက်သော်လည်း သူမကိုယ်သူမ ဟင်းချက်နည်းနှင့် တိုက်ရိုက်သက်သေပြချင်မိ၍ ဖြစ်သည်။


ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကို တည်းဖြတ်လိုက်သောအခါ ဆယ်မိနစ်သာ ကျန်တော့ပေသည်။ထို့နောက် ခရမ်းချဉ်သီးကြက်ဥမွှေကြော် သုံးမျိုးကို အတူတူပေါင်းထည့်ထားလိုက်၏။


ပထမဆုံးနည်းလမ်းတစ်ခုသည် အဓိကအကျဆုံးဖြစ်သည်။ ခရမ်းချဉ်သီးများကို ဆေးကြောပြီးနောက် အပေါ်ပိုင်းအညှာကို ကြက်ခြေခတ်ပုံ ထုတ်လိုက်ပါ။ပြီးလျှင် ပွက်ပွက်ဆူနေသောရေဖြင့် ပြုတ်ကာ အခွံခွာပြီး အစေ့များကိုဖယ်၍ အပိုင်းပိုင်းလှီးလိုက်ပါ။ ထို့နောက် ကြက်ဥကို မွှေပြီး ဆားအနည်းငယ်ထည့်ကာ ဟင်းချက်ဝိုင်၊ ရေတစ်ဇွန်းထည့်ပြီး သမအောင်မွှေလိုက်ပါ။ ထို့နောက် ဒယ်အိုးကို အရှိန်ပြင်းပြင်းဖြင့် အပူပေးပြီး ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် မွှေထားသော ကြက်ဥကို နှံ့အောင် မွှေကြော်ပြီး ပန်းကန်တစ်ခုထဲ ဖယ်ထားလိုက်ပါ။တစ်ဖန် ဆီတစ်ခါထပ်ထည့်ပြီးနောက် မီးအပူရှိန်ပြင်းပြင်းဖြင့် ခရမ်းချဉ်သီးအတုံးများထည့်ကာ ခရမ်းချဉ်သီးများ နူးအိလာသည်အထိ မွှေကြော်ပါ။ နောက်ဆုံးတွင် ကြော်ထားသော ကြက်ဥများကို ပြန်ထည့်လိုက်ပါ။


နောက်တစ်မျိုးက၊ ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေတုံးပြီး ခရမ်းချဉ်သီးဆော့စ်နှင့် ကြော်ပြီး ကြက်ဥအနှစ်အရည်ကို ထပ်ထည့်လိုက်ရမည်ဖြစ်သည်။ယခုလို ခရမ်းချဉ်သီး ကြက်ဥမွှေကြော်မျိုးက ထမင်းနှင့်စား၍လည်းရသလို၊ ခေါက်ဆွဲနှင့်လည်း နှစ်မျိုးလုံးအတွက် စား၍ရပေသည်။


တတိယနည်းမှာ ကြက်ဥက ၃လုံး၊ ခရမ်းချဉ်သီးက တစ်ဝက်ထည့်ရမည်ဖြစ်သည်။ ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေတုံးပြီး ကြက်ဥအရည်ထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ကာ ရောမွှေလိုက်ပါ။ပြီးလျှင် ကြော်လိုက်ပါက ခရမ်းချဉ်သီးအရသာ ကြက်ဥပန်ကိတ်များ အဆင်သင့်ဖြစ်ပါပြီ။ မစားသုံးမီလှီးထားသော ကြက်သွန်နီအကွင်းများဖြင့် ဖြူးစားလျှင် အတော်ပင် သင့်တော်ပေသည်။



xxxxx



Ei Thet Hmue