အခန်း ၅၄
Viewers 8k

Chapter 54

(ချိုချိုချဉ်ချဉ် နာနတ်သီးဝက်သားဟင်း)



ပါဝင်ပစ္စည်းများကို စိတ်စွမ်းအင် နှင့် မည်သို့ပြုပြင်ရမည်ဆိုသည်ကို သင်ကြားနေသည့် ဆရာမ ဝမ့် သည်လည်း အာရုံပြောင်းသွားပြီး လင်းယောင်ယောင် ၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကြည့်နေသည်။ ကလေးမလေးက ဟင်းချက်မည်ဟု ရှင်းရှင်းလင်းလင်းပြောခဲ့သော်လည်း ယခုမူ နာနတ်သီးကို ခုတ်ထစ်နေခြင်းဖြစ်သည်။သူမသည် ဟင်းချိုချက်ရန် ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးတစ်လုံးကို ရေထည့်တည်လိုက်သော်လည်း သူမ အစကပြောခဲ့သလို သင့်လျော်ပုံရှိသည့် မည်သည့် ပါဝင်ပစ္စည်းများကိုမျှ မပြင်ဆင်ထားခဲ့ပေ။ ဆရာမ ဝမ့် လှမ်းမေးလိုက်၏။


"ဟင် ဘယ်လိုလဲ.... အိုးက ပွက်ပွက်ဆူနေတဲ့ ရေတွေပြည့်နေပြီး ဘာပစ္စည်းမှ မရှိဘူးရော်..."


ယခုအချိန်တွင် ဝက်သားအသားလွှာကို ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ဆားတို့ဖြင့် နှပ်ထားသည်။ ချက်ပြုတ်ရန်ဆယ်မိနစ်သာကြာလိမ့်မည်။ ထို့နောက် လင်းယောင်ယောင် သည် ဘေးနားရှိ စက်ရုပ်အကူလက်ထောက်ထက်ပင် သပွတ်သီးကို ဖြတ်တောက်လိုက်သည်။


"နောက်ထပ် များများလုပ်ပေးပါဆိုလို့ အများတည်း တည်ထားတာလေ....ပြီးမှ ပစ္စည်းတွေ ထပ်ထည့်ရမှာ"


ဆရာမ ဝမ့် သည် လင်းယောင်ယောင် အပေါ် ကို စောစောက ပဲပင်ပေါက်ဟင်းတစ်ပန်းကန်ကြောင့် သဘောထားပြောင်းခဲ့သော်လည်း ယခုမူ သူမသည် အလွန်သံသယဖြစ်နေပြီဖြစ်သည်။ ဤခေတ်တွင်၊ "ဟင်းရည်များ" သည် အများအားဖြင့် ကြက်၊ ဘဲ၊ ငါး၊ သို့မဟုတ် သိုးသား တစ်မျိုးမျိုးထည့်ပြီးမှသာ ချက်ပြုတ်တတ်ကြသည်။ အတိုချုပ်ပြောရလျှင် လင်းယောင်ယောင် ၏ ပေါ့ပေါ့ပါးပါးပြင်ဆင်ထားသော ဟင်းချိုများနှင့်ကွာခြားလှပေသည်။ ပဲပင်ပေါက်များဖြင့် ကြိုးစားပန်းစား ချက်ပြုတ်နေကြသော ကျန်ကျောင်းသားများပင်လျှင် သူမကို ရံဖန်ရံခါ စိုက်ကြည့်နေကြပြီဖြစ်သည်။


တစ်ကယ်တမ်းတွင် သူတို့အားလုံးက လင်းယောင်ယောင် မချက်ပြုတ်နိုင်မှာကို စောင့်နေကြတာဖြစ်သည်။အားလုံးက ယခု လမ်းလျှောက်တတ်ခါစမှာ သူမကတော့ ပျံသန်းတတ်နေပြီဖြစ်၏။ လူတိုင်းက သူမကို ပျက်စီးချင်နေကြတာဖြစ်သည်။


လင်းယောင်ယောင် ချက်သည့် အစားအစာက မကောင်းလျှင်လည်း ဟန်ဆောင်ပြီး ကောင်းကြောင်းပြောဖို့ သူတို့ တီးတိုးပြောနေကြသည်။ သူတို့ အတန်းထဲမှ ဘော့စ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပျက်ပြားအောင် မလုပ်ချင်ပေ။


သို့ရာတွင်၊ လင်းယောင်ယောင် က ဝက်ပေါင်သားကို စတင်ကြော်လိုက်သည့်အခါ အနံ့အရသာက စာသင်ခန်းထဲကို ပြည့်လျှံသွားကြသည်။ လူတိုင်းစားချင်သောက်ချင်စိတ်ကို ထိန်းမရဖြစ်သွားကာ ပဲပင်ပေါက်များကို တူးသူကတူး၊ အသုပ်ကို ပရမ်းပတာ မသုတ်တတ်သူက မလုပ်တတ်၊ မကိုင်တတ် ဖြစ်နေတော့သည်။


သူတို့ ဘာလုပ်နေကြတာလဲ....


ယခုဆို ချိုချိုခဉ်ချဉ် နာနတ်သီးနှင့် ဝက်ပေါင်သားကိုလည်း ချက်ပြုတ်ပြီးဖြစ်ကာ ဟင်းရည်ကလည်း ဆူလာပြီ ဖြစ်သည်။ လင်းယောင်ယောင် သည် မွှေထားသော ကြက်ဥနှစ်ကို လောင်းထည့်ပြီးနောက် ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင်အနည်းငယ်တို့ကို ထည့်လိုက်၏။ ထို့နောက် နောက်ဆုံးတွင် မီးဖိုကို ပိတ်လိုက်ရာ ဟင်းနှစ်ပွဲလုံး အောင်မြင်စွာ ပြီးမြောက်သွား‌ေလပြီ။


ထို့နောက် သူမ ယူလာသော နေ့လယ်စာဘူးကို သူမ၏ အာကာသခလုတ်ထဲမှ ထုတ်ယူလိုက်သည်။ ပထမဦးစွာ သူမသည် ပန်းကန်လုံးကြီးတစ်လုံးထဲသို့ ကြက်ဥစွပ်ပြုတ်ကို ဖြည့်ပြီးနောက် နာနတ်သီးနှင့် ချိုချဉ်ဝက်သားချက် အနည်းငယ်ကို လှီးဖြတ်ကာ ထောင့်တစ်နေရာတွင် ထိုင်ကာ စားလိုက်သည်။ သူမ၏ အာကာသခလုတ်တွင် သေးငယ်သော ပေါင်မုန့်အနည်းငယ်လည်း ရှိသဖြင့် တို့မြှုပ်စား၍လည်းအဆင်ပြေပေသည်။


ချိုချဉ်စပ်နှင့် အရသာပေါ့ပါးသည့် ဟင်းချို၏ ရနံ့နှစ်ခုကို သူတို့ အနံ့ရလိုက်သည့်အခါ.... လင်းယောင်ယောင် သည် "ရှုံးနိမ့်ခြင်းရဲ့ အရသာ" ကို ယခု ခံစားရလိမ့်မည်ဟု အစက ထင်နေကြသော ကျောင်းသားများနှင့် ဆရာမ ဝမ့်ပင်လျှင် အနည်းငယ် မျက်နှာပျက်သွားရ၏။

ကျောင်းသားများသည် ဟင်းပွဲ၏ ရနံ့က စွဲဆောင်လိုက်သဖြင့် သူတို့ စမ်းသပ်မှုကို ဆက်လက်ပြီး မချက်နိုင်ကြပေ။ အားလုံးက ဆရာမ ဝမ့်ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ယခု ဘော့စ် လင်းယောင်ယောင်သည် ယခုအချိန်တွင် သူမ၏ ကိုယ်ပိုင်အောင်မြင်မှုများကို ခံစားရင်း ငတ်မွတ်မှုနှင့်အတူ ရုန်းကန်နေရဆဲဖြစ်သော သူမ၏ ညီအစ်ကို၊ညီအစ်မများကို လျစ်လျူရှုထားလိုက်သည်။ ဆရာမ ဝမ့် က သူမလက်ကို ကူကယ်ရာမဲ့ ဝှေ့ယမ်းလိုက်ပြီး


"ဟင်းကို မြည်းကြည့်ဖို့ ဆယ်မိနစ်ပဲအချိန်ပေးမယ်.. ဆယ်မိနစ်လောက်နေမှ ပြန်လာကြ… သွားစားလိုက်..."


သူမ စကားမဆုံးခင်မှာ လူတိုင်းလက်ထဲမှာရှိသည့် ပါဝင်ပစ္စည်းများကို လွှတ်ချလိုက်၍ ဝိုင်းအုံပြီး တန်းစီကာ စက်ရုပ်များ လာဝေမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ကျောင်းသားက များလွန်းပြီး ဟင်းကနည်းနေ၍ စောဒကတက်နေသံများ ဆူညံနေကြသည်။


"သူ့အသားရဲ့ဝေစုက ငါ့ ဝေစုထက် စင်တီမီတာဝက်လောက် ပိုရှည်နေတာ ဘာကြောင့်လဲ"


ဆရာမ ဝမ့် သည် အတန်းထဲတွင် သူမ၏ အခွင့်အာဏာကို အခွင့်ကောင်းယူကာ စက်ရုပ်အား သူမအတွက် အရင်ယူလာခိုင်းလိုက်သည်။ နာနတ်သီး နှင့်ချက်ထားသည့်ဝက်ပေါင်သားသည် နူးနူးအိအိလေးနှင့် အတော်လေးစားကောင်းသည်။သပွတ်သီး ကြက်ဥစွပ်ပြုတ်ကလည် ဝက်သားကို အအီပြေစေသည်။ အရသာရှိသော်လည်း ဝက်သားတုံးက သေးလွန်းနေ၍ သိပ်အဆင်မပြေပေ။ ဟင်းများကိုစားပြီးနောက် စိတ်စွမ်းအင်ထိရောက်မှုစမ်းသပ်ရန် မေ့သွားကြောင်း ဆရာမ ဝမ့် အမှတ်ရသွား၏။ သို့သော် စမ်းသပ်မှုမပြုလုပ်ဘဲနှင့်ပင် ဟ်ိုးထဲမှာပါရှိသော စိတ်စွမ်းအင်ကို အတိုင်းသား ခံစား၍ရနေပြီဖြစ်သည်။ အကျိုးသက်ရောက်မှုက မဆိုးမှန်း သိသာ‌ေပသည်။


လင်းယောင်ယောင် သည် စားပြီးသောအခါ ကျောင်းသားများသည် သူမအား ဝမ်းနည်းစွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။


"အရသာရှိလိုက်တာ...ဘာလို့အရမ်းအရသာရှိနေတာလဲ"


"မလောက်ဘူး... နည်းနည်းလေးပဲ ဆိုတော့ မလောက်ဘူး ဖြစ်နေတယ်"


ဆရာမ ဝမ့် က


"ဒီဟာက အထူးဟင်းပွဲမို့ လူတိုင်းမှာ မျှဝေခံစားခွင့်ရှိပါတယ်...‌ေနာက်ဆို ဖြည့်စွက်စာ မချက်နိုင်တဲ့ ကျောင်းသားတွေက ယောင်ယောင် ရဲ့လက်ရာကို မြည်းစမ်းကြည့်ခွင့်ရမှာ မဟုတ်ဘူး... ဖြည့်စွက် အစားအသောက်တွေ လုပ်ထားရင်တောင်မှ လူဦးရေ ကန့်သတ်ထားလိုက်မယ် .. ကောင်းကောင်း စွမ်းဆောင်နိုင်တဲ့ သူတွေကိုပဲ အခွင့်ရေး ပေးမှာပါ”


ထို့ကြောင့် အားလုံးသည် ကိုယ့်နေရာကိုယ် ပြန်သွားပြီး ပဲပင်ပေါက်ဟင်းကိုဆက်လုပ်လိုက်ကြသည်။ ဆရာမ ဝမ့် ၏ လှည့်ကွက်က တစ်ကယ်အသုံးဝင်သည်။ ဤအတန်းပြီးဆုံးချိန်တွင် နောက်ထပ်ကျောင်းသား၅ဦးသည် ဖြည့်စွက်အစားအစာများ ပြုလုပ်နိုင်ခဲ့သည်။လင်းယောင်ယောင် ၏ နည်းလမ်းအတိုင်းပြုလုပ်သူမှာ ၃ယောက်ရှိပြီး အရသာလည်း ကောင်းသည်။ သို့သော်လည်း သူမလိုမျိုး မည်သည့် ဖြည့်စွက်အကျိုးသက်ရောက်မှုမှ မရှိပေ။


၎င်းတို့အားလုံးထံမှ ကျန်းရို့ သည် ညံ့ဖျင်းသော အရန်ကုထုံးအကျိုးသက်ရောက်မှုများဖြင့် အစိမ်းရောင်အပင်ပေါက်များကို ပြုလုပ်ခဲ့ပြီး အရသာလည်း အလွန်ကောင်းမွန်ပြီး ကျောင်းသားများကြားတွင် အကောင်းဆုံးစွမ်းဆောင်မှုအဖြစ် အမှတ်ယူလိုက်သည်။ ကျန်းရို့ က ပြောလိုက်သည်။


"ငါ့သူငယ်ချင်းကောင်းလေးက ရှေ့ဆုံးမှာဆိုတော့ အမှီလိုက်ရတာပေါ့"


သူမသည် လင်းယောင်ယောင် ၏ ချက်ပြုတ်နည်းများကို အခြားသူများထက် ဂရုတစိုက်ကြည့်ရှုခဲ့သည်။ သူမ၏ ဟင်းပွဲသည် လင်းယောင်ယောင် ၏အဆင့်ထက် များစွာနိမ့်ကျနေသော်လည်း သူမမှာ အလွန်ကျေနပ်ပျော်ရွှင်နေပြီဖြစ်သည်။


နောက်ဆုံး ဆရာမ ဝမ့် သည် သင်ခန်းစာကို နိဂုံးချုပ်လိုက်သည်။


" ကျောင်းသူတွေကပဲ ဦးဆောင်နေတယ်… မိန်းကလေး ၇ယောက်မှာ ၄ယောက်က ဖြည့်စွက်စာတွေ ချက်နိုင်တယ်... လင်းယောင်ယောင် ထူးချွန်ဆိုတာ အားလုံးသိသာထင်ရှားပါတယ်... လင်းယောင်ယောင် အပြင် ဒုတိယတစ်ယောက်ကတော့ အတန်းဖော် ကျန်းရို့ ပါ... အတန်းဖော် ကောင်လေးတွေကတော့ အလုပ်ပိုကြိုးစားရမယ်…အတန်းဖော် လင်းယောင်ယောင် ရဲ့ လက်ရာ 50-60% အထိကို သင်ယူနိုင်ရင် မင်းတို့ နောင်ဆို မင်းတို့ အလုပ်လုပ်ဖို့ အမျိုးသမီး စစ်သည်တွေ ရှာတွေ့မှာ စိတ်မပူနဲ့...အဲ့ဒါဆို အလုပ်လည်း ရမှာပေါ့"


ကြယ်တာရာခေတ်တွင် မီးဖိုချောင်နှင့် ဝေးကွာသော အမျိုးသား ဟူ၍ မရှိပေ။ ယောက်ျားနှင့်မိန်းမ အားလုံးတန်းတူဖြစ်သည်။ အမှန်တော့၊ အမျိုးသမီး တိုက်ခိုက်ရေးစစ်သည်များသည် စိတ်ရှည်လက်ရှည်ရှိသော အရန်ကုထုံးပညာရှင်များကို နှစ်သက်ကြသောကြောင့် အမျိုးသားအရန်ကုထုံးများသည် အတော်လေးရေပန်းစားကြသည်။ ဆရာမ ဝမ်ပြောသောစကားကြောင့် ဖြည့်စွက်စာ အတန်းရှိ ကောင်လေးများသည် ရှက်စိတ်ဖြင့် ခေါင်းညိမ့်လိုက်ကြသည်။ ဟင်းချက်နည်းကို သင်ယူပြီးလျှင် သူတို့အားလုံး နောက်ထပ် အမျိုးသမီး တိုက်ခိုက်ရေးစစ်သည်တွေနှင့် အလုပ်တွဲလုပ်ခွင့်ရဖို့ မျှော်လင့်နေကြသည်။


လင်းယောင်ယောင် ကြောင့်၊ အစားအသောက် အရန်ကုထုံးဌာနသို့ ဝင်ရောက်လာသူ အများအပြားသည် နောက်ပိုင်းတွင် မေဂျာ ပြောင်းလဲမည့် အစီအစဉ်ကို ပြင်ဆင်ဖို့ အသေအချာစဉ်းစား ဆုံးဖြတ်ခဲ့ကြသည်။ ယောက်ျားလေးများအနေနှင့်၊ မိန်းကလေးများ နောက်ကို အရောက်ခံ၍ မဖြစ်ပေ။

ပြပွဲခန်းမတွင် လင်းယောင်ယောင်ကို အရန်ဆေးဝါးဌာနမှ ဝူလီလီက မောက်မာစွာပြောဆိုခဲ့သည်ကို မိန်းကလေးများ အားလုံးသိကြပြီးဖြစ်သည်။


“ငါတို့ အရန် အစားအသောက် ကုထုံးဌာနက မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့တင် တွဲတတ်တာ တော်ရုံမကဘူး၊ ငါတို့က အရမ်းလည်း အစွမ်းထက်တယ် ဆိုတာ မှတ်ထားလိုက်"


ဖြည့်စွက်အစားအသောက် ဌာနရှိ မိန်းကလေးတွေက အရည်အချင်းမရှိဘူးလို့ လက်တွဲဖော်ရှာရန် မလွယ်ကူသလို မျက်နှာကို အားကိုးကာ တစ်ဦးတည်းသာ ရှာနိုင်သည်ဟု မည်သူက ပြောမည်နည်း။


လင်းယောင်ယောင် သည် အလွန်ထက်မြက်လှပပြီး မိသားစု နောက်ခံကောင်းသူဖြစ်ကာ အလုပ်ကြိုးစားသူဖြစ်သည်။ ထို့ကြောင့် သူမက အလုပ်ကြိုးစားနေလျက်နှင့် သူတို့ ဘာမှမလုပ်ဘဲ အချိန်ကုန်နေရမှာကို ရှက်လာကြတော့သည်။ထို့ကြောင့် သူတို့အတန်း၏ group chat အမည်ကို "သင်ယူမှုနှင့် အစားသောက်အတွင် ပျော်မွေ့ခြင်း" အဖြစ် ပြောင်းလဲရန် မဲပေးလိုက်ကြသည်။ တစ်ကယ်တမ်းလည်း၊ ထိုနာမည်က ဖြည့်စွက်အစားအသောက် ဌာနအတွက် အလွန်သင့်လျော်သည်။


အတန်းခေါင်းဆောင် လင်းယောင်ယောင် သည် အတန်းတစ်ခုလုံး၏ နှလုံးသားနှင့် စိတ်ဓာတ်ကို အနိုင်ယူရန် သူမ၏ ကိုယ်ပိုင်အရည်အချင်းကို အသုံးပြုခဲ့သည်။ အားလုံးက သူမ၏ မောင်လေး၊ ညီမလေးများ ဖြစ်သွားကြသည်။


တခါတရံ ဟင်းလေးချက်လိုက်၊မြည်းလိုက်နှင့် ပျော်ရွှင်မှုကို ခံစားနိုင်သည့် ဖြည့်စွက် အစားအသောက် ဌာနက ကျောင်းသားတွေနှင့် ယှဉ်လိုက်လျှင် ဘေးအခန်းရှိ ဆေးဝါးအရန်ကုထုံးဌာနမှ လင်းယောင်ယောင် ၏ ပရိသတ်များမှာ ဝမ်းနည်းနေကြသည်။ သူတို့သည် Star Network ပေါ်တွင်သာ သူမ၏ ဖြည့်စွက်စာအသစ်ကို စောင့်ဆိုင်းနိုင်ကြသည်။ သူတို့အနက် လင်းယောင်ယောင် ၏ နံပါတ်တစ် ပရိတ်သတ်မှာ အရန်‌ဆေးဝါးကုထုံးဌာနမှ နံပါတ်တစ်ကျောင်းသူ စုချင်းဟယ် ဖြစ်သည်။ သူမသည် အလွန်ကောင်းမွန်သော ဖြည့်စွက်ကုထုံး အကျိုးသက်ရောက်မှုနှင့် မကြုံစဖူး ထူးကဲသည့် အရသာရှိသောလင်းယောင်ယောင် ဖြည့်စွက် အစားအသောက်များကို နှစ်သက်ပေသည်။ သို့သော် စုချင်းဟယ် သည် အလွန်အားနည်းသော ဆေးဖက်ဝင် ကုထုံးသက်ရောက်မှုကို အားဖြည့်ပေးသော ဆေးဖက်ဝင်ပစ္စည်း အနည်းငယ်ကိုလည်း အခါအားလျော်စွာ တွေ့ရှိသွားရသည်။


'ဝိုး၊ ဆေးဖက်ဝင်ပစ္စည်းတွေကို ဒီလိုမျိုး ကိုင်တွယ်လို့ရတာပဲ'


ထိုရှာဖွေတွေ့ရှိမှုအသစ်ကြောင့် စိတ်အားတက်ကြွစေကာ တစ်ခါတစ်ရံ သူမအတင်း ကြိုးစားခဲ့သည်။ အချို့သော ဆေးဖက်ဝင်ပစ္စည်းများကို အစားအစာပါဝင်ပစ္စည်းများအဖြစ် ထည့်သုံးကြည့်သည်။ အညစ်အကြေးများကို ဖယ်ရှားပြီးနောက် ထိုပစ္စည်းတို့ကို ဆေးဖက်ဝင်ပစ္စည်းများအဖြစ် ပြုလုပ်ရန် အမှုန့်ဖြစ်အောင် ပေါင်းကာ မထင်မှတ်ဘဲ ဆန်းသစ်သော အာနိသင်များစွာကို ရရှိခဲ့သည်။


အကယ်၍ သူမမှာသာ ယောင်ယောင် နှင့် လူကိုယ်တိုင် ဆွေးနွေးပြောဆိုရန် အခွင့်သာပါက ကောင်းပေလိမ့်မည်။ ကံမကောင်းစွာဖြင့်၊ သူမသည် ဖြည့်စွက် အစားအသောက် အတန်းကို တမင်တကာ ဖြတ်သွားလိုက်တိုင်း အတန်းဖော် ယောင်ယောင် ကို ကျောင်းသားများက ဝိုင်းကြည့်နေကြသည်ကို တွေ့ရလိမ့်မည်။ထို့ကြောင့် သူမ အနည်းငယ် စိတ်ဓာတ်ကျရ၏။အတန်းဖော် ယောင်ယောင် ၏ အရည်အချင်းကို သူမ ပထမဆုံးတွေ့ရှိခဲ့သည်မှာ ထင်ရှားသော်လည်း သူမနှင့် စကားပြောဖို့ အခွင့်အလမ်း မရခဲ့ပေ။သို့သော်လည်း သူမ လေးစားချစ်ခင်ရသည့် လက်ထောက်ကုထုံးပညာရှင် လင်းယောင်ယောင် သည် လူအများဆီက အသိအမှတ်ပြုမှုကို မြန်မြန်ဆန်ဆန်ရနိုင်ခဲ့သည့်အတွက် သူမ ပျော်မိသည်။

ရှေ့ဆက်ပြီး၊သူမသည်လည်း ပိုမိုကောင်းမွန်သော အရန်ဆေးဝါးများပြုလုပ်ရန် ကြိုးကြိုးစားစားလုပ်ဆောင်ရမည်ဖြစ်ပြီး အရန်ဆေးဝါးကုထုံးဌာန၏ အထင်ရှားဆုံး ကျောင်သူဖြစ်လာရန်လည်း တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်သည်။ သူမနောက်မဆုတ်နိုင်ပေ။သို့မဟုတ်လျှင် လင်းယောင်ယောင် က သူမကို လုံးဝ တွေ့မှာ မဟုတ်ပေ။


တမင်တကာ ဘာမှ မလုပ်ဘဲနှင့် မူလ အမျိုးသား ဇာတ်ဆောင် ရှောင်မင် နှင့် မူရင်း အမျိုးသမီး ဇာတ်ဆောင် စုချင်းဟယ် တို့ဆီက မေတ္တာစေတနာကို မထင်မှတ်ဘဲ ရရှိခဲ့မှန်း လင်းယောင်ယောင် က မသိသေးပေ။ သူမ ကျောင်းစတက်သည့် ငါးရက်မြောက်နေ့တွင် ဆာလောင်မှုဒုက္ခကို နောက်ဆုံးမှာ ပြီးဆုံးသွားသလို ခံစားခဲ့ရသည်။ သူမသည် တစ်နေ့လျှင် ၃ နပ်သာ ပြန်လည်စားနိုင်ခဲ့ပြီး B-အဆင့် ကိုယ်လုံးကိုယ်ပေါက်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။


သို့သော်၊ လင်းယောင်ယောင် သည် Biying အသီးကို စားပြီးနောက် 164cm မှ 168cm သို့ ပြောင်းလဲသွားခဲ့သော်လည်း 170cm ပျမ်းမျှရှိကြသည့် ကြယ်တာရာခေတ်က မိန်းကလေးများလို မရှည်သေးပေ။အသီးစား၍ မွေးမြူထားသော ကိုယ်လုံးကိုယ်ပေါက်သည် သဘာဝ B အဆင့်ရှိသော ကိုယ်လုံးကိုယ်ပေါက်ထက် အနည်းငယ် ပိုဆိုးနေတာကြောင့် ဖြစ်နိုင်သည်။


သို့သော်လည်း အနည်းဆုံး သူမ၏ ရင်ဘတ်သည် B cup မှ C cupအထိ ရောက်လာပြီဖြစ်သည်။ ကျန်းရို့ ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။


"ဒီရက်ပိုင်းတွေမှာ နင် စားခဲ့တဲ့ အစားအသောက်တွေက တစ်ကယ်ပဲ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်နော်..အရပ်က သိပ်မမြင့်သေးပေမယ့် အသားတွေက ပြည့်ဖြိုးလာတယ်လေ"


လင်းယောင်ယောင်: "..."


လွန်ခဲ့သည့် နှစ်ရက်အတွင်း လင်းယောင်ယောင် သည် Weibo တွင် နောက်ထပ်သင်ကြားရေး ဗီဒီယို နှစ်ခုကို တင်ခဲ့ပြီး တစ်ခုမှာ အများတောင်းဆိုထားသော ငါးပေါင်မုန့် နှင့် နောက်တစ်ခုမှာ သွေးစပျစ်နွယ်ပင်ကို အစာကျွေးရန်အတွက် ချက်ပြုတ်ထားသည့် "မြေပဲနှင့် ဝက်ခြေထောက်စတူး" ဖြစ်သည်။


သူမသည် ဝင်ခြေထောက်ကို ကြိုက်သော်လည်း ရင်ဘတ်ကြီးလာမှာစိုး၍ မစားတော့ဟု ဆုံးဖြတ်လိုက်သည်။ Star Network တွင် လင်းရွှမ် သည် လွန်ခဲ့သောနှစ်ရက်က အွန်လိုင်းပေါ်မတက်ခဲ့ပေ။ X-312 ကြယ်တာရာသည် သတင်းအချက်အလက်များ လျှို့ဝှက်ဖို့အတွက် အင်တာနက်ကွန်ရက်ကို ယာယီပိတ်ဆို့ထားကြောင်း သူမထံ မက်ဆေ့ချ်တစ်ခုသာ ချန်ထားခဲ့သည်။သူမ သူ့ကို တစ်လလုံးလုံးတွေ့ရမှာမဟုတ်ဟု တွေးခဲ့သော်လည်း နေ့စဉ်လိုလိုစကားပြောဖြစ်ခဲ့သည်။ယခု နေ့စဉ် စကားပြောဖို့ သူမ တွေးထားပြန်တော့ မပြောရပြန်တော့ပေ။ သို့သော် နှစ်ယောက်ကြားမှ။ အဆက်အသွယ်လုံးဝမရှိတာမျိုး မဟုတ်ပေ။

လင်းရွှမ် သည် သူမကို တစ်နေ့လျှင် အနည်းဆုံး မက်ဆေ့ချ် နှစ်ကြိမ် ပေးပို့သည် - "Good Morning"နှင့် "Goodnight"... ဟူ၍။


ယခင်က သူမသည် နွေရာသီအားလပ်ရက်အတွင်း လင်းရွှမ် ကို တစ်ရက်လျှင် မက်ဆေ့ခ်ျသုံးစောင် ပို့၍ အနှောင့်အယှက်ပေးခဲ့ပြီး "မွမွ" (မိုမိုဒါ) ပေးခဲ့သည်ကို သူမ ရုတ်တရက် သတိရမိသည်။ လင်းရွှမ် ၏စာထဲတွင် ထိုအနမ်းမျိုးမပါသော်လည်း သူမကို လွမ်းကြောင်းဖော်ပြရန် အရိုးရှင်းဆုံးနည်းလမ်းကို အသုံးပြုနေသည်ဟု သူမ ခံစားရသည်။


လင်းယောင်ယောင် သည် မူလက စာပြန်မည်ဟု စိတ်ကူးထားသော်လည်း လင်းရွှမ် သည် ယခင်က သူမ မက်ဆေ့ချ်ကို တစ်ခါမျှ ပြန်မပေးခဲ့သည်ကို သတိရမိသည်။ အားလုံးသိကြသည့်အတိုင်း မိန်းကလေးက ထိုအရာမျိုးဆိုတေးမှတ်ထားတတ်ကြသည်။ ထို့ကြောင့် သူမ သူ့စာတွေကို စာမပြန်ဖို့ ဆုံးဖြတ်လိုက်သည်။သို့သော်၊ သူမ စာတစ်စောင်ချင်းစီကို သေသေချာချာ စိုက်ကြည့်နေမိသည်။


ထိုအချိန်က လင်းရွှမ် သည် သူမ၏ မက်ဆေ့ချ်ကို မဖြေကြားခဲ့သဖြင့် သူမခံစားခဲ့ရသလို ခံစားနေ၊မနေ ဆိုသည်ကိုလည်း တိတ်တဆိတ် တွေးတောနေမိသည်။ သူမသည် ထိုလူကို အနည်းငယ် သဘောကျလာသည်ကို ခံစားမိသောအခါ၊ သူမ သူနှင့် ပိုရင်းနှီးချင်လာသည်။ တစ်စုံတစ်ဦးကို လွမ်းဆွတ်ရခြင်း၏ အဓိပ္ပါယ်ကို သူမ ပထမဆုံးအကြိမ် သဘောပေါက်ခဲ့သည်။သို့သော်၊ သူမစိတ်ထဲမှ တုံ့ဆိုင်းနေဆဲဖြစ်သည်။


အဲဒီ့အထိ သူမ သူ့ကို တစ်ကယ်ပဲ သဘောကျနေတာလား...


သေချာသည်က အလေးအနက်ထားပြီး စဉ်းစာရမည်ဖြစ်သည်။ တစ်ကယ်တမ်းတွင်၊သူမတို့သည် သာမာန် ယောက်ျားလေး နှင့် မိန်းကလေး မဟုတ်ကြပေ။ တရားဝင် သမီးရည်းစားဆက်ဆံရေးတစ်ခု စတင်မည်ဆိုလျှင် တစ်ချိန်မှာ လမ်းခွဲချင်လာပါက အလွယ်တကူလမ်းခွဲလို့ရသည့် ဆက်ဆံရေးမျိုး မဟုတ်ပေ။ ချစ်သူဖြစ်လာပြီး တစ်နေ့မှာ တစ်ယောက်နှင့်တစ်ယောက် မသင့်တော်မလိုက်ဖက်သည်ကို သိလာကာမှ လမ်းခွဲလိုက်လျှင် သာမာန်မောင်နှမတွေ ပြန်ဖြစ်လာဖို့ နည်းလမ်းမရှိတော့သည့်အတွက် ပိုပြီးသတိထားဖို့ရန် လိုအပ်သည်။သူမ စာမပြန်သည်မှာ သုံးရက်မြောက် ရောက်လာသောအခါ လင်းရွှမ် သည်းမခံနိုင်တော့‌ေပ။


"ဘာလို့ စာမပြန်တာလဲ...ကျောင်းစာနဲ့ အလုပ်ရှုပ်နေတာလား"


ယခုတစ်ကြိမ်တွင် လင်းယောင်ယောင်သည် သူ့ကို အလွန်လေးနက်သည့် လေသံနှင့် ပြန်ဖြေလိုက်သည်။


"ပြောစရာမရှိပါဘူး...အစ်ကိုကြီးရဲ့ ဆက်သွယ်ရေးစက်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေရင် ဘယ်လိုလုပ်မလဲ"


လင်းရွှမ် ကျဉ်းထဲကြပ်ထဲရောက်သွားသလို ခံစားလိုက်ရတော့သည်။


လင်းယောင်ယောင် သည် သူမဘာသာသူမ မက်ခါကို နှစ်ရက်ကြာ မောင်းနှင်လေ့ကျင့်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ စက်ဝန်းကို အသုံးပြုကာ အခြေခံလှုပ်ရှားမှုများကို ကျွမ်းကျင်လာခဲ့သည်။ ထို့ကြောင့်၊ မက်ခါပြိုင်ပွဲပလက်ဖောင်း တွင် သူမ၏ စကေးကို လေ့ကျင့်ချင်မိသည်။


ဘာလဲ... လင်းရွှမ် က တိုက်ခိုက်ရေးစွမ်းရည်ကို မသင်ပေးသေးဘူးလား...

သို့သော်၊သူမကိုယ်သူမ ဉာဏ်ကြီးရှင်တစ်ယောက်ဟု ခံစားရသဖြင့် ဆရာမရှိဘဲ တစ်ယောက်တည်း သင်ယူနိုင်သည်။


ထိုသို့တွေးရင်း လင်းယောင်ယောင် သည် လင်းရွှမ်၏ လေ့ကျင့်ရေးခန်းသို့ ရောက်နေသော ထိပ်တန်းပြိုင်ဘက်များစာရင်းကို မသိဘဲ ဖွင့်လိုက်ပြီး စနစ်အား ပြိုင်ဘက်နှင့် အလိုအလျောက် ယှဉ်ပြိုင်ခွင့်ပြုရန် ရွေးချယ်လိုက်သည်။


xxxxxx

Ei Thet Hmue