အခန်း၆၀
Viewers 8k

Chapter 60

(လင်းရွှမ်၏စိတ်ရောဂါ)



မူလက စုချင်းဟယ်ကို ကျောင်းသားသစ်များကြားတွင် အထူးချွန်ဆုံးတပည့်အဖြစ် လက်ခံခဲ့ပြီး အရေးပါကျောင်းသူတစ်ဦးဖြစ်သည်။ ယခုတွင် သူက လင်းယောင်ယောင်၏ အရန်ကုထုံး အစားအစာ/ဆေးဝါးများ စားသုံးပြီးနောက်ထပ် တပည့်တစ်ဦး လိုချင်လာသည်။အဘိုးကြီးချိုက်အားလဲ သူမ ဆရာအဖြစ် ဆက်လက်ဆည်းပူးနိုင်ပြီး သူ့အကြံကို သူမ လက်ခံနိုင်လောက်သည်။


အကယ်၍ အဘိုးကြီးကျန်းက လင်းယောင်ယောင် မဟုတ်ပဲ အခြားသူများကို တပည့်အဖြစ်လက်ခံလိုက်လျှင် စုချင်းဟယ် မကျေမနပ်ဖြစ်ကာ စိတ်အဖုအထစ်ဖြစ်လာနိုင်သည်။ဘယ်သူကမှ မိမိအားကြိုးမာန်တက်ရှာဖွေထားသော သုသေသနအား လုယူသွားမည်ကို ကြိုက်မည်မဟုတ်...


အစက စုချင်းဟယ်မှာ လင်းယောင်ယောင်အပေါ် အာရုံစူးစိုက်ခံလိုမှု ၊ချီးကျူးခံရမှု နှင့် သင်ယူခြင်းနယ်ပယ်တွင် ပြိုင်ဘက်တစ်ယောက်အဖြစ်သာ မှတ်ယူထားသည်။ယခုတွင်မူ ဟင်းပွဲကြောင့် အစားအထောက်ကုထုံးအပေါ် အနည်းငယ်စိတ်၀င်စားနေပြီး လင်းယောင်ယောင်၏ အသဲစွဲပရိသတ်တစ်ဦးဖြစ်လာသည်။သူမ၏ မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့်တောက်ပနေပြီး လင်းယောင်ယောင် သာ သဘောတူလျှင် ရှေ့လျှောက် သူမနှင့်အတူသင်ယူလေ့လာပြီး ရင်းနှီးလာနိုင်ခွင့်ရှိမည်။


"ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း"မှာ မစ္စတာကျန်းအားဒူးထောက်စေပြီး အဖေ ခေါ်ရလောက်သည်အထိအရသာမကောင်းသော်လည်း လင်းယောင်ယောင်ကို လိုလိုလားလား တပည့်အဖြစ် ဦးညွှတ်အသိအမှတ်ပြုစေသည်။ဤအဖြစ်မျိုးတစ်ခါမျှမကြုံဖူးပေ။

အဘိုးကြီးချိုက်က ပြုံး၍ ကြိမ်းမောင်းလိုက်သည်။


"ဒီအဘိုးကြီးကျန်းကတော့ ငါ့ရှေ့မှာတောင် ငါတို့ယောင်ယောင်လေးကို လုသွားချင်နေတာပဲ တကယ်တမ်း ယောင်ယောင်လေး ဆေးပညာတတ်ချင်ရင် ငါလည်း သင်ပေးလို့ရတယ်ကွ"

သူ့စကားများမှာ ပြင်းပြင်းထန်ထန်ကန့်ကွက်နေသော သဘောမရှိချေ။သူက ဆေးဝါးကုထုံးတွင် မာစတာအဆင့်သာ ရှိသေးပြီး သူ၏ နားလည်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းသည် မဟာအဆင့် အဘိုးကြီးကျန်းလောက် အရည်အချင်းကောင်းများမရှိပေ။အဘိုးကြီးကျန်းကသာ လင်းယောင်ယောင်အား သင်ပေးလိုစိတ်ရှိလျှင် သူမအတွက် ဆေးပညာနှင့် အစားအသောက်ကုထုံးလမ်းကြောင်းအပေါ် ပိုမိုအထောက်အကူဖြစ်စေလိမ့်မည်။သို့သော်လဲ တစ်ကိုယ်ကောင်းဆန်စွာဖြင့် သူ့တပည့် လင်းယောင်ယောင်အပေါ် မစ္စတာကျန်း ယခင်ကအထင်သေးဆက်ဆံခဲ့ပုံကြောင့်သိပ်တော့ဘဘောမတွေ့လှပေ။


လင်းယောင်ယောင် ချိုသာသောအပြုံးဖြင့် ငြင်းဆိုလိုက်သည်။

"မစ္စတာကျန်း....ဆေးပညာမှာ ဆရာ့ရဲ့ အောင်မြင်မှုတွေက အလွန်အထင်ကြီးစရာ ကောင်းပြီး အစွမ်းထက်တာကြောင့် ကျွန်မ အရည်အချင်းနဲ့ သင့်တော်မှာမဟုတ်ပါဘူး ဆေးဝါးဖြည့်စွက်စာတွေကို ချက်ပြုတ်တယ်ဆိုတာ ဆေးဝါးက အထောက်အကူတစ်ခုအနေနဲ့ပါ အားလုံးက အစားအသောက်ကုထုံးရဲ့ အကျိုးသက်ရောက်မှုအတွက်ပါပဲ ဆရာ့နောက်လိုက်ပြီး ဆေးကုထုံးကို လေ့လာလိုက်မယ်ဆိုရင်အစားအသောက်ကုထုံးမှာ ကျွန်မအရည်အချင်းတွေ တိုးတက်လာတော့မှာမဟုတ်ပါဘူး ဘာမှမတတ်တဲ့တပည့်တစ်ယောက်ဖြစ်တုန်းက ကျွန်မကို ခေါ်သွားချင်ရင် အစွမ်းကုန်စိတ်ပါလက်ပါ သင်ပေးမှရမယ်လို့ မစ္စတာချိုက်ကို မချေမငံပြောခဲ့ဖူးတယ် တပည့်ဖြစ်လာပြီဆိုတော့ သူ့လိုပဲ သဘောထားပြီး ပြန်ဆက်ဆံသင့်တယ်လို့ထင်ပါတယ် ကျွန်မ တခြားဆရာဆီသွားမှာမဟုတ်ပါဘူး နောက်ပြီး ဆရာကလဲ စုချင်းဟယ်ကို ကောင်းကောင်းသင်ပေးထားတာပါ နောင်တစ်ချိန်ကျရင် ဆေး၀ါးကုထုံးမှုမှာ သူက အတိုင်းအဆမရှိအောင်မြင်မှာ သေချာတယ် အစားအသောက်ကုထုံးက ကျွန်မထက်တောင် တော်ချင်တော်နေဦးမယ်"


ဆရာများသည် လမ်းကြောင်းဖော်ပေးပြီး လေ့ကျင့်မှုမှာ ကိုယ်ကိုယ်တိုင်ပေါ်တွင်မူတည်၍ ဆရာ၏ အခန်းကဏ္ဏက အရံမျှသာဖြစ်သည်။အရေးကြီးဆုံးအချက်မှာ အရန်ကုထုံးပညာကိုလေ့လာရာတွင် ကိုယ်ပိုင်ကျွမ်းကျင်မှုကိုသာ အားကိုးမှရမည်။လင်းယောင်ယောင် သဘောထားက လက်ရှိလူများ၏ စိတ်ခံစားချက်အပေါ် ထည့်သွင်းစဉ်းစားပေးပြီး အဘိုးကြီးကျန်းအား အရှက်မရစေသလို အဘိုးကြီးချိုက်ကိုလဲ စိတ်မကောင်းမဖြစ်စေခဲ့ပေ။အဘိုကြီးကျန်း၏ တပည့်လောင်း စုချင်းဟယ်ကပင် အခိုင်အမာ ထောက်ခံခဲ့သည်။


မစ္စတာချိုက်မှာ ရင်ထဲထိသွားပြီး ဘာစကားမှပင်ပြောမထွက်တော့ချေ။ဒီတပည့်ကို သင်ကြားပျိုးထောင်လာခြင်းက မှန်ကန်သောလုပ်ရပ်ပါလား....


မစ္စတာကျန်းက နှမြောကာစိတ်မကောင်းဖြစ်သွားသော်လည်း နားလည်သော အပြုံးဖြင့် လင်းယောင်ယောင်အား နောင်တွင် မစ္စတာချိုက် မဖြေရှင်းပေးနိုင်သော ပြဿနာတစ်ခုခု ကြုံတွေ့ရပါက သူ့ထံ အချိန်မရွေး မေးနိုင်သည်ဟု ပြောခဲ့သည်။စုချင်းဟယ်မှာ ၀မ်းနည်းနေသော်လည်း သူမ၏မျက်လုံးများက ကြည်လင်နေသည်။ လင်းယောင်ယောင် သူမအပေါ် ဤမျှလောက်စံနှုန်းမြင့်မြင့်ထားလိမ့်မည်ဟု မထင်ထား၍ အနည်းငယ်ရှက်သွားပြီး...


"မင်းရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ယောင်ယောင် ငါပိုကြိုးစားပါ့မယ်"


လင်းယောင်ယောင်သည် "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ဟင်းပွဲတစ်ပွဲထဲဖြင့် ဆေးဝါးပညာရှင်အဘိုးကြီးကျန်း၏ သဘောထားနှင့်အပြုအမူကို ဤမျှ ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။သူမ အပေါ် များစွာ အမြင်ကြည်လာသည့်အပြင် အလွန်လှပကျော့ရှင်းပြီး တည်ငြိမ်သောအမူအရာနှင့် သူရဲကောင်းမလေး စုချင်းဟယ်ကပင် ယခုအခါ ကလေးတစ်ယောက်ကဲ့သို့ချစ်စဖွယ်ကောင်းသော အကြည့်များအဖြစ်ပြောင်းသွားသည်။


'ဒါက မျှော်လင့်ထားတာထက်တောင် ပိုနေပါလား ဟေး'


စူပုပ်နေသောသွေးစပျစ်နွယ်ပင် 012 ကသူငယ်ချင်းဖြစ်သူ အားပိုင်နှင့်အတူ သူမဆီ ရောက်လာသည်။012 က စပျစ်နွယ်ပင်များကို ဆန့်ထုတ်လိုက်ပြီး သူမ လက်ကို ရိုက်လိုက်ပြီး...


"သခင် ကလေးက ဗိုက်ဆာနေသေးတယ် အရသာရှိတဲ့အစာ ချက်ပေးဖို့ ခုအားပြီလား"


အားပိုင်ကလဲ သူမ၏ ခြေဖဝါးများကို လှည့်ပတ်၍ အမွေးနုသေးသေးလေးဖြင့် ပွတ်သပ်နေကာ "မြောင်..." ဟု မျက်နှာငယ်လေးဖြင့် ညည်းလိုက်သည်။သူမ ကြောင်စကား နားမလည်သော်လည်း အရသာရှိသော အစားအစာတောင်းနေသည်ကို သိလိုက်သည်။


012 က ဘာသာပြန်ပေးသည်... "အားပိုင်က အခုပဲ ငါးနဲ့စွပ်ပြုတ်စားချင်လို့တဲ့..."


သူမက ရယ်မောကာ... "ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း" ရဲ့ ပစ္စည်းတွေက ကုန်သွားလို့ ထပ်လုပ်ရင် အရမ်းကြာမှာ လွယ်တာတစ်ခုပဲ ငါချက်ပေးမယ် "


လင်းယောင်ယောင် က အစားအသောက်အကြောင်းပြောသည့်အသံကြားသောအခါ အဘိုးကြီးချိုက်၊ အဘိုးကြီးကျန်းနှင့် စုချင်းဟယ်တို့၏ အားကိုးတကြီးအကြည့်များက အလျင်အမြန် သူမထံရောက်လာသည်။

သူမက... "ပုံမှန်အစားအစာပဲချက်မှာ ဖြည့်စွက်စာမဟုတ်ဘူး ကြိုက်တယ်ဆိုရင်လဲ အတူတူစားကြတာပေါ့"


မနေ့က သူမ ဟင်းပွဲအတွက် ဟင်းရည်အိုးကြီးလုပ်ထားသဖြင့် ဟင်းရည်များအများကြီးကျန်နေ၍ အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး ဟော့ပေါ့ လုပ်စားရန် ပြင်ဆင်လိုက်သည်။ပါဝင်ပစ္စည်းများကို လျင်မြန်စွာ လုပ်ဆောင်ရန် ဉာဏ်ရည်ထက်မြက်သောစက်ရုပ်အား သူမ ညွှန်ကြားလိုက်သည်။ထို့နောက် သူမက အဓိကဟင်းရည်ကို ကြည်လင်သောဟင်းရည်၊ အစပ်ဟင်းရည်နှင့် အရသာများစွာပါသော အထူးဟင်းခတ်အနှစ် အဖြစ်ပြုလုပ်သည်။ဟော့ပေါ့တစ်ခု၏ အထူးခြားဆုံးအချက်မှာ အဓိကဟင်းရည် ဖြစ်ပြီး လတ်ဆတ်သောပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အနှစ်များဖြစ်သည်။ သုံးမျိုးလုံး အဆင်ပြေနေလျှင် သေချာပေါက်အရသာရှိသည်။ယခင်အရသာ "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" နှင့် မယှဉ်နိုင်သော်လည်း နာမည်ကြီး ကြယ်ငါးပွင့်စားဖိုမှူး ဟင်းပွဲအရသာလောက် ဆိုးမည်မဟုတ်ပေ။


စုချင်းဟယ်က သူ့ idol နှင့်ဟော့ပေါ့စားရသဖြင့် တိမ်တွေပေါ်မျောလွင့်နေသကဲ့သို့ ကြည်နူးနေသည်။

သူမ စားလို့မပြီးခင်မှာပင် မနေနိုင်တော့ဘဲ လင်းယောင်ယောင်နားကပ်ကာ တိုးတိုးပြောလိုက်သည်။


"ကျောင်းသူလေး ယောင်ယောင် နင်နဲ့ သူငယ်ချင်းဖြစ်လို့ရလား”


လင်းယောင်ယောင် ပြန်မဖြေခင်မှာ မစ္စတာချိုက်က စနောက်လိုက်သည်။

"ကလေးမလေး နောက်ကျ နင်ချက်တဲ့ဟင်းခဏခဏလာစားလို့ရလားလို့ မေးချင်နေတာမလား ဟားဟားဟား..."


စုချင်းဟယ် ကမန်းကတမ်း ခေါင်းခါလိုက်ပြီး...


"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ယောင်ယောင် ချက်တာတွေက စားကောင်းပေမယ့် သူ့သူငယ်ချင်းတွေကို ကျွေးဖို့ တာဝန်မရှိဘူးလေ ဒီနှစ်ခုက မတူဘူး"


ထိုစကားကြောင့် လင်းယောင်ယောင် စုချင်းဟယ်အပေါ် ပိုမိုခင်မင်လာသည်။


"သူငယ်ချင်းဖြစ်လို့က ရပါတယ် ဒါပေမယ့် မကောင်းတာတစ်ခု ငါကြိုပြောမယ် သူငယ်ချင်းတစ်ယောက်အနေနဲ့ ၀ါသနာမတူတာတွေ ယောက်ျားတွေ ကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ စိတ်၀မ်းမကွဲဘူးလို့ ငါမျှော်လင့်တယ်"

တစ်ချိန်က ယန်ရိဖေးမှာ သူမ၏ အကောင်းဆုံးသူငယ်ချင်းဖြစ်ခဲ့သော်လည်း ရှောင်ကျန်း ကြောင့် စိတ်၀မ်းကွဲခဲ့ရသည်။သူမနှင့် စုချင်းဟယ်အကြားတွင် ရှောင်မင် လည်းရှိသေးသည်။


ရှောင်မင်က ဘာမှမစလိုက်ရခင် သူမအတွက် အတိတ်တစ်ခုဖြစ်သွားသော်လည်း စုချင်းဟယ် နှင့် ရှောင်မင်တို့မှာ တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးနေသည်။မူရင်းဝတ္ထုတွင် သူတို့နှစ်ယောက်ဆက်ဆံရေးအကြား ဇာတ်ကောင်က ဒေါသကြီးသောအနှောင့်အယှက်ဖြစ်ခဲ့သောကြောင့် လွယ်လွယ်နှင့်အေးစက်သွားရသည်။ဇာတ်ကောင်၏ စရိုက်သည် မိုးရွာသောအခါ တိုက်ခတ်လာသော လေနှင့် တူသည်။ရှောင်မင်နှင့် စုချင်းဟယ်တို့ တစ်ယောက်နှင့်တစ်ယောက် နည်းနည်းလောက်စကားစမြည်ပြောနေကြသည်ကိုမြင်လျှင် စုချင်းဟယ် အား သူမ၏ ရည်းစားလုဖက်အဖြစ်သတ်မှတ်ကာ စုချင်းဟယ်အပေါ် ရန်ငြိုးထားအနိုင်ကျင့်ကာ အရှက်ခွဲခဲ့သည်။ထို့ကြောင့် ရှောင်မင်က အပြစ်ရှိသလို ခံစားရ၍ စုချင်းဟယ်နှင့် ပြန်အဆင်ပြေချင်လေလေ သူတို့နှစ်ယောက် ပိုရင်းနှီးလေလေဖြစ်လာသည်။


သို့ဖြစ်၍ ယခုအခါ လင်းယောင်ယောင် သူတို့နှစ်ဦးဆက်ဆံရေးကြား ပါဝင်ပတ်သက်မည်မဟုတ်၍ သူတို့နှစ်ယောက် အတူရှိနေလျှင်လဲ သူမနှင့် ဘာမျှမဆိုင်ပေ။စုချင်းဟယ်က သူမ၏ သွယ်လျသော လက်ကို ဆန့်ထုတ်လိုက်ပြီး ပြုံးလိုက်ကာ...

"ဘယ်တော့မှမဖြစ်စေရဘူး"


လင်းယောင်ယောင် ၏ လက်သေးသေးလေးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆန့်ထုတ်နေချိန်သူမ၏လက်ကို စုချင်းဟယ်က ချက်ချင်း ဆွဲကိုင်လိုက်သည်။မထင်မှတ်ဘဲ သူမနှင့် မူရင်းဝတ္ထုထဲက သူရဲကောင်းမလေးတို့ အမှန်တကယ် သူငယ်ချင်းဖြစ်လာသည်။ သူမက စုချင်းဟယ်အပေါ် စိတ်ရင်းမဟုတ်သေးသော်လည်း သူငယ်ချင်း သို့မဟုတ် ပေါ့ပေါ့ပါးပါး မိတ်ဆွေဖြစ်ရလျှင်လဲ အကျိုးမယုတ်လှပေ။ရန်သူဖြစ်နေခြင်းထက် အများကြီးသာသည်။


ဤမြင်ကွင်းကို လေးနက်သောအမူအရာဖြင့် ဆရာနှစ်ယောက်ဖြစ်သူ မစ္စတာချိုက်နှင့် မစ္စတာကျန်းတို့က ထူးဆန်းစွာကြည့်နေကြသည်။မစ္စတာချိုက်က သူ့ရဲ့ ဆိတ်ကို ပွတ်သပ်လိုက်ပြီး....


"စောနကငါတို့ခေါ်လာတဲ့ တပည့်မလေးတွေက တစ်ယောက်ကိုတစ်ယောက် မကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်ပြီး ငါတို့နှစ်ယောက်ထက်တောင် ပိုရန်ဖြစ်ချင်နေကြတာ ဒီကလေးနှစ်ယောက် သူငယ်ချင်းဖြစ်လာမယ်လို့ မထင်ထားဘူးဟေ့"


အဘိုးကြီးက ညင်သာစွာပြုံးပြီးပြောသည်..


"သူငယ်ချင်းဖြစ်တာက ရန်သူတွေလို သူတို့ကို မထိခိုက်စေဘူး မင်းလည်း ငါ့နောက်လိုက်လို့ ငါတို့ အတူတူ တိုးတက်ခဲ့တာလေ"


---


တစ်ဖက်တွင် လင်းရွှမ်က လုံးဝတိတ်ဆိတ်နေသော သီးခန့်အခန်းထဲမှာ ရှိနေပြီး မြူးကြွသောတေးဂီတ ဖြည့်စွက်ကုထုံးကို ခံယူနေသော်လည်း သူ့နှလုံးသား ပို၍ပို၍ တုန်လာသည်။ချန်ပင်းမကြာခင်ပြန်လာတော့မည့်အကြောင်းတွေးလိုက်လျှင် စိတ်ကပို၍ပင် အတက်အကျဖြစ်လာပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲပတ်ဝန်းကျင်ရှိ ပစ္စည်းတချို့ကို လွင့်ပစ်ကာဖျက်စီးပစ်နေသည်။ဤအခြေအနေမျိုးတွင် လူအများစုမှာ စိတ်စွမ်းအင်ရူးသွပ်မှု ကြောင့် ခေါင်းပေါက်ထွက်မတတ် နာကျင်ခံစားရသည်။


သူ့တွင် ဆင်ခြင်တုံတရားနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းအနည်းငယ်ရှိနေပြီး လူ သို့မဟုတ် အလေးထားသောအရာများကို မတိုက်ခိုက်ရန် မိမိကိုယ်ကို ထိန်းထားသော်လည်း စိတ်ထဲတွင် ထိုအရာများအား ဖျက်ဆီးလိုသောဆန္ဒကို အပြည့်အ၀ မလွန်ဆန်နိုင်သေးပေ။လင်းရွှမ် ဤသို့ဖြစ်နေခြင်းမှာ ကုသပေးနေသောဆရာဝန်က သူ့အား ဆက်သွယ်ရေးကိရိယာ မပေးသောကြောင့် ဖြစ်သည်။


စိတ်ရောဂါအခြေအနေတွင် လင်းရွှမ်၏ ဆင်ခြင်နိုင်သော အသိစိတ်မှာ အလွန်နည်းနေပြီး မိသားစုနှင့် သူငယ်ချင်းများကို မပြောသင့်တာ တစ်ခုခုပြောမိလျှင် သို့မဟုတ် တစ်ခြားသူများကြောင့်အလွန်အမင်း စိတ်ထိခိုက်မိပါက သွေးရူးသွေးတန်း ဖြစ်လာနိုင်သည်။လင်းရွှမ်က တံခါးကို လက်သီးနှင့် အားကုန်ဆောင့်ထိုးလိုက်ပြီး မျက်နှာကျက်ပေါ်ရှိ ကိုယ်ပျောက်မော်နီတာကိုအော်ကာ...

"ချန်ပင်း ဘာလို့ ပြန်မလာသေးတာလဲ အလင်းအရှိန်နဲ့ ခုန်ပြီး နောက်ပြန်လှည့်လာလို့ ငါပြောထားတယ်မလား"


ပေါင်းစပ်သတ္တုတံခါး၏တိမ်ပိုင်းအမှတ်အသားတစ်ခုကျိုးသွားပြီး သူ့လက်သီးမှ သွေးများ စီးကျလာသည်။

သူ့ကို စိုက်ကြည့်နေသော ဆရာဝန်က 108 ကြိမ်မြောက် နှစ်သိမ့်ရုံကလွဲ၍ ဘာမျှမတတ်နိုင်....


"ဗိုလ်ချုပ်လင်း ဗိုလ်မှူးချန် ခဏနေလာတော့မှာပါ နည်းနည်းလောက်ပဲစောင့်ပါ..."


ပြောလဲပြော လင်းရွှမ်၏လက်ဒဏ်ရာကို ဆေးထည့်ပေးရန် ဆေးစက်ရုပ်ကို အနားကပ်စေလိုက်သည်။


လင်းရွှမ်က ဒဏ်ရာသေးသေးလေးကို ဂရုမစိုက်ဘဲ ဆက်လက်သောင်းကျန်နေသဖြင့် ဆရာဝန်က သူ့အားနည်းချက်ကို ဆွဲထုတ်လိုက်မှ အမြန်ငြိမ်သက်သွားသည်။


" ဗိုလ်ချုပ်လင်း ကိုယ်နာကျင်တာကိုဂရုမစိုက်ရင်တောင် ဗိုလ်ချုပ်ကို အမြဲတမ်းစိတ်ပူနေတဲ့မိသားစုကို တွေးကြည့်လိုက်... ဗိုလ်ချုပ်နာကျင်နေတာတွေ့ရင် သူတို့ စိတ်ချမ်းသာပါ့မလား"


လင်းရွှမ် သူ့အသိစိတ်ကိုမထိန်းချုပ်နိုင်သော်လည်း တွေးခေါ်နိုင်စွမ်းရှိသေးသည်။သူ့မိဘတွေက ဒဏ်ရာအသေးစားအတွက် စိတ်ပူနေမည်မဟုတ်၊သူ့အဖေ တပ်သားကြာပွတ်ဖြင့်နောက်ကျောကို အရေပြားနှင့် အသားများ ကွာသည်အထိရိုက်တုန်းကပင် သနားညှာတာမှုမရှိပေ။ဤသို့ အရေပြားဒဏ်ရာသေးသေးလေးကြောင့် စိတ်ဆင်းရဲ ခံစားနေမည့် တစ်ဦးတည်းသော သူမှာ အပေါက်ဆိုးဆိုးမိန်းကလေး တစ်ဦးသာ ဖြစ်သည်။လင်းရွှမ်က စိတ်မရှည်တော့ဘဲ....


"ဒီဆူညံတဲ့ အရန်ကုထုံးသီချင်း ငါ့ကိုပိတ်ပေးစမ်း အသုံးမဝင်ဘူး ငါ့ကိုလူသတ်ချင်လာအောင်လုပ်နေတာ"


ချန်ပင်းက ထိရောက်မှုရှိသော ဖြည့်စွက်အစားအစာများနှင့်အတူ ပြန်လာတော့မည်ကို သတိရလိုက်၍ အရန်ကုထုံးဂီတ၏ အားနည်းသောအကျိုးသက်ရောက်မှုကို လုံးဝဂရုမစိုက်တော့ပေ။လင်းရွှမ် တကယ်လူသတ်မည်ကို ဆရာဝန်က ကြောက်သောကြောင့် အမြန်ရပ်လိုက်သည်။

ဆေးစက်ရုံ လင်းရွှမ်၏လက်ဒဏ်ရာကိုပတ်တီးစည်းပေးပြီးသည်နှင့် တစ်ပြိုင်နက် ချန်ပင်းပြန်ရောက်လာသည်။


နောက်ဆုံးတော့ ဆရာဝန်က သက်ပြင်းချနိုင်ပြီး အသက်၀၀ရှုနိုင်တော့သည်။ ချန်ပင်းအား လင်းရွှမ်သည် စိတ်ခံစားချက် ထိန်းမနိုင်သိန်းမနိုင်ဖြစ်နေကာ သူ့ကို ထိခိုက်နိုင်သောကြောင့် သီးသန့်ခန်းထဲသို့ မဝင်မီ အကာအကွယ်အဝတ်အစားများ ၀တ်သွားရန် ပြောခဲ့သည်။ချန်ပင်းက လက်ခါလိုက်ပြီး ပြုံးကာပြောသည် ။


"ဘာမှမဖြစ်ဘူး ကျွန်တော် သူရူးနေတာပြန်ကောင်းလာဖို့ အထူးဆေး ယူလာတယ်ပထမတစ်ပိုင်းပဲ အရင်ပေးဦးမယ် သူကျွန်တော့်ကိုရိုက်ရဲရင် ကျန်တာဘာမှပေးမှာမဟုတ်ဘူး"


လင်းရွှမ်က ချန်ပင်း၏ ပြုံးစစမျက်နှာထားကြောင့် သူ့ကို ထိုးချင်လာသည်။သို့သော် ချန်ပင်းလက်ထဲရှိ ရိက္ခာဘူးကို မြင်လိုက်ရ၍ သူ စိတ်လျော့ကာ ဆုပ်ထားသောလက်သီးကို ဖြေလိုက်ပြီး လက်ထဲမှ ရိက္ခာဘူးကို ဆွဲယူလိုက်သည်။လင်းရွှမ် အခန်းအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ရှုပ်ပွနေသဖြင့် သူက ကြမ်းပြင်ပေါ်တွင်ထိုင်ချကာ အထုပ်ကိုဂရုတစိုက်ဖွင့်၍ အစားအသောက်ဘူးများကို တစ်ခုချင်းစီ ထုတ်လိုက်သည်။


အေးစက်စက်မျက်နှာထားနှင့် ချောမောသော ယောက်ျားက ကြမ်းပြင်ပေါ်တွင် ထိုင်ကာ နှုတ်ခမ်းပေါ်တွင်ပြုံးရိပ်သန်းနေသည်။သူ လုံးဝ ရူးနေတာမဟုတ်ပါဘူး...


စောင့်ကြည့်ကင်မရာမှတစ်ဆင့် ဆရာဝန်က ထူးဆန်းအံ့ဩနေမိပြီး ဖြည့်စွက်စာတွေကို သူ အရင်စားဖို့လိုတယ်မဟုတ်လား... အနံ့ရှူပြီး ကြည့်ရုံနဲ့ထိရောက်တဲ့အကျိုးသက်ရောက်မှုရနိုင်ပါ့မလား....

ချန်ပင်းကလဲ ထိုင်ချလိုက်ပြီး ခေါက်စားပွဲတစ်ခုနှင့် ခေါက်ကုလားထိုင်နှစ်ခုကို သူ့အာကာသခလုတ်မှ ထုတ်ကာ အမြန်ချခင်းလိုက်သည်။ ထို့နောက် ပန်းကန်နှစ်ခွက် ကို တင်လိုက်သည်..။


လင်းရွှမ်က ပန်းကန်နှစ်ခွက်ကို တွေ့လိုက်သည်နှင့် ဒေါသမျက်လုံးဖြင့် ချန်ပင်းကို ကြည့်လိုက်ပြီး...


"ထွက်သွား..."


ချန်ပင်း:... "မသွားပါဘူး ညီမလေးယောင်ယောင် က မင်းတစ်ယောက်တည်း စားလို့ကုန်မှာမဟုတ်ဘူးတဲ့ ငါ့ကိုနည်းနည်းစားကူခိုင်းထားတယ်"


"ညီမလေးယောင်ယောင်".....လင်းရွှမ် လက်ထဲက ထမင်းဘူးကို ချလိုက်ပြီး သူ့ကို ရုတ်တရက်တစ်ဟုန်ထိုးထထိုးသည်။ ကံကောင်းထောက်မစွာ သူအမြန်ရှောင်လိုက်ပြီး....


"ငါ့မှာ စားစရာတွေ အများကြီးကျန်သေးတယ်နော် မင်းငါ့ကိုရိုက်ရင် မနက်ဖြန်ရော သဘက်ခါရော ဘာမှမပေးတော့ဘူး"


သူ အသက်ရှုတောင်၀အောင်မရှုလိုက်ရ....


လင်းရွှမ် ရပ်လိုက်ပြီး.... "ငါ့ကိုပေးလာ"



xxxx

Ei Thet Hmue