အခန်း ၁၉
Viewers 10k

Chapter 19

Chapter 19




ကုဟွိုက် အလ်ဗ်ကို တစ်နေ့လုံး မတွေ့ရပေ။ သူနိုးလာသည်နှင့် တစ်ဖက်လူသည် ထုံးစံအတိုင်း သူ့ဘေးနားတွင် ပေါ်လာ၏။


နှစ်ရက်ကြာ လေ့လာစောင့်ကြည့်ပြီးနောက် တူဆာကြယ်ပေါ်ရှိ စစ်တပ်နှစ်ခုသည် အေးဆေးပြီး ရင်းနှီးကြင်နာတတ်ကြောင်း ခံစားခဲ့ရသည်။ တစ်ယောက်နှင့်တစ်ယောက် အငြင်းပွားမှုမျိုး မရှိခဲ့သလို လက်ခံယုံကြည်လာမှုသည်လည်း ထင်ထားသည်ထက် ပိုမြန်ပေသည်။ ထိုကိစ္စကို စဉ်းစားရင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံဆီသို့ သွားရန် ကုဟွိုက် ဆုံးဖြတ်လိုက်သည်။


“ကိုင်ထားပေးပါ” အဆောက်အအုံကြီး၏တံခါးမှ ထွက်လာသည်နှင့် ကုဟွိုက်သည် လှည့်၍ သူနှင့်အတူ ထွက်လာသော တက်ခ်ဇက်အား လက်တစ်ဖက် ကမ်းလိုက်သည်။ ကုဟွိုက် လမ်းလျှောက်ရသည်ကို ပျင်းခြင်းမဟုတ်ပေ။ တက်ဇက်များသည် ကြယ်ကမ္ဘာကိုကြည့်ရှုရန် သူ့အား သူတို့၏ပခုံးပေါ်တွင် ထိုင်ခိုင်းကာ သယ်ဆောင်ရသည်ကို အထူးနှစ်သက်ကြောင်း သူသိခဲ့ရ၍ပင်။


ကုဟွိုက် လက်တစ်ဖက်ကို ကမ်းကာ 'ကိုင်ထားပေးပါ' ဟူသော စကားကိုပြောလိုက်ခြင်းသည် သူ့အား သူတို့၏ပုခုံးပေါ်၌ သယ်ဆောင်ရန် လက္ခဏာဖြစ်ကြောင်း ထိုတက်ခ်ဇက်များ နားလည်လာကြသည်။ ထို့ကြောင့် တက်ခ်ဇက်ခေါင်းဆောင်သည် သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး လူငယ်လေးအား ဂရုတစိုက် သယ်ဆောင်ရန် ချွန်ထက်သော လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ဘယ်ဘက်ပခုံးပေါ်သို့ တင်လိုက်သည်။ ကြောက်မက်ဖွယ်အသွင်သဏ္ဌာန်ရှိသော ခန္ဓာကိုယ်ကြီးသည် ကုဟွိုက်ကို သယ်ဆောင်ထားပြီး တက်ခ်ဇက်များသည် သူတို့၏လည်ချောင်းမှ စူးရှသောအသံများဖြင့် အော်ဟစ်လာကြသည်။ အေးစက်ပြီးနီမြန်းသော မျက်လုံးများမှာ အနည်းငယ် ပို၍တောက်ပနေပြီး ၎င်းအခြင်းအရာသည် ပျော်ရွှင်နေသည့် အကြည့်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။


စစ်ဘက်ဆိုင်ရာအဆောက်အအုံကား အလ်ဗ်၏နေအိမ်နှင့် မဝေးလှပေ။ တက်ဇက်များသည် ကုဟွိုက်အား တလမ်းလုံး သယ်ဆောင်ပေးခဲ့ကြသည်။ လမ်း၌ ကုဟွိုက်သည် ကောင်းကင်ကို မော့ကြည့်ပြီး သူ့ကိုသယ်လာသည့် တက်ဇက်နှင့် စကားပြောလိုက်၏။ “နှင်းကျပြီဆိုတာနဲ့ ငါတို့ နှင်းတွေကြည့်ဖို့ အပြင်ထွက်ကြမယ်.."


နှင်းကျသည်မှာ နောက်ကျလှ၏။ ကောင်းကင်၌ ရက်အတော်ကြာအောင် ဝေနေခဲ့သည်။ တက်ခ်ဇက်များမှာစွန့်ပစ်ထားသော ဂြိုလ်ပေါ်တွင် နေထိုင်ခဲ့ဖူးသည်။ သူတို့ နှင်းကျသည် မကြုံဖူးကြ သို့မဟုတ် နှင်းက မည်သို့သောအရာမှန်းပင် မသိခဲ့ကြပေ။ စွန့်ပစ်ခံရသော ဂြိုလ်ပေါ်ရှိ ဆောင်းရာသီသည် တူဆာထက် ပို၍အေးသည်။ ဆောင်းရာသီရောက်တိုင်း ဥမကွဲမီ တက်ခ်ဇက်များသည် ကြီးမား၍ နူးညံ့ပျော့ပျောင်းသော အရွက်များကို အပြင်သို့ထွက်ရှာကြရသည်။ ထို့နောက် သူတို့သည် အရွက်များကို ဂူထဲသို့ ပြန်ယူလာပြီး ထိုနေရာတွင် ငြိမ်သက်စွာ တည်ရှိနေသော အဖြူရောင်ဥကြီးကြီးကို ညင်သာစွာ ဖုံးအုပ်လိုက်ကြသည်။


သူတို့သည် အအေးဓါတ်ကို မခံစားရသော်လည်း ဥခွံအတွင်းရှိအကောင်ပေါက်လေး အေးခဲသွားမည်ကို အလိုလို စိုးရိမ်ကြသည်။ နှင်းသည် မည်သည့်အရာမှန်း မသိကြသော်လည်း တက်ခ်သည် ကုဟွိုက်အား တုံ့ပြန်သံ ပြုလုပ်နေဆဲပင်။


"ငါ ကာရုလို နှင်းလူသားမျိုး လုပ်မယ်..." ကုဟွိုက် သူ့အား သယ်လာသောတက်ဇက်၏ပခုံးကို ပုတ်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ စကားပြောနေသည်။


ထိုနာမည်ကို ကြားပြီး တက်ခ်ဇက်၏ ဒေါင်လိုက်ပုံစံ သူငယ်အိမ်များက အနည်းငယ် ကျုံ့သွားခဲ့သည်။ တက်ခ်ဇက်သည် ၎င်းကို ကလေးငိုသံဟု ထင်လိုက်မိပြီး ၎င်းကို သူ မကြားလိုက်ဘူးလို့ ကုဟွိုက် မထင်ရလေအောင် သူ့လည်ချောင်းထဲမှ ပြတ်သားစူးရှသောအသံဖြင့် ဆက်လက်အော်ဟစ်နေခဲ့သည်။


စစ်ဘက်ဆိုင်ရာ အဆောက်အအုံသည် အထပ် ၁၇ ထပ်ရှိပြီး အစည်းအဝေးခန်းမသည် ၁၆ လွှာတွင် ရှိသည်။ အပေါ်ဆုံးထပ်သည် အလ်ဗ်၏ ကိုယ်ပိုင်ရုံးခန်းဖြစ်သော်လည်း အလုပ်အများစုကို ဗိုလ်မှူးထံ လွှဲထားခဲ့ပြီးကတည်းက သူ ထိုနေရာတွင် ရှိမနေတတ်တော့ပေ။ မြင့်မားသော အဖြူရောင် အဆောက်အအုံကို ဒုတိယအကြိမ် သူဝင်ရောက်လိုက်သာအခါကုဟွိုက်သည် အဆောက်အအုံအတွင်းရှိ အဆင့်မြင့်ဇက်များထံမှ အာရုံစိုက်မှုကိုရရှိခဲ့သည်။


ဇက်များအားလုံး သူတို့၏အလုပ်များကို ရပ်လိုက်ပြီး တချို့သည် သူ့နောက်လိုက်ရန် တာဝန်ကျရာနေရာများမှပင် ထွက်ခွာလာကြသည်။ သူလှုပ်ရှားသည်နှင့်အမျှ ပိုပြီးများပြားသောဇက်တို့က သူ့နောက်သို့ လိုက်လာကြ၏။ ထို့ကြောင့် ကုဟွိုက်သည် ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်နှင့် ဓါတ်လှေကားထဲသို့ တိုးဝင်ချင်သော်လည်း ဓါတ်လှေကားတံခါးအပြင်ဘက်မှ စောင့်ကြည့်နေရုံသာတတ်နိုင်သော အဆင့်မြင့်ဇက်အုပ်စုကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ ဓာတ်လှေကားတွင် နေရာများစွာရှိသော်လည်း ကုဟွိုက်အနီးတစ်ဝိုက်ရှိ တက်ခ်ဇက်များနှင့်ပင် ထိုနေရာများက ပြည့်နေသောကြောင့် ဤမြင်ကွင်းကို ကြည့်နေရသည်။


ကုဟွိုက်က အခြားစစ်တပ်နှစ်ခုကို ဆက်သွယ်လိုကြောင်း အလ်ဗ်နှင့် အခြားသော အကြီးတန်းအရာရှိများအား ပြောကြားရန် စစ်ဘက်ဌာနသို့ လာခဲ့သည်။ သူ့တွင် အမြင့်ဆုံးအာဏာရှိသောကြောင့် ကုဟွိုက်သည် အစည်းအဝေးခန်းထဲသို့ အတားအဆီးမရှိ ဝင်ရောက်လာခဲ့သည်။


အစည်းအဝေးခန်းထဲသို့ သူဝင်လိုက်သည်နှင့် ကုဟွိုက်သည် ဗိုလ်မှူးနှင့် အခြားအကြီးတန်းအရာရှိများ၏ အေးစက်သောအမူအရာကို ပထမဆုံးမြင်လိုက်ရသည်။ ထို့နောက် အစည်းအဝေး စားပွဲအထက်တွင် ဆိုင်းငံ့ထားသည့် မှန်သားပြင်ပေါ်ရှိ အကြောင်းအရာများကြောင့် သူ အံ့အားသင့်သွားခဲ့သည်။


【 ၁၀ ကြိမ်မြောက် ကြယ်တာရာများကြား ချစ်စရာအကောင်းဆုံးသက်ရှိဆု 】


ဤသည်မှာ မဲပေးသည့်စာမျက်နှာဖြစ်ပုံရသည်။ သူ၏အမည်မှာ လက်ရှိတွင် ဒုတိယနေရာ၌ ရှိနေသည်ကို ကုဟွိုက် မြင်တွေ့လိုက်ရပြီး မဲအမြောက်အမြားဖြင့် ရပ်တည်နေ၏။


ကုဟွိုက်, "..."


ကုဟွိုက်ရောက်လာသည်ကို အစည်းအဝေးခန်းထဲရှိ ဇက်များက ချက်ချင်း သတိထားမိကြသည်။ အလ်ဗ်နှင့် တူဆာအမှုဆောင်များသာမက ကာ့ပါးလီယားနှင့် သူမ၏အနီးကပ်လက်အောက်ငယ်သားများလည်း ဤနေရာတွင် ရှိနေကြသည်။ သူတို့ ကုဟွိုက်ကို ဦးစွာ ကြည့်လိုက်ကြသည်။


“အရှင် ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ” ဗိုလ်မှူးသည် အမေးစကားဆိုလိုက်ရင်း ကုဟွိုက် ထိုင်နိုင်စေရန်အတွက် အလ်ဗ်၏ထိုင်ခုံဘေးတွင် ကုလားထိုင်တစ်လုံးကို အလျင်အမြန်ချပေးလာသည်။


ကုဟွိုက်သည် တူဆာကြယ်၏သခင်အသစ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဗိုလ်မှူးသည် ကုဟွိုက်အား ဤဂြိုဟ်၏အရေးကိစ္စများအကြောင်းကို စိတ်ပူခွင့် ပေးလိမ့်မည်မဟုတ်ပေ။


"ကျွန်တော်က တခြားစစ်တပ်နှစ်ခုကို ဆက်သွယ်ဖို့ ပြောရအောင် လာခဲ့တာ.." ကုဟွိုက်သည် အစည်းအဝေး စားပွဲပေါ်ရှိ မှန်သားပြင်ကို ကြည့်နေရင်း စကားပြောလိုက်၏။ အထူးသဖြင့် သူ၏မဲအရေအတွက် တိုးလာနေသေးသည်ကို သူမြင်သွားသောကြောင့် ကုဟွိုက်၏အမူအရာက ပြောင်းလဲသွားသည်။


ယခင်က ဗိုလ်မှူးသည် နောက်ပိုင်းတွင် ကုဟွိုက်အတွက် အခြားစစ်တပ်နှစ်ခုကို ဆက်သွယ်ရန် စဉ်းစားထားခဲ့သည်။ အခြားတစ်ဖက်တွင်မူ အခြားစစ်တပ်များ၏ဇက်များသည် ကုဟွိုက်၏အာရုံစိုက်မှုအား ရရှိသွားမည်ကို သူ မလိုချင်ခဲ့ပေ။ တစ်ဖက်တွင်မူ ဘုရင်၏တည်ရှိမှုကို သိပြီးနောက် အခြားစစ်တပ်များ၏ဇက်များ မည်ကဲ့သို့တုံ့ပြန်မည်ကို သူ မသိပေ။


ယခု ကုဟွိုက်နှင့်ပတ်သက်ပြီး ဒုတိယစစ်တပ်၏ သဘောထားနှင့် ဆက်လက်တိုးပွားလာသောမဲများကို ကြည့်ရှုပြီး ဗိုလ်မှူးကား ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။


“ဒီလက်အောက်ငယ်သားက အရှင့်ရဲ့ဆန္ဒကို လိုက်နာပါ့မယ်..."


အစကတည်းက အလ်ဗ်သည် ကုဟွိုက်အား လုပ်ချင်တာကို လုပ်ခွင့်ပေးထားခဲ့သည်။ ထိုကြောင့် ဤအချိန်တွင် သူ စကားပြောရန် မလိုအပ်ပေ။ ဒုတိယစစ်တပ်၏ခေါင်းဆောင် ကာ့ပါးလီယာသည် ကုဟွိုက်အား ဦးညွှတ်ကာ ကြည့်လိုက်ပြီး "ကျွန်မရဲ့လက်အောက်ငယ်သားများက လက်ရွေးစင်တပ်များကို တူဆာသို့ လွှဲပြောင်းပေးနေတယ်။ တစ်ရက်လောက်နေရင် ရောက်တော့မှာမလို့ အရှင် ဘာမှစိတ်ပူစရာ မလိုအပ်ပါဘူး..."


အစပိုင်းတွင် ကာ့ပါးလီယာကသူမ၏ရိုးသားမှုကိုပြသရန် အသေးငယ်ဆုံးသောယာဉ်ပျံကိုသာ ယူဆောင်လာခဲ့သည်။ ယခု တူဆာ၏ထိပ်တန်းအမှုဆောင်များက ကုဟွိုက်အပေါ်ထားရှိသည့် သူမ၏သဘောထားကို ယုံကြည်သောကြောင့် ကာ့ပါးလီယာသည် သူမ၏ လက်ရွေးစင်တပ်များကို တူဆာသို့ ပြောင်းရွှေ့ခြင်းကိစ္စကို စိတ်ထဲမထားခဲ့ပေ။


ကုဟွိုက်ကို ကာကွယ်ရန် အစောင့်တပ် များလေလေ ပိုကောင်းလေပင်။ သူတို့သည် ကုဟွိုက်အား အလုံခြုံဆုံးသောနေရာတွင် ထားကာ အကာအကွယ်ပေးမည်ဖြစ်သည်။ ကာ့ပါးလီယာဆိုလိုသည့် အဓိပ္ပါယ်မှာ အခြားစစ်တပ်နှစ်ခုတွင် ပုန်ကန်သူများရှိနေခဲ့ပါလျှင် သူတို့ကို နှိမ်နင်းနိုင်သည်။ ထို့ကြောင့် ကုဟွိုက် သူလိုချင်သမျှကို လုပ်နိုင်သည်။


ကုဟွိုက်သည် ယခုအခါ အဝေးရှိ ဂြိုလ်နှစ်ခုနှင့် ဝိညာဉ်ချိတ်ဆက်မှုကို တစ်ချိန်တည်းတွင် ထူထောင်နိုင်ပြီဖြစ်သည်။ ချိတ်ဆက်မှုကို မတည်ထောင်မီ ကုဟွိုက်သည် အရာတစ်ခုကို ဦးစွာ ဖြေရှင်းချင်ခဲ့၏။


"အဲဒါက ဘာလဲ.." ကုဟွိုက် အစည်းအဝေးစားပွဲပေါ်ရှိ ဖန်သားပြင်ကို ညွှန်ပြကာ မေးလိုက်သည်။


ဗိုလ်မှူးသည် သူ့မျက်မှန်ကို ပင့်တင်လိုက်၏။ “ဒါဟာ ကြယ်တာရာ မဟာမိတ်အဖွဲ့နဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တစ်ခုက ထုတ်ပြန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ရွေးချယ်မှုရလဒ်တွေက ကြယ်တာရာများကြားမှာ မြင့်မားတဲ့အသိအမှတ်ပြုမှုကို ရလိမ့်မယ်လို့ ဆိုပါတယ်.."


ဤအမျိုးအစားတွင် မျိုးစိတ်များအတွက် မဲပေးရန် ပထမဦးဆုံး ကြယ်ပွင့်ကုန်သည်များသည် ၎င်းနှင့်ဆက်စပ်နေသော ကုန်ပစ္စည်းအမျိုးမျိုးကို စတင်ရောင်းချခဲ့ပြီး ရောင်းအားက အမှန်တကယ်လည်းကောင်းမွန်ခဲ့သည်။ ကြယ်တာရာများကြားတွင် ဇီဝမျိုးကွဲများကြောင့် ဤမဲပေးရွေးချယ်မှုအား ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်ခွင့်အဖြစ် သတ်မှတ်ထားသည်။ အခြားသူများကား ထပ်လောင်းရွေးချယ်မှုများကို ရွေးချယ်နိုင်ပြီး 'ကုဟွိုက်' ဟူသော ရွေးချယ်မှုကို ဇက်များမှ ထည့်သွင်းထားခြင်းဖြစ်သည်။


"...” ကုဟွိုက် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။ သူသည် ထိုဆု၏ခေါင်းစဉ်ကို လေးလေးနက်နက် ပြန်ကြည့်လိုက်ပြီးနောက် ဒုတိယနေရာရှိ သူ့နာမည်ကို ပြန်ကြည့်လိုက်သည်။ ခဏကြာသည်အထိ သူ ဘာပြောရမှန်းမသိပေ။


“ကြယ်တာရာကွန်ရက် အကောင့်တိုင်းက တစ်နေ့ကို တစ်ကြိမ် မဲပေးနိုင်ပါတယ်။ အခုပဲ အရှင်က ပထမနေရာကနေ တွန်းချခံခဲ့ရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးနေကြတာပါ.." ထိုအချိန်တွင် ဦးစီးအရာရှိသည် ရှားရှားပါးပါး မျက်မှောင်ကြုတ်လိုက်သည်။ ထိုရလဒ်ကို သူ မကျေနပ်ဘူးဆိုသည်မှာ သိသာပေသည်။


ကြယ်တာရာများအကြားရှိ ချစ်စရာအကောင်းဆုံး သက်ရှိသည်ကား သေချာပေါက် သူတို့၏ဘုရင်ပင်ဖြစ်သည်။


ကုဟွိုက် အစည်းအဝေးခန်းထဲသို့ မဝင်မီအချိန်အတွင်း တူဆာအမှုဆောင်များသည် ဖန်သားပြင်ကို စိုက်ကြည့်နေကြသောကြောင့် ၎င်းတွင် အပေါက်တစ်ပေါက် ဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ 'ပက်ခ်ျ' က ဘယ်လိုသတ္တဝါအမျိုးအစားလဲ။ ၎င်းက သူတို့ဘုရင်ရဲ့မဲထက် ဘာကြောင့် အဆပေါင်းများစွာကျော်သွားရတာလဲ။


စစ်တပ်နှစ်ခုလုံး၏ဇက်များသည် ဤနေ့များတွင် မဲပေးခဲ့သော်လည်း မဲများကအကြိမ်ကြိမ် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ ယင်းကြောင့် နှစ်ဖက်စစ်တပ်၏ဇက်စစ်သားများသည် 'ပက်ခ်ျ' ဟုခေါ်သော ထိုသတ္တဝါကို သွားပြီး သုတ်သင်သင့်သလားဟု တွေးတောစေခဲ့သည်။ ထိုအခါ သူတို့၏ဘုရင်က ချစ်စရာအကောင်းဆုံးဖြစ်လိမ့်မည်။


ဇက်စစ်သည်များသည် ထိုသို့သော လက်တွေ့ကျကျနည်းလမ်းအရ မှားယွင်းမှုတစ်စုံတစ်ရာရှိသည်ဟု မခံစားရဘဲ ဖြစ်နိုင်ချေကိုသာ အလေးအနက်ထား စဉ်းစားနေကြ၏။


ပထမနှင့် ဒုတိယစစ်တပ်များ၏ စစ်သည်များသည် မပျော်ရွှင်ကြသော်လည်း ထိုအချိန်တွင် ပက်ခ်ျ၏ပရိတ်သတ်အများအပြားနှင့် အတင်းအဖျင်းစိတ်ဝင်စားသူအများအပြားမှာမူ စိတ်ရှုပ်ထွေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် 'ကုဟွိုက်' သည် မည်သည့် ဇီဝမျိုးစိတ်အမျိုးအစားဖြစ်သနည်း။ သူတို့ ဘာလို့ အရင်က မကြားဖူးရသနည်း။


ပက်ခ်ျသည် လက်ရှိတွင် ကြယ်တာရာများအကြားရေပန်းအစားဆုံး အိမ်မွေးတိရစ်ဆာန်ဖြစ်သည်။ ၎င်းသည် ချန်ပီယံဆုကို သုံးကြိမ်ဆက်တိုက် ရရှိခဲ့ပြီး မဲအရေအတွက် အမြောက်အမြား ရခဲ့သည်။တစ်ကြိမ်တွင် သူတို့သည် ရုတ်တရက် ခက်ခဲသောအခြေအနေနှင့် ကြုံတွေ့နေရပြီး ပထမနေရာကို အာမ မခံနိုင်ပေ။ ထို့ကြောင့် ပရိတ်သတ်များကို နေ့တိုင်း မဲပေးခိုင်းခဲ့၍ယာယီမျှသာ တည်ငြိမ်နေခဲ့သည်။


ပါဝင်ပတ်သက်နေသော ပုဂ္ဂိုလ်အတွက် 'ကုဟွိုက်' သည် စစ်ဦးစီးချုပ်၏အဖြေကိုကြားပြီးနောက် စကားမပြောနိုင်ဖြစ်သွားသည်။ မဟုတ်သေးပါဘူး... စစ်တပ်အစည်းအဝေးခန်းမထဲမှာ ဒီလိုကိစ္စမျိုးကို ဘာလို့ အလေးအနက်ထား ဆွေးနွေးနေကြတာလဲ။


“တကယ်တော့ ဒီမဲကို မင်းတို့ အရမ်းဂရုစိုက်နေစရာ မလိုပါဘူး။ ငါ...” ကုဟွိုက်သည်ကား ပထမနေရာကို ရရန် စိတ်မဝင်စားကြောင်း ထုတ်ပြောချင်သော်လည်း ဗိုလ်မှူး၏ ခေါင်းကမော့လာလေသည်။


“မရပါဘူး..” ဗိုလ်မှူး၏အမူအရာကား အေးစက်နေပြီး ကုဟွိုက်၏ရှေ့တွင် ခိုင်မာသောသဘောထားကို ပထမဆုံးအကြိမ် ပြသလာခြင်းဖြစ်သည်။ ၎င်းမှာ ဗိုလ်မှူးတစ်ယောက်တည်းတင် မဟုတ်။ ကုဟွိုက်သည် အခြားအဆင့်မြင့်ဇက်များ၏ မျက်နှာပေါ်တွင် အလားတူ လေးနက်သော အမူအရာကို မြင်လိုက်ရသည်။ သူ နှုတ်ဆိတ်သွားပြီး နောက်ဆုံးတွင် အကူအညီမဲ့စွာ ဇက်စစ်တပ်နှစ်ခု၏ စိတ်ဆန္ဒကို ဖြည့်စည်းပေးရန် ဆုံးဖြတ်လိုက်၏။


"ကျွန်တော် အခု တခြားစစ်တပ်နှစ်ခုနဲ့ ဆက်သွယ်လိုက်မယ်..." ထိုအရာကို စိတ်ထဲတွင် ထားကာ ကုဟွိုက်သည် ရွေးချယ်ရေးစာမျက်နှာမှ သူ့အကြည့်များကို တုံ့ဆိုင်းစွာ ဖယ်လိုက်ပြီး သူ၏ဝိညာဉ်ပိုင်နက်တွင် မိမိကိုယ်ကို နှစ်မြှုပ်ရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ မြင်ကွင်းထဲတွင် အခြားတောက်ပသော အစက်အပြောက်နှစ်ခုကို သူ အမြန်ရှာတွေ့သွားသည်။


ရွေးချယ်ပါ၊ အတည်ပြုပါ၊ အချိတ်အဆက်တစ်ခုကို တည်ဆောက်ပါ။


ထိုအချိန်တွင် ပတ်ဝန်းကျင်အခြေအနေ ကွာခြားမှု ကြီးမားသည့် ဂြိုလ်နှစ်ခုတွင် ဂြိုဟ်နှစ်ခုလုံး၏ပိုင်ရှင်များမှာ သူတို့၏သူငယ်အိမ်များ ကျုံ့သွားသည်အထိ ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။ ဤတစ်ဖက်တည်းသာဆက်သွယ်နိုင်သော ဝိညာဉ်အချိတ်အဆက်အတွက် ကုဟွိုက်သည် အဖွင့်စကားလုံးများကို ယခင်အချိန်ကကဲ့သို့ အသုံးပြုခဲ့ပြီး အခြားတစ်ဖက်မှ တူဆာသို့ လာမည်လားဟု မေးမြန်းကာ တွေ့ဆုံလိုသည့် ဆန္ဒကို ဖော်ပြခဲ့သည်။


တုံ့ပြန်မှုသည် ကာ့ပါးလီယာကဲ့သို့ပင် ချက်ချင်းနီးပါးပြန်ဖြေခဲ့၏။ နောက်စက္ကန့်တွင် ဆက်သွယ်ရန် တောင်းဆိုမှုတစ်ခုကို တူဆာသို့ ပေးပို့ခဲ့သည်။ ဆက်သွယ်ရေး ချိတ်ဆက်သွားပြီး အလွန်ကွဲပြားသောပုံသဏ္ဍာန်များရှိသည့် လူနှစ်ယောက်ကို ကုဟွိုက် တွေ့လိုက်ရသည်။


တစ်ယောက်က ကုဟွိုက်၏ ပတ်ပတ်လည်လည်ရှိ တက်ခ်ဇက်များလောက်နီးပါး ကြီးမားသည်။ မာကျောသော အပြင်ဘက်အခွံဖြင့် ဖုံးအုပ်ထားပြီး အနည်းငယ် ခက်ထန်ပုံပေါ်သည်။ အခြားတစ်ဦးက သာမန်ခန္ဓာကိုယ်နှင့် အေးစက်သောပုံစံရှိသည်။ သူသည် ရှုပ်ထွေးသောပုံစံဖြင့် အဖြူရောင်၀တ်စုံရှည်ကို ၀တ်ဆင်ထားပြီး သူ၏အမူအရာက ငြိမ်သက်တိတ်ဆိတ်နေသည်။


ကုဟွိုက် မေးလိုက်သည်။ "မင်းတို့ ငါ့ကိုလာတွေ့ချင်လို့လား..."


ဆက်သွယ်ရေးဖန်သားပြင်တွင် ကြီးမားသောဇက်သည် ကုဟွိုက်အပေါ် သူ၏သစ္စာစောင့်သိမှုကို ချက်ချင်းနီးပါးပြသခဲ့သည်။ စစ်တပ်ခေါင်းဆောင်သည် ကုဟွိုက်အား ဦးညွှတ်ကာ မထင်ရှားသောအသံဖြင့် ပြောလိုက်သည်။ "စီမိုဒို အရှင့်ရဲ့ အမိန့်ကို နာခံပါ့မယ်.."


အခြားဇက်လူမျိုးစုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကမ်မုစ်၏စွမ်းရည်များသည် ပျမ်းမျှအားဖြင့် အလွန်များပြားသည်။ စီမိုဒို၏အဆိုအရ ဘုရင်အပေါ်သစ္စာစောင့်သိလာပါက သူတို့သည် အခြားလူမျိုးစုများထံ ရှုံးနိမ့်လိမ့်မည်မဟုတ်ပေ။


သူတို့မျိုးနွယ်စုများသည် ကြီးမားသောဒေါသအစား သူတို့၏တက်ကြွလှုပ်ရှားမှုကို ပိုင်ဆိုင်ထားကြသည်။ ရန်သူများကို သတ်ရန် မိမိကိုယ်ကို စတေးပြီးမှသာ သတ်နိုင်ကြသည်။ ဘုရင်အား ကာကွယ်ရန်ဆိုလျှင် သူတို့အသက်ကိုတောင် နှမြောလိမ့်မည်မဟုတ်ပေ။ ကမ်မုစ်ဇက်သည် သာမန်အချိန်များတွင် ရိုးရိုးသာမန်ဟု ဆိုနိုင်သော်လည်း တစ်စုံတစ်ယောက်က ကုဟွိုက်အား ခြိမ်းခြောက်လာပါလျှင် သူတို့သည် တက်ခ်ဇက်များကဲ့သို့ ရူးသွပ်သွားကြလိမ့်မည်။


"အရှင့်ရဲ့ဆန္ဒကို ကျွန်တော် လိုက်နာပါ့မယ်..." အခြားဆက်သွယ်ရေးဖန်သားပြင်ပေါ်တွင် တည်ငြိမ်အေးစက်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။


အသံပိုင်ရှင်တွင် အယ်လ်ဖာအဆင့်ဖြစ်ကြောင်း ကိုယ်စားပြုထားသည့် ရွှေရောင်ဒေါင်လိုက် သူငယ်အိမ်များရှိသည်။ ထိုရွှေရောင်မျက်လုံးများသည် အထူးတောက်ပနေပြီး သူ့မျက်လုံးများတွင် ထင်ယောင်ထင်မှားဖြစ်နေမှုများဖြင့် ထင်ဟပ်နေပုံရသည်။ ကုဟွိုက်ကို ကြည့်လာသောအခါ သူ့မျက်လုံးထဲရှိ ထင်ယောင်ထင်မှားဖြစ်နေသည့်အရာများသည် အမှန်တကယ်ဖြစ်ကြောင်း နားလည်သွားပုံရ၏။


ဇက်စစ်တပ်လေးခု၏ ခေါင်းဆောင်များမှာ မတူညီသောမျိုးနွယ်စုများမှ ဆင်းသက်လာကြသည်။ အိုင်းယီသည် တတိယစစ်တပ်၏ခေါင်းဆောင်ဖြစ်ပြီး အစ်ဆာဒိုရယ်မျိုးနွယ်စုတွင် မွေးဖွားခဲ့သည်။ အစ်ဆာဒိုရယ်မျိုးနွယ်စုတွင် မွေးဖွားလာသော ဇက်များသည် ဝိညာဉ်ရေးစွမ်းအား အားကောင်းပြီး အနီးကပ် တိုက်ခိုက်ခြင်းထက် ရန်သူကိုဖျက်ဆီးရန် ထိုစွမ်းအားကို အသုံးပြုခြင်း၌ ပိုမိုကောင်းမွန်သည်။ အိုင်းယီတွင် ကြိုတင်သိမြင်နိုင်သော အထူးအရည်အချင်းရှိသည်။


ထိုကြိုတင်မြင်နိုင်စွမ်းဖြင့် အိုင်းယီသည် အနာဂတ်ကို တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်လောက် ကြိုတင်မြင်နိုင်သည့်အတွက် သူ့မျက်လုံးများက အဖြစ်မှန်အား မစစ်ဆေး မကြည့်ရှုနိုင်ပေ။ ကုဟွိုက်နှင့် မျက်နှာချင်းဆိုင်သည့်အခါ လက်ရှိဖြစ်နေသော အဖြစ်မှန်ကို မြင်ချင်ခဲ့သည်။


ထိုအခိုက်အတန့်တွင် အိုင်းယီသည် သူ၏နားမလည်နိုင်သောအိပ်မက်များ အမှန်ဖြစ်လာကြောင်းကို နားလည်လိုက်သည်။ အလွန်တိုတောင်းသောအနာဂတ်အားကြိုတင်မြင်နိုင်စွမ်းအပြင် အိုင်းယီသည် တစ်ခါတစ်ရံ၌ အိပ်မက်များမှတဆင့် ဝေးကွာသောအနာဂတ်ကို မြင်သည်။ တစ်ချိန်က ကုဟွိုက်နှင့်ပတ်သက်သည့် အခြေအနေတစ်ခုကို သူ အိပ်မက်မက်ခဲ့သည်။ ထိုအချိန်က သူသည် အိပ်မက်ထဲတွင် ကုဟွိုက်၏မျက်နှာကို မမြင်ရပေ။ ယခုအခါ အိုင်းယီမှာ လူငယ်လေး၏ ပုံရိပ်ကို အိပ်မက်ထဲသို့ ထည့်လိုက်သည်။


သူတို့သည် ဇက်မျိုးနွယ်တွင်ရှိနေသရွေ့ မည်သည့်မျိုးနွယ်စုတွင် ပါဝင်သက်ဆိုင်သည်ဖြစ်စေ ဘုရင်ကို မုချချစ်ကြလိမ့်မည်။ စစ်တပ်လေးခု၏ ပေါင်းစည်းမှုသည် မကြာမီ ပြီးမြောက်တော့မည်ဖြစ်ကြောင်း ကုဟွိုက်၏ဖော်ပြထားသောအမူအရာမှတစ်ဆင့် မြင်တွေ့နိုင်သည်။ ဗိုလ်မှူးနှင့် တူဆာ၏အခြားအဆင့်မြင့်အမှုဆောင်အရာရှိများသည်လည်း ယင်းကိုအသိအမှတ်ပြုခဲ့ကြသည်။


ထိုကိစ္စတွင်—


ဗိုလ်မှူးသည် သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး မဲပေးရန်စာမျက်နှာကို စစ်တပ်ခေါင်းဆောင် နှစ်ယောက်ဆီ ပေးပို့လိုက်သည်။


သူတို့စစ်တပ်နှစ်ခုက မဲပေးပြီးပြီ။စစ်တပ်လေးခု အတူ မဲပေးလို့မရနိုင်ဘူးလား။


ထိုမြင်ကွင်းအား ကြည့်နေသော ကုဟွိုက်, "..."


၎င်းသည် မျိုးနွယ်စုပေါင်းစုံ ပေါင်းစည်းခြင်း၏ လေးနက်သည့်ပုံရိပ်ဖြစ်သည်မှာ ထင်ထင်ရှားရှားပါပင်။ သို့သော် ထိုပုံစံသည် အဘယ်ကြောင့် ထူးဆန်းနေရသနည်း။


ကုဟွိုက် နောက်တစ်ကြိမ် တိတ်ဆိတ်သွားရပြန်သည်။ ၁၀ မိနစ်အကြာတွင် တစ်နှစ်တာရွေးချယ်မှုကို စောင့်ကြည့်နေသော ကြယ်တာရာအစုအဝေးမှလူများမှာဒုတိယနေရာမှ သက်ရှိ၏မဲများက ရုတ်တရက် ရူးသွပ်စွာ မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ သိပ်မကြာခင်မှာပင် 'ကုဟွိုက်' သည် ပထမနေရာသို့ ရောက်ခဲ့ပြီး မဲအရေအတွက်သည် နှစ်ဆနီးပါး ရရှိခဲ့သည်။


အတင်းအဖျင်းစိတ်ဝင်စားသူများ, "?"


ပက်ခ်ျပရိတ်သတ်များ, "???"


သူတို့ ဒါကို ဘယ်လို တိုက်ကြမလဲ။ ပြိုင်ဖက်၏မဲများ ရုတ်တရက် နှစ်ဆ မြင့်တက်လာသည်ကို ကြည့်ပြီး ပက်ခ်ျပရိတ်သတ်များ ဆွံ့အသွားကြသည်။


ထို့ကြောင့် ရလဒ်ကတည်ငြိမ်သွားပြန်သည်။


【 ၁၀ ကြိမ်မြောက် ကြယ်တာရာများကြား ချစ်စရာအကောင်းဆုံးသက်ရှိဆု 】


ပထမနေရာ: ကုဟွိုက်


ဒုတိယနေရာ: ပက်ခ်ျ


တတိယနေရာ: ယဲလစ်စ်လောင်း

……


……


ဒါဆို ကုဟွိုက်က ဘာသက်ရှိအမျိုးအစားဆိုတာကို ဘယ်သူကပြောမှာလဲ???


ဇက်ဘုရင်အကြောင်းမသိခင်ကတည်းက မတူညီသည့်မျိုးနွယ်စုတော်တော်များများကား ကုဟွိုက်၏နာမည်ကို မှတ်မိနေကြပေပြီ။




စာရေးသူမှာ ပြောစရာရှိပါတယ်။


ပက်ခ်ျ: မျိုးသုဉ်းပျောက်ကွယ် မသွားချင်ဘူး။ (ကြောက်လန့်နေသောပုံ)