အခန်း ၃၀
Viewers 10k

Chapter 30

Chapter 30




သူတို့၏ဂြိုဟ်ကို ကြယ်တာရာပင်လယ်ဓားပြများ တိုက်ခိုက်လာချိန်တွင် ဇက်များသည် ယူးလာစစ်သင်္ဘောများနှင့်အတူ သူတို့အား ကူညီကယ်ဆယ်ရန် ရောက်ရှိလာခဲ့သည်။ ဇက်များက ကြယ်တာရာပင်လယ်ဓားပြများကို သုတ်သင်ပြီးနောက် သူတို့အား နှုတ်ခွန်းဆက်စကားပြောဆိုရန် ယူးလာစစ်သင်္ဘောများနှင့် ရောက်လာခဲ့ကြသည်။


မည်သို့ပင်ဆိုစေကာမူ ထိုအရာနှစ်ခုလုံးမှာ အလွန်အံ့ဖွယ်ကောင်းလှပေသည်။ ဂြိုဟ်ပေါ်ရှိ ပိုးပိုလ်စ်မျိုးနွယ်များသည် ဇက်စစ်တပ်က ကြယ်တာရာပင်လယ်ဓားပြများနှင့်အတူ သူတို့အား ဖျက်ဆီးပစ်လိမ့်မည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ နောက်တစက္ကန့်မှာပင် မယုံနိုင်စရာအကောင်းဆုံးအရာတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။


ဇက်တွေက မင်းတို့ကို နှုတ်ဆက်ရင် မင်းတို့ရော မကြောက်ကြဘူးလား။ နောမ်ကြယ်တာရာမှ ပိုးပိုလ်စ်များသည် လက်ရှိတွင် အလွန်စိတ်ရှုပ်ထွေးနေကြရသည်။ ရှင်သန်လာခြင်း၏ စိတ်လှုပ်ရှားမှုက ထိတ်လန့်စရာအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဤကြောက်ရွံ့မှုမှာ ယခင်ကနှင့် မတူတော့ပေ။ ကြယ်တာရာများရှိ မည်သည့်မျိုးနွယ်မဆို ဤမျှကြီးမားသော ယူးလာစစ်သင်္ဘောအုပ်စုနှင့် ရင်ဆိုင်ရန် ထိတ်လန့်နေလိမ့်မည်။ နောမ်မြို့ခံများသည် ထိတ်လန့်နေကြသော်လည်း ထိုကြောက်ရွံ့မှုက ယခင်ကကဲ့သို့ မြင့်မားခြင်းမရှိပေ။


မည်သို့ပင်ဆိုစေကာမူ ဇက်များသည် သူတို့အား ကြယ်တာရာပင်လယ်ဓားပြများထံမှ ကယ်တင်ခဲ့သည်။ ကြယ်တာရာပင်လယ်ဓားပြများ၏ ကြီးမားပြင်းထန်သော အမြောက်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ မည်ကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သွားကြောင်း၊ သူတို့၏ဂြိုဟ်အထက်တွင် ရုတ်တရက်ပေါ်ထွက်လာပြီး ထိုပြင်းထန်သောအမြောက်များကို ပိတ်ဆို့ကာ ကြယ်တာရာပင်လယ်ဓားပြများကို ဖျက်ဆီးပစ်လိုက်သည့် ဇက်စစ်တပ်၏ ကျက်သရေရှိလှသည့် ပုံရိပ်အကြောင်းကို တွေးတောနေခဲ့သည်။ ကောင်းကင်မှ ဆင်းသက်လာသော သူရဲကောင်းများကဲ့သို့ သူတို့သည် ပိုးပိုလ်စ်များ၏ မျက်လုံးများထဲတွင် တောက်ပလုနီးပါး ဖြစ်နေသည်။ ထိုတောက်ပသော အလွှာတစ်ရာကို ပေါင်းထည့်လိုက်သည်နှင့် ဇက်များ၏ ကြောက်စရာကောင်းသောပုံရိပ်မှာ ရုတ်တရက် မှေးမှိန်သွားခဲ့၏။


ဇက်များ၏ဖော်ရွေသော နှုတ်ခွန်းဆက်သမှုကိုရင်ဆိုင်ရသောအခါနောမ်၏ ထိပ်တန်း ဆုံးဖြတ်ချက်ချသူများမှာ တုန်လှုပ်သွားသော်လည်း တူညီသည့် ဖော်ရွေသော အချက်ပြမှုကို တွန့်ဆုတ်စွာတုံ့ပြန်ခဲ့ကြသည်။


「 မင်...မင်္ဂလာပါ... 」


ဂြိုဟ်ပေါ်ရှိပိုးပိုလ်စ်များသည် ယူးလာစစ်သင်္ဘောအုပ်စုကြီးက သူတို့၏ဂြိုဟ်ရှေ့တွင် ရပ်နေသည့်အတွက် အလွန်ကြောက်ရွံ့နေခဲ့ကြပြီး ယူးလာစစ်သင်္ဘောများထက်မှ သူတို့အပေါ် ရုတ်တရက် ပစ်ခတ်လာမည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့နောက် ရင်းနှီးသောအချက်ပြမှုအား ပေးပို့ပြီး စောင့်ကြည့်ဂြိုလ်တုများမှ ပုံရိပ်များက ပြန်လည်သတင်းပေးပို့လာခဲ့သည်။ ယူးလာစစ်သင်္ဘောများမှ ရုတ်တရက် အပြာရောင်မီးများ လင်းလာသည်ကို နောမ်၏ထိပ်တန်း ခေါင်းဆောင်များ တွေ့လိုက်ရသည်။


အစပိုင်းမှာတော့ အလယ်ရှိယူးလာစစ်သင်္ဘောတွင်သာ မီးလင်းနေခဲ့သည်။ ထို့နောက် မီးများပွင့်လာသည်နှင့်တစ်ပြိုင်နက် ၎င်းဘေးရှိ အခြားယူးလာစစ်သင်္ဘောများသည်လည်း လှပသောမိုးပြာရောင်မီးများကို ဖွင့်လိုက်ကြသည်။ တောက်ပသော ကြယ်တစ်လုံးကဲ့သို့ပင် သူတို့၏ဂြိုဟ်ရှေ့တွင် ကြယ်ပင်လယ်ကြီး ရုတ်တရက် ပေါ်ပေါက်လာ၏။


"ကလစ်~"


ကုဟွိုက်အား တင်ဆောင်လာသော ယူးလာစစ်သင်္ဘောသည် နောမ်ကြယ်တာရာမှ ဖော်ရွေသောအချက်ပြမှုဖြင့် သူတို့အားတုံ့ပြန်သည့်အတွက် ပျော်ရွှင်နေသောကြောင့် မိုးပြာရောင်မီးများကို ဖွင့်ပေးလာသည်။ ဤဂြိုဟ်ပေါ်ရှိလူများသည် ကုဟွိုက်အား ပျော်ရွှင်စေမည့် အရာတစ်ခုခုကို ပြုလုပ်ပေးသောကြောင့် ယူးလာစစ်သင်္ဘောသည် သူတို့အပေါ် ရင်းနှီးဖော်ရွေနေသည်။ အခြားယူးလာစစ်သင်္ဘောများသည် ထိုအကြောင်းကို သိပြီးနောက် အလားတူ လုပ်ဆောင်ကြတော့၏။


ကောင်းကင်ပြာသည် သစ္စာရှိခြင်း၏ နိမိတ်လက္ခဏာဖြစ်သည်မှာ သေချာသည်။ အပြာရောင်မီးရောင်များနှင့် ထိုယူးလာစစ်သင်္ဘောများသည် အလွန်အေးစက်ပြီး ဖိနှိပ်တတ်သည့်ပုံပေါ်နေသေးသော်လည်း နောမ်ကြယ်တာရာရှိလူများသည် လှပသည့်ကြယ်ပင်လယ်ကြီးကြောင့် ရင်သပ်ရှု့မောဖြစ်သွားခဲ့ရသည်။


နောမ်မှလူများသည် ရုတ်တရက် အလွန်မှော်ဆန်သည့်ခံစားချက်ကို ခံစားခဲ့ရသည်။ အိမ်နီးနားချင်းတစ်ယောက် အလည်လာသည့် ခံစားချက်မျိုးပင်။ သူတို့၏အိမ်နီးချင်းသည် ကြောက်စရာကောင်းသော်လည်း ထိုကြောက်စရာကောင်းသည့်အိမ်နီးချင်းသည် သူတို့ကို စကားတစ်ခွန်းမှ မပြောဘဲ အနိုင်ကျင့်နေသည့်ပင်လယ်ဓားပြများကို ဖယ်ရှားပေးရန် ကူညီပေးခဲ့ကြသည်။ ထို့ကြောင့် သူတို့အိမ်နီးချင်းများ၏ လာရောက်လည်ပတ်မှုကို မကြိုဆိုဘဲမနေနိုင်ကြပေ။ သူတို့သည် ကြိုဆိုရုံသာမကဘဲ သူတို့အား ဖိတ်ခေါ်ရန် အစပြုခဲ့သည်။


အစည်းအဝေးခန်းတွင် အရေးတကြီး ဆွေးနွေးပြီးနောက် နောမ်၏ထိပ်တန်းခေါင်းဆောင်များသည် အခြားမျိုးနွယ်များက သူတို့အား ရူးသွပ်သွားသည်ဟု ထင်မြင်နိုင်လောက်သည့် ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် လေဆိပ်မျှော်စင်၏မီးရောင်များကို ထွန်းလိုက်ကြ၏။ သလင်းကျောက်ရောင် အလင်းတန်းသုံးခုသည် တစ်ခုနှင့်တစ်ခု ပတ်ပတ်လည် ဒေါင်လိုက်မြင့်တက်လာပြီး ဂြိုဟ်၏အပြင်ဘက် လေထုထဲသို့ထိုးဖောက်ဝင်ရောက်သွားသည်။


ဤသည်မှာ အခြားဂြိုဟ်များမှ ဧည့်သည်များကိုကြိုဆိုရန် ပိုးပိုလ်စ်များအသုံးပြုသည့် ကျင့်ဝတ်ပုံစံဖြစ်သည်။ အထူးသဖြင့် မရေမတွက်နိုင်သော ယူးလာစစ်သင်္ဘောများတွင်ပါလာသော ဇက်များအား ဧည့်သည်များအဖြစ် သူတို့၏ဂြိုဟ်ပေါ်သို့ ဖိတ်ကြားခြင်းသည် အခြားမည်သည့်မျိုးနွယ်မှ မလုပ်ဝံ့သည့်အရာဖြစ်သည်။ ကြယ်တာရာအစုအဝေးတွင် အလွန်အားနည်းသောမျိုးနွယ်တစ်ခုအနေဖြင့် ပိုးပိုလ်စ်များသည် ယခုအချိန်တွင် အခြားမျိုးနွယ်များ မလုပ်ဝံ့သည့်အရာတစ်ခုကို ပြုလုပ်ခဲ့သည်။


"ဒါက ငါတို့ကို ကြိုဆိုတယ်လို့ ဆိုလိုတာလား.." ကုဟွိုက်သည် လေထုထဲသို့ ဖြတ်သန်းလာသောအလင်းတန်းကို ညွှန်ပြပြီး သူ့ဘေးတွင် ရပ်နေသော အလ်ဗ်ကို မေးလိုက်သည်။


ကြည်လင်သောအလင်းတန်းသည် အလွန်တောက်ပနေပြီး ၎င်းကို ကုဟွိုက် ချက်ချင်းမြင်လိုက်ရသည်။


အလ်ဗ်သည် ကုဟွိုက်အား ကြည့်ကာ ပြန်ဖြေလိုက်သည်။ “အင်း.."


ရှောင်ကြဉ်ခြင်းခံရမည်လား သို့မဟုတ် ပုံမှန်ကြိုဆိုခြင်းခံရမည်လားဆိုသည့် နှစ်ခုကြားတွင် စိုးရိမ်နေရသော်လည်း သူ၏ဇက်များသည် ထိုနှစ်ခုအနက် ဒုတိယတစ်ခုဖြစ်လာနိုင်သည်ဟု ကုဟွိုက် မျှော်လင့်ခဲ့မိသည်။ ယခု သူတို့သည် ပထမဆုံးအကြိမ်ကြိုဆိုမှုကို ရရှိခဲ့သည်။ ယာယီမျှသာဖြစ်နိုင်သော်လည်း ၎င်းသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုဟု ကုဟွိုက် ထင်မြင်မိသည်။ အိမ်နီးနားချင်းများဆီ အလည်အပတ်သွားခြင်းသည် ဆက်ဆံရေးများ တိုးတက်လာစေရန် အထောက်အကူပြုလိမ့်မည်။ ကုဟွိုက် ပိုးပိုလ်စ်၏ ဖိတ်ကြားချက်ကို အမြန်လက်ခံလိုက်သည်။


ကြီးမားသောအနက်ရောင် စစ်သင်္ဘောကြီးများမှာ ကောင်းကင်ယံ၌ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထို့နောက် မကြာမီ ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်လိုက်ကြသည်။ ဤယူးလာစစ်သင်္ဘောများ၏ ထက်ဝက်ကျော်သည် ဖျက်စီးခြင်းအဆင့်သင်္ဘောများဖြစ်သည်။ ဤအတိုင်းရပ်နေလျှင်ပင် ကြောက်စရာကောင်းလှသည်။


ဖျက်စီးခြင်းအဆင့်စစ်သင်္ဘော၏ သဘောတရားသည် အဘယ်နည်း။ စစ်သင်္ဘောများကို ပေါ့ပါးသောအဆင့်၊ တာဝေးပစ်အဆင့်၊ မဟူရာအဆင့်၊ ရဲရင့်သောအဆင့်နှင့် ဖျက်စီးခြင်းအဆင့်ဟူ၍ အမျိုးအစားငါးမျိုး ခွဲခြားထားသည်။ စစ်သင်္ဘောများ၏ ထိုအဆင့်သတ်မှတ်ချက်များကို ကြယ်တာရာများကြားတွင် ကျယ်ပြန့်စွာ အသိအမှတ်ပြုခဲ့ကြသည်။ ဖျက်စီးခြင်းအဆင့်ရှိ စစ်သင်္ဘောအမျိုးအစားများသည် တိုးတက်သောစစ်တပ်၏အဆင့်အမြင့်ဆုံးကို ကိုယ်စားပြုသော်လည်း ယူးလာစစ်သင်္ဘောများကား လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။


ထိုအချိန်တွင် လူများစွာသည် သူတို့၏အိမ်မှ ထွက်လာကြပြီး အချို့သည် ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ဆီသို့ မျှော်ကြည့်ကြသည်။ ထိုမြင်ကွင်းမှာ အလွန်အမင်း အံ့ဩစရာကောင်းလွန်းသောကြောင့် သူတို့ တံတွေးမမြိုချဘဲ မနေနိုင်ကြပေ။ နောမ်ကြယ်တာရာသည် ဤမျှသော ကြယ်တာရာသင်္ဘောများစွာကို တွေ့မြင်ဖူးသည့် ပထမဆုံးအကြိမ်ပင်။ သူတို့သည် အားနည်းသောမျိုးနွယ်စုဖြစ်ပြီး ဇက်နယ်မြေနှင့် နီးကပ်နေခြင်းကြောင့် သူတို့တွင် ဧည့်သည်များစွာမရှိခဲ့ပေ။


နောမ်၏လေဆိပ်သည် ယူးလာစစ်သင်္ဘောများစွာထားရှိရန် သေးငယ်လွန်းလှသည်။ ယူးလာစစ်သင်္ဘောများသည် သူတို့၏အရွယ်အစားကို ပေါ့ပါးသောလေ့လာရေးသင်္ဘောအဖြစ်သို့ လျှော့ချခဲ့သော်လည်း လေဆိပ်တွင် ပြည့်ကြပ်လွန်းနေသေးသည်။ ကုဟွိုက်သည် စစ်သင်္ဘောပေါ်မှ ဆင်းသက်လာပြီး အခြားစစ်သင်္ဘောများသည်လည်း ဂြိုဟ်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် သူတို့၏အသွင်ပြောင်းနိုင်စွမ်းကို အသုံးပြုကာ အရွယ်အစားကို ချုံ့ပစ်လိုက်ကြသည်။


မည်သည့်အချိန်က လေ့လာရေးသင်္ဘောပုံစံအား ပြောင်းလဲအသုံးပြုခဲ့သည်ကို မသိလိုက်ပေ။ မူလက သူတို့သည် ဖျက်စီးခြင်းအဆင့်သင်္ဘော သို့မဟုတ် အနည်းဆုံး မဟူရာအဆင့်သင်္ဘော ဖြစ်သင့်သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းတို့က သေးငယ်သွားခဲ့သည်။ ဤအရာက ကုဟွိုက်၏ပါးစပ်ကို မသိစိတ်မှ တုန်လှုပ်သွားစေသည်။


"ငါ မင်းကို အထင်မှားခဲ့မိတာပဲ.." ကုဟွိုက်သည် သူ့ရှေ့ရှိ ယူးလာစစ်သင်္ဘော၏ကိုယ်ထည်ကို ညင်သာစွာ ပုတ်လိုက်၏။ ဇက်များသည် များသောအားဖြင့် သူတို့၏စွမ်းအားကို ပေါင်းစပ်ရန် အကြောင်းမရှိပေ။ မူလက ဤယူးလာစစ်သင်္ဘောများသည် ၎င်းတို့၏ အားအပြင်းဆုံးပုံစံဖြင့် ပေါ်လာသင့်သည်။ ထိုအရွယ်အစားသို့ လျှော့ချလိုက်ခြင်းမှာ သူတို့အတွက် တကယ်ကို အမှားကြီးမှားသည်ပင်။


"ကလစ်"


"ကလစ် ကလစ်"


နွေးထွေးသောအပြာရောင် သင်္ဘောမီးရောင်များသည် ယူးလားစစ်သင်္ဘောများ၏ မျက်လုံးများကဲ့သို့ပင် ဖြစ်နေသည်။ သူတို့သည် ရိုးရှင်းသောချစ်ခြင်းမေတ္တာကို ပြသနေသည့် နွေးထွေးသောမျက်လုံးများဖြင့် ကုဟွိုက်အား ကြည့်နေကြသည်။


နောမ်ကြယ်တာရာ၏ ထိပ်တန်း ဆုံးဖြတ်ချက်ချသူများမှာ လေဆိပ်သို့ အလျင်အမြန် ပြေးလာပြီးနောက် အလ်ဗ်အား ချက်ချင်း တွေ့လိုက်ရသည်။ စစ်တပ်ခေါင်းဆောင်လေးဦးလုံး ရှိနေ၏။ အဲလ်ဗ်ကို ပထမဆုံးမြင်ရသည့် အကြောင်းရင်းမှာ သူ့ပတ်ဝန်းကျင်ရှိ အရှိန်အဝါက အမှန်တကယ် လျစ်လျူရှု၍ မရနိုင်သောကြောင့်ပင် ဖြစ်သည်။ အဲလ်ဗ်သည် ရိုးရိုးရှင်းရှင်း ရပ်နေလျှင်ပင် သူ၏တည်ရှိမှုကို မည်သူမျှ လျစ်လျူမရှုနိုင်လောက်အောင် ထိုမွေးရာပါစရိုက်လက္ခဏာများက အလွန်ထင်ရှားလှသည်။


နောမ်ခေါင်းဆောင်များသည် ၎င်းတို့ဂြိုဟ်၏ဗဟိုမြို့တော်၌ ကြီးမားသောလေဆိပ်မရှိခြင်းအတွက် အနည်းငယ်စိုးရိမ်ပြီး အရှက်ကွဲသလို ခံစားရသည်။ သူတို့၏ သံတမန်အကြီးအကဲက အဲလ်ဗ်ထံသို့ လှမ်းလာပြီး တုန့်ဆိုင်းသောလေသံဖြင့် မေးလိုက်သည်။


“ဒီလေဆိပ်မှာ နေရာအလုံအလောက်မရှိလို့ စစ်သင်္ဘောတချို့ကို ကပ်လျက်လေဆိပ်ကို ရွှေ့ဖို့လိုပါတယ်။ အဲဒါက အဆင်ပြေနိုင်မလား"


အဲလ်ဗ်က တစ်ဖက်လူကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူသည် ဘေးဘက်သို့ ရွှေ့လိုက်ပြီး သူကွယ်ထားသော လူငယ်လေး၏ပုံရိပ်ကို ထုတ်ဖော်ပြလိုက်သည်။ အဲလ်ဗ်က ကုဟွိုက်၏ဘယ်ဘက်ခြမ်းသို့သွားကာ သူ၏ရာထူး၊သူ၏သဘောထားကို အပြည့်အဝပြသခဲ့သည်။ အဲလ်ဗ် မြင်ကွင်းရှေ့မှဖယ်လိုက်ချိန်တွင် နောမ်ခေါင်းဆောင်များမှာ ပျော့ပျောင်းသောအနက်ရောင်ဆံပင်နှင့် ကြည့်ကောင်းသောရုပ်ရည်ရှိသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။


သို့သော် နောမ်ခေါင်းဆောင်များ၏ ပထမဆုံးတုံ့ပြန်မှုကား အံ့အားသင့်သွားခြင်းပင်။


လူသားလား... ဇက်များကြားတွင် လူသားတစ်ဦး ရပ်နေသည်ကို တွေ့ရသောအခါ ခေါင်းဆောင်များမှာ တုန်လှုပ်သွားကြသည်။ လူသားများနှင့် ဇက်များ၏ဆက်ဆံရေးသည် ထိုမြင်ကွင်းအား မယုံနိုင်လောက်အောင် ဖြစ်စေသည်။ သူတို့ အကြာကြီး မတွေဝေခင်မှာပင် နောက်ထပ်မြင်ကွင်းတစ်ခုက ပိုးပိုလ်စ်များ၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။


တူဆာ၏ဗိုလ်မှူးကသူတို့ လူသားဟုထင်ထားကြသော ဆံပင်အနက်ရောင်နှင့် လူငယ်လေးရှေ့တွင် ဒူးထောက်ကာ မေးနေသည်ကိုတွေ့လိုက်ရသည်။


“အရှင်မင်းကြီး အရှင် ဘယ်အချိန်စားချင်လဲ။ အရှင်ဗိုက်ဆာလာပြီဆိုတာနဲ့ ဒီလက်အောက်ငယ်သားကို သေချာပေါက် ပြောပေးပါ..”


ကုဟွိုက် ဗိုက်ဆာသည့် အခြေအနေနှင့် ကြုံတွေ့ဖူးသောကြောင့် ဗိုလ်မှူးသည် ကုဟွိုက်၏အစားအသောက် လိုအပ်ချက်များကို ပိုပြီး အာရုံစိုက်လာခဲ့သည်။ သူ ထိုသို့ဖြစ်ဖူးသည်ကို သင်ခန်းစာယူပြီး ဘူးသေးသေးလေးဖြင့် ကုဟွိုက်၏ဥအခွံမှုန့်များကို ယူဆောင်လာခဲ့သည်။ ကုဟွိုက်စားရန် အဆင်သင့်ဖြစ်နေသော အုန်းနို့ရည်ကိုလည်း သေချာပေါက် ပြင်ဆင်ထားသည်။


“နောက်မှစားလည်း အဆင်ပြေပါတယ်။ အခုတော့ ဗိုက်မဆာသေးဘူး" ကုဟွိုက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။


စစ်တပ်လေးခုပေါင်းစည်းမှု၏ ယခင်လေ့လာတွေ့ရှိချက်အပေါ် အခြေခံ၍ နောမ်ခေါင်းဆောင်များသည် စစ်တပ်ခေါင်းဆောင်လေးဦး၏ ပေါ်ထွက်လာခြင်းအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း သူတို့သည် ကုဟွိုက်၏ပေါ်ထွက်လာမှုအတွက်တော့ လုံးဝပြင်ဆင်ထားခြင်းမရှိပေ။


ပိုးပိုလ်စ်များသည် ကြယ်တာရာပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်နေခဲ့ပြီး ဇက်များနှင့် ဖြစ်ပျက်နေခဲ့သည်များကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။ ဇက်ဘုရင်တစ်ပါး မွေးဖွားလာသည်ကို သူတို့မသိကြသောကြောင့် သူတို့အပေါ် ထိုသက်ရောက်မှုက ပို၍ကြီးမားလှသည်။


လူသားပုံစံ ဆံပင်အနက်ရောင်နှင့် လူငယ်လေးက တကယ်တော့ ဇက်တွေရဲ့ဘုရင်လား...


ထိုနေရာ၌ပင် ပိုးပိုလ်စ်များမှာ စက္ကန့်အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်သွားကာ စိတ်များလွတ်ထွက်သွားသည်။ အမှန်တရားကို နားလည်ရန် သူတို့အတွက် မလွယ်ကူလှပေ။ ထို့နောက် သံတမန်အကြီးအကဲသည် ကျောကိုမတ်ကာ အလ်ဗ်အားမေးခဲ့သည့် မေးခွန်းအတိုင်း ကုဟွိုက်အား နောက်တစ်ခါ ထပ်မေးလိုက်သည်။


သူတို့၏ပေါ့ဆမှုကြောင့် ကုဟွိုက် ဒေါသထွက်သွားမည်ကို ပိုးပိုလ်စ်များ စိုးရိမ်ခဲ့ကြသော်လည်း ကုဟွိုက်က မပျော်မရွှင်မဖြစ်ခဲ့ပေ။ ထိုမေးခွန်းကိုကြားပြီးနောက် ခေါင်းညိတ်ကာ အလွယ်တကူ သဘောတူလိုက်သည်။ ယူးလာစစ်သင်္ဘောများအတွက် အနီးနားရှိ လေဆိပ်နေရာသို့ ပြောင်းရွှေ့ခြင်းသည် ကုဟွိုက်နှင့် ဝေးကွာသွားသည်ဟု ဆိုလိုသည်။ထို့ကြောင့် သူတို့ ထွက်ခွာရန် မလိုလားကြောင်း ပြသခဲ့ကြသည်။ မြင်သာသောအပြုအမူက ၎င်းတို့၏ခန္ဓာကိုယ်များကို တုန်ခါစေပြီး စစ်သင်္ဘော၏ အပြာရောင်မီးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကြသည်။


"ကလစ်..."


“သိပ်မဝေးပါဘူး” ကုဟွိုက် ယူးလာစစ်သင်္ဘောတစ်စင်းကို ထိလိုက်သည်။ "ငါတို့ တူဆာကိုပြန်ရောက်တာနဲ့ ငါ မင်းတို့ကို လာရှာမယ်.."


ကုဟွိုက်၏ဖြောင်းဖြမှုသည် ထိုယူးလာစစ်သင်္ဘောများကို ပြောင်းရွှေ့အောင် အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။ ကုဟွိုက် ထိလိုက်သည့်စစ်သင်္ဘောက သူ့လက်အား ပွတ်သပ်နေသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် မှိတ်တုတ်မှိတ်တုတ်လင်းနေသော သင်္ဘောမီးများ ငြိမ်သက်သွားခဲ့သည်။ ဇက်များသည် သူတို့၏ဂြိုဟ်ကို ကယ်တင်ခဲ့သော ကျေးဇူးရှင်များဖြစ်၏။ သူတို့ စိတ်လှုပ်ရှားနေကြသော်လည်း ပိုးပိုလ်စ်များက ဇက်များကို ကြိုဆိုခဲ့ကြပြီး ကျေးဇူးတင်ကြောင်း ဖော်ပြရန် ကြိုးစားနေခဲ့ကြသည်။ သို့သော် သူတို့၏ဂြိုဟ်လေးသည် မချမ်းသာသလို ဖွံ့လည်းမဖွံ့ဖြိုးသေးပေ။ ပိုးပိုလ်စ်များသည် သူတို့ထက် ပိုမိုအင်အားကြီးမားသော မျိုးနွယ်တစ်ခုကို ဧည့်ခံရမည့်အရေးအား စိုးရိမ်ပူပန်နေကြသည်။


“ကျွန်တော်တို့ရဲ့ ဂြိုဟ်ကို အရှင်တို့ရဲ့ ကယ်တင်ပေးမှုအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အရှင်တို့ရဲ့ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမှန်းမသိတော့ပါဘူး။ အရှင်မြင်တဲ့အတိုင်း ကျွန်တော်တို့မျိုးနွယ်က မသန်မာကြဘူး။ ဒါပေမယ့် ဇက်တွေ အနာဂတ်မှာ တစ်ခုခု လိုအပ်လာရင် ကျွန်တော်တို့ အစွမ်းကုန် ကူညီပေးသွားပါ့မယ်..”


နောမ်၏ အာဏာအမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲသည် သူတို့၏ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြရန် ဤစကားလုံးများကိုသာ အသုံးပြုနိုင်ခဲ့သည်။


ကုဟွိုက်သည် နောမ်ကြယ်တာရာကို ကယ်တင်ရန် ရွေးချယ်ခဲ့သည့်အချိန်က မည်သည်ကိုမှ ပြန်တောင်းရန် မစဉ်းစားခဲ့ပေ။ ၎င်းသည် မည်သည့်အကူအညီကိုမျှ ပြန်မတောင်းပါဟုမဆိုလိုပေ။မဟာမိတ်များလေ ပိုကောင်းလေဖြစ်သည်။ ထို့ကြောင့် ကုဟွိုက် ခေါင်းညိတ်လိုက်၏။


နောမ်၏အကြီးအကဲသည် “ကျွန်တော်တို့ရဲ့ဂြိုဟ်က အနည်းငယ်ခေတ်နောက်ကျနေတာကို အရှင် စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ အရှင်တို့ကို ရက်အနည်းငယ်လောက် ဧည့်ခံပေးချင်ပါတယ်.."


ပိုးပိုလ်စ်များသည် အားနည်းသောမျိုးနွယ်ဖြစ်နိုင်ပြီး ၎င်းက အတော်လေး ခေတ်နောက်ပြန်နေသော ဂြိုလ်တစ်ခုဖြစ်သော်လည်း သူတို့သည် နိမ့်ကျသည်ဟု မခံစားရပေ။ အရှက်မရလေအောင် အကောင်းဆုံး ဧည့်ဝတ်ကျေပွန်ရန် ကြိုးစားခဲ့ကြသည်။


"ကျွန်တော် စိတ်မဆိုးပါဘူး၊ မင်းတို့ရဲ့ဂြိုဟ်က အရမ်းကြည့်ကောင်းတယ်လို့ ထင်တယ်.." ကုဟွိုက် ဂြိုဟ်၏အလယ်ဗဟိုတွင် ရင်းနှီးသောပန်းပွင့်များကိုတွေ့လိုက်ရသည်။ အဲလ်ဗ် သူ့အားပေးခဲ့သည့် အမျိုးအစားပင်။


"ဒါက ဘာပန်းအမျိုးအစားလဲ.." ကုဟွိုက်သည် မဝေးလှသော အဖြူရောင်ပန်းဆီသို့ လက်လှမ်းကာ ဝဝဖြိုးဖြိုးရှိသော ပိုးပိုလ်စ်တစ်ယောက်အား မေးလိုက်သည်။


သံတမန်အကြီးအကဲက ချက်ချင်း ပြန်ဖြေလေသည်။ “အဲဒါက အယ်လီနောပန်းပါ။ အဲဒီပန်းက ကျွန်တော်တို့မြို့ရဲ့ ထူးခြားတဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး လမ်းတွေပေါ်မှာ တွေ့နိုင်ပါတယ်။ အလှပဆုံး အယ်လီနောပန်းတွေကိုတော့ မြို့တော်ရဲ့အလယ်ခြံဝင်းထဲမှာစိုက်ထားပါတယ်။ အရှင် ကြည့်ချင်ရင် နောက်မှ ကျွန်တော် ခေါ်သွားပေးလို့ရပါတယ်..."


ထို့နောက် သံတမန်အကြီးအကဲသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အမြန် ထပ်ဖြည့်ပြောလိုက်သည်။


“ဒါပေမဲ့ ခြံဝင်းထဲမှာ အမည်မသိလူတစ်ယောက် ပန်းပွင့်တွေကို ပြောင်စင်သွားအောင် ခူးသွားတဲ့နေရာတစ်ခုတော့ရှိတယ်။ ထိုနေရာကိုဖြတ်သွားရင်တော့ အရှင်ရဲ့စိတ်ဝင်စားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်.."


ပြောင်စင်သွားအောင် ခူးသွားတာလား... ကုဟွိုက် ထိုစကားများကိုကြားပြီးနောက် သူ့ဘေးနားရှိ အလ်ဗ်ကို လှည့်မကြည့်ဘဲမနေနိုင်ပေ။ အဲလ်ဗ်သည် ကုဟွိုက်၏အကြည့်ကို ရိပ်မိသွားပြီး သူ့မျက်လုံးများကို အောက်ငုံ့ထားလိုက်သည်။ အလ်ဗ်၏ဘေးတိုက်မျက်နှာအနေအထားက အနည်းငယ် တင်းမာနေသည့်ပုံပင်။


ထိုကိစ္စက ရှင်းလင်းသွားလေပြီ။ သူ့အိမ်မှကြောင်ကြီးက ၎င်းကို လုပ်ခဲ့ခြင်းဖြစ်၏။ ထိုအကြောင်းအရာ၏ အမှန်တရားကို သိရှိပြီးနောက် ကုဟွိုက် မပြောတော့ပေ။


“အယ်လီနောပန်းရဲ့ အဓိပ္ပါယ်နဲ့ ယဉ်ကျေးမှုပွဲတော်လည်း ကျင်းပချိန်နီးလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတော်တော်များများက ပန်းတွေလာကောက်ကြတယ်လေ” သံတမန်ကြီးက ဆက်ပြောလာသည်။


"ပန်းရဲ့ အဓိပ္ပါယ်ကဘာလဲ" ကုဟွိုက် ကြုံကြိုက်သလို မေးလိုက်သော်လည်း မကြာခင်မှာပင် တစ်ဖက်သား၏အဖြေကို ကြားလိုက်ရသည်။


"စစ်မှန်သော ချစ်သူများ"