အခန်း၆၃
Viewers 8k

Chapter 63

( လက်တွေ့ သင်ကြားခြင်း)



လင်းယောင်ယောင် သူတို့နှစ်ယောက်ကြား စကား၀ိုင်းကို စောင့်ကြည့်နေသည်ကို တွေးကြည့်ရုံဖြင့်ပင် သူမ ဂဏာမငြိမ်ဖြစ်သွားသည်။လင်းရွှမ်က ဂရုမစိုက်ဘဲ ရုတ်တရက်ရှင်းပြနေသည်။


"ချန်ပင်းကို ကိုယ်မပြောပြဘူး... သူ့ဘာသူသိတာပါ"


လင်းရွှမ်က ချန်ပင်းသူတို့နှစ်ယောက်အကြောင်းသိသလို လူတိုင်းကိုလဲ သိစေချင်သည်။သို့သော် လင်းယောင်ယောင်အားကြောက်ရွံ့အားငယ်စေပြီး နောက်ပြန်ဆုတ်သွားစေလိမ့်မည်။ယနေ့နေ့လည်တွင် ချန်ပင်း နှင့် တွေ့ဆုံမှုတစ်ခုလုံး၏ အသေးစိတ် အချက်အလက်အားလုံး လင်းရွှမ် သိနေသည်ကို လင်းယောင်ယောင် အချိန်အတော်ကြာမှ သိလိုက်ရသည်။


ကလေးမလေးက အနည်းငယ်ရှက်သွားသည်ကို မြင်သောအခါ လင်းရွှမ် ကကြိတ်ပြုံးလိုက်ပြီး....


"မင်းကို ၀ှက်ထားချင်လောက်အောင်ကိုအစားအသောက်တွေက အရသာရှိပြီး အကျိုးသက်ရောက်မှု အရမ်းကောင်းနေတယ်..."


သူ့စိတ်ထဲတွင် သူမ အကြောင်းများဖြင့်ပြည့်နှက်နေပြီး လူသိရှင်ကြားဖြစ်၍မရ၊ သူ့အပိုင်အဖြစ်လူအများသိအောင် ကြေညာခွင့်မရသည်ကိုသူသိသော်လည်း ယုံကြည်စိတ်ချရသောအသိုင်းအ၀ိုင်းငယ်လေးတစ်ခုရှေ့မှာတော့ သူ့အတွေးတွေကို ဖုံးကွယ်ထားပြီး မျက်စိစုံမှိတ်ရှောင်နေဖို့ကို မလိုလားပေ။


သို့သော် မမြင်ရသောတစ်နေရာတွငတစ်ယောက်ယောက်က သူတို့ကိုစောင့်ကြည့်နေသည်ကို သိလိုက်ရသောအခါ လင်းယောင်ယောင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ဒေါသကြောင့်မျက်နှာနီလာသည်။ သူမ ခြေဆောင့်နင်းလိုက်ပြီး စကားလမ််းကြောင်းလွှဲလိုက်သည်။


"ဒီနေ့ မက်ခါကို ဘယ်လိုစီမံရမလဲဆိုတာ သင်ပေးဦးမှာလား"


လင်းရွှမ်က ကလေးမလေး ဆက်ဆက်ထိမခံဖြစ်လာသည်ကိုမြင်သောအခါ အတင်းတွန်းအားမပေးနိုင်တော့သည်ကို သိလိုက်သည်။

"သင်ပေးပါ့မယ်"


သူက အမှောင်ထဲတွင်ပုန်းနေပြီး သူ၏စိတ်အတက်အကျနှင့်အင်တာနက်ဒေတာ မူမမှန်မှုများကို စောင့်ကြည့်နေသော လူယုံကို ညွှန်ကြားလိုက်သည်။


"လုလင်း သူ့မက်ခါစစ်ထိုးပွဲပလက်ဖောင်းအကောင့်ရဲ့ လျှို့ဝှက်ရေးအဆင့်ကို A ကနေ S အထိ အဆင့်မြှင့်လိုက်..."


လင်းယောင်ယောင်က ရိုးရှင်းသော...


"ကောင်းပြီ"


တစ်ခွန်းထဲသာ ကြားလိုက်ရပြီး သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ဘောင်ကို ကိုယ်ပျောက်လက်ဖြင့် ဖွင့်သံကြားရလိုက်ကာ ဒေတာစီးကြောင်းသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။လင်းယောင်ယောင် ကြက်သီးထသွားပြီး...


"နည်းပညာအစ်ကိုရေ ကိုယ်ပျောက်နေရင်အဆင်မပြေဘူးနော်"


လင်းရွှမ်က... "ထွက်လာခဲ့"


ထို့နောက် မက်ခါအခန်းထဲတွင် လူငယ်လေးတစ်ယောက်၏ ပုံရိပ်တစ်ခု ဘွားခနဲပေါ်လာပြီး သူ့မျက်နှာက ဖြူဖျော့နေပြီး ရှက်နေပုံရသည်။လုလင်းက သူမအား အသာအယာခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး အာရုံလွှဲကာ အမြန်ပြန်လှည့်၍ လက်နှစ်ဘက်စလုံးဖြင့် ဒေတာစီးကြောင်းကို ဆက်လက်လုပ်ဆောင်နေသည်။


သူမက စပ်စပ်စုစု စိုက်ကြည့်နေပြီး လင်းရွှမ်းအနားမှာ အရည်အချင်းရှိသူတွေ အများကြီးရှိပါလား....

အမှောင်ထဲတွင် သူမနှင့်လင်းရွှမ်အား စောင့်ကြည့်နေသောလူသည် ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဖြစ်နေသောအခါ သူမကသိကအောက်ဖြစ်နေစရာမလိုတော့ပေ။


အတော်ကြာကြည့်နေသောအခါ သူမရှေ့ လင်းရွှမ်က အရပ်ရှည်ရှည် ချောမောသော အသွင်အပြင်ဖြင့် ကွယ်လိုက်သည်။သူက ချောင်းဟန့်လိုက်ပြီး...


"အဟမ်း အဟမ်း ကိုယ်ကပိုကြည့်ကောင်းတယ်မလား"

လင်းရွှမ်သည် နည်းပညာကလေးနှင့်အပြိုင် လိုက်သ၀န်တိုနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမက ပြုံးပြီး...


"ဟုတ်ပ အစ်ကိုကြီးက ပိုကြည့်လို့ကောင်းတယ်"


လင်းရွှမ်၏ ခပ်တည်တည်မျက်နှာနှင့် နားရွက်ထိပ်များ သိသိသာသာနီရဲလာပြီး အပြောကတော့ ရဲတင်းနေတုန်းပင်...

"အင်း ဒါဆိုရင် ပိုကြည့်သင့်တယ်"


လင်းယောင်ယောင်- '...တော်ပါပြီ' လင်းရွှမ်၏ အရှက်မရှိသောပုံစံက သူမ အတွက်တကယ်ချစ်ဖို့ကောင်းသည်။


သူမ၏အကောင့်ကို ပြောင်းလဲပြီးနောက် အော်ပရေတာကောင်လေး လုလင်းက တဖြည်းဖြည်း ပျောက်သွားပြန်သည်။လင်းရွှမ်က သူမအား မက်ခါစစ်ထိုးသူပလက်ဖောင်း၏ ပင်ကိုယ်အရည်အချင်းကို အရန်ကုထုံးပညာရှင်မှ None သို့ပြောင်းပြီး လူသိများသော "Eleven" အသုံးပြုသူအမည်မှ မသိသာစေရန်အတွက်လည်း အမည်ပြောင်ကို ပြောင်းခိုင်းလိုက်သည်။သူမ အားနည်းနေသေးချိန် လူအများသိနေလျှင် သူမအတွက်အန္တရာယ်ရှိနိုင်သေးသည်။


လင်းယောင်ယောင် က username ကို ခက်ခက်ခဲခဲစဥ်းစားနေပြီး ညကမှ စားလာသောအချိုပွဲ "ပဲနီ အုန်းနို့" ဟု ရိုက်ထည့်လိုက်ပြီး အနောက်လှည့်ကာ လင်းရွှမ်အား အားကိုးတကြီးကြည့်၍...


"ညီမရွေးထားတာကောင်းလား"


လင်းရွှမ် ခဏလောက် တွေေ၀သွားကာကောက်ရိတ်သိမ်းပွဲတော်အတွင်း အိမ်မှာရှိစဉ်တုန်းက သူမ လုပ်ကျွေးဖူးသော ဤအချိုပွဲကို စားဖူးသည်ကို တွေးမိလိုက်၍ ခေါင်းညိတ်ပြပြီး...


"ကောင်းတယ်...မင်းနဲ့လိုက်တယ်"


နူးညံ့တယ်...ချိုမြိန်တယ်....အရသာရှိတယ်...


လင်းယောင်ယောင် မက်ခါပလက်ဖောင်း ထဲသို့ နောက်ဆုံးအကြိမ်ဝင်ခဲ့တုန်းက သူမ မမျှော်လင့်ဘဲ ဆုံခဲ့သော "နစ်ကို" က သူမကို friend add ထားသည်ကို တွေ့လိုက်ရ၍ နောင်တွင် ချိန်းပွဲအခွင့်အလမ်းများရှိလာပြီး ခွန်အားတိုးစေရန်အတွက် သူမ က လက်ခံလိုက်သည်။


ထိုအချိန် နစ်ကိုက အွန်လိုင်းပေါ်တွင် ရှိနေခဲ့ပြီး သူ့ friend add လက်ခံလိုက်သည်ကို မြင်မြင်ချင်း ကစားရန် ကမ်းလှမ်းစာပို့လာသည်။ဘေးနားတွင် ကြည့်နေသော လင်းရွှမ်က...


"လက်ခံလိုက် ကိုယ်မင်းကို ကစားပွဲထဲခေါ်သွားမယ်"


သံချေးတက်ပြီး သော့မပါသော B-XI ကို အသုံးများနေကြသေးသော်လည်း ယခုတစ်ခါ ယခင်ကနှင့်မတူဘဲ လင်းရွှမ်က တွဲဖက်မောင်းနှင်သူ အဖြစ်ကစားသည်။တစ်ဖက်တွင် နစ်ကိုက ယခုလေးတင် သူကစားပွဲထဲခေါ်လိုက်သော လက်ထောက်ကုထုံးပညာရှင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သေချာစစ်ကြည့်နေသည်။


username- ပဲနီ အုန်းနို့


Gender-မ


နောက်ထပ်အချက်အလက်များမရှိတော့....


တိုက်ခိုက်ရေး/အရန်ကုထုံး၏ ရည်ညွှန်းချက်များပင်လျှင် ဘာမျှမရေးထား...


အရန်ကုထုံးအမည်မရေးဘဲ ကစားသူ၏ စိတ်စွမ်းအားလှိုင်းကို ဖော်ပြထားခြင်းဖြင့် လှည့်စားထားခြင်းများလား...

နစ်ကိုက လျှို့ဝှက် S အဆင့်ကို ကြည့်ရင်း မေးစေ့ပွတ်ရင်း ဤမိန်းကလေးမှာ မရိုးသားသောဇစ်မြစ်ရှိပုံရသည်။


ကိစ္စမရှိပေ၊ နစ်ကို က သူ့အရှက်ကို လက်စားချေရန်သာ ဆန္ဒရှိသည်။သူ မိနစ်အတော်ကြာအောင် "ပဲနီအုန်းနို့" ကို လိုက်ဖမ်းခဲ့ပြီး ရှာတွေ့ကာ အနိုင်ယူလိုက်နိုင်သည်။ဘေးနားကလင်းရွှမ် က လင်းယောင်ယောင်ကို


"နေရောင်က မင်းထက်အများကြီး ပိုအားကောင်းတယ် စိတ်စွမ်းအင်နဲ့ မက်ခါကို အရှိန်မြှင့်ဖို့ စွန်ပရိယာယ်သုံးတာ မှန်ပေမယ့် အချိန်တိုင်း စိတ်စွမ်းအားသုံးပြီး တိုက်ခိုက်လို့ မရဘူး... အရင်ကလိုမင်းလှည့်ကွက်က အလုပ်မဖြစ်တော့ဘူး ဒါမယ့် ရပါတယ် ငါ့ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာရင် သူ့ကို ချက်ချင်းရိုက်ချလို့ရတယ်"

လင်းယောင်ယောင်က လင်းရွှမ်၏... "နေရောင်က မင်းထက်အများကြီး ပိုအားကောင်းတယ်" ဟူသော စကားအား လုံး၀ဘ၀င်မကျသော်လည်း နောက်ဆုံးစကားအရ သူမကို စိတ်လှုပ်ရှားစေခဲ့၍ သူမက ချက်ချင်း ယုံကြည်မှုအပြည့်ဖြင့်..."အိုကေ..."


အားလုံးသိကြသည့်အတိုင်း လင်းရွှမ်၏ ပြောင်မြောက်ဖွယ် မက်ချာစစ်ဆင်ေရးသည် ဌာနတစ်ခုလုံး၏ ဖတ်စာအုပ်ထက် ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းပြီး ထူးချွန်သည်။တကယ်တမ်းတွင် ကျောင်းသုံးစာအုပ် စံချိန်စံညွှန်းမှာ အလွန်မြင့်နေပြီး သိပ်အကျွမ်းတ၀င်မရှိသေးသော စတင်သူ အရည်အချင်းများအတွက်တော့ ခက်ခဲပေလိမ့်မည်။

သို့သော် လင်းယောင်ယောင် မှာ တစ်မူထူးခြားစွာ လင်းရွှမ်ထံမှ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နိုင်သည်။


မည်မျှရှုပ်ထွေးခက်ခဲသော လှုပ်ရှားမှုများဖြစ်ပါစေ လင်းရွှမ်က သူမ ကို အလွယ်ကူဆုံး ညွှန်ကြားချက်များဖြင့် ပြောပြနိုင်သည်။ထို့ကြောင့် စစ်ဆင်ရေးလေ့ကျင့်ချိန်အတွင်း လင်းရွှမ်၏လေ့ကျင့်ရေးလမ်းစဥ်ကို ကျင့်သားရနေပြီး တစ်ခုပြီးတစ်ခု အမိန့်ပေးသောအခါ သူမက တွန့်ဆွတ်မှုမရှိဘဲ ရန်သူများကို သတ်ပစ်လိုက်သည်။


သူမ၏ SS အဆင့် စိတ်စွမ်းအင်စစ်ဆင်ရေးနည်းမှာ အကြမ်းဖျင်းမျှသာဖြစ်နေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအားကိုတော့ဘေးတွင် ထိပ်တန်းအဆင့်ဆရာတစ်ယောက်ရှိနေပြီဖြစ်၍ လျှော့တွက်ရန်မလိုတော့ချေ..။ထို့ကြောင့် နစ်ကိုက ပဲနီအုန်းနို့အား 120% အာရုံစိုက်ထားပြီး အကောင်းဆုံးတိုက်ခိုက်နေသော်လည်း အလွန်ရုန်းကန်နေရဆဲဖြစ်နေသည်။


ပဲနီအုန်းနို့ ၏ ထပ်ခါထပ်ခါလုပ်မိနေသောအမှားသေးသေးလေးများကြောင့် သူမက အတွေ့အကြုံမရှိသေးသူဖြစ်ကြောင်း သိသာထင်ရှားနေသော်လည်း ရှုပ်ထွေး၍ ခက်ခဲသော တိုက်ခိုက်မှုများ သို့မဟုတ် ရုတ်တရက် အမှတ်တမဲ့ တိုက်ကွက်အချို့ကို အမြဲတမ်းလှလှပပချေပနိုင်သည်။နောက်ဆုံးတွင် နေရောင်၏အားနည်းချက်ကို ထိသွားပြီး ကျရှုံးသွားသည်။ဒီလောက် အံ့ဩရင်သပ်ရှုမောဖွယ် တိုက်ခိုက်ရေး လေ့ကျင့်မှုများဖြင့် ပြီးပြည့်စုံသောတိုက်ခိုက်ရေးဗျူဟာတွေကြောင့် သူမက ကစားသမားအသစ် ဖြစ်နိုင်ပါ့မလား...


နစ်ကို အာရုံပျံ့နေချိန်တွင် အခွင့်ကောင်းယူပြီး ကစားပွဲအတွင်း တက်ကြွစွာဖြင့် သူမကလင်းရွှမ်ညွှန်ကြားချက်အတိုင်း တသွေမတိမ်းလိုက်နာခဲ့ပြီး နေရောင် ကို လှိုင်းလုံးတိုက်ကွက်များဖြင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်သောအခါတိုက်ရိုက်ထိမှန်သွားကာ ရမှတ် 85 ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးအတိုင်းအတာအထိပျက်စီးသွား၍ ဂိမ်းပြီးဆုံးသွားလေသည်။

ဤကစားပွဲကို လူလည်ကျကျ အနိုင်ပိုင်းသလိုဖြစ်နေသော်လည်း သူမ ၀မ်းသာအားရဖြစ်ကာ လင်းရွှမ်နှင့် လက်၀ါးခြင်းရိုက်လိုက်သောအခါသူမ၏လက်သေးသေးလေးအား သူ့လက်ဖဝါးကြီးနှင့် ဆုပ်ကိုင်ထားလိုက်သည်။


လင်းရွှမ်က ပျော်ရွှင်နေသော သူမကိုကြည့်ပြီး ပြုံးစိစိမျက်နှာထားဖြင့်...

"ဒီတစ်ခါရော ဆုမရှိဘူးလား"


လင်းယောင်ယောင် ရှက်သွေးဖြာသွားပြီး ယခင်က လင်းရွှမ် သူမကို "Famous World" ကစားပွဲအတွင်း အနိုင်ယူပေးခဲ့တုန်းက ဆုအနေနှင့် သူ့ပါးကို အနမ်းပေးဖူးသည်...သူမလက်လေးကို အသာရုတ်လိုက်ပြီး

မော့ကြည့်ကာ....


"မရှိပါဘူး"


လင်းရွှမ် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ "...အိုး"

သို့သော် သူက အတင်းဖိအားမပေးတော့ဘဲ ညည်းတွားနေမိလိုက်သည်။


"လုပ်ပြန်ပြီကွာ"


နစ်ကိုက နောက်တစ်ပွဲ ထပ်ကစားရန် ကမ်းလှမ်းလာပြန်သည်။တိုက်ပွဲအပြီး နစ်ကိုထံ စနစ်သတိပေးချက် ရရှိခဲ့ပြီး "ပဲနီအုန်းနို့"၏တွဲဖက်လေယာဉ်မှူး တိုက်ခိုက်ရေးသမားကြောင့် သူ ကစားပွဲတွင်ရှုံနိမ့်ရခြင်းကို သိလိုက်ရသည်။ကစားသူအမည်မှာ "ရွှမ်" ဖြစ်သည်။


'ရွှမ်...သေစမ်း'


နစ်ကိုသည် ကျွမ်းကျင်သူ ရွှမ်အကြောင်း သိပ်မကြားဖူးသော်လည်း "Famous World"ကစားပွဲအတွင်း သူ၏တိုက်ရည်ခိုက်ရည်ကစားကွက်များမှာ မက်ခါကစားပွဲပလက်ဖောင်းဖိုရမ်တွင် အံ့ဩစရာကောင်းစွာ နာမည်ကြီးခဲ့သည်။ကြည့်ရှုသူအချို့ ရိုက်ကူးထားသော ကစားပွဲအတွင်းဗီဒီယိုများကို ရွှမ်ခွင့်ပြုချက်မရှိဘဲ ဖိုရမ်ပေါ်တွင်လူသိရှင်ကြား တင်ခွင့်မရသော်လည်း အချင်းချင်း အဆက်သွယ်များကြောင့် နစ်ကိုကကစားပွဲ၏ ဗီဒီယိုအချို့ကို ကြည့်ခွင့်ရခဲ့သည်။


ငါးမိနစ်လောက် အရင်ဆုံး ပိပိရိရိရှောင်တိမ်းပြီးနောက် စက္ကန့်သုံးဆယ်အတွင်း ရက်စက်ကြမ်းကြုတ်စွာ တန်ပြန်သတ်ပစ်လိုက်သည်။ တိုက်ခိုက်မှုက ပြင်းထန်ပြီး လျင်မြန်ကာ ယုံကြည်ချက်မြင့်မားစွာ လှလှပပအနိုင်ယူခဲ့သော သူသည် 99.999% အဆင့်ဖြင့် ရှေးသခင်ဖြစ်ထိုက်သူတစ်ဦးဖြစ်သည်။သူက ထိပ်တန်း 100 စာရင်းတွင် မပါဝင်သော်လည်း ထူးချွန်သော နတ်ဘုရားများထဲမှ တစ်ဦးဖြစ်သည်။

မမျှော်လင့်ဘဲ ဤမျှထူးချွန်ပြောင်မြောက်သော နတ်ဘုရားအဆင့်ကစားသူက လူသစ်တစ်ဦးကို ကိုယ်တိုင်လမ်းညွှန်ပေးမည်လား....


နစ်ကိုသည် တိုက်ခိုက်ရေးနှင့်လက်ထောက်ကုထုံးနှစ်မျိုးလုံးတွင် SS အဆင့်ရှိသည့် "ပဲနီအုန်းနို့" ၏စွမ်းရည်ကြောင့် အံ့အားသင့်သွားရသည်။များသောအားဖြင့် လက်ထောက်ကုထုံးပညာရှင်များ၏ကိုယ်လုံးကိုယ်ပေါက်အဆင့်မှာ အလွန်မြင့်မားခြင်းမရှိပေ။သို့သော်လည်း အပြင်လက်တွေ့တွင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်အစစ်က ပိုကောင်းနေလျှင် ပို၍ပင် အံ့ဩစရာကောင်းလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နစ်ကိုအတွက် ပဲနီအုန်းနို့၏ အရည်အချင်းထက် ရွှမ်လို ဆရာတစ်ဆူကိုအမိအရကြိုးကိုင်ထားနိုင်ပုံက ပို၍ပင်တုန်လှုပ်စေသည်။ သူမကို ရွှမ်လိုထူးချွန်သော နတ်ဘုရားကိုယ်တိုင်ကိုယ်ကျ သင်ပေးတာ ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ....

သူ အလွန်အားကျကာ မနာလိုမုန်းတီးမိသည်။


နစ်ကိုက ပဲနီအုန်းနို့ကို ထပ်မံစိန်ခေါ်လိုက်ပြီး ဤတစ်ကြိမ်တော့ ပဲနီအုန်းနို့အစား နောက်ကပံ့ပိုးသူ ရွှမ်ကို ဦးစွာ အာရုံထားပြီး တိုက်ရိုက်တိုက်ခိုက်ပစ်မှရမည်။

လင်းယောင်ယောင်ကလဲ စိန်ခေါ်မှုကို ထပ်မံ လက်ခံလိုက်ပြီး ယခုတစ်ခါတွင်တော့သူမ နေရောင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့မတွက်ဝံ့ပေ။


စိတ်လှုပ်စရာကောင်းစွာ တိုက်ပွဲနှစ်ပွဲအပြီးတွင် နစ်ကို၏ခွန်အားက အမှန်တကယ်အစွမ်းထက်သည်ကို သူမ တဖြည်းဖြည်း သဘောပေါက်လာကာ လင်းရွှမ် သာမရှိပါက သူမသည် သာမန်ထက်ထူးကဲသော စိတ်စွမ်းအားဖြင့် မျက်စိစုံမှိတ်တိုက်ခိုက်နေပြီး ခွေးတစ်ကောင်လို အပြတ်အသတ်ရှုံးနိမ့်ရန် ဆယ်စက္ကန့်အောက်သာ ကြာလိမ့်မည်။သို့သော် ဤတစ်ကြိမ်တွင် သူမအား အတတ်နိုင်ဆုံး ကြိုးစားညွှန်ပြနေသော်လည်း ဆုမရရှိသော ဗိုလ်ချုပ်ကြီးက အနည်းငယ် စိတ်ကောက်နေပုံရပြီး အကြံဉာဏ်နှင့် လှည့်ကွက်များ ပေးသည့်စကားများ အလွန်နည်းလာသည်။ သူက လင်းယောင်ယောင်ကို ခဏခဏ မျက်စိစုံမှိတ် လွတ်ထားပေးပြီး ကျရှုံးလုဆဲဆဲ တိုက်ခိုက်ခံနေရသည်ကို မြင်မှသာ စကားများထွက်လာသည်။ သူ့လက်ကြီးများဖြင့် အလျင်အမြန်အချိန်မီပြောင်းရွေ့နိုင်ရန်နှင့် လှုပ်ရှားမှုများကို အားဖြည့်ကူညီနိုင်ရန် ဖြူဖွေးနုနယ်သော သူမလက်သေးသေးလေးများကိုသာ ဆုပ်ကိုင်ထားသည်။




xxxxxx

Ei Thet Hmue