အခန်း ၂၄
Viewers 10k

Chapter 24

Chapter -24





အပေါ်သို့ အနည်းငယ်မော့ကြည့်လိုက်မည်ဆိုလျှင်


စစ်တပ်ဝတ်စုံ၊ ငွေရောင်ဆံပင်၊ အေးစက်သောမျက်နှာနှင့် ဝှေ့ယမ်းနေသည့် ငွေမှင်ရောင်အမြီး၊ ထိုကဲ့သို့သော လက္ခဏာများက ပထမဆုံးဇက်စစ်တပ်ဖွဲ့၏ ခေါင်းဆောင်ပင်ဖြစ်သည်။


ထို့နောက် အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုလျှင်


နူးညံ့သည့်အနက်ရောင်ဆံပင်၊ ဝိုင်းစက်သည့်အနက်ရောင်မျက်ဆံ၊ သာမန်အဖြူရောင်အသားအရေနှင့် နွေးထွေးသောခန္ဓာကိုယ်အပူချိန်။ ထိုလက္ခဏာများသည် အမှန်စင်စစ် လူသားဖြစ်ပေသည်။


လူသား။


အလ်ဗ်၏ကာကွယ်ခြင်းကိုခံထားရသောလူငယ်လေးအားကြည့်ရင်း ရှန်းမုနှင့်ဟန်မာမှာမေးခွန်းသင်္ကေတများဖြစ်ပေါ်လာသည်။ ၎င်းတို့ထင်ထားသကဲ့သို့ မျက်စိရှေ့ရှိ လူငယ်လေးကအကျဉ်းသားမဟုတ်ချေ။ သို့သော်–


ငွေရောင်ဆံပင်ဇက်၏…


ချစ်-ချစ်သူလား။


ဟန်မာက အမှန်တကယ် သူ့ကိုယ်သူ ချီးမွမ်းမိလိုက်၏။ ထိုကဲ့သို့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားတွင် ဇက်နှင့်လူသား၏ဘဝအကြောင်းကို နက်နဲစွာတွေးတောနေမိသည်။ လူသားနှင့်ဇက်၏ ဆက်ဆံရေးအကြောင်းကိုတွေးရင်း ဟန်မာက ရိုမီယိုနှင့်ဂျူးလီးယက်အကြောင်းကိုပါ တွေးမိသွားရသည်။ သို့သော် ယခုပုံစံက နာကျင်စရာကောင်းသည့်အချစ်ဇာတ်လမ်းနှင့် မတူချေ။


ကမ္ဘာမြေဖက်ဒရယ်အဖွဲအစည်းစစ်တပ်ကျောင်းတွင် တက်ရောက်ခဲ့သော ထူးချွန်သည့်အမှတ်များရရှိခဲ့သည့် ထိပ်တန်းကျောင်းသားတစ်ယောက်အနေဖြင့် ဟန်မာက အလ်ဗ်၏ ရှောင်ရန်အမှုဖြစ်သော မျက်လုံးအကာအကြောင်းအပါအဝင် ဇက်များအကြောင်း အများကြီးသိထားသည်။ ထိုအရာက လုံးဝ မထိတွေ့သင့်သည့်အရာပင်ဖြစ်ပေ၏။


အလ်ဗ်က အလွန်ရန်လိုစိတ်ရှိပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းက သူ့အတွက် နှစ်လိုဖွယ်ကောင်းပုံရသည်။ ပုံမှန်အားဖြင့် အသက်မပါသည့် ငွေရောင်ဆံပင်ဇက်က တိုက်ပွဲများတွင် အခါအားလျော်စွာ အာခံသည့်အပြုံးမျိုးကို ပြသတတ်သည်။ သူ၏နှုတ်ခမ်းများက တင်းကျပ်စွာပိတ်ထားပြီး ရှည်လျားပြီး ဖြောင့်မတ်သောအသွင်အပြင်က အေးစက်ပြီး ကြမ်းတမ်းသည့်ပုံပေါ်ကာ ငွေမှင်ရောင်အမြီးက အချိန်နှင့်တစ်ပြေးညီ စိတ်မရှည်စွာနှင့် ဝှေ့ယမ်းတတ်သေးသည်။ အမဲလိုက်ရမည့် အနေအထားတွင်ရှိသည့် အန္တရာယ်များသောတောရိုင်းတိရိစ္ဆာန်တစ်ကောင်နှင့်ပင် တူပေသည်။


ထို့အပြင် အလ်ဗ်သည် တိုက်ခိုက်မှုများအား ပို၍ရှည်ကြာနိုင်ရန် အင်အားအများကြီး သုံးမည်မဟုတ်။ ထို့နောက် သူ၏မျက်လုံးအကာကို ထိတွေ့လိုက်သည်နှင့် သာမန်ကာလျှံကာပုံစံမပေါက်တော့ပေ။ မျက်လုံးအကာကို ဖယ်လိုက်သည်နှင့် တစ်ဖက်လူတွင် ထိန်းချုပ်မှုအနည်းငယ်လျော့ကျသွားသကဲ့သို့ဖြစ်ပြီး သူ့ရန်သူများလည်း မတတ်နိုင်သည့်အရာပင်ဖြစ်သည်။


ယခု သူတို့မျက်စိရှေ့တွင် ငွေရောင်ဆံပင်ဇက်သည် မျက်လုံးအကာအား ဦးစွာချွတ်လိုက်ပြီး သူ၏အမြီးနှင့်ဝန်းရံထားသောလူငယ်လေးအား ဦးညွတ်လိုက်၏။ သူ၏တည်ရှိမှုကို အသိမှတ်ပြုစေရန် တစ်ဖက်လူအား ကြည့်နေပုံရသည်။


ထို့အပြင် အလ်ဗ်က ယခုအချိန်၌ စိတ်မှန်နေသေးသည်။ ပုံမှန်ဖြစ်နေပုံရပြီး ထိန်းချုပ်မှုကင်းမဲ့သွားသည့် လက္ခဏာများလည်း မတွေ့ရပေ။ သူက လူငယ်လေးအား ဝန်းရံထားရခြင်းကိုကြိုက်သည်ဟု သူတို့တွေက ဘာကြောင့်များ ထင်ရသနည်း။ ထိုသို့မဟုတ်လျှင် စည်းနှောင်ထားသည့် အနက်ရောင်အဝတ်စအား ဘယ်လိုပေးနိုင်ခဲ့သနည်း။


ထိုလှုပ်ရှားမှုက သူ၏တားမြစ်သည့်အရာသည် တစ်ဖက်လူအတွက်တော့ ခြွင်းချက်ဖြစ်သည့်သဘော သက်ရောက်နေကြောင်း ညွှန်ပြနေပေသည်။


လူနှစ်ယောက်၏မျက်နှာများက ဆက်တိုက်ပြောင်းလဲနေခဲ့သည်။ ထူးခြားသည့်လက်တွေ့အမြင်ကြောင့် ထိတ်လန့်ရမလား၊ သူတို့အတွက် သင့်လျော်မည့်မြေကြီးကိုတူး၍ သူတို့ကိုယ်သူတို့သာ မြေမြုပ်လိုက်ရမလားမသိတော့ချေ။ ဇက်များ၏ အမာခံနယ်မြေထဲမှ တစ်ခုဖြစ်သည့် တူဆာမှဂြိုဟ်ပိုင်ရှင်၏လက်တွဲဖော်အား အတင်းအဓမ္မခေါ်ဆောင်ခဲ့သည့်လုပ်ရပ်ထက် မည်သည့်လုပ်ရပ်ကများ ဆိုးရွားပေလိမ့်မည်နည်း။ သူတို့သေဆုံးသွားမည်ဆိုလျှင်ပင် မှားမည်မဟုတ်ပေ။ ခေါင်းတလားထဲသို့ဝင်ရန် ပြစ်မှုများသည် ခေါင်းတလားပျဉ်ချပ်ပေါ်တွင် ရေးပြီးသားဖြစ်၏။


ထိုအချိန်တွင် နိုးနေသည့်ကုဟွိုက်ဘက်မှရပ်တည်သူရှိသည်။ အမှန်တွင် သူသည် ထိုအခြေအနေနှင့် ကျင့်သားမရသေးသော်လည်း ဇက်များကို မည်မျှထိစိတ်ပူအောင်လုပ်မိကြောင်းတွေးမိ၍ခွင့်ပြုလိုက်သည်။ လွတ်သွားသောလူသားနှစ်ယောက်အား ဖြေရှင်းရန် အလ်ဗ်က အလျင်မလိုပေ။ ကုဟွိုက်အား ခေါင်းအစခြေအဆုံး အရင်ကြည့်၍ စစ်ဆေးသည်။ ထို့နောက် ကုဟွိုက်၏လက်မောင်းပေါ်မှ ဒဏ်ရာရှိရာနေရာတွင် သူ့အကြည့်များ ရပ်တန့်သွားလေသည်။


ဟန်မာက အလ်ဗ်ကြည့်နေသောနေရာအားလိုက်ကြည့်ပြီး ဒဏ်ရာအားတွေ့ကာ သူ့နှလုံးသားသည်လည်း ရပ်တန့်သွားရသည်။ ယခင်တုန်းက လူငယ်လေးအား မြေပြင်ပေါ်သို့တွန်းလိုက်ချိန်တွင် ရရှိသွားသောဒဏ်ရာဖြစ်ပေလိမ့်မည်။ ၎င်းတို့က လူငယ်လေးအား မြေပြင်သို့ ဖိချတိုက်ခိုက်ခဲ့သည်။


ဒဏ်ရာက သိပ်မသိသာသော်လည်း အလ်ဗ်၏မျက်လုံးများအား အနည်းငယ်ကျဉ်းမြောင်းသွားစေသည်။ ထို့နောက် သူက သူ့အရှေ့က လူနှစ်ယောက်အားကြည့်လိုက်ကာ ဖျော့တော့နေသောရွှေရောင်မျက်ဆံများက ခံစားချက်မဲ့နေခဲ့သည်။


သူက လူသားနှစ်ယောက်အား တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ အလ်ဗ်က သူ့လက်ကိုဆန့်ထုတ်၍ သူတို့၏ဦးခေါင်းများအား ချေမှုန်းပစ်ရန် အဆင်သင့်ဖြစ်နေသည်။ ရောက်ရှိလာသည့် အလ်ဗ်၏ အလျင်အဟုန်က နှေးကွေးသည်။ လူသားနှစ်ယောက်အား မြန်မြန်ဆန်ဆန်အသက်ထွက်သွားသည်ထက် ကြောက်ရွံ့မှုကိုခံစားစေချင်သောကြောင့်ပင်။


အားကောင်းသည့်ဖိနှိပ်မှုက လူနှစ်ယောက်အား တစ်နေရာတည်းတွင် ချုပ်တည်းလိုက်၏။ ဇက်၏လက်က သူတို့ထံသို့ရောက်လာသည်ကိုတွေ့ပြီး အလှရသဖြင့်ကြည့်မည်ဆိုလျှင် တစ်ဖက်လူ၏လက်ချောင်းများက ကြည့်ကောင်းကာ လှပသည်။


သို့သော်လည်း အသက်အန္တရာယ်ခြိမ်းခြောက်ခံထားရသည့် လူနှစ်ယောက်၏အမြင်တွင် သူတို့ဆီသို့လှမ်းလာသောလက်က ဆိုးရွားသည်။ နီးကပ်လာခဲ့သည်။ ပို၍ နီးကပ်လာခဲ့သည်။


လူသားအရာရှိနှစ်ယောက်မှာ မလှုပ်ရှားနိုင်သလို မျက်လုံးလည်းမမှိတ်နိုင်။ လက်ကပို၍ နီးကပ်လာသည်နှင့် ၎င်းတို့၏မျက်ဆံများက ပို၍ ပြူးကျယ်လာနေကြသည်။ ထိုလက်က သူတို့အားထိတွေ့လုနီးနီးတွင် ရှန်းမုနှင့် ဟန်မာက ငွေရောင်ဆံပင်ဇက်၏လက်အား လူငယ်လေးက လှမ်းဆွဲလိုက်သည်ကို တွေ့လိုက်ကြရသည်။


လူငယ်လေးက မည်သည့်အင်အားမျှမသုံးထားသည့်အတွက် လက်ကိုဖိချလိုက်သည်ဟုမယူဆနိုင်ပေ။ ဇက်၏လက်ဖမိုးပေါ်တွင် သူ့လက်ကိုတင်လိုက်ကာ ရပ်တန့်ရန်ဆိုသည့်အဓိပ္ပာယ်အား ပြသလိုက်ခြင်းသာဖြစ်သည်။ အလ်ဗ်၏လက်က မလှုပ်ပေ။ ၎င်းတို့အရှေ့က ဇက်ကား ခံစားချက်မဲ့နေ၏။ ဘေးတိုက်မျက်နှာက အေးစက်နေသော်လည်း လူငယ်လေး၏တောင်းဆိုမှုအား လိုက်နာခဲ့သည်။


‘ဘယ်လိုတောင်အားကောင်းတာလဲ’ ဟန်မာက သက်ပြင်းချလိုက်သည်။ သူသည် ကောင်းကင်ကြီး ထပ်ခြမ်းကွဲပြီး ယူးလာစစ်သင်္ဘောများပေါ်ပေါက်လာသည်အထိ လူမျိုးချင်းရောစပ်ထားသည့် အချစ်ဇာတ်လမ်းတွင် တွယ်ငြိနေသည်။ ထိုဖြစ်ရပ်က လူသားအရာရှိနှစ်ယောက်အား အေးခဲသွားစေပြီး ၎င်းတို့၏စိတ်များအား ထုံထိုင်းသွားစေသည်။


ထူးကဲသည့်ပုံစံရှိသော ယူးလာစစ်သင်္ဘောသုံးစင်းသည် ဇက်စစ်တပ်များ၏ခေါင်းဆောင်များနှင့် သက်ဆိုင်သည့်အပြင် အလ်ဗ်ကလည်း ၎င်းတို့အရှေ့တွင်ရပ်နေသည်။ စစ်သင်္ဘောသုံးစင်း တစ်ချိန်တည်းထွက်ပေါ်လာရသည့်အဓိပ္ပာယ်သည်ကား ဇက်စစ်တပ်ဖွဲ့လေးဖွဲ့လုံး အတူတစ်ကွ ဂြိုဟ်ပေါ်သို့ရောက်ရှိလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။


ဇက်ခေါင်းဆောင်များ၏ ယူးလာစစ်သင်္ဘောများသည် အာကာသခုန်ကျာ်ခြင်းကိရိယာအား ကြိုတင်စီစဉ်ပြီးဖြစ်၏။၎င်းကို စွမ်းအင်ကျောက်သလင်းသည် တစ်ခု သို့မဟုတ် နှစ်ခုဖြင့် ပြန်လည်စတင်ရန်လိုအပ်ပြီး အသုံးပြုပြီးလျှင် ပြန်လည်တပ်ဆင်ရန် အချိန်အများအပြားယူရမည်ဖြစ်သည်။ ထို့ကြောင့် ထိုအာကာသခုန်ကျော်သည့်ကိရိယာက လွယ်လွယ်ကူကူ အသုံးမပြုနိုင်ပေ။


ပြဿနာမှာ ယူးလာစစ်သင်္ဘောသုံးစင်းလုံးက ထိုဦးတည်ရာအတွက် အာကာသခုန်ကျော်ခြင်းအား သုံးခဲ့သည်။


ဘာလဲ… ဇာတ်ညွှန်းက ဘာလို့မှားနေရတာလဲ…


တစ်ရက်တည်းနှင့် စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုများအား အလွန်အမင်းခံစားခဲ့ရသော လူနှစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတို့က အံ့အားသင့်သောအမူအရာများနှင့် ကောင်းကင်ကိုကြည့်ကာ မည်သည့်အသံမျှမပြောနိုင်ပေ။ ထို့နောက် မတူညီသောအဆင့်မြင့်ဇက်များက သူတို့အရှေ့တွင် ပေါ်ပေါက်လာကြသည်။ သူတို့အားလုံးသည် အယ်လ်ဖာအဆင့်ဇက်များဖြစ်ကြပြီး ဇက်စစ်တပ်ဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြ၏။


အရိုးများသောတောင်ပံများနှင့် ဓားသွားကဲ့သို့ ထက်မြက်သည့် ဘယ်ဘက်လက်သည် ဒုတိယစစ်တပ်ခေါင်းဆောင်ကာ့ပါးလီယာ၏ သင်္ကေတဖြစ်သည်။


သူမ၏ဘေးတွင် မီးခိုးရောင်ခပ်မှိန်မှိန်ပုံစံဖြင့်ဖုံးကာထားသော မျက်နှာတစ်ခုရှိသည်။ အေးစက်သည့်မျက်နှာနှင့် အဆင့်မြင့်ပြီး လေးလံသည့် ဝတ်ရုံသည် မမှတ်မိနိုင်စရာအကြောင်းမရှိချေ။ တတိယစစ်တပ်ခေါင်းဆောင် အိုင်းယီဖြစ်သည်။


နောက်ဆုံးတွင်တော့ လူနှစ်ရပ်စာလောက်ထိရှည်လျားမြင့်မားပြီး ခန္ဓာကိုယ်အရွယ်အစားကြီးသည့်သူရှိသည်။ လေးလံသော ချပ်ဝတ်တန်ဆာများဖြင့်ဖုံးအုပ်ထားပြီး ထိုသူကား စတုတ္ထစစ်တပ်ခေါင်းဆောင် စီမိုဒို။


သူတို့၏ဦးခေါင်းများ ထုံထိုင်းသွားသည့်အကြောင်းကိုထုတ်ဖော်စရာပင်မလိုပေ။ မြင်ကွင်းရှေ့တွင်ရှိသော ရှန်းမုနှင့်ဟန်မာတို့မှာ သူတို့၏ ဦးခေါင်းများပေါက်ထွက်တော့မည့်အလား ခံစားနေရသည်။


အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိပြီးနောက် ကာ့ပါးလီယာက ကုဟွိုက်၏လုံခြုံမှုအား အရင်ဆုံးအတည်ပြုလိုက်သည်။ ထို့နောက် ကုဟွိုက်၏ ဗလာဖြစ်သောနောက်ကျောအား လှမ်းကြည့်သည်။ ယခုဂြိုဟ်ပေါ်တွင် နွရောသီဖြစ်သည့်အတွက်ကြောင့် ကုဟွိုက်က ထူထဲသောအဝတ်များအား ဝတ်ဆင်ထားခြင်းမရှိပဲ တစ်စုံတစ်ခုလစ်လပ်နေမှန်းသိသာသည်။ ကာ့ပါးလီယာက ယင်းကိုတွေ့ရှိပြီး မလှုပ်ရှားနိုင်သည့်လူသားနှစ်ယောက်နားသို့ ချဉ်းကပ်လိုက်သည်။ ထို့နောက် သူမက အေးစက်စက်မျက်နှာဖြင့် ရွှေရောင်ဆံပင်ရှိသောသူ၏လက်အား ဆွဲယူလိုက်သည်။


ဟန်မာက သူ့လက်မောင်းမှာ တစ်ဖက်လူ၏အားကြောင့် စုတ်ပြဲသွားတော့မလိုမည်ဟုထင်လိုက်မိသော်လည်း တက်ခ်ဇက်က သူ့လက်ချောင်းဖြင့် ဟန်မာ၏လက်ထဲက စက်ယန္တရားခလုတ်ကို ယူလိုက်ခြင်းသာဖြစ်သည်။ ထို့နောက် သူ့အိတ်ထဲကနေ စွမ်းအင်သလင်းကျောက်အားရှာဖွေသည်။


ထိုအရာနှစ်ခုအား ကုဟွိုက်နိုးလာလျှင် ပြန်ပေးရန်အတွက် ဟန်မာသည် စောင့်နေခဲ့ခြင်းဖြစ်၏။ သူက ကုဟွိုက်နိုးလာမည်မှန်း မမျှော်မှန်းထားခဲ့ပဲ ရုတ်တရက် အရေးပေါ်ကိစ္စစတင်ဖြစ်လာကာ ကြန့်ကြာခဲ့ရသည်။


နောက်ထပ်ဖြစ်ရပ်က ပို၍သာလွန်ထူးကဲသည်။ လူသားအရာရှိနှစ်ဦးသည် မိန်းကလေးဇက်က စက်ယန္တရားခလုတ်နှင့် စွမ်းအင်သလင်းကျောက်အားယူကာ လူငယ်လေးနားသို့ ချဉ်းကပ်သွားသည်အား တွေ့လိုက်ရသည်။ သူမ၏မျက်နှာအမူအရာက အေးစက်သော်လည်း သူမ၏လုပ်ရပ်များက လူငယ်လေး၏ကျောပေါ်တွင် စက်ယန္တရားခလုတ်အား တင်ပေးလိုက်သည့်အခါ အလွန်ညင်သာ၍ ဂရုတစိုက်ရှိသည်။


လည်ဆွဲအားဆွဲပြီးနောက် စွမ်းအင်သလင်းကျောက်အား လူငယ်လေး၏လက်ထဲသို့ ပေးလိုက်သည်။


“တခြားပျောက်နေတာရှိသေးလား..” ကာ့ပါးလီယာက အေးစက်စက်မျက်နှာထားဖြင့် မေးလိုက်သည်။ သူမက လူသားနှစ်ဦးအား အေးခဲသည့်မျက်ဝန်းများဖြင့်ကြည့်နေသော်လည်း မေးလိုက်သည့်အသံကတော့ နူးနူးညံ့ညံ့ရှိသည်။ သူမ၏ဘုရင်ဆီမှ သူကြိုက်နှစ်သက်သောအရုပ်ဘောလုံးလေးပင် မဆိုထားနှင့်၊ မည်သည့်အရာကိုမျှ ယူခွင့်မပြုနိုင်ပေ။ ထိုသို့လုပ်ရပ်က ဇက်များ၏အမြင်ထဲတွင် ခွင့်လွှတ်နိုင်စရာမရှိပေ။


သူတို့၏နားများသည် ထိုစကားကိုကြားသွားပြီး လူသားနှစ်ယောက်၏တည်ရှိမှုမှာ လူးလွန့်သွားရ၏။


“မဟုတ်ဘူး” ကုဟွိုက်က ခေါင်းခါလိုက်သည်။ သူ့အပေါ်တွင် အဲဒီလောက်ထိ အများကြီးမရှိ။


လီဆာက ကာ့ပါးလီယာ၏လက်ထောက်ဖြစ်ပြီး သူမနှင့်အတူ သင်္ဘောအတူတူစီးနင်းလေ့ရှိသည်။ သူမက သင်္ဘောပေါ်မှ အမြန်ခုန်ဆင်းလာကာ အလျင်စလိုရောက်လာသည်။ လီဆာက ပြုံးလိုက်၏။


“မတွေ့ရတာကြာပြီ အခုလိုပြန်တွေ့ရတာ ဝမ်းသာပါတယ်”


သူတို့ အခင်းဖြစ်ရပ်ကိုသာကြည့်မနေကြလျှင် ရှန်းမုနှင့်ဟန်မာသည် သူတို့အရှေ့က မိန်းကလေးဇက်က သူတို့အား ပျော်ရွှင်စွာနှုတ်ဆက်နေသည်ဟု ထင်ကြမည်ဖြစ်သည်။ တစ်ဖက်လူ၏မျက်နှာပေါ်ရှိအပြုံးသည် သူတို့မြင်ဖူးသမျှအပြုံးများထက်ပို၍ နူးညံ့ညင်သာသည်။


သို့သော်လည်း ထိုကဲ့သို့သောညင်သာမှုမျိုးသည် သူတို့အား စိတ်သက်သာရာမရစေပေ။ ထို့အပြင် ပို၍ပင်အေးစက်သွားကြသည်။ သူတို့က တစ်ဖက်လူ၏စကားလုံးများကို ဘာသာပြန်ပြီးနောက် အဓိပ္ပာယ်အမှန်မှာ : ငါနင့်ကိုမတွေ့တာကြာပြီ (မိပြီ) အကြာကြီးနေမှ” ပြန်တွေ့ရတာဝမ်းသာပါတယ် (ငြိမ်းငြိမ်းချမ်းချမ်းသေဆုံးပါ)


“ဘုရင်..”


“အရှင်..”


၎င်းက ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။ ဆိုးဝါးသည့်အခင်းဖြစ်ရပ်ဖြစ်သော်လည်း အိုင်းယီနှင့် စီမိုဒိုက ယခုကဲ့သို့သောတွေ့ဆုံမှုတွင် သူတို့၏သစ္စာရှိမှုကို ဘုရင်ထံသို့ပေးအပ်ချင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ကုဟွိုက်ရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ကြ၏။ ထိုဖြစ်ရပ်ကိုကြည့်၍ လူသားအရာရှိနှစ်ယောက်၏ အသက်ရှုနှုန်းများ ရပ်တန့်သွားရသည်။ ထို့နောက် သူတို့ မူးဝေသွားရ၏။


ဘုရင်… ဘာကိုဘုရင်လဲ… ‘အရှင်’ ဆိုတာကရော ဘာလဲ…


လူငယ်လေးက ဇက်များ၏ဘုရင်ဖြစ်သည်။ သူတို့နှစ်ယောက်က ဇက်ဘုရင်ကို တခြားဂြိုဟ်ရှိရာသို့ အတင်းအဓမ္မဆွဲခေါ်ခဲ့သည်လား။ ဒါက တကယ်ဖြစ်ရပ်လား။


လူသားနှစ်ယောက်၏မျက်လုံးများသည် အမှန်တရားကို သိရှိသည်နှင့် ဟာတာတာဖြစ်သွားရသည်။ လှုံ့ဆော်မှုက အလွန်ကြီးမားကာ သူတို့၏မျက်နှာထားများက အပြောင်းအလဲမြန်သွားသည်။ဇက်များ၏ အမာခံနယ်မြေထဲမှ တစ်ခုဖြစ်သည့် တူဆာမှဂြိုဟ်ပိုင်ရှင်အား အတင်းအဓမ္မခေါ်ဆောင်ခဲ့သည့်လုပ်ရပ်ထက် မည်သည့်လုပ်ရပ်ကများ ဆိုးရွားပေလိမ့်မည်နည်း။ သူတို့မှာ သင့်လျော်မည့်တွင်းကြီးတစ်ခုအားရှာကာ ကိုယ့်ကိုယ်ကိုသာမြုပ်နှံလိုက်ချင်တော့၏။ ယခု ရှန်းမုနှင့်ဟန်မာသည် တွင်းကြီးကိုရှာခြင်းအား ရပ်တန့်သင့်ပြီဟု ခံစားမိသည်။ နေရာတစ်ခုကို ကိုယ့်ဘာသာတူးဆွပြီး ကိုယ့်ကိုယ်ကိုသာ မြေမြုပ်လိုက်သင့်တော့သည်။