Chapter-6
"အာ! ကျေးဇူးတင်ပါတယ်"
အဒေါ်ရှဲ့၏အသံကြောင့် လက်တွေ့ဘဝသို့ ပြန်ရောက်လာသော ရွှီချင်းသည် အလျင်အမြန် အ၀တ်လဲပြီး ရှုပ်ပွနေသော ဆံပင်များကို ဖြီးကာ ချမ်းအေးသော နံနက်ခင်းလေနုအေးကို တွန်းလှန်၍ ပြေးထွက်လာခဲ့သည်။
ရွှီချင်း ခြံတံခါးကိုဖွင့်လိုက်သည်နှင့် မနေ့ညက သူပို့လိုက်သော ဟင်းသီးဟင်းရွက်တောင်းနှင့်အတူ စင်းရိစတိုင် (T/N: တရုတ်အဝတ်အစားစတိုင်တစ်မျိုးပါ) ဝတ်ဆင်ထားသည့် အဒေါ်ရှဲ့ကို တံခါးရှေ့တွင် တွေ့လိုက်ရသည်။ အဒေါ်ရှဲ့၏အ၀တ်အစားများက အနည်းငယ်စိုစွတ်နေသည်ကို သူသတိပြုမိလိုက်၏။ သူ ဒီလောက်စောစောလာတော့ လမ်းတစ်လျှောက် မနက်ခင်းနှင်းတွေဖုံးနေတဲ့မြက်ခင်းတွေကြောင့် အဝတ်တွေစိုလာတာပဲ။
"အဒေါ်ရှဲ့ ဝင်လာလေ။ တစ်ခုခုဖြစ်လို့လားဟင်?"
ရွှီချင်း အနည်းငယ်ရှက်သွားပြီး သူ့ရဲ့ရှုပ်ပွနေသော ခေါင်းကိုကုတ်ကာ အဒေါ်ရှဲ့ကို အိမ်ထဲ ဆွဲသွင်းလိုက်ရင်း အပြင်ဘက်ကောင်းကင်ကြီးကို ဂရုတစိုက်ကြည့်လိုက်၏။ မနက် ၆နာရီကျော်ရုံလေးရှိဦးမည်။ အဒေါ်ရှဲ့ အစောကြီးလာတာ ဘာဖြစ်မှန်းတော့ သူမသိပေ။
"အို၊ အဲဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး။ လာထိုင်ဦး" အဒေါ်ရှဲ့က အခုလေးတင်အိပ်ရာကထွက်လာပြီး သပ်ရပ်စွာ ၀တ်ဆင်ရန် အချိန်မရှိသော ရွှီချင်း၏ အသွင်အပြင်ကို ကြည့်လိုက်သည်။
"ချင်းကောအာရေ အဒေါ်ပြောချင်တာက ဒီယုန်သားကို မင်းဘယ်ကရခဲ့တာလဲ။ လိမ်ဖို့မကြိုးစားနဲ့နော်၊ ရိုးရိုးသားသားပြောပြ"
ရွှီချင်းသည် မူလက ခြင်းတောင်းကိုကြည့်ကာ အဒေါ်ရှဲ့ ပြန်လာမည်ဟု ထင်ခဲ့သောကြောင့် အထဲကယုန်သားကို မြင်လိုက်ရပြီး မျက်လုံးများ ရုတ်တရက် ပြူးသွားသည်။
"ဘာလို့လဲ? အဒေါ့်ကိုပြော။ ဒီအစားသောက်ကောင်းကို မင်းဘယ်လိုရသွားမှန်း အဒေါ်မသိနိုင်ဘူး။ အမှန်အတိုင်းမသိရင်တော့ မစားနိုင်ဘူးနော်" အလေးအနက်ပြောနေသည့် အဒေါ်ရှဲ့က ထပ်ပြောလာပြန်သည် "မင်းမသိဘူးနော်၊ မင်းရဲ့ဦးလေးနဲ့ ငါက ခြင်းတောင်းကိုဖွင့်လိုက်တော့ ယုန်သားကိုမြင်လိုက်ရလို့ ငါတို့ အရမ်းတုန်လှုပ်သွားတာ။ ဒီလိုယုန်သားကို ငါတို့ မရတော့တာ မင်းအဖေ ဆုံးပါးသွားကတည်းက နှစ်ပေါင်းများစွာကြာခဲ့ပြီလေ။ ဒီအသားပိုင်းက မနည်းတာကို ထားလိုက်ဦး။ ဒါကြောင့် အဒေါ့်ကိုပြောပြ"
သာမာန်လူများသည် အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်ကြသော်လည်း သူတို့၏ဘဝများက အလွန်ခက်ခဲနေဆဲပင်။ ဤယုန်သားပမာဏသည် မြို့တွင်း၌ တစ်ကတ်တီလျှင် ကြေးပြား ၃၀ပြားဖြင့် ရောင်းချနိုင်သည်။ တစ်ယောက်ယောက်က ကံကောင်းလို့ ဖမ်းမိရင်တောင် လူတိုင်းကမစားနိုင်ပေ။ အဒေါ်ရှဲ့က ရွှီချင်းလိုမျိုး ပေါ့ပေါ့ပါးပါး မစားနိုင်ပေမယ့် မြို့ထဲမှာရောင်းပြီး အရေးပေါ်အခြေအနေမှာ သူ့မိသားစုအတွက် ပိုက်ဆံနည်းနည်းစုထားသည်။
"အိုး မနေ့က ကျွန်တော် တောင်ပေါ်မှာ ကံကောင်းပြီး ဖမ်းမိလိုက်တာလေ တစ်ယောက်တည်း ကုနိမှာမဟုတ်လို့ မြည်းလို့ရအောင် ဦးလေးနဲ့အဒေါ်တို့ဆီ ပေးတာပါဗျာ" ရွှီချင်းသည် နောက်ဆုံးတွင် ဇာတ်လမ်းတစ်ခုလုံးကို စဥ်းစားခဲ့ပြီး ယုန်၏ဇာစ်မြစ်အကြောင်း ယောင်ဝါးဝါးပြောခဲ့သည်။ သို့သော် သူ မလိမ်ခဲ့ပေ။ အချက်အလက်အချို့ကို ချန်လှပ်ထားခဲ့ရုံသာ။
"မင်း တောင်ပေါ်ကို သွားတယ်လား? မင်းကိုယ်တိုင်အမဲလိုက်တယ်?" အဒေါ်ရှဲ့၏အမူအရာမှာ ထိတ်လန့်သွားပြီး "မင်း အဒေါ့်ကိုနောက်နေတာလား?" အဒေါ်ရှဲ့က ထပ်မေးလေသည်။
ရွှီချင်းက အနည်းငယ် စိတ်ရှုပ်သွားရင်း "ဟုတ်တယ်လေ ကျွန်တော်ကိုယ်တိုင်ပဲလေ။ ဘာဖြစ်လို့လဲဟင်?"
အဒေါ်ရှဲ့က လေးနက်သော အမူအရာဖြင့် ရွှီချင်း၏ ရှုပ်ပွနေသောဆံပင်နှင့် ဖိုသီဖတ်သီအသွင်အပြင်ကို ကြည့်လိုက်သည်။ ထို့နောက် အနီဖုများပြည့်နေသော ရွှီချင်း၏မျက်နှာလေးကို အသေအချာကြည့်ရာ ဟမ်၊ သူက လူကတော့အတူတူပါပဲလေ။
"ဟေး ချင်းကောအာရေ မင်းမျက်နှာပေါ်က ဝက်ခြံတွေက ဒီလောက်နီနေပုံမပေါ်တော့ဘူးနော်" ဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ အဒေါ်ရှဲ့က အံ့သြတကြီးနဲ့ အော်လိုက်သည်။
ရွှီချင်းသည် သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး အဒေါ်ရှဲ့၏ စကားအတိုင်း သူ့မျက်နှာပေါ်က အနီဖုတွေကိုထိကြည့်ရင်း "ဟုတ်တယ်နော်၊ အဲဒါတွေက အရင်ကထက် နည်းနည်း လျော့သွားတယ်နော်"
စိမ့်စမ်းရေသည် နှစ်များစွာကြာအောင်ရှိနေခဲ့သော သူ့မျက်နှာပေါ်က အဆိပ်အတောက်များမှာ ကုန်သွားခဲ့ပြီးဖြစ်သည်။ နောင်တွင် စမ်းရေဖြင့် မျက်နှာကို ဆေးကြောရန် မလိုအပ်တော့ရင်တောင် အစပ်အစားအစာများ အလွန်အကျွံမစားပါက သိပ်မကြာခင် ပြန်ကောင်းလာမည်ဖြစ်သည်။ ထို့ကြောင့် သူက ဤဖြစ်စဉ်ကို ရှာဖွေတွေ့ရှိရန် အဒေါ်ရှဲ့ထက်ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် အဒေါ်ရှဲ့နှင့် နှိုင်းယှဥ်ကြည့်လျှင် သူက ပိုတည်ငြိမ်သေးသည်။
အဒေါ်ရှဲ့က ဝမ်းသာလွန်းလို့ သတိတောင်မထားမိပေ။ သူ့မျက်လုံးထဲမှာတော့ ကောအာလေးရဲ့မျက်နှာမှာ ကြောက်စရာကောင်းတဲ့ အနီဖုတွေမရှိသရွေ့ ရွာက တခြားကောတွေထက် ပိုကြည့်ကောင်းနေလိမ့်မည်။ ကောအာလေး ငယ်ငယ်တုန်းက တစ်ရွာလုံးမှာ အထူးချွန်ဆုံးလို့ မင်းသိထားသင့်တယ်နော်။ တခြားသူတွေထက်မဆိုးဘူး။
"စကားမစပ်၊ ငါမေ့တော့မလို့။ ချင်းကောအာရေ မင်းကိုမေးစရာရှိတယ်။ ရိုးရိုးသားသားပြောနော်။" စိတ်ငြိမ်သွားပြီးနောက် အဒေါ်ရှဲ့က အရင်ဆုံး သူလာမေးသည့်ကိစ္စကိုမမေ့ခဲ့ချေ။
"မင်း၊ ဒီယုန်ကို မင်းကို တစ်ယောက်ယောက်က ပေးခဲ့တာလား? ဟင်?" အဒေါ်ရှဲ့က ရွှီချင်းကို လျှို့ဝှက်ဆန်းကြယ်နေပြီး အတင်းအဖျင်းလေသံနဲ့ မေးလာခဲ့၏။
ရွှီချင်းက ပိုလို့တောင်အံ့သြသွားရသည်။ အဒေါ်ရှဲ့၏ အတွေးတွေကို သူလုံးဝမသိခဲ့။ "မဟုတ်ပါဘူးဗျာ၊ မနေ့နေ့လည်က ကျွန်တော် အမဲလိုက်ဖို့ တောင်ကိုသွားခဲ့တာ။ ဘယ်သူမှ ကျွန်တော့်ကိုမပေးဘူး။ နောက်ပြီးတော့ ဒီရွာမှာ အဒေါ်နဲ့ဦးလေးကလွဲရင် ဘယ်သူမှ ငါ့ကို ပစ္စည်းမပေးချင်ဘူး"
သူပြောတာကို နားမလည်တဲ့ ရွှီချင်းကိုတွေ့တော့ အဒေါ်ရှဲ့ နည်းနည်းကသိကအောင့်ဖြစ်သွားရသည်။ သူ့အရွယ်နဲ့ လက်မထပ်ရသေးတဲ့ ကောငယ်လေးတစ်ယောက်အတွက် ဒီအကြောင်းတွေကိုပြောဖို့က နည်းနည်းတော့ မလျော်ကန်ပေ။ အဒေါ်ရှဲ့က တည့်တိုးပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။
"အင်း အဒေါ်ဆိုလိုတာကလေ... မင်းမှာ မင်းကြိုက်တဲ့လူရှိလားလို့?"
အဒေါ်ရှဲ့ရဲ့ စကားကို နားထောင်ပြီးနောက် ရွှီချင်းက တံတွေးသီးကာ ချောင်းဆိုးသွားခဲ့သည်။
"အဒေါ် ဘာတွေပြောနေတာလဲဗျာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ရွှီချင်းရဲ့မျက်နှာလေးမှာ ချက်ချင်းပင် ပုဇွန်အရောင်သို့ပြောင်းသွားပြီး "ကျွန်တော် တကယ်ပဲ ကိုယ့်ဘာသာအမဲလိုက်ခဲ့တာ။ တောင်ထဲကိုသွားပြီး ပါးပါးရဲ့လေးနဲ့မြှားကို သုံးထားတာ။ မဟုတ်ဘူး ကြည့်ကြည့်လေဗျာ။ အဲ့ဒါက နံရံမှာ ချိတ်ဆွဲထားတုန်းပဲ။ မယုံရင် ကိုယ်တိုင်ကြည့်နော်။ မနေ့က အသုံးမပြုခင်လေးကမှ သန့်ရှင်းရေးလုပ်ထားတာလေ"
သူလိမ်တာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် သနားစရာကလေးက အမြန်ထပြီး အဒေါ်ရှဲ့ရှေ့သို့ နံရံမှာချိတ်ထားတဲ့ လေးနဲ့မြှားကို ဆွဲယူလိုက်ပြီး ပြလိုက်သည်။
အဒေါ်ရှဲ့က သံသယနဲ့ ကြည့်လိုက်တော့ "မနေ့နေ့လည်က တောင်အတွင်းပိုင်းကို မင်းတကယ်သွားခဲ့တာလား"
"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်သွားခဲ့တာ"
"ကောင်းပြီ မင်းတကယ်တော်တာပဲ။ ကောတစ်ယောက်က တောင်ပေါ်ကို ကိုယ်တိုင်ဝင်ဖို့ သတ္တိရှိတယ်ပေါ့ ဟုတ်လား ဟမ်" အဒေါ်ရှဲ့သည် သူ့လက်ဖြင့် အပြစ်မရှိကြောင်း သက်သေပြနေဆဲဖြစ်သော ရွှီချင်း၏နားရွက်ကို ဆွဲကာ ကျယ်လောင်စွာ ဆူတော့သည်။
အား၊ သူတကယ်ကို တခြားသူတွေဆီကနေ ဖုံးကွယ်လို့မရဘူး။ ရွှီချင်း၏မျက်နှာလေးမှာ နာကျင်မှုကြောင့် ဂန္ဓမာပန်းလို ရှုံ့တွနေပြီး "အာားးး၊ ကျွန်တော်မှားပါတယ်၊ ကျွန်တော်မှားပါတယ်။ ကျေးဇူးပြုပြီးတော့"
"နောက်တစ်ခေါက်ထပ်သွားဦးမလား ဟင်?"
"မသွားဘူး။ ထပ်မသွားတော့ဘူး။"
အဒေါ်ရှဲ့ လွှတ်လိုက်တာနဲ့ ရွှီချင်းက ချက်ချင်းပဲ အဒေါ်ရှဲ့ ဆွဲလိုက်တဲ့ နားရွက်လေးကို ပွတ်လိုက်သည်။ ဒီလူက ဘယ်လိုတောင် ဒီလောက်ထိသန်မာနိုင်တာတုန်း။
"တကယ်လား? မင်းသိလား မင်းက ကောတစ်ယောက်လေ။ တောင်ပေါ်ကို တစ်ယောက်တည်းပြေးသွားတာ၊ တကယ်လို့သာ..." အဒေါ်ရှဲ့က ရပ်လိုက်ပြီး "မင်းကရွှီမိသားစုရဲ့ နောက်ဆုံးမျိုးဆက်လေ"
ရွှီချင်းက နားရွက်ပွတ်နေတာကို ရပ်လိုက်ပြီး အဒေါ်ရှဲရဲ့ နံဘေးကို လျှောက်သွားကာ သူ့ကို ထိုင်ခိုင်းဖို့ ဆွဲလိုက်ပြီး "သိပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ် အဒေါ်ရယ်"
"ကောင်းပြီ၊ ဒီအကြောင်း ထပ်မပြောတော့ဘူး။ အခုမှစမယ်။ မင်းက နောက်နှစ်လဆိုရင် ၂၁နှစ်ပြည့်တော့မှာဆိုတော့ အဒေါ် မင်းကိုသတိပေးချင်တာလေးရှိလို့။ ငါ့ကိုပြော၊ မင်းဘယ်လိုထင်လဲ"
ရွှီချင်းသည် တရားဝင်လက်ထပ်ပွဲအစီအစဉ်ကို ရုတ်တရက်စဥ်းစားနေသည့် အဒေါ်ရှဲ့ကို ကြည့်လိုက်သည်။ ရွှီချင်းသည် ထိုအရာများကို လုံးဝမသိခဲ့ပါ။
"၂၁နှစ်ဖြစ်တော့ ဘာဖြစ်လို့လဲဟင်။ ကျွန်တော် ဘယ်သူ့ကိုမှ လက်မထပ်ချင်ပါဘူး" သူလက်ထပ်မယ်ဆိုရင် အရင်ဆုံး ထိုအမျိုးသားကို တွေ့ဖို့လိုပြီး တခြားလူကို တခြားအရာတွေထက် သဘောကျဖို့လိုတယ်လေ။ ရွှီချင်းက အထက်စီးဆန်ဆန် တွေးနေမိသည်။
"သြော် ဒါဖြင့် မင်းက ခင်ပွန်းတစ်ယောက်ကို ခေါ်သွင်းယူချင်တာလား။ ဒါလည်းမဆိုးပါဘူး။ ဒါဆိုလဲ ရွှီမိသားစုအမည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တာပေါ့။ မင်းအတော်တွေးတတ်တာပဲ" အဒေါ်ရှဲ့သည် ရွှီချင်းက ခင်ပွန်းကိုယူရန် တွေးတောမည်ကို အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ သူ စိတ်ပူသွား၏။ ချင်းကောအာက လက်ထပ်ပြီးရင် ရွှီမိသားစုရဲ့ လယ်ကွင်းတွေနဲ့ အိမ်က ဘာဖြစ်သွားမလဲ။ အခု ဒီအရာတွေအတွက် စိတ်ပူစရာမလိုတော့ဘူးလို့ ထင်ရသည်။
ရွှီချင်းသည် သူ၏ဖွင့်ထားတဲ့ပါးစပ်ကျယ်ကျယ်အတွင်းသို့ ကြက်ဥတစ်လုံးနီးပါး ဆန့်နိုင်ပေသည်။ အဒေါ်ရှဲ့က ရွှီချင်း၏အမူအရာကိုကြည့်ရင်း သူထင်တာမှားသွားမှန်းသိလိုက်သည်။ သူ့မျက်နှာက အနည်းငယ်မည်းမှောင်သွားပြီး "မင်းက လက်ထပ်ဖို့ရော လက်ထပ်ယူတာကိုရော ဆိုလိုတာမဟုတ်ဘူးလား။"
(My Note: ဒီနေရာမှာ အဒေါ်ရှဲ့ထင်တာက ရွှီချင်းက ယောကျ်ားကို သူအိမ်ထောင်စုစာရင်းထဲယူမယ်ပြောတာလို့ထင်တာလေ၊ ဆိုလိုတာက ရွှီချင်းက အိမ်ထောင်ဦးစီးသဘောမျိုးပေါ့ ကလေးလေးတွေမွေးရင်လဲ ရွှီမျိုးရိုးရမှာ အဲ့လိုမျိုးပြောတာ၊ ရေးထားတာ နားမလည်မှာဆိုးလို့ရယ်)
ရွှီချင်းကပြန်မဖြေခင် အဒေါ်ရှဲ့ ဆက်ပြောတဲ့စကားတွေကြောင့် ပိုလို့တောင် အံ့အားသင့်သွားရသည် "မင်း ၂၁နှစ်မှာ အိမ်ထောင်မပြုရသေးရင် မင်းရဲ့ ၂၁ နှစ်မြောက်မွေးနေ့မှာ အရာရှိတွေက မင်းကိုတွဲဖက်ပေးကြလိမ့်မယ်ဆိုတာ မင်းမသိဘူးလား။ အရာရှိတွေက တွဲဖက်ပေးမယ့် အမျိုးသားတွေက လူပျိုကြီးတွေ ဒါမှမဟုတ် ဘာမှမကောင်းတဲ့လူတွေဖြစ်မှာပဲ။ အဲ့ဒီလိုလူမျိုးနဲ့ မင်းလက်ထပ်ရရင် မင်းတစ်ဘဝလုံး ပျက်စီးသွားလိမ့်မယ်"
အစိုးရကတွဲဖက်ပေးမယ်??? သေစမ်း! ဒီလိုရှုပ်ရှုပ်ယှက်ယှက်စည်းမျဥ်းကို ဘယ်သူက သတ်မှတ်လိုက်တာလဲကွာ။ ရွှီချင်းက သူ့စိတ်ထဲတွင် ထောင်ပေါင်းများစွာသောမြင်းများ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။
ရွှီချင်း၏ ဝမ်းနည်းညှိုးငယ်နေတဲ့အမူအရာကိုကြည့်ရင်း အဒေါ်ရှဲ့ ချက်ခြင်းစိတ်ဆင်းရဲသွားရသည်။ နောက်ဆုံးတော့ သူက ကလေးပဲရှိသေးတာ။ အသက် ၂၁နှစ်ရှိရင်တောင် သူ့ခန္ဓာကိုယ်က အသက် ၁၅နှစ် ဒါမှမဟုတ် ၁၆နှစ်နဲ့တူနေတာကို။
"ကောင်းပြီ၊ သိပ်မကြောက်ပါနဲ့။ မနေ့က အခြေအနေကို တိတ်တဆိတ်ကြည့်ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုထားတယ်။ စစ်တပ်က ပြန်လာတဲ့ အမျိုးသားတွေက တစ်နှစ်ထက်တစ်နှစ် ရှာဖွေမှု အများဆုံးပဲ။ အဒေါ့်ကိုပြော၊ မင်းဘယ်လိုမျိုးကြိုက်လဲ။ ငါတစ်ယောက်ရှာလိုက်မယ်။"
ရွှီချင်းက ခေါင်းငုံ့ပြီး တိတ်ဆိတ်သွား၏။ တွက်ချက်မှုတွေ အများကြီးလုပ်ခဲ့ပေမယ့် ဒီကမ္ဘာမှာ ဒီလိုအရာတွေရှိတယ်ဆိုတာ သူမသိလိုက်ပေ။ မေ့လိုက်ပါတော့၊ တကယ်တော့ သူ့တစ်ယောက်ထဲဆိုလဲ အထီးကျန်ဆန်လွန်းနေတာပဲလေ။
"ကျွန်တော် လက်ထပ်ယူ(ခေါ်ယူ)ချင်တယ်" ရွှီချင်းက အဒေါ်ရှဲ့ကို မော့ကြည့်ပြီး "သူက ကျွန်တော့်ထက် နှစ်အနည်းငယ် ပိုကြီးရမယ်။ အရင်က အိမ်ထောင်ပြုထားခြင်းမရှိရဘူး" သူ အသန့်ကြိုက်တယ်ဟု ခံစားရသည် (My Note: သူပြောချင်တာက လူပျိုပဲလိုချင်တယ်ပေါ့နော်)
"စိတ်ကောင်းရှိရမယ်" မဟုတ်ရင် သူတို့ ဘယ်လို ပေါင်းသင်းနိုင်မလဲနော်။
"နည်းပညာကျွမ်းကျင်မှုလဲရှိရမယ်" ရိုးရိုးထမင်းပဲစားလို့မရဘူးလေ။
"ပြီးတော့ ကျွန်တော်ကြိုက်တဲ့ ရုပ်ရည်အသွင်အပြင်လေးက..."
"ရပ်၊ ရပ်တော့!" အဒေါ်ရှဲ့အနည်းငယ် မူးဝေသွားပြီး "စောစောက မင်းပြောတာကို ငါနားလည်ပါတယ်၊ ဒါပေမယ့် ဒီရုပ်ရည်အသွင်အပြင်ကတော့... မင်းဘယ်လိုကြိုက်လဲ"
ရွှီချင်း ကြက်သေသေသွားပြီး သူဘာကြိုက်သလဲ? အရင်ဘဝကလဲ တစ်ကိုယ်တည်းဖြစ်နေဆဲ၊ အရင်က တစ်ခါမှ ချိန်းတွေ့ဖူးတာမဟုတ်ဘူး။ "ဘာပဲဖြစ်ဖြစ် ကျွန်တော့်မျက်လုံးထဲမှာ အဆင်ပြေတဲ့သူတစ်ယောက်ဖြစ်ရမယ်"ဟု ရွှီချင်းက သူ့လည်ပင်းကိုပွတ်နေရင်း မျက်နာနီနီလေးဖြင့် ပြောလိုက်သည်။
အဒေါ်ရှဲ့ ဝမ်းသာသွား၏။ ရွှီချင်းက အရာရှိတွေက တွဲဖက်ပေးမည့်အချိန်အထိ စောင့်မျှော်နေမှာကို သူကြောက်နေခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်မှာပါ။
"ကောင်းပြီ။ ဒါဆို အဒေါ်ပြန်တော့မယ်။ ခြင်းတောင်းထဲမှာ ဒီမနက်လုပ်ထားတဲ့ ပြောင်းဖူးပေါင်မုန့်တွေရှိတယ်။ ပူနေသေးတော့ စားလိုက်ဦး။ အဒေါ် မင်းအတွက် ကောင်းကောင်းလေးတစ်ယောက် ရွေးပေးပါ့မယ်။"
အဒေါ်ရှဲ့ ထွက်သွားမယ်လို့ကြားသောအခါ ရွှီချင်းရှက်မနေတော့ပေ။ သူက ခြင်းတောင်းကို ဆွဲကိုင်လိုက်ပြီး အဒေါ်ရှဲ့ရဲ့လက်ထဲထိုးထည့်ရင်း "အဒေါ်ယုန်သားကို လက်မခံရင် ကျွန်တော်လက်ထပ်ယူမှာမဟုတ်ဘူးနော်"
"မင်းဘာတွေပြောနေတာလဲ? အိုကေ အိုကေ၊ ငါ့မှာ ယုန်သားမရှိတာ နှစ်အတော်ကြာပြီလို့ မပြောခဲ့ဘူးလား။ အသားရဲ့ဇာစ်မြစ်ကိုမသိလို့ မဟုတ်ရင် မင်းဦးလေးနဲ့ ငါက သောက်စရာနဲ့တွဲပြီး စားပစ်လိုက်တာကြာလောက်ပြီ။ ကျေးဇူးပဲနော်။ အခုသွားလိုက်ဦးမယ်။ ငါ့ကိုလိုက်မပို့နဲ့တော့။ သွားဆေးကြောသန့်စင်လိုက်ဦး။ သတင်းကောင်းကို စောင့်မျှော်နေနော်"