အခန်း ၁၃
Viewers 10k

Chapter 13

Chapter 13




အစပိုင်း၌ တိုတောင်းသောဝိညာဉ်ချိတ်ဆက်မှုအပြီးတွင် ကာ့ပါလီယာ အရင်ဆုံးပြုလုပ်မိသည်က စစ်တပ်အားစေလွှတ်ပြီး ရှာဖွေခိုင်းရန်ဖြစ်သည်။


ဝေးကွာပြီး ခဏတဖြုတ်သာကြာမြင့်လိုက်သည့် ဝိညာဉ်ချိတ်ဆက်မှုတွင်တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်းမရှိသည်ကိုထောက်ရှုပြီး ကာ့ပါလီယာမှာ သူမထံဝိညာဉ်ချိတ်ဆက်သူ၏အရေးပါပုံကိုသတိမထားမိသေးချေ။ သို့တစေ အမျိုးသမီးများတွင် အလိုလိုသိစိတ်ရှိတတ်သည်။အဆိုပါ အလိုလိုသိစိတ်က သူမအားစတင်ရှာဖွေပြီး အလိုက်သင့်တုံ့ပြန်သင့်ကြောင်းသတိပေးနေ၏။


သူမစေလွှတ်လိုက်သည့်စစ်တပ်မှာ ပစ်မှတ်အားရှာမတွေ့ခဲ့ပေ။ ကာ့ပါလီယာလည်း ဒုတိယမြောက်ဝိညာဉ်ဆက်သွယ်မှုကို မရသောကြောင့်ရှာဖွေလိုစိတ် လျော့ပါးသွားသည်။ ထိုအချိန် မတိုင်ခင်အထိ။


အခြားဂြိုလ်ပေါ်တွင် ကုဟွိုက်ကား အနည်းငယ်ဘေးကျပ်နံကျပ်ဖြစ်နေပြီး စစ်တပ်ခေါင်းဆောင်သုံးယောက်အနက်မှ မည်သည့်တစ်ယောက်ကိုဆက်သွယ်မိမှန်းမသိသလို တဖက်လူအမည်ကိုလည်းမသိ။


"အင်း...မင်း...အခြေအနေဘယ်လိုလဲ"


ထိုသို့ပြောပြီးနောက် ကုဟွိုက်မှာ တခဏမျှတိတ်ဆိတ်ငြိမ်သက်သွား၏။ ၎င်းအဖွင့်စကားက အလွန်တရာကို့ရို့ကားယားနိုင်သလိုပါခံစားလိုက်ရသည်။


သူမထံ သတိထားပြီးပေးပို့လာသောအသံက ကြည်လင်နူးညံ့နေကာ စကားလုံးတိုင်းမှာ အပိုအလိုမရှိဘဲ ပြီးပြည့်စုံ၏။ ထိုအသံကိုကြားရပြီးနောက် အလုံးစုံထိန်းချုပ်ခံရပြီးသော အမျိုးသမီးဇက်၏လက်ဓားမှာနောက်တကြိမ် တုန်ယင်လာပြန်သည်။ အပိုင်းပိုင်းပျက်စီးပြီးသားအစည်းအဝေးစားပွဲခုံကား နောက်တကြိမ် ရိုက်ချိုးခံရပြီး ကြမ်းပြင်ပေါ်သို့ အပိုင်းအစများအဖြစ် ပျက်စီးကုန်သည်။


အခန်းထဲတွင်ရှိနေသော အခြားအဆင့်မြင့်ဇက်ခမျာ အခြေအနေကိုမသိရ၍ ဘေးဘက်၌ ငူငူကြီးရပ်ကြည့်နေသည်။ သူတို့မှာ ဖျန်ဖြေရန်အနားမလာရဲပါချေ။


နားလည်ကြည့်ရပါမူ ဒုတိယမြောက်စစ်တပ်ခေါင်းက တက်ခ်ဇက်ဖြစ်နိုင်သည့်တိုင် သူမက တက်ခ်ဇက်၏လူမဆန်သောအခြမ်းကို ပြသခဲသည်။ သူမသည် အစဉ်အမြဲတည်ငြိမ်ပြီး တစ်ခါဒေါသထွက်လျှင်ပင်ဆန့်ကျင်ဘက်အားဖြင့် အေးတိအေးစက်သာပြသတတ်သည်။ ၎င်းကရေခဲလွှာအောက်တွင်ဖုံးကွယ်ခံထားရသော ချော်ရည်ပူများနှင့်တူ၏။ သူမ၏အေးစက်သောဒေါသက ရန်သူကို ပိုပြီးတုန်လှုပ်လာစေသည်။


ယခု အခန်းထဲမှဇက်မှာ ကာ့ပါလီယာ၏တည်ငြိမ်မှုက သိသိသာသာလှုပ်ခါသွားကြောင်း မြင်တွေ့လိုက်ရသည်။ ဝိညာဉ်ချိတ်ဆက်မှုက တဖက်တည်းသာရှိနေပြီး အပြန်အလှန်ဆက်သွယ်ရန်မှာလည်းဝေးကွာလွန်းသောကြောင့် ကုဟွိုက်မှာ ဆက်သွယ်မှုရရှိသည့်ဇက်၏ တုံ့ပြန်မှုကိုမပြောတတ်ချေ။ ကို့ရိုးကားယားနိုင်သောအဖွင့်စကားအပြီး ကုဟွိုက်ကား စိတ်ထဲရှိသည့်အတိုင်းသာပြောရန်ဆုံးဖြတ်ချက်ချလိုက်သည်။


[မင်းတူဆာကိုလာခဲ့ပါလား၊ ငါအခု ဒီဂြိုလ်ပေါ်ရောက်နေတယ်၊ ဖြစ်နိုင်ရင်ငါမင်းကိုတွေ့ချင်တယ်]


ကုဟွိုက် ထိုအထိပြောဆိုပြီးနောက် ဆက်သွယ်မှုအားမဖြတ်တောက်လိုက်ခင် တခဏမျှစောင့်ဆိုင်းနေလိုက်သေးသည်။ ထို့နောက် သူမသမ်းဝေဘဲ မနေနိုင်တော့။ မျက်ရည်စလေးအချို့က ကုဟွိုက်မျက်လုံးထောင့်တွင်ပေါ်လာပြီး အနည်းငယ်နီမြန်းလာသည်။ သူမျက်လုံးများကိုပွတ်ရန်လက်မြှောက်လိုက်သည်။


ထိုအချိန်မှာပင် တကြိမ်တခါမှမြင်တွေ့ခဲ့ဖူးခြင်းမရှိသော အခြားဂြိုလ်ပေါ်သို့ဆက်သွယ်မှုမှာ လျှပ်စီးပတ်လမ်းကိုဖြတ်ကာ ဗိုလ်မှူးထံရောက်ရှိလာသည်။ အဆိုပါဆက်သွယ်မှုတောင်းဆိုချက်၏ ပေးပို့သူကိုဩဒိနိတ်မှာ တာမီယာ နှင့် ရင်း ကြယ်စုများထံမှဖြစ်သည်။ ဗိုလ်မှူးက သတိအပြည့်ဖြင့်စစ်ဆေးပြီးနောက် ငွေရောင်ဆံနွယ်ရှင်က ခေါင်းညိတ်ပြနေသည်ကိုမြင်ရသည့်အခါမှ ဆက်သွယ်မှုတောင်းဆိုချက်ကိုလက်ခံလိုက်သည်။


ဆက်သွယ်မှုချိတ်ဆက်ပြီးသည်နှင့် ရေခဲရိုက်မျက်နှာဖြင့်အမျိုးသမီးဇက်က ဆက်သွယ်သည့်ဖန်သားပြင်ထက်တွင်ပေါ်လာ၏။ လူသားပုံစံထိန်းသိမ်းထားသည့်သူမသည် အပေါ်ယံအမြင်အရ မဆိုးရွားလှပေ။ ဆက်သွယ်ရေးဖန်သားပြင်ထက်မှ အမျိုးသမီးဇက်က ဤတကြိမ်တွင်အတော်အသင့်တိုးတက်လာပြီဟုဆိုရပေမည်။


သို့သော်လည်း အနှီအလှလေးကား အေးစက်လွန်းလှပါသဖြင့် ကြည့်မိသူတိုင်းကို မုချထိတ်လန့်စေလိမ့်မည်။ သည့်အပြင် တဖက်မှသူများက တက်ခ်ဇက်နှင့် အဆင့်တစ်အယ်လ်ဖာဖြစ်နေပြီး ထိုအချတစ်ချက်ကသာ ချွင်းချက်အဖြစ်သတ်မှတ်ထားသည်။


ဆက်သွယ်ရေးဖန်သားပြင်ကိုဖြတ်သန်းပြီးအဝေးမှကာ့ပါလီယာမှာထူးဆန်းနေသည့် ပုံရိပ်တစ်ခုကိုတွေ့မြင်လိုက်သည်။ ငွေရောင်ဆံပင်နှင့် ဇက်၏ဘေးတွင် ထိုင်နေသောလူငယ်လေးကား နူးညံ့ပြီး နက်မှောင်သည့်ပွယောင်းယောင်းဆံပင်လေးရှိသည်။ ဆံပင်အချို့က နာခံမှုမရှိစွာလိမ်ကောက်နေပြီး ဖရိုဖရဲဖြစ်နေပုံလေးက အတန်ငယ်ချစ်စရာကောင်းနေသည်။


လူသားလား...


အစည်းအဝေးခန်းထဲရှိ ကျန်အဆင့်မြင့်ဇက်မှာ ဆက်သွယ်ရေးဖန်သားပြင်အားကြည့်နေရင်း သူတို့၏ခေါင်းဆောင်က တူဆာကို ရုတ်တရက်သတင်းပေးပို့ရသည့်အကြောင်းရင်းအား သိချင်စိတ်ဖြစ်နေသည်။ သူတို့၏မျိုးနွယ်စုအတွင်းမှ စစ်တပ်လေးတပ်လုံးသည် အပြန်အလှန် အမှီသဟဲကင်းပြီး လုံးဝဆက်သွယ်ကြခြင်းမရှိ။ အခြေအနေတင်းမာနေမှုကို မည်သူမှဂရုမစိုက်ကြစေကာမူ မည်သူမှလည်း အထက်မှအမိန့်ကို မေးခွန်းပြန်မထုတ်ကြချေ။


အဆင့်မြင့်ဇက်၏ တစ်ခုတည်းသောသံသယမှာ ဆက်သွယ်ရေးဖန်သားပြင်ပေါ်ရှိ ထိုင်နေပါသောဆံပင်အနက်ဖြင့်လူငယ်လေးပင်။ သူ့ထံတွင် ဇက်၏အသွင်အပြင်မျိုးမရှိဘဲ မျက်လုံးများမှာလည်းဝိုင်းစက်နေသည်။ ထိုင်နေသောလူငယ်လေးမှာ လူသားတစ်ယောက်ပင်။ အဘယ်ကြောင့် တူဆာတွင်လူသားတစ်ယောက်ရှိနေရပါသနည်း၊ အဘယ်ကြောင့် သူ့အားကောင်းကောင်းမွန်မွန်ဆက်ဆံနေရသနည်း။ လူသားများနှင့်သူတို့ဆက်ဆံရေးက သိပ်မကောင်းလှပေ။


သို့ပါသော် တာမီယာအစည်းအဝေးခန်းထဲမှ အဆင့်မြင့်ဇက်မှာ ဆက်သွယ်ရေးဖန်သားပြင်ထက်ရှိ လူငယ်လေးထံမှ အကြည့်မလွှဲနိုင်ဖြစ်နေသည်။ ထိုနေရာတွင် သူတို့အားဆွဲဆောင်နေသည့် သံလိုက်စက်ကွင်းကြီးတစ်ခုရှိနေသည်နှယ်။ ၎င်းတို့၏ အခေါင်းပေါက်ဖြစ်နေသောရင်ဘတ်အတွင်းမှ နှလုံးက တဒိတ်ဒိတ်ခုန်နေကာ ပိုမိုပြင်းထန်လာရာမှသူတို့ နားများကိုပါအူလာစေသည်။


၎င်းကား ဆန်းကြယ်လွန်းလှ၏။ သူတို့ အနှီပုဂ္ဂိုလ်ကိုချက်ချင်းမမှတ်မိဘဲပုံရိပ်ယောင်ကို ကျေးဇူးတင်နေမည်ဆိုလျှင်ပင် ၎င်းတို့၏ထူးဆန်းသော ဗီဇက သူတို့မျက်စိရှေ့မှလူကမည်သူဖြစ်ကြောင်း ဆက်လက်ပြောပြနေမည်သာ။


ကာ့ပါလီယာက သူမအနားမှအဆင့်မြင့်ဇက်များထက် တမဟုတ်ချင်း ခပ်မြန်မြန်သတိပြုမိသွားသည်။ ထိုင်ခုံပေါ်မှ စိုစွတ်နီမြန်းသော မျက်လုံးများနှင့် လူငယ်လေးအားတွေ့သည့်အခိုက် ကပ်ပါလီယာကား ချက်ချင်းပင်ဒေါသထွက်လာရပြီး သူမ၏မျက်နှာထားမှာလည်းမျက်စိတမှိတ်အတွင်း အေးစက်သွားရချေသည်။


ဇက်များအတွက်မူ မျက်ရည်များနှင့်ငိုကြွေးမှုအကြောင်း နားလည်ရန်ခက်ခဲစေကာမူ ကပ်ပါလီယာမှာ လူသားများ၏ခံစားချက်ကိုအတုခိုးရာတွင် ထက်မြက်မှုရှိသည်။ ကပ်ပါလီယာသည် အခြားမျိုးနွယ်စုမှလူများကိုနားလည်ပြီး ငိုကြွေးခြင်းမှာလည်း ဝမ်းနည်းကြောင်း လက္ခဏာတစ်ခုပင်။ သုတ်နေခြင်းမှာ တစ်ခုခုအပေါ်ခံစားနေရခြင်းကြောင့်မှန်းသိသည်။


"ရှင်ကဘာကိစ္စနဲ့ငိုနေရတာလဲ.."


ကာ့ပါလီယာက ဆက်သွယ်ရေးဖန်သားပြင်ပေါ်မှလူအား မျက်တောင်မခတ်တမ်းကြည့်ကာမေးမြန်းနေစဉ်မှာပင် သူမအသံကအေးစက်နေသည်။


သူမ၏ဓားသွားကဲ့သို့ ပြတ်လွန်းသည့် ဘယ်လက်သည် အစည်းအဝေးခန်းကြမ်းပြင်ထက် စိုက်ဝင်ပြီး အက်ကွဲကြောင်းအနက်ကြီးဖြစ်သွားစေ၏။ ပျက်စီးနေသော အစည်းအဝေးခန်းကြမ်းပြင်ကိုမမြင်တွေ့ရသူများအဖို့ ကာ့ပါလီယာ၏ မျက်နှာအမူအရာကိုကြည့်ကာ တဖက်လူကတည်ငြိမ်မှုရှိသည်ဟု ထင်ကြလိမ့်မည်။


ဝမ်းနည်းတာလား...ကုဟွိုက်မှင်သက်သွားသည်။ တခဏမျှ တဖက်လူ၏ဆိုလိုရင်းကို နားမလည်နိုင်ပေ။


ကုဟွိုက်ကချက်ချင်းမတုံ့ပြန်ဘဲ အမျိုးသမီးဇက်ကလည်း တိတ်တဆိတ်သာစောင့်ဆိုင်းနေသည်။ စက္ကန့်အနည်းငယ်ကြာမှ ကုဟွိုက်နားလည်သွားပြီး သူ၏မျက်လုံးများကိုပွတ်သပ်ကာ အမြန်ရှင်းပြလိုက်ရသည်။


"မဟုတ်ပါဘူး...ငါဝမ်းနည်းနေတာမဟုတ်ပါဘူး...ငါအရမ်းအိပ်ချင်နေလို့ပါ..."


ဝိညာဉ်ချိတ်ဆက်မှုမှာ စိတ်စွမ်းအင်ကုန်ပြီး ကုဟွိုက်မှာ ကလေးတစ်ယောက်အနေဖြင့် စိတ်စွမ်းအင်ကိုဖြုန်းတီးပစ်၍မရပေ။


ကုဟွိုက်၏စိတ်ပိုင်းဆိုင်ရာက အားနည်းသည်ဟုဆိုလိုခြင်းမျိုးမဟုတ်။ဆက်သွယ်နေစဉ်အတွင်း ကုဟွိုက်၏လက်ရှိစိတ်စွမ်းအင်ကား သာမန်ဇက်တစ်ယောက်နှင့်နှိုင်းယှဉ်လျှင် အလွန်မြင့်မား၏။


အင်မတန်ကွာဝေးသော ဂြိုလ်နှစ်ခုကြားကိုပင် ဝိညာဉ်ဆက်သွယ်နိုင်သည့်အချက်က သူ၏စိတ်စွမ်းအင်မြင့်မားမှုကိုသက်သေခံနေသည်။ လက်ရှိတွင် ယခုကဲ့သို့ ကြာရှည်ပြီးဝေးကွာသည့် ဝိညာဉ်ချိတ်ဆက်မှုကြောင့် ကုဟွိုက်အတွက်စိတ်စွမ်းအင်သုံးစွဲရသည့်ပမာဏက အလွန်အမင်းများပြားနေရုံသာ။


ကာ့ပါလီယာက အဖြေကိုကြားရပြီး စက္ကန့်အနည်းငယ်ခန့်မျက်မှောင်ကြုတ်နေသေးသည်။ ထို့နောက် သူမမျက်နှာထက်မှအေးစက်မှုတို့ ပြယ်လွင့်သွားလေသည်။


မျိုးနွယ်တူချင်းကိုပင် တက်ခ်မျိုးစုမှပေါက်ဖွားကြသော ဇက်တို့မှာ ကြမ်းတမ်းခက်ထန်သည်ဟုယူဆနိုင်သည်၊ အခြားကြယ်တာရာမျိုးနွယ်စုများဆိုပါက မျက်လုံးထဲပင်ထည့်နေစရာမလိုတော့ချေ။ မည်သို့ပင်ဆိုကြပါစေ ကုဟွိုက်သည်ကား သူဤကမ်ဘာထဲသို့စဝင်လာစဉ်တည်းကသူ့အား၎င်းတို့က ကာကွယ်စောင့်ရှောက်ပေးခဲ့ကြ၍ သူတက်ခ်ဇက် တို့ကိုသဘောကျသည်။ ၎င်းအချက်က သဘာဝအလျောက် မှီခိုလိုစိတ်များအား ပေါ်ပေါက်လာစေ၏။


ကုဟွိုက်မှာ အမျိုးသမီးဇက်၏ ဓားပုံစံဖြစ်နေသောဘယ်လက်ကို မြင်တွေ့ပြီး ပို၍နီးနီးကပ်ကပ်ကြည့်လိုစိတ်ကတားမနိုင်ဆီးမရဖြစ်လာလေသည်။ သူ့အား အယ်လ်ဂျာက တက်ခ်ဇက်အများစုသည်လူသားပုံစံထိန်းသိမ်းသည့်အခါ သူတို့၏လက်ဖျံများကိုဓားပုံစံဖြင့် ဆက်ထားရန်ရွေးချယ်ကြကြောင်း ပြောဖူးခဲ့သည်။ အကယ်၍ ကာရုက လူသားပုံစံအဖြစ်ဆက်ရှိနေခဲ့မည်ဆိုပါက အတူတူဖြစ်နိုင်လောက်သည်...


ကုဟွိုက်က ထိုအတွေးဖြင့် သူ့အားစောင့်ကြပ်ပေးနေသော တက်ခ်အစုကိုလှည့်ကြည့်လိုက်သည်။ သူ၎င်းတို့ကိုကြည့်လိုက်သည့်အခိုက် ၎င်းတို့မှာ အသက်ပြင်းပြင်းရှူလိုက်သံခပ်တိုးတိုးထွက်လာကြသည်


ကလေးလေးကဘာလိုချင်နေတာလဲ။ တက်ခ်သည် ကုဟွိုက်၏အကြည့်လားရာကိုခံစားရပြီး မေးမြန်းလိုစိတ်ကအလိုလိုပေါ်လာသည်။


ကုဟွိုက်မှာ ၎င်းတက်ခ်ဇက်တို့ဆိုလိုချင်သည်ကို နားလည်သွားရပြီးအသာခေါင်းယမ်း၍ ပြုံးလိုက်သည်။ တက်ခ်ဇက်များသာ ဉာဏ်ကောင်းသည့်လူသားပုံစံဖြင့်ဖြစ်ပါက အတော်လေးကောင်းလိမ့်မည်။ သို့သော် အဆင့်နိမ့်တက်ခ်ဇက်များမှာမူ လူသားပုံစံအားထိန်းသိမ်းနိုင်မည့်စွမ်းရည်မရှိသောကြောင့် ကုဟွိုက် မှာစိတ်မကောင်းဖြစ်သွားရ၏။


ကုဟွိုက် နောင်တတို့ကိုဖုံးကွယ်ပြီး ဝမ်းနည်းမှုများဖြင့်ဆက်သွယ်ရေးဖန်သားပြင်သို့ကြည့်လိုက်သည်။


"မင်းတူဆာကြယ်ကိုလာချင်လား..."


သူဝိညာဉ်ချိတ်ဆက်စဉ်ကလည်း အဆိုပါမေးခွန်းအားမေးခဲ့ဖူးပြီး အဖြေပြန်မရခဲ့၍ ကုဟွိုက်မှာထပ်မေးလိုက်ရသည်။ ကပ်ပါလီယာက ကုဟွိုက်ဘေးမှ ငွေရောင်ဆံပင်ဖြင့်ဇက်ထံသို့တလှည့်လှမ်းကြည့်ပြီးနောက်ကုဟွိုက်ထံ ပြန်ကြည့်လာသည်။


"အရှင့်ငယ်သားက အခုလာခဲ့ပါ့မယ်..."


ကာ့ပါလီယာသည် အေးစက်စက်ဖြင့် လူငယ်လေးအနားမှဇက်များကိုရည်ရွယ်ကာ ဆက်ပြောလိုက်ပေသည်။


"ကျွန်မ ယာဉ်အသေးစားနဲ့ပဲလာခဲ့မှာမလို့ အရှင်စိတ်ချထားနိုင်ပါတယ်..."


ဆက်သွယ်မှုပြီးဆုံးသွားသည်နှင့် လက်အောက်ငယ်သားအစုမှာ ကာ့ပါလီယာကိုမျှော်လင့်ချက်အပြည့်ဖြင့်ကြည့်နေကြ၏။ ကာ့ပါလီယာကသူမလက်ထောက်အား ပြောလိုက်သည်။


"လီဆာ...မင်းငါနဲ့တူဆာကိုလိုက်လာခဲ့..."


"ဟုတ်ကဲ့.."


လီဆာအမည်ရ အမျိုးသမီးဇက်က အပြုံးဖြင့်ပြန်ဖြေသည်။ အခြားဇက်များနှင့်နှိုင်းယှဉ်လျှင် သူမသည် အမှန်တကယ်ပင် မျက်နှာအမူအရာအမျိုးမျိုးဖြင့်သရုပ်ဆောင်တတ်ပြီး အေးတိအေးစက်မျက်နှာဖြင့် ဇက်များအုပ်စုနှင့်ကွဲထွက်နေသယောင်ထင်ရသည်။


"ကျန်တဲ့သူတွေနေခဲ့ကြ..ငါတို့ဆယ်မိနစ်အတွင်းထွက်မယ်.."


ကာ့ပါလီယာသည် ထိုစကားတစ်ခွန်းနှင့်ပင်ဖြတ်တောက်ပြီး အစည်းအဝေးခန်းမှထွက်ခွာသွား၏။


အမှန်အတိုင်းပြောရလျှင် သူမဆယ်မိနစ်ကြာသည်အထိမစောင့်ချင်ပေ။ ကာ့ပါလီယာကား တူဆာကြယ်ကိုချက်ချင်းထွက်သွားချင်သည်။တစ်စက္ကန့်လေးနောက်ကျလျှင်ပင် သူမအသည်းနှလုံးကိုလောင်ကျွမ်းနေသလိုခံစားရသည်။


တဖက်၌မူ တူဆာ၏အထက်ပိုင်းအုပ်ချုပ်ရေးဌာနမှအကြီးအကဲခုနစ်ယောက်မှာ အဆိုပါဆက်သွယ်မှုကြောင့် အတန်ငယ်ပူပင်သောကရောက်နေကြရှာသည်။ ဒုတိယစစ်တပ်၏ခေါင်းဆောင်က ဘုရင်အပေါ်တွင်အကောင်းမြင်သဘောထားရှိပုံရသည်။ ၎င်းကကောင်းမွန်သော်ငြား...


ဘုရင်ကိုပထမစစ်တပ်ကရှာတွေ့ခဲ့ပြီး တူဆာကြယ်ထံသို့ပြန်ခေါ်လာခဲ့သည်။ မည်သို့များ ဇက်စစ်တပ်ကပါရောက်လာပြီး ဘုရင်၏အာရုံစိုက်မှုကိုခံလိုက်ရပါသနည်း။


တာမီယာမှတူဆာသို့ခရီးမှာ အနည်းဆုံးနှစ်ရက်ကြာမြင့်ပေမည်။ သည်အချိန်အတွင်း တူဆာပေါ်မှဇက်များအားလုံး ဘုရင်ကသူတို့ဂြိုလ်ပေါ်တွင်ရှိနေကြောင်း သိသွားကြမှဖြစ်မည်။ အခြားရန်သူများရောက်မလာခင် ဇက်များအားလုံး သူတို့ဂြိုလ်ပေါ်တွင်ပျော်ရွှင်စွာနေနိုင်ရန် သူမတို့ဘက်မှ လုပ်ဆောင်ပေးရလိမ့်မည်။