Chapter 15
ကုဟွိုက် အဖြူရောင် ပန်းပွင့်လေးအားကိုင်ထားပြီး ၎င်းကငွေရောင်ဆံပင်ဖြင့်ဇက်၏အရှေ့တွင် ယိမ်းနွဲ့နေသည်။ ပျော့ပျောင်းသည့် ရိုးတံကား လေယူရာယိမ်း၍ကကြိုးသွယ်နေ၏။
ကုဟွိုက်မှာ ပန်းအမျိုးအစားကိုမသိစေကာမူ ၎င်းက ကမ္ဘာမြေပေါ်မှနှင်းဆီပန်းနှင့် အတန်ငယ်ဆင်တူသည်။ ထိုပန်းလေးသည် နှင်းဆီပန်းထက်ပိုမိုလှပပြီး ဆူးမရှိ။ ကိုင်လိုက်လျှင်လည်း အဆူးစူးခံရမည်ကိုစိုးရိမ်စရာမလိုပေ။ ပန်းပွင့်လေးကား ရှုစားသူတိုင်းကို ၎င်း၏သိမ်မွေ့လှပမှုများဖြင့် ဖျော်ဖြေနေလေသည်။
အဖြူရောင်ပန်းပွင့်လေးက သူ၏မျက်စိအရှေ့ဝယ် လှုပ်ယိမ်းနေသည်။အလ်ဗ်အတွက် အဆိုပါလှုပ်ရှားနေသောအရာကို မုဆိုးတစ်ယောက်၏ ပြင်းပြထက်သန်မှုဗီဇဖြင့် လွယ်လင့်တကူဆုပ်ကိုင်နိုင်သည်။ သို့သော် အလ်ဗ်၏ လက်အရှေ့တွင် ဆွဲဆောင်မှုအားပြင်းထန်သောအလှလေးရှိနေပြီး ၎င်းကသူ၏အာရုံမှန်သမျှကို ညို့ငင်ထားပေသည်။ ဝမ်းတွင်းအသိမှပေါ်ထွက်လာသော ဆန္ဒများကြောင့် ၎င်းကိုမြင်တွေ့ရရန်ဆိုပါက သူ့အရှေ့မှဟန့်တားထားသောအရာတိုင်းအား ဖယ်ရှားပစ်နိုင်၏။
ကုဟွိုက်မှာ ခေတ္တခန့် အလ်ဗ်၏ပန်းအပေါ်ထားသောမှတ်ချက်ကိုစောင့်ဆိုင်းနေသော်လည်း အသံမကြားရ၍ မေးခွန်းအပြည့်ဖြင့်လှမ်းကြည့်လိုက်သည်တွင် အနှီသူ၏လှပသောရွှေရောင်မျက်ဝန်းများက သူ့မျက်နှာအား ငေးကြည့်နေသည်ကိုတွေ့လိုက်ရ၏။ အလ်ဗ်ကား မျက်လုံးမမြင်ရသည့်အချိန်က အလှအပအပေါ်စံသတ်မှတ်သည့်နှုန်းမှာ ကွဲပြားမှုရှိခဲ့သည်။ သူ၏ အရယ်အပြုံးမရှိသောမျက်နှာက ကာမဂုဏ်လိုက်စားမှုကိုရှောင်ဖယ်ထားပုံပေါ်ပြီး အေးစက်သောလေထုကိုပေးစွမ်းသည်။
ယခုမူ အနက်ရောင်မျက်လုံးကာကိုဖယ်ရှားလိုက်ပြီး တောက်ပသည့်ရွှေအဆင်းမျက်ဝန်းများက ပြစ်မျိုးမှဲ့မထင်သောအလှတရားကိုဖော်ပြထားသည်။ အနှီသူသည် ဝပ်နေပြီး စိတ်ဝင်စားစရာကောင်းသောအရာတစ်ခုကိုစူးစမ်းနေသည့် ကြောင်ကြီးတစ်ကောင်နှင့်ပင်တူသည်။ကုဟွိုက်ကား မိန်းမောသွားရကာ မနေနိုင်တော့၍ အလ်ဗ်၏ဆံပင်လေးများကို ကိုင်မိသွားရ၏။
ငွေရောင်ဆံပင်လေးများမှာ နူးညံ့ပြီး ကိုင်၍ကောင်းသည်။ ကုဟွိုက်က၎င်းကို မကြာခဏကိုင်ပြီး အရသာတွေ့နေ၏။ ဆံပင်ကိုင်ခံလိုက်ရချိန်တွင် အလ်ဗ်မျက်လုံးများက ကျဉ်းမြောင်းသွားသော်လည်း မရှောင်လိုက်ချေ။ ၎င်းသည်ကား ကုဟွိုက်၏စိတ်ကြိုက် ထိကိုင်ခွင့်ပေးထားလေ၏။
စက္ကန့်အနည်းငယ်အကြာ၌ ကုဟွိုက်ကား သူဘာလုပ်မိနေမှန်းသိသွားကာ အထိတ်တလန့်အော်ဟစ်၍ အမြန်ပင် လက်ပြန်ရုတ်လိုက်သည်။မတိုင်က သူလူကိုထိကိုင်ခဲ့သည်။ ယခု သူသည် အကြောင်းမရှိပါဘဲ၎င်း၏ဆံပင်ကိုကိုင်မိပြန်ကာ အတော်လေးကိုယဉ်ကျေးမှုမရှိဖြစ်သွားခဲ့သည်။
ကုဟွိုက် လက်ကိုအမြန်ဖယ်လိုက်လိုက်ပြီ မတောင်းပန်ရသေးခင် အလ်ဗ်က သူ၏ပြန်ရုတ်သွားသည့်လက်ကို တိတ်တဆိတ်ပြန်ဆွဲယူသွားလေသည်။
ဒါကငါ့ကို...ကိုင်ခွင့်ပေးတဲ့သဘောများလား...
သည်အချိန်တွင် ကုဟွိုက်သည် ဇက်မျိုးနွယ်အတွင်းမှ 'ဆံနွယ်နက်' ၏တမူထူးခြားသော အဓိပ္ပါယ်ကိုမသိရသေးပေ။ သူသည် အရှေ့မှ လိမ္မာပုံရသည့် ငွေရောင်ကြောင်ကြီးကိုသာမြင်နေပြီး ၎င်း၏အင်မတန်မှပျော့ပျောင်းလှသည့်ငွေရောင်အမွှေးအမျှင်များကို အကြိမ်ပေါင်းများစွာထိကိုင်နေသည်။
"နောင်ကျရင် မင်းဒါကိုဝတ်စရာမလိုတော့ဘူးမလား..."
ကုဟွိုက်က တွေးနေစဉ်အတွင်း အနက်ရောင်မျက်လုံးအကာကို ညာဘက်လက်တွင်ကိုင်ထားခဲ့သည်။
"မင်းပဲ ငါ့အနားမှာနေရင် အေးချမ်းတယ်ဆို...ဒါဆိုအလွန်ဆုံး ငါ့ကိုတွေ့တဲ့အခါ မင်းဒါကိုဝတ်ထားစရာမလိုဘူးပေါ့.."
"ဟုတ်ကဲ့.."
အလ်ဗ်က ခဏတာတုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလာသည်။
အနှီကမ္ဘာကား ထူးဆန်းလွန်းပေစွ။ ရင်းနှီးနေသည့်နေရာဖြစ်ပါလျက်အချိန်အတန်ကြာအောင် သူ၏အမြင်အာရုံကိုပိတ်ဆို့ထားခဲ့သောကြောင့် အလ်ဗ်မှာ သူမြင်လိုက်ရသည့်အရာအပေါ် နားလည်မှုက ထူးဆန်းနေသည်။
ပုံသဏ်ဏ္ဍာန်နှင့်အရောင်အသွေး။ အလ်ဗ်မှာ သူမြင်တွေ့ထိကိုင်လိုက်ရသည့်အရာကို တွဲစပ်မိရန် တစ်စက္ကန့်၊ နှစ်စက္ကန့်မျှ အချိန်ယူလိုက်ရသည်။
"မင်း ပစ္စည်းတွေကိုမမြင်ရတာဘယ်လောက်ကြာပြီလဲ..."
ကုဟွိုက် တဖက်လူကိုကြည့်လိုက်သည်။ အလ်ဗ်က မျက်နှာသေဖြင့်သာတုံ့ပြန်သည်။
"မမှတ်မိတော့ဘူး..."
စိတ်ဆိုးဒေါသနှင့် ဖျက်ဆီးလိုစိတ်အားထိန်းချုပ်မရသော စိတ်တို့ ဖြစ်ပျက်ခဲ့သည်မှာကြာခဲ့ပြီ။ အလ်ဗ်ကား သူ၏အမြင်အာရုံကိုစတင်ဖုံးကွယ်ခဲ့ချိန်ကို မမှတ်မိတော့ဘဲ မသက်မသာဖြစ်ရခြင်းမျိုးလည်းမရှိတော့ပေ။ မှောင်မိုက်နေသောလောကကြီးက သူ့အား အတော်အတန်ငြိမ်းချမ်းစေခဲ့သည်။
ကုဟွိုက်က သူဟာသူတွေးမိလိုက်သည်။
"ကြာခဲ့ပြီဖြစ်မယ်"
"ဒါဆိုအမြင်အာရုံပြန်ရတာကမင်းကို.."
ကုဟွိုက် စကားပြောနေခြင်းကို ခေတ္တရပ်လိုက်ပြီး ခုခံခြင်း သို့မဟုတ် ငြီးငွေ့ခြင်းက ပိုသင့်တော်လိမ့်မည်ဟု ထင်မြင်မိသွားသည်။ သို့ထိတိုင် သူစကားကို အဆုံးမသတ်ခင် အလ်ဗ်ကသူ့မေးခွန်းကိုပြန်ဖြေခဲ့သည်။
"ကျွန်တော် အရှင့်ကိုတွေ့ရပါတယ်..."
အလ်ဗ်၏အသံက အတက်အကျမရှိစေကာမူ ပုံမှန်မဟုတ်ဘဲ အလေးအနက်ဖြစ်နေသလို ခံစားရသည်။ သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကမပြောင်းလဲချေ။ ၎င်းကလူတစ်ယောက်ထက်ပိုသည်။ အလင်းရောင်ကင်းမဲ့သောစကြာဝဠာအတွင်း လကိုရှာဖွေနေသောကြယ်လေးတစ်ပွင့်ပမာ။ အလ်ဗ်၏ ဘဝတလျှောက်တွင် ထိုမျှလောက်လှပသောလောကမျိုး မတွေ့ဖူးခဲ့ပေ။
ကုဟွိုက်သည်ကား အလ်ဗ်က သူ့အားတွေ့ချင်သည် ဟုပြောခဲ့ဖူးသည့်စကားကို မမေ့သေးပေ။ ထို့ကြောင့် ကုဟွိုက်က ပြုံးကာပြောလိုက်လေသည်။
"မင်းနောင်မှာလည်း ငါ့ကိုဆက်တွေ့ရဦးမှာပါ..."
အလ်ဗ်က သူ့စကားကိုကြားပြီး မျက်တောင်ခတ်ပြသည်။ သူသည် မျက်တောင်ပင်မခတ်ချင်ပေ၊ ၎င်းက အနှီလူသားလေးအား ခဏေလးကိုပင်မမြင်ရနိုင်အောင် ဖန်တီးနေ၍ဖြစ်သည်။
ခူးယူလာသည့်ပန်းလေးက ဂရုစိုက်ရန်လိုအပ်သည်။ ကုဟွိုက် အိပ်ရာမှထပြီး ရေခွက်အားယူသည်။ ခွက်တဝက်အထိရေဖြည့်ပြီး ပန်းပင်လေး၏အမြစ်ကို ရေထဲထိုးစိုက်လိုက်သည်။ ၎င်းကား အချိန်အနည်းငယ်ကြာမြင့်သွားခဲ့၏။
ကုဟွိုက် ပန်းထည့်ထားသောဖန်ခွက်လေးအား ပြတင်းပေါက်ဘောင်ပေါ်သို့တင်လိုက်သည်။ ပွင့်ချပ်လေးအပေါ်ကို အကြိမ်အနည်းငယ်ပုတ်လိုက်ပြီးနောက် အလ်ဗ်ထံပြန်လျှောက်လာသည်။
"ပန်းပေးတာကျေးဇူးပါပဲ..အရမ်းလှတယ်..."
တူဆာဂြိုလ်ပေါ်တွင် ပန်းမရှိသောကြောင့် အလ်ဗ်မှာ သူ့အတွက်ပန်းခူးပေးရန် နောက်ထပ်ဂြိုလ်တစ်လုံးပေါ်သွားခဲ့ရသည်။ ကုဟွိုက်မှာ ၎င်းက တခဏမျှသာရှင်သန်နိုင်မည်ဟုခံစားရပြီး စိတ်မကောင်းဖြစ်သွားမိသည်။
"ဒါနဲ့ အရှင်ကဘာလို့စိတ်ပျက်နေတဲ့ပုံစံဖြစ်ရတာလဲ..."
အလ်ဗ်က ကုဟွိုက်၏ပြောင်းလဲသွားသည့် အမူအရာသေးသေးလေးကိုပင်မှတ်သားထားပြီး ခပ်တိုးတိုးမေးသည်။
"ငါစိတ်ပျက်နေတာမဟုတ်ဘူး..နှမြောတာ.."
ကုဟွိုက်က ရှင်းပြလိုက်ရသည်။
"ဘာလို့လဲဆိုတော့ ဒီပန်းက မကြာခင် ကြွေကျသွားလိမ့်မယ်..သင့်တင့်တဲ့ မြေဆီလွှာရှိရင်တော့ ပြောင်းစိုက်လို့ရတယ်..ဒါပေမဲ့..တူဆာရဲ့မြေတွေက စိုက်ဖို့မသင့်တော်ဘူးလေ"
ဂြိုလ်ပေါ်မှ မြေကြီးအမျိုးအစားမှာ ပြောင်းလဲရန်ခက်ခဲသည်။ တူဆာဂြိုလ်ပေါ်တွင် ပန်းစိုက်ပျိုး၍မရ။ သူပန်းပင်စိုက်ချင်ပါမူ အခြားဂြိုလ်ပေါ်မှမြေကြီးကို အိုးနှင့်ယူလာမှသာရလိမ့်မည်။ ဤကိစ္စတွင် ပန်းပင်စိုက်ရန်ချည့်သာမဟုတ်။ ကုဟွိုက်သည် တူဆာဂြိုလ်ပေါ်မှဇက်များအားလုံးအရောင်အသွေးစုံစုံလင်လင်ကို မြင်တွေ့နိုင်ကြရန်လည်း မျှော်လင့်ထားသည်။ ဂြိုလ်တခွင်ကို အပေါ်စီးမှကြည့်လျှင် ပန်းများဖြင့်အလှဆင်ထားခြင်းလောက် ကောင်းမွန်သည့်အရာမရှိပေ။
ပန်းအားကြည့်နေသည့် အလ်ဗ်၏နှုတ်ခမ်းများက အေးစက်စက်မျဉ်းကြောင်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး ကြွပ်ဆတ်နေသောပန်းပွင့်လေးက သူခူးလာစဉ်ကနှင့်မတူဘဲ ခြားနားနေသည်ကို တဖန်ထပ်ပြီး အူကြောင်ကြောင်ဖြစ်သွားခဲ့သည်။ ၎င်းက မြေကြီးထဲမှဆွဲနှုတ်ခံရပြီးလုံးဝပျက်စီးမသွားသေးသည့်တိုင် အသက်မရှင်နိုင်ပေ။
ထိုနည်းတူစွာ သူ့အရှေ့မှကောင်လေးမှာလည်း အားနည်းလှသောကြောင့် အလ်ဗ်သည် အစဉ်အမြဲ အနှီလူသားလေး ထိခိုက်သွားမည်ကိုစိုးရိမ်နေခဲ့သည်။
အလ်ဗ်၏ မျက်လုံးများကိုကာထားတတ်သော အနက်ရောင်မျက်လုံးကာက ကုဟွိုက်လက်ထဲတွင်သာရှိနေသည်။ ထိုပစ္စည်းကိုပြန်မပေးခင် သူရုတ်တရက် သိချင်စိတ်ဖြစ်လာသည်။ သူသည် မျက်လုံးအကာကို သူ့မျက်လုံးပေါ်တွင်ကာပြီး ကြိုးချည်လိုက်၏။
သူဘာကိုမျှမမြင်ရတော့။ ကုဟွိုက် ပစ္စည်းများကို တစ်စက္ကန့်မျှကြာအောင်ကြည့်သော်လည်း ထိုပစ္စည်းကဘာမှန်းမပြောနိုင်တော့ချေ။ထိုသို့သော အခြေအနေမျိုးမှာပင် ကောင်းကောင်းသွားလာနိုင်သေးသော အလ်ဗ်နှင့်နှိုင်းယှဉ်ကြည့်ပြီး ကုဟွိုက်မှာ သူ၏လှုပ်ရှားနိုင်သည့်စွမ်းရည်များအားလုံးနီးပါးပျောက်ဆုံးသွားတော့သည်။
ခြေတလှမ်းအပြင် မလှမ်းနိုင်တော့ချိန် ကုဟွိုက်၏ခါးကို ငွေမှင်ရောင်အမြှီးက ရစ်ပတ်လိုက်သည်။ ထို့နောက် အလ်ဗ်၏အသံက ကုဟွိုက်၏နားထဲတွင်ပေါ်လာ၏။
"အရှင့်ရဲ့ရှေ့မှာ စားပွဲခုံထောင့်စွန်းပါ..."
ကုဟွိုက် ချောင်းခြောက်နှစ်ခါဆိုးမိသွားသည်။ ဘာမှမလုပ်နိုင်သည်မှာသေချာသွား၍ မျက်လုံးအကာကိုဖယ်ပြီး တဖက်လူအားပြန်ပေးလိုက်ရသည်။ မျက်လုံးအကာထက်တွင် ကုဟွိုက်၏အပူငွေ့လေး အနည်းငယ်ငြိတွယ်နေ၏။ အလ်ဗ်က စကားတစ်ခွန်းပင်မဆိုဘဲ အနက်ရောင်အဝတ်စကို ကိုင်ထားခဲ့သည်။ သူ၎င်းကိုနောက်တကြိမ်သုံးသည့်အချိန်တွင် ထိုအရာကိုကုဟွိုက်ကလည်း သုံးခဲ့ဖူးသည့်အကြောင်း မလွဲမသွေသတိရနေလိမ့်မည်သာ။
သူကုဟွိုက်၏အရှေ့တွင်မရှိနေလျှင်ပင် အလ်ဗ်မှာ မျက်ကန်းတစ်ယောက်ဖြစ်နေဆဲ။ တူဆာ၏မြေအကြောင်းပြောရန် အလ်ဗ်ကား စစ်တပ်ဆိုင်ရာအဆောက်အအုံ၏ ညီလာခံခန်းမတွင် အစည်းအဝေးခေါ်ရတော့သည်။
နောက်တစ်နေ့တွင် အချိန်ဇယားအတိုင်း တာမီယာကြယ်မှ ဒုတိယမြောက်စစ်တပ်က ရောက်ရှိလာသည်။ ယခင်ကပြောခဲ့သည့်အတိုင်း ၎င်းတို့သည် အသေးစားယာဉ်ပျံကိုသာစီးနင်းလာခဲ့ကြ၏။
"အရှင့်ငယ်သား...ကာ့ပါလီယာ..အရှင့်ရဲ့အမိန့်အတိုင်း ရောက်လာပါပြီ"
အေးစက်သည့်အသွင်အပြင်ဖြင့် အမျိုးသမီးဇက်သည် ကုဟွိုက်ရှေ့တွင်ဒူးတစ်ဖက်ထောက်နေ၏။ သူမအသံကို အတတ်နိုင်ဆုံး သိမ်မွေ့အောင်ကြိုးစားစေကာမူ ယခင်ကတကြိမ်မှမလုပ်ခဲ့ဖူးသောကြောင့် မအောင်မြင်ပေ။
ချစ်မြတ်နိုးမှုအရာဝယ် တက်ခ်ဇက်အားလုံးနီးပါး အတူတူပင်။ ကုဟွိုက်အား မွေးကင်းစတည်းက စောင့်ရှောက်လာသည့်တက်ခ်ဇက်များကဲ့သို့ပင်၊ ကပ်ပါလီယာသည် သူမ၏ဘယ်ဘက်လက်ကို ကုဟွိုက်အနားမှဝေးရာတွင်ရွှေ့ထားပြီး သူမ၏ဆူးချွန်ကို တတ်နိုင်သမျှအဝေးတွင်ထား ထားရသည်။
၎င်းက သဘာဝအလျောက်လုပ်ဆောင်မှုတစ်ခုပင်။ သူတို့သည် ပို၍ စွမ်းအားကြီးမားသောကြောင့် ချီးမွမ်းခံရသင့်ပြီး တန်ဖိုးကြီးမားသည့်အရာများအပေါ် ပို၍ဂရုစိုက်ရန်လိုအပ်သည်။
တူဆာ၏ အထက်ပိုင်းရှိ ရာထူးအစဉ်လိုက်ကိုအပထား၊ ဒုတိယမြောက်စစ်တပ်မှဇက်စစ်သည်များပင် သူတို့ခေါင်းဆောင်၏ယခုကဲ့သို့သောပုံစံကိုတခါမှမမြင်ဖူးကြချေ။ အကြောင်းကား ၎င်းမှာအလွန်တရာသိမ်မွေ့ကျိုးနွံသော သဘောထားဟုခေါ်ဆိုနိုင်ပြီး သူမ၏ပုံမှန်အေးတိအေးစက်ဖြစ်နေမှုနှင့် ကွဲပြားခြားနားသည်။
"အရင်ဆုံးသွားကြရအောင်..."
ကုဟွိုက်က အနားမှဇက်တို့ကို အိမ်တော်၏ပထမထပ်ရှိဟောခန်းထဲသို့ခေါ်ဆောင်သွားသည်။
စစ်တပ်၏ခေါင်းဆောင်များအပါအဝင် စစ်တပ်နှစ်တပ်လုံးမှဇက်များမှာ ကုဟွိုက် ဟောခန်းထဲသို့မဝင်မချင်း တိတ်ဆိတ်နေကြပြီးမှ ရုတ်ချည်းဆိုသလို အလ်ဗ်၏မျက်လုံးအကာက ချွတ်ထားသည်ကိုမြင်လိုက်ကြသည်။ ထိုမြင်ကွင်းကြောင့် နေရာမှဇက်များအားလုံး၏အမူအရာများမှာ ပြောင်းလဲကုန်ကြ၏။ မူလက ကုဟွိုက်အနောက်တွင်တိတ်တဆိတ်လိုက်လာခဲ့သော ကာ့ပါလီယာသည် သူ့အရှေ့တွင် စက္ကန့်ဝက်မျှ ဝင်ရပ်လိုက်၏။ ၎င်းကခုခံတိုက်ခိုက်ရန် အသင့်ပြင်သည့်အနေအထားပင်ဖြစ်သည်။
ကာ့ပါလီယာမှာ အနက်ရောင်မျက်လုံးအကာကို ချွတ်လိုက်သည်နှင့်ဖြစ်လာမည့်အရာတိုင်းအား သိထားသည်။ အခြားဇက်များကဖုံးကွယ်ထားခြင်းမရှိဘဲ အခြေအနေများကတင်းမာနေသည်၊ သူတို့အားလုံး မတော်တဆမှု၏ ပြင်းထန်သောနောက်ဆက်တွဲများကို နားလည်ထားကြ၏။
ကုဟွိုက်ကား မတုံ့ပြန်လိုက်နိုင်။ သုနားလည်သွားသည်နှင့် ကာ့ပါလီယာအနောက်မှ လျိုဝင်လိုက်သည်။ အလ်ဗ်က ဘေးပတ်လည်မှဇက်များ၏ သတိရှိနေပြီးတင်းမာသော အကြည့်များကို ကြည့်နေသည်။ ကုဟွိုက်မှာ မနေသာတော့ဘဲလျှောက်သွားလိုက်ပြီး ဘေးကျပ်နံကျပ်အခြေအနေမှ တဖက်လူ၏လက်ကိုကိုင်လိုက်၏။
"အရှင်..."
ကုဟွိုက် ယခုလိုလုပ်လာလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ဗိုလ်မှူးမှာ ရုတ်တရက် ထိတ်ပျာသွားရလေသည်။
ကုဟွိုက်မှာ အလ်ဗ်အနားတွင်ရှိနေသောကြောင့် အခြားဇက်များက ပေါ့ပေါ့သွမ်းသွမ်းမလှုပ်ရှားရဲချေ။ သို့သော်ငြား ကုဟွိုက်က အလ်ဗ်၏လက်ကိုဆွဲကာ သူ၏ထိုင်ခုံရှိရာသို့လျှောက်သွားတော့သည်။ လူငယ်လေးခေါ်ရာအနောက်သို့ လိုက်လာသည့် ငွေရောင်ဆံပင်ဖြင့်ဇက်ကလိမ္မာရေးခြားရှိနေသည်။ ကုဟွိုက်က အရှေ့မှနေကာသူ့အားခေါ်ဆောင်သွားနေခိုက် သူ၏မျက်ခုံးများက ငိုက်ကျနေ၏။
ထိုမြင်ကွင်းအားကြည့်နေကြသော ဇက်တို့မှာ ကြောက်ရွံ့မှုအဖြစ်သို့ရောက်ရှိသွားကြပြီး ထိတ်လန့်မှုကြောင့် ကြက်သေသေကုန်ကြလေသည်။