အခန်း ၂၂
Viewers 10k

Chapter 22

Chapter -22




ထိုဖြစ်ရပ် ဖြစ်ပျက်သွားရပုံကိုသိရရန် အချိန်အား နောက်ဆယ်မိနစ်ဆီသို့ ပြန်ရစ်ကြည့်ကြပါစို့။


ထိုကဲ့သို့ အာကာသပြောင်းရွေ့မှုက ကြယ်အစုအဝေးများကြားတွင် ရှားပါးသည်။ ရှန်းမုက ပိုင်ရှင်အနည်းငယ်ထဲမှ တစ်ဦးအပါဝင်ဖြစ်၏။ ထိုသို့လုပ်နိုင်စွမ်းက စိတ်စွမ်းအင်အများကြီးကုန်ဆုံးနိုင်သည်။ အကွာအဝေးက ပို၍ဝေးကွာလေ စိတ်စွမ်းအင်အသုံးပြုမှုက ပို၍ကြီးမားလေသာဖြစ်၏။


မဟူရာသဲမှုန် ကြယ်တာရာဓားပြများထံမှ အဖမ်းခံခဲ့ရသည့်အချိန်တွင် ရှန်းမုနှင့် ဟန်မာသည် နေ့ရက်ပေါင်းများစွာ တစ်ဆက်တည်း စစ်ဆေးခံခဲ့ရသည်။ သူတို့သည် စစ်ကြောမေးမြန်းမှုများကို ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ခဲ့ရသည်။ ထိုလူများကား တူဆာ၏အကျဉ်းထောင်တွင်နေခဲ့ရသော ရက်သတ္တ နှစ်ပတ်အတွင်းမှာသာ အားပြန်ဖြည့်နိုင်ရန် အခွင့်ရေးရခဲ့သည်။


လုံလောက်သောစိတ်စွမ်းအင်များကို ပြန်လည်ရရှိကာ စုဆောင်းပြီးနောက်ပိုင်း ဇက်များထိန်းချုပ်ထားသောအခန်းငယ်ထဲတွင် သူတို့စီစဉ်နေခဲ့သည်က လွတ်မြောက်ရန်သာဖြစ်သည်။ သူတို့ရက်သတ္တ နှစ်ပတ်အထိ ဖမ်းခံထားရသော်လည်း ပြင်းပြင်းထန်ထန်နှိပ်စက်ခြင်းမခံခဲ့ရသလို မည်သည့်ညှင်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရခြင်းမရှိခဲ့ပေ။ သူတို့ ထောင်မှာနေခဲ့ရခြင်းက အေးချမ်းငြိမ်သက်သော်လည်း နောက်ဆုံးတော့ သူတို့သည် လူသားများသာဖြစ်သည်။


လူသားများနှင့်ဇက်များကြားတွင် ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးမရှိပေ။ ဇက်များသည် သူတို့ကို လွယ်လွယ်ကူကူနှင့် လွှတ်ပေးမည်မဟုတ်သလို ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းနှင့် တစ်စုံတစ်ရာကိုဖလှယ်ရန်အတွက်လည်း စကားပြောဆိုရန် စဉ်းစားမည်ပင်မဟုတ်။ သူတို့သည် ဇက်များ၏သတ်ဖြတ်ခြင်းအပြင် ဖမ်းဆီးခြင်းပါခံခဲ့ရသည့် အကျဉ်းသားများရှိရာဂြိုဟ်မှ အဖမ်းခံထားရသူများဖြစ်သည်။ ကောင်းမွန်သောအဆုံးသတ်ရှိမည်မဟုတ်သည့်အလျောက် ကံနှင့်ပင်ယှဉ်ပြိုင်တိုက်ခိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။


သူက တူဆာပေါ်ကိုခြေမချခဲ့ရဘဲ အပြင်ပတ်ဝန်းကျင်ကိုမြင်ခွင့်မရသလို အခန်းထဲ၌သာပိတ်လှောင်ခံခဲ့ရသည့်အတွက် ရှန်းမုအတွက် အာကာသရွေ့ပြောင်းမှုဟာ ကျရာနေရာသို့သာဖြစ်သည်။ ထိုအချိန်ဟာ ကံနှင့်တိုက်ခိုက်ရမည်အချိန်သာဖြစ်ပေ၏။ သူတို့ ကျရာပြောင်းရွေ့လာသည့်နေရာတွင် မည်သည့်ဇက်ကိုမှမတွေ့လျှင် သူတို့၏အစီစဉ်အတိုင်း နောက်ထပ်ခြေလှမ်းထပ်လှမ်းနိုင်သည်။


ဤကဲ့သို့အာကာသရွေ့ပြောင်းမှုက သူတို့နှစ်ယောက် အခုထိ ကံဆိုးနေသေးမှန်း ပြသနေသည်။ ယခုဆိုလျှင် သူတို့မျက်စိရှေ့တွင် တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... နှစ်ဒါဇင်လောက်ရှိသောတက်ခ်ဇက်များက ဝန်းရံနေလေ၏။ မည့်သည့်အရာက တက်ခ်ဇက်များကို ဒေါသထွက်စေမှန်းမသိသော်လည်း သူတို့၏မျက်လုံးများက လက်ရှိမှာ ဒေါသူပုန်နေကြသည့်အနေအထားတွင်ရှိသည်။


တက်ခ်ဇက်များက သူတို့ကို လူသားများအဖြစ်မြင်တွေ့သွားကြလို့ဖြစ်မလား။ လူမျိုးနှစ်စုကြားက ဆက်ဆံရေးကတော့ မကောင်းသော်လည်း သူတို့ထိပ်တိုက်တွေ့သည်နှင့် ဆူပူရမ်းကားကြသည်လား။


သူဖမ်းချုပ်ထားသည့်လူငယ်လေးက ဇက်မဟုတ်ပဲ လူသားဖြစ်နေကြောင်းကို ဟန်မာသိသွားသည်နှင့် ကောင်လေးအား ဖမ်းကိုင်ထားသောအားကို လျင်မြန်စွာ ဖြေလျော့လိုက်သည်။ ထိုအခြေအနေက အလွန်တင်းမာနေသော်လည်း အံ့အားသင့်နေမိရုံမှတစ်ပါးမတတ်နိုင်ချေ။


“ချီးပဲ တစ်ခုခုများမှားနေတာလား… လူမျိုးတူချင်းလာတွေ့တာက ကောင်းပေမယ့် ဘာလို့ ဒီအချိန်မှလဲ—”


သူတို့က အာကာသရွေ့ပြောင်းမှုနှင့် ကျရာနေရာကိုကူးပြောင်းသွားပြီး တူဆာရှိ ဇက်များ၏အမာခံနယ်မြေတွင် လူသားတစ်ယောက်ကိုတွေ့ရှိခဲ့ရကာ ထိုကဲ့သို့ ကံကောင်းမှုကလည်း အလွန်ကိုရိုးရှင်းလှသည်။ လူမျိုးတူချင်းတွေ့ရခြင်းတွင် မည်သည့်ပျော်ရွှင်မှုမျှမရှိခဲ့ချေ။ သူတို့သည် ယခုလက်ရှိတွင် ဇက်များ၏ဂြိုဟ်ပေါ်တွင် ရောက်ရှိနေခြင်းဖြစ်ပြီး လူသားတစ်ယောက်နှင့် ဤနေရာမှာတွေ့ရခြင်းကလည်း သိပ်ပျော်စရာမကောင်းပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ဤနေရာမှာ သေသွားနိုင်သောကြောင့်ဖြစ်သည်။


ကုဟွိုက်၏အမြင်နှင့်ကြည့်လျှင် လေထုမှဆင်းသက်ကြလာသည့်သူထံမှ မြေပြင်ပေါ်သို့ အလဲထိုးတိုက်ခိုက်ခြင်းခံခဲ့ရသည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းသည့်အတွက် မည်သို့တုံ့ပြန်ရမှန်းပင်မသိချေ။ ကုဟွိုက်က ဤဂြိုဟ်ပေါ်ကိုရောက်ရှိပြီးနောက်ပိုင်း လူသားများနှင့် ယခုလို ပထမဆုံးအကြိမ်တွေ့ရလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။


“အကျဉ်းထောင်ထဲကနေ မင်းဘယ်လိုလွတ်လာတာလဲ မင်းမှာ အာကာသစွမ်းရည်တွေရှိနေတာလား”


ထိုမေးခွန်းကိုမေးနေရင်း ဟန်မာသည် သူ့စွမ်းရည်နှင့် ကာကွယ်ရန် အတားအဆီးများကို တည်ဆောက်လိုက်သည်။ သူက ကောင်လေး၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ မြေပြင်ပေါ် မှ သူ့ဘေးသို့ဆွဲခေါ်လိုက်သည်။ ထိုကဲ့သို့ပြောနေရင်းနှင့်လည်း မျက်လုံးများက ပတ်ပတ်လည်မှ တက်ခ်ဇက်များအပေါ်တွင်ရှိနေ၏။


ထိုကဲ့သို့မေးလိုက်သော်လည်း ဟန်မာသည် ယခုအခြေနေအား သေချာသုံးသပ်နေမိသည်။ ယခုဖြစ်နေသောကိစ္စမှာ နှစ်ကြိမ်ထပ်ရှင်းပြစရာမလိုသောကြောင့်ပင်ဖြစ်၏။


ထိုလူနှစ်ယောက်က သူ့ကို လူသားဟုထင်နေသည့်အတွက်ကြောင့် ကုဟွိုက်က ယခုကိစ္စနှင့်ပက်သက်ပြီး ကောင်းကျိုးနှင့်ဆိုးကျိုးကို လျင်မြန်စွာ စဉ်းစားလိုက်၏။ ထို့နောက် သူက တစ်ဖက်လူ၏ထင်မြင်ချက်ကိုလည်း ငြင်းဆန်မရမှန်းသိလိုက်သည်။ သူ့ကိုလူသားဟုထင်လျှင် ဦးစွာတိုက်ခိုက်မည်မဟုတ်ချေ။ ထိုကဲ့သို့နည်းလမ်းက သူတို့နှင့်ရင်ဆိုင်ရန် ပိုလွယ်ကူစေလိမ့်မည်။


ထိုလူသားနှစ်ယောက်ဟာ အပေါ်မှပြုတ်ကျလာပြီး သူတို့ထဲက တစ်ယောက်က ကုဟွိုက်လုပ်ထားသော နှင်းလူသားကို တိုက်မိသွားခဲ့သည်။ နှင်းလူသားလေးဟာ နေရာမှာတင်ပျက်စီးသွားခဲ့ရပြီး ပုံပျက်သွားခဲ့ရလေသည်။ မျက်စိအဖြစ်အသုံးပြုထားခဲ့သော အနီရောက်ကျောက်မျက်လေးသည်လည်း နှင်းပုံထဲတွင် ကျလျက်ရှိနေ၏။


ဆွဲခေါ်ခံရပြီးနောက် ကုဟွိုက်က အိတ်ကပ်ထဲမှ ဖန်ဘောလုံးလေးက သူ့ခြေထောက်နားကို ပြုတ်ကျသွားသည်အား တွေ့လိုက်ရသည်။ ထိုအခြေအနေက ကုဟွိုက်အတွက် အလွန်လုံခြုံပြီး သူကလည်း ထိုဖန်ဘောလုံးလေးကို အမှန်တကယ် ကြိုက်နှစ်သက်သည့်အတွက် သူပထမဆုံးလုပ်မိသည်က ကိုယ်ကိုကိုင်းညွတ်ပြီး ဖန်ဘောလုံးလေးအား ကောက်ယူလိုက်ခြင်းသာဖြစ်၏။


“ငါတို့အားလုံး ဒီမှာသေသွားနိုင်တယ် မင်းက ဘာကိစ္စ အဲဒီဟာကို ကောက်နေရတာလဲ—” လူငယ်လေး ကောက်ယူနေသည့်အရာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။ ဟန်မာ၏အသံက ရုတ်တရက်ရပ်တန့်သွားပြီး အသံနှုန်းက မြင့်လာသည်။


“စွမ်းအင်သလင်းကျောက်လား”


ထိုစကားကိုကြားလိုက်သောကုဟွိုက်မှာ သူ့လက်ထဲမှ ဖန်ဘောလုံးလေးအား နားမလည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။ အဲဒါက သာမာန်ဖန်ဘောလုံးမဟုတ်ဘူးလား။ ကုဟွိုက်က ထိုဖန်ဘောလုံးကိုပထမဆုံးတွေ့ခဲ့သည့်အချိန် အလ်ဗ်က သူ့လက်ထဲတွင် ငြိမ်သက်စွာကိုင်ထားသည်။ ကုဟွိုက်က ထိုအရာကို ကျောက်မျက်ရတနာထက်မပိုလောက်ဟုသာ ထင်ထားခဲ့၏။


ယူဆရသည်မှာ ကုဟွိုက်၏မျက်လုံးများက အလွန်သိသာနေသည့်အတွက် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးရှိသည့်ယောင်္ကျားမှ ာဆွံ့အသွားခဲ့ရသည်။


“သူတို့ကာကွယ်စရာဖြစ်တဲ့ စွမ်းအင်သလင်းကျောက်ကို မင်းက ခိုးထားလို့ ဒီတက်ခ်ဇက်တွေက မင်းကိုဝန်းရံထားကြတာ”


ဟန်မာက ကုဟွိုက်လက်ထဲက စွမ်းအင်ကျောက်ကိုယူလိုက်ပြီး စစ်ဆေးလိုက်ကာ သူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။


ဤစွမ်းအင်သလင်းကျောက်၏ သန့်စင်မှုက အလွန်အမင်းမြင့်မား၏။ ထိုကဲ့သို့ စွမ်းအင်သလင်းကျောက်ကို ကြယ်ခေတ်တွင် အနည်းငယ်သာတွေ့ရသည်။ ၎င်းက အဆင့်မြင့်ဂြိုဟ်အဖြစ်သတ်မှတ်ရန် ထိုက်တန်သည်။ ထိုကဲ့သို့သောအရက သာမန်လူအနေဖြင့် ရရှိနိုင်သည့်အရာမဟုတ်မှန်း သိသာသည်။


တချို့သောငှက်များက အစာရေဆာချို့တဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်းပြောထားဖူးခြင်းရှိပြီး ဟန်မာသည်လည်း အမှန်တကယ် ယုံကြည်ခဲ့သည်။ လူတစ်ယောက်က ဂြိုဟ်ပေါ် မှ လွတ်မြောက်အောင်လုပ်မည့်အချက်ကိုပင် မစဉ်းစားဘဲ မည်သည့်နည်းလမ်းနှင့်များ အကျဉ်းထောင်မှလွတ်မြောက်ခဲ့ပါမည်နည်း။ ထို့အပြင် စွမ်းအင်သလင်းကျောက်ကို ခိုးယူရန် ပြေးထွက်ခဲ့သည်တဲ့လား။


အမှန်တွင် တစ်ဖက်လူက ထိုအရာကို စွမ်းအင်သလင်းကျောက်ဟုမသိပဲ ပုံမှန်ကျောက်မျက်ရတနာဖြစ်သည်ဟုသာ ထင်ခဲ့သည်။ ဟန်မာက သူ့ဘေး၌ရှိသောလူမျိုးတူသည် သူ့ဘဝထက် ပိုက်ဆံကို ပို၍ အလေးထားသည်ဟု ခံစားမိလိုက်သည်။


ထို့နောက် ယခုအချိန်တွင် ဟန်မာက သူ၏အကာအကွယ် အတားအဆီးအပြင်မှ ဒါဇင်နှင့်ချီသော တက်ခ်ဇက်များသည် သူ့လက်ထဲမှ စွမ်းအင်သလင်းကျောက်ကို မီးတောက်မျက်လုံးများဖြင့်ကြည့်နေကြကြောင်း တွေ့လိုက်ရ၏။ ထိုပုံစံက သူတို့ အလွန်အမင်း ဒေါသထွက်နေသကဲ့သို့ဖြစ်ပြီး ခြိမ်းခြောက်သည့်အနေဖြင့် သူတို့၏ လည်ချောင်းထဲကနေ ရှုးရှုးရှဲရှဲအသံများ ထုတ်လွှတ်နေကြသေးသည်။


ထိုလူသားများက သူတို့၏ကလေးငယ်ကို မြေပြင်ပေါ်အလဲထိုးတိုက်ခိုက်ခဲ့ရုံမက ကလေးဆီမှ ကစားစရာ ဘောလုံးလေးကို သူတို့မျက်စိရှေ့တွင် မကြောက်မရွံ့လုယူခဲ့သည်။ ထိုကဲ့သို့မြင်ကွင်းများက တက်ခ်ဇက်များကို စိတ်ဆိုးဒေါသဖြစ်စေသည်။ သို့သော်လည်း ထိုရန်သူများက ကုဟွိုက်၏အနားသို့ နီးကပ်လာနေသည်။ တက်ခ်ဇက်များမှာ အလွန်စိတ်ဆိုးမာန်ဆိုးဖြစ်ကာ သွေးရူးသွေးတန်းဖြစ်လျက် ပေါ့ပါးသွက်လက်စွာ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။


မျှော်လင့်ထားသည့်အတိုင်းပင်။ တက်ခ်ဇက်များ၏ အမူအရာကိုကြည့်ပြီး ဟန်မာက သူ၏အတွေးများကို ပိုသေချာနေပြီဟုထင်လိုက်သည်။ သူ့ကိုယ်သူ ကာကွယ်ရန် ခက်ခဲကြောင်းသိသော်လည်း ကမ္ဘာမြေဖက်ဒရယ်အဖွဲအစည်းစစ်တပ်ကျောင်းတွင် နှစ်ပေါင်းများစွာ သင်ယူခဲ့ရသော ပညာများကြောင့် ဟန်မာကို မားမားမတ်မတ်ရပ်တည်၍ ဆံပင်အနက်ရောင်လူငယ်လေးကို သူ့အနောက်သို့ဆွဲခေါ်ကာ ကာကွယ်ပေးလိုက်မိသည်။ သူတို့က စစ်သားများဖြစ်သည့်အလျောက် ပြည်သူများကို ကာကွယ်ရန်တာဝန်ရှိသည်။


သို့သော်လည်း ထိုသို့လုပ်ခြင်းက မကောင်းပေ။ လူငယ်လေးကို သူ့နောက်သို့ပို့လိုက်ချိန်တွင် တက်ခ်ဇက်များ၏ ခြိမ်းခြောက်နေသောအသံများက သွေးချောင်းစီးသည်အထိ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသလိုပင်။


“ခင်ဗျားတို့ ကျွန်တော့်ကို မြန်မြန်လွှတ်ပေးလိုက်တာ ကောင်းမယ်ထင်တယ်..”


ခံစားချက်များကို အာရုံခံနိုင်သည့်စွမ်းရည်မရှိသော်လည်း ကုဟွိုက်မှာ ပတ်ပတ်လည်ရှိ တက်ခ်ဇက်များက ယခုအချိန်မှာ အလွန်အမင်းဒေါသဖြစ်နေကြောင်းကိုသိသည်။ စိတ်တည်ငြိမ်အောင်လုပ်ပေးနိုင်ပါ့မလားပင် မသေချာသည့် ဒေါသူပုန်ထနေခြင်းမျိုးဖြစ်သည်။


သူ့လက်ကောက်ဝတ်က အခုထိ ဆုပ်ကိုင်ထားခြင်းခံရပြီး ကုဟွိုက် သူ့ကိုကာရံထားသည့် လူအနောက်ကနေ အနည်းငယ်သာထွက်ကြည့်နိုင်ကာ သူ့မိဘများက သူ့ကိုမြင်လျှင် ဒေါသများ အနည်းငယ်ပြေလျော့မလားဟု ကြိုးစားမျှော်လင့်မိသည်။


အမှန်တွင်တော့ ကုဟွိုက်က ဤအခြေအနေကို သူ့ဘာသာဖြေရှင်းနိုင်သည်။ လက်ရှိတွင် သူ့ကိုခုခံတိုက်ခိုက်နေခြင်းမရှိ။ ကုဟွိုက်က သူ၏စိတ်စွမ်းအင်ကို အသုံးပြုကာ ထိုလူ၏ စိတ်နယ်ပယ်ကိုလွှမ်းမိုးတိုက်ခိုက်ပြီး အနိုင်ယူနိုင်သည်။


ကုဟွိုက် ထိုသို့မလုပ်ခဲ့ခြင်းက ထိုလူသားနှစ်ယောက်သည် အန္တရာယ်ရှိသည့်အခြေအနေတွင် သူ့ကိုကာကွယ်ပေးချင်နေကြောင်းကို ခံစားမိခြင်းကြောင့်ဖြစ်သည်။ ထိုလူနှစ်ယောက်က လူကောင်းများဖြစ်ပြီး ချီးမွမ်းဖွယ်ကောင်းသော အရည်အချင်းများရှိကြောင်းကို သူနားလည်လိုက်သည်။


လက်ရှိတွင် ကုဟွိုက် သူ့တွင်ရှိသောစိတ်စွမ်းအားများက မည်မျှများပြားကြောင်းကို သေချာမသိချေ။ လုံးဝ မပြင်ဆင်ရသေးသည့်လူတစ်ယောက်ကို သာမန်ကာလျှံကာ တိုက်ခိုက်လိုက်မည်ဆိုလျှင် ဘယ်လောက်ထိ ပျက်စီးမှုများဖြစ်သွားနိုင်သလဲ သူမသိနိုင်ပေ။ တစ်ဖက်လူက ဘယ်တော့မှ သတိပြန်မလည်လာနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်၏။


“မလှုပ်နဲ့” အကာအကွယ်အတားအဆီးကို ရုန်းကန်နေသလိုဖြစ်၍ ဟန်မာက သူ့အနောက်က လူငယ်လေးအား ဟန့်တားလိုက်သည်။


လူငယ်လေးထံသို့ အသံမြှင့်၍ ပြောလိုက်ချိန်တွင် သူ့အရှေ့က တက်ခ်ဇက်များက ထက်မြက်သောသွားများနှင့် ကျယ်လောင်စွာအော်ဟစ်လိုက်ခြင်းကို ဟန်မာ တွေ့လိုက်ရသည်။ ဟန်မာက ထိုအော်သံကြောင့် အနည်းငယ်ထိတ်လန့်သွားရ၏။ အရိုးသားဆုံးပြောရလျှင် ထိုတက်ခ်ဇက်များနှင့်ပက်သက်ပြီး ထူးဆန်းသလိုခံစားနေရသည်။ သူတို့က ဟန်မာကို ဝန်းရံထားသော်လည်း မတိုက်ခိုက်ပေ။ သူတို့ပုံစံက တစ်ခုခုကို စိတ်ပူနေဟန်တူ၏။


အမှန်တကယ်ဆိုလျှင် အဆင့်နိမ့်ဇက်များသည် ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရန် အများကြီးတွေးလေ့မရှိ။ တိုက်ပွဲကို ချက်ချင်းဝင်ရောက်လေ့ရှိပြီး မတိုက်ခိုက်ခင် ခြိမ်းခြောက်သောအသံများကိုပြုခြင်းလည်းမရှိချေ။


ဤလူသားက ကလေးငယ်အား ဖိချတိုက်ခိုက်ကာ ကလေး၏အရုပ်ကိုလည်း ဆွဲလု၍ ယခုဆိုလျှင် သူတို့ဂရုစိုက်စောင့်ရှောက်လာသည့်ကလေးငယ်ကို ဆူပူကြိမ်းမောင်းခြင်းများပါ ပြုလုပ်နေလေသည်။ ကုဟွိုက် ထိုလူသား၏ဆွဲလုခြင်းကိုမခံရခဲ့လျှင် တက်ခ်ဇက်များက အလျင်စလိုသွားပြီး သူတို့၏ထက်မြက်သောလက်ဖျံများကို အသုံးပြုကာ အကာအကွယ်အတားအဆီးအား ဖြတ်တောက်ပေလိမ့်မည်။ ထို့နောက် တစ်ဖက်လူ၏ခန္ဓာကိုယ်အား သူတို့၏သွားစွယ်များကို အသုံးပြုကာ ဆုတ်ဖြဲပေလိမ့်မည်။


“ရှန်းမု မင်းအဆင်ပြေလား” ဟန်မာ၏ နားထင်သွေးကြောများက အတားအဆီးကိုထိန်းချုပ်ကိုင်ထားရင်းနှင့် တင်းမာနေသည်။ တက်ခ်ဇက်များက တိုက်ခိုက်ရန် ဘာကြောင့်နှေးကွေးနေရသည်လဲဆိုခြင်းကိုမသိသော်လည်း အချိန်လိုနေသည့်သူတို့အတွက် ကောင်းသည့်အရာပင်ဖြစ်သည်။


လူသားများကား သူတို့၏ခြေထောက်နှစ်ချောင်းဖြင့် ဇက်များကိုဖြတ်ကျော်၍ မပြေးနိုင်ပေ။ ထို့ကြောင့် တက်ခ်ဇက်အဖွဲ့များ၏ ဝန်းရံခြင်းကိုခံရချိန်တွင် ဟန်မာက ရှန်းမုအတွက် ချက်ချင်း အကာအကွယ်အတားအဆီးကိုပြုလုပ်ကာ အာကာသပြောင်းရွေ့မှုအတွက် အချိန်ကို တတ်နိုင်သလောက် ယူခဲ့သည်။


အလျဉ်းသင့်သလိုဖြစ်သွားသည့် အာကာသပြောင်းရွေ့မှုသည် သူတို့ကို တက်ခ်ဇက်အဖွဲ့များနှင့်တွေ့စေသော်လည်း ဆိုးရွားသည့် ကြုံတွေ့မှုတော့မဟုတ်ပေ။ သူတို့က ညဏ်ရည်မရှိသည့် အဆင့်နိမ့်ဇက်များဖြစ်သည့်အတွက်ကြောင့် ကံကောင်းသွားခဲ့ကြသည်။ သူတို့ နောက်ထပ် အာကာသပြောင်းရွေ့မှုကို လုပ်နိုင်သရွေ့ တက်ခ်ဇက်များသည် သူတို့၏လမ်းကြောင်းကို ပျောက်ဆုံးသွားနိုင်သည်။


“ငါ့ကို အချိန်သုံးစက္ကန့်ပေး” ရှန်းမုက နောက်ကျောဘက်ကနေ ပြန်ဖြေလိုက်သည်။


သူ့အနောက်၌ ဖြစ်နေသမျှကို ကုဟွိုက်မသိပေ။ ထိုအသံကိုကြားပြီး ရုတ်တရက် သူ့အရှေ့ကလူ၏ ကုန်းပိုးခြင်းကိုခံလိုက်ရသည်။ သုံးစက္ကန့်မျှငြိမ်သက်အောင်လုပ်ပြီးသည်နှင့် အနီးနားက အာသာသယာဉ်မှာ ကျယ်လောင်သောအသံဖြင့် ပွင့်ထွက်သွားသည်။ ဟန်မာက အက်ကွဲနေသောအာကာသယာဉ်ထဲသို့ လူငယ်အား သယ်ဆောင်သွားရန် မတုံ့ဆိုင်းပေ။


အကာအကွယ်အတားအဆီးထဲရှိ လူသုံးယောက်လုံး အက်ကွဲနေသော အာကာသယာဉ်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် ပျောက်ကွယ်သွားသောလူသားများ၏တီထွင်မှုဖြစ်သော မူမမှန်သည့် အာကာသယာဉ်မှာ တက်ခ်ဇက်အဖွဲ့များကို အနောက်တွင်ကျန်ရစ်စေခဲ့သည်။ ဒုတိယအကြိမ် အာကာသပြောင်းရွေ့မှုက ပြီးမြောက်သွားခဲ့လေ၏။


ထိုအခြေအနေသည် အချိန်တိုလေးအတွင်းနှင့် အာကာသပြောင်းရွေ့မှုကို အသုံးပြုခဲ့ခြင်း သို့မဟုတ် တခြားလူကိုသယ်လာရခြင်းက ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သော်လည်း ရှန်းမု၏မျက်နှာအမူအရာက ယခုအချိန်တွင် အနည်းငယ်ဖျော့တော့ကာ ရုပ်ဆိုးနေခဲ့သည်။


“ဒီနေရာက အခုလောလောဆယ်တော့ လုံခြုံစိတ်ချရတယ်” ဟန်မာက ပတ်ပတ်လည်တွင် မည့်သည့်ဇက်မျှမရှိကြောင်းကို သေချာအတည်ပြုပြီး တင်းနေသောနားထင်သွေးကြောများကို ဖြေလျှော့လိုက်၏။


ရှန်းမုသည်လည်း ပတ်ဝန်းကျင်ကို နှံ့စပ်ကြည့်ပြီးနောက်မှ စိတ်တည်ငြိမ်သွားရသည်။ “နောက်တစ်လမ်းကတော့ လေဆိပ်ရဲ့ဦးတည်ရာကို အတည်ပြုနိုင်ဖို့ပဲ…”


ပုံမှန်ဆိုလျှင် လေဆိပ်အနီးတွင် အလွန်မြင့်မားသောတာဝါတိုင်ကြီးတစ်ခုရှိသည်။ လေဆိပ်၏တည်နေရာကိုရှာရန် တာဝါတိုင်ကို အမှတ်အသားအဖြစ်အသုံးပြုနိုင်သည်။


ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် စစ်သားများသည် လေဆိပ်တွင် ဇီဝဖြင့်ပြုလုပ်ထားသော သံချပ်ကာယန္တရားခလုတ်ကို စစ်ပွဲဖြစ်လာလျှင် အချိန်မရွေး ကိုင်တွယ်နိုင်ရန် အသုံးပြုထားရှိကြသည်။ လွတ်မြောက်နိုင်ရန်ကြံစည်ထားသည့် အစီစဉ်သည် ဇက်စစ်သားတစ်ယောက်ဆီမှ ခလုတ်ကိုဆွဲယူရန်ဖြစ်သည်။ သူတို့သည် တာဝန်ဝတ္တရား၏အခက်အခဲများကို ချင့်ချိန်ကိုင်တွယ်ရမည်ဆိုလျှင် သူတို့၏လွတ်မြောက်ရန်တာဝန်က ထိတ်လန့်စရာအခက်အခဲဖြစ်သည့် SSS အဆင့်နှင့် အမျိုးအစားခွဲထားရမည်ဖြစ်ပြီးစွမ်းဆောင်နိုင်သော သာမန်လူသားများနှင့်အတူ လွတ်မြောက်ရန်မဟုတ်ပေ။


ထိုကဲ့သို့ မမျှော်လင့်ထားသည့်ပြောင်းလဲမှုနှင့်ကြုံတွေ့ရခြင်းကြောင့် ကုဟွိုက်က ကြက်သေသေသွားရသည်။ သူက အခြေအနေကို မည်ကဲ့သို့အေးအေးချမ်းချမ်း စီစဉ်ရမည်နည်းဟုတွေးနေခဲ့ခြင်းဖြစ်ပြီး တခြားအာကာသသို့ တိုက်ရိုက်ရွေ့ပြောင်းခံရမည်မှန်း မမျှော်လင့်ထားခဲ့ချေ။ သူသည် မြေပြင်ပေါ်သို့ မဆင်းသက်နိုင်သေးသည့် အနေအထားတွင် ကုဟွိုက်ဝတ်ထားသည့်လည်ဆွဲသည်လည်း အပြင်ဘက်သို့ ပြုတ်ကျခြင်းမရှိတော့။


“ဒါက… သံချပ်ကာယန္တရားခလုတ်လား”


ဟန်မာက လူငယ်သည် မည်မျှအဖိုးတန်သည့်ရတနာများကို သယ်ဆောင်ထားသနည်းဟု အံ့ဩမှင်တက်သွားရသည်။ ၎င်းက သူတို့ ယခုလိုချင်နေသည့် သံချပ်ကာယန္တရားခလုတ်မဟုတ်ပါလား။ ထိုအရာက သူတို့သည် ဤဂြိုဟ်ပေါ်မှ အမြန်ဆုံးထွက်ခွာနိုင်ပြီဆိုသည့် အဓိပ္ပာယ်ကို ဆိုလိုခြင်းပင်ဖြစ်သည်။


ကုဟွိုက်၏ သံချပ်ကာယန္တရားခလုတ်က အလ်ဗ်ပေးထားခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် လည်ပင်းတစ်ဝိုက်တွင် ဆွဲထားခြင်းသည်။သူက ၎င်းကိုအသုံးပြုရန် အခွင့်အလမ်းမရှိပေ။လူသားနှစ်ယောက် တူဆာကြယ်တာရာမှ လွတ်မြောက်ရန် သံချပ်ကာယန္တရားခလုတ်ဖြင့်ပျံသန်းချင်ကြောင်း သိသာထင်ရှားသော်လည်း ကုဟွိုက်က သူတို့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ဟု ခံစားမိနေသည်။ သံချပ်ကာယန္တရားခလုတ်သည် အလ်ဗ်က သူ့ကိုပေးခဲ့ခြင်းဖြစ်ပြီး တခြားသူကို သာမာန်ကာလျှံကာပြန်မပေးနိုင်။ ထို့ကြောင့် ထိုလူနှစ်ယောက်နှင့် တူဆာကနေ သူထွက်သွားလို့မရနိုင်ချေ။


သို့သော်လည်း ကုဟွိုက်က ဝိညာဉ်ချိတ်ဆက်မှုကိုတည်ဆောက်ရန် အဆင်သင့်ဖြစ်နေသည့်အခါတွင် ပုံမှန်ဖြစ်နေကျဖြစ်သောအိပ်ငိုက်လာသည့်ခံစားချက်က ယခုကဲ့သို့ မသင့်လျော်သည့်အချိန်တွင် ဖြစ်ပေါ်လာရ၏။ ကုဟွိုက်က နိုးနိုးကြားကြားနေချင်သော်လည်း ယခင်ကတည်းက အလိုအလျောက်အိပ်ငိုက်ခြင်းကို ပြန်လည်မခုခံနိုင်ခဲ့ပေ။


“အိပ်-အိပ်နေတာလား”


ဟန်မာက ထိတ်လန့်သွားသည်။ ယခုအခြေအနေက အချိန်လုပြီးဖြေရှင်းရမည့်ကိစ္စဖြစ်သည်။ ဟန်မာက ငွေရောင်စက်ယန္တရားလေးကို ခလုတ်ကနေ လျင်မြန်စွာ နှိုးဆွလိုက်သည်။ ထိုအရာက စက္ကန့်ပိုင်းအတွင်းပွင့်သွားပြီး လူသုံးယောက်က ယာဉ်မောင်းနေရာကို အတူတကွဝင်ရောက်သွားကြသည်။ ငွေရောင်စက်ယန္တရားလေးက ဟန်မာကို ယခင်ကမြင်တွေ့ခဲ့ဖူးသကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုကို ပြသနေ၏။ သို့သော်လည်း ယခုအရေးတကြီးအခြေအနေသည် သူ့ကို တခြားအရာများအား တွေးခေါ်နိုင်စွမ်းမပေးသေးပေ။


“ကောင်းတယ် ဒီစက်က အာကာသကို ခုန်ပျံနိုင်တယ်” ဟန်မာက အံ့အားသင့်စွာပြော၍ အသံပြုလိုက်သည်။


ထိုကဲ့သို့ မူမမှန်မှုက ရှေ့ပြေးစက်ယန္တရားများတွင်သာရှိသည်။ သာမာန်စက်ယန္တရားသည် တည်နေရာပြောင်းရွေ့နိုင်စွမ်းမရှိသော်လည်း ယခုစက်က သူတို့ကို လုံးလုံးလျားလျားလွတ်မြောက်စေနိုင်၏။ စက်ယန္တရားက စက်ကိုလည်ပတ်ရန်အတွက် အသုံးပြုရန် အဓိကသော့ချက်ဖြစ်သည်။ ယခုကဲ့သို့ ဝေးလံခေါင်ဖျားပြီး နှင်းဖုံးနေသောတောထဲတွင် ငွေရောင်စက်ယန္တရားက ချောချောမွေ့မွေ့စတင်ပြီး ကုန်းရုန်းလည်ပတ်တော့၏။


နောက်စက္ကန့်ပိုင်းကြာသောအခါ အေးစက်ပြီးလှပသည့်ဟန်ရှိသည့် ငွေရောင်စက်ယန္တရားမှာ တောထဲတွင် ပျောက်ကွယ်သွားတော့သည်။


လွန်ခဲ့သော၁၀စက္ကန့်က ခြံထဲတွင်ကျန်ခဲ့သောတက်ခ်ဇက်များသည် အကြောင်းအရင်းကို အာရုံခံနိုင်စွမ်းပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ အရေးပါဆုံးနှင့် အဖိုးတန်ဆုံးကျောက်မျက်ရတနာလေးက သူတို့ရှေ့တွင် ခိုးယူခြင်းခံခဲ့ရပြီး ထိုအဖြစ်အပျက်အား လက်မခံနိုင်သေးချေ။


တက်ခ်ဇက်များကား နေရာတွင်ရပ်ကျန်ခဲ့ပြီး သူတို့လည်ချောင်းထဲကနေ စီကနဲ ကျယ်လောင်စွာ ဟစ်အော်သံကို ထုတ်လွှတ်လိုက်သည်။ အသံက နေရာအနှံ့အပြားထိပျံ့နှံ့သွားခဲ့ပြီး အသံကိုကြားသွားသည့် တခြားသောဇက်များသည် သတိပေးချက်ကိုရရှိလိုက်သည်။


ထို့ကြောင့် စစ်တပ်အဆောက်အအုံ၏ ညီလာခံအခန်းထဲတွင် အဖိုးတန်သည့် အနက်ရောင်ကျောက်စားပွဲက အပျက်ကိန်းအနေဖြင့် လမ်းညွှန်ပေးလိုက်၏။ ကျယ်လောင်သည့်ထုရိုက်သံရှိနေပြီး ထူးခြားကောင်းမွန်စွာ ခိုင်ခံ့နေသင့်သည့်စားပွဲမှာအမှုန်အမွှားများအဖြစ် ကျိုးကျေသွားခဲ့သည်။ ဇက်များအားလုံး၏ အမူအရာက လေထုကိုပင် အေးခဲသွားစေနိုင်သည်အထိ အေးစက်တင်းမာနေကြသည်။


“နေရာတစ်ခုလုံးကို ကာကွယ်ထားလိုက်” အလ်ဗ်က ထရပ်ပြီး ခပ်ပြတ်ပြတ်အမိန့်ပေးလိုက်သည်။


အလ်ဗ်၏မျက်လုံးက အနက်ရောင်မျက်လုံးအကာနှင့် ကာထားပြီး မကြည့်နေသော်လည်း အသံတွင် မည်သည့်အပူချိန်မျှမပါဝင်ပဲ ဘေးဘက်မျက်နှာအနေအထားကတောင် ဆိုးရွားလွန်းနေသည်။ ဂြိုဟ်ပေါ်တွင် သတိပေးမှုအဆင့်က အမြင့်မားဆုံးထိရောက်နေပြီး အချက်ပေးဥဩအသံက တူဆာမှထွက်ခွာသွားသော လူသားနှစ်ယောက်၏နှလုံးများကိုပင် ခုန်ပေါက်စေ၏။


ဘာတွေများဖြစ်နေတာလဲ။ ဒီအချက်ပေးသံက သူတို့ကြောင့်တော့ မဟုတ်ဘူးမလား။ ဂြိုဟ်ပေါ်ရှိ အမြင့်မားဆုံး အချက်ပေးသံက ပွင့်လာသည်။ ထိုအသံပွင့်သွားသည်နှင့် ဂြိုဟ်ပေါ်တွင် အသင့်ရှိနေရန် အနေအထားဖြစ်ကြောင်းကို ကိုယ်စားပြုသည်။ ထိုအချိန်တွင် ဂြိုဟ်ပေါ်ရှိခွန်အားများအားလုံးသည် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စွန့်ခွာသွားနိုင်သည်။ ဖမ်းထားသောအကျဉ်းသားများ ပျောက်ဆုံးသွားခြင်းကြောင့် ဇက်များက ထိုကဲ့သို့သော ရေးကြီးခွင်ကျယ်လုပ်နေခြင်းလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…


သူတို့ ပြန်မလှည့်နိုင်သလို ဆက်လက်၍ပြေးနေရဦးမည်ဖြစ်သည်။ သူတို့အတွက် တည်နေရာကို အခုထိရှာမတွေ့သေးသည့်အတွက်ကြောင့် ဟန်မာသည် များစွာသောအာကာသခုန်ပျံမှုများကို ဖြတ်သန်း၍ စက်ယန္တရားခလုတ်ကို အလောတကြီးမောင်းနှင်သည်။ အနည်းငယ်သော ကြယ်အစုအဝေးအထိ ရောက်ရှိမှသာ သက်ပြင်းချနိုင်တော့သည်။


သူတို့သည် ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းသို့ ပြန်သွားချင်သော်လည်း ထိုစက်ယန္တရားအား စွမ်းအင်ဖြည့်တင်းရန်အတွက် ဂြိုဟ်တစ်ခုရှာဖို့လိုအပ်သည်။ နောက်ဆုံးတွင် စစ်သင်္ဘောမဟုတ်သည့်အတွက် စွမ်းအင်သုံးစွဲမှုက အလွန်လျင်မြန်သည်။


နောက်ဆုံးအထိ ဟန်မာသည် အလွန်ပုံကြီးချဲ့နေသည့်ဇက်များ၏လုပ်ရပ်ကို ကြောက်ရွံ့နေခဲ့သော်လည်း တူဆာနှင့် ကြယ်အစုအဝေး ၆ခုလောက်ဝေးသည့် အသေးစားဂြိုဟ်တစ်ခုကို ဂရုတစိုက် ရွေးချယ်ခဲ့သည်။ သူတို့သည် အလွန်ဝေးကွာသည်အထိ ထွက်ပြေးခဲ့ကြသည့်အတွက်ကြောင့် ဇက်များက သူတို့ကိုလိုက်ဖမ်းရန် အပင်ပန်းခံနိုင်မည်မဟုတ်…


အကျဉ်းသားသုံးယောက်တွင် အရေးကြီးသည့်တန်ဖိုးများမပါရှိပဲ သာမာန်ထွက်ပြေးခဲ့ရုံသာဖြစ်သည့်အတွက် ဟန်မာက စိတ်သက်သာရာရနေသည်။


တူဆာပေါ်တွင်တော့ ဇက်များက သူတို့၏ အဖိုးတန်ဆုံးရတနာလေးအား ဆုံးရှုံးလိုက်ရ၍ အလွန်စိတ်တိုဒေါသဖြစ်ကာ ဂြိုဟ်ပေါ်တွင် မရေတွက်နိုင်သည့် ယူးလာစစ်သင်္ဘောမြောက်များစွာကို ပြင်ဆင်ထားလိုက်သည်။ အရေအတွက်က ကောင်းကင်ကြီးတစ်ခုလုံးကိုတောင် ဖုံးလွှမ်းစေနိုင်ပြီး ကမ္ဘာမြေပေါ်တွင် ကြီးမားသောအရိပ်ကို ကျရောက်စေနိုင်သည်။


ထို့အပြင် ၎င်းက စစ်တပ်တစ်ခုတည်း၏ အင်အားသာဖြစ်ပေသည်။


“ခဏနေရင် စစ်သားတွေ ဒီကိုရောက်လာလိမ့်မယ်” ကာ့ပါးလီယာက အေးစက်စွာ ကြေညာလိုက်သည်။ သူမက တည်ငြိမ်နေပုံရသော်လည်း မြေပြင်ကို ဖျက်ဆီးသွားခဲ့သော သူမ၏ ထက်မြက်သည့် ဓားသွားနှင့်တူသည့် ဘယ်ဘက်လက်က အမှန်တရားကိုပြောနိုင်ရန်လုံလောက်သည်အထိဖြစ်ခဲ့သည်။


ယနေ့သည် တခြားဇက်စစ်တပ်နှစ်ဖွဲ့က တူဆာကိုရောက်လာရမည့် နေ့ဖြစ်သည်။ တတိယနှင့် စတုတ္ထစစ်တပ်၏ဇက်စစ်သားများက သူတို့၏ဘုရင်ကို တူဆာတွင် မြင်တွေ့ရမည်ဆိုသောအတွေးဖြင့် ပျော်နေခဲ့ကြသည်။ သူတို့မရောက်ခင်တွင် သူတို့၏မျက်ဝန်းများက ‌မျှော်လင့်စောင့်စားမှုများနှင့် တောက်ပနေခဲ့၏။ ရလဒ်အနေဖြင့် သူတို့က တူဆာကိုရောက်လာကြချိန် မြင်ကွင်းထဲတွင် နောက်လိုက်များက နေရာယူသွားသည်—


သူတို့: ဘုရင်က ဘယ်မှာလဲ


မည်သည့်စကားမျှပြောရန်မရှိပေ။ တတိယနှင့် စတုတ္ထစစ်တပ်၏ဇက်စစ်သားများက တပ်ဖွဲ့ဝင်များနှင့် အလိုအလျောက်ပူးပေါင်းလိုက်သည်။ ကြယ်တာရာခေတ်၏ သမိုင်းတစ်လျှောက်လုံးတွင် ဇက်များက စစ်တပ်တစ်ခုလုံးကို စစ်စည်းရုံးခြင်းက ပထမဆုံးအကြိမ်ဖြစ်ပေလိမ့်မည်။

လူနှစ်ယောက်လုပ်ခဲ့တာတွေကို ရေတွက်မယ်။

၁။ နှင်းလူသားကို ဖျက်စီးတယ်


၂။ ဟွိုက်ပေါင်းလေးကို ဖိချတယ်။


၃။ ဟွိုက်ပေါင်းရဲ့ အရုပ်ကိုလုတယ်။


၄။ ဟွိုက်ပေါင်းအပေါ် ကြမ်းကြုတ်ရက်စက်တယ်။


၅။ ဟွိုက်ပေါင်းကို တခြားဂြိုဟ်ကိုခေါ်သွားတယ်။




(ဒါကိုရေးနေရင်းနဲ့ အကြီးအကျယ်မြေမြုပ်တာကိုတွေးမိတော့ မရယ်ပဲမနေနိုင်ဘူး။🤭🤭)