အခန်း၆၁
Viewers 8k

Chapter 61

(ဆိုင်နှစ်ဆိုင်)


လင်းယောင်ယောင်၏ ဖြည့်စွက်စာသည် မသေနိုင်သော တန်ဖိုးကြီးအစားအစာဖြစ်သည်။


"ငတုံးချန်ပင်းက ဘာဖြစ်လို့ယူထားရမှာလဲ... ဘယ်ရမလဲ"


သူတို့နှစ်ဦး အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေကြပြီး လင်းရွှမ်က ယောင်ယောင်နှင့်တွေ့ဆုံသည့် ဗီဒီယိုမှတ်တမ်း ချန်ပင်းဆီ ရှိလောက်သည်ကို တွေးမိလိုက်ပြီး ဒီကောင်နှင့် နည်းနည်းလေးတောင်အချိန်မဖြုန်းချင်တော့ပေ။သူ့လက်ကို မကျေမနပ်ချလိုက်ကာ ထမင်းဗူးကို ဆက်ဖွင့်သည်။


လင်းယောင်ယောင် မှာထားသည့်အတိုင်း ချန်ပင်းကအကောင်းဆုံးကုထုံးအာနိသင်ရှိသော "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ကို အရင်ဆုံး ထုတ်လိုက်ပြီး ယန်ကျိုးကြက်ဥထမင်းကြော်၊ အသား၊ ဟင်းသီးဟင်းရွက်များနှင့် လိုက်ဖက်သော အခြားဟင်းပွဲ ၃ မျိုးကိုလည်း ချလိုက်သည်။

"ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ဟင်းချိုဘူးကို ဖွင့်လိုက်သောအခါ တစ်ခန်းလုံး မွှေးကြိုင်သော အနံ့များဖြင့် ပြည့်နှက်သွားသည်။အရင်က စားကောင်းသောအဆာပြေမုန့်များကြောင့် မိန်းကလေး၏ ဟင်းချက်ကျွမ်းကျင်မှုမှာ အလွန်အံ့ဩစရာကောင်းလိမ့်မည်ကို သူသိသော်လည်း ယနေ့ သူမလုပ်ထားသော ဟင်းပွဲများက အနံ့နဲ့တင် စိတ်လှုပ်ရှားစေပြီး သရေကျစေသည်။


စစ်ဆရာဝန်မလေး လျို၀မ်ဟွေ့ကို လိုက်ရန်အတွက် ချန်ပင်းက ဟင်းချက်ခြင်းကို ကြိုးစားသင်ယူခဲ့သူဖြစ်သည်။အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် အရသာလုံး၀မရှိသော ချက်ပြုတ်ခြင်းမှ ယခု စမတ်စက်ရုပ်များထက် မဆိုးတော့ပေ။လျို၀မ်ဟွေ့အရင်သူ့ကို ငြင်းတုန်းက သူမက...


"ကြယ်ငါးပွင့် စားဖိုမှူးအဆင့်အထိ တော်နေရင်တောင် ငါနင့်ကိုပြန်မကြိုက်ဘူး"


ချန်ပင်းက သူမငြင်းဆိုမှုကို အကြိမ်ပေါင်းများစွာ ဂရုမစိုက်ပဲ ရှေ့ဆက်တိုးနေသောကြောင့်အလွန်စိတ်အနှောင့်အယှက်ဖြစ်ကာ ပြောလိုက်ခြင်းဖြစ်သည်။မမျှော်လင့်ဘဲ သူကချက်ပြုတ်ခြင်းကို အမှန်တကယ် သင်ယူခဲ့သည်။ချန်ပင်းက ကြယ်ငါးပွင့်စားဖိုမှူးအဆင့်လောက်ထိမတော်သော်လည်း သူ့ဟင်းများက အရသာကောင်းနေသဖြင့် လျို၀မ်ဟွေ့ကပင် သူ့အား စိတ်လှုပ်ရှား ယိမ်းယိုင်သွားပြီး သူ့အပေါ်သဘောထားများ တဖြည်းဖြည်းနူးညံ့လာသည်။


ချန်ပင်းက ဇွန်းကိုကိုင်ကာ သရေကျနေသည်ကို သတိ၀င်လာပြီး လင်းရွှမ်ကို ဟင်းချိုခပ်ပေးရန် ဟန်ပြင်လိုက်သော်လည်း လင်းရွှမ်က သူ့လက်ကိုကာလိုက်၍ လက်ထဲမှဇွန်းကိုဆောင့်ဆွဲယူလိုက်သည်။ဂုဏ်သရေရှိစစ်ဗိုလ်ချုပ်ကြီးက သူ့လိုလက်ထောက်ကို ဟင်းချိုခပ်ပေးတယ်ဆိုတာ တကယ်ကို ရှားရှားပါးပါးပင်....


............


သူက ကပ်စေးမနှဲဘဲ အသားတစ်တုံး နှစ်တုံးနှင့် ဟင်းချိုပန်းကန် တစ်ဝက်လောက် ပေးလျှင် ပိုကောင်းသည်။ဟင်းများဘူးထဲအပြည့်ရှိနေသည်မှာ အားရစရာကောင်းသော်လည်း လင်းရွှမ်က....

"ဒါ မင်းရဲ့ဝေစုပဲ နောက်ထပ်မရတော့ဘူး"


လင်းရွှမ်က စိတ်ရောဂါအခြေအနေကြောင့်သာ သူ့အားမရိုက်နှက်သော်လည်း နောက်ကျ ပုံမှန်ပြန်ကောင်းလာလျှင် သူ့ကိုယ်သူ ဂရုမစိုက်နိုင်တော့သည်အထိ အားကောင်းကောင်းနှင့်ရိုက်လိမ့်မည်။ထိုသို့ဆိုလျှင် သူက စစ်လေ့ကျင့်ရာတွင် အကြောင်းပြချက်တစ်ခုအနေနှင့် အသုံးချရမည်။


လင်းရွှမ် ချစ်ညီမလေး၏ ဖြည့်စွက်ကုထုံးစာများက ကုသရန် သွားယူလာခြင်းသာ ဖြစ်သောကြောင့် သူ့ကို တစ်ဝက်ခွဲပေးရန် တောင်းရက်မည်မဟုတ်၊ သူက မြည်းကြည့်ချင်ရုံသက်သက်ပင်ဖြစ်၍ လူ့ယဥ်‌ေကျးမှုကိုနားလည်သည်။လင်းရွှမ်ထည့်ပေးသော ဟင်းပွဲပန်းကန်သေးသေးလေးကို ကောက်ယူလိုက်ပြီး သက်ပြင်းချကာ....


"အိုး...ဘုရားရေ"


ဟင်းချို၏ ပထမတစ်လုပ် သူ့ပါးစပ်ထဲသို့၀င်သွားသည်နှင့်ချန်ပင်းက ပထမဆုံး မယုံနိုင်လောက်သော အတွေးဖြင့်.... 'လခွမ်း ဘာဖြစ်လို့ဒီလောက်တောင် စားကောင်းရတာလဲ'


ထို့နောက်ဒုတိယအနေဖြင့် လျို၀မ်ဟွေ့နှင့် တရားဝင်ချစ်သူမဖြစ်ခင် လင်းယောင်ယောင်၏ ဟင်းပွဲများကို သူမအား မြည်းခွင့်မပြုရန်လိုသည်။ မဟုတ်လျှင် သူမ၏ စံသတ်မှတ်ချက်ကို ပုံမှန်မဟုတ်သောအဆင့်အထိ မြှင့်တင်လိုက်လျှင် သူ့ဘ၀က သူမကိုဆက်လိုက်ဖို့မျှော်လင့်ချက်မရှိတော့မှာကို ကြောက်မိသည်။

တတိယ အတွေးကတော့... 'ဒီလောက်စားကောင်းတာကို ငါကဘာလို့နည်းနည်းပဲစားရတာလဲ'


ဟင်းချို၏စိတ်စွမ်းအားက သူ့ ၏စိတ်စွမ်းအားနယ်ပယ်ထဲသို့ ဆွဲဆောင်သွားပြီး စိတ်ချမ်းသာစေသောကြောင့် စတုတ္ထအတွေးထပ်တွေးနေမိသည်။

'လင်းယောင်ယောင် အစားအသောက်အရန်ကုထုံးဌာနကို ရောက်တာမကြာသေးပါဘူးဘာလို့ အစားအစာရဲ့ကုသရေးအာနိသင်က ကျွမ်းကျင်တဲ့ အစားအသောက်လက်ထောက်ကုထုံးပညာရှင်လက်ရာတွေထက် ပိုကောင်းနေရတာလဲ...ဒါမှမဟုတ် ကလေးမက လုပ်အားတစ်ခုထဲမဟုတ်ပဲ စေတနာမေတ္တာတွေပါ ထည့်ပေးလိုက်လို့ထင်တယ်'


အစက နည်းနည်းပဲ မြည်းကြည့်ချင်သော ချန်ပင်းက နောင်တရသွားပြီး ဟင်းချိုပန်းကန်အလွတ်ကို ကိုင်ကာ လင်းရွှမ် ပေါ်အသာအယာမှီလိုက်သည်။ သူ၏ သွေးကြောစိမ်းများထောင်နေသော အေးစက်စက်မျက်နှာထားကို ကြောက်မနေဘဲ ကပ်ချွဲကာ...


"အားရွှမ် ငါ့ရဲ့ စိတ်စွမ်းအင်ကလဲ အားနည်းနေတယ်ဆိုတာမင်းသိတယ်မလား မင်းလောက် မပြင်းထန်ပေမယ့် ငါက ရူးခါနီးနေပြီ ယောင်ယောင်လေးက ဟင်းတွေ အများကြီး ပြင်ဆင်ထားတာပဲ စားမကုန်ရင် အလကားဖြစ်သွားမှာပေါ့ ကြာကြာသိမ်းထားရင်လဲအရသာဆိုးသွားလို့ မင်း စိတ်ကိုပိုထိခိုက်လိမ့်မယ် ငါနောက်ထပ်နည်းနည်းလောက်စားကူမယ်လေ မင်းအတွက် ကြိုးကြိုးစားစား အလင်းအမြန်နှုန်းနဲ့ သွားယူပေးလာတဲ့ ငါ့ကို ဆုချတဲ့အနေနဲ့ပဲဖြစ်ဖြစ်ပေါ့"


လင်းရွှမ် က လင်းယောင်ယောင် ချက်သော အစားအသောက်ကိုစားနေရလျှင် အပျော်ရွှင်ဆုံးအချိန်ဖြစ်ပြီး လောလောဆယ် ဒေါသထွက်လာပြီး မပျက်စီးစေချင်၊ သူ အစွမ်းကုန်ပျော်နေချင်သည်။

ပုံမှန်ဆိုလျှင် ယောင်ယောင် သူ့အတွက်ဂရုတစိုက်ချက်ပေးထားသော အစားအသောက်ကို တခြားတစ်ယောက်နှင့် မျှမစားချင်၊သို့သော်လည်း ချန်ပင်းပြောသည်မှာလဲယုတ္တိရှိသည်။သူက စိတ်မရှည်စွာဖြင့်...


"မင်း နောက်ထပ်နည်းနည်းပဲစားနော်"


ထို့နောက် ချန်ပင်းပန်းကန်ထဲသို့ ကြက်ဥထမင်းကြော် ထည့်ပေးလိုက်သည်။


ဗိုလ်ချုပ်လင်းက သူ့အစားအသောက်တွေကို ကာကွယ်ပြီး အလွန်တွန့်တိုနေပုံက စောင့်ကြည့်ရေးခန်းထဲမှ ဆရာဝန်အား အံ့အားသင့်စေသည်။ဗိုလ်မှူးကြီး ယူလာသော ဖြည့်စွက်စာများက တကယ်ကိုသရေကျစေပြီး အာဟာရအရည်အချို့သာ သောက်လာခဲ့သော သူ့အားအနည်းငယ်ဗိုက်ဆာလာစေသည်။လင်းရွှမ်က ကင်မရာဘက်ကို လှည့်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့်....

"မော်နီတာကို ပိတ်လိုက် ငါ ချန်ပင်း ကိုပြောစရာရှိတယ် သူထွက်သွားမှပဲ ပြန်ဖွင့်"

မော်နီတာပိတ်လိုက်လျှင် ချန်ပင်းအသက်ထွက်သွားပြီး အလျားလိုက် ထွက်လာမည်ကို ကြောက်နေသော ဆရာဝန်က အချိန်အတော်ကြာတုံ့ဆိုင်းနေသည်။


[T/N- ချန်ပင်း ရိုက်နှက်ခံရပြီး သွားထမ်းသယ်လာရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။]


ချန်ပင်းက ကင်မရာဘက် လက်ယမ်းပြကာ....

"ရတယ် ပိတ်လိုက် ကျွန်တော့်မှာလဲ ဗိုလ်ချုပ်ကို ကိုယ်ရေးကိုယ်တာကိစ္စတချို့ သတင်းပို့ဖို့ရှိသေးတယ်"


ဟု ပြောသည်။လင်းရွှမ်က သူနှင့် လင်းယောင်ယောင်တို့တွေ့ဆုံလာသော ဗီဒီယိုတစ်ခုလုံးကို ကြည့်ချင်နေကြောင်း သူသိသည်။သူက ဆက်သွယ်ရေးကိရိယာပေါ်ရှိ ကင်မရာဖြင့် ဗီဒီယိုကို မှတ်တမ်းတင်ခဲ့သောကြောင့်ရှုထောင့်က သိပ်မရှင်းလှပေ။သို့သော်လည်း ခြောက်ရက်လောက် မတွေ့ရသော လင်းရွှမ် ကလေးမလေးကို မြင်နိုင်သည်။သူမက အရပ်အနည်းငယ် ပိုရှည်လာပြီး ပိုလှလာသဖြင့် ဘီရင်း အသီး၏အကျိုးသက်ရောက်မှုကကောင်းလောက်သည်။


သို့သော်လည်း ကလေးမလေး အရပ်က သူ့ထက်စာလျှင် သေးသေးလေး တကယ်ကိုသေးသေးလေးပင် ။ဘယ်လိုပုံစံပဲဖြစ်နေပါစေ သဘောကျသည်။ချန်ပင်းအား သူမက စိုးရိမ်စွာဖြင့်...


"ညီမလုပ်ထားတာတွေက အဲ့လောက်အရသာသိပ်မရှိဘူး အကိုစားချင်တယ်ဆို ညီမအစား လင်းရွှမ် ကို ပြုစုစောင့်ရှောက်ပေးပါ"


ဟု မှာနေသံကြားရလိုက်ရသောအခါ သူ့အရာရှိအဆောင်သို့ လာနေထိုင်ရန်တောင်းဆိုချိန် ကလေးမလေး၏ချစ်စဖွယ်အသွင်အပြင်ကို မြင်ယောင်နေမိသည်။လင်းရွှမ် စိတ်ရောဂါဖြစ်နေသော်လည်း သူကိုယ်တိုင်တောင်မသိလိုက်ဘဲ မျက်လုံးများက နူးညံ့သိမ်မွေ့နေသည်။


ဖြည့်စွက်အစားအစာများချက်ရန် ကလေးမလေး အစောကြီးထကာ ပြင်ဆင်ခဲ့လိမ့်မည်ဖြစ်ပြီး သူမက အချိန်ဖြုန်းရန်ပင် နံနက်စာကောင်းကောင်းစားမည်မဟုတ်ပေ။


သူမ၏နောက်ဆုံးစကားအရ သူတို့နှစ်ယောက်အကြောင်း ချန်ပင်းအား သူပြောပြခဲ့သည်ဟု အထင်မှားကာ ကလေးမလေးက စိတ်ဆိုး၍လှည့်ထွက်သွားခြင်းဖြစ်လိမ့်မည်။


'လုံး၀မဟုတ်ရပါဘူး...'


ချန်ပင်းကို သူမ အကြောင်းအစတောင်မဖော်ဖူးပေ။သို့သော်လည်း သူ့ပုံစံက သိသာလွန်းနေသဖြင့် ချန်ပင်းရိပ်မိကာ သိသွားသည်ကိုတော့ ၀န်ခံရလိမ့်မည်။

လင်းရွှမ် ထိုဗီဒီယိုကို သုံးကြိမ်မြောက်ကြည့်ရှုနေပြီး အနှိုင်းမဲ့အရသာ ဟင်းပွဲကပင် ဗီဒီယိုမှ အာရုံမပြောင်းတော့နိုင်ပေ။ထို့နောက် ချန်ပင်းကို ဗီဒီယိုပို့စေပြီး မှတ်တမ်းမှ ဖျက်ခိုင်းလိုက်သည်။


လင်းရွှမ်က ငြိမ်သက်စွာဖြင့်...

"ငါ ဒဏ်ရာကသေးသေးလေးဆိုရင် သူ့ကို အမှန်အတိုင်းပြောလိုက်... ပြင်းထန်နေရင် နည်းနည်းပါးပါးဖြစ်တယ်လို့ပဲပြော... သေခါနီးဆိုရင်တော့ သူ့ကို မပြောနဲ့တော့ ငါ ရေရှည်မစ်ရှင်တစ်ခုသွားနေရတယ်လို့ပဲပြောထား"


ချန်ပင်းက စိတ်ပျက်စွာ ခေါင်းယမ်းလိုက်ပြီး...


"ကျွတ် သူငယ်ချင်း မင်း တကယ်ကို စွဲလမ်းနေတာပဲ"


လင်းယောင်ယောင်၏ ဖြည့်စွက်စာများကသူ့အပေါ် အလွန်ထိရောက်သော အာနိသင်ရှိခြင်း သို့မဟုတ် မကြာခင် သူက ဂြိုလ်တုကွန်ရက်နှင့် ဆက်သွယ်ရေးစက် သုံး၍ သူမနှင့် စကားပြောရတော့မည်ကို တွေးပျော်နေသောကြောင့်ဖြစ်နိုင်သည်။တိုတိုပြောရလျှင် ယနေ့ည ဆယ်နာရီမှာပင် လင်းရွှမ်က စိတ်ရူးသွပ်မှုရောဂါမှ လုံးဝပျောက်သွားပြီး သီးသန့်ခန်းထဲကနေ ထွက်လာရတော့မည်။


လင်းယောင်ယောင်ထံမှ ချန်ပင်းယူလာသော ဖြည့်စွက်အစာများကို လင်းရွှမ် အကုန်လုံးယူသွားပြီဖြစ်သည်။သူ့အတွက် အစားအသောက်တစ်ခုချင်းစီ၏ အနည်းငယ်ကို ပေးခဲ့သည်မှာ လင်းယောင်ယောင်က...


"လင်းရွှမ်တစ်ယောက်ထဲစားလို့ကုန်မှာမဟုတ်ဘူး"

ဟု အထူးမှာကြားခဲ့၍သာ မဟုတ်လျှင် လင်းရွှမ် အကုန်စားပစ်နိုင်ပြီး အစားလွန်ကာ နေထိုင်မကောင်းရင်တောင်မှ ဘယ်သူ့ကိုမှခွဲပေးမည်မဟုတ်ပေ။


ချန်ပင်း : : 'ဘာလို့ အစားအသောက်ကို သူ့ဘာသူမသိမ်းရဲရမှာလဲ...အနည်းဆုံး လင်းရွှမ်ဆီကနေ အရိုက်ခံပြီး နေ့တိုင်း လေ့ကျင့်မှုနှစ်ဆလုပ်ဖို့ အမိန့်ကို နာခံလိုက်လျှင် ရပြီ....'


သို့သော်လည်း လင်းရွှမ်၏ကိုယ်ရေးကိုယ်တာခံစားချက်ကို နားလည်သောကြောင့် မတတ်နိုင်ဘဲ သူ့သဘောထားကို စိတ်ချမ်းသာစေရန် လိုက်နာပေးခဲ့ရသည်။အကယ်၍ လျို၀မ်ဟွေ့သာ သူ့အတွက် ဆေးရည် ယူလာပေးလျှင် အဆိပ်ဖြစ်နေရင်တောင် သူငြင်းမည်မဟုတ်ပေ။ထို့ကြောင့် လူသားတစ်ယောက် သူငယ်ချင်းထက် ချစ်ရတဲ့မိန်းကလေးအပေါ် ပိုတန်ဖိုးထားတတ်သည်မှာ သဘာဝကျသည်ဟု သူနားလည်သည်။


လင်းယောင်ယောင် တစ်နေ့လုံး အလုပ်ရှုပ်နေသည်။

သူမက မနက်ခင်းတွင် ဖြည့်စွက်စာ မျိုးစုံလုပ်ရန် အလုပ်များနေပြီး နေ့လယ်ခင်းတွင် ဟော့ပေါ့ စားအပြီး ကျောင်းအနီးရှိ ကုန်သွယ်ရေးလမ်းသို့သွားကာ သူမနာမည်ဖြင့် ဝေ့အဘိုးအဘွားများပေးခဲ့သော ဖြည့်စွက်စာနှင့်ဆေးဝါး ဆိုင်နှစ်ဆိုင်ကို သွားကြည့်ရှုရပြန်သည်။တစ်ဆိုင်နှင့်တစ်ဆိုင်မှာ ဘေးကပ်ရပ်တွင်ရှိနေပြီး ကုန်သွယ်ရေးလမ်း၏ လူအစည်ကားဆုံးနေရာတွင် ရှိသည်။ဆိုင်နာမည်ကလဲ အလွန်ရိုးရှင်းပြီး ထူးခြားသည်။


နှစ်ဆိုင်လုံးကို ဝေ့မိသားစုမှ လေ့ကျင့်ပေးထားသော မန်နေဂျာနှစ်ယောက်က နှစ်အတော်ကြာ တာ၀န်ယူစောင့်ရှောက်ပေးထားသည်။ သူတို့သည် အရန်ကုထုံးဌာနမှ အသက်သုံးဆယ်အရွယ် အမြွှာညီအစ်မဖြစ်ပြီး အစ်မဖြစ်သူ ဖုယင်းက အကြီးတန်းဖြည့်စွက်စာလက်ထောက်ကုထုံးဖြစ်ပြီး ညီမဖြစ်သူ ဖုလျိုမှာ အကြီးတန်းဆေး၀ါးလက်ထောက်ကုထုံးဖြစ်သည်။

လင်းယောင်ယောင်က "ဗုဒ္ဓဘုရားတံတိုင်ကျော်လာခြင်း" အတွက် ပါဝင်ပစ္စည်းများကို မှာယူလိုလျှင် ညီအစ်မနှစ်ယောက်နှင့် အရင်ဦးဆုံး ဗီဒီယိုကောလ်ဖြင့် အပေးအယူလုပ်ရသည်။သူတို့၏ ပင်ကိုယ်စရိုက်နှင့် အမူအကျင့်များကို သူမ နားလည်ထားမှဖြစ်မည်။


အစ်မ ဖုယင်းက ပိုသွက်၊ ပိုလက်ရာကောင်း၍ စီးပွားရေးအမြင်ရှိသောကြောင့် ဖြည့်စွက်စာအရောင်းဆိုင်လုပ်ငန်းကို ကောင်းစွာဂရုစိုက်နိုင်သည်။အမျိုးမျိုးသော ဖြည့်စွက်အစားအစာများအပြင်၊ လက်ရာကောင်းသော သာမန်အစားအစာများ၊ ပေါ့ပေါ့ပါးပါး ပြုပြင်ထားသောဖြည့်စွက်သစ်သီးများ၊ ဖြည့်စွက်လက်ဖက်ရည်များ စသည်တို့ကိုလည်း ကောင်းစွာချက်ပြုတ်နိုင်သည်။သူမက ချောမောသွက်လက်သော အချိန်ပြည့်စားပွဲထိုးများကို ကျွမ်းကျင်စွာ ငှားရမ်းထားပြီး အနည်းငယ်ကုန်ကျစရိတ်များသော်လည်း အနီးနားရှိ ကျောင်းသားများအကြား အလွန်ရေပန်းစားသော ဆိုင်ဖြစ်သည်။


ညီမဖြစ်သူ ဖုလျိုမှာ အတော်လေးအေးဆေးနေတတ်ပြီး စနစ်တကျလုပ်ဆောင်သွားသည်။ အရန်ကုထုံးဆေးဆိုင်သည် အပြင်အဆင်များစွာ မလိုအပ်ပဲ လူကြိုက်များပြီး ကုန်စျေးနှုန်းအရ အမြတ်နည်းနည်း လည်ပတ်မှု မြန်မြန်သွားသော လမ်းကြောင်းပေါ်ရှိနေသည်။ဆေးဆိုင်သည် အထူးကောင်တာတစ်ခုအနေနှင့် အနီးနားရှိဆေး၀ါးဗေဒဌာနကျောင်းသားများ၏အရန်ဆေးဝါးများကို ကော်မရှင်ခ 10% ဖြင့်သာ ရောင်းချပေးနေသည်။သို့သော် ဆိုင်မှလက်ခံသော ဆေး၀ါးမှာ ပျမ်းမျှအားဖြင့် စိတ်စွမ်းအင်ဆေးဝါးဖြစ်ရမည်။ထိုဆိုင်သည် ကျောင်းသားအသိုင်းအဝိုင်းတွင် နာမည်ကောင်းရှိသည်။


လင်းယောင်ယောင်က အစားအသောက်ကုထုံးအထူးပြုပညာရှင်ဖြစ်သောကြောင့်အစားအသောက်ဆိုင်သို့ တန်းသွားခဲ့သည်။ဖုယင်း နှင့် ဖုလျို ညီအစ်မနှစ်ယောက် အတူတူ ရပ်နေကြပြီး တောက်ပစွာအလွန်ဆွဲဆောင်မှုရှိပြီး လှပနေကြသည်။ကျောင်းဝင်းပတ်လည်တစ်ဝိုက်ရှိ အသက်ဆယ့်ရှစ်၊ ဆယ့်ကိုးနှင့် နှစ်ဆယ်ကျော်အရွယ် မိန်းကလေးငယ်များထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေသည်။တည်ငြိမ်ရင့်ကျက်သောအမူအယာဖြင့် အမျိုးသမီးများ၏ ကျက်သရေရှိမှုပုံစံမှာ စတိုးဆိုင်နှစ်ခု၏ စီးပွားရေး ထွန်းကားလာရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။


ဖုယင်းက လင်းယောင်ယောင်ကို မြင်လိုက်သောအခါ မျက်လုံးများလက်လာပြီး ပြုံးကာ...

"ဟယ် ရေတပ်ဗိုလ်ချုပ်ကြီး ေ၀့လင်းနဲ့ ချမ့်ယောင် တို့ရဲ့သမီးက ဒီလောက်ကြီးပြီး အရမ်းလှမယ်လို့ မထင်ထားဘူးကွယ် လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်တုန်းက ငါ့ညီမနဲ့ ငါ ဆယ်နှစ်ပဲရှိဦးမယ် ပင်လယ်ဓားပြတွေ တိုက်ခိုက်တာ ခံခဲ့ရလို့ ရေတပ်ဗိုလ်ချုပ် ေ၀့လင်း က ငါတို့ကို ကယ်တင်ခဲ့တာ ပင်လယ်ဓါးပြတွေက ငါတို့မိဘတွေကို သတ်လိုက်တယ်ဆိုတာ သိလိုက်ရတော့ ချမ့်ယောင်က ေ၀့ မိသားစုအိမ်ကို ခေါ်သွားပြီး ငါတို့ ညီအစ်မနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တာ အမိုးအကာရှိတဲ့အိမ်နဲ့လဲ နေခဲ့ရတယ် စာလဲ ဆက်ပြီး သင်လို့ရခဲ့တယ်…”


အရင်အကြောင်းများပြောပြီး ဖုယင်း မျက်လုံးများ အနည်းငယ် စိုစွတ်လာသည်။သူမ စိတ်ခံစားချက်ကို အမြန်ထိန်းချုပ်လိုက်ကာ...

"တောင်းပန်ပါတယ် မစ္စယောင်ယောင်ကို ငိုအောင်လုပ်မိနေပြီ"


ဖုလျို က သူ့အစ်မကို တစ်ရှုးတစ်ရွက် လှမ်ပေးလိုက်ကာ သူမ၏ ချောမောလှပသောမျက်နှာက ခံစားချက်မဲ့စွာ...

" မစ္စယောင်ယောင် စိတ်မပူပါနဲ့ တမင်ရည်ရွယ်တာမဟုတ်ပါဘူး မင်းနဲ့ ချမ့်ယောင်က တော်တော်တူနေလို့ပါ ငါ့အစ်မက စိတ်ခံစားလွယ်လို့ပါ ဗီဒီယိုကောလ်ပြောပြီးထဲက ငါတို့နှစ်ယောက် မင်းကို စတိုးဆိုင် လာဖို့ စောင့်နေကြတာ လူကိုယ်တိုင်လာမယ်ဆိုလို့ ဆိုင်ကိုတောင် ကြိုပြီး ပိတ်ထားတာပါ"

အရင်ဗီဒီယိုကောလ်ပြောတုန်းက လင်းယောင်ယောင်သည် သူမလိုချင်သော ပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်ပစ္စည်းများကိုသာ တောင်းဆိုခဲ့ပြီး ရိုးရှင်းစွာနှုတ်ဆက်ခဲ့သည်။ ထ်ိုညီအစ်မနှင့် သူမ တစ်ခါမျှမတွေ့ဖူးသော မိဘအရင်းများအကြား အံ့ဩဖွယ်ဆက်ဆံရေးရှိလိမ့်မည်ဟုမထင်ထားပေ။



xxxxx

Ei Thet Hmue