Ch-7
Viewers 9k

Chapter-7 


အဒေါ်ရှဲ့ထွက်သွားတာကို ကြည့်နေရင်း ရွှီချင်းပါးပြင်လေးတွေ နီရဲနေဆဲ။ သူတကယ်ကြီး သဘောတူလိုက်မိလား? သို့သော်လည်း ရွှီချင်းသည် နှစ်လအကြာတွင် အမည်မသိအမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် စောင့်မျှော်နေမည့်အစား ဤနှစ်လကို အခွင့်ကောင်းယူ၍ တစ်စုံတစ်ဦးကိုရှာဖွေရန် ပိုမိုကောင်းမွန်လေသည်။ 


ရွှီချင်း သန့်ရှင်းရေးလုပ်ပြီးသောအခါ ကောင်းကင်သည် တောက်ပနေပြီဖြစ်သည်။ သူ မနက်စာအတွက် မနေ့ညက စားမကုန်သေးတဲ့ ယုန်သားနဲ့ အဒေါ်ရှဲ့ကယူလာပေးတဲ့ ပြောင်းဖူးပေါင်မုန့်တို့ကို စားလိုက်၏။ မနက်စာစားပြီးနောက် ရွှီချင်းသည် မကျေနပ်သေးပေ။ ပြောင်းဖူးပေါင်မုန့်ကို သူမစားနိုင်တော့ဘဲ သူ့အစာအိမ်ကို ဒုက္ခပေးနေသလိုပဲ။ တောင်ပိုင်းသားတစ်ဦးအတွက် နေ့တိုင်း ပြောင်းဖူးပေါင်မုန့်ကို စားခွင့်ပေးခြင်းသည် အမှန်တကယ်ပင် ပြစ်မှုတစ်ခုဖြစ်သည်။ 


သူသည် နေရာလွတ်မှ ငရုတ်ကောင်းပင်ငယ်လေးကို ထုတ်ယူပြီး ခြံထဲရှိ ဟင်းသီးဟင်းရွက်ဥယျာဉ်တွင် စိုက်ခဲ့သည်။ မနေ့က သူတူးခဲ့တဲ့ ဂျင်ဆင်းရိုင်းကိုလည်း ထုတ်ယူလိုက်၏။ အား ဒါကက အရမ်းလတ်ဆတ်နေတာပဲ။ သူနောက်တခါ စျေးကိုသွားမယ့်အချိန်ကျမှ ရောင်းလိုက်မယ်၊ ဒါဆို သူ့မိန်းမကို “လက်ထပ်” နိုင်မှာပဲ။ 


နေလုံးလုံးမထွက်လာသေးချိန်တွင် ဝက်ကလေးသည် ဝက်စာမြက်ကို စားလို၍ ဆန္ဒပြနေပြီဖြစ်သည်။ 


အဒေါ်ရှဲ့အိမ်ပြန်ရောက်တော့ ဦးလေးရှဲ့က ခြံထဲမှာ ဆေးလိပ်သောက်နေ၏။ ခြင်းတောင်းကိုကိုင်ရင်း ပြန်လာတဲ့ သူ့မိန်းမကို မြင်တော့ သူနည်းနည်း အံ့သြသွားပြီး "မင်းပြန်လာပြီ။ အဲ့ဒါကို ဘာလို့ပြန်ယူလာတာလဲ" 


"မဟုတ်ဘူး၊ ယူလို့ရတယ်။ ခင်ဗျား ကျုပ်ကို ဒီနေ့လည်စာအတွက် ကူပေးဦး၊ ကျုပ်ချက်ပေးမယ်။" အဒေါ်ရှဲ့က ခြင်းတောင်းကို အိမ်ထောင်ဦးစီးဆီ ပေးရင်း ပြုံးပြသည်။ 


ဦးလေးရှဲ့: "အဆင်ပြေရဲ့လား?" 


"အဲဒါက အဆင်ပြေရုံတင်မဟုတ်ဘူး။ ဒီနေ့​နေ့လည်​မှာ လျိုမော့လာမှာလေ။ သူဒီမှာရှိတဲ့အချိန် ခင်ဗျားက ဟိုနားဒီနားလျှောက်သွားနေလိုက်။ ကျုပ်တို့စကားပြောတာလာနားမထောင်နဲ့။" ဒီလူကြီးက ထောင့်မှာ တိတ်တိတ်လေးပုန်းနေတတ်ပြီး တခြားသူတွေပြောတာ ခိုးနားထောင်ရတာကို ကြိုက်တယ်လေ။ 


"ငါပြောတာ မင်းဘာလို့စိတ်လှုပ်ရှားနေတာလဲ။ မင်းအတွက် ဒီယုန်သားနဲ့ မနေ့က မင်းဝယ်ထားတဲ့အရာတွေကိုလည်း ပြင်ပေးပါ့မယ်ကွာ" ဦးလေးရှဲ့သည် တောကောင်သားအတွက် လောဘကြီးခဲ့သည်မှာ ကြာနေခဲ့ပြီ။ 


"ခင်ဗျားပြောတာကိုကြည့်ဦး။ မနေ့ကဝယ်ခဲ့တဲ့အသားလိုပြောရရင် အဲ့ဒါကအသားမဟုတ်ဘူး" 


တစ်ဖက်တွင် ရွှီချင်းသည် ဝက်စာမြက်များပြည့်နေသော ခြင်းတောင်းကိုသယ်ကာ အစိမ်းရင့်ရောင် လမ်းကြောင်းပေါ်တွင် လျှောက်သွားခဲ့သည်။ နေ၏နွေးထွေးမှုက သစ်ပင်များနှင့် အရွက်များကြားရှိ ကွက်လပ်များဆီ တိုးဝင်နေခဲ့ပြီး အရိပ်များ ဖုံးလွှမ်းရင်း နွေးထွေးမှုရော အေးမြမှုရောရှိနေခဲ့သည်။ 


ဟုတ်တာပေါ့၊ လမ်းမှာ သူ့ကို အမြဲလက်ညှိုးထိုးနေတဲ့သူမရှိရင် ပိုကောင်းလိမ့်မှာပဲ။ 


"ကံဆိုးလိုက်တာနော်။ ဒီလောက်နှစ်တွေအတော်ကြာပြီးတာတောင် သူဘာလို့ ဒီလောက်ရုပ်ဆိုးနေသေးတာလဲ။ ဘေးရွာက လျိုစန်းအာနဲ့ယှဥ်ရင် သူပိုလှဦးမယ်လို့ ငါလောင်းကြေးထပ်ခဲ့တယ်" ဟု သနပ်ခါးရောင်၀တ်ထားသော အမျိုးသားတစ်ဦးက သူ့ဘေးနားမှ ခပ်ဝဝလူကြီးကို မခံမရပ်သံနှင့် ပြောလိုက်သည်။ 


"တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး လှပလာတဲ့ မင်းရဲ့လူနဲ့ လူတိုင်းက အတူတူပဲလို့ မင်းထင်နေလားကွ" ခပ်ဝဝလူကြီးက သူ့နှုတ်ခမ်းကိုမဲ့လျက်ဆိုသည်၊ ဟုတ်တယ်လေ၊ သူဆို ခုထိ စင်ဂယ်ခွေးတစ်ကောင်ဖြစ်နေတုန်း။ 


"ဟားဟား၊ ဒီရုပ်ဆိုးဆိုးကောကိုလက်ထပ်ဖို့ မင်းအဖေကို မင်းဘာလို့ မပြောလိုက်တာလဲ။ သူက နည်းနည်း ရုပ်ဆိုးပေမယ့် မီးပိတ်လိုက်တာနဲ့ ပြီးသွားတာပဲလေကွာ" သူ့မိန်းမကိုတွေးနေတဲ့သနပ်ခါးရောင်ဝတ်လူက ခပ်ဝဝလူကို တမင်တကာ စနောက်လေသည်။ ရှေ့မလှမ်းမကမ်းရှိ ရွှီချင်းက သူ့တို့ကို ကြားနိုင်မလားဆိုတာ သူဂရုမစိုက်ချေ။ 


"သွား သွား၊ မြန်မြန်သွားစမ်း။ တောင်ထဲမှာ ငါ့ကံကိုစမ်းကြည့်ရမယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စစ်စခန်းမှာ အထွေထွေအလုပ်တွေ လုပ်ခဲ့ပေမယ့် ကောင်းတာတစ်ခုခုကိုဖမ်းမိဖို့ ကံကောင်းနိုင်တယ်။ ပြီး​ရင် ငါဘေးရွာတစ်​ရွာကိုသွားပြီး ချက်​ချင်းလက်​ထပ်​ဖို့ တင်တောင်းမယ်" 


"ဟားဟား၊ ငါနောက်နေတာပါကွာ။ သွားကြရအောင်။" 


ရွှီချင်းက သူတို့ ထွက်သွားတဲ့အသံကို နားထောင်ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ အဲ့ဒီလိုလူမျိုးတွေနဲ့ ဝေးဝေးမှာနေရတာ ပိုကောင်းတာပဲ၊ မဟုတ်ရင် သူတို့တွေက အဆုံးမရှိအရှုပ်တွေလာလုပ်နေလိမ့်မယ်။ သူတို့ကစစ်မှုထမ်းပြီး ပြန်လာတဲ့သူတွေ ဖြစ်ပုံရတယ်။ "ရုပ်ဆိုးတာ ဘာမှားလို့တုန်း။ ဘာပဲဖြစ်ဖြစ် ရုပ်ဆိုးတဲ့လူကလဲ မင်းကိုလက်ထပ်မှာမဟုတ်ဘူးလေ" 


'လူကောင်း'ကိုလက်ထပ်ရန် စိတ်ကူးထားသော ရွှီချင်းသည် အိမ်သို့ အမြန်လျှောက်သွားကာ ဝက်ကလေးကို အစာကျွေးရန်အတွက် ဝက်စာမြက်တွေကို ဖြတ်ခဲ့သည်။ ရွှီချင်းသည် အိမ်သန့်ရှင်းရေးလုပ်ပြီး မဖာထေးရသေးတဲ့အဝတ်တွေနဲ့ ဖာထေးပြီးသားအဝတ်တွေအားလုံးကို ခွဲထုတ်ကာ ပုံထားလိုက်၏။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ ဂွမ်းသိုးမွှေးတွေ၊ မသုံးရသေးတဲ့ စောင်တွေကို ထုတ်ယူပြီး အရင်က ပါးပါးရွှီနဲ့မားမားရွှီ နေတဲ့အခန်းထဲမှာ ထားလိုက်သည်။ 


ကြည့်ရတာ သူ ချည်သိုးမွှေးနှင့် စောင်အဖုံးတွေ ပိုဝယ်ရမယ့်ပုံရသည်။ ရွှီချင်းက သန့်ရှင်းတဲ့အခန်းကို ကြည့်လိုက်သည်။ ကုတင်ကြီးတစ်ခုအပြင် ဘေးတွင် ပါးပါးရွှီလုပ်ထားတဲ့ ဗီရိုကြီးတစ်ခုလည်းရှိ၏။ ဖာထေးထားသောအဝတ်အစားများကို ဗီရို၏အပေါ်ထပ်တွင် စုပုံထားလိုက်သည်။ အဖာအထေးမရှိသော အထည်မရှိပေ။ ဆင်းရဲတယ် တကယ်ဆင်းရဲတာပဲ။ 


ဒေါက်၊ ဒေါက်၊ ဒေါက်! 


"ဟေး လျိုမိသားစုကဖြစ်ရမယ်။ ကျုပ်တံခါးသွားဖွင့်​တော့မယ်​၊ ခင်ဗျား စားစရာ​တွေကို စားပွဲ​ပေါ်တင်​လိုက်​​တော့" အဒေါ်ရှဲ့က သူ့လက်ထဲက ရေတွေကို လက်သုတ်ပဝါနဲ့ သုတ်လိုက်ပြီး ခြံတံခါးကို ပြေးဖွင့်လိုက်၏။ 


"မြန်မြန်ဝင်လာ။ မင်းဒီအချိန်လာမယ်ဆိုတာ ငါသိလို့ အစားအစာတွေက အဆင်သင့်ဖြစ်လုနီးပါးပဲ" အဒေါ်ရှဲ့နှင့် လျိုမော့တို့သည် ငယ်စဉ်ကတည်းက အတူကြီးပြင်းခဲ့သည်။ လျိုမော့က သူ့လက်ထဲကတောင်းကို အဒေါ်ရှဲ့ဆီ ပေးလိုက်ပြီး "ဒါက ငါ့ကိုယ်ပိုင် ကန်စွန်းဥမှုန့်ပဲ။ နောက်ဆုံးအကြိမ်တုန်းက မင်းအိမ်မှာမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ ယူလိုက်ဦး" 


"အိုး၊ စကားမစပ် အဲ့ဒီကိစ္စဘယ်လိုလဲ" 


သူ တကယ်ပဲ အစာစားခြင်းထက် ရွှီချင်း၏အခြေအနေကို ပိုစိုးရိမ်နေခဲ့သည်။ မနေ့တနေ့ကမေးခိုင်းထားတဲ့အကြောင်း အဒေါ်ရှဲ့ကိုပြောပြဖို့ သူဒီနေ့ရောက်လာတာပဲ။ 


"ဒီအရာတွေကို ကိုင်တွယ်ဖို့ မင်းငါ့ကို စိတ်မပူပါနဲ့။ အိုး ဘာအနံ့လဲ အနံ့က တကယ်ကောင်းတာပဲ" 


ခြံထဲသို့ဝင်လိုက်သည်နှင့် လျိုမော့က မွှေးကြိုင်သော အနံ့တစ်ခုခုကို အနံ့ခံလိုက်ပြီး "ကောင်းပြီ၊ အရင်စားကြစို့။ ထမင်းစားပြီးရင် ဆွေးနွေးကြမယ်။" 


နေ့လည်စာစားပြီးနောက် အဒေါ်ရှဲ့က ဦးလေးရှဲ့ကို ထမင်းစားပွဲသိမ်းခိုင်းလိုက်ပြီး လျိုမော့ကို အခန်းထဲသို့ ဆွဲခေါ်ကာ တံခါးကိုပိတ်လိုက်သည်။ 


"မြန်မြန်ပြော၊ သင့်တော်တဲ့သူတွေရှိလား" 


လျိုမော့က သူမရဲ့ ဖောင်းကားနေတဲ့ ဗိုက်ကို ကိုင်လိုက်ပြီး "ဒီရက်တွေမှာ ငါကြည့်ထားတာ၊ ငါလူတွေအများကြီးဆီ သွားလည်သေးတယ်။ နောက်ဆုံးတော့ ရွာသူကြီးလီမိသားစုက ဒုတိယကလေးက သင့်တော်မယ်လို့ထင်တယ်" 


ဟုတ်တာပေါ့၊ သူရည်ညွှန်းတဲ့ ရွာလူကြီးက ကျိရှန်းရွာကပါ။ "လီမိသားစု ဒုတိယ​ကလေး။ ချန်ဖုန်းလို့ခေါ်တာမဟုတ်လား" အဒေါ်ရှဲ့သည် သူက ရိုးသားတဲ့ကလေးဖြစ်ကြောင်း အထင်ကြီးခဲ့သည်။ မိသားစုထဲမှာ ညီအစ်ကိုတွေ အများကြီးရှိလို့ သူ့ကို သမက်အဖြစ်ခေါ်ဖို့ လွယ်မှာပဲ။ ဒါပေမယ့် "သူက ဝမ်ဆိုတဲ့လူနဲ့ လက်ထပ်စာချုပ်ရှိတယ်မဟုတ်ဘူးလား။" 


အဒေါ်ရှဲ့ ထိုအကြောင်းပြောပြီးတာနဲ့ လျိုမော့က သူ့ပေါင်ကိုပုတ်ပြီး "မဟုတ်လား? ဒါပေမယ့် အဲ့ဒါက စစ်သားစုဆောင်းမှုမတိုင်ခင် ငါးနှစ်လောက်က ဖြစ်ခဲ့တာလေ။ အဘိုးကြီးလီက သူ့ရဲ့ တတိယသားအစ ဒုတိယသားကို စစ်ထဲဝင်ဖို့ အစားထိုးခိုင်းတာလေ။ အစကတည်းက ဒုတိယသားနာမည်ကိုသုံးပြီး သတင်းပို့တာတောင်ပါသေးတယ်" 


"ဒီလိုမျိုး တကယ်ရှိလား" အဒေါ်ရှဲ့က ဒီကိစ္စကို တစ်ခါမှ မကြားဖူးဘူး။ 


"ပိုဆိုးတာက ဒုတိယသားထွက်သွားပြီးနောက်နှစ်မှာပဲ အဘိုးကြီးလီက သူ့တတိယသားကို အဲဒီဝမ်နဲ့ လက်ထပ်ခွင့်ပေးလိုက်တာ။ သူက ငါးနှစ်တောင် မစောင့်နိုင်တော့ဘူးလေ။ သတို့သားကို ဒီအတိုင်းပြောင်းပစ်လိုက်တာ။ ငါ တယ်! တတိယသားလီရဲ့ ကျော်ကြားမှုနဲ့ အရည်အချင်းကြောင့်သာ မဟုတ်ရင်တော့" 


အဒေါ်ရှဲ့ အံ့အားသင့်သွားရသည်။ ဝမ်မိသားစုသည် လီမိသားစုနှင့် လက်ထပ်ခဲ့ကြောင်း သူကြားသိခဲ့ရသော်လည်း ၎င်းတို့သည် သတို့သားကို ပြောင်းလဲလိုက်ကြောင်း သူတကယ်မသိခဲ့ပေ။ 


"ဒုတိယကလေးက အသက်နည်းနည်းပိုကြီးတယ်လို့ မထင်ပါနဲ့၊ သူက တခြားယောက်ျားတွေလို အပေါ်ယံလို့ မထင်ဘူး။ သူက အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး အခု အိမ်မှာသူ့အခြေအနေက သိပ်မကောင်းဘူး။ မူလစေ့စပ်ထားသူက သူ့ညီလေးရဲ့မိန်းမဖြစ်လာတာလေ။ ဒါကို ဘယ်သူမှ သည်းမခံနိုင်မှာမဟုတ်ဘူး။" 


အဒေါ်ရှဲ့က ခေါင်းညိတ်ပြတာကိုမြင်တော့ လျိုမော့က မီးကိုထပ်မွှေးရင်း "ဒါ့အပြင် မိသားစုထဲမှာ လူတွေအများကြီးရှိတာကြောင့် လီမိသားစုရဲ့ တတိယသားက မိသားစုနဲ့ခွဲထွက်ဖို့ အော်ဟစ်နေတာ။ ကျစ် ကျစ် အဘိုးကြီးလီက သူ့သားကို နှင်ထုတ်ချင်နေမှန်း ဘယ်သူကမသိတာကြလို့" 


မိသားစုခွဲတာလား? အဒေါ်ရှဲ့မျက်လုံးများ တောက်ပလာသည်။ ဒါက အထုပ်အပိုးမပါဘဲ တကယ့်ကို သင့်တော်တဲ့သူပဲ။ 


"အား၊ ငါမင်းကိုပြောမယ်၊ မင်းပြန်သွားတဲ့အခါ မင်းအိမ်မှာ ထမင်းစားဖို့ ဒုတိယသားလီကို ဖိတ်ဖို့ မင်းယောက်ျားကို ပြောခိုင်းလိုက်။ ပြီးရင် လေထုကိုစမ်းသပ်ကြည့်။ ချင်းကောအာမှာ တခြားလိုအပ်ချက်တွေမရှိဘူး၊ နှေးကွေးတဲ့သူကိုပဲ မလိုချင်ဘူးလို့ ငါ့ကိုပြောထားတာ" 


လျိုမော့ရဲ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး "အိုး၊ ဟီး ဟီး၊ ဒါက ဘုရားသခင်ပေးတဲ့ အိမ်ထောင်ရေးလက်ဆောင်ပဲ မဟုတ်ဘူးလားဟ။ အိုကေ၊ ဒီလိုလုပ်လိုက်မယ်။ မနက်ဖြန်ညနေ နောက်ဆုံးထားပြီး တစ်ယောက်ယောက်ကို မင်းဆီ အကြောင်းကြားခိုင်းလိုက်မယ်" 


လီချန်ဖုန်းသည် သူ့ကျောနောက်တွင် ထင်းထုပ်ကြီးကိုသယ်ပိုးရင်း အိမ်သို့ လမ်းလျှောက်လာခဲ့သည်။ သူက ၁.၈၅ မီတာခန့်အရပ်ရှည်ပြီး သပ်ရပ်သောအသွင်အပြင်နှင့် အလျားလိုက်ဓားပုံသဏ္ဍာန်မျက်ခုံးမွှေးရှိ၏။ သူ့အသားအရည်က အနည်းငယ် မည်းရုံတင်၊ သူ့နှုတ်ခမ်းကိုပိပိရိရိစေ့ထားတဲ့အခါ အရမ်းလေးနက်နေပုံပါပဲ။ 


အိမ်တံခါးဝဆီရောက်ရောက်ချင်း သူ့ရဲ့တတိယညီက မိသားစုနဲ့ အသံကျယ်ကျယ်ပြောဆိုနေတာကို ကြားလိုက်ရသည်။ 


“ခွဲမယ်၊ ခွဲကိုခွဲရမယ်။ သူက ကျွန်တော့်ကိုစစ်မှုထမ်းဖို့ ကူညီပေးခဲ့တယ်။ ကျွန်တော်သူ့ကိုအကြွေးတင်နေတယ်။ ပြီးတော့ အဲ့ဒီအတွက် ကျွန်တော်ပြန်ပေးမှာပါ၊ ဒါပေမဲ့ မိသားစုတော့ခွဲရမယ်" အဖေလီသည် ပါးစပ်မှ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရင်း ခြံဝင်းထဲတွင် ငြိမ်သက်စွာထိုင်နေပြီး အကြီးဆုံးနှင့် သူ့ဇနီးလည်း စကားမပြောဘဲ အိမ်ရှေ့တွင် ထိုင်နေသည်။ 


"အဖေ၊ ကျွန်တော့်ကို ပြန်ဖြေဦး" 


လီလောင်စန်းသည် သူ့အဖေကို မိသားစုခွဲထွက်ဖို့ အကြိမ်များစွာပြောခဲ့ပြီးဖြစ်ပေမယ့် သူ့အဖေက  လက်မခံသည်ကို အနည်းငယ်မကျေမနပ်ဖြစ်ခဲ့သည်။ 


"မိသားစုခွဲပြီးရင် ဒုတိယကလေးက ဘယ်မှာနေမှာလဲ" ခဏတာ နှုတ်ဆိတ်နေသော အမေလီက ပြောသည်။ 


"ကျွန်​​တော်​တို့က သူ့အတွက်​ အိမ်​​ဆောက်​ပေးလို့ရတယ်​။" 


လီချန်ဖုန်းသည် ထိုစကားကိုကြားသောအခါ သူ့နှလုံးသားသည် ပြင်းထန်စွာတုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ သူ၏တတိယမြောက်ညီဖြစ်ပြီး ငယ်စဉ်ကတည်းက သူကာကွယ်ပေးခဲ့သောညီဖြစ်ပေသည်။ 


ခြံထဲမှာ ဘယ်သူမှ စကားမပြောကြတော့ဘဲ လီချန်ဖုန်းလဲ ဝင်မသွားချင်တော့။ ထင်းကို ညင်သာစွာချ၍ ခြံအပြင်ဘက်ရှိ တောအုပ်ဘေးတွင် ရပ်လိုက်သည်။ သူသည် သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ပုတ်ခါပြီး ခြံဝင်းဆီသို့ တစ်ဖန်ကြည့်ရင်း လှည့်ထွက်ကာ အပြင်ဘက်သို့လျှောက်သွားသော်လည်း သိပ်မကြာမီတွင် သားသတ်သမားလျိုသည် လမ်းဆုံတွင် အပြုံးဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ 


"ဦးလေးလျို"ဟု နှုတ်ဆက်လိုက်၏။ 


"ချန်ဖုန်း၊ ဦးလေးအိမ်မှာ သွားသောက်ရအောင်။ မင်းကို ခေါ်ဖို့လာခဲ့တာ။" 


လီချန်ဖုန်းက ခြံထဲမှာဖြစ်ပျက်နေတာကို တွေးပြီး ခေါင်းညိတ်လိုက်သည်။ သူက သားသတ်သမားလျို ၏နောက်သို့ လိုက်သွားခဲ့သည်။ အခုပြန်သွားရင်လည်း သူ့မိသားစုကို ကသိကအောက်ဖြစ်စွာနဲ့ ရင်ဆိုင်ရပေမည်။ 


"ချန်ဖုန်းရောက်လာတာလား? ဝင်လာလေ။ အဒေါ်က စားစရာနဲ့ သောက်စရာတွေ ပြင်ပေးမယ်။" လျိုမော့ သည် လီချန်ဖုန်းကိုကြည့်ကာ ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် သူ့ကိုဧည့်ခံခဲ့၍ လီချန်ဖုန်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ တစ်ခုခုမှားနေပြီဟု သူခံစားမိသည်၊ စိတ်အားထက်သန်မှုက နည်းနည်းများလွန်းနေတယ်လေ။ 


"လာ။ ထိုင်လေ" 


သားသတ်သမားလျိုသည် သူ့မိန်းမက သူ့ကို လျှို့ဝှက်စွာ မျက်စပစ်ရင်း ထွက်သွားသည်ကို မြင်ပြီးနောက် လီချန်ဖုန်းနှင့် စကားစမြည်ပြောလာသည်။ 


"တတိယ​သားလီက ထပ်ပြီးပြဿနာရှာနေတာလား။" သားသတ်သမားလျိုက ပဲကြော်ကို ပါးစပ်ထဲထည့်ရင်းမေးလိုက်သည်။ 


လီချန်ဖုန်းသည် ဝိုင်ခွက်အပြည့်ကို တစ်ငုံသောက်လိုက်ပြီး တိတ်တတိတ် ခေါင်းညိတ်လိုက်သည်။ သူ့မိသားစုနဲ့ သားသတ်သမားလျိုရဲ့အိမ်က နီးနီးလေးမို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြ၏။ 


"မင်းရဲ့အစီအစဥ်ကဘာလဲ" 


လီချန်ဖုန်းက မျက်မှောင်ကြုတ်ကာ နောက်တစ်ငုံသောက်လိုက်ပြီး "ဒါဆိုလဲ ခွဲလိုက်တာပေါ့၊ အဲ့ဒါပြီးရင် ငြိမ်သွားလိမ့်မယ်" 


သားသတ်သမားလျိုက သူ့ဇနီးပေးအပ်တဲ့တာဝန်ကို ခဏလောက်စဉ်းစားပြီး လီချန်ဖုန်းကိုမေးလိုက်သည် "မင်း အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ" သူ သိပ်သိသိသာသာမဟုတ်ပေမယ့် လီချန်ဖုန်းရဲ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိမရှိကိုလည်း ရှာဖွေဖို့လိုတယ်လေ။ မဟုတ်ရင် တစ်ယောက်ယောက်ကို ခင်ပွန်းအဖြစ်ခေါ်ယူခြင်းအကြောင်းပြောရတာ မကောင်းဘူးပေါ့။

***