အခန်း၆၂
Viewers 8k

Chapter 62


အဘိုးေ၀့နှင့်အဘွားေ၀့တို့သည် ထိုညီအစ်မနှစ်ဦးဆီမှ မိဘအရင်းအကြောင်းပိုမိုသိရှိစေရန် ဆိုင်နှစ်ဆိုင်ကို သူမနာမည်အောက် လွှဲပြောင်းကာ ရင်နှီးမှုရယူစေရန်ဖြစ်လိမ့်မည်။လင်းယောင်ယောင်မှာ သူမ မိဘနှစ်ပါးကို တစ်ခါမျှမမြင်ဖူးသော်လည်း တစ်ဦးအပေါ်တစ်ဦး လေးလေးနက်နက် ချစ်ခင်တွယ်တာကြမည့် စုံတွဲဖြစ်လိမ့်မည်ကို ခန့်မှန်းကြည့်နိုင်သည်။အဖေဖြစ်သူ ေ၀့လင်းက ရိုးသားဖြောင့်မတ်ပြီး ရဲရဲရင့်ရင့်သွေးအေးသူဖြစ်သော်လည်း ဇနီးနှင့်သမီးကို အလွန်အမင်း ချစ်ခင်သည်။


သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့်...


"ကျွန်မကို မစ္စ ယောင်ယောင်လို့မခေါ်ပါနဲ့ အမေကိုတောင် အစ်မလို့ပဲခေါ်တယ်မလား အစ်မတို့နှစ်ယောက်က ကျွန်မ အဒေါ်နဲ့မတူအောင် အရမ်းကိုမှနုနေပါသေးတယ် အစ်မ ဖုယင်းနဲ့ အစ်မ ဖုလျိုလို့ပဲ ခေါ်မယ်နော်"


သူမက ဆက်၍ မနေနိုင်စပ်စုကြည့်လိုက်သည်။


"အားလုံးက ကျွန်မကို အမေနဲ့ တော်တော်တူတယ်လို့ပြောကြတယ်...တကယ်တော့ မိဘတွေ ဘယ်လိုပုံလဲဆိုတာ တစ်ခါမှမမြင်ဖူးဘူး အစ်မတို့နား ဓာတ်ပုံလေးများ ရှိမလား"


ဖုယင်းက ကြင်နာစွာပြုံးပြီး...


"ေ၀့မိသားစုအိမ်မှာ သခင်တွေက သခင်မကြီး စိတ်မကောင်းဖြစ်မှာစိုးလို့ သူတို့နှစ်ယောက်အကြောင်း ပြောခွင့်မပေးဘူး ဓာတ်ပုံတောင် မထားရဲပါဘူး အစ်မဆီမှာ ရှိတော့ရှိမယ် ထင်တယ်"


ဖုလျိုက ဖုန်းကို အသာလေး ဖွင့်လိုက်ပြီး လျှို့၀ှက်ဖိုင်ထဲမှ ဟိုလိုဂရပ်ဖစ် ပုံသွင်းထားသော ဓာတ်ပုံကို ဖွင့်လိုက်သောအခါအနက်ရောင် စစ်ယူနီဖောင်းဝတ်ဆင်ထားသော ဝေ့လင်းနှင့် ဂါ၀န်ဖြူဖြူဖြင့်လှနေသော

ချမ့်ယောင်တို့၏ မင်္ဂလာဓာတ်ပုံကိုတွေ့လိုက်ရသည်။


ဝေ့လင်း၏အသွင်အပြင်မှာ မျက်နှာထားတင်းမာနေကာ တည်ငြိမ်ခံ့ညားနေပြီး အနားရှိ အမျိုးသမီးသည် အလွန်နူးညံ့သိမ်မွေ့ ၍ ကြင်နာနွေးထွေးပုံရသည်။ခင်ပွန်းဖြစ်သူလက်မောင်းကို ကိုင်ထားပြီး သူမ၏ ရွှေရောင်ဖျော့ဖျော့ ဆံပင်လေးများက လက်ရာမြောက်သော ဆံထုံးကလေးဖြင့် ရင်သပ်ရှုမောဖွယ်မျက်နှာပေါ်တွင် တောက်ပသောမျက်လုံးဝိုင်းဝိုင်းကလေးများက ခင်ပွန်းဖြစ်သူကို ပျော်ရွှင်စွာပြုံး၍မော့ကြည့်နေသူ ဇနီးဖြစ်သူအလှမှာ ပြိုင်ဘက်မရှိလှပလွန်းသည်။


ဟိုလိုဂရပ်ဖစ်ပုံထဲမှ အမျိုးသမီးက လင်းယောင်ယောင်နှင့် အမှန်တကယ်တူသည်။အထူးသဖြင့် လှပဝိုင်းစက်ပြီး မက်မွန်သီးသဖွယ်မျက်လုံးများနှင့် ရွှေရောင်ဖျော့ဖျော့ဆံပင်တို့မှာ တစ်ပုံစံထဲပင်။

ယောကျာ်းဖြစ်သူ၏ မိမိမိုက်မိုက်ခန္ဓာကိုယ်အချိုးအစားနှင့် အနေအထား 20-30% လောက် လင်းယောင်ယောင် နှင့် ဆင်တူသည်။


သူမက စိတ်လှုပ်ရှားစွာဖြင့်...


"ဒီဓာတ်ပုံကူးပေးလို့ရမလားဟင်..."


ဖုလျို: ..."ရတာပေါ့"


ဘာကြောင့်မှန်းမသိ လင်းယောင်ယောင်စိတ်ထဲတွင် တစ်နေ့ သူတို့ သေချာပေါက်ပြန်လာလိမ့်မည်ကို အလိုလိုခံစားမိနေသည်။ယခင်ဘ၀က သူမ မိဘများကို ဆုံးရှုံးလိုက်ရပြီး မေတ္တာငတ်ခဲ့ရသောကြောင့် ယခုဘ၀တွင် နှစ်ဆအချစ်ခံချင်သည်။သူမက ချမ့်ယောင်အကြောင်းပိုမိုသိချင်လာကာ အဆက်မပြတ်မေးနေမိသည်။ဥပမာ သူမက ဘယ်လိုအရန်ကုထုံးပညာရှင်မျိုးလဲ...


ဖုယင်း : .."အစားအသောက်"


ဖုလျို :..."ဆေး၀ါး"


ကြည့်ရတာ သူမ နှစ်မျိုးလုံးကျွမ်းကျင်ပုံရသည်။

သူမက ဆေးဝါးနှင့် အစားအသောက်ကို နှစ်မျိုးလုံး တိတိကျကျရောထားခြင်းမရှိသော်လည်း ဌာနနှစ်ခုလုံး၏ မာစတာအဆင့် အောင်မြင်သူဖြစ်သည်။

ညီအစ်မနှစ်ယောက်လုံးက သူမအပေါ် အထင်ကြီးလေးစားပြီး သူမ လမ်းညွှန်မှူအတိုင်း ဆေးဝါးနှင့် အစားအသောက်ကုထုံးအကြောင်း အတူတူ လေ့လာသင်ယူခဲ့သည်။


အစက လင်းယောင်ယောင် ဤဆိုင်နှစ်ဆိုင်ကို အစားအသောက်နှင့် ဆေးဖက်ဝင်ပစ္စည်းများပေးပို့ရာတွင် အထောက်အပံ့အနေနှင့် ထားပြီး အစားအသောက်ဆေးဝါးကုထုံးဆိုင်အား ရှေးဟောင်းတရုတ်အစားအစာ ပုံစံအဖြစ်သို့ ပြောင်းချင်သည်။ သူမက ဖြည့်စွက်စာနှင့်အစားအသောက် အရန်ကုထုံးလမ်းကြောင်းပေါ်တွင်သာ ဆက်သွားရန် တွေးထားသော်လည်း ယခုတွေေဝေနေသည်။

ဖုယင်းနှင့် ဖုလျိုတို့က သူမ အမေဂုဏ်ယူအားကိုးရသော အရည်းအချင်းကောင်းများစွာရှိသောကြောင့် စတိုးဆိုင်များကို သူမ ၀င်မစွက်ဖက်ခြင်းက ပို၍ကောင်းမွန်စွာ လည်ပတ်နိုင်မည်ထင်သည်။


ဖုယင်းက သူမတွေဝေငေးမောနေသည်ကိုမြင်ပြီး...


"တကယ်တော့ အစ်မချမ့်ယောင်က ငါတို့ရဲ့ဆိုင်နှစ်ဆိုင်လုံးကို ဘယ်တုန်းကမှ မျက်နှာမလွှဲတတ်ဘူး...စတိုးဆိုင်ရဲ့ လုပ်ငန်းပုံစံက တခြားအစားအသောက်နဲ့ ဆေးဝါးတွေကို ကျယ်ကျယ် ပြန့်ပြန့်လေ့လာသုံးသပ်ပြီးမှ အခြေခံထားတာလေ...ဒီလမ်းတစ်ခုထဲမှာတင် တို့လို့ စတိုးဆိုင်တွေ နှစ်ဆိုင်သုံးဆိုင်လောက် ရှိလာတော့ လည်ပတ်ဖို့ ခက်သထက် ခက်လာတယ်ပေါ့နော်

ယောင်ယောင် မှာ အကြံတွေ ရှိတယ်ဆိုလဲပြော

ဆိုင်က မင်းအပိုင်..ငါတို့က စောက်ရှောက်ပေးရုံသပ်သပ်ပဲ...စတားနက်ပေါ်က မင်းရဲ့ရှေးခေတ်တရုတ်စားစရာအိမ်က လူကြိုက်များနေတာ တွေ့တယ်..တကယ်လို့ ဆိုင်ရဲ့အပြင်အဆင်တိုးတက်ဖို့ပြောင်းလဲချင်တယ်ဆိုရင် ဝမ်းသာစွာနဲ့ကူညီပေးမှာပါ...တစ်ခုပဲ မင်းကိုယ်တိုင် လာချက်ပေးဖို့ အချိန်အများကြီးမရှိမှာကိုတော့ စိုးရိမ်မိတယ်"


ဖုလျိုကပါ ဆက်၍...


"ဟုတ်တယ် မင်းရဲ့အကြံတွေက ခက်ခဲနေရင်တောင် မင်းကို ဒုက္ခမဖြစ်စေချင်ဘူး"


လင်းယောင်ယောင်က ငြိမ်နေပြီး အဘိုးကြီးချိုက်ချန်ထားပေးခဲ့သော အစားအသောက်ဘူးထဲမှ "ဗုဒ္ဓတံတိုင်းကျော်ခြင်း"ဟင်းကိုထုတ်လိုက်သည်။

သူမ နေ့လည်တုန်းက လုံးဝမစားပဲ အာကာသ ခလုတ်ထဲထည့်လာ၍ အဘိုးကြီးချိုက်တို့ အားလုံးက အိမ်ပြန်ယူသွားမည်ဟုသာ ထင်ကြသည်။ဟင်းအနံ့က ရုတ်တရက် အစားအသောက်စဆိုးဆိုင်တစ်ခုလုံး ထောင်းခနဲ မွှေးပျံ့စွာထွက်လာသည်။လောလောဆယ်ဆိုင်ပိတ်ထား၍ တော်သေးသည်။မဟုတ်လျှင် ဧည့်သည်များ အနံ့ဖြင့်ပင် လှုပ်လှုပ်ရွရွဖြစ်စေနိုင်သည်။


သူမခါးတွင် ရစ်ပတ်လာသော 012 ကမနေနိုင်တော့ပဲ စပျစ်နွယ်ပင်များဖြင့် လက်ကို ပွတ်သပ်နေကာ ကလေးသဖွယ်ချစ်စရာအမူအယာဖြင့်...


"သခင် သောက်ချင်သေးတယ်"


အလွန်မွှေးသော အနံ့ဖြင့် ဆွဲဆောင်ခံနေရသော ညီအစ်မနှစ်ယောက်မှာ မှင်တက်နေရင်း ခါးပေါ်မှ ဂြိုလ်သားပင်လေးကို မြင်၍ အနည်းငယ်လန့်သွားပုံရသည်။သို့သော်လဲ ဟင်းချိုဘူးကိုသာ ဆက်ငေးမောကာ စိုက်ကြည့်နေကြပြီး သရေကျနေသည်ကိုတော့ ဖုံးကွယ်မထားနိုင်ကြပေ။ ဖုယင်းမှာ စိတ်လှုပ်ရှားမှုကို အတိုင်းအသားမြင်နေရသော်လည်း အမူအယာကိုထိန်းသိမ်းကာ...


"ဘယ်လိုအစားအသောက်မျိုးမလို့ ဒီလောက်ထိမွှေးနေရတာလဲ"


အမြဲတမ်းတည်ငြိမ်အေးဆေးသူ ဖုလျိုကပင်..."စားချင်လိုက်တာ"


လင်းယောင်ယောင် ကျေနပ်စွာပြုံးလိုက်ပြီး..


"ဒါဆို အားနာနာနဲ့ပဲ အစ်မဖုယင်းရေ ပန်းကန်လေးလုံးလောက်..."


ကိုယ်တိုင်ချက်ထားသူ သူမပင်လျှင် တစ်လုတ်မျှမမြည်းကြည့်ရသေးပေ။သူမအတွက် အဘိုးကြီးက တစ်ယောက်စာလုံလုံလောက်လောက်500ml လောက်သာ ချန်ထားပေးပြီး ယခုလေးပန်းကန်ခွဲလိုက်သောအခါ စားရသည်ဆိုရုံလေးပင်။012 အနေနှင့် သုံးကြိမ်မြောက်စားရခြင်းဖြစ်သော်လည်း ဖြစ်နိုင်လျှင် သူဟင်းချိုပန်းကန်ထဲနှစ်၀င်ပစ်လိုက်ချင်သော စိတ်ကိုထိန်းကာ နွယ်ပင်ကလေးများဖြင့် ပန်းကန်လုံးကို အသာဆွဲယူလိုက်၍ ရှက်ကိုးရှက်ကန်းနှင့် သခင်အားမြောက်ပြလိုက်ပြီး...


"သခင် ငါ့ဆီက တစ်၀က်ယူစား"


သွေးစပျစ်နွယ်ပင်ကလေး၏စကားကြောင့် လင်းယောင်ယောင် နှလုံးသားလေးနွေးထွေးသွားကာ သစ်ရွက်အကိုင်းအခတ်များကို ညင်သာစွာတို့ထိလိုက်ကာ...


"မယူပါဘူး ငါ့အတွက်ကလောက်ပြီ အကုန်သောက်လိုက်...နောက်မှ မင်းအတွက်အများကြီး လုပ်ကျွေးဦးမယ်"


ထို့နောက် ဟင်းချိုပန်းကန်ကို ဆွဲယူလိုက်၍ ကြယ်တာရာခေတ်နာမည်ကြီး "ဗုဒ္ဓ တံတိုင်းကျော်ဟင်းပွဲ"ကို တစ်ငုံသောက်လိုက်ပြီး အရသာသေသေချာချာ မြည်းကြည့်လိုက်သည်။


ဟင်းရည်မှာ အရသာကောင်းပြီး ချိုကာပျစ်ပျစ်ကြီးဖြစ်နေသော်လည်း အဆီပြန်ခြင်းမရှိ၊အသားမှာလဲ ပါးစပ်ထဲတွင် အလွယ်တကူဝါးနိုင်ကာနူးညံ့အိစက်နေ၍ ပျော့ပျော့ပြဲပြဲဖြစ်မနေသောကြောင့် သူမအတွက် အတော်လေးအောင်မြင်သော ဟင်းပွဲဖြစ်သည်။ယခင်က သူမချက်ခဲ့သော ဟင်းများထက် အရသာပိုမဆိုးလှသော်လည်း အချိန်ကိုအလောတကြီး အသုံးပြုလိုက်ရ၍ ပါးဝင်ပစ္စည်းများ သေချာအသေးစိတ်မကျဘဲ လိုအပ်ချက်များ ရှိသွားသည်။သို့သော် အရန်ကုထုံး အကျိုးမှာ ထိရောက်စွာမသက်ရောက်နိုင်သော်လည်း ဆေးဖက်၀င်ပစ္စည်းများ၏ အနှစ်သာရကိုသာ အခြေခံထားသည်။


နောင်တွင် အသား ပါ၀င်ပစ္စည်းများကို သူမ ကောင်းကောင်းချက်လာနိုင်လျှင် သာမန် ဒုတိယ တတိယ အဆင့် ပစ္စည်းများအစား ပိုမို အဆင့်မြင့်ပြီး ထူးခြားဆန်းသစ်သော အသားဟင်းကို ရွေးချယ်ရမည်။သို့မှသာ ဤဟင်းပွဲကဒုတိယအဆင့်ထက်ကောင်းမွန်သော ရလဒ်ကောင်းများဖြစ်လာနိုင်သည်။

သူမ စားပြီးပြီးချင်း 012 နှင့်ညီအစ်မနှစ်ယောက်လုံး၏ ပန်းကန်မှာလဲ လုံး၀ပြောင်နေပြီဖြစ်သည်။


ဖုယင်းက 012 ကို စိတ်၀င်တစားကြည့်နေပြီး ပိုးသတ်တစ်ရှုးလှမ်းပေးလိုက်၍ အပင်လေးက နွယ်ပင်လေးများဖြင့် အသဲလေး လုပ်ပြနေသည်။


'ဒီကောင်လေး အရမ်းလဲ ဉာဏ်ကောင်းသလို အရမ်းလဲ ချစ်ဖို့ကောင်းတာပဲ'


ဖုလျိုက ချစ်စဖွယ် 012 ကို စိတ်၀င်တစားကြည့်နေပြီး သစ်ရွက်အကိုင်းအခတ်များအား ထိကြည့်ရန် လက်လှမ်းလိုက်စဥ်သူက အမြန်ရှောင်သွားသည်။

သူမကလဲ လင်းယောင်ယောင်ဘက်သို့အကြည့်လွှဲလိုက်ကာ...


"ယောင်ယောင်လေး ဒီဟင်းချိုကို ဘယ်က ရတာလဲ ကိုယ်တိုင်ချက်ထားတာတော့ မဟုတ်ဘူးမလား"


012 က ပိုးသတ် တစ်ရှုးဖြင့် ခန္ဓာကိုယ်ကို ခပ်မြန်မြန်သုတ်လိုက်ပြီး နဂိုအတိုင်း လင်းယောင်ယောင် ခါးပေါ်တွင် ပြန်ရစ်နေလိုက်သည်။


သူမ က စိတ်အားထက်သန်စွာဖြင့်...


"ညီမချက်ထားတာ... ဘယ်လိုနေလဲ နောက်ဆို အစားအသောက်ကုထုံးဆိုင်ကို ရှေးဟောင်းတရုတ်အစားအစာဆိုင်အဖြစ် အတည်ပြုနိုင်သွားရင် ဒီဟင်းချိုကို တစ်ပတ်မှာ တစ်ကြိမ်ပဲ ရတဲ့ အကန့်အသတ်ဟင်းပွဲလုပ်ပြီး ပုံမှန်ဟင်းကိုတော့ တခြားရှေးခေတ်တရုတ်အစားအစာတွေကိုပဲ အဓိကဟင်းလျာအနေနဲ့ ထားလိုက်မယ် "ရှေးတရုတ်အစားအစာအိမ်" ရဲ့အဆင့်ကတော့ အတူတူလောက်ပဲ...သေချာပေါက် စတိုးဆိုင်ရဲ့ အပြင်အဆင်တွေကို အရန်ကုထုံးသစ်သီးတွေ အချိုပွဲတွေနဲ့ လက်ဖက်ရည်ရယ်... နောက်ပြီး အစားအသောက်၀န်ဆောင်မှုတွေပါ အရင်တိုင်းပဲ ဆက်ထိန်းသိမ်းထားလိုက်မယ်... အစ်မဖုယင်း ယုံကြည်ချက်ရှိရဲ့လား"


ဖုယင်း အကြည့်များက သွေးစပျစ်နွယ်ပင်းလေးထံမှ ခွာကာ တစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာဖြင့် လှည့်လာသည်။


"သေချာပေါက်ယုံကြည်ချက်ရှိတာပေါ့ အရမ်းယုံကြည်တယ် ဘုရားရေ....စောင့်တောင့်မစောင့်နိုင်တော့ဘူး"


ဖုလျိုက စိတ်ဓာတ်ကျသွားကာ... "အာ...ငါ အစားအသောက်ကုထုံးဘက် ပြောင်းဖို့အရမ်းနောက်ကျသွားပြီမလား..."


လင်းယောင်ယောင် ကနွေးထွေးစွာပြုံးလိုက်ပြီး...


"အစ်မ အစားအသောက်ကုထုံးဘက်ပြောင်းစရာမလိုပါဘူး အစ်မဖုယင်း နဲ့အတူကူပြီး ဆေးဖက်၀င်အရင်းခံအစားအသောက်နည်းနည်းလုပ်ပေးရင်ပဲ လုံလောက်ပါပြီ..."


"ယူကျန်းအစားအသောက်ကုထုံးဆိုင်" ကို

မူရင်းစီးပွားရေးပုံစံမှ တရုတ်အစားအစာများကို အဓိကထားရောင်းချသော လမ်းကြောင်းဘက်သို့ တဖြည်းဖြည်းပြောင်းလဲသွားချင်သည်။ ဖုညီအစ်မ နှစ်ယောက်လုံးကလဲ ခြေအား လက်အား အစွမ်းကုန် ပံ့ပိုးပေးနေကြပြီးအမှန်တကယ်အကောင်အထည်ပေါ်နိုင်ရန် ရေရှည်စီမံချက်လိုအပ်သည်။


သူမ "ယူကျန်းအစားအသောက်ကုထုံးဆိုင်" သို့ ရေရှည်အတွက် သေချာပေါက် တရုတ်အစားအစာများကို လာရောက် ချက်ပြုတ်မပေးနိုင်သောကြောင့် သီးသန့်ကျွမ်းကျင်စာဖိုးမှူးထားရန်လိုအပ်ပြီး သာမန်စားဖိုမှူးတစ်ဦးအပြင် အစားအသောက်လက်ထောက်တစ်ဦးအဖြစ် 100% ယုံကြည်စိတ်ချရသော အရန်ကုထုံးပညာရှင် ဖြစ်ရမည်။


ဤအချက်အားလုံးနှင့် အကောင်းဆုံးကိုက်ညီသူမှာ ဖုယင်း ဟု သူမ ထင်သည်။ တခြားသူများကိုတော့ ဖုယင်း ကိုယ်တိုင်ရွေးချယ်နိုင်ပြီး ယုံကြည်အားကိုးရသော သူတွေ့လျှင် အတူတူသင်ယူလေ့ကျင့်စေ၍ သို့မဟုတ်လဲ ဖုယင်း ကပါ လက်တွေ့သင်ပြပေးနိုင်သည်။ဖုယင်းမှာ စီနီယာအစားအသောက်အရန်ကုထုံး ပညာရှင်ဖြစ်သော်လည်း ဟင်းပွဲများကို ပိုအရသာရှိရှိချက်ပြုတ်နိုင်ရန် သင်ယူရဦးမည်။စီးပွားရေး တစ်ယောက်အနေနှင့် အရေးကြီးဆုံးအချက်မှာ ပိုက်ဆံပိုရှာရန်ဖြစ်ပြီး ကလေးမလေးဆီကနေ ပညာသင်ယူရခြင်းကို ရှက်ရွံ့မနေပဲ အလွန်ဂုဏ်ယူနေပုံရသည်။


ဖုယင်းကို သူမ Weibo ရှိ ပညာပေးဗီဒီယိုများအတိုင်းလိုက်လုပ်စေပြီး နောက်ပိုင်း စတားနက်ပေါ်တွင် သူမ အစားအသောက်ချက်ပြုတ်လေ့ကျင့်သည့်အခါ ဖုယင်းကို အွန်လိုင်းမှတစ်ဆင့် သင်ပေးနိုင်သည်။

ဖုလျိုက စူပုတ်ပုတ်ဖြင့်သ၀န်တိုကာ..


"ငါလဲ အတူတူကြည့်ချင်တယ်"


သူမက အစားအသောက်ကုထုံးကို အဓိကထား သုသေသနလုပ်ရန်မလိုသော်လည်းအစားအသောက်ကုထုံးဆိုင်၏ ဆေးဖက်ဝင်လက်ဖက်ရည် အားလုံးမှာ သူမ လက်ရာဖြစ်သည်။


လင်းယောင်ယောင် ကလေးတစ်ယောက်ကဲ့သို့ပျော်ရွှင်စွာ ပြုံးလိုက်ပြီး...


"အိုကေ ညီမကိုနွေးထွေးစွာ ကြိုဆိုပေးတဲ့ အလှလေးနှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"


သူမကမပြန်ခင် အရသာရှိပြီး ရိုးရိုးရှင်းရှင်းချက်ရလွယ်သော ဟင်းပွဲအချို့ကိုလည်းသင်ပြပေးခဲ့ပြီး အံ့ဩစရာကောင်းစွာ ဖုယင်းမှာ နမူနာကြည့်ရုံဖြင့် အလွန်ကျွမ်းကျင်လျင်မြန်စွာ တတ်သွားသည်။သူမ လက်ရာက လင်းယောင်ယောင် လောက်မကောင်းသော်လည်း အတော်လေး အဆင်ပြေသည်။

သို့မှသာ လင်းယောင်ယောင် က ရှေးတရုတ်အစားအစာများကို ပိုမိုအားပေးနိုင်ပြီး နောင်တွင် ကိုယ်တိုင်မလာနိုင်တော့မည်ကို သိပ်စိတ်မပူရတော့ဘဲ ဆိုင်တွင် စားချင်တာ လာစားနိုင်သည်။ယခု အခက်အခဲအနည်းငယ်ရှိနေသော်လည်း အားလုံးမှာ အချည်းနှီးမဟုတ်ပေ...


ညနေ လေးနာရီ ငါးနာရီလောက်တွင် ဝေ့ယွမ်က ကြယ်ငါးပွင့် စားသောက်ဆိုင်မှပါဆယ်ထုပ်ကာ သူနေထိုင်ရာ ဗီလာသို့ ညစာသွားကြမလားဟု စာပို့လာသည်။ချောင်းမင်ယောင်နှင့် ယဲ့ရှီး တို့လဲ အတူရှိနေသည်။ဝေ့ယွမ်က အစားအသောက်ပါဆယ်ထုတ်ရန် ပြောနေစဥ် ဘေးမှ ချောင်းမင်ယောင်က ၀င်အော်သည်။


"ဟေး ယောင်ယောင်လေး နင်ငါတို့ကို ပိတ်ရက်ဆို အရသာရှိတဲ့ ဟင်းချက်ကျွေးမယ်လို့ ကတိပေးထားတယ်လေ.."


ရုတ်တရက် ယဲ့ရှီးက သူ့နဖူးကိုခေါက်လိုက်သောကြောင့် အောင့်သက်သက်ဖြင့်...."နောက်နေ့မှလုပ်ကျွေးလဲရပါတယ်..."


လင်းယောင်ယောင်က ဆိုင်တွင်တစ်မနက်ခင်းလုံး ဖုယင်းနှင့် ချက်ပြုတ်ထားသောကြောင့် ပေပွနေကာ လှည်းကျင်းသန့်ရှင်းရန် အကူအညီလို၍ မျက်နှာချိုသွေးပြီး ဝေ့ယွမ်တို့အား ဆိုင်သို့ လာရန် ပြောလိုက်သည်။အစားအသောက်ကုထုံးဆိုင်သည် ဝေ့မိသားစုပိုင်ဆိုင်မှုဖြစ်သောကြောင့် ဝေ့ယွမ် ရင်းရင်းနှီးနှီးသိသည်။ယခင်က သူ ထိုဆိုင်တွင် အကြိမ်ပေါင်းများစွာစားဖူးသည်။မထင်မှတ်ထားဘဲ လင်းယောင်ယောင် ပိုင်ဆိုင်မှုအောက်ရောက်သွားသောအခါ ကလေးမလေး ဆိုင်တွင် ပိုအရသာရှိသော ဟင်းလျာများဖြင့် ဆွဲဆောင် လိမ့်မည်ကို တွေးကြည့်နိုင်သည်။ဝေ့ယွမ်က ပြုံးလိုက်ပြီး....


"ဟုတ်ပြီ ငါနဲ့အတူ ဆီပုလင်းအိုး နှစ်ကောင်ကိုပါခေါ်ခဲ့မယ်"


လင်းယောင်ယောင် ကျောင်းဆောင်သို့ ပြန်ရောက်ချိန်မှာပင် ညရှစ်နာရီကျော်နေပြီဖြစ်သည်။Weiboတွင် နေ့စဥ်တင်နေကျ သင်ကြားရေးဗီဒီယိုအတွက် စတိုးဆိုင်မှမှတ်တမ်းယူထားပြီး ဖြစ်၍ ယနေ့ဗီဒီယိုမှာ အလွန်အရသာရှိသော ဆေးဖက်၀င်ဟင်းလျာ "မွှေးကြိုင်သောပိန်းဥနှင့်မြေခွေးစေ့အိုး" ဖြစ်သည်။


[T/N: Fox Nut သို့မဟုတ် Makhana သည် နှင်းပွင့်၏ အစေ့ဖြစ်သည်။]


သူမက စတားနက်ပေါ်ရှိ "ရှေးတရုတ်အစားအစာ"စတိုးတွင်လဲ ထပ်တင်လိုက်သည်။


အားလုံးပြီးသွားသောအခါ သူမ မက်ခါစစ်ထိုးပွဲ ပလက်ဖောင်း ဧည့်ခန်းထဲသို့ဝင်သွားလိုက်ရာ လင်းရွှမ်ကို တွေ့လိုက်ရသည်။


အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး ယောကျာ်းတစ်ယောက်က စိတ်စွမ်းအင်ထိန်းကျောင်းရေးလေ့ကျင့်ခန်း လုပ်နေရာမှ သူမ ဝင်လာသည်ကိုမြင်သောအခါ အေးဆေးစွာဖြင့်..."ပြီးသွားပြီလား..."


လင်းယောင်ယောင် အချိန်အတော်ကြာ ပြန်မဖြေနိုင်ဘဲ ကြောင်ကြည့်နေပြီး အပြေးအလွှား သူ့တစ်ကိုယ်လုံးကို အသေအချာကြည့်ကာ ၀မ်းသာအားရစွာဖြင့်....


"အစ်ကိုကြီးရဲ့စိတ်ရောဂါကပျောက်သွားပြီလား..သူတို့က အစ်ကိုကြီးကို အင်တာနက်သုံးလို့မရဘူးလို့ ပြောထားတယ်မဟုတ်လား"


လင်းရွှမ် သူမကို စိုက်ကြည့်ကာ စတားနက်ပေါ်မှ ကိုယ်စားပြုရုပ်ပုံက တကယ်တမ်း လက်တွေ့ သူမပုံစံနှင့် မတူသောကြောင့် နောင်တရမိသည်။

သူက ညင်သာသောအသံဖြင့်...


"အင်း မင်းရဲ့ဖြည့်စွက်စာတွေက တကယ်ထိရောက်မှုရှိတယ်လေ အွန်လိုင်းပေါ်ခဏနေလို့ရပေမယ့် ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေတဲ့သူတော့ရှိတယ်"


စကားရပ်လိုက်ပြီး ခန္ဓာကိုယ်ကိုင်းလာကာလင်းယောင်ယောင်၏နား သို့ကပ်၍...


"မင်းမှာ နှစ်ကိုယ်ကြားပြောစရာရှိရင် ကိုယ်အိမ်ပြန်ရောက်တဲ့ထိစောင့်ပြီးမှ ပြောတာပေါ့"


ထိုလူ၏ အသက်ရှုသံနွေးနွေးလေးက သူမ နားထဲသို့တိုး၀င်လာပြီး လေးလေးနက်နက်ပြောနေပုံအရ သူမတို့ စကား၀ိုင်းကို စောင့်ကြည့်နေသူရှိနေသည်။

သူမ မျက်နှာပူလာကာ ရှက်ရှက်နှင့် နောက်သို့နှစ်လှမ်းဆုတ်လိုက်ပြီး...


"တိုးတိုးပြောဖို့မလိုပါဘူး ပုံမှန်ပြောလဲရပါတယ်"



xxxxxx

Ei Thet Hmue