Chapter 20
'ကြယ်တာရာအစုအဝေးများကြား ချစ်စရာအကောင်းဆုံး သက်ရှိ' ပြိုင်ပွဲတွင် သူ၏မဲများသည် အခြားပြိုင်ဖက်အဖွဲ့ဝင်များထက် အလွန်ရှေ့သို့ရောက်နေလျှက်ရှိကြောင်း ကုဟွိုက် သိလိုက်သည်နှင့် သူ့စိတ်ခံစားချက်ကို အစက်သုံးစက်ဖြင့်သာ ဖော်ပြနိုင်ခဲ့သည်။ သူ၏ဆွံ့အသွားသော အခြေအနေ၌ ကုဟွိုက်မှာ ယင်းအချက်ကို တိတ်တဆိတ် လက်ခံခဲ့ရသည်။
(t/n: "..."အစက်သုံးစက်ဆိုတာ ပြောစရာစကားမဲ့သွားတဲ့အခါမှာသုံးတာပါ။)
သူ့အတွက် မဲပေးနေကြသော စစ်တပ်လေးခုမှ ဇက်များကို ကုဟွိုက် မတားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် မဲပေးနေသည့်အချိန်တွင် သူတို့၏မျက်လုံးထဲ၌ တောက်ပသောကြယ်ပွင့်လေးများကို ကုဟွိုက် မြင်လိုက်ရသောကြောင့်ပင်။ ကုဟွိုက်သည် ၎င်းကို စဉ်းစားပြီး မေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့က မဲပေးရသည်ကို နှစ်သက်ကြသည်။
တကယ်တမ်း၌ ကြယ်တာရာကွန်ရက်ကိုကြည့်လိုက်ပြီး ဒုတိယနေရာရှိ ပက်ခ်ျက အလွန်ချစ်စရာကောင်းသည်ဟု ကုဟွိုက် ခံစားမိသည်။ ရှဥ့်အမြီးပုံစံအမြီးသုံးချောင်းပါသော ခြေတိုကြောင်လေးနှင့်တူသည်။ ခြေထောက်တိုလေးများဖြင့် လမ်းလျှောက်သောအခါ သူ့အနောက်ရှိ ကြီးမားပြီးအမွှေးထူသောအမြီးများကသေးငယ်သည့်ယပ်တောင်လေးကဲ့သို့ လှုပ်ယမ်းနေသည်။အမြီးသုံးချောင်းကို လှုပ်ယမ်းကာ ပယင်းရောင်ရှိသည့် မျက်လုံးဝိုင်းများနှင့်အတူ သူတို့အား ကြည့်လာခြင်းကို အထူးနှစ်သက်ကြပေသည်။
သူ့နောက်ကျော၌ ဇက်စစ်တပ်လေးခုကို ထမ်းပိုးထားရသော ကုဟွိုက်သည်ပင် ပက်ခ်ျကို လျှို့ဝှက်မဲပေးခဲ့သော်လည်း သူ့မဲသည် ရလဒ်အပေါ် သက်ရောက်မှုမရှိပေ။
တစ်ချိန်တည်းမှာပင် ဤရွေးချယ်မှုအတွက် ကုန်ပစ္စည်းများထုတ်လုပ်ရန် ပြင်ဆင်နေကြသည့် ကုန်သည်များကစိုးရိမ်နေကြသည်။ သူတို့သည် ကြယ်တာရာကွန်ရက်နှင့် ကြယ်တာရာအစုအဝေးများကြားသက်ရှိနှင့် သက်ဆိုင်သောစွယ်စုံကျမ်းမှ အချက်အလက်များကို ရှာဖွေခဲ့ကြ၏။ ယခုနှစ်ရွေးချယ်မှုတွင် ပထမနေရာရရှိခဲ့သောမျိုးစိတ်များသည် မည်သည့်ဂြိုဟ်တွင် နေထိုင်သည်ကို သူတို့ မသိခဲ့ကြပေ။
ကြယ်တာရာကွန်ရက်၌ မေးကြည့်သော်လည်း မည်သူမှ မသိကြပေ။ ဒီမဲတွေက ဒီမြေပေါ်ကို ဘယ်လိုလုပ် ရောက်လာတာလဲ။ မဲပေးသူများအားလုံးသည်လည်း စိတ်ရှုပ်ထွေးကုန်ကြသည်။ မဲများကို ပြင်လည်ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ မဲများသည် ကိုယ်ပိုင်စနစ်များနှင့် ချိတ်ဆက်ထားသောကြောင့် မဲသည် မှန်ကန်ပေသည်။
သေစမ်း ဒီဟာက—!
ဤအချိန်တွင် ကြယ်တာရာအစုအဝေးများမှလူများမှာ စဉ်းစားရလွန်း၍ သူတို့၏ခေါင်းများ ပေါက်ကွဲသွားလိမ့်မည်ဟု ထင်ရသော်လည်း ဇက်စစ်တပ်လေးခုသည် မဲပေါင်း ဘီလီယံ 20 နီးပါးကို မဲပေးခဲ့သည်ကို မည်သည့်အခါမျှ စိတ်ကူးမိကြလိမ့်မည်မဟုတ်ပေ။ နောက်ပိုင်း အမှန်တရားကို သိလာသည့်အခါတွင် သူတို့ အံ့ဩသွားရုံသာတတ်နိုင်သည်။
တတိယနှင့် စတုတ္ထစစ်တပ်၏ ကြယ်မြို့တော်များသည် တူဆာနှင့် အတော်အတန် အကွာအဝေး၌ရှိနေသည်။ တူဆာကြယ်တွင် ထိုစစ်တပ်နှစ်တပ် ရောက်ရှိလာမည့်အချိန်ကို ကုဟွိုက် စောင့်ဆိုင်းနေ၏။ သူစောင့်ဆိုင်းနေစဉ် တူဆာကြယ်၏နက်ရှိုင်းပြီး ငြိမ်သက်အေးချမ်းသော အပြာရောင်ကောင်းကင်ကြီးသည် နှင်းများကျဆင်းလာသည်။ သူ ဤဂြိုဟ်ပေါ်သို့ ရောက်ပြီးကတည်းက ပထမဆုံးအကြိမ် နှင်းကျခြင်းဖြစ်သည်။
“နောက်ဆုံးတော့ နှင်းကျလာပြီ...” အပြင်ဘက်၌ နှင်းများ ဖြည်းညှင်းစွာ ကျဆင်းလာသည်ကို စိတ်ဝင်တစားဖြင့် ပြတင်းပေါက်မှ ကုဟွိုက် လှမ်းကြည့်လိုက်သည်။
အရင်က တက်ဇက်အား နှင်းများကျလာသည့်အခါ နှင်းများကြည့်ရန် အတူတူ အပြင်ထွက်ပြီး နှင်းလူသားလုပ်မည်ဟု ကုဟွိုက် ပြောခဲ့ဖူးသည်။ အပြင်ဘက်ရှိနှင်းများ အနည်းငယ် ထူထပ်လာစေရန် သူ စောင့်ရန်သာလိုအပ်ပြီး နှင်းလူရုပ်ကို ပြုလုပ်၍ ရနိုင်သည်။
ပြတင်းပေါက်နားတွင် ထိုင်ရင်း ကုဟွိုက်သည် စကျင်ကျောက်တစ်လုံးအရွယ်အစားရှိသည့် ရွှေရောင်ဖန်ဘောလုံးတစ်လုံးနှင့် ကစားနေခဲ့သည်။ သူ့အိတ်ကပ်ထဲသို့ ပြန်မထည့်ခင်အထိ ခဏမျှ ကစားနေသည်။
ဖန်ဘောလုံးသည် အဲလ်ဗ်က သူ့အား ပေးခဲ့ခြင်းဖြစ်ပြီး သူ အခြားစစ်တပ်နှစ်ခုနှင့် ဆက်သွယ်သည့်နေ့တွင် စစ်တပ်အစည်းအဝေးခန်းမ၏ စားပွဲပေါ်ရှိ အနက်ရောင် သလင်းကျောက်သေတ္တာထဲ၌ ထည့်ထားသည့်ဖန်ဘောလုံးကို တွေ့ခဲ့သည်။
ဖန်ဘောလုံးသည် အလ်ဗ်အငယ်လေး၏မျက်လုံးများနှင့် အလွန်ဆင်တူသည်ဟု ကုဟွိုက် ခံစားရပြီး ၎င်းကို နှစ်ကြိမ်မျှ ကြည့်လိုက်သည်။ ရလဒ်အနေနှင့် ဘောလုံးက သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ဖန်ဘောလုံးသည် အလွန်လှပ သောကြောင့် မကြာသေးမီက ကုဟွိုက်သည် ၎င်းကို ကစားရန် အမြဲတမ်း ဆုပ်ကိုင်ထားလေ့ရှိသည်။
သူ ဖန်ဘောလုံးနှင့် ကစားသည့်အချိန်တိုင်း သူ့ပတ်ဝန်းကျင်ရှိ တက်ခ်ဇက်များသည် နီရဲနေသောမျက်လုံးများနှင့် သူ့ကို အမြဲတမ်း စိုက်ကြည့်နေသည်ကို ကုဟွိုက် တွေ့ရှိခဲ့သည်။ ထိုဖန်ဘောလုံးဖြင့် ကစားနေသော ကုဟွိုက်အား ကြည့်ရခြင်းကို သူတို့ ပျော်ရွှင်နေသကဲ့သို့ပင်...
တကယ်တမ်း၌ ကုဟွိုက် ကိုင်ဆောင်ထားသော ထိုဖန်ဘောလုံးကို တက်ခ်ဇက်များ၏ မျက်လုံးထဲတွင် ကုဟွိုက်၏အရုပ်ဟုသာ မြင်ကြသည်။ ဖန်ဘောလုံးနှင့် ကစားနေသော ကုဟွိုက်သည် အရုပ်နှင့်ကစားနေသောကလေးတစ်ယောက်နှင့် တူလှပေသည်။ ထို့ကြောင့် သူတို့သည် ၎င်းအား ကြည့်ရှုရသည်ကို အထူးနှစ်သက်ကြသည်။
နှင်းများသည် မြေပြင်ပေါ်၌ စုပုံမနေသေးပေ။ နှင်းများအနည်းငယ်သာ ရှိနေသေးသည့်အချိန်တွင်ကုဟွိုက်သည် အဆောက်အအုံကြီးတွင် နေထိုင်နေသော တက်ခ်ဇက်၊ အလ်ဗ်တို့နှင့်အတူ ခြံဝင်းထဲသို့သွားခဲ့သည်။ ကုဟွိုက် အပြင်ထွက်လျှင်ထွက်ချင်း ကြီးမားသောအရိပ်ကြီးတစ်ခုက သူ့အား လွှမ်းမိုးလာခဲ့သည်။ သူ့နောက်မှလိုက်လာသော တက်ခ်ဇက်တစ်ကောင်သည် သူ့ခန္ဓာကိုယ်ကြီးဖြင့် ဖုံးအုပ်ထားပြီး ကောင်းကင်မှ ကျဆင်းလာသောနှင်းများကို နီရဲသည့်မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
"ကိစ္စမရှိပါဘူး။ မတားနဲ့.." တက်ခ်ဇက်သည် သူ့အပေါ် နှင်းများကျနေခြင်းအား တားချင်နေသည်မြင်ပြီး ကုဟွိုက်သည် ချွန်ထွက်နေသောလက်မောင်းကို လက်ဖြင့် ပုတ်လိုက်သည်။ ထို့နောက် ဖုံးအုပ်ထားသော အရိပ်အောက်မှ ထွက်လာခဲ့သည်။
“ဒါက နှင်းတွေဆိုပေမယ့် လောလောဆယ်တော့ သိပ်မရှိသေးဘူး။ ငါတို့ မနက်ဖြန် နှင်းလူသားတစ်ရုပ်ကို လုပ်နိုင်လိမ့်မယ်...” တက်ခ်ဇက်၏လက်မောင်းပေါ်ကျလာသော နှင်းပွင့်လေးကို ကုဟွိုက် ညွှန်ပြလိုက်သည်။
တက်ခ်ဇက်သည် သူ၏ဦးခေါင်းကို စောင်းကာ ဒေါင်လိုက်ပုံစံသူငယ်အိမ်များနှင့် နှင်းပွင့်လေးကို ကြည့်ရန် ချွန်ထက်သည့် သူ့လက်မောင်းကို မြှောက်လိုက်သည်။ တက်ဇက်၏ခန္ဓာကိုယ်သည် မြင့်မားသောကိုယ်အပူချိန်မရှိသောကြောင့် သူ၏လက်မောင်းပေါ်တွင်ကျလာသော နှင်းပွင့်လေးသည် အရည်ပျော်ခြင်းမရှိပေ။
တက်ဇက်သည် အခန်း၏ပြတင်းပေါက်အောက်ခြေဘောင်တွင် ကုဟွိုက် တင်ထားသည့်ပန်းလေးကို သတိရသွားသည်။ ကုဟွိုက်သည် ပန်းများအား နှစ်သက်သည်ဟု ထင်လိုက်သောကြောင့် တက်ခ်ဇက်သည် နီရဲနေသောမျက်လုံးများဖြင့် နှင်းများကို ခဏကြာအောင် စိုက်ကြည့်ကာ သူ၏ချွန်ထက်သော လက်မောင်းကို ကုဟွိုက်ထံ ဆန့်ထုတ်ပေးလိုက်၏။
ကုဟွိုက် ထိတ်လန့်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် တက်ဇက်သည် ထိုနှင်းပွင့်ကို သူ့ထံ ပေးလိုခြင်းကြောင်း သူသဘောပေါက်သွားသည်။
ကုဟွိုက် စကားမပြောပေ။ သူ နှင်းပွင့်ကို လှမ်းကိုင်လိုက်ပြီး သူ့လက်ဖဝါးကိုပိတ်ပြီး အိတ်ကပ်ထဲသို့ ထည့်ဟန်ဆောင်လိုက်သည်။ အမှန်တကယ်မှာ သူ့ကိုယ်အပူချိန်ကြောင့် နှင်းပွင့်သည် မကြာခင်မှာပင် အရည်ပျော်သွားခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ လက်ဆောင်တစ်ခုရလိုက်သကဲ့သို့ ကုဟွိုက် ခံစားမိသည်။
ကုဟွိုက်သည် သူ့အင်္ကျီအိတ်ထဲသို့ နှင်းပွင့်အား ထည့်ထားသည်ကို မြင်လိုက်ရသည်နှင့် သူ့ရှေ့ရှိတက်ခ်ဇက်ကရုတ်တရက် အသံတိုးတိုးလေးတစ်ခု ပြုလုပ်လာသည်။ ထိုအသံကား ငါးစက္ကန့်မှ ခြောက်စက္ကန့်ခန့် ကြာမြင့်ခဲ့သည်။ ၎င်းသည် အလွန်ပျော်စရာကောင်းသည့်ဖြစ်ရပ်တစ်ခုပင်။
“နှင်းပွင့်ကို ပန်းတစ်ပွင့်လို သဘောထားလို့ရတယ်။ နှင်းတွေကျပြီးတာနဲ့ တူဆာမှာ ငါတို့ ပန်းတွေကို တွေ့ရလိမ့်မယ်” ကုဟွိုက် သူ့ဘေးတွင်ရပ်နေသော အလ်ဗ်ကို စကားပြောလိုက်သည်။
တစ်ဖက်လူသည် တစ်ခုခုပြောချင်နေသည်ကို ကုဟွိုက်မြင်လိုက်သော်လည်း နောက်ဆုံးတွင် အလ်ဗ်သည် ဘာမှမပြောဘဲ မျက်လွှာများကို ချထားလိုက်သည်။ တူဆာ၏မြေဆီလွှာနှင့်ပတ်သက်၍ အကြီးတန်းအရာရှိများနှင့် ဆွေးနွေးမှုများရှိခဲ့သော်လည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ထို့ကြောင့် အဲလ်ဗ်သည် ယခု မပြောပြချင်သေးပေ။
"ငါ မင်းကို ပေးမယ်" ကုဟွိုက် အခုလေးတင် တက်ခ်ဇက်လုပ်ခဲ့သည့်အပြုအမူကို သင်ယူလိုက်ပြီး နှင်းပွင့်တစ်ပွင့်ကို ဖမ်းယူလိုက်သည်။ ထို့နောက် သူသည် ငွေရောင်အမွှေးများရှိသည့်ဇက်၏ လက်ဖဝါးပေါ်သို့ အေးစက်ပြီးဖြူစင်သောနှင်းပွင့်လေးကို တင်လိုက်သည်။
အဆင့်မြင့်ဇက်သည် ခန္ဓာကိုယ်အပူချိန်နိမ့်နိုင်သော်လည်း သူတို့တွင် အပူချိန်ရှိနေဆဲဖြစ်သည်။ အဲလ်ဗ်သည် သူ့လက်ထဲတွင် ရေစက်တစ်ခုအဖြစ် တဖြည်းဖြည်း အရည်ပျော်သွားသော နှင်းပွင့်လေးကိုကြည့်ပြီး နှုတ်ခမ်းများ တိတ်တဆိတ် စေ့ပိတ်သွားသည်။ သူ့လက်ပေါ်ရှိ ရေစက်ကို စိုက်ကြည့်နေသောတစ်ဖက်လူကို ကုဟွိုက် မြင်လိုက်ရပြီး ဤကြောင်ကြီးအပေါ် အနိုင်ကျင့်မှုအတွက် ရုတ်တရက် အပြစ်ရှိသလို ခံစားရသည်။ အဲလ်ဗ်က ဤမျှအလေးအနက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ရေစက်ဖြစ်သွားတာကို စိတ်ပူမနေနဲ့...." ကုဟွိုက် နှစ်ကြိမ်မျှချောင်းဆိုးလိုက်ပြီး တစ်ဖက်လူ၏လက်မှ ရေစက်ကို သုတ်ရန် လက်ကိုလှမ်းလိုက်ပြီးနောက် သူ ကတိပေးလိုက်၏။ “အနာဂတ်မှာ ငါတို့ တခြားဂြိုဟ်ကို သွားတဲ့အခါ အရည်မပျော်တဲ့ ပန်းတစ်ပွင့်ကို မင်းဆီ ငါပေးမယ်"
အလ်ဗ်၏လက်ဖဝါးမှာ သူ့ဘေးနားရှိ လူငယ်လေး၏အပူချိန်ကို ခဏတာ ခံစားလိုက်ရသည်။ အလ်ဗ် နူးညံ့စွာပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ.."
အင်မတန်လွယ်ကူလွန်းလှသည်။ ကုဟွိုက်အလ်ဗ်၏ ဘေးဘက်မျက်နှာထားပုံစံကို ကြည့်လိုက်၏။ ဤငွေရောင်ကြောင်ကြီးက နည်းနည်းနာခံလွန်းသည်ဟု သူ တွေးလိုက်မိသည်။ အလ်ဗ်သည် သူ့ရှေ့၌ ရပ်နေသော်လည်း တကယ်ကို နှစ်သက်ဖွယ်ကောင်းလှသည်။ နှင်းလူသားတစ်ရုပ် တည်ဆောက်ရန် မြေပြင်ပေါ်ရှိ ဆီးနှင်းများ စုပုံလာရန် အချိန်အနည်းငယ်ယူရပေမည်။ ခြံဝင်းထဲတွင် လမ်းလျှောက်ရသည်မှာ လုံလောက်ပြီဖြစ်သောကြောင့် ကုဟွိုက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
"လည်စီးသာရှိရင် ပိုကောင်းမယ်.." ဆိုဖာပေါ်ထိုင်ရင်း ကုဟွိုက် တိုးတိုးလေးဆိုလိုက်သည်။ အနည်းငယ်အေးသော လေနှင့် သူ့လည်ပင်း ထိမိသွားသောကြောင့် ကမ္ဘာမြေကြီးမှထုတ်ကုန်ပစ္စည်းကို ရုတ်တရက် လွမ်းဆွတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကာ့ပါးလီယာသည် သူမ၏လက်ထောက်နှင့်အတူ လိုက်လာသည်ကို ကုဟွိုက် တွေ့လိုက်ရ၏။
"ဒီလက်အောက်ငယ်သားက အရင်ဆုံးထွက်သွားပေးပါ့မယ်.." ကာ့ပါးလီယာနောက်မှ လိုက်လာသော အမျိုးသမီးဇက်သည် ဦးညွှတ်ကာ ချက်ချင်းလှည့်ထွက်သွားသည်။
အမြန်ထွက်သွားသော အမျိုးသမီးကို ကုဟွိုက် ကြည့်လိုက်မိသည်။ သူမ၏ပုံသဏ္ဍာန်ကို မမြင်ရတော့သောအခါမှသာ ကုဟွိုက်သည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး ကာ့ပါးလီယာအား မေးလိုက်သည်။
"လီဆာ...က ငါ့ကို မုန်းနေတာလား.."
ကုဟွိုက် ထိုသို့တွေးမိသည့်အကြောင်းမှာ အမျိုးသမီးဇက်က ချက်ချင်းထွက်သွားခြင်းကြောင့်မဟုတ်ပေ။ အမျိုးသမီးဇက်သည် အခြားလူများကို ပြုံးပြသော်လည်း သူ့ရှေ့တွင် လုံးဝ အေးစက်နေသည်ကို ကုဟွိုက် တွေ့ရသည်။ ယင်းသည် ကုဟွိုက်အား တစ်ဖက်လူက သူ့ကို မုန်းသည်ဟူသော အတွေး တွေးမိစေသည်။
ကာ့ပါးလီယာသည် ကုဟွိုက်၏ စကားကိုကြားသောအခါ ရှားရှားပါးပါး အံ့အားသင့်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူမ၏အေးစက်နေသော မျက်နှာပေါ်တွင် သိမ်မွေ့သည့်အမူအရာ ပြောင်းလဲမှုကထင်ရှားပေါ်လွင်ခြင်းမရှိပေ။ သူမက ခေါင်းငုံ့ပြီး “အဲဒီလိုမျိုး မဖြစ်နိုင်ပါဘူး.."
အကယ်၍ သူမသာ ဘုရင်ကို မုန်းတီးနေလျှင် အကျဉ်းသားများကို စစ်ဆေးမေးမြန်းရန် မသွားမီ ဆိုဖာပေါ်တွင် ထိုင်နေသော လူငယ်လေးကို ကြည့်ရှုရန် အဆောက်အအုံကြီးဆီသို့ ကာ့ပါးလီယာနှင့် လိုက်လာမည်မဟုတ်ပေ။ ပုံမှန်အားဖြင့် တူဆာရှိသုံ့ပန်းများကို ကာ့ပါးလီယာ၏လက်ထောက်က မေးခွန်းထုတ်မည်မဟုတ်သော်လည်း သူတို့၏စစ်တပ်နှစ်ခုသည် ယခုအခါ အတူတကွ ပေါင်းစည်းထားပြီး လီဆာက ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်လှသည်။
လီဆာသည် အဆောက်အအုံကြီးမှ ထွက်သွားပြီး တူဆာ၏ အကျဉ်းထောင်သို့ မသွားခဲ့ပေ။ ယင်းအစား သူမသည် ဇက်စစ်သည်တစ်ဒါဇင်ခန့် စောင့်ကြပ်ထားသော အခန်းငယ်လေးတစ်ခုဆီသို့ သွားခဲ့သည်။ အမျိုးသမီးဇက်၏မျက်နှာပေါ်မှ နူးညံ့သည့်အပြုံးကို မြင်လိုက်ရသောကြောင့် ထိုအခန်းထဲ၌ ချုပ်နှောင်ထားသည့် လူသားအရာရှိနှစ်ယောက်သည် တင်းကြပ်သွားပြီး သူတို့၏နှလုံးသားများပါ နစ်မြုပ်ပျော်ဝင်သွားသည်။
သူ နောက်တခါ ထပ်လာပြန်ပြီ...
ဒီတစ်ခါ သူမ ဘာကိုလိုချင်ပြန်တာလဲ။ ရှန်းမုနှင့် ဟန်မာတို့သည် ဤအမျိုးသမီးဇက်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူတို့သည် သူမကိုတွေ့တိုင်း အလွန်သတိထားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ စိတ်လျှော့လိုက်သည်နှင့် မပြောသင့်သည့်အရာများကို ပြောနိုင်သည့်အတွက်ကြောင့်ပင်။
သူတို့ရှေ့ရှိ အမျိုးသမီးဇက်သည် ဇက်နှင့် မတူပေ။ သူမ၏မျက်နှာပေါ်ရှိ အမျိုးမျိုးသော စိတ်ခံစားမှုများမှာ ရှုပ်ထွေးလွန်းပြီး ဇက်များ၏ယေဘူယျ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် လုံးဝကွဲပြားပေသည်။ ၎င်းသည် ဟန်ဆောင်ဖုံးကွယ်ထားသည်မှာ မှန်သော်လည်း တကယ့်အစစ်အမှန်ဟု ပြောဆိုရန်မှာ ခက်ခဲလှသည်။ ၎င်းက သူတို့အား ထိတ်လန့်စေသည်။
"လည်စီးဆိုတာ ဘာလဲ သိလား.." လီဆာက သတိထားနေသော လူသားအရာရှိနှစ်ယောက်၏ရှေ့တွင် ထိုင်ကာ ပြုံးပြလိုက်၏။ အရာရှိနှစ်ယောက်အနည်းငယ်မှာ အံ့အားသင့်သွားကြသည်။ သူတို့ ကြိုးကြိုးစားစား ထူထောင်ထားသော သတိရှိမှုက တစ်ဝက်မျှကျိုးပျက်သွားသည်။ သူတို့ တစ်ကြိမ်မျှ သတိလွတ်သွားပြီးနောက် သူတို့ကိုယ်သူတို့ လျင်မြန်စွာ ပြန်ထိန်းချုပ်လိုက်ကြသည်။
မကြာသေးမီက တွေ့ဆုံမှုများအကြောင်းပြောရလျှင် ရှန်းမုနှင့် ဟန်မာတို့သည် စကြဝဠာတစ်ခုလုံးတွင် သူတို့ထက် ကံမကောင်းသည့်သူမရှိဟု ထင်ခဲ့ကြသည်။
ဇက်နယ်မြေနှင့် အဝေး၌ရှိသော သူတို့၏ ယာဉ်ပျံသည် အနီးကပ်ဂလက်ဆီရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော မဟူရာသဲမှုန်ကြယ်တာရာပင်လယ်ဓားပြများထံ အဖမ်းခံရသည်အထိ ကံမကောင်းခဲ့ပေ။ သူတို့နှစ်ဦးသည် ပင်လယ်ဓားပြများ၏ သုံ့ပန်းဖြစ်လာခဲ့သည်။
မူလက ရှန်းမုနှင့် ဟန်မာတို့သည် ကြယ်တာရာပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သူတို့ အသတ်ခံရလိမ့်မည်ဟု ထင်ခဲ့ကြသည်။ မမျှော်လင့်ဘဲ မဟူရာသဲမှုန်များအဖွဲ့သည် သေခြင်းတရားကို ရှာဖွေကာ မနီးမဝေးရှိဇက်များကို ရိုက်နှက်ခဲ့သည်။ သူတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မကြာမီတွင် ကြယ်တာရာဓါးပြများသည် ယူးလာစစ်သင်္ဘောဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။
သူတို့အားလုံးကို သတ်မည့်အစား ဇက်ရေတပ်သည် အချို့သော စစ်သည်များကိုသုံ့ပန်းများအဖြစ်မသတ်ဘဲထားခဲ့သည်။ သူတို့နှစ်ဦးကို ဖမ်းမိပြီး တူဆာသို့ ပြန်သယ်ဆောင်လာခဲ့ကြလေရာ သူတို့သည် ကြယ်တာရာပင်လယ်ဓားပြများ၏ အကျဉ်းသားများအဖြစ်မှ ဇက်များ၏ အကျဉ်းသားများအဖြစ်သို့ ရောက်ရှိသွားကြသည်။
သူတို့ တွေ့ကြုံခဲ့ရသောအဖြစ်အပျက်များမှာ မျက်ရည်ကျရန် လုံလောက်ပေသည်။ ထို့နောက် တူဆာအကျဉ်းထောင်တွင် တစ်လခွဲကြာ အချိန်ဖြုန်းပြီးနောက် ဇက်များသည် သူတို့အား သော့ခတ်၍ပိတ်လှောင်ထားရုံသာဖြစ်ကြောင်း လူသားအရာရှိနှစ်ဦးသည် တွေ့ရှိခဲ့သည်။ ဇက်များသည် သူတို့နှစ်ယောက်အား မေ့သွားခြင်း ရှိ၊ မရှိ မသိရသေးသော်လည်း စစ်ဆေးမေးမြန်းရန် မည်သူကိုမျှ မစေလွှတ်ခဲ့ပေ။
ထို့ကြောင့် ရှန်းမုနှင့် ဟန်မာတို့သည် တူဆာကြယ်တွင် တစ်လခွဲကြာ အေးဆေးစွာဖြင့် ထောင်ထမင်းကိုစားခဲ့ကြသည်။ ထောင်မှနေ၍ ဤသက်တောင့်သက်သာရှိသော အခန်းကျဉ်းလေးသို့ ပြောင်းရွှေ့ခံရသည်မှာ လွန်ခဲ့သည့် သုံးရက်မတိုင်မီအချိန်က ဖြစ်၏။ နောက်ဆုံးတွင် ဇက်များသည် သူတို့ကို စစ်ဆေးမေးမြန်းရန် ရောက်ရှိလာခဲ့သည်။
သို့သော် မကြာသေးမီရက်များအတွင်း ရှန်းမုနှင့် ဟန်မာတို့ ကြားလိုက်ရသောမေးခွန်းများကား သူတို့နားတွင် ပြဿနာရှိနေသည်ဟု ခံစားလာရအောင် ပြုလုပ်နေပေသည်။
ပထမနေ့တွင် အာဟာရပြည့်ဝစေသည့် အစားအသောက်ကို သိလားဟု အမေးခံခဲ့ရသည်။
နောက်တစ်နေ့တွင် လူသားများသည် သူတို့၏ သားသမီးများကို မည်ကဲ့သို့ အလိုလိုက်တတ်သနည်းဟု မေးကြသည်။
သုံးရက်မြောက်သောနေ့၌ တစ်ဖက်လူသည် မလာတော့ပေ။
ယနေ့တွင် လည်စီးဆိုတာ ဘာလဲ သိလားဟု သူမက မေးလာပြန်သည်။ ၎င်းက သူတို့ အကာအကွယ်ကို လျော့ချရန် ဗျူဟာတစ်ခုလား... လူသားအရာရှိနှစ်ယောက်သည် သတိလွတ်မသွားဝံ့ပေ။ ထိုအချိန်တွင် ရှန်းမုသည် အေးဆေးတည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။
“အဲဒါက လည်ပင်းတစ်ဝိုက်မှာ ချည်နှောင်ထားတဲ့ အထည်တစ်ခု ပြီးတော့ နွေးထွေးစေတယ်။ ကြယ်တာရာကွန်ရက်မှာ မင်း ရှာကြည့်လိုက်လို့ရတယ်.."
"ကျေးဇူးတင်ပါတယ်.." လီဆာသည် ယဉ်ကျေးသောအပြုံးဖြင့် ကျေးဇူးတင်စကားပြောလိုက်ပြီး သူမ၏ကိုယ်ပိုင်ကွန်ပျူတာနှင့်ချိတ်ဆက်ထားသောစနစ်တစ်ခုကိုဖွင့်ပြီး ကြယ်တာရာကွန်ရက်ပေါ်တွင် ရှာဖွေခဲ့သည်။ သူမလိုချင်သည့်အရာကို ရှာတွေ့ပြီး မကြာခင်မှာပင် လီဆာသည် လူသားအရာရှိနှစ်ယောက်၏ စောင့်ကြည့်နေသောမျက်လုံးများအောက်မှာပင် သူမ၏ လက်ချောင်းထိပ်မှနေ ငွေရောင်ကြိုးကို ထုတ်လွှတ်လိုက်သည်။
“—!” လူသားအရာရှိနှစ်ဦးသည် ထိတ်လန့်သွားသည်။ ထိုပိုးကြိုး၏လက္ခဏာကို သူတို့ သိသည်။
ရှန်းမုနှင့် ဟန်မာတို့သည် သူတို့ရှေ့ရှိ အမျိုးသမီးဇက်၏ အသွင်သဏ္ဍာန်အမှန်ကို သိကြသည်။ တစ်ဖက်လူသည် ဒုတိယစစ်တပ် ခေါင်းဆောင်၏လက်ထောက်ပင်။
ဒုတိယစစ်တပ်ခေါင်းဆောင်၏ လက်ထောက်သည် ပထမစစ်တပ်၏ကြယ်မြို့တော်တွင် အဘယ်ကြောင့်ပေါ်လာရသနည်း။ ရှန်းမုနှင့် ဟန်မာတို့သည် အကြောင်းရင်းများကို ရှင်းလင်းစွာ မသိကြပေ။ဇက်စစ်တပ်နှစ်ခု ပေါင်းစည်းသွားသည်ဟု ဆိုလိုသလား။ ထိုသို့ဖြစ်ခဲ့လျှင်ပင် ဤအချက်အလက်များကို အခုအခါ ကမ္ဘာမြေဆီသို့ ပြန်မပို့နိုင်သေးပေ။
တစ်ဖက်လူ၏လက်ချောင်းများမှ ထုတ်လွှတ်သော ငွေရောင်ကြိုးသည် အာရုံကြောများကို ပျက်စီးစေသည့်အဆိပ်များပါ၀င်သော အဆိပ်ကြိုးဖြစ်သည်။ အဆိပ်သည် အလွန်ကြောက်စရာကောင်းသောကြောင့် သူတို့၏ခန္ဓာကိုယ်ကို ထိုအဆိပ်ရှိသည့်ကြိုးများဖြင့် သုံးစက္ကန့်ထက်ပိုကြာအောင် ချည်နှောင်ထားသရွေ့ သူတို့၏လှုပ်ရှားမှုများ လုံးဝပျောက်ကွယ်သွားပြီး သူတို့၏နှလုံးခုန်သံများသည်လည်း မကြာခင်မှာပင် ရပ်တန့်သွားပေလိမ့်မည်။
ထိုအမျိုးသမီးဇက်၏နူးညံ့သည့်အပြုံးကို မကြည့်ကြနဲ့။ ၎င်းသည် သူမသားကောင်၏သတိရှိမှုကို ပြေလျော့သွားစေရန် တစ်ဖက်လူက အတုခိုးဟန်ပြလုပ်ဆောင်ခြင်းမျှသာဖြစ်ကြောင်း ရှန်းမုနှင့် ဟန်မာတို့ သိကြသည်။ ဤအမျိုးသမီးသည် တကယ်တမ်း၌ ခံစားချက်မရှိဘဲ အေးစက်သည့်ဇက်တစ်ကောင်ပင်ဖြစ်သည်။
တဖက်လူသည် သူတို့ရှေ့၌ပင် ထိုအဆိပ်ကြိုးကို သုံးနေသောကြောင့် သူတို့သည် တန်ဖိုးမရှိစွာ အခုပင်သတ်ခံရတော့မည်ဖြစ်ကြောင်း ဖော်ပြနေပေသည်။ ထိုမြင်ကွင်းကို နှစ်ယောက်သား တည်ငြိမ်စွာ ကြည့်နေကြသည်။ သူတို့သည် လူသားမျိုးနွယ်အတွက် အသက်ပေးရန် အဆင်သင့်ဖြစ်နေပေပြီ။
ခါချာ—
သူတို့ဘေးရှိ သစ်သားစားပွဲကို အမျိုးသမီးဇက်က ခွဲပစ်လိုက်သည်။ တစ်ဖက်လူသည် သစ်သားကို ချွန်ထက်နေသော တုတ်ချောင်းနှစ်ချောင်းဖြစ်အောင် ပိုင်းဖြတ်လိုက်သည်ကို လူသားနှစ်ယောက်ကအံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။ ထို့နောက် အမျိုးသမီးဇက်သည် ကြောက်မက်ဖွယ် အဆိပ်အတောက်များပါဝင်သောကြိုးကို ထိုသစ်သားချောင်းနှစ်ချောင်းပတ်ပတ်လည်တွင် ထားလိုက်၏။ ထို့နောက် သူမသည် သူတို့ရှေ့တွင် ထိုင်ကာ တုတ်ချောင်းနှစ်ချောင်းကို အသုံးပြုပြီး...
ရက်နေတယ်...
လည်စီး ရက်နေတာလား...
လက်ရှိအဖြစ်မှန်က လူသားအရာရှိနှစ်ဦးကို အံ့အားသင့်စေခဲ့ပြီး သူတို့မှာ သူတို့၏ဘဝကို စတင်သံသယဝင်လာကြလေသည်။