Chapter 18
၎င်းသည်ကား ဟိုလိုဂရမ်မဟုတ်ပေ။ ကုဟွိုက် ၎င်း၏ငိုသံကိုကြားနေရပြီး ခန္ဓာကိုယ်၏အမှန်အကန်အလေးချိန်ကိုလည်း ခံစားရသည်။
သူသည် မိန်းမောနေပြီး အချိန်ခဏမျှ မလှုပ်ရှားနိုင်ခဲ့ပေ။ ထို့နောက် သူ၏ပထမဆုံး တုံ့ပြန်မှုမှာ သူ့ကို ဒေါင်လိုက်ပုံစံ မျက်လုံးဖြင့် ကြည့်နေသည့် ဇက်ကလေးဆီသို့ လက်ဆန့်လိုက်ခြင်းပင်ဖြစ်သည်။ သူသည် အကောင်ပေါက်လေး၏ ပျော့ပျောင်းသော အမွှေးအမှင်များကို ထိလိုက်ပြီး ၎င်းကိုထိရသည်မှာ အလွန်ကောင်းမွန်လှသည်။ ကလေးအရွယ်၌ ဇက်၏အမွှေးများသည် ပျောက်ကွယ်မသွားသေးဘဲ အေးစက်မာကျောသော အခွံကြီးသည်လည်း ကြီးထွားမလာသေးပေ။ အကောင်ပေါက်လေး၏ ခန္ဓာကိုယ်သည် နူးညံ့နေပြီး အမွှားများဖြင့် ဖုံးလွှမ်းနေသေးသည်။ အကောင်ပေါက်လေး၏ခန္ဓာကိုယ်အပူချိန်မှာ အရွယ်ရောက်ပြီးသား ဇက်ထက် ပို၍နွေးထွေးနေသည်။
"ကျိုး"
ကုဟွိုက် ၎င်းကို ထိမိပြီးနောက် အမွှေးထူသောသတ္တဝါလေးသည် ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် ကုဟွိုက် သူ့အား ထိခြင်းကို လက်ခံသဘောတူသည့်အနေဖြင့် သူ၏ခန္ဓာကိုယ်ကို အနည်းငယ် အောက်သို့နှိမ့်လာလေသည်။ ၎င်းသည် တကယ့် ဇက်ကလေးအစစ်မဟုတ်နိုင်သော်လည်း ထိုလှုပ်ရှားမှုသည် 'သဘောကျခြင်း' ကို ဖော်ပြသောအဓိပ္ပာယ်ပင်ဖြစ်သည်။
ဇက်များသည် တစ်ခါတစ်ရံတွင် အခြား ဇက်အငယ်လေးများ၏အမွှေးကို လျှာဖြင့်လျက်ကာ ဖြီးပေးသော်လည်း ၎င်းသည် သူတို့နှစ်သက်ပြီး ရင်းနှီးလိုသူများအတွက်သာ ပြုလုပ်ပေးသည့် အရာဖြစ်သည်။ တစ်နည်းပြောရလျှင် အကယ်၍ ဇက်အကောင်ပေါက်လေးသည် အမွှေးများဖြီးပေးခြင်းကို လက်ခံရန် ဆန္ဒရှိပါလျှင် သူတို့သည် တစ်ဖက်လူကို သဘောကျသောကြောင့် ဖြစ်ရပေမည်။ ၎င်းက ဇက်မျိုးနွယ်တွင် အမွှေးများဖြီးပေးခြင်းအတွက် အဓိပ္ပါယ်တစ်ရပ်ဖြစ်သည်။
အရွယ်ရောက်ပြီးဇက်များမှာ အခြားသူ၏အမွှေးများကို သားပေါက်များကဲ့သို့ အချင်းချင်း လျက်နိုင်သည်။ ဤသည်မှာ ကောင်းမွန်သော ခံစားချက်များကို ဖော်ပြရန် နည်းလမ်းတစ်ခုဖြစ်သော်လည်း ဇက်များတွင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များမရှိခြင်းကြောင့် အထက်ဖော်ပြပါဖြစ်နိုင်ခြေသည် အလွန်နည်းပါးပြီး ရှားပါးသည်ဟု ခေါ်နိုင်သည်။
နူးညံ့သောဇက်အကောင်ပေါက်လေးအား ထိတွေ့ရသည်မှာ အလွန်ကောင်းလှသည်။ ကုဟွိုက် မည်သည်ကိုမျှ မစဉ်းစားနိုင်ခင် အကောင်ပေါက်လေး၏နောက်ကျောကို အကြိမ်ပေါင်းများစွာထိခဲ့သည်။ သူ၏နောက်ဆုံးထိတွေ့မှုတွင် ကုဟွိုက်သည် သူ၏လက်ချောင်းများကို အသုံးပြုကာ ဇက်အကောင်ပေါက်လေး၏အနောက်ရှိ ငွေမှင်ရောင်အမြီးလေးကိုပင် ဖမ်းဆွဲထားသေးသည်။ သူလုပ်လိုက်သည့်အရာကို သူနားလည်လိုက်သည်နှင့် သူ့လုပ်ရပ်များကို ကုဟွိုက် အမြန်ရပ်တန့်လိုက်သည်။
"အဲလ်ဗ်လား..." ကုဟွိုက် ထထိုင်လိုက်ပြီး အကောင်ပေါက်လေးကို သူ့ရှေ့၌ ထားလိုက်သည်။ သူသည် ခေါင်းငုံ့ကာ တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ဖက်လူကို မျက်နှာချင်းဆိုင်ရန် ကြိုးစားလိုက်၏။ သို့သော် သူခေါင်းငုံ့လိုက်သည့်အခိုက်တွင် သူ့မျက်လုံးများသည် ရွှေရောင်ဖျော့ဖျော့မျက်လုံးတစ်စုံနှင့် ဆုံသွားသည်။ အဲလ်ဗ်၏မျက်လုံးများသည် အများအားဖြင့် စိတ်ခံစားမှုများကို လျစ်လျူရှုထားသည်မှာ ထင်ရှားသောကြောင့် ကုဟွိုက် မပြုံးဘဲမနေနိုင်ပေ။
"ကျိုး" ၎င်းသည် ပြန်ဖြေလိုက်ခြင်းပင်။ အော်သံများမှာ အနည်းငယ် နူးညံ့နေသည်။ နောက်ဆုံး၌ ၎င်းသည် ကလေးတစ်ယောက်၏အော်သံပင်ဖြစ်သည်။
ထိုမြင်ကွင်းကို ကုဟွိုက် မည်ကဲ့သို့ လျစ်လျူရှုထားနိုင်မည်နည်း။ ကုဟွိုက် မနေနိုင်ဘဲ မျက်ခုံးမွှေးများပင် ကွေးညွတ်လာရသည်။
"မင်း ဘာလို့ဒီလိုပုံစံ ဖြစ်လာရတာလဲ"
သူ့ရှေ့ရှိ ဇက်အကောင်ပေါက်လေးသည် အမွှေးထူရုံသာမက အနည်းငယ် လုံးဝန်းနေသေးသည်။ သူသည် ယုန်ထက် အနည်းငယ် ပိုကြီးပေသည်။ သူ ထိုင်နေစဉ်တွင် ခြေထောက်တိုလေး လေးချောင်းကို မမြင်ရပေ။ ပထမဆုံးမြင်လျှင်မြင်ခြင်း သူသည် အဖြူရောင် ဘောလုံးတစ်လုံးနှင့် တူပေသည်။ မတူသည်မှာ အမွှေးထူသော ခပ်မှိန်မှိန် အမြီးတစ်ချောင်းသာ။ ဤရင်းနှီးသော ငွေမှင်ရောင်အမြီးက ကုဟွိုက်အား ပြုံးသွားစေသည်။
ကုဟွိုက် အံ့သြသွားသောအရာကား အကောင်ပေါက်လေး၏ နောက်ကျောပေါ် မှ အတောင်ပံသေးသေးလေးတစ်စုံ။ ၎င်းကို ပုံရိပ်ထဲတွင် ကုဟွိုက် မြင်ဖူးသော်လည်း အံ့သြနေဆဲပင်။ အမွှေးများ ပျောက်သွားပြီးနောက် ထိုအတောင်များသည် အမြီးကဲ့သို့ အေးစက်သောမျက်နှာပြင်ဖြင့် ငွေရောင်အတောင်များ ဖြစ်လာသင့်သည်။ အလ်ဗ်၏အမြီးသည် သူ၏လူသားဆန်သောပုံစံတွင် တစ်ခုတည်းသော ဇက်မျိုးနွယ်နှင့်ဆိုင်သည့်အစိတ်အပိုင်းဖြစ်သောကြောင့် တစ်ဖက်လူတွင် ထိုကဲ့သို့ သော ကိုယ်ခန္ဓါအစိတ်အပိုင်းများ ရှိသည်ကို ကုဟွိုက် ဘယ်တုန်းကမှ မသိခဲ့ပေ။
မေးခွန်းမေးပြီးနောက် တစ်ဖက်လူသည် ဤပုံစံဖြင့် ပြန်လည်ဖြေဆို၍မရကြောင်း ကုဟွိုက် သတိရမိသွားသည်။ အဲလ်ဗ်သည် သူ့ကိုယ်သူ အကောင်ပေါက်ပုံစံအဖြစ် ပြောင်းလဲရန် သူ့စွမ်းရည်ကို အသုံးပြုနိုင်သည်ဟု ကုဟွိုက် သိသော်လည်း အလ်ဗ်သည် အဘယ်ကြောင့် ထိုသို့ပြုလုပ်သည်ကိုတော့ သူမသိပေ။
ထိုအချိန်တွင် ကုဟွိုက်သည် ပျင်းရိသော အနေအထားဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ့စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည့်အချိန်တွင် ဒေါင်လိုက်ပုံစံရွှေရောင်မျက်လုံးများရှိသည့် ဇက်အကောင်ပေါက်လေးကို သူ ကြည့်လိုက်သည်။
"ဟုတ်တယ်...ဘာလို့လဲဆိုတော့ ငါက မင်းကို ချစ်စရာကောင်းတယ်လို့ ပြောလိုက်လို့လား..." ကုဟွိုက် မသိစိတ်ဖြင့် သူ့အသံကို အရှိန်လျှော့လိုက်သည်။
"ကျိုးကျိုး"
သူ့နောက်ကျောပေါ်ရှိ အတောင်ပံလေးများက တဖျပ်ဖျပ်ခတ်နေသည်။ အကောင်ပေါက်လေး၏ ရွှေရောင်ဖျော့ဖျော့ ဒေါင်လိုက်မျက်လုံးများက ကြည်လင်လှပသောကျောက်မျက်ရတနာများနှင့် တူလှပေသည်။ သူတို့သည် မည်သည့်အရောင်တင်ခြင်းမျိုးကိုမှ မလိုအပ်ဘဲ အလွန်ကြည်လင်နေပေသည်။
အပြုသဘောဆောင်သော တုံ့ပြန်မှုကိုကြားပြီး ကုဟွိုက် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် ထိုသို့သောပွင့်လင်းမှုကြောင့် စိတ်လှုပ်ရှားသွားပြီး သူ့ရှေ့ရှိ လုံးဝန်းပြီးအမွေးထူသော အကောင်ငယ်လေးကို မနေနိုင်ဘဲ ကောက်ကာ ချီမိပေသည်။ ထို့နောက် အတောင်နှင့် အမြီးများကို ထိတွေ့ရန် လက်လှမ်းလိုက်သည်။
"မင်းက အရမ်းချစ်စရာကောင်းတယ်..." ကုဟွိုက်သည် လုံးဝ မရုန်းကန်သော ဇက်အကောင်ပေါက်လေးကို ချီးမြှောက်လိုက်သည်။ ဤသည်မှာ လေးနက်သော ချီးကျူးမှုတစ်ရပ်ပင်ဖြစ်သည်။ ထိုသို့သောနာမဝိသေသနကို အသုံးပြု၍ ချီးမွမ်းခြင်းကို အလ်ဗ်က စိတ်မဆိုးကြောင်း သူ သိထားပြီးဖြစ်သည်။
"မင်းက အမြဲတမ်း ချစ်စရာကောင်းတယ်"
မာနကြီးပြီး အေးစက်စက် ကြောင်ကြီးက အင်မတန်ချစ်ဖို့ကောင်းလိမ့်မည်ဟု မည်သူက မျှော်လင့်မည်နည်း။
ကုဟွိုက် ထိုဒုတိယဝါကျကို ပြောလိုက်သည်နှင့် ဇက်အကောင်ပေါက်လေး၏ ရွှေရောင်ဖျော့ဖျော့မျက်လုံးများသည် ဖန်ဘောလုံးလေးကဲ့သို့ ပွင့်လာပြီး သူ့နောက်ရှိ ငွေမှင်ရောင်အမြီးမှာ မသိစိတ်အရ လှုပ်ရှားသွားသည်။ ကုဟွိုက် ထိုစကားများပြောပြီးသည်နှင့် အကောင်ပေါက်လေး၏မျက်လုံးများကို ကြည့်လိုက်သည်။ တစ်ဖက်သား၏အသွင်အပြင်သည် အလွန်ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ကုဟွိုက် အလွန်အမင်းစဉ်းစားမနေဘဲ နူးညံ့သောနဖူးကို နမ်းလိုက်သည်။
ငွေမှင်ရောင်အမြီးသည် မလှုပ်ရမ်းတော့ဘဲ ရွှေရောင်ဖျော့ဖျော့ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့သွားသည်။ တစ်စက္ကန့်အကြာတွင် ကုဟွိုက်၏ မျက်လုံးရှေ့မှ အကောင်ပေါက်လေးကား ပျောက်ကွယ်သွား၏။ ၎င်းသည်ကား အာကာသ ပြောင်းရွှေ့မှုတစ်ခုပင်။ အပြောင်းအရွှေ့၏တည်နေရာကို မဆုံးဖြတ်ရသေးသောကြောင့် ၎င်းကို ရင်းနှီးသောတည်နေရာဆီသို့ မသိစိတ်ဖြင့် သတ်မှတ်လိုက်သည်။ ၎င်းမှာ စစ်တပ်အစည်းအဝေးခန်းမပင်။ အဲလ်ဗ်သည် အာကာသအပြောင်းအရွှေ့တွင် အရွယ်ရောက်ပြီးသောပုံစံအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။
"ပထမ...ခေါင်းဆောင်လား.." ခေါင်းဆောင်က ရုတ်တရက် ဘာကြောင့် ဤနေရာကို ရောက်နေလဲ သူတို့မသိပေ။ အခန်းထဲတွင် အစည်းအဝေးလုပ်နေသော တူဆာအမှုဆောင်များမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ အလ်ဗ်၏အခြေအနေသည် အနည်းငယ်ထူးဆန်းသည်ကို သူတို့ တွေ့ရှိသောကြောင့် သံသယများသည် ငြိမ်သက်သွားခဲ့သည်။
အဲလ်ဗ်၏ အမူအရာသည် အေးစက်နေပုံရပြီး ဒေါင်လိုက်အနေအထားဖြင့် ရွှေရောင်သူငယ်အိမ်များမှာ ခံစားချက်အစစ်အမှန်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲနေသည်။ သို့သော် သူ့မျက်နှာမှာအနည်းငယ်တင်းမာနေပြီး သူ့ပါးစပ်က အနည်းငယ်လှုပ်ရှားနေသည်။ စစ်တပ်အင်္ကျီကော်လာဖြင့် မဖုံးထားသော သူ၏သွယ်လျသောလည်ပင်းမှာ အနည်းငယ် အနီရောင် သန်းလာသည်။
ဤထူးဆန်းသောအခြေအနေသည် အချိန်မကြာလိုက်ပေ။ တူဆာ၏ ထိပ်တန်းအမှုဆောင် အရာရှိများ၏ မျက်လုံးများထဲတွင် အလ်ဗ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် မကြာမီမှာပင် သူ၏စစ်မှန်သော မျက်နှာအမူအရာဆီသို့ ပြန်ရောက်လာသည်။ ပြန်လည်ကောင်းမွန်လာပြီးနောက် တစ်ဖက်လူသည် မည်သည့်စကားမျှမဆိုဘဲ ခန်းမအတွင်းမှ ထွက်သွားခဲ့သည်။ အစည်းအဝေးခန်းထဲတွင် ကျန်ရှိနေခဲ့သော တူဆာထိပ်တန်းအမှုဆောင်အရာရှိ ခုနစ်ယောက်သည် ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
အဲလ်ဗ်သည် အစည်းအဝေးခန်းမှ ထွက်လာပြီး အဆောက်အအုံကြီးဆီသို့ ပြန်လာခဲ့သည်။ အလ်ဗ်သည် သူ နားမလည်သော ခံစားချက်အချို့ကြောင့် သူ့ခန္ဓာကိုယ်ကို ကွယ်ဝှက်ထားလိုက်၏။ အဲလ်ဗ်သည် အာကာသအပြောင်းအရွှေ့နှင့်အတူ အဘယ်ကြောင့် ရုတ်တရက် ထွက်ခွာသွားသည်ကို သူ မသိပေ။ သူ ကုဟွိုက်အနားမှ မထွက်သွားချင်သော်လည်း အချို့သောစိတ်ခံစားချက်သည် သူ့အား ထိုနေရာ၌ နေထိုင်၍မရအောင် ပြုလုပ်နေသည်။
သူ ထွက်ခွာလာပြီးနောက် ပြန်သွားချင်သေးသည်။ သူ ကုဟွိုက်ကို တွေ့ချင်သေးသော်လည်း ကုဟွိုက်ရှေ့၌ ပေါ်မလာရဲပေ။ ထို့ကြောင့် ဤအရာကို လျှို့ဝှက်ပြီး လုပ်ဆောင်ရန်သာတတ်နိုင်သည်။ အလ်ဗ်သည် သူ့ခန္ဓာကိုယ်ကို ကွယ်ဝှက်ရန် ကြိုးစားသောအခါ မည်သူမျှ သူ့ကို ရှာမတွေ့ခဲ့ပေ။
အလ်ဗ် မထွက်ခွာမီကအတိုင်း ကုဟွိုက်သည် ပထမထပ်၏ခန်းမထဲတွင် တူညီသော ကိုယ်ဟန်အနေအထားဖြင့် ရှိနေသေးသည်။ ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ ဘေးသို့တစ်ဝက်ကျနေသော သူ့ကိုယ်ပေါ်ရှိ ဂွမ်းစောင်ငယ်လေးကို ဘေးသို့ရွှေ့လိုက်ခြင်းဖြစ်၏။ ကုဟွိုက်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့အား စောင့်ကြည့်နေသော တက်ခ်ဇက်များက ဝန်းရံထားသည်။ သူသည် တက်ဇက်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး သူ စဉ်းစားနေစဉ် သူ့ဆံပင်များကို ဆွဲဆုပ်လိုက်မိသည်။
သူ နူးညံ့သောနဖူးကို နမ်းလိုက်သောအခါ တစ်ဖက်သားက စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ဒေါသတကြီးထွက်သွားသည်လားဟု ကုဟွိုက် သိချင်နေမိသည်။ အမွှေးထူပြီး နူးညံ့သော အကောင်ပေါက်လေး၏မျက်နှာကြောင့် ကုဟွိုက် သူ့နဖူးကိုနမ်းလိုက်သောအခါ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမခံစားခဲ့ရပေ။ ယခုပြန်တွေးကြည့်သောအခါ လွန်လွန်ကဲကဲ အရာတစ်ခုကို လုပ်မိသွားသလို ခံစားရသည်...
ကုဟွိုက်သည် ဝန်ထုပ်ဝန်ပိုးဖြစ်သလို မခံစားရသော်လည်း အလ်ဗ်၏အတွေးများကိုမူ သူ မသိပေ။ တစ်ဖက်လူသည် ထွက်မသွားခင် ဒေါသထွက်သည့်ပုံတော့မပေါ်ပေ။
"ရှက်သွားတာလား..." ငွေမှင်ရောင်အမြီးက ရုတ်တရက် ရွေ့လျားမှု ရပ်တန့်သွားပုံကို ကုဟွိုက် တွေးမိပြီး ထိုစိတ်ကူးကနားမလည်နိုင်စွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းစိတ်ကူးသည် ပိုပြီးကျိုးကြောင်းဆီလျော်ပုံပေါ်ကြောင်း ကုဟွိုက် နားလည်သွားခဲ့ပြီး မနေနိုင်တော့။ “အရမ်းချစ်ဖို့ကောင်းတာပဲ..."
သူ့ခန္ဓါကိုယ်ကို ကွယ်ဝှက်ထားပြီး အဆောက်အအုံကြီးဆီ ပြန်လာသော အလ်ဗ်ကား ထိုလူငယ်လေးပြောသော စကားများကို ကြားလိုက်ရသည်။ သူသည် အရိပ်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး ကုဟွိုက်ကို ကြည့်နေသည်။ ကုဟွိုက် အိပ်ပျော်သွားသည့်တိုင်အောင် အလ်ဗ်သည် ထိုအခြေအနေအတိုင်း တစ်နေကုန်ရှိနေခဲ့သည်။ ထို့နောက် သူ အမှောင်ရိပ်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
ကုဟွိုက်ကို စောင့်ကြည့်နေသော တက်ခ်ဇက်များသည် အလ်ဗ်၏တည်ရှိနေမှုကို သတိမထားမိကြပေ။ ရှည်လျားသော ငွေရောင်အမွှေးများရှိသည့် ဇက်သည် ကုတင်အနီးသို့ ချဉ်းကပ်လာကာ အိပ်ပျော်နေသော လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။
အဲလ်ဗ်၏သွယ်လျသော လက်ချောင်းများက ထိုသူ နမ်းခဲ့ဖူးသည့်နဖူးပေါ်ရှိ အစိတ်အပိုင်းလေးအား ထိလိုက်သည်။ သူ့မျက်လုံးများသည် ကုဟွိုက်၏ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်ကြည့်နေပြီး သူ့အကြည့်များသည် ကုဟွိုက်၏လက်ပေါ်၌ ရပ်တန့်သွားသည်။
နမ်းခြင်းကား ကောင်းမွန်သောခံစားချက်ကို ဖော်ပြခြင်းဟု ဆိုလိုသည်။ ပထမဆုံးအကြိမ်အဖြစ် အဲလ်ဗ်သည် ထိုသို့ပြုလုပ်လိုသော်လည်း အဖိုးတန်သောအရာများကို ဆန္ဒရှိသည့်အတိုင်း မထိရက်နိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် အနမ်းပေးရန် ကုဟွိုက်၏လက်ချောင်းကိုသာ သူရွေးချယ်ခဲ့သည်။
အလ်ဗ်သည် သူ့နှုတ်ခမ်းများဖြင့် ကုဟွိုက်၏လက်ချောင်းထိပ်ကိုသာ ထိလိုက်သည့်အတွက်ကြောင့် အနမ်းတစ်ခုအဖြစ် ထည့်တွက်လို့မရနိုင်ပေ။ သူ နှစ်သက်ရသောလူအပေါ် ကြွေကျနေသော နှင်းပွင့်များကဲ့သို့ တစ်ဖက်လူအား အအေးဒဏ်မခံစားရအောင် ကြိုးစားခဲ့သည်။ သူသည် နူးညံ့ညင်သာစွာဖြင့် ထိရုံသာထိခဲ့ပြီး တစ်ဖက်လူကို လုံးလုံးလျားလျား မထိမိစေရန် ကြိုးစားလုပ်ဆောင်ခဲ့သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
ရှက်နေတဲ့ ကျိုးကျိုးက တူတူပုန်းတမ်း ကစားနေတယ်။