အခန်း ၅၉
Viewers 8k

Chapter 59

( အနှိုင်းမဲ့အရသာ)


အဘိုးကြီးချိုက်က သူမကို အလွန်အလေးအနက်ထားနေသည်မှာ အံ့ဩစရာမဟုတ်ပေ နောက်ပြီး တပည့်စုချင်းဟယ် ကလည်း လင်းယောင်ယောင် ကို အလွန်လေးစားသည်။မစ္စတာကျန်း သူမကြောင့် ခဏတာမှင်တက်သွားရသည်။


သို့သော် မစ္စတာကျန်း၏ ချီးကျူးခြင်းကြောင့်လင်းယောင်ယောင်က ပျော်ရွှင်နေပုံမရ‌ေပ။ချိုက်ယူဟုန် ထိတ်လန့်သွားသော်လည်း စိတ်အေးအေးထားချင်ဟန်ဆောင်ကာ အားရ၀မ်းသာစွာဖြင့်...


"စိတ်မပူနဲ့ ငါမင်းကို နောက်ထပ် ရတနာတစ်ခုပြမယ်..."


မစ္စတာကျန်း နှင့် စုချင်းဟယ်တို့က ချက်ချင်း စိတ်၀င်စားသွားကြသည်။လင်းယောင်ယောင် အပူဒဏ်ခံနိုင်ရန် လက်အိတ်များကို ၀တ်ဆင်ကာ "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ဟင်းအိုး ဖွင့်ရန်ထောင့်သို့ သွားလိုက်သည်။


သူမက အိုးအဖုံးဖွင့်လိုက်ပြီး အဖုံးနားကပ်နေသောကြာပန်းအလွှာများကို ဖယ်ထုတ်လိုက်ရာ သင်းပျံ့သောအနံ့ ထောင်းခနဲထွက်လာသည်။ ဓာတ်ခွဲခန်းတံခါး ပိတ်ထားသဖြင့် အနံ့က အဆောက်အဦးတစ်ခုလုံးသို့ ပျံ့နှံ့မသွားနိုင်သော်လည်း သူတို့၏ကိုယ်ပိုင်နေရာလေးထဲတွင် ပိုမိုမွှေးပျံ့နေပြီး နှလုံးခုန်နှုန်းပိုမြန်စေသည်။

ထိုအချိန်တွင် မစ္စတာကျန်း၏အမူအရာမှာပို၍ပင် စိတ်အားထက်သန်လာသည်။ သူက လင်းယောင်ယောင်အား လည်ပင်းတွန့်ကွေးစွာဖြင့် ကြည့်နေပြီး....


"ဒါက ဘယ်လိုဟင်းမျိုးမို့လို့ အဲ့လောက်တောင် မွှေးရတာလဲ..."


လင်းယောင်ယောင်က လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသော ဟင်းအနံ့ မပျောက်စေရန်အတွက် ထမင်းကြော်အနံ့ကို ရှင်းပစ်ချင်သည်မှာ အံ့ဩစရာမဟုတ်ပေ။မစ္စတာကျန်း တစ်ခါမှမရဖူးသောအနံ့ကြောင့် မြည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

စုချင်းဟယ်က အခန်းထဲတွင် မာစတာအဆင့် ဆရာနှစ်ယောက်ရှိမနေလျှင် သူမ အိန္ဒြေမဆည်ဘဲအပြေးအလွှား လင်းယောင်ယောင်၏ခြေသလုံးဖက်ကာ "ကျေးဇူးပြု၍ နတ်သမီးလေး...."ဟုတောင်းဆိုမိလိမ့်မည်။


လင်းယောင်ယောင်က "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း"ကို ပန်းကန်သေးသေးလေးထဲ ထည့်လိုက်ပြီး ဟင်းချိုမှာ အညိုရောင်သန်းနေ၍ နူးနူးအိအိအသားနှစ်တုံး သုံးတုံးဖြင့် အလွန်လှပသည်။သူမ ဟင်းချိုပန်းကန်ကို မစ္စတာချိုက်အားပေးလိုက်သည်။အဘိုးကြီးချိုက်က ဟင်းနံ့ရှူလိုက်ပြီး စစားရန်ဟန်ပြင်နေစဉ် ကြောင်က ဘယ်ဘက်ပခုံးပေါ်တက်လာကာ သူ့ပါးစပ်ကို လက်သည်းဖြင့်ကုတ်လိုက်သည်။မနီးမဝေးမှ 012ကလဲ အကိုင်းအခက် အရွက်များဖြင့် အားပေးကာလှုပ်ခတ်နေသည်။


"တော်တယ် အားပိုင် လုပ်တာမှန်တယ် သခင်က စားလို့မရဘူးလို့ပြောတယ် ဆေး၀ါးစမ်းသပ်ဖို့အတွက်ပေးတာလေ ငါတို့တောင် ဘာေ၀စုမှမရဘူး မင်းသခင် အရင်စားရလို့ဘယ်ရမလဲ..."

မစ္စတာချိုက်က ပန်းကန်လုံးအား စမ်းသပ်စက်ပေါ် ဆောင့်ကြီးအောင့်ကြီးတင်လိုက်သည်။

ထိုနောက် လင်းယောင်ယောက်က 012 နှင့် အားပိုင် အတွက် ဟင်းပွဲကိုပန်းကန်သေးသေးနှစ်လုံးထဲ ဖြည့်လိုက်သည်။မစ္စတာချိုက်ဘက်မှ အီလက်ထရွန်နစ်စမ်းသပ်ကိရိယာအသံမြည်လာသည်။


"ဒုတိယအဆင့် ပထမတန်းစား"


မစ္စတာကျန်းက ကမန်းကတန်းဖြင့်... "ဒါ ဒါက မဖြစ်နိုင်ဘူး မင်းရဲ့ စမ်းသပ်ကိရိယာပျက်နေတယ်ထင်တယ်"


မစ္စတာချိုက်က ဂရုမစိုက်ဘဲ... "ပျက်နေတယ်ဆိုလဲ ပျက်နေတယ်လို့ယူဆလိုက်ပေါ့ ကျွတ် မင်းကိုရှုံးရတာထက်စာရင် ပိုခံသာပါတယ်"


လင်းယောင်ယောင်က လင်းရွှမ်အတွက် ဟင်းပွဲကျန်အကုန်လုံး ထုပ်သွားဖို့ပြင်နေသော်လည်း သူမအနား စုချင်းဟယ် ဘယ်အချိန်ထဲကရောက်နေမှန်းမသိ... သူမကမျက်နှာငယ်လေးနှင့် ဘေးက "တံတိုင်းကျော်" ဟင်းအိုးကို စိုက်ကြည့်နေပြီး ဗိုက်ကလည်း "ဂူးးးးး" ဟုအသံမြည်နေသည်...

လင်းယောင်ယောင် စိတ်မကောင်းဖြစ်သွားပြီး...


'လူစွမ်းကောင်းမလေး နင့်ကို ဒီလောက်အစားမက်လိမ့်မယ်လို့ မထင်ထားဘူး'

ထို့ကြောင့် သူမက နောက်ထပ်ဟင်းအနည်းငယ်ကို ပန်းကန်သေးသေးလေးထဲထည့်ပြီး စုချင်းဟယ်အား လှမ်းပေးလိုက်သည်။စုချင်းဟယ် မျက်လုံးများအရောင်တောက်သွားပြီး သူမ လှမ်းယူချင်သော်လည်း မယူရဲဖြစ်နေသဖြင့်...


"ကျောင်းသူလေး ယောင်ယောင် ဒါတကယ် ငါ့အတွက်လာဟင်"


ဟု အသံတိုးတိုးဖြင့် မျက်နှာချိုသွေးနေသည်။


လင်းယောင်ယောင်က ပြန်ယူလိုက်ပြီး..."မစားချင်ရင်လဲ..."


သို့သော် စုချင်းဟယ်က သူမလက်ထဲမှပန်းကန်လုံးကို အမြန်ဆွဲယူလိုက်သည်... "စဥ်းတောင်မစဥ်းစားနဲ့...."

လင်းယောင်ယောင်: "..."


ဝိုင်အနံ့က အစားအစာအမျိုးမျိုး၏ရနံ့တို့ဖြင့်ရောနေပြီး ဟင်းရည်မှာ ပျစ်သော်လည်း အဆီပြန်ဟင်းမဟုတ်ချေ။အသားကလဲ နူးအိနေသော်လည်း ပျော့ပြဲခြင်းမရှိ။အကုန်လုံး ပါးစပ်ထဲတွင် အတုမရှိအရသာဖြင့် ပျော်၀င်သွားလေသည်။ဤသည်မှာ အနှိုင်းမဲ့အရသာပါလား...

စုချင်းဟယ် ရင်ထဲထိသွားကာ ငိုတောင်ငိုချင်လာသည်။ဟင်းသည် တကယ်တမ်းဒုတိယတန်းစား ဖြည့်စွက်စာသာဖြစ်သော်လည်း သူဘ၀တစ်လျှောက်လုံးတွင် ဤမျှလောက်စားကောင်းသော ဟင်းပွဲမျိုးမရှိဖူးပေ။အစက အရန်ဆေးပညာတွင် သူမ၏စွမ်းဆောင်ရည်သည် အရန်အစားအစာ လင်းယောင်ယောင်နှင့် တန်းတူဖြစ်လောက်သည်ဟု ထင်ထားသော်လည်း ယခုအခါ သူမထက် အများကြီးညံ့နေသည်ကို သိလိုက်ရသည်။


သူမ ဒုတိယတန်းစားဆေးကို ကြိုးကြိုးစားစားဖော်စပ်နိုင်လျှင်ပင် လူများက အာနိသင်ဘယ်လောက်ကောင်းကောင်း အားရ၀မ်းသာစွာဖြင့် အလုအယက်လိုချင်ကြမည်မဟုတ်ပေ။


လင်းယောင်ယောင်က အကြီးဆုံးအပူခံစွပ်ပြုတ်ဘူးတစ်ခုကို ထုတ်လိုက်ပြီး ဟင်းကျန်အားလုံးကိုလောင်းထည့်လိုက်သည်။တဖက်တွင် စမ်းသပ်မှုပြီးသွားသော်လည်း မစ္စတာချိုက် ဟင်းချိုပန်းကန်ကိုကိုင်ကာ နောက်ထပ်ထည့်ပေးရန် မျှော်နေသည်။သူက ပထမတစ်လုပ်ထဲဖြင့် မဖော်ပြနိုင်သော အရသာဖြင့် ဆွဲဆောင်ခံလိုက်ရသည်။သူက အစပ်စားရခြင်းကိုနှစ်သက်၍ ဤအနှိုင်းမဲ့ဟင်းပွဲ စားရဖြင်းကို ပျော်ရွှင်နေသည်။ထို့ကြောင့် သူက အိုးထဲမှဟင်းကျန်အကုန်လောင်းထည့်နေသော လင်းယောင်ယောင်အား လှမ်းအော်လိုက်သည်။


"ကလေးမစုတ် ငါ့အတွက်လဲပိုချန်ထားပေးဦး"

အဘိုးကြီးချိုက် အပါအ၀င် စုချင်းဟယ်၊ သွေးစပျစ်ပင်နှင့် ကြောင် အားလုံးကအားရပါးရ စားနေကြသည်ကို မြင်လိုက်ရပြီး ဘာေ၀စုမှမရသော မစ္စတာကျန်းက ဒေါကန်လာကာ..."ငါ့အတွက်ဘယ်မှာလဲ"

လင်းယောင်ယောင် ပြန်မဖြေခင်မှာပင် ချိုက်ယူဟုန်က က ပလုတ်ပလောင်းဖြင့်...


"စောနထဲကပြောထားတယ်လေ မင်းကိုအကျိုးသက်ရောက်မှုဘယ်လိုရှိလဲပဲ လာကြည့်ခိုင်းတာ တစ်ခါမှကျွေးမယ်လို့မပြောလိုက်မိပါဘူး.... မင်းရဲ့သုတေသနစခန်းက ဂီနီဝက်တွေကိုတော့ ငါမလိုတော့ဘူးဟေ့"


ကျန်းမှာ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး လူတိုင်းစားနေကြသော်လည်း သူ့မှာ အလွန်မွှေးပျံ့ပျံ့အနံ့သာခံရသည်။ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်လဲ...


"ဗုဒ္ဓဘုရား တံတိုင်းကျော်လာခြင်း" အိုးမှာ အလွန်ကြီးသောကြောင့် လင်းယောင်ယောင် ဖြည်းဖြည်းနှင့် မှန်မှန်လေး ထည့်နေသည်။အဘိုးကြီးချိုက်နှင့် စုချင်းဟယ်တို့ စားသောက်ပြီးသွားသောအခါ သူမ အိုးထဲမှ စွပ်ပြုတ်များ မကုန်သေး၍ အနားကပ်ကာ စိတ်အားထက်သန်စွာကြည့်နေကြသည်။

အထူးသဖြင့် မစ္စတာကျန်း သူ့မျက်နှာနီရဲလာပြီး သူမကိုအသံတိုးတိုးဖြင့် တောင်းပန်နေသည်။


"ကျောင်းသူလေးယောင်ယောင် မနေ့က ငါမှားသွားပါတယ် မင်းအကြောင်းဘာမှမသိပဲ မပြောလိုက်သင့်ဘူး... ငါ့လို အဘိုးကြီးတစ်ယောက်ကို စေတနာမရှိတော့ဘူးလား"


မစ္စတာချိုက်က မစ္စတာကျန်းအား ဤမျှလောက် အလျှော့ပေးအရေးတယူပြောနေသည်ကိုမမြင်ဖူးသောကြောင့် စိတ်ထဲတွင်ကြိတ်ပျော်နေပြီး ခပ်တည်တည်ဖြင့်....


"မင်းဘာတွေပြောနေတာလဲ ငါတို့ ယောင်ယောင် က အရန်ကုထုံးဌာနရဲ့ တပည့်တစ်ယောက်ပဲဟာ မင်းလိုဆေးဝါးကျွမ်းကျင်မာစတာကို ဘာဖြစ်လို့ အရေးပေးရမှာလဲ "


သို့သော် သူက လင်းယောင်ယောင် ဘက်သို့လှည့်ကာ...


"ယောင်ယောင် သူတကယ် စားချင်နေတာပဲ"


မစ္စတာကျန်း စားချင်နေသော်လည်း မစားရသည်ကို မြင်ပြီး စိတ်ကျေနပ်စရာကောင်းသော်လည်း သူက ဟင်းပွဲကိုစားပြီးလျှင် သူ့အမူအယာကို မြင်ချင်မိသည်။ဟင်းက တကယ်ကိုစားကောင်းလွန်းသည်။

ကျန်း၏ တပည့်ကလေးမလေး စုချင်းဟယ်ကပင် ယောင်ယောင်အပေါ် လေးစားရုံတင်မကတော့ဘဲ ရူးရူးမူးမူးကိုးကွယ်မှုပုံစံသို့ ပြောင်းလဲသွားသည်။


မစ္စတာချိုက်၏ စကားကြောင့် မစ္စတာကျန်းကစိတ်မဆိုးဘဲ ပြုံးပြုံးလေးနှင့်

.."ဟုတ်ပါတယ် သမီးလေးရယ် ကျေးဇူးပြုပြီး ငါ့အတွက်လဲ ချန်ထားပေးပါဦး ဖြည့်စွက်စာက အဲ့လောက်ထိ မွှေးမယ်လို့မထင်ထားဘူအစားအသောက်လက်ထောက်ကုထုံးအားလုံး မင်းလိုသာတော်နေရင် ငါတို့ရဲ့ဆေး၀ါးလက်ထောက်ကုထုံးက ဘာမှတောင်အသုံး၀င်မှာ မဟုတ်ဘူး..."


မစ္စတာကျန်းသည် အစားအသောက်ကုထုံးထက် ပိုခေတ်စားသော ဆေးဖက်ဝင်ကုထုံးနှင့်အတူ အချိန်အတော်ကြာ ရာထူးမြင့်အနေအထားတွင်ရှိနေသည်။သူနှင့် ထပ်တူစွမ်းရည်ရှိသော မစ္စတာချိုက်အပေါ် လေးစားမှုရှိသော်လည်း အစားအသောက်ကုထုံးဌာန၏ အရည်အချင်းရှိသူတပည့်အသစ်လင်းယောင်ယောင်အပါအ၀င် ဌာနတစ်ခုလုံးကို အထင်သေးချင်သည်။သူမအကြောင်း တစ်ခါမျှ သူစိတ်မ၀င်စားသော်လည်း မနေ့ကမှ သူ အထင်သေးလိုက်သောကလေးမလေးက သူမအရည်အချင်းနှင့် သူ့အား အနိုင်ယူရန် တစ်ရက်သာအချိန်ယူရလိမ့်မည်ဟု တွေးမထားပေ။


သူမက စုချင်းဟယ်ထက် မြင့်မားမှုအဆင့်ရှိသော ဖြည့်စွက်အစားအစာကို ပြုလုပ်ခဲ့ရုံသာမက အရသာမှာလည်း စားချင်သထက်စားချင်လောက်အောင် ကောင်းလှသည်။ထိုအစားအသောက်တွေ စားရဖို့အတွက် မစ္စတာကျန်း သူ့ဂုဏ်သိက္ခာကို မငဲ့နိုင်တော့ပေ။


လင်းယောင်ယောင်က မစ္စတာကျန်း ဤမျှလောက်ထိ အောက်ကျခံတောင်းဆိုလိမ့်မည်ကိုမထင်ထားသောကြောင့် မျက်နှာပူသွားသည်။ ဒေါသကို အောင့်အီးသည်းခံထားပြီးအနည်းငယ်စိတ်အားငယ်နေပုံရသည်။သူမက ညင်သာစွာဖြင့်...

"မစ္စတာကျန်း ကျွန်မစိတ်ဆိုးနေတာမဟုတ်ပါဘူး ဆရာ အရသာမကြိုက်မှာစိုးလို့ စွပ်ပြုတ်မပေးခဲ့တာပါ"


အဘိုးကြီးကျန်းက ဒီကလေးမလေး စကားပြောအတော်ကောင်းသည်။အချိန်အတော်ကြာအောင်သူ့အား ပစ်ထားသော်လည်း အပြည့်အ၀မျက်နှာသာပေးသောကြောင့် သူက အလျင်အမြန်....


"အရင်ကငါကမျက်စိပဲရှိပြီး အမြင်မရှိတာပါ မကြိုက်စရာဘာအကြောင်းမှမရှိပါဘူး"


ဟင်းဘူး ပြည့်သွား၍ လင်းယောင်ယောင် က ဆက်မထည့်တော့ဘဲ ချန်ပင်းနှင့် ချိန်းထားချိန် ဆယ့်နှစ်နာရီပင်ထိုးခါနီးနေပြီဖြစ်သည်။သူမက အစားအသောက်ဘူးကိုအလုံပိတ်လိုက်ပြီး အာကာသခလုတ်ထဲ ထည့်လိုက်ကာ....


"ကျွန်မ အပြင်သွားစရာလေးရှိနေလို့ အိုးထဲမှာ ဟင်းနည်းနည်းကျန်သေးတယ် ဟိုမှာလဲ ကြက်ဥထမင်းကြော်ရှိသေးတယ် စားသွားလို့ရပါတယ်..."


012က နွယ်ပင်များကို သေချာဆေးကြောပြီး အခြောက်ခံနေ ရာ သခင် ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် အလျင်စလို နောက်သို့လိုက်သွားပြီး သူငယ်ချင်းအသစ် အားပိုင်အားစိတ်မကောင်းစွာ ေ၀ှ့ယမ်းနှုတ်ဆက်နေသည်။အဘိုးကြီးချိုက်က....


"စားဖိုမှူးက သူ့ကိုယ်ပိုင်လက်ရာကို ဘယ်လိုဖြစ်လို့ မမြည်းကြည့်သွားရတာလဲ မင်းအတွက်ချန်ထားလိုက်မယ် ပို့ပြီးရင်ပြန်လာခဲ့"


လင်းယောင်ယောင် ပြုံးလိုက်သည်။မစ္စတာချိုက် က အားမကိုးရသော်လည်း တပည့်ဖြစ်သူသူမအား ပြုစုစောင့်ရှောက်နေဆဲဖြစ်သည်။012 ၏အကိုင်းအခက်များနှင့် အရွက်များကို ထိပြီး ဤနေရာတွင် ဆက်ကစားနေပြီး သူမ မကြာခင် ပြန်လာမည်ဟု ပြောလိုက်သည်။


သူမထွက်ခွာသွားပြီးနောက် အဘိုးကြီးချိုက်က "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" နှင့် ထမင်းကြော်ကို သူမအတွက် ခွဲထားလိုက်သည်... ထို့နောက် အဘိုးကြီးချိုက်၊အဘိုးကြီးကျန်း၊ အားပိုင်၊ သွေးနွယ်ပင် 012 နှင့် နူးညံ့သိမ်မွေ့သူ စုချင်းဟယ်တို့က ဟင်းများအနည်းငယ်သာ ကျန်တော့သည်ကို မြင်လိုက်ရ၍ စတင် လုစားကြတော့သည်။


တစ်ချိန်တည်းမှာပင် ချန်ပင်းက ဟွာနို့ပထမစစ်တက္ကသိုလ်တံခါးဝတွင် ပုံပြင်ဆန်ဆန် "နတ်သမီးလေး" နှင့် တွေ့ဆုံသည်။ကလေးမလေး မျက်လုံးများက အလွန်တောက်ပနေပြီး လာဗင်ဒါဂါဝန်ကို ၀တ်ဆင်ထားသည်။သူမက မျက်နှာ တည်ငြိမ်အေးချမ်းပြီး သွယ်လျလျကိုယ်လုံးဖြင့် ချောမောလှပနေသည်။

သူက ဆက်သွယ်ရေးဖုန်းစာမှတစ်ဆင့် လင်းယောင်ယောင်နှင့်သွားတွေ့မည်ကို သိသွားသော လင်းရွှမ်၏ တောင်းဆိုမှုကို သတိရလိုက်သည်။လင်းယောင်ယောင်နှင့် တွေ့ဆုံမှု ဖြစ်စဥ်တစ်ခုလုံးအား ကင်မရာနှင့်ရိုက်ကူးမှတ်တမ်းတင်လာရန်ဖြစ်သည်။

ချန်ပင်း ချောင်းဟန့်လိုက်ပြီး သူ့ကိုယ်သူ အကျဉ်းချုံးမိတ်ဆက်ပြီးနောက် လာရင်းအကြောင်းကို ပြောလိုက်သည်။


"ဖြည့်စွက်စာတွေ ပြင်ဆင်လာပြီလား"


လင်းယောင်ယောင် ခေါင်းညိတ်လိုက်ပြီး အာကာသခလုတ်ထဲမှ ထုတ်ကာ သူ့ဆီပေးလိုက်သည်။


"အများကြီး ပြင်ဆင်လာတာ သုံးရက်လောက်တော့ လုံလုံလောက်လောက် စားလို့ရတယ် သူတစ်ယောက်ထဲ စားလို့ကုန်မှာမဟုတ်ဘူး သူနဲ့အတူ နည်းနည်းစားကူလိုက်ပါဦး"


ချန်ပင်း မျက်လုံးများ ချက်ချင်း လက်လာပြီး... "လင်းရွှမ် မင်းလိုညီမလေးရှိတာတကယ်ကိုကံကောင်းတာပဲ ယောင်ယောင်လေး"


လင်းယောင်ယောင် က ပြုံး၍..."ညီမလုပ်ထားတာတွေက အဲ့လောက်အရသာသိပ်မရှိဘူး အကိုစားမယ်ဆို ညီမအစား လင်းရွှမ် ကို ပြုစုစောင့်ရှောက်ပေးပါ သူ့စိတ်စွမ်းအင်ဒဏ်ရာ မသက်အသာမချင်း အသုံးမပြုခိုင်းပါနဲ့"

ချန်ပင်း ကအားလျော့သွားသောမျက်နှာဖြင့် "ဒါအစ်ကိုဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး..လင်းရွှမ်ကလည်း တမင်တကာသုံးခဲ့တာမဟုတ်ဘူး....အကုန်လုံးကတိုက်ပွဲအတွက်ပဲလေ..."


သူမ၏တောင်းဆိုချက်မှာ အပြည့်အ၀လက်ခံ၍ မရသည်ကို လင်းယောင်ယောင် လည်းသိသောကြောင့် ဒုတိယအခွင့်အရေးကိုယူကာ...


"ဒါဆိုလဲ သူ အန္တရာယ်ကြုံရင်ဖြစ်ဖြစ် မတော်တဆဖြစ်ရင်ပဲဖြစ်ဖြစ် မစ်ရှင်က ခွင့်ပြုပေးရင် ကျေးဇူးပြုပြီး ညီမကို တိတ်တဆိတ်မက်ဆေ့ချ်ပို့ပေးပါလား"

ချန်ပင်း ကလေးမလေးအား လေးလေးနက်နက်စိုက်ကြည့်ကာ... "ဒါတော့ လုပ်ပေးလို့ရပါတယ်"


'လင်းရွှမ် သဘောတူရင်ပေါ့'


သို့သော် လင်းရွှမ် လုံးဝ သဘောတူမှာမဟုတ်... သူ အရူးမှတာ...


ဤမောင်နှမဆက်ဆံရေးသည် လင်းရွှမ် အထင်မှားနေခြင်းထက် အမှန်တကယ်စည်းကျော်လာသော မျှော်လင့်ချက်အချို့ရှိနေပုံရသည်။လင်းယောင်ယောင် က ချန်ပင်း၏ စူးစမ်းနေသောမျက်လုံးများကြောင့် နေရခက်လာသည်။ သူမနှင့် လင်းရွှမ်ကြားကိစ္စကို လက်ထောက်ဖြစ်သူက ရိပ်မိနေသလိုပင်။လင်းရွှမ်က သူမ တောင်းဆိုမှုကို ခုမှသိတာလဲဖြစ်နိုင်သည်။

သူမ၏ မဖော်ပြရဲသောမိန်းကလေးတစ်ယောက်ခံစားချက်များကို အပြင်လူတစ်ယောက် သတိထားမိနေခြင်းက သေချင်လောက်အောင် ရှက်စရာကောင်းလှသည်။


လင်းရွှမ် ဤကိစ္စမျိုးကို ဘာကြောင့် သူ့လက်ထောက်အား ပြောပြရတာလဲ....


လင်းယောင်ယောင် ရှက်သွေးဖြာနေပြီး မျက်နှာထားတင်းတင်းဖြင့်.... "မပို့ပေးနိုင်ရင်လဲ ကိစ္စမရှိပါဘူး သူသေသွားရင် တခြားယောက်ျားတွေရှိပါသေးတယ်"


စကားပြောအပြီး လင်းယောင်ယောင် လှည့်ထွက်သွားသည်။


ချန်ပင်း:...


ချန်ပင်းက သူ့ သူငယ်ချင်းဘော့စ် ကောင်မလေးအား နတ်သမီးလေးဟု ချစ်စနိုးနာမည်ပြောင်ပေးထားသည့် အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွားသည်။သူမ မျက်နှာက စာအုပ်တစ်အုပ်ထက်ပင် ဖတ်ရလွယ်နေသည့်အပြင် သူမ၏ အပြုအမူများကလည်း သိသာလွန်းနေသည်။


လင်းယောင်ယောင် အစားအသောက်ကုထုံးသုတေသနစခန်းသို့ ပြန်ရောက်သောအခါ အဘိုးကြီးချိုက်၊အဘိုးကြီးကျန်း၊စုချင်းဟယ်တို့အပြင် သွေးစပျစ်ပင် 012 နှင့် နှင်းခြေလှမ်းကြောင် အားပိုင်တို့က ဟင်းနှင့် ထမင်းကြော်အားလုံး အိုးထဲတွင် ဘာမျှ မကျန်အောင်စားပစ်လိုက်သည်။ ကံကောင်းစွာဖြင့် အဘိုးကြီးချိုက် လင်းယောင်ယောင်အတွက် စောစောစီးစီး ချန်ထားပေး၍သာ....စားပြီး၍ မသွားကြသေးဘဲ လင်းယောင်ယောင် ပြန်လာမှ ချီးကျူးစကားများ ထုတ်ဖော်ပြောရန် စောင့်နေကြသည်။ထို့အပြင် သူတို့က ဗိုက်မပြည့်ကြသေး၍ နောက်ထပ်နေ့လည်စာထပ်စားရလျှင် ပိုကောင်းလိမ့်မည်။


အစက လင်းယောင်ယောင်ကို အထင်သေးမိသော မစ္စတာကျန်းမှာ ယခုတော့ "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ၏ အနှိုင်းမဲ့အရသာဖြင့် လုံး၀ ရုန်းမထွက်နိုင်တော့ပေ။သူက အဘိုးကြီးချိုက်ကို အမြင်ကတ်မိသည်။ဤသို့ အလွန်ထက်မြက်ပြီး ဟင်းချက်ကျွမ်းကျင်သော တပည့်ကို ဘယ်လိုများရှာတွေ့တာပါလိမ့်....


လင်းယောင်ယောင်၏လျှို့ဝှက်ရှေးဟောင်း တရုတ်အစားအစာလက်ရာသည်အမှန်တကယ် အံ့ဩဖွယ်ကောင်းလှသော်လည်း ဖြည့်စွက်စာ ကုထုံးမှာ အလွန်ထိရောက်မှု မရှိလှပေ။သို့သော်လဲ လူအများစုက အငမ်းမရစားကြလိမ့်မည်ဖြစ်သော်ကြောင့် ဖြည့်စွက်ကုထုံးအကျိုးသက်ရောက်မှုကို သိပ်ထည့်တွက်စရာမလိုတော့ပေ။


သူမက အရန်ကုသရေးအကျိုးသက်ရောက်မှု၏ အဓိကအာနိသင်ဖြစ်စေရန် "ဗုဒ္ဓဘုရားတံတိုင်းကျော်လာခြင်း" ဟင်းပွဲထဲတွင် စိတ်စွမ်းအင်ဆိုင်ရာ ဆေးဖက်ဝင်အနှစ်သာရများစွာကို ထည့်သွင်းခဲ့သည်။

ကျန်းက ဤဟင်းသည် အလွန်ကောင်းသော ဆေးဖက်ဝင်အစားအစာဖြစ်ကြောင်းသဘောပေါက်ပြီး အရသာရှိစွာ အများအပြားစားလိုက်သည်။

ပို၍အရေးကြီးသည်မှာ လင်းယောင်ယောင်၏ အရည်အချင်းတိုးလာလျှင် ဟင်းပွဲတွင် ပါဝင်ပစ္စည်းများကို အဆင့်မြင့်စိတ်စွမ်းအားဖြင့်စီမံဆောင်ရွက်နိုင်သည်။ထို့ကြောင့်ဟင်း၏ စိတ်စွမ်းအင် ကုသရေးအကျိုးသက်ရောက်မှုအဆင့်မှာလဲ အကန့်အသတ်မရှိ တိုးမြင့်လာနိုင်ချေရှိသည်။


သို့ဖြစ်၍ လင်းယောင်ယောင် ပြန်ရောက်လာသည်နှင့် မစ္စတာကျန်းက မနေနိုင်တော့ပဲ စပ်စုကြည့်လိုက်သည်... "ကလေးမလေး ယောင်ယောင် မင်းက ဆေးသုတေသနမှာလဲ တော်တာပဲ အစားအသောက်ကုထုံးကို သင်ရင်း ငါနဲ့ ဆေးအရန်ကုထုံးပါ လာသင်ပါလား"




xxxxx

Ei Thet Hmue