အခန်း ၁၇
Viewers 10k

Chapter 17

Chapter 17



ခေါင်းဆောင်၏လျှို့ဝှက်ချက်ကို ပြောခဲ့ကာ ခေါင်းဆောင်သိသွားသည့်အကြောင်းအရာထက် မည်သည့်အရာကမျှ ပို၍အသက်အန္တရာယ် မခြိမ်းခြောက်နိုင်ကြောင်း အယ်လ်ဂျာ ခံစားရသည်။ အယ်လ်ဂျာသည် ဇက်များကြားတွင် အတော်လေး တက်ကြွသော စိတ်ခံစားမှုများ ရှိသော်လည်း ၎င်းမှာ အကန့်အသတ်ရှိနေဆဲဖြစ်သည်။ ယခုအချိန်တွင် သူ တင်းကြပ်နေသည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုမရှိသော်လည်း သူ့ခန္ဓာကိုယ်က အနည်းငယ် အေးခဲနေသည်။


ထိုအချိန်တွင် အဲလ်ဗ်သည် လူနှစ်ယောက်၏အရှေ့သို့ ရောက်လာသည်။ အယ်လ်ဂျာခမျာ ကိုယ်ပျောက်သွားစေရန် ကြိုးစားသော်လည်း မလွတ်မြောက်နိုင်ပေ။ သူသည် သူ၏ခေါင်းဆောင်ထံမှ ကြီးမားသောဖိအားကို ဆက်လက်ခံယူရန်သာ တတ်နိုင်တော့သည်။


ကုဟွိုက်က အယ်လ်ဂျာ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို မသိ။ သူသည် ချဉ်းကပ်လာသော အယ်ဗ်ကိုကြည့်ပြီးနောက် ပုံရိပ်ထဲရှိဇက်ကလေးအား ဝန်းရံထားသောအမွှေးများကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းရှိ အပြုံးက ပို၍ပင် သိသာထင်ရှားလာသည်။


တကယ်ကို... ကွာခြားချက်က ကြီးမားလွန်းလှသည်။ သူ့အား ဤမှတ်ဥာဏ်ပုံရိပ်ကိုပြသော အယ်လ်ဂျာကြောင့်သာမဟုတ်လျှင် သူ့ရှေ့ရှိ အေးစက်ကာ ရှည်လျားလှပသောငွေရောင်အမွှေးများရှိသည့် ဇက်သည် ကလေးဘဝတုန်းက ထိုကဲ့သို့သောပုံစံဖြစ်လိမ့်မည်ဟု ကုဟွိုက် ထင်မထားမိမည်မဟုတ်။


"မင်းက ချစ်စရာကောင်းတယ်" ကုဟွိုက် ပြုံးကာ ပြောလိုက်သည်။ ထို့နောက် ယောက်ျားအများစုသည် ချစ်စရာကောင်းသည်ဟု ချီးကျူးသည်ကို မပျော်ရွှင်ကြကြောင်း တွေးလိုက်မိပြီး သူ့စကားများကို ဆောလျင်စွာ ပြန်ပြင်လိုက်သည်။


“ငါပြောချင်တာ မင်းငယ်ငယ်တုန်းကကို ပြောတာ အခု မင်းကို ပြောတာမဟုတ်ဘူး"


အမှန်တကယ်တွင် အခုလက်ရှိအလ်ဗ်သည်လည်း အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ကုဟွိုက် ခံစားမိသည်။ ဥပမာအားဖြင့် တစ်ဖက်သားသည် ပန်းများကို ဂရုတစိုက် ကိုင်ဆောင်ထားပြီး သူ့ကိုပေးလာသော အပြုအမူသည် သူ့အား ထိုခံစားမျိုးချက်ကို ပေးစွမ်းနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကုဟွိုက် ထိုအကြောင်းကို မပြောပြနိုင်ပေ။ ၎င်းသည် ယောက်ျားတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနှင့် ဆက်စပ်နေသည်။


ကုဟွိုက် သူ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုတ်မဟုတ် မသိသော်လည်း သူပြောပြီးသည်နှင့် အလ်ဗ်သည် သူ့နှုတ်ခမ်းများကို ကိုက်နေပုံရပြီး သူ့နှုတ်ခမ်းထောင့်များကို မျဉ်းဖြောင့်ကဲ့သို့ ဖြောင့်တန်းနေအောင်ပြုလုပ်ထားသည်ကို သူတွေ့လိုက်ရသည်။


"ချစ်စရာကောင်းတယ်လား.." အဲလ်ဗ်က ပုံရိပ်ကိုကြည့်ကာ ပြောလိုက်သည်။ သူ့အသံသည် အေးစက်ပြီး တိုးညှင်းနေသည်။


တစ်ဖက်လူ စိတ်မဆိုးသည်ကို ကုဟွိုက် တွေ့လိုက်ရသောကြောင့် ခေါင်းညိတ်ပြသည်။


“ဟုတ်တယ် အရမ်းချစ်စရာကောင်းတယ်..."


ကုဟွိုက်၏စကားများကိုကြားပြီး အလ်ဗ်၏မျက်နှာသည် အနည်းငယ်တင်းမာသွားရပြီး သူ့မျက်နှာပေါ်ရှိ ဂရုမစိုက်သောအမူအရာတွင် သတိမထားမိသော သိမ်မွေ့သည့်ပြောင်းလဲမှုအချို့ ပေါ်ပေါက်လာပုံပင်။


“ဒါပေမယ့် နောက်ကျောပဲ မြင်ရတယ်။ အရှေ့ဘက်ကပုံ မရှိဘူးလား.." ကုဟွိုက် မျက်တောင်ခတ်လိုက်ပြီး သူ့ဘေးတွင် ရပ်နေသောအယ်လ်ဂျာကို မေးလိုက်သည်။


အယ်လ်ဂျာသည် အသက်ရှင်လိုသောခံစားချက်ကြောင့် လွန်ခဲ့သည့်မိနစ်အနည်းငယ်ကတည်းက သူ၏ဖြစ်တည်မှုကို လျှော့ချရန် ကြိုးစားနေခဲ့သည်။ ယခု ကုဟွိုက်က သူ့ကို မေးလာသောအခါ သူ ပါးစပ်ကို ဖွင့်လိုက်ပြီး ချက်ချင်း ပြန်မဖြေနိုင်ပေ။


တကယ်တမ်း၌ ပုံရိပ်တစ်ခုရှိသေးသော်လည်း အယ်လ်ဂျာ၏ ခဏမျှတိတ်ဆိတ်သွားမှုကြောင့် နောက်ထပ် ပုံရိပ်မရှိတော့ဟု ကုဟွိုက် မှားယွင်းစွာ ထင်မြင်သွားခဲ့သည်။ ထို့ကြောင့် ကုဟွိုက်၏အမူအရာမှာ အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။


ဇက်များသည် သူတို့၏ အကောင်ပေါက်အရွယ်အတွင်း၌ အမွှေးထူသောသတ္တဝါလေးများဖြစ်ကြသည်။ ထို့နောက် အမွှေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဇက်သည် မာကျောသော အခွံတစ်ခု ပေါက်လာလိမ့်မည်။ အရွယ်ရောက်ပြီးသောအချိန်တွင် ဒယ်လ်တာအဆင့် အထက်ရှိဇက်များသည် လူမျိုးရေးသွင်ပြင်လက္ခဏာအချို့ကို ပိုင်ဆိုင်ထားသည့် လူသားဆန်သောပုံစံသို့ ရောက်ရှိတိုးတက်လာမည်ဖြစ်သည်။


ဇက်များ၏အကောင်ပေါက်အရွယ်သည်အလွန် သက်တမ်းမရှည်သောကြောင့် သူတို့၏အမွှေးထူသောအချိန်သည်လည်း အမှန်တကယ် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ၎င်းတို့သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အကြာတွင် အမွှေးထူသောသတ္တဝါနှင့် တူကြတော့မည်မဟုတ်ပေ။ ကလေး၏မူလနူးညံ့သောအရေပြားသည် အေးပြီး မာကျောသောအခွံဖြင့် ဖုံးအုပ်ထားသည်။ သူတို့၏ခန္ဓာကိုယ်သည် လျင်မြန်စွာကြီးထွားလာမည်ဖြစ်သောကြောင့် ၎င်းတို့ကို အန္တရာယ်အရှိဆုံးနှင့် ကြောက်စရာအကောင်းဆုံးများထဲမှတစ်ခုအဖြစ် အခြားမျိုးနွယ်များ၏အမြင်တွင် ထင်မြင်စေနိုင်သည်။


ထို့ကြောင့် ကလေး၏နူးညံ့ပြီး အမွှေးထူသောကျောပြင်ကို မြင်ရခြင်းသည်ပင် အလွန်ပျော်စရာကောင်းလှသည်။ ထို့နောက် မကြာမီတွင် ကုဟွိုက်၏စိတ်သဘောထား ပြောင်းလဲသွားသည်။ အလ်ဗ်၏ နာမည်ပြောင်သည် ငယ်စဉ်ကလေးဘဝတုန်းက ငိုသံနှင့် ဆက်စပ်နေသည်ဟု အယ်လ်ဂျာ အဘယ်ကြောင့် ပြောသည်ကို သူ့တွင် နားထောင်ရန် အချိန်မရှိတော့ပေ။ ကုဟွိုက် သူ့ရှေ့မှလူကိုကြည့်ပြီး တိုက်ရိုက်မေးရန်သာ ဆုံးဖြတ်လိုက်သည်။


"အဲဒါကဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ငိုသံနဲ့ တူလို့ပဲ" အဲလ်ဗ်သည် မျက်လွှာများကို ချကာ ကုဟွိုက်၏မေးခွန်းကို မရှောင်လွှဲဘဲ ပြန်ဖြေလိုက်သည်။


အချိန် အလွန် ကြာခဲ့ပြီဖြစ်သောကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် သူ့ကို အမည်ပြောင်ပေးခဲ့သည့်သူကို မမှတ်မိပေ။ အဲလ်ဗ်၏ မှတ်ဉာဏ်သည် ရှင်းရှင်းလင်းလင်းမရှိ။ ငယ်စဉ်ကလေးဘဝက တစ်စုံတစ်ယောက်က သူ့ကို ယခုလိုနာမည်ပြောင်ပေးခဲ့သည်လား သို့မဟုတ် သူ့ကိုယ်ပိုင် ငိုသံကြောင့် သူ့ကိုယ်သူ သတ်မှတ်ခဲ့သည်လား အလ်ဗ် မမှတ်မိနိုင်ပေ။


"ကျိုးကျိုး... အဲလိုခေါ်တာလား..." အလ်ဗ်ငယ်စဉ်က ဤအသံကို ပြုလုပ်နေကြောင်း ကုဟွိုက် ရုတ်တရက် စိတ်ကူးကြည့်မိပြီး တစ်ဖက်လူ၏ ရွှေရောင်ဖျော့ဖျော့မျက်လုံးများကို ရုတ်တရက် မကြည့်နိုင်တော့ပေ။ နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။


သူ့ဘေးရှိ အယ်လ်ဂျာမှာ ထွက်ပြေးချင်နေသည်။ တစ်ချိန်က အခြားစစ်တပ်ခေါင်းဆောင်တစ်ဦးသည် အလ်ဗ်၏ ငယ်စဉ်ကလေးဘဝကငိုသံကို တုပပြောဆိုခဲ့သောကြောင့် ထိုစစ်တပ်ခေါင်းဆောင် လဲကျသွားသည်အထိ အရိုက်ခံရသည်ကို သူ မမေ့ပေ။ သူ၏ခေါင်းဆောင်က ဘုရင်ကို ဘာမှလုပ်မည် မဟုတ်သော်လည်း သူကိုယ်တိုင်ကတော့ အဆုံးသတ်သွားပြီဟုသာ အယ်လ်ဂျာ ခံစားရသည်။


သို့သော်လည်း အဲလ်ဗ်သည် သူ၏ လက်ထောက်ကို ကြည့်ပင်မကြည့်ဘဲ ရိုးရိုးရှင်းရှင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အင်း.."


ယေဘုယျအားဖြင့် ပြောရလျှင် ဇက်အကောင်ပေါက်လေးများသည် ခွေးဟောင်သံကဲ့သို့ တိုးလျသောဆူညံသံများကို ပြုလုပ်ကြသည်။ ငယ်စဉ်ကတည်းက အလ်ဗ်၏ငိုသံက အလွန်ထူးခြားသည်ဟု ဆိုနိုင်သည်။


"မင်းက ကလေးအရွယ်တုန်းက တကယ်ကို ချစ်စရာကောင်းတယ်.." ကုဟွိုက် သူ့မျက်လုံးများ ကွေးညွှတ်နေခြင်းကို မရပ်တန့်နိုင်ပေ။ ကုဟွိုက်၏ 'ချစ်စရာကောင်းသည်' ဟူသော စကားလုံးသည် ကလေးဘဝအတွက်သာ ရည်ညွှန်းသည်။ ၎င်းကို အဲလ်ဗ်ကြားပြီး သူ့မျက်နှာပေါ်ရှိ အမူအရာသည် ပိုပိုပြီး ပြောင်းလဲသွားသည်။


'ချစ်စရာကောင်းသည်' ဟူသော စကားလုံးသည် နှစ်သက်ခြင်းကို ဆိုလိုသည်။ အမှန်မှာ ထိုကဲ့သို့သောစကားလုံးသည် ဇက်များအကြားတွင် မရှိခဲ့သော်လည်း ၎င်းသည် ကြယ်တာရာများကြားရှိ ဘုံဘာသာစကားဖြစ်ပြီး အလ်ဗ်သည် ထိုစကားလုံး၏အဓိပ္ပာယ်ကို အကြမ်းဖျင်းနားလည်နိုင်သည်။ ထို့ကြောင့် သူ၏ငယ်ငယ်တုန်းက အသွင်အပြင်ကို သဘောကျသော်လည်း အခု သူ့အသွင်အပြင်ကို သဘောမကျဘူးဟု လူငယ်လေးက ဆိုလိုခြင်းဖြစ်သည်။


"ကလေးတုန်းကပဲ ချစ်ဖို့ကောင်းတာလား..." အလ်ဗ်က ကုဟွိုက်ကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။


ကုဟွိုက် ခဏကြာသည်အထိ ပြန်မဖြေခဲ့ပေ။ ထို့ကြောင့် အလ်ဗ်သည် အခြားတစ်ဖက်တွင် ထိုင်ကာ မေးလိုက်သည်။ “အခု ကျွန်တော်ကရော ချစ်ဖို့မကောင်းဘူးလား.."


အမ်..?


ကုဟွိုက် ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။ သူသည် ခံစားချက်များဖော်ပြထားခြင်းမရှိသော ငွေရောင်ဆံပင်နှင့်ဇက်ကို မော့ကြည့်လိုက်ပြီး ထိုစာကြောင်းကို မေးသောအခါ သူ့အသံတွင် အတက်အကျမရှိပေ။ အချိန်အတော်ကြာသည်အထိ သူသည် ဟုတ်တယ်ဟု ဖြေသင့်လား သို့မဟုတ် မဟုတ်ဘူးဟု ဖြေသင့်လား သူ မသိတော့ပေ။


ကုဟွိုက်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး မတိကျမသေချာစွာ ဖြေလိုက်သည်။ "မင်းက အခုလည်းပဲ... ချစ်စရာကောင်းတယ်မလား.."


ကုဟွိုက်သည် အလ်ဗ်၏ အမူအရာကို ဂရုတစိုက်‌ စောင့်ကြည့်လေ့လာလိုက်ပြီး တစ်ဖက်လူသည် စိတ်မပျော်ရွှင်သည့် အရိပ်အယောင်များပြပါလျှင် သူ့စကား ကို ချက်ချင်းပြောင်းလဲရန် အဆင်သင့်ဖြစ်နေသည်။ ထို့နောက် အလ်ဗ်သည် သူ၏ပါးစပ်ကို အနည်းငယ် ဖြေလျှော့ကာ သူ့နောက်ရှိ ငွေမှင်ရောင်အမြီးက အပေါ်အောက် လှုပ်ရမ်းနေသည်ကို တွေ့လိုက်ရသည်။


အလ်ဗ်သည် မပျော်မရွှင်ဖြစ်မနေသောကြောင့် သူ့အား ချစ်စရာလေးဟု ခေါ်သည်ကို တစ်ဖက်လူသည် စိတ်အနှောင့်အယှက်မဖြစ်ကြောင်း ကုဟွိုက် ယူဆမိသည်။ ထို့ကြောင့် ကုဟွိုက်လည်း စိတ်သက်သာရာရသွားသည်။ နောက်ပိုင်းတွင် အလ်ဗ်ကို ချီးကျူးရန် မှားယွင်းသော စကားလုံးကို မတော်တဆ သုံးမိမည်ကို သူ မစိုးရိမ်‌တော့ပေ။


ကုဟွိုက်သည် ထိုင်ကာ မေးလိုက်၏။ "ဒီနေ့ မင်းဘယ်လိုခံစားရလဲ။ စစ်တပ်ကိုပြန်သွားဖို့ အဆင်မပြေသေးဘူးလား..”


“အရင်က အတိုင်းပါပဲ..” အလ်ဗ်ကသူ၏ဘယ်ဘက်လက်ကောက်ဝတ်တစ်ဝိုက်ရှိ ပိတ်စကို ငုံ့ကြည့်ရင်း ပြန်‌ဖြေလိုက်သည်။


ယခုအချိန်တွင် အလ်ဗ်သည် ကုဟွိုက်ဘေးသို့ ပြန်ရောက်လာသောအခါ သူ့မျက်လုံးအကာကို အလိုအလျောက် ဖယ်ရှားပြီး အနက်ရောင်ပိတ်စကို သူ့လက်ကောက်ဝတ်တွင် ချည်နှောင်လိုက်သည်။ သူကား အရင်ကအတိုင်းပါပဲဟု ပြောလိုက်သော်လည်း အမှန်တကယ်တော့ တိတ်ဆိတ်ငြိမ်သက်သည့် ခံစားချက်ကို ခံစားရပြီးနောက် သူ ကြားနေရသော ဆူညံသံက ပို၍ သည်းမခံနိုင်စရာဖြစ်လာပြီး ကာကွယ်ဟန့်တားဖို့ရန် လိုအပ်လာပေသည်။


ကုဟွိုက် ထိုအရာကို တွေးပြီးနောက် ပြောလိုက်သည်။ “ဒါဆို မင်းအပြင်မှာ နေရတာပျင်းနေတယ်ဆိုရင် ငါ့အကြောင်း တွေးကြည့်ပါလား။ အဲဒါက ပိုကောင်းတယ်မလား.."


ဤငြိမ်းချမ်းခြင်းသီအိုရီကို သူအတိအကျမသိသော်လည်း အလ်ဗ်၏နာကျင်မှုကို သက်သာစေနိုင်မည်ဆိုလျှင် တစ်ဖက်လူ၏ စိတ်ငြိမ်ဆေးအဖြစ်ရှိနေပေးရလျှင်ပင် ကုဟွိုက်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာမရှိ။


သူ စကားပြောပြီး သွားချိန်တွင် ရွှေရောင်မျက်ဝန်းတစ်စုံသည် သူ့ကို ခဏမျှ စိုက်ကြည့်နေခဲ့သည်။ ထိုမျက်ဝန်းများထဲ၌ ထင်ဟပ်နေသောသူ၏ပုံရိပ်သည် ပိုမိုရှင်းလင်းလာကြောင်းကို ကုဟွိုက် အမြဲခံစားမိသည်။ ခဏကြာပြီး‌နောက် တစ်ဖက်လူ၏ တိုးလျသောပြန်ဖြေသံကို သူ ကြားလိုက်ရသည်။ "ကောင်းပါပြီ.."


ပန်းများသည် လှပသော်လည်း အလွန်နုနယ်သိမ်‌မွေ့သော အရာဖြစ်သည်။ အလ်ဗ်သည် ပန်းကောက်ရန် နိုအမ်ကို ပြန်သွားသည့်ခရီးစဉ်အတွင်း၌ ထိုစိတ်ကူးကို ရရှိခဲ့သည်။ ပန်းတစ်ပွင့် ပွင့်လာသည်နှင့် ၎င်းသည် ပိုမိုတောက်ပလာပြီး ပိုလှလာပေသည်။ အလ်ဗ်သည် ဤအလှတရားကို မည်သို့ငြင်းဆန်ရမည်မှန်း မသိခဲ့ပေ။


၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးနှင့် အဖိုးအတန်ဆုံး ပန်းဖြစ်သည်။ ထိုပန်းသည် မည်မျှတန်ဖိုးရှိသည်ကို သိရှိထားသောကြောင့် အလ်ဗ်သည် ပွင့်ဖတ်များအား ထိရန်ကိုပင် မဝံ့မရဲဖြစ်ခဲ့သည်။ သူသည် ဘေးနားမှ ကာကွယ်စောင့်ရှောက်ပြီး ပန်းပွင့်လေး၏ရှင်သန်ကြီးထွားမှုကို တိတ်တဆိတ် စောင့်ကြည့်ရန်သာတတ်နိုင်ခဲ့သည်။


သို့သော် သူ အမှန်တစ်ကယ် ပန်းပွင့်လေးအား ထိကြည့်ချင်သော်လည်း တစ်ဖက်လူအား မနာကျင်အောင် မည်ကဲ့သို့ထိတွေ့ကိုင်တွယ်ရမည်မှန်းမသိသည့်အခါ မည်သို့လုပ်ရမည်နည်း။ သူ ငြင်းပယ်ခြင်းခံရမည်လား သို့မဟုတ် အမုန်းခံရမည်လား။


အဲလ်ဗ်သည် လူငယ်လေး၏ နောက်ကျောကို အနီးကပ်ကြည့်နေသည်။ ထို့နောက် သူသည် သူ့၏အကြည့်ကို ပြောင်းလိုက်ပြီး အယ်လ်ဂျာကို စကားပြောလိုက်သည်။ "ငါနဲ့အတူ စာကြည့်တိုက်ကိုလိုက်ခဲ့.."


‌အယ်လ်ဂျာ၏ အမူအရာမှာ အနည်းငယ် တောင့်တင်းနေသည်။ မည်ကဲ့သို့ဖြစ်လာမလဲဆိုသည်ကို တွေးပြီး လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။ အယ်လ်ဂျာကား ကြောက်ရွံ့မှုကြီးစွာဖြင့် စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့သော်လည်း မည်သည်ကိုမျှ မေးမြန်းခြင်းမခံရခဲ့ပေ။ ထိုအစား ပုံမှန်အတိုင်းလုပ်ရန်လိုအပ်သော အလုပ်များကို လျင်မြန်စွာလုပ်ခဲ့ရသည်။


သူ၏မူလကမ္ဘာတွင် ကုဟွိုက် တစ်ရေးတစ်မောအိပ်တတ်သည့် အကျင့်ရှိသည်။ ထိုအလေ့အကျင့်ကို ဤကမ္ဘာသို့ရောက်ပြီးနောက် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ သူ့အခန်းထဲသို့ ပြန်ဝင်မည့်အစား ကုဟွိုက်သည် ဆိုဖာပေါ် တိုက်ရိုက်လှဲချလိုက်ပြီး သက်တောင့်သက်သာရှိသည့်အနေအထားနှင့် အိပ်ရန် အဆင်သင့်ပြင်လိုက်သည်။


"ငါ ခဏလောက် အိပ်လိုက်အုံးမယ်.." သူ့ကို စောင့်ကြည့်နေသော တက်ခ်ကို ကုဟွိုက် ပြောလိုက်သည်။ ထို့နောက် တိုးလျသော ပြန်ဖြေသံကို ကြားပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။ ကုဟွိုက် အိပ်ပျော်သွားသည့်အခါ တက်ခ်ဇက်နှစ်ယောက်သည် သူတို့၏ချွန်ထက်သောလက်မောင်းများကိုသုံးကာ ဂွမ်းစောင်ကို ဂရုတစိုက်ဆွဲယူလိုက်ပြီး ကုဟွိုက်ကို ထိုဂွမ်းစောင်ဖြင့် လွှမ်းခြုံပေးခဲ့ကြသည်။


ကုဟွိုက် နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မောအိပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် မိနစ် 30 ခန့်သာ သူ အိပ်ခဲ့သည်။


သူနိုးလာသောအခါ သူ့အပေါ်တွင် ဂွမ်းစောင်တစ်ထပ်ဖြင့် လွှမ်းခြုံထားသည်ကို တွေ့လိုက်ရပြီး သူ့အား လွှမ်းခြုံပေးသောသူမှာ တက်ခ်ဇက်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူ အခုလေးတင် နိုးလာသော်လည်း အိပ်ငိုက်နေဆဲပင်။ ကုဟွိုက်သည် စောင်ထဲတွင် သိသိသာသာ တစ်ခုခုစူထွက်နေပြီး သူ့ခြေထောက်များပေါ်တွင် ပေါ့ပါးသောအလေးချိန်တစ်ခုရှိနေသည်ကို သတိမထားမိပေ။ ကုဟွိုက် နိုးကြားလာပြီး သူ့ခြေထောက်ကို အနည်းငယ် ရွှေ့လိုက်သည့်တိုင်အောင် သူသည် စောင်၏ဖောင်းနေသော အစိတ်အပိုင်းကို ကြည့်နေလိုက်သည်။ သူ၏ခြေထောက်များပေါ်ရှိ ဖိထားသောအရာတစ်ခုသည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသို့ စတင်ရွေ့လျားလာသည်ကို ကုဟွိုက် ခံစားလိုက်ရသည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် စောင်ထဲမှ ဒေါင်လိုက်ပုံစံ ရွှေရောင်မျက်လုံးများရှိသည့် အမည်မသိသတ္တဝါတစ်ကောင် ထွက်ပေါ်လာပြီး ကုဟွိုက်၏ရင်ဘတ်ပေါ်သို့ ဖိထားသည်။ ကုဟွိုက်သည် အမည်မသိသတ္တဝါ၏ ရွှေရောင်မျက်လုံးများနှင့် ဆုံမိသွားပြီးနောက် ၎င်းနောက်ရှိ ငွေမှင်ရောင်အမြီးကိုပါ တွေ့လိုက်ရသည်။


ကုဟွိုက် ခဏမျှ အံ့အားသင့်သွားသည်။ ထိုလက္ခဏာနှစ်ရပ်မှာ သိသာထင်ရှားလွန်းပြီး မကြာသေးမီကမှ ၎င်းနှင့်ပတ်သက်သောပုံရိပ်ကို သူ မြင်ဖူးခဲ့သည်။


"ကျိုး.."


ကုဟွိုက် မတုံ့ပြန်နိုင်ခင်မှာပင် ငွေမှင်ရောင်အမြီးနှင့် ဇက်အကောင်ပေါက်လေးကအော်ဟစ်လိုက်၏။


စာရေးသူမှာ ပြောစရာရှိပါတယ်။


"ငါက ချစ်စရာကောင်းလား" (မင်းကိုယ့်ကိုကြိုက်လား။)


"ချစ်စရာကောင်းတယ်" (ကြိုက်တယ်။)


ဘာသာပြန်သူ ကျိုးကျိုး