အခန်း ၂၁
Viewers 11k

Chapter 21

CHAPTER 21




မည်သည့်လက်နက်မျှမရှိဘဲ သာမန်လူသားမိန်းကလေးနှင့်တူသည့် မိန်းကလေးဇက်သည် ဆိုဖာပေါ်တွင်ထိုင်နေလျက် သစ်သားဖြင့်ပြုလုပ်ထားသော တုတ်ချောင်းနှစ်ချောင်းဖြင့် လည်စည်းပဝါအား ရက်လုပ်နေလေသည်။ အခန်းငယ်လေးထဲတွင် ထောင်သွင်းအကျဉ်းချခံထားရသည့် လူသားဝန်ထမ်းနှစ်ဦးမှာ သူတို့၏အသက်ကိုသူတို့သံသယဝင်နေရင်း ကြည့်နေကြ၏။


ထိုင်လျက် ပဝါဖြင့်ယမ်းနေသောမိန်းကလေးဇက်သည် လူနှစ်ယောက်အားစောင့်ကြပ်နေပုံမရသော်လည်း အပြင်၌မည်သည့်အစောင့်မှမရှိလျှင်ပင် မဆင်မခြင်မလုပ်ရဲကြပေ။ လူ့ဘောင်အဖွဲ့အစည်းတွင်ဆိုလျှင် သာမန်အားဖြင့် မိန်းကလေးများကပို၍အားနည်းကြသည်ဆိုသည့်အချက်က မမှားယွင်းပေ။ ၎င်းက မျိုးရိုးဗီဇအလိုက် ဆုံးဖြတ်ပိုင်းခြားပြီးသားဖြစ်သည်။ လေ့ကျင့်ခန်းပုံမှန်မလုပ်သည့် သာမာန်လူသားမိန်းကလေးဆိုလျှင် သူမလောက်သန်မာနိုင်မည်မဟုတ်ချေ။


ထိုကဲ့သို့သိမြင်နားလည်ခြင်းက ဇက်မိသားစုများတွင် ကျိုးကြောင်းမညီညွတ်။ ဥပမာအားဖြင့်ဆိုလျှင် ဒုတိယစစ်တပ်၏ခေါင်းဆောင်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏တိုက်ခိုက်နိုင်စွမ်းက မည်သည့်မျိုးနွယ်စုက စစ်သားများကိုမဆို ကြောက်ရွံ့မှုများဖြစ်ပွားစေနိုင်သည်။


ပဝါအား ရက်လုပ်နေသော မိန်းကလေးဇက်၏ပုံစံကို နာရီပေါင်းများစွာမြင်နေရသော်လည်း လူသားဝန်ထမ်းနှစ်ယောက်ဟာ စိတ်လှုပ်ရှားနေရာမှတိတ်ဆိတ်ခြင်းဘက်သို့ရောက်သွားကြသည်။ သူတို့က တကယ်ပဲ ဇက်တွေရဲ့ အမာခံနယ်မြေမှာ အဖမ်းခံထားရတဲ့သူတွေလား။ ရှန်းမုနှင့် ဟန်မာက သူတို့၏စိတ်ထဲတွင် ထိုအတွေးများကိုဝင်နေခြင်းအား မတားဆီးနိုင်ကြပေ။


ထိုအချိန်တွင် မိန်းကလေးဇက်က သူ၏လက်ကို လှုပ်ရှားနေခြင်းမှ ရပ်လိုက်လေသည်။ ထိုအချိန်က ဘုရင်စားသောက်ရန် ကျရောက်ချိန်ဖြစ်၏။


လီဆာက သူမဘေးက အကျဉ်းချခံထားရသော လူသားနှစ်ယောက်ကိုကြည့်လိုက်ပြီး မတ်တပ်ထမရပ်ခင် ခေတ္တတွေးကာ သူတို့ထံသို့ ပြုံးပြလိုက်သည်။


“နောက်မှ ရှင်တို့နဲ့ စကားကောင်းကောင်းပြောမယ် ဒီနေ့တော့ အချိန်မရှိတော့ဘူး”


အမှန်တွင် လီဆာသည် လူသားများ၏ ရေတပ်သင်္ဘောက အဘယ်ကြောင့် ယနေ့ တူဆာနှင့်ကပ်လျက် ကြယ်အစုအဝေးထံသို့ ရောက်ရှိလာရကြောင်းကို စိစစ်မေးမြန်းရန်ရောက်ရှိလာခြင်းဖြစ်သည်။ လူသားများ၏ ရေတပ်သင်္ဘောက ကြယ်တာရာခေတ်၏ ပင်လယ်ဓားပြများနှင့် ကြုံတွေ့လိုက်ရသည်က ကံဆိုးသော်လည်း မူလရည်ရွယ်ချက်ကတော့ စူးစမ်းရှာဖွေရန် ထိုက်တန်သွားခဲ့၏။


လီဆာက အခန်းထဲကိုဝင်လာသည့်အချိန်တွင် ဘုရင်က ‘လည်စည်းပဝါ’ ဟုခေါ်သောအရာကိုလိုချင်ကြောင်း တွေးမိဖြစ်သည်။ ထိုအရာက မည်သည်ကိုပြောမှန်းမသိသည့်အတွက် လူသားနှစ်ယောက်ကို မေးမြန်းခဲ့ခြင်းဖြစ်၏။ လည်စည်းပဝါကို ရက်လုပ်နေရခြင်းက စိစစ်မေးမြန်းရသည့်အလုပ်ထက် အရေးကြီးသည်။ လီဆာက အိပ်ရာထက်တွင်နေထိုင်သော လူငယ်လေးအကြောင်းကိုတွေးမိပြီး သူမ၏မျက်နှာက ခေတ္တမျှ အေးခဲသွားရသည်။ ထို့နောက် သူမက အရှေ့က လူသားနှစ်ယောက်ကိုကြည့်ကာ ထပ်မံပြုံးလိုက်၏။


“ဒါနဲ့ ခုနက ရှင်တို့ပေးခဲ့တဲ့ အာဟာရချက်ပြုတ်နည်းလေးက ကောင်းတယ် ကျေးဇူးအများကြီးတင်ပါတယ်..”


အစားအစာများကို ချက်နည်းအတိုင်းပြုလုပ်ထားပြီး ကုဟွိုက်က ထိုအစားအစာများကို စားရခြင်းကို ကျေနပ်နှစ်သက်၏။ လီဆာက ဤကိစ္စကိုစိတ်ထဲတွင်မှတ်ထားပြီး လူသားများကို သူမ စစ်ဆေးပြီးလျှင် မည်သည့်ဆိုးရွားသည့်ရည်ရွယ်ချက်မျှမရှိပါက လွှတ်ပေးလိုက်ရန် တူဆာ၏ဝန်ထမ်းအကြီးအကဲအား ပြောကြားရန် စဉ်းစားနေသည်။


“... ရပါတယ်” လူသားနှစ်ယောက်က အင်တင်တင်ဖြင့် ပြန်ဖြေလိုက်သည်။


လူသားနှစ်ယောက်ဟာ သူတို့ဘာကြောင့် စကားဝိုင်းကျနေမိမှန်းမသိတော့။ သူတို့ကပဲ မနိုးထသေးတာလား၊ စကြဝဠာကြီးကပဲ ပြောင်းလဲသွားတာလား။


မိန်းကလေးဇက်က ရက်လုပ်ထားသော လည်စည်းပဝါကိုယူပြီး ထွက်သွားမှ စိတ်သက်သာရာဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ တစ်ဖက်လူက အဆိပ်အတောက်ရှိသောလည်စည်းပဝါဖြင့်ဘာလုပ်ရန်ကြိုးစားနေမှန်းမသိချေ။ ထိုကဲ့သို့သော အဆိပ်ရှိသည့်ကြိုးများတွင် ဦးနှောက်အားဖျက်ဆီးနိုင်သောအဆိပ်ဓာတ်များပါဝင်ပြီး ပါးလွှာသည့်ကြိုးလေးတစ်ကြိုးကပင် ခန္ဓာကိုယ်ကို ရစ်ပတ်မိလျှင် အသက်အန္တရာယ်ရှိနိုင်သည်။


ယခုအခါ တစ်ဖက်လူက ထိုကဲ့သို့သောငွေသတ္တုကြိုးများကို ပဝါထဲတွင်ထည့်၍ ရက်လုပ်ထားသည်။ လူသားနှစ်ယောက်ဟာ ထိုကဲ့သို့ကိစ္စမျိုးကို စိတ်ကူးယဉ်ဖို့တောင် မဝံ့ရဲလောက်ပေ။ ထိုပဝါကို ဝတ်ဆင်လိုက်သောသူသည် ရုန်းကန်ချိန်တောင်မရှိပဲ အကြောများသေကာ ချက်ချင်းသေဆုံးသွားမည်ဖြစ်သည်။


လီဆာက အခန်းငယ်ထဲမှထွက်လာပြီးနောက် ရက်မပြီးသေးသောပဝါကို အဝေးသို့ပို့လိုက်သည်။ ထို့နောက် သူမက စစ်တပ်အဆောက်အအုံနှင့်သိပ်မဝေးသည့် စည်ကားသောသီးသန့်အိမ်ရာသို့ အလျင်အမြန်သွားလိုက်၏။


ထိုအချိန်တွင် ကုဟွိုက်၏ညစာက ပြင်ဆင်ပြီးပေပြီ။ နွားနို့ခွက်ရှိသေးသော်လည်း ကုဟွိုက်သည် ယခုဆိုလျှင် ဇက်အဖွဲ့များရှေ့တွင် သာမန်ပုံစံဖြင့် နွားနို့သောက်နေနိုင်ပြီဖြစ်သည်။ ညစာစားပြီးလျှင် အချိုတည်းစရာများလည်းရှိသည်။ ကာ့ပါးလီယာ၏ဘေးတွင်ရှိသော မိန်းကလေးဇက်က သူ့အား အေးစက်သည့်အမူအရာဖြင့် ပူတင်းပေးလာသည်ကို တွေ့သွားပြီးနောက် သူက သူ့ကိုတွေ့တိုင်း ဘာလို့အမြဲအေးစက်နေရသလဲဆိုသည်ကို မေးချင်မိသည်။


သို့သော်လည်း ကုဟွိုက်က နှုတ်မဟပေ။ သူက ဘေးတွင် ဇက်များရှိနေသည့်အချက်ကိုစဉ်းစားမိပြီး သီးသန့်စကားပြောရန်သာဆုံးဖြတ်လိုက်သည်။ ကုဟွိုက်က သူမ သူ့အား မကျေနပ်နေရသည့်အချက်ကို သိချင်မိ၏။ သို့မဟုတ်လျှင် မရည်ရွယ်ပဲ အမှားတစ်ခုခုလုပ်မိ၍ ဤမျှအခြေအနေထိဖြစ်သွားရသည့် အကြောင်းအရင်းကိုသူသိမည်မဟုတ်ချေ။


အတွေးများနှင့်ကုဟွိုက်၏ အကြည့်များက သူမရှိရာ၌ စက္ကန့်ပိုင်းမျှရပ်တန့်နေသည်ကို လီဆာသတိထားမိသွားသည်။ ထို့နောက် မိန်းကလေးဇက်၏မျက်လုံးက ပို၍ပင် အေးစက်လာတော့သည်။ ထိုသို့တွေ့ရှိမှုက ကုဟွိုက်ကို သူ့ထံမှအကြည့်များအား အမြန်ဆုံးဖယ်စေ၏။ လူများကိုငေးကြည့်ခြင်းက အမှန်တကယ် မှားယွင်းသည်။ သူ့အကြည့်များကို အဝေးသို့ပို့လိုက်မှသာ တစ်ဖက်လူ၏ဟန်ပန်က အနည်းငယ် ပျော့ပျောင်းသွားခဲ့၏။


ကုဟွိုက်က ယနေ့ညနေတွင် သူမနှင့်စကားသီးသန့်ပြောရန် အခွင့်ရေးမရခဲ့ချေ။ သူက မျက်လုံးကိုပွတ်ကာ သက်ပြင်းချလိုက်ပြီး မနက်ဖြန်မှ အခွင့်အရေးကို ရှာရန် စဉ်းစားလိုက်သည်။


ကုဟွိုက်ကား သူ့အားမုန်းသည့်မိန်းကလေးဇက်က သူမ၏ နားနေခန်းကိုပြန်သွားပြီး အခန်းမီးဖွင့်ထားသည်ကို မသိချေ။ လီဆာက ကုတင်ပေါ်တွင်ထိုင်၍ နေ့ခင်းက မပြီးခဲ့သည့် ရက်လုပ်လက်စ ပဝါကိုဆက်၍ လုပ်နေသည်။


အမှန်တွင် လီဆာသည် ဖမ်းမိထားသောလူသားများထင်သလို အဆိပ်ရှိသည့်ငွေရောင်ကြေးနန်းကြိုးများကို ရက်လုပ်နေခြင်းမဟုတ်ပေ။ ဦးနှောက်အားထိခိုက်နိုင်သော လျှပ်စစ်ကြိုးများပါရှိသည့်အရာသည် ရန်သူများနှင့်တိုက်ခိုက်ရန်တွင်သာ လိုအပ်သည်။ လီဆာက သူမ လုပ်ချင်လျှင် ပင်သာမာန်အဆိပ်မပါသည့်ကြိုးများကိုသာလုပ်နိုင်သည်။ သို့သော်လည်း သာမန်ငွေကြိုးကိုလုပ်ခြင်းက သူမအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်နေ၏။


ဒီပဝါကို နည်းနည်းလေးပိုပြီးလှပအောင် ဘယ်လိုလုပ်ရမလဲ။


အမှန်တွင် ပဝါအား ရက်လုပ်ရခြင်းနှင့် သူမ အကျွမ်းတဝင်မရှိပေ။ ကြယ်ကွန်ရက်တွင် နည်းပြခံယူပြီးနောက် လီဆာမှာ ညတိုင်း ချည်ထိုးခြင်းလုပ်ငန်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ နောက်နေ့မနက်တွင် ကုဟွိုက် နိုးလာပြီး မနေ့က စားပွဲဘေး ရပ်နေသည့် သူစကားပြောချင်နေခဲ့သော မိန်းကလေးဇက်အားတွေ့ခဲ့သည့်နေရာဖြစ်သော ပထမထပ်ကိုတက်သွားလေသည်။


ကုဟွိုက်က လှေကား၏နောက်ဆုံးအထစ်ကို နင်းလိုက်သည်။ တစ်ဖက်လူရှိရာဆီသို့မသွားခင် ကုဟွိုက်သည် ပယင်းရောင်မျက်လုံးဖြင့် သူ့ထံသို့ လျှောက်လှမ်းလာနေသော မိန်းကလေးဇက်အား တွေ့လိုက်ရ၏။


လီဆာက သူမလက်ထဲတွင်ရှိသည့်အရာအား ကုဟွိုက်ထံသို့ပေးလိုက်ပြီး အေးစက်သောအမူရာဖြင့် စကားမပြောခင် တုံ့ဆိုင်းနေခဲ့သည်။


“မနေ့က အရှင်က ပဝါလိုချင်တယ်လို့ ကျွန်မကြားခဲ့လို့… အရှင်လိုချင်တဲ့ ‘ပဝါ’ ဆိုတာ ဒီဟာလား..”


ကုဟွိုက်က သူ့ထံကမ်းပေးလာသော ငွေရောင်ပဝါလေးအားတွေ့သောအခါ ချက်ချင်းမတုံ့ပြန်နိုင်ပေ။ သူတွေးတောမရနေသည့်အချိန်တွင် သူ့အရှေ့က မိန်းကလေးဇက်က ပဝါလေးအား ပေးကမ်းလာခဲ့သည်။ ထိုပဝါသည် လက်ဖြင့်ရက်လုပ်ထားခြင်းဖြစ်မှန်း သိသာ၏။ ကုဟွိုက်က သူ့တုံ့ပြန်မှုကိုစောင့်နေသည့် တစ်ဖက်လူ၏မျက်လုံးအားကြည့်လိုက်ကာ ထိုပဝါက သူ့အတွက် တစ်ဖက်လူက ထိုးပေးထားခြင်းဖြစ်မှန်း နားလည်သွားရသည်။


ကုဟွိုက်က မေးလိုက်သည်။ “ဒါက ငါ့အတွက်လား..”


“ဟုတ်..” လီဆာက ဦးမညွတ်ခင် ဖြည်းဖြည်းချင်းခေါင်းညိတ်ပြီး မေးလာသည်။ “ဒါက ကျွန်မ ပထမဆုံးလုပ်ထားတာဖြစ်လို့ ပဝါက တော်တော်လေးကို ရိုးရှင်းပြီး သိပ်မလှပါဘူး… အရှင်မကြိုက်ဘူးဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာ တခြားတစ်ခုလုပ်ပေးပါ့မယ်..”


ကုဟွိုက်က ချက်ချင်းခေါင်းခါလိုက်ကာ ပဝါအား လျင်မြန်စွာယူလိုက်သည်။ “ဒါက အရမ်းကြည့်ကောင်းပါတယ် ငါကြိုက်တယ်..”


သူက ပဝါကိုကြိုက်ကြောင်းပြောလိုက်ချိန်တွင် မိန်းကလေးဇက်၏ အေးစက်သောမျက်နှာပေါ်တွင် နှစ်စက္ကန့်လောက်ကြာသည့်အပြုံးတစ်ခုပေါ်ပေါက်လာကြောင်း‌ တွေ့လိုက်ရသည်။


တစ်ဖက်လူ၏ သေးငယ်သောအပြုံးကိုကြည့်ပြီး ကုဟွိုက်က မနေနိုင်ပဲ မေးလိုက်သည်။ “မင်းဘာလို့ ငါ့ရှေ့မှာ တစ်ခါမှမပြုံးတာလဲ..”


ဤပဝါအား သူ့ကိုပေးသည့်အဓိပ္ပာယ်က သူမ သူ့ကို မုန်းနေသည်ဟုမဆိုနိုင်ပေ။ ကုဟွိုက်အတွက် ထိုအချက်က သေချာသည်။ ထို့သို့ဆိုလျှင် တစ်ဖက်လူက ဘာကြောင့်များ သူ့မျက်စိရှေ့ရောက်လျှင် ဘာလို့ အေးစက်သည့်မျက်နှာဖြစ်သွားရပါသလဲ။ ကုဟွိုက် အခုထိ နားမလည်သေးပေ။


လီဆာက ကုဟွိုက် ထိုမေးခွန်းကိုမေးမည်ဟု မမျှော်မှန်းထားသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။


“လက်အောက်ငယ်သားဆိုတာ အရှင့်ရှေ့မှာ မှားယွင်းတဲ့မျက်နှာထားမျိုးနဲ့ မျက်နှာချင်းဆိုင်လို့မရပါဘူး..”


လီဆာက လိုအပ်မှသာပြုံးသည်။ အဆင့်မြင့်ဇက်အများစုက အလွန်ကြည့်ကောင်းသည့် သွင်ပြင်ရှိကြ၏။ သူတို့၏ရန်သူကို ထိုပုံစံဖြင့် ရွေ့လျားအောင်လုပ်ပြီး သတိပေးမှုကိုလျှော့ချရန်ဆိုလျှင် တချို့သောဇက်များက ယင်းကို အခွင့်အရေးယူပြီးအသုံးချရန် မတုံ့ဆိုင်းကြချေ။ မျက်နှာအမူအရာနှင့် ခံစားချက်များက ရန်သူကို လှည့်ဖျားရန် အတုခိုးနိုင်သောအရာများဖြစ်သည်။ လီဆာက ထိုကဲ့သို့သောဇက်များ၏ ခေါင်းဆောင်ဖြစ်သော်လည်း ကုဟွိုက်ရှေ့တွင်တော့ သူမ၏အစစ်အမှန်ကိုချပြချင်ခဲ့သည်။


တစ်ဖက်လူက မည်သည်ကိုဆိုလိုကြောင်း နားလည်နိုင်ရန် ကုဟွိုက်မှာ စက္ကန့်ပေါင်းများစွာ အချိန်ယူလိုက်ရ၏။ ထို့နောက်မှ သူက မျက်တောင်ခတ်လိုက်ကာ သူ့မျက်လုံးများက ကွေးညွတ်သွားရသည်။


“မင်းအခု ပြုံးနေပြီပဲ..”


လီဆာက ထိုစကားများကြောင့် သိသိသာသာ ကြက်သေသေသွားသည်။ သူမ ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ကြည့်ရန် လျင်မြန်စွာ လက်မြှောက်လိုက်သောအခါ နှုတ်ခမ်းထောင့်များက အမှန်တကယ်ကိုကွေးညွတ်နေကြောင်း သိသွားခဲ့ရသည်။


ထိုအပြုံးက အယောင်ဆောင်ထားခြင်းမဟုတ်။ လီဆာက ထိုအပြုံးနှင့် အကျွမ်းတဝင်မရှိပဲ မျက်နှာအမူအရာက ထိန်းချုပ်ခြင်းမရှိသည့်ပုံပေါ်နေသည်။ သူမ၏နှုတ်ခမ်းထောင့်ကို ဖြေလျော့ချင်သော်လည်း ထူးထူးခြားခြားမလုပ်နိုင်ခဲ့ပေ။ သဘာဝအလျောက်ရရှိသောပျော်ရွှင်မှုကြောင့်ပင်ဖြစ်ချေ၏။


“ဒီလိုအပြုံးမျိုးက အပြုံးတုမဟုတ်တော့ မင်းဒီလိုပြုံးလည်း ဘာမှမဖြစ်ပါဘူး..း” ကုဟွိုက်က တစ်ဖက်လူ တွေးနေသည့်အရာကို နားလည်သွားသည့်အတွက် သူမအားနှစ်သိမ့်ရန် အလျင်အမြန်ပြောလိုက်သည်။ လီဆာက ချီတုံချတုံဖြင့် သူမ၏လက်ကို အောက်ချလိုက်၏။ သူမအတွက်တော့ ယခုအပြုံးက ပထမဆုံး စစ်မှန်သည့်အပြုံးဖြစ်ပေသည်။


နောက်တစ်နေ့တွင်‌ ခြံထဲရှိ နှင်းများမှာထူထဲစုပုံလာပပေပြီ။


ကုဟွိုက်က ပဝါအသစ်ကို ချက်ချင်းမဝတ်ချင်သေးပေ။ ကုဟွိုက်သည် သစ်ပင်အုပ်လိုက်ကြီးကိုပင် ဖုံးကွယ်နိုင်လောက်သည့်အကျယ်အဝန်းရှိသော ခြံကြီးထဲသို့ အိမ်ရာအပြင်က တက်ခ်ဇက်ကိုခေါ်ကာ ထွက်လာခဲ့သည်။ သူက ထိုတက်ခ်ဇက်များနှင့် နှင်းလူသားဆောက်လုပ်ရန် ပေးထားခဲ့သည့် ကတိအား ဖြည့်ဆည်းရန် အဆင့်သင့်ဖြစ်နေသည်။


“ဒါက ကာရု..” ကုဟွိုက်က သွေးနီရောင်ရှိသည့် ကျောက်မျက်ရတနာနှစ်ခုအား နှင်းလူသား၏မျက်လုံးအဖြစ်အသုံးပြုကာ သူလုပ်ထားခဲ့သည် နှင်းလူသားရုပ်ထုအား ညွှန်ပြလိုက်သည်။ သူက ဘေးတွင်ရှိနေသည့်တက်ခ်ဇက်အားကြည့်ကာ ပြုံးလိုက်၏။


အမှန်၌ ထိုနှင်းလူသားက တက်ခ်ဇက်နှင့်မတူပေ။ ဖြစ်နိုင်သည့်အရာမှာ မျက်လုံးလောက်သာ။ သို့သော်လည်း တက်ခ်ဇက်က သူ့နာမည်ကိုကြားပြီး ရှုးရှုးရှဲရှဲအသံများဖြင့် တုံ့ပြန်သည်။ ကုဟွိုက်ဘေးက တခြားတက်ခ်ဇက်များကတော့ ကြက်သွေးရောင်မျက်လုံးများနှင့် နှင်းလူသားကိုကြည့်နေပြီး ကုဟွိုက်ကိုခေါ်လိုက်သည်။


“မင်းအတွက် နောက်တစ်ခုလုပ်ပေးမယ် ...ဒုတိယတစ်ခုကို စမယ်.. ”


ကုဟွိုက်က ဇက်များအားလုံးအတွက် နှင်းလူသားလုပ်ပေးရန်အသင့်ဖြစ်နေသည်။ သူခြေလှမ်းများကိုဘေးတိုက်သွား၍ မြေပြင်ပေါ်မှ နှင်းများကိုယူရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။


ထိုအချိန်တွင် ကုဟွိုက်၏နေရာ၌ လှိုင်းလုံးစွမ်းအားများ အတက်အကျရှိနေခဲ့သည်။ ဤသည်က အာကာသကူးပြောင်းသည့် စွမ်းအင်များဖြစ်၏။ ထို့နောက် မူမမှန်သည့်အာကာသာပေါ်မှ လူသားနှစ်ယောက်ဟာ ဆင်းသက်လာပြီး ကုဟွိုက်ကို တိုက်မိသွားခဲ့သည်။ သူတို့သည် လူတစ်ယောက်ကို တိုက်မိလိုက်မှန်းမမြင်လိုက်ပေ။ လူသားဝန်ထမ်းနှစ်ဦးသည် အာကာသကူးပြောင်းခြင်းဖြစ်စဉ်ကိုပြီးမြောက်ပြီး တစ်ဖက်လူအား ဇက်အဖြစ် သတ်မှတ်လိုက်သည်။ သူတို့က တစ်ဖက်လူအား မြေပြင်ပေါ်သို့ ချက်ချင်းဖိနှိပ်ချလိုက်ကာ နှိမ်နင်းတော့၏။


ရလဒ်က သူတို့သည် မျက်နှာများကို အချင်းချင်းတွေ့မြင်သွားကြခြင်းသာ။ လူသားဝန်ထမ်းနှစ်ဦးသည်လည်း တစ်ချိန်တည်းမှာပဲ အံ့အားသင့်မှုမျက်နှာထားများဖြစ်သွားကြလေသည်။ “... လူသားလား”


မျက်လုံးများက ဝိုင်းစက်ပြီး ဇက်မျိုးနွယ်စုများကဲ့သို့ သွင်ပြင်မရှိပေ။ သူတို့အရှေ့က ဆံပင်အနက်နှင့်လူငယ်လေးက သေချာပေါက် လူသားစင်စစ်ဖြစ်ပေသည်။ အာကာသမှကူးပြောင်းလာပြီး ဇက်များနှင့်ကြုံတွေ့ရခြင်းက ကံဆိုးခြင်းဟု သတ်မှတ်နိုင်သည်။ ရလဒ်ကတော့ ကိုယ့်လူမျိုးအချင်းချင်းလာတွေ့ရခြင်းပင်ဖြစ်လိမ့်မလား။


သူတို့၏ လူမျိုးတူက တက်ခ်ဇက်အဖွဲ့များ၏ ဝန်းရံခြင်းကိုခံထားရသည်။ ထိုသို့မြင်တွေ့လိုက်ရခြင်းက ရှန်းမုနှင့် ဟန်မာကို ခေါင်းကိုက်စေ၏။ အခု သူတို့ ဘာလုပ်သင့်လဲ။


“စီ–”


ကြက်သွေးရောင်မျက်လုံးများနှင့် လူသားနှစ်ယောက်အားကြည့်နေကြရင်း ဇက်များ၏ ရှုးရှုးရှဲရှဲအသံသည် ထင်ရှားပြတ်သားလာခဲ့သည်။ ထိုလူသားများက မည်သည့်အရာကို လုပ်ချင်သည်ဖြစ်စေ၊ တက်ခ်ဇက်များကား သူတို့၏ကလေးက လူသားနှစ်ယောက်၏အနိုင်ကျင့်ခြင်းကိုခံနေရခြင်းကို တွေ့ပြီး အစုလိုက်အပြုံလိုက် ဒေါသူပုန်ထသွားကြတော့၏။