Ch-5
Viewers 9k

Chapter-5


သို့ရာတွင် တစ်ခုမှသိပ်အရေးမကြီးပေ။ ရွှီချင်း၏ မျက်လုံးထဲတွင် ယုန်သားနှပ်ဟင်း၊ ယုန်သားခြောက်၊ ယုန်သားအစပ်ဟင်းများနှင့် အခြားအရသာရှိသော ယုန်ဟင်းလျာများသာ ရှိနေသည်။ သူချက်တတ်တဲ့ အရသာရှိတဲ့ဟင်းလျာအမျိုးမျိုးကို စတင်တွေးကြည့်လိုက်ပြီး တံတွေးမျိုမချဖို့မတတ်နိုင်တော့။

"အညိုရောင်ဆော့စ်နဲ့ယုန်သားနှပ်ဟင်း!"

ရွှီချင်းသည် ပါးပါးရွှီအသက်ရှင်စဥ်က အသုံးပြုခဲ့သည့် လေးနှင့်မြှားကို တိတ်တဆိတ်ဆွဲထုတ်လိုက်ပြီး သစ်ရွက်ခြောက်များစားရင်း အလုပ်ရှုပ်နေသော ယုန်ဖြူကြီး၏ ဦးခေါင်းကို ချိန်ရွယ်ထားရာ တိုက်ရိုက်ထိအောင်ပစ်လိုက်သည်။ ရွှီချင်း ပျော်ရွှင်စွာ ရှေ့သို့ ခုန်တက်၍ ယုန်အသေကို မြေပြင်မှကောက်ယူကာ ကျေနပ်စွာလှုပ်ခါလိုက်တော့သည်။

ဘုရားရေ၊ အဲဒါက အနည်းဆုံး ၄ ကီလိုရှိနေတယ်။ ဟုတ်ပြီ၊ အဲ့လိုဆိုမှတော့ တစ်ဝက်လောက်ကို အဒေါ်ရှဲ့ဆီပေးလိုက်ပြီး ကျန်တာကိုတော့ ဒီည သူစားလိုက်မယ်။

ရွှီချင်း စိတ်ကောင်းဝင်နေပြီး ယုန်ကို နေရာလွတ်ထဲသို့ ပစ်ထည့်လိုက်ကာ အိမ်ပြန်ဖို့ အလျင်မလိုခဲ့ပေ။ သူထိုင်ချလိုက်ပြီး ယုန်စားနေတဲ့ အရွက်တွေကို ကြည့်လိုက်ရင်း ရင်းနှီးနေတဲ့အနံ့ကိုရလိုက်၏ “ဟုတ်တယ်၊ ဒါကဂျင်ဆင်းရိုင်းရဲ့အရွက်တွေပဲ”

တက္ကသိုလ်တက်စဉ်က ဇီဝဗေဒ ဘာသာရပ်ကို လေ့လာခဲ့တာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီလိုရတနာတစ်ခုကို ဆုံးရှုံးသွားရလိမ့်မယ်။

ယုန်က ဝါးထားတဲ့ အရွက်တွေပါတဲ့ ဂျင်ဆင်းရိုင်းကို တူးဖော်ဖို့ သူအချိန်သိပ်မကြာလိုက်ပေ။ ဤဂျင်ဆင်းရိုင်းသည် တောရိုင်းတွင် ပေါက်ဖွားလာသော အဖိုးတန် တရုတ်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ဂျင်ဆင်းရိုင်းကို ရှန်းချောင်(နတ်မြက်) သို့မဟုတ် မှင်စာလို့လည်းခေါ်ကြတယ်။ ဂျင်ဆင်းက နှစ်၅၀အောက်ဖြစ်ပေမယ့်လည်း အလွန်တန်ဖိုးရှိပါသေးသည်။


ရွှီချင်း ဂျင်ဆင်းရိုင်းကို အရွက်ကြီးများဖြင့် ဂရုတစိုက် ထုပ်ပိုးပြီး နေရာလွတ်ထဲသို့ ထားလိုက်သည်။ ဒါက ပိုက်ဆံတွေပဲဆိုတော့ သေချာဂရုစိုက်ရမယ်။ ထို့နောက် သူသည် မြေပြင်မှ လေးနှင့်မြှားကို ကောက်ယူကာ ပျော်ရွှင်စွာ ရှေ့ဆက်သွားခဲ့သည်။

ပါးပါးရွှီတောင်မှ တောင်၏အစွန်အဖျားနားသာသွားခဲ့ပြီး သူ့လောက် တောင်ထဲသို့ ဒီလောက်ဝေးဝေးမရောက်ခဲ့ပုံရသည်။ သူ ရှေ့ကိုတိုးလာလေလေ သစ်ပင်အိုကြီးတွေတွေ့လာရလေဖြစ်ပြီးတော့ အမျိုးအစားတွေ များလေလေပါပဲ။

သူ့ခါးအထိပေါက်နေတဲ့ မြေပြင်ပေါ်က ပေါင်းပင်တွေအများကြီးကို ကြည့်ရသည်မှာ နှစ်တွေအများကြီး တောင်အတွင်းပိုင်းဆီ လူအများအပြား ဝင်ရောက်ခြင်းမရှိကြောင်း ပြသနေသည်။ လမ်းကိုမှတ်မိစေဖို့ ဓားကိုကိုင်ကာ သစ်ကိုင်းတွေကိုခုတ်ထစ်ရုံပဲ။

"ဟမ်၊ ဘာအနံ့ပါလိမ့်"

ရွှီချင်းရပ်လိုက်ပြီး လေထဲက ထူးဆန်းသော အနံ့အသက်ကို ရှူရှိုက်လိုက်သည်။ လောလောဆယ်တော့ ဘာလဲဆိုတာ သူတကယ်မသိတာကြောင့် ရနံ့နောက်ကိုလိုက်သွားရာ သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။

အဲ့ဒါက ငရုတ်ကောင်းပင်ဘဲ။ သူ့ရှေ့က အဝိုင်းသေးသေးလေးတွေနဲ့ ပြည့်နေတဲ့သစ်ပင်က သူ့ကို သတိလက်လွတ်ဖြစ်စေခဲ့သည်။ အရသာပြင်းတဲ့စားရတာကြိုက်တဲ့လူတစ်ယောက်က ဆားနဲ့လုပ်ထားတဲ့ ဟင်းလျာတွေကို နေ့တိုင်းစားရတာ ဘယ်လောက်အဆင်မပြေဘူးလဲဆိုတာ ဘုရားသခင်သာသိတယ်လေ။

ငရုတ်ကောင်းဟာ ဟင်းချက်ရာတွင် အရသာမြှင့်တင်ရန် ကောင်းမွန်သောအရာဖြစ်သည်။ သူ့လက်တွေခြေတွေကို ဘယ်မှာထားရမှန်း မသိလောက်အောင် စိတ်လှုပ်ရှားနေခဲ့ပြီး ငရုတ်ကောင်းပင်တစ်ဝိုက်တွင် ခုန်ပေါက်နေခဲ့၏။ ဒီအပင်ကို ဘယ်လိုသယ်သွားရမလဲ။ သူတူးပစ်လိုက်ရမလား။

စဉ်းစားကြည့်ပြီးနောက် မလုပ်ဖို့ဆုံးဖြတ်လိုက်သည်။ ဒီအပင်က နှစ်အနည်းငယ်သက်တမ်းရှိနေပြီ။ သူနောင်တအပြည့်နဲ့ ဖြစ်နေစဥ် သူ့အဝတ်ထောင့်ကို တစ်စုံတစ်ရာ ခြစ်မိသွားသလို ခံစားလိုက်ရကာ "ဟေး ဒါတွေက ငရုတ်ကောင်းပျိုးပင်တွေများလား"

ဒီငရုတ်ကောင်းပင်ကြီးအောက်တွင် များစွာသေးငယ်သော ငရုတ်ကောင်းပင်ပျိုလေးများရှိနေသည်ကို သူသတိပြုမိသွားရလျက်။ ပျိုးပင်တစ်ပင်သည် သူ၏ပေါင်ထက် အနည်းငယ်သာမြင့်သည်။ ရွှီချင်း သည် ရွှင်မြူးစွာပြုံးနေ၏။ ဦးစွာ သူက အပင်ကြီးဆီမှ ငရုတ်ကောင်းစေ့များနှင့် အနီးနားရှိအစေ့များကို ကောက်ယူပြီး နေရာလွတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ငရုတ်ကောင်းပျိုးပင်ငယ်များကို ဂရုတစိုက်နှုတ်ကာ ကျေနပ်စွာဖြင့် နေရာလွတ်ထဲသို့ ထည့်ခဲ့၏။ အားလုံးပြီးသွားတော့ မှောင်နေပြီ။ အိမ်မှာ အစာစားဖို့ စောင့်နေတဲ့ ဝက်ကလေးရှိနေပြီး ဒီနေ့ ကောင်းကောင်းလေးရိတ်သိမ်းနိုင်ခဲ့တဲ့အတွက် ကျေနပ်တဲ့သူကတော့ အိမ်ကိုပျော်ရွှင်စွာ ပြန်လာခဲ့တော့သည်။

တောင်အစွန်းသို့ရောက်သောအခါ နေရာလွတ်ထဲမှ ခြင်းတောင်းနှင့်တံစဉ်ကို ထုတ်ယူလေ၏။ ဝက်ကလေးကို အစာကျွေးဖို့ တောင်ပေါ်လမ်းက ဝက်စာမြက်တချို့ကို ခုတ်ပစ်ချင်ခဲ့သည်။ ဝက်ကလေးကို အစာကောင်းကောင်းမကျွေးဘဲ ဆာလောင်နေစေပါက အလေးချိန်ကျလာပြီး ပိန်သွားမည်ဖြစ်သည်။ ပိန်တဲ့ဝက်ဆိုတာက နောက်ဆောင်းရာသီအကုန် တရုတ်နှစ်သစ်ကူးဖို့ ဝဖြိုးဖြိုးဝက်ရှိတော့မှာမဟုတ်ဘူး။ ဒီကိစ္စက အရမ်းပြင်းထန်တာနော်။

သူ အိမ်ပြန်ရောက်တော့ ဆာလောင်မှုကြောင့် ဆန္ဒပြနေတဲ့ ဝက်ကလေးကို အစာကျွေးလိုက်သည်။ သူ ဝက်ခြံမှ ထွက်လာပြီးနောက် ညနေ ၇နာရီခန့်ရှိနေပြီ၊ သူ ယုန်ကို အဒေါ်ရှဲ့ဆီ သွားပို့ပေးချင်သေးသည်။

ရွှီချင်း ယုန်ဖြူကြီးကို နေရာလွတ်ထဲမှ ထုတ်ယူကာ ကျွမ်းကျင်စွာ အရေဆုတ်ပြီး အတွင်းကလီစာများကို ကိုင်တွယ်ခဲ့သည်။ သူ့ရဲ့အရင်ဘဝတွင် ကမ္ဘာပျက်ကပ်အတွင်း သူ၏နေရာလွတ်စွမ်းရည်မနိုးထသေးချိန် သူက အသင်းမှာ အ၀တ်လျှော်ခြင်းနှင့် ချက်ပြုတ်ခြင်းအားလုံးကို တာဝန်ယူရသည်။ ဒါ့အပြင် သူ့ရဲ့ ကောင်းမွန်တဲ့ ဟင်းချက်ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ရင် အသင်းက သူ့ကိုခေါ်ထားမှာမဟုတ်ဘူး။

၁၀မိနစ်ကြာပြီးနောက် ရွှီချင်းသည် ယုန်ကို ကိုင်တွယ်လို့ ပြီးသွားခဲ့ပြီ။ ခြင်းတောင်းထဲတွင် တစ်ဝက်ကိုထုပ်ပိုးထည့်လိုက်ပြီး ကောက်ရိုးအဖုံးဖြင့်အုပ်၍ ခြံတံခါးကို သော့ခတ်ကာ ရွာဘက်သို့ လျှောက်လာခဲ့သည်။

နောက်ကျနေပြီဖြစ်၍ လယ်အလုပ်သမားတွေ အိမ်ပြန်ကုန်ကြပြီဖြစ်၏။ ထို့အပြင် ယနေ့တွင် စစ်မှုထမ်းတာဝန်မှ ပြန်လာကြသူများကြောင့် လမ်းပေါ်တွင် မည်သူမျှ မရှိပေ။ ဒါက သူ့အခက်အခဲတွေကို အများကြီး ဖြေရှင်းပေးသည်။

ဒေါက်၊ ဒေါက်၊ ဒေါက်!

"အဒေါ်ရှဲ့ အိမ်မှာရှိလား? ချင်းကောအာပါ" တံခါးခေါက်ပြီးနောက် ရွှီချင်းသည် သူ့လက်တွေကို ပါးစပ်ရှေ့ထားပြီး နွေးထွေးစေလိုက်သည်။ ဆောင်းရာသီကုန်ပြီဖြစ်သော်လည်း ညနေခင်းများမှာ ချမ်းအေးနေဆဲပင်။

"လာပြီ!" အသံကြားပြီးနောက် တံခါးပွင့်လာသည်။

"ချင်းကောအာ၊ မြန်မြန်ဝင်လာ။ အအေးမမိအောင် ဂရုစိုက်ဦး။ ဒီနေ့တွေက လုံး၀ မပူနွေးလာသေးဘူးလေ" အဒေါ်ရှဲ့ တံခါးဖွင့်လိုက်သည်နှင့် သူ့ကျောမှာခြင်းတောင်းတစ်ခုကိုသယ်ထားလျက် လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားကာ တုန်ရီနေတဲ့ ချင်းကောအာ၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဆင်ပြေတယ်။ ကျွန်တော် အဒေါ့်ကို ပေးစရာရှိလို့ ဒီကိုလာခဲ့တာ၊ ပြီးတာနဲ့ ပြန်တော့မှာ" ရွှီချင်းက ခြင်းတောင်းကို အဒေါ်ရှဲ့၏လက်ထဲ ထည့်လိုက်ပြီး တစ်ဖက်သားရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ သူ့ရဲ့ ပိန်ပိန်ပါးပါး ခြေထောက်တိုတိုလေးတွေနဲ့ ချက်ချင်း ပြေးထွက်သွားတော့သည်။

"ဒီကလေးကတော့" အဒေါ်ရှဲ့သည် ချင်းကောအာ၏ လုပ်ရပ်ကြောင့် ကျယ်လောင်စွာ ရယ်မောလုနီးပါးပဲ။ ခြံတံခါးကိုပိတ်ဖို့ လှည့်လိုက်သည်။ သူနဲ့ ဦးလေးရှဲ့က ဟင်းချက်နေတာဖြစ်၏။ ချင်းကောအာ၏အသံကိုကြားလိုက်သဖြင့် အမြန်ထွက်လာခဲ့ခြင်းပင်။

"ချင်းကောအာ ဘယ်မှာလဲ" ဦးလေးရှဲ့သည် သူ့ဇနီးက သူတို့ကိုယ်ပိုင်မဟုတ်သော ဟင်းသီးဟင်းရွက်ခြင်းတောင်းတစ်ခုနှင့် ဝင်လာသည်ကို ကြည့်နေသည်။

"ဒီကလေးက ကျုပ်တို့ဆီ တစ်ခုခုပေးဖို့လာတာလို့ပြောတယ်။ ပြီးတော့ သူက ကျုပ်လက်ထဲကို ထိုးထည့်ပေးပြီး ပြေးထွက်သွားတာ။ သူက ချောနေတဲ့ငါးသေးသေးလေးနဲ့တူတယ်"

ဦးလေးရှဲ့က ဇနီးဖြစ်သူကမ်းပေးလာတဲ့ ခြင်းတောင်းကို ယူလိုက်သည်။ သူကောက်ရိုးအဖုံးကို မဖွင့်ခင်မှာပင် အသားစိမ်းအနံ့ကို ရလိုက်၍ အံ့သြသွားကာ "အာ ဒီကလေးကတော့။ ဒါက ယုန်သားပဲ"

ဟင်းသီးဟင်းရွက်တွေကို သန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ရှဲ့က ချက်ခြင်းလှည့်ကြည့်လာသည်။ ခြင်းတောင်းအတွင်း၌ သေသေချာချာနေရာချထားသော ယုန်သားကို သူမြင်လိုက်သည်နှင့် "ဘုရားရေ ဒီကလေးက ဘယ်ကရလာတာလဲ" အဒေါ်ရှဲ့က ခြင်းတောင်းကို အမြန်ယူလိုက်ပြီး "မဟုတ်ဘူး၊ ကျုပ် သူ့ကို သွားမေးရမှာပေါ့" အဒေါ်ရှဲ့က ရွှီချင်းရဲ့နောက်ကို လိုက်ဖို့ စိတ်စောနေမိသည်။

"ငါပြောမယ် အခုက တကယ်နောက်ကျနေပြီ။ မင်း သွားချင်ရင် မနက်ဖြန်မနက်သွားလို့ရတယ်လေ" ဦးလေးရှဲ့က သူ့မိန်းမရဲ့လက်ကိုဆွဲပြီး "ချင်းကောအာက ယူလာကတည်းက အဆင်ပြေတယ်လို့ဆိုလိုတာပဲ။ အခုသွားဖို့မစဉ်းစားနဲ့။ နောက်ကျနေပြီ။ ချင်းကောအာက လက်မထပ်ရသေးတဲ့ မိဘမဲ့လေးလေကွာ။ လူတွေကို အတင်းအဖျင်းပြောစေမယ့် ဘယ်အရာကိုမှ မလုပ်ပါနဲ့"

"ဒါပေမယ့် ဒါဆို ဘာလုပ်ရမလဲ" အဒေါ်ရှဲ့သည် အလွန်စိုးရိမ်နေသေးသည်။

"ဒီယုန်သားကို ရေတွင်းနားမှာထားပြီး တစ်ညလုံး အေးအောင်ထားထားလိုက်မယ်။ မနက်​ဖြန်​မနက်​ကျရင်​ ဒီယုန်​အ​ကြောင်း ရှင်းရှင်းလင်းလင်း​မေးဖို့ ​ချင်းကောအာဆီကို ငါသွား​လိုက်မယ်​။ ဒါက မြှားပစ်ခံရလို့ သေသွားတာ ထင်ရှားနေတယ်။ အဲဒီတုန်းက လေးနဲ့မြှားတွေကို ဘဟ်လိုသုံးရသလဲဆိုတာ ပါးပါးရွှီလဲသိတယ်လေ" ဦးလေးရှဲ့က ခေါင်းညိတ်ရင်း "ဟုတ်ပြီ ဒါဆို အသားကို ဖယ်ထားလိုက်မယ်။ မင်း အသီးအရွက်တွေကို ဆက်ပြီး သန့်ရှင်းရေးလုပ်တော့"

တစ်ဖက်တွင် ရွှီချင်းသည် ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် ယုန်ကင်စားခဲ့သည်။ "ဒါကမှ ဘဝပဲ"လို့ သူ့ပြည့်တင်းနေတဲ့ဗိုက်ဖောင်းဖောင်းလေးကိုပုတ်လိုက်ရင်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။

ခဏလောက်အနားယူပြီးနောက် ရွှီချင်းသည် ပန်းကန်များနှင့် အသုံးအဆောင်များကို ဖယ်ထုတ်လိုက်သည်။ သူ ဒီနေ့ ခူးဆွတ်သမျှ ငရုတ်အားလုံးကို ဒယ်အိုးကြီးတစ်ခုထဲကို ဖြန့်ထားလျက် လောင်းထည့်လိုက်၏။သူတို့ကို ရေငွေ့ဖြင့် အခြောက်ခံပြီးနောက် မီးဖိုပေါ် သို့မဟုတ် နေရောင်အောက်တွင် ခြောက်သွေ့စေရန် ထားရပါမည်။ အမှုန့်ဖြစ်အောင် ကြိတ်ပြီးရင်တော့ ကြာကြာအသုံးပြုနိုင်ပေမည်။

အခေါက်မွဲပြာကျသောပျိုးပင်များအတွက်မူ အချိန်နှောင်းနေပြီဖြစ်၍ အခြားသူများမမြင်သင့်သောကြောင့် ၎င်းတို့ကို နေရာလွတ်ထဲတွင် ခေတ္တသိမ်းထားလိုက်မယ်။

နွေးနွေးထွေးထွေး ရေချိုးပြီးနောက် ရွှီချင်းသည် အဝတ်များကိုလျှော်ဖွပ်ပြီး စမ်းရေကို ရေနွေးနွေးနှင့် ရောကာ မျက်နှာကိုဆေးကြောလိုက်သည်။ ယခင်ရက်အနည်းငယ်ကလို ယားယံခြင်းတွေ လုံးဝမရှိတော့ပေ။ကြည့်ရတာ အဆိပ်အတောက်တွေ အကုန်ရှင်းသွားပုံရတယ်။ ကျန်အဖုအပိမ့်တွေကတော့ မကြာမီ သက်သာပျောက်ကင်းမည်ဟု ယုံကြည်သည်။

အရမ်းကျေနပ်နေတဲ့ ရွှီချင်းက ကုတင်ပေါ်တက်ကာ သူ့ကိုယ်သူ စောင်ဖြင့်ပတ်လိုက်ပြီး ခဏအကြာတွင် အိပ်ခန်းထဲ၌ တိတ်ဆိတ်ချိုမြိန်သော ဟောက်သံတစ်ခု ထွက်ပေါ်လာတော့သည်။

အဒေါ်ရှဲ့က မနေ့ညက ကောင်းကောင်းအိပ်မပျော်တာကြောင့် မနက်စောစောထပြီး မနက်စာပြင်ကာ အိပ်နေတဲ့ခင်ပွန်းသည်ကို နှိုးလိုက်သည်။

"မနက်စာအဆင်သင့်ဖြစ်ပြီ။ ကျုပ် ချင်းကောအာအိမ်ကို အရင်သွားလိုက်ဦးမယ်။ ထစားရင်စား မဟုတ်ရင် အစားတွေအေးကုန်လိမ့်မယ်နော်" ထို့နောက် အိပ်ငိုက်နေဆဲ ဦးလေးရှဲ့ကို လျစ်လျူရှုကာ အိမ်ထဲမှထွက်လာပြီး မနေ့ညကထားခဲ့သည့် ရေတွင်းဘေးမှ​ ခြင်းကို ကောက်ယူလိုက်သည်။ အဲဒါကိုတွေးပြီးတာနဲ့ ချင်းကောအာက မနက်စာမစားရသေးတာကို တွေးမိလို့ စားပွဲပေါ်ကနေ ပြောင်းဖူးပေါင်မုန့် အနည်းငယ်ကိုယူကာ ချင်းကောအာရဲ့ နေရာကို ထွက်လာခဲ့သည်။

ထိုအချိန်တွင် ရွှီချင်းသည် စောင်အောက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်ပြီး အဒေါ်ရှဲ့လာနေသည်ကို လုံးဝမသိပေ။

ဒေါက်၊ ဒေါက်၊ ဒေါက်!

"ချင်းကောအာရေ နိုးပြီလား"

ဒေါက်၊ ဒေါက်၊ ဒေါက်!

“ဟင်…!” တစ်စုံတစ်ယောက် တံခါးလာခေါက်နေလား? မနက်အစောကြီးကတည်းက တစ်စုံတစ်ယောက်ခေါ်နေသည်ကို ကြားလိုက်ရသဖြင့် ရွှီချင်း အိပ်ငိုက်နေဆဲ မျက်လုံးများက မှင်တက်နေမိသည်။

"ချင်းကောအာရေ?" အဒေါ်ရှဲ့က လက်မလျော့ဘဲ ဆက်ပြီးခေါ်နေဆဲ။ ချင်းကောအာ အိပ်ပျော်နေသေးလားဆိုတာ သူ ဂရုမစိုက်ဘူး။ ယုန်အသားရဲ့ အရင်းအမြစ်ကို ရှာမတွေ့မချင်း သူ သက်သာရာရမည်မဟုတ်ပေ။

"ချင်းကောအာရေ အိပ်ရာထတော့!"