အခန်း ၂၇
Viewers 10k

Chapter 27

Chapter 27




နီရဲသောမျက်လုံးများနှင့် ကြီးမားသောနှင်းလူသားရုပ်များသည် အနက်ရောင်မျက်လုံးများနှင့် နှင်းလူသားရုပ်လေးကို ဝန်းရံထားကြသည်။ ကုဟွိုက်သည် နှင်းလူသားရုပ်လေး၏မျက်နှာတွင် မြှုပ်ထားသည့်အနက်ရောင်ကျောက်တုံးများကို တွေ့လိုက်သောအခါ ထိုနှင်းလူသားရုပ်လေးက သူ့ကို ကိုယ်စားပြုကြောင်း သူသိလိုက်သည်။


ကုဟွိုက်သည် အလွန်ကြည့်ကောင်းပုံမပေါ်သော နှင်းလူသားအပုံလေးကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်လိုက်သည်။ သို့သော် သူသည် နှင်းလူသားရုပ်လေးကို ပိုမိုသန့်စင်အောင် မလုပ်ပေးခဲ့ပေ။ သူ မော့ကြည့်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ တက်ခ်ဇက်များကို မေးလိုက်သည်။


"ဒါက ငါ့အတွက်လား"


၎င်းက သိသာထင်ရှားသော်လည်း ကုဟွိုက် မေးရန် ရည်ရွယ်ထားဆဲပင်။ တက်ခ်ဇက်သည် နီမြန်းသောမျက်လုံးများဖြင့် နှင်းလူသားရုပ်လေးအား စိုက်ကြည့်ကာ စူးစူးဝါးဝါး အသံပြုလုပ်လာသည်။ ကုဟွိုက် မျက်တောင်ခတ်လိုက်ကာ စကားမပြောသော်လည်း တက်ခ်ဇက်များက သူ့အား ခိုးကြည့်လာကြ၏။ ကုဟွိုက်က နှင်းလူသားရုပ်လေးကို နှစ်သက်ကြောင်း ဤအပြုအမူက ဖော်ပြနေသည်။ တက်ခ်ဇက်များက ထိုအဓိပ္ပါယ်ကိုနားလည်လိုက်ပြီး ရုတ်တရက် ပို၍ ပျော်ရွှင်လာကြသည်။


တက်ဇက်များသည် နှင်းလူသားရုပ်လေးကို စုပုံကာ ကုဟွိုက်အား ပြတ်ပြတ်သားသား ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့သည့်အတွက် လူသားနှစ်ဦး၏အမူအရာမှာ ရှုပ်ထွေးသွားခဲ့သည်။


သူတို့ရှေ့ရှိ ဇက်များ၏အမျိုးမျိုးသော လုပ်ရပ်များမှာ သူတို့၏မွေးရာပါ ယုံကြည်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အေးစက်မှုများနှင့် အနည်းငယ် ကွဲပြားသည်။ ယင်းသည် သူတို့အား ဆန့်ကျင်ကွဲလွဲမှုနှင့် ရှုပ်ထွေးမှုများကို ခံစားရအောင် ပြုလုပ်ပြီး သူတို့၏အသိဥာဏ်များကို တုန်လှုပ်သွားစေသည်။


ရှုပ်ထွေးသော စိတ်ခံစားမှုများသည် ရှင်းရှင်းလင်းလင်း မရှိလှပေ။ လူသားအရာရှိနှစ်ဦးသည် နှင်းလူသားရုပ်လေး၏မျက်နှာတွင် မြှုပ်နှံထားသည့် အနက်ရောင်ကျောက်များကို ကြည့်ကာ မနေနိုင်ဘဲ သူတို့၏ပါးစပ်များ တင်းကြပ်စွာလှုပ်ရှားသွားသည်။ အထူးသဖြင့် အနက်ရောင်ကျောက်တုံးကို တွေ့လိုက်ရသောအခါ သူတို့နှစ်ဦးလုံး ငြိမ်သက်သွားကြသည်။ လူသားများနှင့် အခြားမျိုးနွယ်များအတွက် အနက်ရောင်ကျောက်များသည် ရှားပါးသော အရင်းအမြစ်များဖြစ်သည်။ သို့သော် တူဆာကြယ်ပေါ်တွင်မူ နှင်းလူသားရုပ်လေး၏ မျက်လုံးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်းက အတိုင်းအတာတစ်ခုအထိရောက်နေသော ဇိမ်ခံပစ္စည်းတစ်ခုပင်...


ကုဟွိုက်သည် လူနှစ်ယောက်ကို အချိန်အကြာကြီး အအားမနေခိုင်းပေ။ ပထမအရာကို ပြီးမြောက်ပြီးနောက် လူသားနှစ်ဦးအား ဒုတိယအရာကို ပြုလုပ်ခိုင်းခဲ့သည်။


"နှင်းလူသားပြုလုပ်တဲ့နေရာမှာ မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ပြီးရင်... နောက်ထပ် မင်းတို့ထဲကတစ်ယောက်က နောက်တစ်ယောက်ကို မြေကြီးပေါ်ဖိထားရမယ်။ အမူအရာကို ပုံမှန်ထက်ပုံကြီးချဲ့နိုင်ရင် အကောင်းဆုံးပဲ” ကုဟွိုက် မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။


ကုဟွိုက်၏စကားများကို ကြားပြီးနောက် လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ရှန်းမုက တည်ငြိမ်စွာ မေးလိုက်သည်။


"မင်းလာမှာလား ဒါမှမဟုတ် ငါလာရမှာလား"


"သေချာပေါက် ငါ လာခဲ့မယ်" ဟန်မာကဆုံးဖြတ်ချက်ချရာတွင် တွန့်ဆုတ်မနေပေ။ နောက်တစ်စက္ကန့်တွင် သူသည် ယခင်က ကုဟွိုက်အား အနိုင်ယူခဲ့သလိုမျိုး သူ့ဘေးနားရှိအရာရှိငယ်လေးကို နှင်းထဲသို့ တွန်းချလိုက်သည်။ သူ၏ပိုင်ရှင်ကို ပစ်ပေါက်နေသော ရွှေရောင်အမွှေးများရှိသည့်ခွေးကဲ့သို့ ဟန်မာက ရှန်းမုကို ဖိနှိပ်ထားခဲ့သည်။ ဤလုပ်ရပ်သည် အမှန်တကယ်ပင် အလွန်ချဲ့ကားလွန်းလှ၏။


ကုဟွိုက် သူ့ခံစားချက်များနှင့် တစ်ထပ်တည်းနီးပါးတူညီသည်ကို မြင်လိုက်ရပြီး လမ်းလျှောက်လာသည်။ “အခု ငါ မင်းကို ဖိလိုက်မယ်။ မင်း နှင်းပေါ်ကို လဲကျသွားသင့်တယ်"


ကုဟွိုက် ရွှေရောင်ဆံပင်နှင့်လူ၏ နောက်ကျောကို တွန်းလိုက်သည်။ ကုဟွိုက် ညင်သာစွာ ထိလိုက်ပြီးနောက် ထိုလူက ချက်ချင်း မြေပြင်ပေါ် လဲကျသွားသည်။


ကုဟွိုက်, "..."


ဒါက နည်းနည်းလွန်သွားပြီမဟုတ်လား။ ထိုအတွေးက သူ့ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုလူကို တွန်းချပြီးနောက် ကုဟွိုက်သည် သူ့ကို ပြန်ထနိုင်ရန် ကူညီပေးလိုက်ပြီး တက်ခ်ဇက်နှင့် စကားပြောခဲ့သည်။


“ဒါက ဂိမ်းတစ်ခုကစားရုံလောက်ပဲ၊ အလေးအနက်ထားစရာမလိုဘူး"


တက်ခ်ဇက်များသည် ကုဟွိုက်၏စကားကို ချက်ချင်းနားမလည်ခဲ့ပေ။ သူတို့၏ အေးစက်ကာနီမြန်းသော မျက်လုံးများနှင့် လူသားနှစ်ဦးကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် ကုဟွိုက်မှာ သူတို့ထဲမှ တစ်ယောက်ကို ဒုတိယအကြိမ် တွန်းချလိုက်ပြီးနောက် တက်ခ်ဇက်များသည် ခေါင်းညိတ်ကာ သူတို့၏ကလေးက ကစားနေခြင်းဖြစ်ကြောင်းကို သဘောပေါက်သွားသည်။


ဒါဆို ဟိုးအရင်တုန်းက ဒီလူသားတွေ သူတို့ရဲ့ ကလေးကို တွန်းလှဲတာက ကစားနေကြတာလား။ ကုဟွိုက်၏ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သူတို့ အတည်ပြုခဲ့ကြပြီး ယခင်ကလည်း ကုဟွိုက်က မည်သည့်နာကျင်မှုမျှ မဖော်ပြခဲ့ပေ။ တက်ခ်ဇက်များသည် အသိဉာဏ်နည်းပါးသောကြောင့် နောက်ဆုံးတွင် ဤကိစ္စကို လက်ခံခဲ့ကြသည်။


တက်ခ်ဇက်များကို ကုဟွိုက် လက်ဟန်ခြေဟန်ဖြင့်ပြောဆိုနေသည်ကိုမြင်ပြီး ရှန်းမုသည် သူ၏အပေါင်းအဖော်ကို တံတောင်ဆစ်ဖြင့်တွန်းထုတ်လိုက်ကာ ရွှေရောင်ခွေး၏ အရိုက်ခံနေရသည့်အခြေအနေမှ သူ့ကိုယ်သူ ကယ်တင်လိုက်သည်။ တက်ခ်ဇက်များ၏ရန်လိုမှုသည် အမှတ်အနည်းငယ်လျော့နည်းသွားကြောင်း လူသားအရာရှိနှစ်ဦးမှာခံစားသိရှိခဲ့ကြပြီး သူတို့ ကုဟွိုက်အား နှင်းများအပေါ် ဖိထားသည်ကို မြင်လိုက်သောသူများက ဤတက်ဇက်များဖြစ်နေသည်ကို ကျေးဇူးတင်ရပေမည်...


အကယ်၍ ၎င်းကို အခြားအဆင့်မြင့်ဇက်များသာမြင်ခဲ့ပါကလူသားများသည် ကုဟွိုက်နှင့် ကစားနေကြသည်ဟု သူတို့ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ သူတို့အလောင်းများက အခေါင်းထဲသို့ တစ်ဝက်လောက်ရောက်နေလောက်ပေပြီ။


ထိုလူငယ်လေးကို တွန်းလှဲလိုက်ခြင်းကြောင့် သူတို့နှစ်ဦးသည် ခေတ်သစ်တွင် လူသားများနှင့် ဇက်များအကြား စစ်ပွဲတစ်ခုလုံးကို အစပြုခဲ့သော အပြစ်သားများ ဖြစ်လာမည်ဖြစ်သည်။ ဤအတွေးဖြင့် လူသားအရာရှိနှစ်ဦးခမျာ ချက်ချင်းပင် ချွေးအေးများကျဆင်းလာကြ၏။


လူနှစ်ယောက်၏ရုတ်တရက် တင်းမာမှုကို ကုဟွိုက် သတိမထားမိလိုက်ပေ။ သူ့အိတ်ကပ်ထဲရှိ သူ့အကြိုက်ဆုံးဖန်ဘောလုံးကို ထုတ်ပြီး လူနှစ်ယောက်ထံ ပစ်ချလိုက်သည်။


“ဖမ်းလိုက်..” ကုဟွိုက် ပြောလိုက်သည်။


သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေသောလူနှစ်ယောက်သည် အံ့အားသင့်သွားသော်လည်း သူတို့သည် လေ့ကျင့်ထားသည့် စစ်သားများဖြစ်ကြ၏။ သူတို့၏ တုံ့ပြန်မှုများမှာ အလွန်ထက်မြက်ပြီး ရှန်းမုသည် စွမ်းအင်သလင်းကျောက်ကို ဖမ်းယူရန် အလွယ်တကူ လက်လှမ်းလိုက်သည်။ ၎င်းက အေ-အဆင့်ဂြိုလ်ကိုဖမ်းယူခြင်းနှင့် ညီမျှသည်။ ရှန်းမု၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် ပြောင်းလဲမှုတစ်ခု ဖျတ်ခနဲဖြစ်ပေါ်လာပြီး ကုဟွိုက်၏ရည်ရွယ်ချက်ကို သူနားမလည်ပေ။


"အခု ငါ့ဆီကို ပြန်ပစ်ပေး" ကုဟွိုက် သူ့လက်များကို အတူတကွပူးထားလိုက်ပြီး ဘောလုံးကိုဖမ်းရန် စောင့်ဆိုင်းနေသည့် အမူအရာ လုပ်ပြလာသည်။ ရှန်းမုသည် အခြေအနေကို နားမလည်သော်လည်း သူထိုစွမ်းအင်သလင်းကျောက်အား ကုဟွိုက်၏လက်ထဲသို့ တိကျစွာပြန်ပစ်ပေးလိုက်သည်။


“ဟုတ်ပြီ...” ကုဟွိုက် ဖန်ဘောလုံးကို ဖမ်းလိုက်ပြီး သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် နှစ်ယောက်စလုံးကို ပြုံးပြလိုက်၏။


"ဒီဖန်ဘောလုံးကို မင်းတို့ အရင်က ငါ့လက်ကနေ လုယူသွားတာကြောင့် ကာရုက ငါ့အရုပ်တွေကို မင်းတို့ ခိုးသွားတယ်လို့ ထင်နေတာ..." 'အရုပ်' ဟူသော စကားလုံးကို ပြောလိုက်ပြီးနောက် ကုဟွိုက် ခဏမျှရပ်တန့်သွားပြီး ထပ်ဖြည့်ပြောလိုက်သည်။


"အခု မင်းတို့က ငါနဲ့ ကစားနေရုံပဲလို့ သူတို့ကို သိစေချင်တယ်..."


ဖန်ဘောလုံးသည် တက်ခ်ဇက်များ၏မျက်လုံးထဲတွင် အရုပ်ဘောလုံးတစ်လုံးနှင့်တူသည်။ ကုဟွိုက် သူပြောသည့်စကားကို စတင်သတိထားမိသွားသည့်အခါ သူ့ပုံစံက အနည်းငယ်ထူးဆန်းနေသည်။ ကုဟွိုက်၏ပြောစကားကိုကြားပြီး လူသားအရာရှိနှစ်ယောက်မှာ စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်သွားသည်။ အေ-အဆင့် ဂြိုလ်တစ်ခုလိုတန်ဖိုးရှိသည့် စွမ်းအင်သလင်းကျောက်တစ်ခုက... အရုပ်ဘောလုံးလား။ ဤအရာက ကြယ်တာရာများအားလုံးတွင် ငွေကုန်ကြေးကျများပြီး ဈေးအကြီးဆုံး အရုပ်ဖြစ်နိုင်သည်။


အဆုံးတွင် ဇက်များအတွက် 'ရှင်ဘုရင်' ၏အဓိပ္ပာယ်သည်ကား အဘယ်နည်း။ သူတို့၏လေ့လာကြည့်ရှုချိန်သည် တိုတောင်းသော်လည်း ရှန်းမုနှင့် ဟန်မာတို့သည် သူ့၏အငြင်းပွားဖွယ်ရလဒ်နှင့် ပတ်သက်၍ အလွန်ရှင်းလင်း လေးနက်စွာ နားလည်သွားခဲ့ကြသည်။


ရှင်ဘုရင်သည် အဖိုးတန်ကာ ထူးခြားပြီး အမြင့်မြတ်ဆုံးဖြစ်သည်။ သူသည် ပိရမစ်၏ထိပ်တွင်ရပ်တည်နေပြီး ဇက်မျိုးနွယ်တစ်ခုလုံးကို အကြွင်းမဲ့ထိန်းချုပ်ထားသည်။ သူ အမိန့်ပေးနေသရွေ့ ဇက်များအားလုံးသည် သူ့အတွက် သူတို့ကိုယ်သူတို့ စတေးကြပေလိမ့်မည်။


အရင်ကဒေါသများမှာ ပြေသွားပြီဖြစ်သည်။ မူလက ကုဟွိုက်အနီးရှိ လူသားနှစ်ဦးအပေါ် ရန်လိုမှုများရှိကြသော တက်ခ်ဇက်များသည် ယခုအခါ တိုက်ခိုက်ရန် စိတ်ကူးမရှိကြတော့ပေ။ ၎င်းသည် အယူအဆပြောင်းလဲခြင်း၏ ရလဒ်ဖြစ်ပင်။ ထိုလူသားနှစ်ဦး၏ လက္ခဏာများသည် တက်ခ်၏အမြင်တွင် ပြောင်းလဲလာခဲ့သည်။ ထိုလူနှစ်ယောက်၏လက္ခဏာများက ရန်သူအဖြစ်မှ ကုဟွိုက်၏ ကစားဖော်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သူတို့၏စိတ်နေသဘောထားသည်လည်း အတော်လေး တိုးတက်လာခဲ့သည်။


ကြောက်မက်ဖွယ်ကောင်းသော တက်ခ်ဇက်များသည် သူတို့ရှေ့မှ အော်ဟစ်ဆူညံသံများ ပြုလုပ်နေချိန်တွင် သူတို့၏ချွန်ထက်သောလက်မောင်းများမှာ အောက်သို့တွဲကျနေကြသည်။ ကုဟွိုက်က ထိုလူနှစ်ယောက်နှင့် ဘောလုံးဖမ်းတမ်းကစားသည့်အခါ ပြုံးနေခြင်းကြောင့် ထိုနှစ်ယောက်သည် ကုဟွိုက်အား ပျော်ရွှင်အောင် လုပ်ပေးနေသော ကစားဖော်နှစ်ယောက်ဟု တက်ခ်ဇက်များ အလိုအလျောက် သဘောပေါက်သွားကြသည်။


ဤသည်မှာ ဖော်ရွေသောအပြုအမူအဖြစ် ရှုမြင်နိုင်သည်။ ရှန်းမုနှင့် ဟန်မာတို့သည် ဤအရာကြောင့် ဇက်များထံမှဖော်ရွေစွာဆက်ဆံခြင်း ခံရလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ အထူးသဖြင့် ဇက်များထဲတွင် အရက်စက်ဆုံးနှင့် အကြင်နာတရားအကင်းမဲ့ဆုံးအဖြစ် အသိအမှတ်ပြုခံထားရသော တက်ဇက်များထံမှဖြစ်သည်။ သူ့အား စောင့်ကြည့်နေသောတက်ဇက်များက လူနှစ်ယောက်ကိုရန်လိုခြင်း မပြုတော့ရန် ကုဟွိုက်၏အစီအစဉ်မှာ အောင်မြင်သွားပေပြီ။ ကုဟွိုက် အခန်းထဲသို့ ဝင်ရန် အဆင်သင့်ဖြစ်နေပြီး လူနှစ်ယောက်ကမျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေကြသည်။


"ငါတို့ပြန်ရအောင်.." ကုဟွိုက် သူ့ပတ်ဝန်းကျင်ရှိတက်ခ်ဇက်များကို ပြောလိုက်သည်။


ယေဘူယျအားဖြင့် ပြောရလျှင် ထိုတက်ခ်ဇကများသည် ကုဟွိုက်၏စကားကို အလွန်နာခံကြသည်။ ဤအချိန်မှာပင် သူတို့သည် အနီးနားရှိ နှင်းလူသားအရုပ် ၂၀ ကျော်ကို စိုက်ကြည့်ကာ နီမြန်းသောမျက်လုံးများက အနည်းငယ် မထွက်သွားချင်ပုံပေါ်နေသည်။ အထူးသဖြင့် အလယ်ရှိ နှင်းလူသားရုပ်လေးပင်။ တက်ဇက်များသည် မိုးရွာမည် သို့မဟုတ် နှင်းများ ထပ်မံကျဆင်းလာကာ နှင်းလူသားရုပ်လေးက ထိုမိုးနှင့် နှင်းကြောင့် ပျက်စီးသွားမည်ကို စိုးရိမ်နေကြ၏။


"သူတို့ကို ဒီအတိုင်းထားခဲ့လို့ အဆင်ပြေပါတယ်.." ထိုတက်ခ်ဇက်များ၏အတွေးမှာ နားလည်ရလွယ်သည့်အတွက် ကုဟွိုက် ပြောလိုက်သည်။


ဆောင်းရာသီက ဆက်လက်ဖြစ်တည်နေမည်ဖြစ်ပြီး ဤအဆောက်အအုံကြီး၏ ခြံဝင်းထဲရှိ နှင်းလူသားရုပ်များက ခဏလေးနှင့် အရည်ပျော်သွားလိမ့်မည်မဟုတ်ပေ။


သို့သော် နွေဦးသည် ဂြိုဟ်ထံသို့အမြဲရောက်လာလိမ့်မည်။ ကုဟွိုက် ထိုအကြောင်းကို တွေးမိကာ ထပ်ဖြည့်ပြောလိုက်၏။


“ဒီနှစ် ဆောင်းရာသီ ကုန်သွားရင်လည်း ကိစ္စမရှိပါဘူး။ လာမယ့်နှစ် တူဆာမှာ နှင်းကျပြီဆိုတာနဲ့ မင်းတို့အတွက် ပိုလုပ်ပေးမယ်"


ကုဟွိုက်နှင့် မျက်နှာချင်းဆိုင်ရှိနေသည့် တက်ခ်ဇက်များသည် စက္ကန့်အနည်းငယ်မျှ မလှုပ်မယှက်ဖြစ်သွားသော်လည်း သူတို့၏လည်ချောင်းမှထွက်လာသော အသံက ပို၍ရှင်းလင်းလာသည်။ အနီးဆုံးရှိတက်ခ်ဇက်သည် ကုဟွိုက်ကို မ,လိုက်ပြီး သူ့ပုခုံးပေါ်တင်ကာ အိမ်သို့ပြန်ခေါ်သွားခဲ့သည်။


ကုဟွိုက်က ကိုယ်ပိုင်စနစ်တစ်ခုကို တပ်ဆင်ထားသည်။ ယခု သူသည် ထိုလူသားနှစ်ဦး၏ အထောက်အထားနှင့်ပတ်သက်ပြီး ဗိုလ်မှူးထံမှစာကိုလက်ခံရရှိခဲ့သည်။ ကုဟွိုက်၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာစွမ်းအားသည် သူလိုအပ်သော အချက်အလက်များကို လျင်မြန်စွာ ဖတ်ရှုစစ်ဆေးနိုင်သည်။ ထိုသို့ဖတ်ပြီးလျှင် သူ့အတွက် မေ့ပစ်ရန် ခက်ခဲ၏။


"မင်းတို့ကနေတဆင့် ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းအကြောင်းကို သိချင်တာကြောင့် မင်းတို့နှစ်ယောက်ကို တူဆာသို့ ငါ ဖိတ်ခေါ်တယ်။ ဒါပေမယ့် မင်းတို့မိသားစုရဲ့ ဝိသေသလက္ခဏာကို ငါရှာတွေ့ခဲ့တယ်။ နောက်ပြီး ငါ့ရဲ့ အတွေးအမြင်က နည်းနည်းတော့ ပြောင်းသွားပြီ.." ကုဟွိုက် ထိုင်လိုက်ပြီး သူ့အတွေးများကို မျက်နှာချင်းဆိုင်ရှိလူနှစ်ယောက်အား လွတ်လွတ်လပ်လပ် ပြောပြလိုက်သည်။


ကုဟွိုက်သည် ဇက်များ၏ သုညအဆင့်ရှိသည့် သံတမန်ရေးအခြေအနေကို ချိုးဖျက်လိုသည်။ လူသားမျိုးနွယ်နှင့် ဇက်နွယ်ကြားတွင် မကျေနပ်ချက်ဟောင်းများစွာ ရှိခဲ့သည်။ ၎င်းက လူသားများအတွက် ပထမဆုံးသံတမန်ရေးပစ်မှတ်ဖြစ်ရန် မသင့်တော်သော်လည်း အောင်မြင်မှုမှတ်တိုင်ကို ကြိုတင်ရှာဖွေနေသော ကုဟွိုက်အား မတားဆီးနိုင်ပေ။


လူသားမျိုးနွယ်စုဘက်တွင် ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို ရာထူးအတွက် ထူးချွန်သူများကြားမှ ရွေးချယ်တင်မြှောက်ခဲ့ထားရသည့် အဓိက မိသားစုများ၏သခင်များပါဝင်သော ဖက်ဒရယ်ပါလီမန်က ဆုံးဖြတ်ချက်ချရသည်။ ကုဟွိုက်၏ရှေ့တွင်ရှိသော လူသားအရာရှိငယ်နှစ်ဦးသည် ကမ္ဘာမြေဖက်ဒရယ်အဖွဲ့ရှိ မတူညီသောမိသားစုကြီးနှစ်ခုမှ ဆင်းသက်လာပြီး အရေးကြီးသောမိသားစုအဖွဲ့ဝင်များလည်းဖြစ်သည်။


“ဇက်တွေကို တခြားမျိုးနွယ်တွေနဲ့ သံခင်းတမန်ခင်း ထူထောင်ဖို့ ဒါမှမဟုတ် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းမှာတောင် ပါဝင်ဖို့ စိတ်ကူးရှိတယ်။ ဒီပန်းတိုင်သာ အကောင်အထည်ဖော်နိုင်ရင် တစ်နေ့မှာ ငါတို့ လူသားတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရမှာပါ..”


ကုဟွိုက်သည် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး အခန်းတွင်းရှိ အဆင့်မြင့်ဇက်များအားလုံးသည်လည်း သူ့စကားကို ငြင်းဆိုခြင်းမရှိပေ။


ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းတွင် မျိုးနွယ်ပေါင်းများစွာရှိသည်။ ကုဟွိုက်က ဇက်များအား ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းထဲ ဘာကြောင့်ဝင်စေချင်ရသနည်း။ အဓိကအားဖြင့် အဖွဲ့အစည်းထဲသို့ဝင်ပြီးပါလျှင် ကုန်သွယ်မှုနှင့် အခြားကဏ္ဍများတွင် ပိုမိုအဆင်ပြေပြီး အကျိုးကျေးဇူးများ ရရှိနိုင်သောသည်။ အနာဂတ်တွင် အရေးပေါ်အခြေအနေဖြစ်လာလျှင် အကူအညီများလည်း လိုအပ်လာပေလိမ့်မည်။


သို့သော် ဇက်များ ကြယ်တာရာအဖွဲ့အစည်းတွင် ပါဝင်ရန်ကိစ္စမှာ အလွန်လွယ်ကူသည်မဟုတ်ပေ။ သူတို့သည် လက်ရှိတွင် သံတမန်ဆက်ဆံရေး မရှိသေး။ မျိုးနွယ်စုတစ်ခုသည် ကြယ်တာရာအဖွဲ့အစည်းသို့ မဝင်မီ ထိုအဖွဲ့အစည်း၏အဖွဲ့ဝင်များထံမှ ထောက်ခံမဲများကိုရရန် လိုအပ်သည်။ ဇက်သည် မဲအများစုကိုရရှိရန် အလွန်ခက်ခဲပေလိမ့်မည်။


ကုဟွိုက်၏စကားကိုကြားပြီးနောက် လူသားနှစ်ဦးမှာ အံ့အားသင့်သွားကြသည်။ ဇက်များသည် အမြဲတမ်း ရက်စက်ပြီး အေးစက်ကာ အမှီအခိုကင်းလှသည်။ သူတို့သည် တခြားမျိုးနွယ်များနှင့် လုံးဝမဆက်ဆံခဲ့ပေ။ ဤနည်းဖြင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော ကြယ်တာရာအဖွဲ့အစည်းတွင် ပါဝင်ရန်မဖြစ်နိုင်။


အကယ်၍ ဇက်များနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် ဖြစ်နိုင်ခြေအနည်းဆုံး မျိုးနွယ်ဟုဆိုရလျှင် ၎င်းက လူသားမျိုးနွယ်ဖြစ်ကြောင်း ခန့်မှန်းရသည်။ အခုအခါ သူတို့ရှေ့ရှိလူငယ်လေးသည် တစ်နေ့၌ ဇက်များသည် လူသားများထံ ဆက်သွယ်လာမည်ဟု ပြောခဲ့ပြီး ၎င်းသည် ရှန်းမုနှင့် ဟန်မာတို့အတွက် စိတ်ကူးရခက်စေသည်။


"အရှင်က ဒီလိုပြောတယ်ဆိုတော့ ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ.." ရှန်းမု မေးခွန်းမထုတ်မီ ခဏလောက် ငြိမ်သက်နေခဲ့သည်။


ကုဟွိုက် တဖက်လူများကို ကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။


"ငါ မင်းတို့ကို ဘာမှ မလုပ်စေချင်ဘူး။ တူဆာမှာ ခဏလောက်နေပြီး ငါတို့မျိုးနွယ်ရဲ့ ပြောင်းလဲမှုတွေကို မင်းတို့မျက်လုံးတွေနဲ့ အတည်ပြုလိုက်ပါ..."


ထိုနည်းဖြင့် တစ်နေ့တွင် ဇက်များနှင့် လူသားများ ထိတွေ့ဆက်ဆံရန် လိုအပ်သည့်အချိန်သို့ ရောက်ရှိလာသောအခါ သူတို့ကြားရှိဆက်ဆံရေးသည် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သည်။


ဇက်မျိုးနွယ်ရဲ့ ပြောင်းလဲမှုလား...


လူသားအရာရှိနှစ်ဦးသည် နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းသော လူငယ်လေးကိုကြည့်ကာ လေးနက်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။ ဇက်များသည် အနာဂတ်တွင် ဘုရင်တစ်ပါးနှင့်အတူ မည်ကဲ့သို့တိုးတက်လာမည်ကို သူတို့လည်း သိချင်ကြသည်။