Chapter 26
လူသားအရာရှိနှစ်ဦးအတွက် ယနေ့သည် သူတို့၏ဘဝတွင် အတက်အကျ အများဆုံးနေ့ဖြစ်သည်။
ဂြိုဟ်ငယ်လေးသည် မရေမတွက်နိုင်သော ယူးလာစစ်သင်္ဘောများဖြင့် ဝန်းရံခံထားရသောကြောင့် ယနေ့တွင် မြို့သူမြို့သားများမှာ အလွန်အမင်းထိတ်လန့်ခဲ့ရ၏။
အနက်ရောင် ယူးလာစစ်သင်္ဘောများသည် ကောင်းကင်တစ်ခွင် ဖုံးအုပ်ထားချိန်တွင် ဂြိုဟ်ပေါ်ရှိလူများမှာ ဆုတောင်းကာ တိတ်ဆိတ်သွားကြသည်။ နှုတ်ဆိတ်ငြိမ်သက်ခြင်း၏မကောင်းသည့် အခိုက်အတန့်များရှိခဲ့ပြီး သူတို့၏မိသားစုများကို စတင်နှုတ်ဆက်စကားများ ပြောလာကြသည်။ ဂြိုဟ်ပေါ်ရှိလေထုက အလွန်နိမ့်ပါးနေ၏။
သို့သော် ဤပြင်းထန်သောလေထုသည် အချိန်မကြာခဲ့ပေ။ ဂြိုဟ်ပတ်ပတ်လည်ရှိ ယူးလာစစ်သင်္ဘောများက ပျောက်ကွယ်သွားပြီး ကောင်းကင်ယံသည် အပြာရောင်သို့ ပြန်လည်ရောက်ရှိလာကာ ဂြိုဟ်လေးသည်လည်း ငြိမ်သက်သွားခဲ့သည်။ ဒီဇက်တွေက သူတို့ကို ကြောက်အောင်ခြောက်လှန့်ဖို့ ရည်ရွယ်ထားတာလား။ ဂြိုလ်ငယ်လေးတွင် နေထိုင်သူများမှာ စိတ်ခံစားချက်အမျိုးမျိုးနှင့် ကြုံတွေ့နေရပြီး မည်သို့တုံ့ပြန်ရမည်ကို မသိကြပေ။ ကောင်းကင်ယံတွင် အနက်ရောင် စစ်သင်္ဘောများ ထွက်ခွာသွားသည်ကို သူတို့ ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။
"ကျွန်တော်တို့ ပြန်သွားတဲ့အခါ ဒီဂြိုဟ်ရဲ့ ခေါင်းဆောင်တွေကို တောင်းပန်သင့်တယ်"
စစ်သင်္ဘော စတင်ထွက်ခွာနေပြီဖြစ်သောကြောင့် ပိုမိုသေးငယ်သထက် သေးငယ်လာသောဂြိုဟ်လေးကို ဖောက်ထွင်းမြင်နိုင်သော ပြတင်းပေါက်မှနေ၍ ကုဟွိုက် ကြည့်လိုက်မိသည်။
နောက်ဆုံး၌ သူတို့သည် ဤဂြိုဟ်ငယ်လေးပေါ်ရှိလူများကို ထိတ်လန့်စေခဲ့ပြီး ခေါင်းဆောင်များကိုတောင် မနှုတ်ဆက်ခဲ့ကြပေ။ ဂြိုလ်ပတ်ပတ်လည်တွင်ဝန်းရံထားခြင်းသည်ပင် ရိုင်းစိုင်းသည့်အပြုအမူဖြစ်ပြီး သူတို့ တောင်းပန်သင့်သည်။
ဗိုလ်မှူးသည် သူ့မျက်မှန်ကို ပင့်တင်ပြီးဦးညွတ်လိုက်၏။ "ကျွန်တော်တို့ တူဆာကို ပြန်ရောက်တဲ့အထိ စောင့်ပေးပါ။ ကျွန်တော် ဂြိုဟ်ငယ်လေးဆီကို တရားဝင်တောင်းပန်စာ ပို့ပေးပါ့မယ်"
ကုဟွိုက် အလ်ဗ်၏စစ်သင်္ဘောပေါ်တွင်ရှိနေသောကြောင့် အခြားစစ်တပ်ခေါင်းဆောင်များသည် သူတို့၏စစ်သင်္ဘောများကိုစွန့်ပစ်ကာ ယူးလာစစ်သင်္ဘောပေါ်တွင်ရှိနေသော ကုဟွိုက်နောက်သို့လိုက်ပါလာခဲ့သည်။ ဇက်စစ်တပ်၏ ခေါင်းဆောင်လေးဦးသည် ထိုနေရာတွင်ဆက်လက်ရှိနေပြီး ဆက်ဆံရေးသည်လည်း အဆင်ပြေနေပေသည်။ ဤစစ်သင်္ဘောပေါ်သို့ ခေါ်ဆောင်လာခံရသောလူသားအရာရှိနှစ်ဦးမှာ သူတို့ကြုံတွေ့နေရသည့်အရာများက ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်း၏ သမိုင်းတစ်လျှောက်လုံးတွင် မကြုံဖူးသည့်အရာများဖြစ်နိုင်ကြောင်း တွေးနေကြသည်။
“စစ်သင်္ဘောပေါ်မှာ အာဟာရထုပ်တွေပဲရှိတယ်။ အရသာမကောင်းပေမယ့် အရင်စားလိုက်ပါ.." အဲလ်ဗ်၏လက်ထောက်အနေဖြင့် ထုံးစံအတိုင်း အယ်လ်ဂျာက သင်္ဘောပေါ်တွင်ရှိနေသည်။ သူသည် သိုလှောင်ခန်းထဲမှ အာဟာရထုပ်များစွာကို ထုတ်ယူလာ၏။
"ဒီဟာတွေက နည်းနည်းချိုတယ်.."
အယ်လ်ဂျာမှာ ကုဟွိုက် စားရန် မျှော်လင့်ချက်ဖြင့် သူအထူးရွေးချယ်ထားသော အာဟာရထုပ်အချို့ကို ကုဟွိုက်ရှေ့တွင်ချထားလိုက်သည်။ ကုဟွိုက်က အာဟာရထုပ်များ၏အရသာကို မကြိုက်ကြောင်း သူသိသောကြောင့် အယ်လ်ဂျာ၏အမူအရာမှာ အနည်းငယ်စိုးရိမ်နေသည်။
ကုဟွိုက် စားပွဲပေါ်ရှိ အာဟာရထုပ်ကိုကြည့်ကာ စတစ်ထုပ်ကိုကောက်ယူပြီး ထိုင်လိုက်သည်။ ယခင်က ကုဟွိုက်သည် အာဟာရထုပ်၏ ပမာဏအနည်းငယ်ကို စပ်စုစွာ မြည်းစမ်းခဲ့ဖူးသော်လည်း အရသာက အမှန်တကယ် ထူးဆန်းလွန်းသဖြင့် လက်လျှော့လိုက်ရသည်။
သို့သော် ယခုအခါတွင် သူ တကယ်ဗိုက်ဆာနေပြီဖြစ်သောကြောင့် သိပ်ပြီးမစဉ်းစားတော့ပေ။ သူ၏ဆာလောင်မှုကို အရင်ဦးဆုံးဖြည့်ဆည်းရန် စိတ်ကူးထားလိုက်သည်။ ကုဟွိုက်သည် အာဟာရထုပ်ကိုဖွင့်လိုက်ပြီး အနည်းငယ်လောက်ကိုသောက်ကာ အရသာကိုမြည်းစမ်းကြည့်လိုက်သည်။ အရသာမှာ အရင်တစ်ခေါက်ကလောက် မထူးဆန်းသည်ကို သူတွေ့လိုက်ရသည်။ ၎င်းက ချိုပြီး ပန်းသီးဖျော်ရည်နှင့် အနည်းငယ်ဆင်တူနေသောကြောင့် မကြာခင်မှာပင် ကုဟွိုက် အာဟာရထုပ်ကို သောက်၍ပြီးစီးသွားသည်။
သာမာန်အားဖြင့် အာဟာရထုပ်တစ်ထုပ်က တစ်နေ့လုံးစာအတွက် အာဟာရကို ဖြည့်တင်းပေးနိုင်သည်။ သို့သော် ကုဟွိုက် တစ်ထုပ်လုံးကို သောက်လိုက်သော်လည်း ဗိုက်ဆာနေသေးသည်ကို တွေ့လိုက်ရသည်။
အယ်လ်ဂျာသည် ကုဟွိုက်၏အမူအရာကိုကြည့်ကာ မေးလိုက်သည်။ “အရှင် ဗိုက်ဆာနေသေးတာလား"
ကုဟွိုက် ချီတုံချတုံဖြင့် ခေါင်းညိတ်ပြပြီးနောက် သူ့ပတ်ဝန်းကျင်ရှိဇက်များက သူ့ဘေးနားရှိ လူနှစ်ယောက်ကို အေးစက်သည့်ပုံစံများဖြင့် စိုက်ကြည့်နေကြသည်။
“...” ရှန်းမုနှင့် ဟန်မာတို့မှာ ဇက်အုပ်စုထံမှ စိုက်ကြည့်ခံနေရပြီး သူတို့ခမျာ မလှုပ်ရှားရဲ သို့မဟုတ် ဆင်ခြေပင် မထုတ်ဝံ့ကြပေ။ သူတို့က တစ်ဖက်လူကို မစားသောက်ဖို့ တမင်တကာ တားနေတာမဟုတ်ဘူးလေ။
ကုဟွိုက် ဇက်များ၏ ဦးနှောက်လည်ပတ်မှုများကို လျင်မြန်စွာ နားလည်လိုက်ပြီး ကူရှင်းပြလိုက်သည်။ “အဲဒါက သူတို့ကြောင့် မဟုတ်ဘူး။ ငါ့ရဲ့ စိတ်စွမ်းအားတွေ တိုးတက်လာပြီး မနိုးဘဲ အိပ်ပျော်သွားတာကြောင့်ပါ.."
"ဒါဆို နောက်တစ်ခုယူမလား..."
ကုဟွိုက်ရှေ့တွင် မျက်မှောင်မကြုတ်မိစေရန် ကြိုးစားပြီး အယ်လ်ဂျာက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျွန်တော်တို့ တူဆာကို ပြန်ရောက်တာနဲ့ အရှင် ကြိုက်တာစားလို့ရတယ်.."
ဘုရင်ဗိုက်ဆာနေသည်ဟု တွေးလိုက်ရုံဖြင့် ယူးလာစစ်သင်္ဘောပေါ်ရှိ ဇက်များအားလုံး စိုးရိမ်ပူပန်သွားကြသည်။ ကုဟွိုက် သူ့ရှေ့ရှိမတူညီသော အာဟာရထုပ်မျိုးစုံကို ကြည့်လိုက်သည်။ ထို့နောက် သူ ထိုအစားအစာအားလုံးကို စားပြီးနောက် ဆာလောင်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။ ၎င်းတို့တွင် သူလိုချင်သည့်တစ်စုံတစ်ရာ ပျောက်ဆုံးနေသကဲ့သို့ပင်...
ဆာလောင်မှုမှ ဆင်းသက်လာသည့် ပင်ကိုယ်အသိစိတ်သည် ကုဟွိုက်အား သူလိုချင်သည့်အရာကို သိစေသည်။ ထိုအရာက သူလိုအပ်သောစွမ်းအင်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်သည့် တစ်ခုတည်းသော အရာပင်။
“...ဥအခွံ” ကုဟွိုက် ရှုပ်ထွေးသောအမူအရာဖြင့် သူ့ဗိုက်ကိုထိလိုက်ပြီး အဖြေကို အလိုအလျှောက်ပြောနေမိသည်။ “တခြားအရာတွေကို စားတာနဲ့ မလုံလောက်ဘူး.."
ဇက်အကောင်ပေါက်လေး၏ ဥအခွံတွင် သူတို့၏ ကနဦးကြီးထွားမှုကို ပြီးမြောက်စေရန် လုံလောက်သောစွမ်းအင်ပါရှိသည်။ ကုဟွိုက်အတွက် သူလိုအပ်သော စွမ်းအင်မှာ အလွန်ကြီးမားသောကြောင့် အခြားအစားအစာများနှင့် အစားထိုးရန်ခက်ခဲလှသည်။ သူ၏စိတ်ပိုင်းဆိုင်ရာခွန်အားသက ပထမအဆင့် တိုးတက်မှုကို ပြီးမြောက်ခဲ့ပြီး ကြီးထွားမှု မပြီးမီအထိ အဓိကအစားအစာအဖြစ် ဥအခွံကို ကုဟွိုက် လိုအပ်နေသေးသည်။
"ကျွန်တော် ခရီးစဉ်ကို အရှိန်မြှင့်ဖို့ ယူးလာကို တောင်းဆိုထားပါတယ်" အဲလ်ဗ်က ခံစားချက်မဲ့သည့်ပုံစံဖြင့် သူ့မျက်လွှာများကို ချထားလိုက်သည်။
သူ့ဘေးနားရှိ မပျော်မရွှင်ဖြစ်နေသော ငွေရောင်ကြောင်ကြီးကို ကုဟွိုက် ကြည့်လိုက်၏။ တစ်ဖက်လူက လုံးဝ စိတ်ဆိုးမပြေသေးကြောင်းနှင့် နည်းလမ်းတစ်ခုကို ပြန်လည်အသုံးချရန်လိုအပ်ကြောင်း သူပြောနိုင်သည်။
“ကျိုးကျိုး” လူနှစ်ဦးက အတော်လေးရင်းနှီးကြပြီး ကုဟွိုက်သည် တစ်ဖက်သား၏အမည်ပြောင်ကို ခေါ်ရန် တမင်တကာ အသံကိုတိုးလိုက်သည်။ ထိုအမည်ပြောင်သည် အဘယ်ကြောင့် စိတ်ဆိုးပြေစေသည်ကို သူမသိသော်လည်း ထိုအကြောင်းအရာကို သူရှာဖွေတွေ့ရှိထားသောကြောင့် ၎င်းကိုအသုံးပြုရန် ကုဟွိုက်သည် တွန့်တိုမနေခဲ့ပေ။
၎င်းသည် အလုပ်ဖြစ်၏။ အဲလ်ဗ်၏ နှုတ်ခမ်းထောင့်များက ဖြေးညှင်းစွာ လှုပ်ရှားသွားသည်။ သူသည် ထုတ်ဖော်မပြတတ်သေးသော်လည်း သူ၏ဘေးတိုက်ပုံစံမှ အေးစက်မှုကိုသာ ခံစားနိုင်သည်။ ဖုံးကွယ်ထားသည့် အန္တရာယ်ရှိသော ခံစားချက်မျိုး မရှိခဲ့ပေ။ တကယ်တမ်း ထိုကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းအမှန်သည်—
ကုဟွိုက် သူ့အသံကို တိုးလိုက်သောကြောင့် အခန်းထဲရှိတခြားဇက်များ သူပြောနေသည်ကို မကြားနိုင်လောက်ဘူးဟု ထင်လိုက်သော်လည်း အမှန်တကယ်တွင် လူတိုင်း ကြားနေရသည်ပင်။ အလ်ဗ်နှင့် အခြားဇက်များ၏အမြင်တွင် သူ၏အပြုအမူသည် လူများစွာရှေ့တွင် အလ်ဗ်၏အမည်ပြောင်ကို တမင်တကာခေါ်လိုက်သကဲ့သို့ဖြစ်နေသည်။ ထိုသို့ခေါ်လိုက်ခြင်းက ရင်းနှီးသည်ဟု ယူဆနိုင်သောကြောင့် အဲလ်ဗ်မှာ အလွယ်တကူ ကျေနပ်သွားသည်။
သူ မရည်ရွယ်ဘဲ လုပ်ခဲ့သည့်အရာကို ကုဟွိုက် မသိခဲ့ပေ။ ထိုအချိန်တွင် ကြောင်ကြီးသည် အလွန်နာခံနေသောကြောင့် တစ်ဖက်သား၏ဆံပင်ကို လှမ်းမထိဘဲ မနေနိုင်တော့ပေ။ အခြားဇက်များ၏အမြင်တွင် ဤလှုပ်ရှားမှုသည် စေတနာကို ဖော်ပြသည့်နည်းလမ်းတစ်ခုလည်းဖြစ်သည်။
"တကယ်တော့ ငါ တကယ်ဗိုက်မဆာဘူး ဒါပေမယ့် တူဆာကိုပြန်သွားတာက ပိုကောင်းပါတယ်.." ကုဟွိုက် ထိုအကြောင်းကိုတွေးပြီး နောက်အကြောင်းအရာတစ်ခုကို အမြန်ရှာလိုက်သည်။
“မင်းငါ့ကို နောက်ဆုံးအကြိမ်ပေးခဲ့တဲ့ ပန်းက ကြွေသွားပြီ။ အသစ်လိုချင်တယ်"
အလ်ဗ် နားထောင်ကာ တိတ်တိတ်လေး ခေါင်းညိတ်ပြပြီး သူ့ပါးစပ်သည် အနည်းငယ်ကွေးတက်သွားသည်။
“အဲဒီပန်းနဲ့အတိအကျတူတဲ့ပန်းကို ယူလာပေး။ မင်း ငါ့ကို နောက်ဆုံးအကြိမ်ပေးခဲ့တဲ့ပန်းက ကြည့်ကောင်းတယ်လို့ ထင်တယ်" သူ့ဘေးနားရှိ ငွေရောင်ဆံပင်များရှိသည့်ဇက်ကို ကုဟွိုက် ပြုံးပြလိုက်သည်။
အဲလ်ဗ်ကလည်း သဘောတူလိုက်၏။
“ကောင်းပါပြီ”
ထိုသို့သော ဆွေးနွေးပွဲများသည် ဘာမှမဖြစ်ပုံပေါ်သော်လည်း ဇက်များဖြစ်စေ ကံမကောင်းသည့် လူသားအရာရှိနှစ်ယောက်ပင်ဖြစ်စေ အလ်ဗ်အကြောင်းကို သိသောသူများအတွက် အလ်ဗ်၏အပြုအမူက ထူးဆန်းနေကြောင်း တွေ့ရှိကြသည်။ တခြားဇက်များအပေါ်ထားသည့် အလ်ဗ်၏အကျင့်၊ စကားလုံးများနှင့် သဘောထားများကို နှိုင်းယှဉ်ကြည့်ပြီး အဲလ်ဗ်သည် ကုဟွိုက်အား အလျှော့ပေးရန် ဆန္ဒမရှိကြောင်း သူတို့ သတိပြုမိကြသည်။ ထိုသို့ဆိုလျှင်ပင် အလ်ဗ်သည် ဆန့်ကျင်ဘက်ဖြစ်နေသောကုဟွိုက်အား အလျှော့ပေးနေဆဲပင်။
လူသားအရာရှိနှစ်ဦးသည် အလ်ဗ်၏ ကိုယ်ရည်ကိုယ်သွေးကို အဖြစ်အပျက်အမျိုးမျိုးမှ နားလည်သဘောပေါက်ခဲ့ကြသည်။ မသိကျေးကျွန်ပြုခြင်းသည် အလ်ဗ်၏ထင်ရှားသောအချက်ဖြစ်ပြီး မာနလည်းကြီးမည်မှာ သေချာပေသည်။ ၎င်းက ထိုဇက်၏သန်မာသောစွမ်းအားနှင့် မွေးရာပါမြင့်မြတ်မှုတို့ကြောင့်ပင်။ အလ်ဗ်က ထိုကဲ့သို့ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို ရည်ရွယ်ချက်ရှိရှိ မပြခဲ့လျှင်ပင်မှ နိုင်ငံရေး ဆုံးဖြတ်ချက်များချခြင်းနှင့် တိုက်ခိုက်ခြင်းများတွင် သူ၏စိုးရိမ်ပူပန်မှုမရှိသည့်ပုံစံက ထိုကဲ့သို့ပင်ဖြစ်ကြောင်း သေချာပေါက် ဖော်ပြနေသည်။
သို့သော် အလ်ဗ်သည် သူ၏လျစ်လျူရှုမှု သို့မဟုတ် မောက်မာသည့်အသွင်အပြင်ကို ကုဟွိုက်ရှေ့တွင် မဖော်ပြခဲ့သည့်အပြင် ကုဟွိုက်၏မတရားတောင်းဆိုမှုများကိုပင် ခွင့်ပြုပေးခဲ့သည်။ အဲလ်ဗ် အမိန့်မပေးခဲ့သော်လည်း ယူးလာစစ်သင်္ဘောသည် ကြိမ်ဖန်များစွာ အရှိန်မြှင့်ခဲ့သည်။ ကုဟွိုက်သည် တူဆာသို့မပြန်မီ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူခဲ့သည်။
သူတို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အချိန်တိုအတွင်း ဇက်များ၏အမာခံစခန်းသို့ ပြန်လည်ခေါ်ဆောင်လာခြင်းခံခဲ့ရသည်။ ရှန်းမုနှင့် ဟန်မာတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း သူတို့၏ပုံစံမှာ အမှန်တကယ်ပင် တည်ငြိမ်နေသည်။ သူတို့သည် လှုံ့ဆော်ခံရသောကြောင့်လည်း ဖြစ်နိုင်သည်။ အတင်းအဓမ္မ ပြန်ပေးဆွဲခံရသော ဆံပင်အနက်ရောင်လူငယ်လေး၏ သဘောထားအပေါ် အခြေခံ၍ သူတို့ လောလောဆယ်တွင် အသတ်ခံရမည်မဟုတ်ကြောင်း သိထားကြသည်။ လူသားအရာရှိနှစ်ဦးသည် ဤအဖြစ်မှန်ကို လက်ခံခဲ့၏။
ဇက်များ၏တူဆာကြယ်တာရာထံ လည်ပတ်ရုံပင် မဟုတ်လား။ သူတို့၏ ထူးခြားသောဘဝတွင် နောက်ထပ် အသေးအဖွဲလှုပ်ရှားမှုတစ်ခု ထပ်ထည့်ခြင်းက အလွန်ဆိုးရွားလိမ့်မည်တော့မဟုတ်ပေ။ သူတို့သည် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။
အမှန်တွင် ရှန်းမုနှင့် ဟန်မာတို့သည် သူတို့ အဖမ်းခံရသောအခါ ၎င်းကို စဉ်းစားခဲ့ကြသည်။ သူတို့ သေဒဏ်မှရှောင်လွှဲနိုင်လျှင်ပင် ပြစ်မှုအတွက် ပြစ်ဒဏ်မှ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ သူတို့သည် ကြီးကြီးမားမား ပြစ်ဒဏ်ကို ခံကြရမည်ဖြစ်ပြီး သူတို့ခန္ဓာကိုယ်ရှိ အရေပြားအများစုအား အခွံခွာခံရခြင်း ဖြစ်နိုင်သည်။
တူဆာဂြိုဟ်ပေါ်ရှိဇက်များက သူတို့အား ဘာမှမလုပ်လောက်ဟုနှစ်ယောက်စလုံး မမျှော်လင့်ထားခဲ့ကြပေ။ သူတို့၏လက်ကောက်ဝတ်တွင် သတ္တုလက်ကောက်တစ်ကွင်းကိုသာ ဝတ်ဆင်ပေးခဲ့ကြသည်။ သတ္တုလက်ကောက်တွင် အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်မှု နှင့် တည်နေရာခြေရာခံခြင်းများ ပါရှိသည်။ ၎င်းသည် အရေပြားနှင့် ကပ်လျှက်ရှိနေခဲ့ကာ သူတို့မှာ သတ္တုလက်ကောက်များကို မဖယ်ရှားနိုင်သည့်အပြင် အတွင်း၌ အဆိပ်ရှိသော အပ်တစ်ချောင်းလည်း ရှိနေသည်။ ထိန်းချုပ်သူက ခလုတ်ကိုနှိပ်လိုက်ပါက အဆိပ်အပ်မှာဝတ်ဆင်သူ၏အရေပြားကို ထိုးဖောက်ဝင်ရောက်သွားမည်ဖြစ်သည်။
လီဆာက ပြုံးကာ နူးညံ့သောအမူအရာဖြင့် ပြောလိုက်သည်။
"ဒီအဆိပ်ကို ငါ ပေးထားတာ မင်းတို့နဲ့ အနီးကပ်ထိတွေ့ဖို့ အခွင့်အလမ်းမရှိဘူးလို့ မျှော်လင့်ပါတယ်.."
အရာရှိနှစ်ယောက်၏ ပါးစပ်များမှာ ရုတ်တရက်လှုပ်ရှားသွားသည်။ အရေပြားနှင့်ထိတွေ့သောအခါ အဆိပ်ကြိုးသည် အလွန်ကြောက်စရာကောင်းလှ၏။ ၎င်းသည် သူတို့၏အရေပြားကို ထိုးဖောက်ဝင်ရောက်သွားလျှင် သူတို့ နေရာမှာတင် ပွဲချင်းပြီးသေသွားနိုင်သည်။ သို့သော် သူတို့နှစ်ဦး ထွက်ပြေးရန် သို့မဟုတ် မကောင်းသည့်အရာကိုပြုလုပ်ရန် ဘယ်သောအခါမှ မတွေးခဲ့ကြပေ။ သူတို့နှစ်ဦးစလုံးက အသိဥာဏ်မမဲ့ကြပေ။ ထို့အပြင် သူတို့၏ 'ဘုရင်' ပေါ်ထွက်လာပြီးနောက် ဇက်များ ပြောင်းလဲသွားသည်ကိုလည်း သူတို့မြင်ခဲ့ကြသည်။
စစ်တပ်လေးခုမှာ ပေါင်းစည်းသွားပြီး ၎င်းက အတည်ပြုနိုင်သည့် အချက်ပင်ဖြစ်သည်။ ထိတွေ့ဆက်ဆံရသည့်အချိန်က အလွန်တိုတောင်းသော်လည်း ဆံပင်အနက်ရောင်လူငယ်လေးသည် နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းသည့်အသွင်အပြင်ကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ဟန်မာနှင့် ရှန်းမုတို့သည် တူဆာသို့ ဖိတ်ခေါ်ခြင်းခံရသောအခါ ထွက်ပြေးရန် မစဉ်းစားခဲ့ကြပေ။ သူတို့သည် တူဆာဂြိုဟ်ပေါ်တွင်နေထိုင်ကာ ဇက်များ၏ထူးခြားသည့်ပြောင်းလဲမှုများကို ကြည့်ချင်နေကြသည်။
ဇက်စစ်တပ်လေးခု၏ စည်းလုံးညီညွတ်မှုသည် ကျန်သည့်မျိုးနွယ်စုများအတွက် ကောင်းမွန်သည့်ကိစ္စမဟုတ်သော်လည်း သူတို့၏ဆန္ဒကို လွှမ်းမိုးထားသည့်ဘုရင်သည် သူထင်သလို အန္တရာယ်ကင်းသည်ဆိုလျှင်တော့ ကွဲပြားသွားနိုင်ပေသည်...
အချိန်တိုလေးအတွင်းမှာပင် တူဆာသို့ ပြန်ခေါ်လာခံရသော လူသားနှစ်ယောက်သည် အကြောင်းအရာများစွာကို တွေးတောနေခဲ့သည်။ သူတို့သည် လေ့လာရန်အစီအစဉ်ကို ဂရုတစိုက်ထည့်သွင်းစဉ်းစားခဲ့သော်လည်း သူတို့ စောင့်ကြည့်ခဲ့သည့် ပထမဆုံးအရာအတွက် သူတို့အမှားကို သူတို့တာဝန်ယူရမည်။
“အဆင်သင့်ဖြစ်နေပြီ။ မြန်မြန်စားလိုက်ပါ"
သူတို့ တူဆာသို့ပြန်ရောက်လာချိန်တွင် ဗိုလ်မှူးသည် ကုဟွိုက်၏ဥအခွံမှုန့်ပါရှိသော ပုလင်းကို အလျင်အမြန်ရှာဖွေခဲ့သည်။ ထို့နောက် အုန်းပင်၏အရည်အနည်းငယ်နှင့်ရောစပ်ကာ အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးမှ ၎င်းကို လက်ဖြင့် အပူပေးလိုက်ပြီး ထိုအုန်းနို့ရည်ခွက်အား ကုဟွိုက်ရှေ့တွင် အလျင်အမြန် ချထားပေးလာသည်။
ကုဟွိုက် ဗိုက်ဆာနေသေးသည်ကို သူတို့ သိသောကြောင့် ဇက်အားလုံး စိတ်ပူနေခဲ့ကြသည်။ ကုဟွိုက် ခွက်ကို ကောက်ယူပြီး ပထမဆုံးတစ်ငုံ သောက်လိုက်သောအခါ သူတို့၏အေးစက်တင်းမာသော အမူအရာများသည် နောက်ဆုံးတော့ အနည်းငယ် ပြေလျှော့သွားခဲ့သည်။
ဥအခွံ၊ အုန်းနို့ရည်...
အုန်းနို့ရည်ပြုလုပ်ရန် သူတို့၏စွမ်းရည်များကို အသုံးပြုခဲ့သည့်ဇက်မျာ၊း ထို့နောက် ကလေးသောက်သည့်နို့ကို သောက်နေသော ကုဟွိုက်ကို ကြည့်ပြီး လူသားအရာရှိနှစ်ယောက်မှာ အံ့အားသင့်သွားကြသည်။ သူတို့ရှေ့ရှိ အရွယ်ရောက်ပြီးသူနှင့်တူသော ဆံပင်အနက်ရောင်ရှိသည့် လူငယ်လေးသည် အမှန်တကယ် မွေးကင်းစကလေးတစ်ယောက်ဖြစ်နိုင်ကြောင်း သူတို့သဘောပေါက်သွားကြသည်။
ဒါဆို သူတို့နှစ်ဦးက ကြယ်တာရာကမ္ဘာ၌ ရာဇ၀တ်မှုတစ်ခု ကျူးလွန်ခဲ့ကြသည်မဟုတ်လား။ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့ကြသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့ အက်ဥပဒေ ပုဒ်မ ၁၂၇ အရ ကလေးတစ်ဦးကို ပြန်ပေးဆွဲသည့်ပြစ်မှုသည် လူမျိုးမရွေးဘဲ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ထိ ချမှတ်နိုင်သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့၏အကျဉ်းထောင်သို့ မပို့ခြင်းသည်ပင် ကံကောင်းမှုတစ်ခုဖြစ်သည်။
လူငယ်လေး စားပြီးသည်နှင့် ရှန်းမုနှင့် ဟန်မာတို့သည် ခြံဝင်းထဲသို့ လိုက်ပို့ရန် တစ်ဖက်လူအား ပထမဆုံးအကြိမ် တောင်းဆိုခဲ့သည်။ ခြံဝင်းသည် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်ပြီး ဖြူစင်သောနှင်းများက တူဆာအား ငွေရောင်ဖြင့်ဖုံးလွှမ်းထားသော ဆီးနှင်းမြို့တော်တစ်ခုကဲ့သို့ ဖြစ်နေစေသည်။
ကုဟွိုက်သည် ဇက်များနှင့် လူသားများကြား ဆက်ဆံရေးကို ပြုပြင်ရာတွင် အောင်မြင်မှု ရှိမရှိ ရှာဖွေရန် ထိုလူနှစ်ဦးမှတစ်ဆင့် ဤကြယ်တာရာခေတ်မှ လူသားများအကြောင်းကို နားလည်ချင်ခဲ့သည်။ ထိုသို့မလုပ်ခင် သူ့ကိုစောင့်ကြည့်နေသောတက်ခ်ဇက်များအား လူသားနှစ်ယောက်အပေါ် ရန်လိုမုန်းတီးမှုများ ရပ်သွားအောင် ပြုလုပ်ရန်လိုအပ်ပေသည်။
ပထမအဆင့်အနေနှင့် လုပ်ရန်မည့်အရာသည်—
"မင်းတို့ကို ငါနဲ့အတူ နှင်းလူသားလုပ်ဖို့ အနှောင့်အယှက်ပေးရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မင်းတို့ အရင်က ကောင်းကင်ကနေ ပြုတ်ကျလာပြီး ငါ ကာရုကို ပေးခဲ့တဲ့ နှင်းလူသားကို ဖျက်စီးလိုက်လို့ပဲ။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို နည်းနည်းတော့ ဒေါသဖြစ်နေတုန်းပဲ” အမှန်ဆိုလျှင် ကုဟွိုက် စကားပြော၍မပြီးသေးခင်မှာပင် သူတို့က ထို့ထက်ပို၍ ဒေါသထွက်လာခဲ့ကြသည်။
ရှန်းမုနှင့် ဟန်မာတို့သည် ပတ်ပတ်လည်ရှိတက်ခ်ဇက်များထံမှ ပြင်းထန်သောရန်လိုမှုကို သေချာပေါက် ခံစားနိုင်သည်။ သူတို့ကို ဖျောင်းဖျပေးနေသောကုဟွိုက်ကြောင့်သာမဟုတ်လျှင် ထိုတက်ခ်ဇက်များသည် လူသားနှစ်ယောက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ပေလိမ့်မည်။ ထို့နောက် ဇက်နှစ်ကောင်ရှေ့တွင် သူတို့ လုပ်ခဲ့သည့်အရာကို တွေးမိပြီး လူသားအရာရှိနှစ်ယောက်မှာ စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြသည်။
နှင်းလူသားတစ်ရုပ်လုပ်ခြင်းမှာ မခက်ခဲသော်လည်း သူတို့ အရုပ် ၂၀ ကျော်လောက် လုပ်ခဲ့ရသည်။ သုံးယောက်သား အတူတူ အချိန်အတော်ပေးလိုက်ရ၏။ ကုဟွိုက်က ထိုနှင်းလူသားအရုပ် ၂၀ ကို စက်ဝိုင်းပုံသဏ္ဍာန်ထဲတွင် ထားလိုက်သည်။ သူသည် ထိုနှင်းလူသားများကို လက်ချင်းချိတ်ထားသည့်ပုံဖြစ်အောင် မလုပ်နိုင်သော်လည်း အဆင်ပြေနေဆဲပင်။
"ဒီနှင်းလူသားအရုပ်တွေက မင်းတို့အတွက်ပဲ" ကုဟွိုက် အနီးနားရှိ တက်ခ်ဇက်၏ ချွန်ထက်သော လက်မောင်းကို ပုတ်လိုက်ပြီး ထူးခြားစွာ ပြောလိုက်သည်။
“သူတို့နှစ်ယောက်က အဲဒါကို ကူညီပြီး လုပ်ပေးတာ"
ကုဟွိုက်၏စကားများကို နားထောင်ပြီး ထိုတက်ခ်ဇက်များ၏ သူတို့ရှေ့မှ လူသားနှစ်ဦးအပေါ် ရန်လိုမှုက အနည်းငယ်နည်းပါးလာခဲ့သည်။ သို့သော် ဤလူသားနှစ်ဦးသည် သူတို့၏ကလေးကို အားဖြင့်ဖိနှိပ်ခဲ့ပြီး သူ၏အရုပ်ဘောလုံးအား လုယူခဲ့သည်ကိုလည်း မမေ့ခဲ့ကြပေ။
ယခု ကုဟွိုက် သူတို့အတွက်ပြင်ဆင်ပေးထားသော နှင်းလူသားအရုပ်ကိုကြည့်ပြီး တက်ခ်ဇက်များသည် သူတို့၏ရန်လိုမှုကို ဆက်လက် ဖော်ပြနေသော်လည်း သူတို့ရှေ့ရှိ နှင်းလူသားအရုပ်များသည် တစ်စုံတစ်ရာပျောက်ဆုံးနေကြောင်း ခံစားရသည်။ များမကြာမီပင် ကြီးမားသောတက်ခ်ဇက်အများအပြားသည်နှင်းလူသားများထံ ချဉ်းကပ်လာသည်။ သူတို့သည် သူတို့လက်မောင်းများကို ဆန့်ထုတ်ကာ နှင်းလူသားအယောက် ၂၀ ကျော်ကြားတွင် သေးငယ်သော နှင်းလူသားအရုပ်လေးတစ်ခုဖြစ်အောင် နှင်းများကိုစုပုံလိုက်၏။
သူတို့လက်များသည် ပျော့ပြောင်းမှုမရှိသောကြောင့် နှင်းလူရုပ်အသေးလေးသည် သူတို့ပတ်ဝန်းကျင်ရှိ နှင်းလူသားများကဲ့သို့ ကြည့်မကောင်းပေ။ သေးငယ်သည့်အရွယ်အစားကြောင့် အတော်လေးကို ချစ်စရာကောင်းပေသည်။ သူတို့၏မျက်လုံးများကို ကိုယ်စားပြုပုံရသည့် အနီရောင်ကျောက်မျက်များနှင့် နှင်းလူသားအရုပ်များသည် နှင်းလူသားရုပ်အသေးလေးကို ဝိုင်းရံထားကြသည်။ ထိုတက်ခ်ဇက်များသည် ကုဟွိုက်၏အနက်ရောင်မျက်လုံးများကို ကြည့်ပြီး ရုတ်တရက် အိမ်ထဲသို့ဝင်သွား၏။
တူဆာကြယ်တာရာပေါ်တွင် အခြားမျိုးနွယ်များအတွက် အဖိုးတန်သော အနက်ရောင်ကျောက်ကို နေရာတိုင်းတွင် တွေ့နိုင်သည်။ တူဆာဂြိုဟ်ပေါ်တွင်နေထိုင်သော ဇက်များသည် အလွန်အသုံးအစွဲကြီးလွန်းသောကြောင့် သူတို့သည် ၎င်းတို့ကို အသုံးအဆောင်ပရိဘောဂပစ္စည်းများ ပြုလုပ်ရာတွင်အသုံးပြုခဲ့ကြသည်။ တက်ခ်ဇက်သည် အနက်ရောင် ကျောက်တုံးအနည်းငယ်အတွက် စားပွဲထောင့်စွန်းကို ပွတ်တိုက်လိုက်သည်။
ကျောက်တုံးကို ယူလာပြီးနောက် ထိုတက်ခ်ဇက်ကနှင်းလူသားရုပ်လေး၏မျက်နှာအလယ်တွင် ကျောက်တုံးသေးသေးလေးနှစ်ခုကို တပ်ဆင်လိုက်သည်။ သူတို့သည် ပြီးပြည့်စုံသော နှင်းလူသားကို ကြည့်ကာ ကုဟွိုက်ပတ်ပတ်လည်ရှိ တက်ခ်ဇက်များသည် ရွှင်မြူးသောအသံများ ထွက်ပေါ်လာ၏။ ထိုသို့သော စိတ်ခံစားမှုကြောင့် နီမြန်းသောဒေါင်လိုက်ပုံစံသူငယ်အိမ်များသည် တောက်ပနေပုံရသည်။
နှင်းလူသားများသည် သူတို့ဖြစ်ကြပြီး သူတို့ဝိုင်းရံထားသော နှင်းလူသားရုပ်လေးသည် သူတို့ ပြုစုစောင့်ရှောက်ပေးခဲ့သော ကလေးပင်ဖြစ်သည်။
ဤအရာသည် ပျောက်ဆုံးနေခဲ့သည့်အရာပင်။