Chapter-4
"တစ်ခုခုဝယ်ဖို့ မေ့သွားတယ်လို့ ဘာလို့ခံစားနေရပါလိမ့် " ရွှီချင်း ခြံတံခါးကို သော့ခတ်လိုက်သည်။ သူသည် စိတ်မငြိမ်မသက်ဖြစ်နေပြီး ခါတိုင်းလို ခေါင်းကုတ်ချင်သော်လည်း ဝါးဆံညှပ်ဖြစ် ချည်ထားသော ဆံပင်ပုံစံကို မရှုပ်စေချင်ဘူး။ သူက ဒီလိုဆံပင်ရှည်တွေ ထားလေ့မရှိဘူးလေ။
နောက်ဆုံးတွင်မူ သူသည် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး သူ၏ခေါင်းမှ "အသစ်"ဖြစ်တဲ့ရတနာကို တွန့်ဆုတ်စွာ ဆွဲထုတ်လိုက်၏။ ထို့နောက် ကျေနပ်စွာဖြင့် မီးဖိုခန်းဆီသို့ လျှောက်သွားတော့သည်။
ရွှီချင်း မီးစမွှေးလိုက်ပြီး ထင်းခြောက်အနည်းငယ်ထည့်ကာ မနက်ခင်းက အိုးထဲတွင်ကျန်ခဲ့သော ရေနွေးကို ဇလုံထဲသို့လောင်းထည့်လိုက်သည်။ ထို့နောက် ဘေးနားတွင်ထိုင်ကာ အဲ့ဒီရေတွေကို နောက်မှ သူ့မျက်နှာကို ဆေးကြောဖို့ သုံးမယ်။ ထမင်းချက်ရန် အိုးထဲသို့ ရေသန့်ကို လောင်းထည့်ကာ သစ်သားအဖုံးဖြင့် ဖုံးထား
ခဲ့သည်။ သူ ဓားတစ်ချောင်းရှာဖွေရန် သိုလှောင်ခန်းဆီသွားကာ ဟင်းသီးဟင်းရွက်ခြံသို့ ထွက်လာခဲ့သည်။
ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ အများကြီးမရှိပေ။ နောက်ဆုံးတော့ မကြာသေးခင်ကပဲ သူစားထားခဲ့သည့်အပြင် ဂျင်း၊ ကြက်သွန်ဖြူနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်အချို့သာ ရှိတော့သည်။ ထို့ကြောင့် သူ အပြင်ဘက်ရှိ ရွှီမိသားစုဟင်းသီးဟင်းရွက် စိုက်ခင်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။ စိုက်ခင်းက အိမ်မှခြေလှမ်းအနည်းငယ်သာရှိပြီး သွားဖို့လွယ်၏။ အဲဒီမှာ ဟင်းသီးဟင်းရွက် အနည်းငယ်ရှိလေသည်။ ရွှီချင်း တံခါးကို ပိတ်လိုက်ကာ မြေကွက်က သိပ်မဝေးတော့တာမို့ သူလုံးဝမစိုးရိမ်တော့ဘူး။
ရွာရှိ အဝေးတနေရာမှ ကလေးလေးတွေ ကစားရင်း ရယ်မောနေသံတွေ ကြားနေရသည်။ ရွှီချင်းက စိုက်ကြည့်နေရင်း အနည်းငယ်ချဉ်သလိုခံစားရ၏။ ဟိုဘက်မှာ အရမ်းအသက်ဝင်နေသည်။
ဒီကမ္ဘာမှာ သူ့မိသားစုတစ်ခုကို ဘယ်အချိန်မှာပိုင်နိုင်မယ်ဆိုတာ သူမသိပေ။ ရွှီချင်းက မိသားစုတစ်ခု စတင်ဖို့တွေးရင်း သူ့ပါးပြင်တွေ ပူလောင်လာသလို ခံစားလိုက်ရသည် "မင်းဘာတွေတွေးနေတာလဲ ရွှီချင်းရေ" ရူးကြောင်ကြောင်အတွေးတွေကို ခေါင်းနောက်ပို့လိုက်ပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းဆီသို့ အမြန်လျှောက်သွားခဲ့သည်။
သူ ဒီနေ့ ဈေးမှာ ဝက်သားဝယ်ခဲ့သည်။ ကံမကောင်းစွာပင် ဝက်ခြံဖုတွေပိုဆိုးလာမှာကြောက်လို့ အစပ်တွေ မစားနိုင်ဘူး။ ရွှီချင်းက စိတ်မကောင်းဖြစ်သွားရပြီး စပ်တဲ့အစားအစာတွေကလွဲရင် သူအစားမရွေးတတ်ပေ။ အဲဒါကတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုပေမယ့် သူမတတ်နိုင်ဘူးလေ။ သူ့မျက်နှာအတွက် စပ်တဲ့အစာတွေကို ရှောင်ရမယ်။ မဟုတ်ရင် စမ်းရေရဲ့အကူအညီနဲ့တောင် သူ့မျက်နှာက လုံးဝပျောက်ကင်းသွားမှာမဟုတ်ဘူး။ အနာဂါတ်မှာ စပ်တဲ့အစားအစာတွေ စားလို့ရဖို့အတွက် အခုခံနိုင်ရည်ရှိရမယ်။
ဈေးထဲမှာ တခြားဟင်းခတ်အမွှေးအကြိုင်တွေဝယ်ဖို့ မေ့သွားပြီး ဆိုင်ရှင်ကို အရင်ဆုံး ငရုတ်သီးမှုန့်အကြောင်းမေးလိုက်သည်။ “ဒီကောင်ငယ်လေးရေ ငရုတ်သီးမှုန့်ဆိုတာ ဘာလဲမသိဘူး။ အရသာဘယ်လိုရှိတုန်း? ငါ ဒီဆိုင်ကို လည်ပတ်နေတာ နှစ်အတော်ကြာပေမယ့် အဲ့ဒီအရာကို တစ်ခါမှ မကြားဖူးဘူး” သူ့ရဲ့နှလုံးသားလေးလေးလံလာ၏။ ဤကမ္ဘာတွင် ငရုတ်သီးမရှိပေ။
ရွှီချင်းသည် အသီးအရွက်များများစားစားမရှိသော လယ်ကွင်းတစ်ဝိုက်တွင် လမ်းလျှောက်ရင်း နောက်ဆုံးတွင် ဂန္ဓမာခါးခါးလက်တစ်ဆုပ်စာကို ရွေးချယ်ခဲ့သည်။ အေးပြီးတော့ခါးသက်တဲ့ ဂန္ဓမာရွက်နဲ့ နုပ်နုပ်စင်းထားတဲ့ တရုတ်နံနံဝက်သားကို ကြော်မယ်၊ ဟင်းချိုအတွက်တော့ ဂေါ်ဖီထုပ်အနည်းငယ်ကို ခူးလိုက်ကာ သူလိုအပ်သမျှကို ရပြီးနောက် ထွက်ခွာသွားခဲ့သည်။
သူတစ်ယောက်ထဲဆိုပေမယ့် ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းချင်သေးသည်။ ရွှီချင်းက သူ့ခံပြင်းမှုကို ဖြေလျှော့ရန် တံခါးကိုပိတ်ချလိုက်သည်။ သူ့ကိုယ်သူ အချိန်ကောင်းကောင်းပေးမယ်လို့ ဆုံးဖြတ်လိုက်သည်။ သူ့မှာ ဒီနေ့ အချိန်ကောင်းရှိလိမ့်မယ်။
လတ်ဆတ်တဲ့ အသီးအရွက်တွေကို ရေတွင်းနားမှာ ချထားပြီး သူ့လက်ကိုဆေးကြောလိုက်၏။ တည်ထားခဲ့သောရေကို စစ်ဆေးဖို့ မီးဖိုချောင်ကို ပြန်သွားခဲ့ပြီး သူက ဆန်တွေကိုလောင်းထည့်ကာ မီးဖိုထဲကို ထင်းထပ်ထည့်လိုက်သည်။ ထို့နောက် ရေတွင်းမှာ ထားခဲ့သော အသီးအရွက်များကို ဆေးကြောသန့်စင်ရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဝက်ကလေးကိုဝယ်ဖို့ ကြေးပြား၆၅၀၊ အထည်စ၃စအတွက် ကြေးပြား၆၀၊ ဟင်းခတ်အမွှေးအကြိုင်အတွက် ကြေးပြား ၁၅ပြား၊ ဝက်ဗိုက်သားအတွက် ကြေးပြား ၂၀ပြားတို့ကို သုံးစွဲခဲ့သည်။
နေပါဦး၊ မျိုးစေ့တွေကရော? ရွှီချင်းက ဂေါ်ဖီထုပ်ကို ဆေးကြောတာကို ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုမြှောက်လျက် ထခုန်လိုက်ရင်း “မျိုးစေ့တွေဝယ်ဖို့ မေ့သွားတယ်” ရွှီချင်း သည် မနေ့ညက ခုတ်ထစ်ရှင်းလင်းထားသော မြေကွက်နှစ်ကွက်ကို စိတ်ပျက်စွာဖြင့် စိုက်ကြည့်နေသည်။ သူမျက်ရည်မကျဘဲငိုလိုက်ရင်း “ငါဘယ်လိုလုပ်မေ့သွားရတာလဲကွာ”
"အင်း၊ ရက်အနည်းငယ်ကြာရင် နောက်တခါဈေးထပ်သွားရမယ်ထင်တယ်" ရွှီချင်းအနည်းငယ် စိတ်ရှုပ်သွားသည်။ သူ့မှတ်ဉာဏ်က နည်းနည်းတော့ ကျဆင်းသွားတယ်လို့ထင်ခဲ့၏။ ရွှီချင်း စိုစွတ်နေသော လက်ချောင်းများဖြင့် သူ၏ ရှုပ်ပွနေသောဆံပင်များကို ကုတ်လိုက်ကာ မူလကိုယ်၏သဘာဝကြောင့်ပဲလို့ တွေးတောလိုက်တော့သည်။
ဤဖြစ်နိုင်ချေကိုတွေးတောရင်း ရွှီချင်းသည် သူ့ကိုယ်ပိုင်ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ဤခန္ဓာကိုယ်ကို တိတ်တဆိတ်အကဲဖြတ်ပြန်သည်။ ထိုအကြောင်းပြချက်မှာ သူ့ကို ချက်ခြင်းသက်သာရာရစေသည်။ ဒီလိုရှေးခေတ်အချိန်မှာ ဒီခန္ဓာကိုယ်က သိပ်မကောင်းလို့ ဖြစ်နိုင်တာပဲ၊ ဟားဟား! ဒါကိုသိပြီးနောက် ရွှီချင်းက အသီးအရွက်အပိုတချို့ကို ယူလိုက်ပြီး ထူးဆန်းတဲ့နေရာကို အခုမှရောက်လာတဲ့ ဝက်ကလေးကို ပျော်ရွှင်စွာ အစာကျွေးလိုက်သည်။ ထို့နောက် နေ့လည်စာချက်ပြုတ်ရန် မီးဖိုချောင်သို့ ပြန်လာခဲ့သည်။
ရွှီချင်း ဇလုံကြီးတစ်ခုထဲတွင် ဂန္ဓမာခါးခါးများကို ထည့်ကာ ရေအနည်းငယ်လောင်းပြီး ဆားအနည်းငယ်ဖြူး၍ စိမ်ထားလိုက်သည်။ ထို့နောက် ရေဆေးထားသော ဝက်ဗိုက်သားကို အတုံးထူထူပါးပါးလေးများ လှီးဖြတ်ကာ ဝက်ဆီပြုလုပ်ရန် အဆီများကို အသုံးပြုခဲ့သည်။ နုပ်နုပ်စင်းထားသော တရုတ်နံနံကို ဝက်ဆီဖြင့် ကြော်ထားသည်။ ထမင်းကျက်သောအခါ ရွှီချင်းသည် ဘေးဖယ်ထားလိုက်ပြီး အိုးကိုသန့်စင်ကာ ထင်းထပ်ထည့်၍ အိုးခြောက်သည်အထိ စောင့်နေသည်။
ထိုအချိန်တွင် ရေစိမ်ထားသော ဂန္ဓမာခါးခါးများကို ဇလုံကြီးတစ်ခုထဲတွင်ထည့်ပြီး ကြက်သွန်ဖြူနှင့် ဆားအနည်းငယ်ထည့်၍ သမအောင်ရောမွှေကာ ထမင်းစားပွဲဆီ ယူသွားတော့သည်။ ဂန္ဓမာခါးခါးကို ဆောင်းဦးပန်းဟုလည်း ခေါ်ကြသေးသည်။ ၎င်းတွင် ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ ဘက်တီးရီးယားပိုးသတ်နိုင်ခြင်းနှင့် ပအဖျားရောဂါပျောက်ကင်းသက်သာစေခြင်း စသည့်ဂုဏ်သတ္တိများရှိလေသည်။ ၎င်းသည် မျက်စိအမြင်အာရုံကို ကောင်းမွန်စေနိုင်သည့်အပြင်၊ မျက်နှာပေါ်ရှိ အနီကွက်အနီဖုများအတွက်လဲ ကောင်းမွန်စေနိုင်သည်။ ရွှီချင်းက ၄င်း၏ချိုပြီး အနည်းငယ်ခါးသက်သက်အရသာကို နှစ်သက်ပေသည်။
အိုးခြောက်သွားသောအခါ ရွှီချင်းသည် အိုးအတွင်းမှ အပူဒဏ်ခံစားရစေရန် သူ့လက်ကိုအပေါ်မှာထားကြည့်ကာ စောစောကဖယ်ထားတဲ့ ဝက်ဗိုက်သားထူထူလေးတွေကို ထည့်လိုက်သည်။ အိမ်မှာ ဆီတွေအကုန်သုံးကုန်သွားပြီး ဒီမနက်လည်း အသားတွေထပ်ဝယ်ချင်ပေမယ့် အဒေါ်ရှဲ့သံသယဖြစ်မှာကို ကြောက်လို့ လက်လျော့ခဲ့ရသည်။ သူ့နေရာလွတ်က ဆန်တွေနဲ့အသားတွေကို မထိချင်ဘူး။ နောင်အနာဂတ်တွင် သဘာဝ သို့မဟုတ် လူလုပ်သော ဘေးအန္တရာယ်များ ကြုံလာပါက အဆင်သင့်ဖြစ်အောင်လို့ အာမခံချက်ရှိစေရန်ဖြစ်သည်။ သူ့မှာ အရန်အစီအစဥ်တစ်ခုရှိထားဖို့ အရေးကြီးတယ်လေ။
မကြာခင်မှာပဲ အစားအစာတွေရဲ့ မွှေးရနံ့က လေထဲမှာ ပျံ့သွားသည်။ ရွှီချင်းသည် မျက်လုံးများမှိတ်လျက် နှာခေါင်းမှတဆင့် ပြင်းပြင်းထန်ထန် အသက်ရှူလိုက်သည်။ အိုးထဲရှိ အဝါရောင်ဝက်ဆီကျန်ကို သူကြည့်လိုက်ကာ တစ်ချက်စဉ်းစားပြီးမှ ပန်းကန်လုံးတစ်လုံးထဲခပ်ထည့်လိုက်ပြီး ဆားအနည်းငယ်ထည့်ကာ မွှေထားခဲ့သည်။ ဒီနည်းနဲ့ သူ နောက်ထပ်ဟင်းတစ်ခွက် ရခဲ့ပြီလေ။ ကျန်တဲ့ဆီတွေကို ဗီရိုထဲက အိုးတစ်လုံးထဲမှာ သိမ်းထားလိုက်၏။
ရွှီချင်းသည် ပျော်ပျော်လေး လှုပ်ရှားနေခဲ့ပြီး ကျန်ရှိသော နုပ်နုပ်စင်းထားတဲ့တရုတ်နံနံဝက်သားကြော်နှင့် ဂေါ်ဖီထုပ်ဟင်းချိုပန်းကန်များကို ထမင်းစားပွဲပေါ် တင်လိုက်သည်။ ယနေ့တွင် သူ ငွေချောင်း ၁ခု သို့မဟုတ် ၂ခုစာခန့်ရှိသော ကြေးပြား ၇၀၀ကျော်သုံးခဲ့သည်။ အဒေါ်ရှဲ့ကို သူ့အဝတ်အစားချုပ်ခနဲ့ ကြက်တွေဝယ်ဖို့အတွက်လဲ ပေးဖို့ပိုက်ဆံရှိသေးသည်။
ရွှီချင်းဟာ ဆီအနံ့ဖြင့် မွှေးပျံ့နေတဲ့ နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင်လေးစားသောက်ခဲ့ပြီး သူ့ရဲ့အနာဂတ်ကုန်ကျစရိတ်တွေကို တွက်ချက်နေစဉ် အဒေါ်ရှဲ့ကလဲ သူ့ခင်ပွန်းနဲ့ နေ့လည်စာစားနေပြီး ရွှီချင်းအကြောင်းပြောနေခဲ့၏ "ချင်းကောအာက ဒီတစ်ခါတော့ တကယ်ကိုမတူတော့ဘူး။ အရင်က သူ့မျက်နှာကို မြင်မှာကြောက်လို့ တခြားသူတွေရှေ့ဆို ခေါင်းငုံ့ထားတတ်တာ။ ဒီနေ့ လမ်းပေါ်မှာတော့ ခင်ဗျားမမြင်လိုက်ရလို့၊ လူတွေအများကြီးရှေ့မှာ သူရယ်တောင်ရယ်လိုက်သေးတာနော်"
"ဒါကောင်းတာပေါ့" သူ့ပါးစပ်ထဲမှာ ပြောင်းဖူးတွေနဲ့ ပြည့်နေတဲ့ ဦးလေးရှဲ့က ပျော်ရွှင်နေတဲ့ ဇနီးသည်ကို ကြည့်လိုက်သည်။
"အိုး၊ ဒါပေမယ့် ပြဿနာ အသစ်တစ်ခုရှိတယ်" အဒေါ်ရှဲ့ကပြောပြီး သူ့မျက်နှာမှာ ပေါ်နေတဲ့ ပျော်ရွှင်မှုတွေ ပျောက်သွားတော့ ဦးလေးရှဲ့က ပေါင်မုန့်ကို အမြန်မျိုချလိုက်ပြီး "ဘာမှားနေလို့လဲ"
အဒေါ်ရှဲ့က ဦးလေးရှဲ့ကို ဗလာအကြည့်နဲ့ ကြည့်ပြီး "ဒီကလေးက နှစ်လအတွင်းမှာ အသက် ၂၁ပြည့်တော့မှာလေ" "အသက် ၂၁နှစ်ဆိုတော့ ဘာဖြစ်နေလို့တုန်း။ အသက်သိပ်မကြီးသေးဘူးလေ” ဦးလေးရှဲ့က အသက်အရွယ်နဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ထင်တယ်။ မုန့်ပေါင်းတစ်ခုကိုယူပြီး ဇနီးဖြစ်သူရဲ့ပန်းကန်ထဲ ထည့်လိုက်ပြီး နောက်တစ်လုံးကိုယူကာ ဆက်စားနေတော့သည်။
"ကျုပ်ပြောတာက ခင်ဗျားဘာလို့ ဒီလောက်မိုက်မဲရတာတုန်း။ အသက် ၂၁နှစ်ပြည့်ပြီးရင် တာဝန်ရှိသူတွေက စီစဥ်ပေးတဲ့သူနဲ့ လက်ထပ်ရမှာလေ။ ကျုပ်ကိုပြောကြည့်၊ ဒီလိုမျိုးစီစဥ်ပေးတဲ့လူတွေထဲက ဘယ်ကောင်ကကောင်းနေလို့လဲ" အဒေါ်ရှဲ့က အနည်းငယ်စိတ်ပျက်သွားရသည်။ သူက သူ့ပန်းကန်ထဲက မုန့်ပေါင်းကို ဦးလေးရှဲ့ပန်းကန်ထဲကို ရွှေ့လိုက်ကာ အတူရှိလာတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ။ ဒီလူက သူဒီလောက်မစားနိုင်မှန်း အခုထိမသိသေးဘူး။
သူ့မိန်းမကို ဆူပူကြိမ်းမောင်းခွင့်ပေးထားတဲ့ ဦးလေးရှဲ့က ယာဂုတလုတ်လောက်သောက်ပြီး သူ့ပါးစပ်ကို အကြိမ်အနည်းငယ် ရိုက်လိုက်ကာ "မင်း မလိုအပ်ဘဲ စိတ်ပူရပြီးတော့ အရမ်းဂရုစိုက်လွန်းတယ်လို့ ငါထင်တယ်။ သူ ၂၁နှစ်တောင် မရှိသေးဘူးမဟုတ်လား? ဘာအလျင်လိုနေတာလဲ။" သူက ခေါင်းကို မော့လိုက်ပြီး မေးစေ့ဖြင့် အပြင်ကို ညွှန်ပြပြီး "ဒီနေ့ ဘာနေ့လဲ မမှတ်မိဘူးလား။ စစ်တပ်မှာ အမှုထမ်းခဲ့တဲ့ အမျိုးသားတွေလည်း ပြန်လာကြပြီ။ ချင်းကောအာအတွက် ရွေးချယ်ပေးဖို့ လုံလောက်မှာပါ။ အဲ့ဒီလူရှုပ်လေးတွေက လွန်ခဲ့တဲ့ငါးနှစ်လောက်ကတောင် လက်မထပ်နိုင်ခဲ့ကြဘူးလေကွာ"
"မင်း သူ့ကိုဂရုစိုက်ရင် သူ့ကို နှစ်ပေါင်းများစွာ အထီးကျန်အောင် မထားသင့်ဘူး" ရွှီချင်းအနားမှာ သူ့လိုအရွယ်တူ ကောလေးတွေ အများကြီးမရှိဘူးဆိုတာကို ဦးလေးရှဲ့က သတိထားမိခဲ့သည်။ သူတို့နဲ့ပေါင်းသင်းရတာလွယ်ပေမဲ့ သူတို့က ချင်းကောအာကို "ရုပ်ဆိုးကောင်"လို့ ခေါ်ကြသည်ကလွဲရင်ပေါ့လေ။ နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ ပြောင်းလဲရန် မလွယ်ကူလှပေ။
"ဘာပဲဖြစ်ဖြစ် အဲဒီ့ဘက်ကအခြေအနေတွေကို အာရုံစိုက်ဖို့ ကျုပ်ရဲ့ဇာတိရွာက လျိုမော့ကို တောင်းဆိုထားတယ်။ ဟိုမှာ ငယ်ငယ်က စရိုက်ကောင်းရှိတဲ့ ဂျူနီယာ၁ယောက် ၂ယောက်လောက်ကို ကျုပ်သိတော့ သူတို့မိသားစုတွေအကြောင်းလဲ သိတယ်လေ" အဒေါ်ရှဲ့က အစိမ်းရောင် လက်သုတ်ပုဝါကို ဆွဲယူလိုက်ပြီး မနက်က လျိုမော့နဲ့ စကားပြောတာကို ပြန်တွေးရင်း ပါးစပ်ထောင့်တွေကို သုတ်လိုက်၏။
"ကောင်းပြီ! ချင်းကောအာက သူ့အခြေအနေကို သူပိုသိမှာပါ၊ ဒါကြောင့် သူ့ကို ပိုအသက်ရှူခွင့်ပေးထားလိုက်ပါဦး။ မဟုတ်ရင် အချိန်ကျတဲ့အခါ လူတွေက မင်းအရမ်းစပ်စုဝင်ပါတယ်လို့ ထင်လိမ့်မယ်" ဦးလေးရှဲ့က မတ်တတ်ရပ်လိုက်ပြီး ထမင်းစားပွဲကို သပ်သပ်ရပ်ရပ် သန့်ရှင်းရေးလုပ်ပေးသည်။ သူတို့က မိသားစုထဲတွင် တစ်ဦးတည်းသောသူများဖြစ်သည်။ ဇနီးသည်က အိမ်မှုကိစ္စတွေနှင့် သူ့ကိုယ်သူ တာဝန်ယူရသည်။ သူက သူ့မိန်းမကိုလဲ အလိုလိုက်ပြီး ရန်စလိမ့်မည်မဟုတ်ပေ။
သူပြောတာကိုကြားတော့ အဒေါ်ရှဲ့က ဒေါသမထွက်ဘဲ အတွင်းခန်းဆီသို့ အေးအေးဆေးဆေး လျှောက်သွားကာ "ချင်းကောအာက အဲ့လိုလူမျိုးမဟုတ်ဘူး။ ရက်အနည်းငယ်အတွင်း အဝတ်အစားတွေ ကျုပ်သွားပို့တဲ့အခါ သူနဲ့ စကားကောင်းကောင်းပြောလိုက်မယ်။" မျက်လုံးကို မထိခိုက်စေရန်အတွက် တောက်ပနေတဲ့နေ့ခင်းဘက်မှာ အဝတ်အစားတွေချုပ်သင့်သည်လေ။ ချင်းကောအာက ဘယ်လိုပုံစံမျိုးကိုကြိုက်လဲဆိုတာကို သူသေသေချာချာ စဉ်းစားကြည့်သည်။
ပါးပါးရွှီနဲ့ မားမားရွှီတို့က စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် ချင်းကောအာက ဘယ်လိုချုပ်ရမလဲဆိုတာကို မသိတာ အံ့သြစရာတော့ မဟုတ်ချေ။ ချင်းကောအာကို သူသင်ပေးရမယ်။ မဟုတ်ရင် သူ့ကိုယ်ပိုင်မိသားစုရရင် သူဘယ်လိုလုပ်မလဲနော်။
အဒေါ်ရှဲ့ရဲ့ အတွေးတွေကို သိမ်းပိုက်ထားတဲ့ ရွှီချင်းကတော့ သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး အိမ်နောက်ဘက် တောင်ဆီသွားခဲ့သည်။ အိမ်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးမရှိဘူးလေ။ မနက်ကဝယ်လာတဲ့အသားက ဒီနေ့စားဖို့ပဲ လုံလောက်တာ။ တောင်ပေါ်မှာ သူ့ရဲ့ကံကိုစမ်းသပ်ကြည့်ချင်တယ်။ သူ့မှတ်ဥာဏ်ထဲမှာ ပါးပါးရွှီက တောင်ပေါ်သွားတိုင်း အများကြီးရလာတယ်လေ။
တောင်ပေါ်ရှိသယံဇာတတွေ အတော်လေးပေါများသော်လည်း အန္တရာယ်များသည်။ ရွာထဲက သာမန်မုဆိုးတွေက အဝေးကြီးကို မသွားရဲဘဲ တောင်တဝိုက်မှာသာ လှည့်လည်သွားလာနေကြပြီး ပါးပါးရွှီကတော့ တခြားသူတွေထက်တော့ အနည်းငယ်ပိုဝေးဝေးသွားနိုင်ပေသည်။
သူတို့မှာ အမဲလိုက်ခြင်း အတွေ့အကြုံရှိသော်လည်း ကြမ်းကြုတ်တဲ့တိရစ္ဆာန်ဆီ အပြေးဝင်မိပါက မိမိကိုယ်ကို ကာကွယ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ရွှီချင်း သည် စိတ်လှုပ်ရှားစွာဖြင့် မလှမ်းမကမ်းမှ အဖြူရောင် ယုန်ကြီးအား လှမ်းကြည့်နေမိသည်။
သူ့မှာ နေရာလွတ်ရှိတော့ အန္တရာယ်တစ်ခုခုကြုံရင် ဝင်ပုန်းနိုင်တယ်လေ။ ဝိညာဉ်စမ်းရေဟာ ဒဏ်ရာကို ကုသရာတွင်လည်း အရှိန်မြှင့်နိုင်သောကြောင့် သူ မကြောက်မရွံ့ဖြစ်ခဲ့လေရဲ့။