အခန်း ၃၁
Viewers 10k

Chapter 31

Chapter 31




ကုဟွိုက်သည် ပန်း၏အဓိပ္ပါယ်ကိုကြားလိုက်ရပြီးနောက် သူနားကြားမှားသလိုမျက်တောင်ခတ်မိသွားသည်။ သို့သော်ငြား သူနားကြားလွဲခြင်းမဟုတ်မှန်းသိလိုက်ရသည့်အခိုက် သူ၏မျက်နှာအမူအရာမှာ တခဏမျှနူးညံ့သွားခဲ့၏။


စစ်မှန်တဲ့ ချစ်သူတွေ။


ကုဟွိုက်သည် သူ၏အခန်းထဲမှပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားခဲ့သော ဖန်ပန်းအိုးထဲမှ ဖွေးစွတ်နေသည့်ပန်းလေးအား တွေးမိသွားသည်။ ပန်းလေး၏အသွင်အပြင်ကား ထိုအဓိပ္ပါယ်နှင့် တထပ်တည်းကျကြောင်း သူလက်ခံရပေမည်။ ပန်းလေး၏အရောင်မှာ ဖြူဖွေးသန့်စင်သည်။ ပွင့်ဖတ်လေးများကလှပပြီး နှင်းဆီကဲ့သို့အဆူးများလည်းမပါရှိချေ။၎င်းက ညင်သာသိမ်မွေ့စွာဖြင့် ယိမ်းနွဲ့ကာ နူးညံ့လှပပေသည်။


ကုဟွိုက် သူ၏ဘေးမှလမ်းလျှောက်နေသော အလ်ဗ်ထံ တစ်ချက်ကြည့်လိုက်၏။ တဖက်သူ၏မျက်နှာမှာ အမူအရာကင်းမဲ့နေပြီး မတူကွဲပြားစွာဖြင့်တည်ငြိမ်နေသည်။ အလ်ဗ်သည်အမြဲ ထိုအမူအရာအတိုင်းရှိနေခဲ့သယောင်။ ထိုသူသည် အမြဲ ဖျက်ဆီးရန်အတွက် ပြင်းပြထက်သန်သောဆန္ဒမျိုးရှိနေတတ်ကာ ၎င်းကိုထိန်းချုပ်ထားရသည့်အခါမှဖြစ်ပေါ်လာသော စိတ်ဆိုးဒေါသထွက်မှုက နာကျင်မှုအဖြစ်ပြောင်းလဲသွားရတတ်သည့်တိုင် အပေါ်ယံတွင် ဘာမျှမခံစားရသည့်နှယ်ရှိနေဆဲပင်။ သူစိတ်ရှည်တတ်လာစဉ်တည်းက အချို့လူများမှာ သူ၏ဆင်ခြင်တုံတရားများ ကင်းမဲ့သွားချိန်ရောက်သည်အထိ အထူးအဆန်းအဖြစ်မြင်ကြလိမ့်မည်။


ကုဟွိုက်ကား ယေဘူယျအားဖြင့် အလ်ဗ်က ပန်း၏အဓိပ္ပါယ်ကို ဂဃနဏမသိသည့်အကြောင်း သိနေခဲ့သည်။ သည့်အပြင် တဖက်လူကသူ့အား ပန်းကဘာလဲဟူ၍ပင်မေးခဲ့သေးသည်။ နောက်ပိုင်း၌ ကုဟွိုက်ကအလ်ဗ်အား ၎င်းနှင့်တပုံစံတည်းတူညီသောပန်းကိုပို့ပေးခဲ့သည်။ ၎င်းက ထိုသူကိုစနောက်ခြင်းအဖြစ်လည်းယူဆနိုင်သည်။


လမ်းမကြီးပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်သွားရန် မသင့်လျော်သောကြောင့် ကုဟွိုက်မှာ အနှီသူကိုမကြည့်ခင် ဘေးပတ်ဝန်းကျင်အားအရင်စူးစမ်းလိုက်သည်။ ကုဟွိုက်သတိမထားမိလိုက်သည့်အချက်မှာ အလ်ဗ်က လမ်းဘေးတွင်ပေါက်နေသော အယ်လီနောပန်းလေးအားအေးစက်စွာဖြင့်ကြည့်နေခဲ့ပြီး တုံ့ကနဲရပ်သွားသည်ကိုပင်။


ချစ်သူတွေဆိုတာဘာလဲ။ အလ်ဗ်ခမျာ ထိုစကားလုံး၏အဓိပ္ပါယ်ကိုမသိရှာ။ သိထားချက်များအရ ချစ်သူဆိုသည်မှာ လူနှစ်ယောက်အပြန်အလှန်ချစ်ကြခြင်းပင်။ သို့သော်လည်း အလ်ဗ်မှာ 'အချစ်' ဆိုသောခံစားချက် လုံးဝနားမလည်သေးပေ။


အခြားသောမျိုးနွယ်စုများ၏ စိတ်ခံစားချက်ပိုင်းများကိုနှိုင်းယှဉ်ကြည့်ပါက ပုံမှန်အားဖြင့် ဇက်များသည် ခံစားချက်ကင်းမဲ့ပြီး အလ်ဗ်များမှာလည်း ၎င်းတို့ကိုနားလည်ချင်စိတ်မရှိ။ ခံစားချက်များက အသိဉာဏ်ဆိုင်ရာဆန်းစစ်ဝေဖန်ချက်များအပေါ် သက်ရောက်မှုရှိတတ်ပြီး သူတို့အနေဖြင့် ယခုကဲ့သို့သော အလကားအရာများကို နားလည်စရာမလိုအပ်ချေ။ အလ်ဗ်သည်ကား အဆိုပါ အဖြူပန်းပွင့်လေးက ကုဟွိုက်နှင့်လိုက်ဖက်ညီသည်ဟုထင်ရုံသာ။


စိတ်အိုက်ဖွယ်အခြေအနေတွင် ပိုးပိုလ်စ်၏ သံတမန်ရေးရာဌာနဥက္ကဌက ကုဟွိုက်အားနန်းတော်သို့ခေါ်လာစေခဲ့သည်။ ထိုနန်းတော်မှာ သူတို့နှင့်မျိုးနွယ်မတူသောဧည့်သည်များအတွက်ဖြစ်ပြီး ယခုမူ ဇက်မျိုးနွယ်စုတစ်စုတည်းသာ တည်းခိုနေကြသည်။


"ကျွန်တော်တို့ဘက်က ကြိုဆိုဧည့်ခံပွဲမလုပ်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်..မနက်ဖြန်အထိရွှေ့ဆိုင်းထားရမှာမလို့..ခွင့်လွှတ်ပေးပါ.."


သံတမန်က ကုဟွိုက်အား ကိုယ်ကိုကိုင်းညွတ်၍ဆိုလာပါ၏။


လွန်ခဲ့သောမိနစ်အနည်းငယ်က နောမ်ကြယ်မှာ ကြယ်ပင်လယ်ဓားပြများ၏တိုက်ခိုက်မှုကိုခံခဲ့ရသည်။ ဂြိုလ်မှာ အပျက်အစီးများခဲ့ပြီး ပြန်လည်ထူထောင်ရေးလည်းမလုပ်ရသေး။ အရေးကြီးဧည့်သည်တော်များအတွက် ဧည့်ခံကြိုဆိုပွဲလုပ်ရန် အလှူရှင်လည်းမရှိသေးလေရာ နိုအမ်ကြယ်၏ခေါင်းဆောင်များကား ဆွေးနွေးငြင်းခုန်ခဲ့ကြပြီး ရွှေ့ဆိုင်းခြင်းကပိုကောင်းသည်ဟုသာ တွေးခဲ့ကြသည်။


ပိုးပိုလ်စ်များကား ပုပုဝဝနှင့် ခေါင်းကြီးကိုယ်သေးရှိကြ၏။ ၎င်းတို့၏မျက်လုံးများမှာလည်း ကြီးမားပြီး ကုဟွိုက်မှာ သူတို့ကိုမြင်ပြီးသည့်နောက် ချီဘီဇာတ်ကောင်ကိုသာပြေးမြင်မိတတ်သည်။ ၎င်းကထူးဆန်းကာချစ်စရာကောင်းပုံပေါ်၏။


"ကိစ္စမရှိပါဘူး.."


ကုဟွိုက် နားလည်သလိုခေါင်းညိတ်ပြလိုက်သည်။


သံတမန်ရေးရာဌာနဥက္ကဌက သတိထားပြီးဆက်လက်ပြောလာခဲ့သည်။


"အရှင်..ဂြိုလ်ပေါ်ကမြို့လယ်ခေါင်ကို လိုက်ပြပေးဖို့လိုသေးလား..ဒါမှမဟုတ်..ဒီမှာအရင်နားချင်သေးလား..ကျေးဇူးပြုပြီး လိုအပ်တာရှိရင်ပြောပါ.."


ကုဟွိုက် အပြင်ဘက်သို့လှမ်းကြည့်ကာတွေးနေလိုက်သည်။


"လိုက်ပြပေးတာကအသုံးမဝင်ဘူးဟ"


အပြင်ကို သူ့သဘောနှင့်သူထွက်သွားမှ သွယ်ဝိုက်သောနည်းဖြင့်ပတ်သတ်မိသွားနိုင်သည်။ မကြာခင် သံတမန်ရေးရာဥက္ကဌက တုံ့ပြန်လာ၏။


"အိုကေ.."


ပိုးပိုလ်စ်များကား ကုဟွိုက်ကို အကူအညီလိုအပ်လာလျှင် အကြောင်းကြားရန်ပြောပြီး နန်းတော်အပြင်သို့ထွက်သွားလေပြီ။ အခြားဇက်များအတွက် တည်းခိုရန်နေရာကိုစီစဉ်ထားပြီဖြစ်ကာ အချို့ကို နန်းတော်အပြင်ဘက်တွင်စီစဉ်ထားကြသည်။


အခန်းထဲ၌ အပြင်လူများမရှိတော့သည်နှင့် ကုဟွိုက်က နံဘေးမှအလ်ဗ်ထံလှမ်းကြည့်ပြီး ရှင်းပြသည်။


"တကယ်တော့လေ...ငါလည်းပန်းရဲ့အဓိပ္ပါယ်ကိုမသိပါဘူး..မင်းကိုတမင်စလိုက်တာ.."


စလိုက်တာ..အလ်ဗ်က ဖြည်းဖြည်းချင်းခေါင်းငုံ့သွားပြီး ဘာနှင့်မျှဖုံးကာမထားသော ရွှေရောင်ဖျော့ဖျော့မျက်လုံးများမှာ မှေးစင်းနေလျက်ကုဟွိုက်အား တည်တည်ငြိမ်ငြိမ်ကြည့်လာသည်။


"နောက်တခါကျတော့...မင်းငါ့အတွက် တခြားပန်းလေးတွေခူးပေးပေါ့.."


ကုဟွိုက်မှာ ထိုစကားကို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီးပြောလိုက်ရသည်။


သူသည် အယ်လီနောပန်းလေးအား အလ်ဗ်ထံသို့နှစ်ကြိမ်ပို့ခိုင်းခဲ့သည်။ ၎င်းက နှစ်ဦးစလုံးသတိမထားမိလိုက်သော အမှားဖြစ်ခဲ့လင့်ကစား ကုဟွိုက် သူ့မျက်လုံးများကိုသူဖုံးထားလိုက်ချင်ခဲ့သည်။


အလ်ဗ်က ထိုစကားကြောင့် အေးတိအေးစက်ဖြစ်သွားသည်။ သူသည်အကြည့်များကိုမရွေ့လျားဘဲ တိုးလျစွာဖြင့်ပြောလိုက်၏။


"အဖြူရောင်ပန်းလေးတွေက အရမ်းသင့်လျော်ပါတယ်..."


တိုက်ရိုက်မဖော်ပြလျှင်ပင် ကိစ္စမရှိ။ အလ်ဗ်မှာ ပန်းတစ်ပွင့်ကပင် ကုဟွိုက်အတွက် ကောင်းမွန်နေပြီဟု တွေးမိသည်။


ကုဟွိုက် အလ်ဗ်၏အတိုချုံးစကားကိုတွေးနေပြီး ၎င်းပြောချင်သည့်ဆိုလိုရင်းကိုသဘောပေါက်သွားသည်။ တဖက်က ပန်း၏အဓိပ္ပါယ်ကိုဂရုစိုက်ပုံမရဘဲ ပန်းကသူ့အတွက်သင့်လျော်သည်ဟုခံစားနေရုံသာ။၎င်းက ဂရုလည်းမစိုက်သလို စနောက်နေသည်ကိုလည်းမခံစားတတ်သောကြောင့် ကုဟွိုက်ခမျာ ဘာလုပ်ရမည်မသိဖြစ်သွားခဲ့သည်။


ကုဟွိုက်ကား ဂြိုလ်ပေါ်သို့ လမ်းပြမပါဘဲလျှောက်ကြည့်ခြင်းက ပို၍စိတ်ဝင်စားစရာကောင်းသည်ဟုခံစားရသော်ငြား သူအပြင်ထွက်သည့်အခါ ကျိန်းသေ အစောင့်အရှောက်ပါသင့်သည်။ ကာ့ပါးလီယာက သူ့အား သူ၏တက်ခ်ဇက်များမှလွဲကာ ဇက်စစ်တပ်လေးတပ်မှခေါင်းဆောင်များအနက် တစ်ယောက်ကို အစောင့်အကြပ်အဖြစ် ခေါ်သွားရန်တောင်းဆိုခဲ့သည်။


ကုဟွိုက်မှာ လူသားနှစ်ယောက်ကြောင့် ဂြိုလ်ပေါ်မှ ပြန်ပေးဆွဲခံရအပြီး ကုဟွိုက်အပေါ် တက်ခ်ဇက်များ၏စောင့်ရှောက်မှုက ပိုတင်းကြပ်လာသည်။ သို့သော်လည်း သူတို့သည်ကုဟွိုက်အား စောင့်ကြပ်ခံနေရသည်ဟု မခံစားစေလို၍ အများအပြားလိုက်မလာကြချေ။ ဥပမာ သူတို့သည် ကုဟွိုက်အား အနီးကပ်သက်တော်စောင့်အဖြစ် စစ်တပ်ခေါင်းဆောင်လေးယောက်အနက်မှတစ်ယောက်ကို ရွေးချယ်စေခဲ့သည်၊ သို့ထိတိုင် ကျန်စစ်တပ်ခေါင်းဆောင်သုံးယောက်မှာလည်း အဝေးတွင်ရှိနေမည်ဖြစ်သည်။


ဤတကြိမ် အများထဲမှတစ်ခုရွေးချယ်ရသည့်မေးခွန်းမှာ ဖြေဆိုရန် ခေါင်းစားစရာပင်။ မည်သည့်တစ်ယောက်ကိုပင်ရွေးချယ်ပါစေ၊ ကျန်သုံးယောက်ကအင်မတန် စိတ်ပျက်သွားမည်ဖြစ်ကြောင်း ကုဟွိုက်ခံစားနေရသည်။


ကုဟွိုက် နောက်ဆုံးအနေဖြင့်မရွေးချယ်ခင် စစ်တပ်လေးတပ်ကခေါင်းဆောင်များထံ လှမ်းကြည့်လိုက်၏။


"အလ်ဗ်တစ်ယောက်ဆိုရပြီ.."


ကုဟွိုက်ဖြေပြီးသည့်နောက် စီမီဒိုခမျာရပ်သွားလေသည်။ အိုင်းယီမှာ ငြိမ်နေပြီး ကာ့ပါးလီယာက အလ်ဗ်အားအေးတိအေးစက်ဖြင့်စိုက်ကြည့်နေသည်ကိုမြင်ကာ မျက်မှောင်ကြုတ်သည်။ ၎င်းက စိတ်ပျက်နေခြင်းမဟုတ်ဘဲ သုံးယောက်လုံးက အလ်ဗ်အား အလွန်အကျွံစိုးရိမ်နေကြရုံသာ။ သူတို့မှာ ကုဟွိုက်၏အရွေးကိုမခံရခြင်းကြောင့် စိတ်ပျက်နေကြခြင်းမျိုးမဟုတ်လျှင်ပင် အလွန်ဆုံးအားဖြင့် အကြောသေနေသည့်မျက်နှာမျိုးဖြင့် ဆက်ကြည့်နေကြဦးမည်ပင်။


ကုဟွိုက်သည် တက်ခ်ဇက်သုံးယောက်ဖြင့် အပြင်သို့ခြေလှမ်းလိုက်၏။သူ တံခါးနားသို့ရောက်လုရောက်ခင်တွင် ကာ့ပါးလီယာ၏အသံကိုကြားရသည်။


"ရှင် အထိန်းအချုပ်လွတ်သွားပြီး..အရှင့်ကိုထိခိုက်အောင်လုပ်ခဲ့ရင်..ကျွန်မရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး.."


အလ်ဗ်၏အခြေအနေသည် မတိုင်ခင်ကထိ တည်ငြိမ်နေသည့်တိုင် ကာ့ပါးလီယာမှာ ယာယီအန္တရာယ်ကို သတိလက်လွတ်မနေနိုင်ချေ။အလ်ဗ်ကား အေးစက်သောမျက်နှာထားမျိုးရှိနေသေးစေကာမူ ကုဟွိုက်ရှိမနေချိန်တွင် သူ၏ရန်ပြုလိုစိတ်ကပေါ်လာသည်။ ၎င်း၏မျက်လုံးများက ကျုံ့သွားကာ လှောင်ပြောင်လာ၏။


"လုပ်နိုင်ရင်လုပ်ပေါ့.."


အလ်ဗ်က ကျန်သုံးယောက်၏တုံ့ပြန်မှုများကို စောင့်မနေတော့ဘဲ တံခါးမွထွက်ကာ ကုဟွိုက်အနောက်မှလိုက်သွားတော့သည်။


အထိန်းအချုပ်မဲ့နေလေပြီ။


အဆိုပါ စကားလုံးက အလ်ဗ်၏နှလုံးသားထဲတွင် တဝဲလည်လည်။ သူကုဟွိုက်၏ပုံရိပ်လေးအားကြည့်ပြီး အဝေးမှသာလိုက်ပါလာခဲ့သည်။ သူအထိန်းအချုပ်မဲ့သွား၍မဖြစ်။ သူတို့ကိုယ်တိုင်လည်း ထိုစကား၏မရေရာမှုကိုသိမြင်နေပြီး အလ်ဗ်ကိုယ်တိုင်လည်း ကာ့ပါးလီယာစကားများကို အာမ မခံနိုင်။ မည်သို့ပင်ဖြစ်စေ အလ်ဗ်သည် ကုဟွိုက်အား ကာကွယ်ပေးရန် ကတိပေးထားပြီးပြီ။


ရှန်းမုနှင့်ဟမ်းမာတို့မှာ ဇက်တို့၏ပြောင်းလဲနေပုံကို လေ့လာပြီး နောမ်

ကြယ်ပေါ်တွင်ရောက်ရှိနေကြသည်။ သူတို့ကား လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ရာ အလ်ဗ်တစ်ယောက် ကုဟွိုက်အနောက်မှလိုက်နေပုံကိုကြည့်နေကြ၏။ ထိုအကြည့်မျိုးမှာ တစုံတခု၏ဆွဲဆောင်မှုကို အပြင်းအထန်ခံနေရပုံပေါ် ပြီး အနီးသို့ပို၍တိုးကပ်သွားချင်သည်၊ သို့သော် စိုးရိမ်ရသည့်အရာတစ်ခုကြောင့် ခပ်ခွာခွာလည်းနေရသေးသည်။


လူနှစ်ယောက်ကိုဖြတ်သွားသည့်အခါ အလ်ဗ်က ရှေ့ဆက်မသွားခင်သူတို့အား အေးစက်စွာဖြင့်ဖျတ်ကနဲကြည့်သွားသည်။ လူနှစ်ယောက်မှာ အနှီဖိနှိပ်ထားနိုင်သော အေးတိအေးစက်အကြည့်က သူတို့ကိုယ်ပေါ်လူးလားခေါက်ပြန်ရွေ့လျားသွားသည့်အခါ တောင့်တင်းသွားရလေ၏။ ရှန်းမုနှင့်ဟမ်းမာမှာ ထိုလူကိုသတိထားလျက် မတိုင်ခင်က သူတို့လုပ်ခဲ့သည်ကိုပြန်တွေးမိပြီး သတိကြီးကြီးထားလိုက်ကြသည်။


ကုဟွိုက်သည် တက်ခ်ဇက်အစုနှင့်အပြင်ထွက်လာပြီး ၂၀ အထက်ရှိသောတက်ခ်ဇက်အစုမှာ နောမ်ကြယ်ရှိတည်းခိုရာအိမ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့်နေထိုင်နေကြသည်။


မျိုးနွယ်စုတိုင်း တက်ခ်ဇက်များက လူမဆန်ဘဲရက်စက်ကြမ်းကြုတ်သော မျိုးနွယ်စုမှန်းသိကြ၏။ ယေဘူယျအားဖြင့် အဆင့်နိမ့်တက်ခ်ဇက်များက ဒေါသထွက်လွယ်ကြသည်။ ပိုးပိုလ်စ်များ နောမ်ကြယ်၏အလယ်ပိုင်းတွင်နေထိုင်ကြစဉ် ၎င်းတို့ကိုပထမဆုံးတွေ့ရချိန်က ကြောက်ရွံ့ခဲ့ကြသည်။


အချိန်အတန်ကြာအောင် စူးစမ်းလေ့လာခဲ့ကြပြီးနောက် နောမ်ကြယ်ပေါ်တွင် နေသားမကျသေးသူများက တက်ခ်ဇက်များသည်ပုံမှန်အရမတိုက်ခိုက်တတ်ကြဘဲ လမ်းတလျှောက်လုံး မည်သူကိုမှထိခိုက်အောင် မလုပ်ကြမှန်း သိခဲ့ကြရသည်။ သူတို့ကား ပညာမဲ့လင့်ကစား သာမန်ကြမ်းတမ်းမှုမျိုးသာရှိကြ၏။


ဤတကြိမ်တွင် ကုဟွိုက်သည် တက်ခ်ဇက်ပုခုံးပေါ်တွင်မထိုင်တော့ပေ။ သူ၏ဘေးပတ်လည်တွင် တက်ခ်ဇက်များဝန်းရံနေပြီး ခြံဝန်းအလယ်မှလမ်းကြားလေးသို့ရောက်လာချိန်၌ ပိုပိုးလ်စ်တစ်ယောက်က သူတို့ရှိရာဘက်သို့ တလှုပ်လှုပ်ဖြင့်လာနေသည်ကိုတွေ့လိုက်ကြရသည်။ ပိုပိုးလ်စ်မှာ နှစ်နှစ်သုံးနှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ကာ အရွယ်ရောက်ပြီးသူ ပိုပိုးလ်စ်တိုင်းက ကုဟွိုက်အရပ်၏တဝက်မျှရှိတတ်သောကြောင့် ၎င်းကိုကလေးတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ရှည်လျားသောခြေတံတစ်စုံမှာ ခဲရာခဲဆစ်ပြေးလာနေရရှာ၏။


"ကျေးဇူးပါပဲ ဇက်.."


ပိုပိုးလ်စ်လေးက နူးညံ့သည့်အသံဖြင့်ဆိုပါ၏။ ထို့နောက် သူမသည် ပန်းခွေအလိပ်လေးအား တက်ခ်ဇက်၏ချွန်ထက်နေသည့် တံတောင်ဆစ်တွင် ချိတ်ဆွဲလိုက်လေသည်။


ဇက်တို့က သူတို့ဂြိုလ်ကိုကူညီပြီး အလှူငွေထည့်ပေးခဲ့ကြသည်။ ဇက်များ၏ ကယ်တင်မှုကြောင့် သူတို့ဂြိုလ်က ရန်သူများလက်တွင်းသို့မကျရောက်ခဲ့ဘဲ ကြယ်ပင်လယ်ဓားပြများ၏တိုက်ခိုက်မှုမှလည်း လွတ်မြောက်ခဲ့ရသည်။ ကေလးမလေးအား သူမ၏မိဘများကပြောလိုက်ခြင်းဖြစ်နိုင်သော်လည်း သူမ၏အေဖက သူပြောသည့်အတိုင်းသူမလုပ်လိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။


အနားကပ်လာသူက ပိုပိုးလ်စ်အငယ်လေးဖြစ်နေ၍ ကြီးကောင်ကြီးမားတက်ခ်ဇက်များကား စိတ်ရှုပ်ပြီးရှောင်ဖယ်သွားခြင်းမရှိကြချေ။ နောက်ဖြစ်လာသည့်အရာမှ သူတို့အကုန် မှင်သက်သွားခဲ့ကြ၏။ တံတောင်တွင် ပန်းကုံးချိတ်ထားသည့်တက်ခ်ဇက်မှာ ခေါင်းပြူလာလျက် သွေးနီရောင်မျက်လုံးများက ၎င်းအရှေ့မှ ခပ်သေးသေးပုံရိပ်လေးအားစိုက်ကြည့်နေသည်။ တက်ခ်ဇက်မှာ ၎င်း၏လည်ချောင်းအတွင်းမှ ရှူးဟူသောအသံကိုထုတ်လိုက်သည်။


တက်ခ်ဇက်သည် ၎င်းက ကလေးတစ်ယောက်သာဖြစ်ကြောင်း သတ်မှတ်လိုက်၏။ သူတို့သည် သူတို့ဂရုစိုက်သောကလေးများအပေါ်သာအလိုလိုက်တတ်သည့်တိုင် အခြားကလေးများအပေါ်၌လည်း အရွယ်ရောက်ပြီးသူများထက် သင့်တော်ရုံဆက်ဆံနိုင်ကြသည်။


တက်ခ်ဇက်သည်ကား ကောလဟလများအရ ထင်သလောက်ရက်စက်တတ်ပုံမရ။ ထိုမြင်ကွင်းအား မြင်လိုက်ရသူ ပိုပိုးလ်စ်များမှာ ထိုအတိုင်းတွေးမိကြသည်။


ကုဟွိုက်ကား ခြံဝန်းအလယ်သို့ရောက်လာ၏။ မြို့အလယ်မှခြံသည် ကျယ်ဝန်းပြီး ကြီးမားသောဥယျာဉ်ဖြင့် စိမ်းလန်းသောအိမ်လေးဖြစ်သည်။ အပင်ကြီးများမှာ ဥယျာဉ်အတွင်းမှ တာဝါများ၏ဒီဇိုင်းကိုယူထားပြီး ငွားငွားစွင့်စွင့်ပွင့်လန်းနေသောပန်းပင်အလှလေးများနှင့် စီးကျနေသော ပုံရိပ်ယောင်ရေတံခွန်လည်းရှိသည်။


အလယ်မှ ခြံဝန်းသည် နောမ်ကြယ်၏ အထင်ကရနေရာဟုယူဆနိုင်သည်။ ကုဟွိုက်က ကြည့်လိုက်ပြီး ပန်းခူးနိုင်မည့်နေရာကိုတွေ့ရှိသွားသည်။ ၎င်းက စကားအရ 'ခူး' သာဖြစ်ပြီး အကိုင်းတစ်ခုလုံးက ပြောင်ရှင်းနေကာ ပန်းတစ်ပွင့်ပင်မတွေ့နိုင်ပေ။


ကုဟွိုက်မှာ အဆိုပါ ကတုံးဖြစ်နေသည့်အကိုင်းကိုကြည့်ကာ ရယ်ချင်လာသည်။ အတိအကျပင် သူနှမြောတသဖြစ်နေသင့်သည်။ သည့်အပြင် သူသာ တထပ်တည်းတူညီသောပန်းအကြောင်းမပြောခဲ့ပါကအဆိုပါ အပင်များက ဤမျှကြေကွဲရာကောင်းနေမည်မဟုတ်ပေ။


သူ ကုဟွိုက်သွားသည့်နေရာကို သိနေသည်။ အဝေးမှလိုက်နေသောအလ်ဗ်သည် နှုတ်ခမ်းများကိုဖိကာ နောက်ဆုံး၌ ကုဟွိုက်အရှေ့သို့ရောက်လာ၏။ သူသည် မတိုင်ခင်က ပြောင်သလင်းခါနေသောအကိုင်းကိုကြည့်ကာ ကုဟွိုက်ပြုံးနေသည်ကိုကြည့်ပြီး ငွေမှင်ရောင်အမြှီးလေးက မနေနိုင်စွာဖြင့်ယမ်းခါသွားလေသည်။


တဖတ်ဖတ်ရိုက်နေသည့်ငွေမှင်ရောင်အမြှီးကို သတိထားမိပြီး ကုဟွိုက် သူ၏မျက်နှာပေါ်မှအပြုံးကို ထိန်းထားလိုက်သည်။


"ငါမင်းကိုရယ်နေတာမဟုတ်ဘူးနော်.."


ကုဟွိုက်ခမျာ အလ်ဗ်၏အမြှီးက ယခုကဲ့သို့ယမ်းနေခြင်းမှာ အနှီသူမပျော်မရွှင်ဖြစ်နေရခြင်းကြောင့်ဟုထင်သွားပြီး အမြန်ရှင်းပြလိုက်ရ၏။


အလ်ဗ်က ပြန်မဖြေ။ အဓိကအကြောင်းအရင်းမှာ သူသည် ကုဟွိုက်၏အပြုံးကိုမြင်တွေ့သွားပြီး သူ၏အမြှီးကိုမထိန်းချုပ်လိုက်နိုင်ခြင်းသာဖြစ်သည်။


ကုဟွိုက်က ဤတကြိမ်တွင် သတိရသွားသည့်အရာရှိသည်။ တူဆာတွင်နှင်းကျသည့်ရက်မတိုင်ခင်က အလ်ဗ်ထံနှင်းပွင့်လေးများ ပို့ပေးခဲ့ဖူးသည်။ သူကား အလ်ဗ်ကဤမျှအလေးအနက်ထားလိမ့်မည်ဟုမထင်ခဲ့သောကြောင့် နောင်တချိန်တွင် အခြားဂြိုလ်ပေါ်သို့သွားရောက်သည့်အခါ အရည်မပျော်နိုင်သောပန်းလေးအားပေးမည်ဟု ကတိပေးခဲ့ရသည်။


ဥယျာဉ်တွင် ပန်းခူး၍ရမည့်နေရာက ကျဉ်းလှသည်။ ကုဟွိုက် လျှောက်သွားနေရင်း နေရာတခုလုံးကား အယ်လ်လီနောပန်းများဖြင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။ အလ်ဗ်က ပန်း၏အဓိပ္ပါယ်ကိုအရေးမစိုက်စေကာမူ ကုဟွိုက်က ပန်းတစ်ပွင့်ကိုခူးလိုက်ပြီး အလ်ဗ်၏လက်ထဲသို့ထည့်ပေးလိုက်၏။


"အရင်က ငါမင်းကို အရည်မပျော်တဲ့ပန်းမျိုးပေးမယ်လို့ကတိပေးထားခဲ့တယ်လေ.."


လက်ဖဝါးထက်မှ ပန်းပွင့်လေးကား အလေးချိန်မရှိသလောက် ပေါ့ပါးလွန်းသည်။ အလ်ဗ်သည် လက်ကိုမဆုပ်လိုက်ဘဲ မျက်လွှာချထားပြီးခဏကြာမှမေးလာ၏။


"ဘာလို့..ကျွန်တော့်ကိုရွေးတာလဲ..."


၎င်းကိုကာကွယ်ခိုင်းခြင်းက အန္တရာယ်ကြီးသည်။ အခြား စစ်တပ်ခေါင်းဆောင်သုံးယောက်ကိုရွေးချယ်ခြင်းက သူ့ထက်ပိုကောင်းနိုင်သည်။


အလ်ဗ်၏မျက်လုံးများက အေးစက်လွန်းသောကြောင့် မည်သူမှသူ့အားတိုက်ရိုက်မကြည့်ရဲကြပေ၊ သို့သော်လည်း ၎င်းရွှေရောင်မျက်ဆံအိမ်များက အင်မတန်လှပလွန်း၏။ ကုဟွိုက်က ၎င်းမျက်လုံးများထဲသို့ကြည့်ကာ ပြောလိုက်သည်။


"ဘာလို့လဲဆိုတော့...မင်းလောကကြီးကို ပိုကြာကြာလေးမြင်ရအောင်လို့..မင်းငါ့အနားမှာနေရတာအေးချမ်းတယ်လို့ထင်ရင်..နေလိုက်ပါ.."


"...."


အလ်ဗ်က တိတ်ဆိတ်နေခဲ့သည်။


"တောင်းပန်ပါတယ်...ငါအရင်တည်းကပြောခဲ့ရမှာ.."


သူသည် တဖက်လူအပေါ်တွင် စိတ်ငြိမ်ဆေးဖြစ်ပေးရန်တာဝန်မရှိစေကာမူ ကုဟွိုက်မှာ သူသာအစတည်းကပြောခဲ့ပါက အလ်ဗ်တစ်ယောက် ဤမျှနာကျင်နေရမည်မဟုတ်ဟု ခံစားမိသည်။


ထိုစကားအား ကြားရပြီးနောက် အလ်ဗ်က ပန်းလေးကိုထွေးဆုပ်လိုက်၏။ သူသည် ကျိုးဆတ်လွယ်သောပန်းလေးအား မထိခိုက်စေလို၍အားအင်ကိုထိန်းချုပ်ထားရသည်။ ယခင်က သူ၏ဖျက်ဆီးလိုသောစိတ်ဆန္ဒများမှတဆင့် ဖြစ်တည်လာခဲ့သောနာကျင်မှုများကို ထိန်းချုပ်ထားရပြီး သူ၏နှလုံးသားမှာ အနားမရခဲ့ပေ၊ အလ်ဗ်သည် တစ်နေ့တွင်သူ၏အသိစိတ် အရင်းခံက ပျောက်ဆုံးသွားခဲ့လျှင်ပင် ကိစ္စမရှိဟုခံစားရသည်။ ရံဖန်ရံခါ၌ သူ့ကိုယ်သူထိန်းချုပ်ထားရာမှ လွှတ်ပေးလိုက်မည်။ သူ၏အသိစိတ်အရင်းခံပျောက်ဆုံးသွားခဲ့ပါမူ သူသည် လူသားဆန်မှုနှင့် နာကျင်မှုတို့ကို ကောင်းကောင်းသိနိုင်တော့မည်မဟုတ်။


သာမန်လူများကား သူတို့ကိုယ်သူတို့ အရူးတစ်ယောက်ဖြစ်ရန်ပြောင်းလဲရာတွင် မကြိုးစားလိုကြသည့်တိုင် ရူးသွပ်နေကြဆဲ၊ သို့ထိတိုင် အလ်ဗ်သည်ကား ရူးမိုက်ခြင်းတွင် မှားနေသည့်အရာမရှိဟုခံစားရ၏။ ဒါဆို ဘာကြောင့်များ သူ့မျက်လုံးတွေကို ဖုံးကာထားမိတာလဲ။ အလ်ဗ်သည်ကား လူငယ်လေး၏ နူးညံ့သည့်အနက်ရောင်မျက်ဝန်းများကိုကြည့်ပြီး ရုတ်တရက် အဖြေရှာတွေ့သွားသည်။


သူသည် အနှီသူပေါ်လာသည်အထိ စောင့်ဆိုင်းရင်း အချိန်အကြာကြီးထိန်းချုပ်ထားခဲ့ရသည်။ နောက်ဆုံး သူ့ကိုယ်သူမထိန်းချုပ်ထားနိုင်တော့မည့်အချိန်၌မူ သူသည် အခြားလူတစ်ယောက်အားကာကွယ်ပေးရန်ဖြစ်လာရလေ၏။