အခန်း ၁၄
Viewers 10k

Chapter 14

Chapter 14




တူဆာကောင်စီ၏ဆုံးဖြတ်ချက်အရ ကုဟွိုက် တူဆာဂြိုလ်ပေါ်သို့ ပြန်ခေါ်ခံလာရသည့်သတင်းမှာ ဂြိုလ်ပေါ်တွင်ပျံ့နှံ့သွားခဲ့သည်။ အကြောင်းမှာတူဆာတင်မက ပထမစစ်တပ်ကြီးတစ်တပ်လုံး သူတို့ဂြိုလ်ပေါ်တွင်အခြေကျနေသည့်အတွက်ကြောင့်ဖြစ်၏။


အချိန်တိုလေးအတွင်း တူဆာလေဆိပ်သည် ယခင်ကမရှိခဲ့ဖူးသော စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည်။ ယူးလာယာဉ်ပျံများအစုလိုက်ရောက်ရှိလာပြီးနောက် လေဆိပ်ကြီးအတွင်း လူအုံလာခဲ့သည်။


ဇက်တို့၏ သိသာလွန်းနေသောလှုပ်ရှားမှုများက ကြယ်တာရာမျိုးနွယ်စုများ၏အာရုံကို ဆွဲဆောင်ထားသည်။ ဇက်အုပ်စုများ စိုးမိုးထားသည့်ကြယ်စုပေါင်းများစွာကို ချဉ်းကပ်နိုင်သည့်မျိုးနွယ်စုများမရှိလင့်ကစားဇက်များ၏လှုပ်ရှားမှုတိုင်းကို အာရုံမစိုက်ထားသည့်သဘောလည်းမရှိချေ။


အဘယ်ကြောင့် တူဆာတွင်ယာဉ်ပျံအများအပြားစုနေပါသနည်း။ မျိုးနွယ်စုတစ်ခုအားဦးတည်တိုက်ခိုက်ရန် ပထမစစ်တပ်ကပြင်ဆင်နေသည်လား။ ဇက်စစ်တပ်၏ကြောက်စရာကောင်းပုံကိုသိရှိထားသော မျိုးနွယ်စုများမှာ အဆိုပါပြောင်းလဲမှုမျိုးကိုဇဝေဇဝါဖြင့် သတိထားစောင့်ကြည့်နေကြရသည်။


တကယ်တမ်းတွင် ဇက်စစ်သည်များက တူဆာသို့အပြေးအလွှားရောက်လာကြရခြင်းမှာ သူတို့ဘုရင်အားတွေ့ရန်မစောင့်နိုင်တော့၍သာဖြစ်သည်။ သူတို့သည် တူဆာသို့ရောက်လာပြီး ဘုရင်နှင့်ဂြိုလ်တစ်ခုတည်းအပေါ်တွင် နေနိုင်ရန်မျှော်လင့်နေကြ၏။


"မကြာသေးခင်ကရိုက်ထားတဲ့ဗီဒီယိုကို စစ်သည်တော်တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းမှာ ဖွင့်ပြဖို့ အရှင် ခွင့်ပြုမလား"


ဗိုလ်မှူးသည် ကုဟွိုက်ဘေးတွင်ရပ်နေရင်းမေးလိုက်ခြင်းဖြစ်ပါ၏။


"ကျွန်တော်တို့အားလုံး အရှင့်ကိုတွေ့ခွင့်ရဖို့အမြန်ဆုံးနည်းက ဗီဒီယိုကိုဖွင့်ပြတာပါပဲ"


ကုဟွိုက် မနေ့က မတော်တဆမှုကိုရုတ်ချည်းအမှတ်ရသွားကာ မျက်ခွံများလှုပ်ခတ်သွားသည်။ သူနို့သောက်နေသည့်ဗီဒီယိုက ဇက်များ၏ဝိုင်းကြည့်နေခြင်းကိုခံခဲ့ရသည်...


သို့ပါသော် ဇက်စစ်သည်တော်များမှာ သူတူဆာဂြိုလ်ပေါ်တွင်ရှိနေကြောင်းသိထား၍ အပြေးလေးရောက်လာခဲ့ကြခြင်းဖြစ်သည်။ ကုဟွိုက်တဒင်္ဂခန့်စိုးရိမ်နေပြီးမှ ခေါင်းညိတ်သဘောတူလိုက်၏။


"ဗီဒီယိုကိုတွေ့ရင် သူတို့အရမ်းပျော်သွားကြမှာပါ"


ဗိုလ်မှူးက ထူးဆန်းနေသောအပြုံးဖြင့်ဆိုသည်။ ၎င်း၏အမူအရာအသစ်က လေ့လာထားရုံသာရှိသေးပြီး မကျွမ်းကျင်သေးပါချေ။


မကြာမီပင် ဇက်စစ်သည်တော်များမှာ သူတို့ဆက်သွယ်ရေးမော်နီတာပေါ်တွင် ဗီဒီယိုကိုမြင်တွေ့ကြရသည်။ ၎င်းတို့ကား ဆံပင်အနက်နှင့်လူငယ်လေးတစ်ယောက် စားသောက်နေပုံကိုကြည့်နေကြပြီး ဗီဒီယိုပြီးသွားသည်နှင့် ဇက်စစ်သည်များကချက်ချင်းပင် save ထားလိုက်ကြကာ သူတို့မော်နီတာပေါ်တွင်ပျော်ပျော်ကြီးပြန်ကြည့်ကြတော့သည်။


ယနေ့တွင် ကုဟွိုက် အိပ်ရာမှအစောကြီးထလာပြီး မနက်စာအဖြစ်နွားနို့ခွက်တဝက်ခန့်သောက်လိုက်ရသည်။ ထို့နောက် ဘေးတွင်ထိုင်နေသည့် အလ်ဗ်အားပြောလိုက်ပါ၏။


"ငါတူဆာရဲ့နေရာတွေကိုအသေအချာမသိရသေးဘူး...မင်းငါ့ကိုလိုက်ပြပေးပါလား.."


အစိုးရရေးရာကိစ္စရပ်များကို တူဆာမှပြန်လာပြီးသော ဗိုလ်မှူးထံသို့ပုံချထားသော ငွေရောင်ဆံပင်ဖြင့်ဇက်က မငြင်းပယ်ချေ။ သူသည်အေးစက် တိုးလျသည့်အသံဖြင့်တုံ့ပြန်လာလေသည်။


"အရှင်ကဘယ်နေရာကိုအရင်သွားချင်တာပါလဲ.."


ကုဟွိုက် တွေးနေပြီးနောက် စကားပြန်လိုက်သည်။


"ဘယ်နေရာဖြစ်ဖြစ်ရပါတယ်"


အပြင်ဘက်မှလေက မနေ့ထက်ပိုအေးနေသည်။ ကုဟွိုက်ကား တက်ခ်ဇက်အုပ်စုအနောက်မှလိုက်ပါလာပြီး အိမ်တော်တပတ်လမ်းလျှောက်နေ၏။


အလ်ဗ်က ကုဟွိုက်အား နေရာအနှံ့လိုက်ပြသည်။ သူတို့သွားခဲ့ကြသည့်ပထမဆုံးနေရာမှာ စစ်တပ်နှင့်ဆိုင်သောအဆောက်အအုံတစ်လုံးဖြစ်ပြီး ကုဟွိုက်ကား ထိုနေရာတွင်ရှိနေရင်း ရုံးတွင်ကြီးမားသောသက်ရောက်မှုတစ်ခုရှိနေသယောင် ခံစားရသည်။ အဆင့်မြင့်ဇက်များမှာ သူရှိနေသောကြောင့် ပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ကြလေရာ နောက်ထပ်တနေရာသို့်ဆက်သွားကြရသည်။


သူတို့ ယာဉ်ပျံတည်ဆောက်သောစက်ရုံသို့ရောက်ကြသည့်အခါ ကုဟွိုက်မှာ အိပ်မက်ထဲတွင်သာမြင်ဖူးသော စက်လက်နက်များကိုကြည့်ကာ စက္ကန့်အနည်းငယ်ကြာသည်အထိ မျက်တောင်မခတ်နိုင်ဘဲရှိသည်။ သူ၏အပြုအမူကြောင့် တဖက်လူက သူ့အား သော့ပုံစံငွေရောင်သတ္တုအပိုင်းလေးတစ်ခုပေးလာသည်


ကုဟွိုက် မျက်တောင်လေးခတ်ကာ လက်ထဲတွင်သော့ကိုင်ထားသည့် ငွေရောင်ဆံပင်နှင့်ဇက်ကိုမေးလိုက်၏။


"အဲဒါကဘာကြီးလဲ.."


"စက်ခလုတ်ပါ.."


အလ်ဗ်က ထပ်ဖြည့်ပြောလိုက်သေးသည်။


"ကြည့်ရုံနဲ့တင်မဟုတ်ဘဲ အဲဒါရဲ့အလုပ်လုပ်ပုံကိုကြည့်တာပိုကောင်းပါတယ်"


နောက်ထပ် လက်ဆောင်ပင်။


ကုဟွိုက် သူ့ဘေးမှငွေရောင်ဆံနွယ်ရှင်ဇက်ကို ခပ်တည်တည်သာကြည့်နေလိုက်သည်။ သူ၏မျက်နှာထက်ဝယ် အေးစိမ့်စိမ့် မြူခိုးငွေ့တလွှာဖုံးအုပ်နေပြီး ရပ်နေသူတိုင်းအား မတူခြားနားစွာ အထက်စီးဆန်နေသလို ခံစားရေစ၏။


အေးစက်နေသောလေထုအလယ်တွင် ကုဟွိုက်မျက်လုံးများက တဖက်လူ၏ အနက်ရောင်အဝတ်စဖုံးထားသော မျက်လုံးတဝိုက်ကိုမရည်ရွယ်ဘဲရွေ့သွားမိသည်။ မတူညီသော မျိုးနွယ်အတန်းလွှာအသီးသီးကြောင့် မျက်လုံးအရောင်များကွဲပြားကြသည်။ ကုဟွိုက်၏အတွေ့အကြုံအရ အဆင့်နိမ့်ဇက်များ၏မျက်လုံးတို့မှာ သွေးနီရောင် ဒေါင်လိုက်မျက်လုံးအိမ်များဖြစ်ပြီး ဘီတာအဆင့်ဇက်များက ပယင်းရောင်ရှိသည်၊ အယ်လ်ဖာအဆင့်ဇက်များကမူ...


ကုဟွိုက်သည် မနေ့က ဆက်သွယ်ရေးဖန်သားပြင်တွင်တွေ့ခဲ့ရသောရွှေရောင်ဖျော့ဖျော့ ဒေါင်လိုက်မျက်ဆံအိမ်များကိုအမှတ်ရသွားပြီး အလ်ဗ်ထံ ဖျတ်ကနဲကြည့်လိုက်သည်။


"မင်းမျက်လုံးကလည်း..ကပ်ပါလီယာလိုရွှေရောင်ပဲလား.."


ကုဟွိုက်အမေးကြောင့် အလ်ဗ်သည်ခေါင်းငုံ့ကာ လူငယ်လေးအားတိုးဖွဖွဖြင့်ပြန်ဖြေသည်။


"ဟုတ်ပါတယ်.."


ရွှေရောင်မျက်လုံး...


၎င်းတို့ကို အနက်ရောင်အဝတ်စဖြင့်ဖုံးအုပ်ထားစေကာမူ ကုဟွိုက်ကစိတ်ကူးကြည့်နေမိဆဲ။ သူ၏ဦးနှောက်က ပုံဖော်ကြည့်ရန် ဉာဏ်မမီတော့၍ ထိုသူ၏မျက်လုံးများက သူပုံဖော်သည်ထက်ပိုလှပရန် သင့်တော်သည်။


"လှနေမှာပဲ"


သူမမြင်ရသည့်တိုင် ကုဟွိုက်မျက်လုံးများက တဖက်လူအားချီးမွမ်းခန်းဖွင့်နေစဉ်အတွင်း ကွေးညွတ်နေခဲ့သည်။


သူပြောနေသည့်အချိန်မှာပင် တဖက်လူ၏အနောက်မှ ငွေမှင်ရောင်အမြီးကို ရိပ်ကနဲမြင်လိုက်ရပြီး အလ်ဗ်ပြောလာသည်ကိုကြားလိုက်ရသည်။


"ကျွန်တော်..အရှင့်ကိုတွေ့ချင်ပါတယ်..."


၎င်းက ကြေညာသည့်သဘောဖြင့်တောင်းဆိုချက်ပင်။ အလ်ဗ်၏ တည်ကြည်သည့်မျက်နှာထား၊ အေးစက်သည့်အသံနှင့် မျှော်လင့်မထားသောစကားကြောင့် သူတခဏမျှ ပြောစရာစကားများပျောက်ဆုံးသွားသည်။ ကုဟွိုက်ပင် ဘာမှမပြောရသေးခင် အလ်ဗ်ကထပ်ဖြည့်ပြောလာ၏။


"မျက်လုံးအကာဝတ်ထားတဲ့အချိန်မှာ အရှင်က ဘာမဆို ငြိမ်းချမ်းသွားအောင်လုပ်နိုင်တယ်..ကျွန်တော်အထိန်းအချုပ်လွတ်သွားလို့မဖြစ်ပါဘူး"


စကားနှစ်ခွန်းကို ဆက်စပ်ကြည့်ပြီး ကုဟွိုက်ကား ငွေရောင်ဆံပင်ဖြင့်ဇက်၏ သူ့အားတွေ့ချင်နေသည့်ဆန္ဒကို နားလည်သွားရသည်။


သူ၏တည်ရှိနေမှုက တဖက်လူကိုတည်ငြိမ်စေနိုင်လောက်၍ဖြစ်မည်၊သို့သော်လည်း ၎င်းက မည်မျှအထိ ဆက်ရှိနေမှန်းမသိနိုင်။ ၎င်းက သူအထိန်းအကွပ်လွတ်သွားပြီး ကုဟွိုက်အားထိခိုက်မိမည်ကို မလိုလားသောကြောင့် သူ၏မျက်လုံးအကာကို မချွတ်ချင်ပေ။


ကုဟွိုက်ကတွေးဆနေပြီး ပြောလိုက်သည်။


"အခြေအနေကိုကြည့်ပြီး ပြန်ဝတ်လိုက်လေ၊ ဘာမှမဖြစ်လောက်ပါဘူး.."


ကုဟွိုက်၏ အလ်ဗ်အပေါ်ထားရှိသည့်အမြင်က အခြားဇက်များနှင့်ဆက်ဆံရေးလောက်မရှင်းလင်းပေ။ အလ်ဗ်သည် သူ့အနားတွင်ရှိနေလျှင်ထိုသူပြောသလို စိတ်ဆိုးဒေါသထွက်မှုများနှင့်နာကျင်မှုများကို ဖိနှိပ်မထားသလို သူခံစားရသည်။ အနှီတည်ငြိမ်နေသည့်အနေအထားကသာထိုသူသည် လောကကြီးအားပုံမှန်အတိုင်း ရှုမြင်နေခြင်းဖြစ်နိုင်သည်ဟု ကုဟွိုက်ခံစားရသည်။


သူစကားကို ဆုံးသည်အထိပြောပြီးနောက် ဘေးမှ ငွေရောင်ဆံပင်ဖြင့်ဇက်၏အမူအရာကို မြင်လိုက်ရသည်။ အလ်ဗ်က ဘာမှမပြောလာသော်လည်း ထိုသူကသူ့စကားအားလက်မခံနိုင်ကြောင်းသိလိုက်သည်။စက္ကန့်အနည်းငယ်ကြာပြီးမှ အလ်ဗ်ကသူ့အားပြောလာသည်။


"ကျွန်တော် အထိန်းအချုပ်လွတ်သွားရင်..အရှင်တစက္ကန့်အတွင်း ကျွန်တော့်ကြောင့် သေလိမ့်မယ်"


လည်ပင်းအားဖြတ်လိုက်သည်ဖြစ်စေ၊ အရိုးနှင့်အရေများကို အပိုင်းပိုင်းခုတ်ဖြတ်လိုက်သည်ဖြစ်စေ အလွယ်လေးပင်။ အဆိုပါ ပျော့ကွက်က 'ကာကွယ်သည်' ဆိုသောစကားလုံးကို တခါဖူးမှ မသင်ကြားခဲ့ဖူးသည့်အလ်ဗ်အတွက် ပဟေဠိတစ်ခုလိုဖြစ်နေသည်။ ၎င်းသည် စစ်မြေပြင်၌ဖျက်ဆီးပစ်ခြင်းနှင့် ကွဲပြားကာ အလ်ဗ်အတွက် ပိုမိုခက်ခဲလှသည်။


ကုဟွိုက် သူ့ပါးသူဆွဲလိုက်ပြီး တဖက်လူ၏စိတ်ကိုပြောင်းပစ်ရန် အချိန်အခါကောင်းမဟုတ်သေးမှန်းသိသွားကာ စကားခေါင်းစဉ်ပြောင်း၍ အလ်ဗ်ကိုနောက်တနေရာသို့ လိုက်ပြခိုင်းလိုက်သည်။


နောက်ဆုံး၌ သူတို့သည် တူဆာ၏အမြင့်ဆုံးအဆောက်အအုံဖြစ်သောနက္ခတ်တာရာမျှော်စင်သို့ ရောက်ရှိလာကြသည်။ ၎င်းကား မီတာတစ်ထောင်ထက်အမြင့်ရှိသော အနက်ရောင်မျှော်စင်ဖြစ်ပြီး ကုဟွိုက်က မျှော်စင်၏ထိပ်တွင်ရပ်ကာ တူဆာကိုငေးကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အနက်၊ အဖြူနှင့် မီးခိုးရောင်များသာတွေ့နေရသယောင်။


ယင်းသည် အလွန်တရာ သိပ္ပံနည်းကျပြီး နည်းပညာအရ ပြည့်စုံသည့်တိုင် အထီးကျန်ပြီးအေးစက်လွန်းသည်။ အဆောက်အအုံများ၏အရောင်မှာ ထိုအရောင်သုံးမျိုးသာရှိပြီး အစိမ်းရောင်အပင်များနှင့်ပန်းပွင့်လေးများကိုမတွေ့ရချေ။


"အဲဒီအပင်က တူဆာမှာ တစ်ခုတည်းရှိတဲ့မျိုးရင်းလား"


ကုဟွိုက် အပင်များကိုကြည့်လိုက်ကာ အနက်ရောင်မှအပ မည်သည့်အရောင်မျှထပ်မံ မွမ်းမံထားခြင်းမျိုးမရှိပါချေ။


ကုဟွိုက်မှာ အဆိုပါ တာမုသစ်ပင်တို့ကို စွန့်ပစ်ဂြိုလ်ပေါ်တွင်လည်း တွေ့ခဲ့ဖူးသည်။ သူအသီးသွားခူးချိန်တွင် အဆိုပါ အနက်ရောင်အပင်များအားမြင်တွေ့ခဲ့ရဖူးသည်။


အလ်ဗ်ကပြန်ဖြေလာခဲ့သည်။


"ဒီတာမုသစ်ပင်တွေက တူဆာဂြိုလ်ပေါ်က မြေဆီလွှာတစ်ခုတည်းမှာပဲ ပေါက်နိုင်ပါတယ်"


သည့်အပြင် ၎င်းအပင်များက မကြာခဏမိုးရွာသည်နှင့်သေသွားနိုင်သည့်စွန့်ပစ်ဂြိုလ်ပေါ်တွင်ပင် ပုံမှန်အတိုင်း ပေါက်ရောက်နိုင်သည်။ ကုဟွိုက်သည် အဆိုပါအသက်ပြင်းသော တာမုအပင်များအကြောင်းတီးမိခေါက်မိမှုရှိ၏။


"ငါလာတဲ့တလမ်းလုံး ပန်းပင်တွေမတွေ့ရတာ မဆန်းတော့ပါဘူး"


ကုဟွိုက် မေးကိုမြှောက်ကာ အတော်လေးနောင်တရနေဟန်ဖြင့်ပြောလိုက်မိသည်။


မူလကမ်ဘာတွင် ကုဟွိုက်က ပန်းပင်စိုက်ပျိုးရသည်ကိုနှစ်သက်၏။ အကြောင်းမှာ သူဇာတ်ညွှန်းရေးနေစဉ် ရံဖန်ရံခါခေါင်းကိုက်လာရသည့်အခါ သူစိတ်နှင့်ကိုယ်လန်းဆန်းစေရန် ပန်းပင်လေးများစိုက်ပျိုးထားတတ်သည်။


"ပန်းလား.."


အလ်ဗ်က သူ့စကားကိုသံယောင်လိုက်ကာ မေးမြန်းလာသည်။


"ဘာပန်းလဲ.."


ကုဟွိုက်မှာ ပန်းကိုပင်မသိသော ငွေရောင်ဆံပင်ဖြင့်ဇက်ကို အူကြောင်ကြောင်လေးဖြင့်ငေးကာပြောလိုက်၏။


"မင်းငါနဲ့စတွေ့တုန်းက ငါ့အရှေ့မှာ ပန်းအဖြူလေးတစ်ပွင့်ရှိတယ်လေ.."


ကုဟွိုက်ကား တဖက်လူကမမြင်ရသည့်အကြောင်း အမှတ်ရမှ အမြန်စကားပြောင်းပြောလိုက်ရ၏။


"အဲဒါကအလှဆင်တဲ့ပန်းမျိုးပဲ..မျိုးစိတ်တွေအများကြီးနဲ့..အရမ်းလည်းလှတယ်.."


ကုဟွိုက် အဝေးမှရှုခင်းများထံသို့မျှော်ကြည့်လျက် စိတ်ကူးယဉ်မှုလေးကြောင့် သူ၏မျက်ဝန်းများခုံးသွားခဲ့သည်။


"တူဆာမှာလည်း တစ်ပင်လောက်ရှိရင်ကောင်းမယ်.."


တူဆာတွင်သာ အရောင်စုံပန်းပင်လေးများရှိခဲ့လျှင် ဂြိုလ်ကပိုပြီးစိုပြည်လာနိုင်သည်။


အလ်ဗ်က စကားမဆိုပါချေ။ ကုဟွိုက်အား အိမ်တော်သို့ပြန်ပို့ပြီးသည်နှင့် ကုဟွိုက်ပြောသမျှစကားတိုင်းအားမှတ်သားထားကာ သူ့လက်ထောက်သို့ ပြောလိုက်သည်။


"တူဆာရဲ့အနီးအနားက ဘယ်ဂြိုလ်ပေါ်မှာ ပန်းပင်ရှိတတ်လဲ"


အလ်ဗ်ကမျက်နှာသေကြီးဖြင့်မေးနေသည်။


အယ်လ်ဂျာခမျာ မတုံ့ပြန်ဘဲ ခေါင်းဆောင်ကအဘယ်ကြောင့် ရုတ်တရက်ကြီး ပန်းပင်စိုက်ချင်နေသလဲ ဟူပြီး နားမလည်နိုင်အောင်ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုမေးခွန်းက အယ်လ်ဂျာအတွက် မခက်ခဲပေ။


"မကြာခင်ကတော့..နောက်ကြယ်စုထဲက နိုအမ်မှာ တွေ့မိသေးတယ်၊ အလေ့အကျပေါက်တဲ့အပင်အများစုက တူဆာထက်ပိုကောင်းတဲ့ မြေဆီလွှာတွေမှာပဲ ပေါက်ကြတယ်လေ..."


"ငါနဲ့လိုက်ခဲ့..."


အလ်ဗ်က ထရပ်ပြီးအပြင်ထွက်သွားလေသည်။


အလ်ဂျာတခေါင်းလုံး မေးခွန်းများဖြင့်ပြည့်နေစေကာမူ ခေါင်းဆောင်၏အမိန့်ကား မျဖစ္မေန နာခံရမည်ဖြစ်ပြီး သူအနောက်မှလိုက်သွားရုံသာရှိသည်။ ယူးလာစစ်သင်္ဘောဖြင့်သွားလျှင် တူဆာမှနိုအမ်သို့ အနည်းဆုံး တစ်နာရီမှနှစ်နာရီအထိ ကြာနိုင်သည်။ အယ်လ်ဂျာက သူ၏အခန်းကဏ်ဏ္ဍမှာ ခေါင်းဆောင်၏မျက်လုံးကဲ့သို့ သရုပ်ဆောင်ရန်ဖြစ်ကြောင်းသိရှိလိုက်၏။ သူသည် ပန်းပင်များပေါက်နေသော နေရာသို့အလ်ဗ်အားခေါ်သွားပြီးသည်တွင် မေးမြန်းလိုက်သည်။


"ဘယ်တစ်ပွင့်ကအဖြူရောင်လဲ"


အယ်လ်ဂျာက စတင်ပြီးကြည့်ရှုရတော့သည်။ ပုံသဏ်ဏ္ဍာန်နှင့်အရောင်မွာ အတိအကျမမြင်ရသော်ငြား လက်ထောက်ကချက်ချင်းလက်ညိုးထိုးပြလိုက်သည်၊ အလ်ဗ်က ယူပြီး အောက်ပိုင်းကိုဆွဲနှုတ်လိုက်၏။


ကြွပ်ဆတ်သည့်ပန်းပင်သည် အလ်ဗ်လက်ထဲတွင် နှစ်ပိုင်းကျိုးသွားပြီးရုတ်တရက် ပျက်စီးသွားလေ၏။ ကြည်လင်ပြတ်သားသော ကျိုးပဲ့သွားသံက အလ်ဗ်၏လှုပ်ရှားမှုကို ခဏတာရပ်တန့်သွားစေကာ အနှီသူကမျက်နှာတချက်မပြောင်းဘဲ ပန်းပင်ကိုလွှင့်ပစ်လိုက်သည်။


အယ်လ်ဂျာကား ခေါင်းဆောင်ဖြစ်သူလက်ထဲမှ ပျက်စီးသွားသောပန်းပင်အားကြည့်ကာ ခရီးစဉ်၏ရည်ရွယ်ချက်ကိုနားမလည်နိုင်အောင်ဖြစ်နေရှာသည်။


အလ်ဗ်သည် ဘေးမှလက်ထောက်ကို ထပ်မေးပြန်၏။


"အဖြူအပြင် ဘာအရောင်ရှိသေးလဲ"


အယ်လ်ဂျာသည် အဖြူရောင်ပန်းလေးများကို စာနာသည့်အကြည့်ဖြင့်လက်ညိုးထိုးပြလိုက်သည်။


ကျိုးပြတ်သွားသောအသံများက အကြိမ်ပေါင်းမရေတွက်နိုင်အောင်ထွက်ပေါ်ခဲ့သည်။ အလ်ဗ်မှာ သူ၏အားအင်ကို အကြိမ်အမြောက်အများထိန်းချုပ်ရန် ကြိုးစားခဲ့စေကာမူ ပန်းပင်လေးများကသူ့အတွက်ကျိုးလွယ်နေလေသည်။ သူဆိတ်ရုံလေးသာဖြစ်လျှင်ပင် သူ၏လက်က ၎င်းတို့ကိုပျက်စီးသွားစေသည်။


အဖြူရောင်ပန်းပင်များ ကုန်လုနီးပါးပျက်စီးပြီးနောက် အဆုံးတွင် အလ်ဗ်မှာ ဖွေးဖြူနေသောပန်းလေးတစ်ပွင့်အား လက်ချောင်းကြားထဲညှပ်ကိုင်လိုက်နိုင်သည်။


"ပြန်ကြမယ်"


အလ်ဗ်က ပန်းကိုကိုင်ကာ ထိုနေရာမှထွက်လာခဲ့၏။


အလ်ဗ် တူဆာကိုပြန်ရောက်လာချိန်တွင် ကုဟွိုက်ကတရေးတမော အိပ်ပျော်နေသည်။ သူက အခြားဂြိုလ်မှယူလာသော ပန်းကိုကိုင်ကာလူငယ်လေး၏အခန်းထဲသို့ဝင်လာခဲ့၏။ ကုဟွိုက် အိပ်ပျော်နေစဉ် သူသည်ပန်းကိုကိုင်ကာ အိပ်ရာဘေး၌ တိတ်တဆိတ်ရပ်စောင့်နေသေးသည်။


ကုဟွိုက်မှာ တစ်နာရီထက်ပိုကာအိပ်ပျော်သွားခဲ့၏။ သူမျက်လုံးတို့ကိုပွတ်သပ်ပြီး ဖွင့်လိုက်သည်နှင့် ငွေမှင်ရောင်အမြီးအား ရုတ်ချည်းမြင်လိုက်ရပြီး တခဏမ်ွအေးခဲသွားခဲ့သည်။ ထို့နောက် ငွေရောင်ဆံပင်ဖြင့်ဇက်က သူ၏အိပ်ရာဘေးမှ အသံမထွက်ဘဲထရပ်လာသည်။ ထိုလူ၏လက်ထဲတွင် စွတ်စွတ်ဖြူနေသောပန်းလေးတစ်ပွင့်ရှိနေ၏။ ကုဟွိုက်၏မျက်လုံးများက ပန်းပွင့်အပေါ်တွင်ရှိနေပြီး ထိုလူကသူ့အားပန်းပေးလာသည်ကိုမြင်လိုက်ရသည်။


"ပန်းပါ"


အလ်ဗ်၏ သွယ်လျတိရိသောလက်ချောင်းများမှာ အဆိုပါပန်းပွင့်ရိုးတံကို မတော်တဆဖျစ်ညှစ်မိမည်အား ထိတ်လန့်နေပုံဖြင့် သတိကြီးစွာကိုင်ထားရရှာသည်။


ကုဟွိုက်မှာ ပန်းအားလှမ်းယူပြီး အနည်းငယ်မျှထိတ်လန့်သွားရသည်။ပန်းနှင့်နှိုင်းစာလျှင် ကုဟွိုက်ပိုပြီးသတိထားနေသည်က အလ်ဗ်ကသူ့အားပန်းပေးလာသည့်အခါ အင်မတန်မှဂရုစိုက်နေသည့်ပုံစံကိုပင်။ ၎င်းမြင်ကွင်းက သူ့နှလုံးသားအား မွှေနှောက်ပစ်ခြင်းမရှိဟုဆိုပါက ဖြစ်နိုင်မည်မဟုတ်ပေ။ ကုဟွိုက်ကား အနှီငွေရောင်ကြောင်ကြီးက အမှန်တကယ် ချစ်စရာကောင်းသည်ဟုခံစားနေရသည်။


သူသည် ပန်းကိုချက်ချင်းမယူသေး။ အိပ်ရာမှထ ထိုင်ပြီး အလ်ဗ်အားလှမ်းကြည့်လိုက်ပြီး သူတဖက်လူ၏အင်္ကျီစကိုဆွဲကာ ဆောင့်ကြောင့်ထိုင်ခိုင်းလိုက်သည်။ အလ်ဗ်က ကုဟွိုက်စကားအတိုင်း ထိုင်ချလိုက်၏။


သူတို့၏အရပ်များ အတူတူဖြစ်သွားသည့်အခါ ကုဟွိုက်ကလက်ဆန့်ပြီး အလ်ဗ်၏မျက်လုံးပေါ်မှအကာကို ညင်ညင်သာသာလေးထိတွေ့လိုက်သည်။ မျက်လုံးအပေါ်မှ အဝတ္စက ထိတွေ့ခံရသည့်အခါ အလ်ဗ်၏ကိုယ်က သိသိသာသာတောင့်ဆတ်သွားသည်။ အလ်သည် သူ၏အားကိုသာမထိန်းချုပ်ထားပါက တဖက်လူ၏လက်ကောက်ဝတ်ကို ချိုးပစ်မိနိုင်သည်။


"မင်းငါ့ကိုပေးတဲ့ပန်းကလှတယ်...မကြည့်ချင်ဘူးလား.."


ကုဟွိုက်က နွေးထွေးသည့်အသံဖြင့်ပြောနေပြီး သူ၏လက်ချောင်းများက မျက်ခုံးနှစ်ဖက်ကျုံ့ဝင်နေသည့်နေရာကို စမ်းနေသည်။


"...."


အလ်ဗ်မှာ တိတ်ဆိတ်နေပြီး သူ၏ကိုယ္က တောင့်တင်းနေ၏။ သူခေါင်းမညိတ်သလို လှုပ်လည်းမလှုပ်ပေ။


"မင်းမထိန်းချုပ်နိုင်ဘဲ ငါ့ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး..."


ကုဟွိုက်က တိတ်တဆိတ်သာနှစ်သိမ့်ပေးလိုက်သည်။ သူ၏လက်တို့ကား စုကုပ်နေသောမျက်ခုံးနေရာမှ ထိုသူ၏အနည်းငယ်အေးစက်ကာနူးညံသည့်ငွေရောင်ဆံနွယ်များထံရောက်သွားခဲ့သည်။


သူငွေရောင်ဆံပင်ဖြင့်ဇက်ကို နှစ်သိမ့်ပေးလိုက်မှ အနှီသူ၏ကိုယ်ကအနည်းငယ်မျှ ပြေလျော့သွား၏။ သူသည် တဖက်သား၏သေဘာတူညီမှုကို အသေအချာအတည်ပြုပြီးမှ ပိုပြီးတိုးကပ်သွားလိုက်သည်။ ကုဟွိုက် လက်ဆန့်ကာ အနက်ရောင်မျက်လုံးအကာကြိုးကိုဖြည်လိုက်၏။


ပြေလျော့သွားသည့် မျက်လုံးအကာက ရုတ်ချည်းပြုတ်ကျသွားသည်။နောက်တစ်စက္ကန့်တွင် ကုဟွိုက်သည် အလင်းနှင့်အမှောင်ရောနေသော ရွှေရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံကိုတွေ့ရှိသွားသည်။ ၎င်းကအင်မတန်မှ လှပလွန်းချေသည်။ ကုဟွိုက်က မနေနိုင်ဘဲမျက်တောင်ခတ်မိပြီး တဖက်လူကလည်း သူ့အတိုင်းမျက်တောင်ခတ်နေသည်ကိုတွေ့လိုက်ရသည်။


"ပန်းလေ...မလှဘူးလား..."


ခဏကြာမှ ကုဟွိုက်သည် အလ်ဗ်လက်ထဲမှ ပန်းအားယူကာ ထိုလူကိုပြလိုက်သည်။


အလ်ဗ်မှာ အမှောင်ထုမှလွဲကာ မည်သည်ကိုမှမမြင်တွေ့ခဲ့ရသည်မှာကြာညောင်းခဲ့ပြီ။ ပုံသဏ်ဏ္ဍာန်အတိအကျဖြင့် လောကကြီးက အလ်ဗ်အတွက်ထူးဆန်းနေချေ၏။


အလ်ဗ်က အသံကြားမှသူ့အရှေ့မှ ဆံပင်အနက်ဖြင့်လူငယ်လေးကို ကြည့်မိသည်။ သူသည် အနှီသူ၏ကွေးညွတ်နေသောမျက်လုံးတို့ကိုကြည့်ကာ ပြုံးမိပြီး သူ၏မျက်လုံးတို့ကို ထိုသူထံမှမခွာနိုင်ပေ။


လောကကြီးတွင် အလှဆုံးသောပန်းများရှိနိုင်သည့်တိုင် သူ၏နှလုံးသားထဲမှ ဤပန်းလေးသည်သာ ငွားငွားစွင့်စွင့်ဖူးပွင့်နေပေ၏။