အခန်း ၃၂
Viewers 10k

Chapter 32

Chapter 32




နောမ်ကြယ်၏အလယ်မှခြံဝန်းမှာ အိမ်တော်တွင် အပျင်းပြေလမ်းလျှောက်နိုင်ရန် စီမံထားသည့်နေရာဖြစ်သည်။ သူသည် ခြံဝန်း၏အပြင်ဘက်မှ ပန်းခူး၍ရနိုင်သော ပန်းခြံအဝန်းငယ်လေးနေရာအရောက်တွင် ကုဟွိုက်သည် ဇက်၏တံတောင်ဆစ်မှ တွဲလောင်းချိတ်နေသောပန်းကုံးလေးအားမြင်မိပြီး ပန်းခြံအဝန်းထဲသို့ဝင်သွားခဲ့သည်။


၎င်းဧရိယာအတွင်းမှပန်းများမှာ အယ်လီနောပန်းများမဟုတ်ဘဲ တောင်ဇလပ်ပန်းများသာ။


ကုဟွိုက် ပစ်မှတ်ထားရာအပင်ထံသို့သွားသည့်အခါ သစ်ပင်၏အကိုင်းခွကြားတွင်တင်နေသော ဘောလုံးအား စိတ်ပျက်လက်ပျက်ကြည့်နေသည့် ပိုးပိုးလ်စ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ကုဟွိုက်က အလွယ်တကူပင် ဘောလုံးကိုလှမ်းယူကာအောက်ချပေးလိုက်ပြီး ထိုကောင်လေးအားလှည့်ပေးလိုက်၏။


"ဒီမှာ.."


နောမ်ကြယ်ပေါ်မှ ပိုပိုးလ်စ်များနှင့်အတူနေထိုင်ရသည့်အချိန်အတွင်း ကုဟွိုက်မှာ သူ့အရပ်က အလွန်တရာမှသင့်တင့်သယောင် ခံစားရသည်။ သို့သော် သူဇက်များနှင့်တွေ့ပြီး၊ အထူးသဖြင့် အလ်ဗ်နှင့်ဖြစ်နေသည့်အခါ သူ့ကိုယ်သူ အစစ်အမှန်ဘဝတွင်နေထိုင်ရန် ဖိအားပေးခံရှာသည်။ မူလက သူသည် ဥအခွံနှင့်လုပ်ထားသော နို့ကိုသောက်ပါက သူ၏အရပ်ကိုစင်တိမီတာအနည်းငယ်ခန့် ရှည်လာစေရန်မျှော်လင့်ခဲ့သော်လည်း ၎င်းဆန္ဒက မှတ်ပင်မမှတ်မိနိုင်တော့ချေ။


ပိုပိုးလ်စ်ငယ်လေးက ၎င်းအနောက်မှ ဇက်ကိုတွေ့သည့်အခါ ကျေးဇူးတင်စကားပြောချင်သွားခဲ့သည်။ ၎င်းမွာ မျက်နှာထားအားချက်ချင်းပြောင်းလဲလိုက်ကာ ကုဟွိုက်ထံဆိုလိုက်၏။


"ခင်ဗျား..သစ်ပင်အနောက်မှာအမြန်ပုန်းနေလိုက်.."


သူ့အား ကူညီ၍ ဘောလုံးယူပေးခဲ့သူက လူသားတစ်ယောက်ဖြစ်နေသည်မှာ သိသာနေပြီး လူသားများနှင့်ဇက်တို့၏ဆက်ဆံရေးမှာလည်းမကောင်းလှပေ။ ထိုအကြောင်းကို ကြယ်တာရာလောကအတွင်းရှိ အားလုံးကသိကြသည်။ ပိုးပိုလ်စ်လေးက တဖက်လူကိုမထိခိုက်စေချင်ချေ။


ကုဟွိုက်က ၎င်းကို အံ့အားသင့်နေသောအမူအရာဖြင့်ကြည့်သည်။ ဘာလို့ပုန်းရမှာလဲ...ကုဟွိုက် ထိုအကြောင်းကိုတွေးနေစဉ်မှာပင် အလ်ဗ်နှင့်ဇက်တို့က အနားရောက်လာကြသည်။


ကုဟွိုက်က ထိုအပင်ကိုကြည့်နေ၍ တက်ခ်ဇက်တို့ကအလိုအလျောက်ပင် ကုဟွိုက်တစ်ယောက် ၎င်းသစ်ပင်အပေါ် မှအရာကိုစိတ်ဝင်စားနေသည်ဟု ထင်လိုက်ကြသည်။ ထို့ကြောင့် တက်ခ်ဇက်တစ်ယောက်က ကုဟွိုက်အရှေ့သို့ရောက်လာကာ ကျွမ်းကျင်စွာဖြင့် ကုဟွိုက်အား မချီကာပုခုံးပေါ်တင်လိုက်သည်။


ပိုပိုးလ်စ်ငယ်လေး: "....??"


ကုဟွိုက်က ကောင်လေး၏မျက်နှာကိုကြည့်ပြီး အကြောင်းအရင်းအားနားလည်သွားကာ ကြင်ကြင်နာနာဖြင့်ရှင်းပြလိုက်သည်။


"ငါကလူမဟုတ်ဘူး.."


ပိုပိုးလ်စ်လေးမှာ ကုဟွိုက်တစ်ယောက် အပင်ပေါ်မှပန်းကိုခူးနေသည်အထိ စိတ်နှင့်ကိုယ်မှာမကပ်နိုင်သေးချေ။ တက်ခ်ဇက်ပုခုံးပေါ်တွင်ထိုင်နေသည်ဖြစ်ရာ ကုဟွိုက်အတွက် အပင်ပေါ်မှပန်းများကိုလက်လှမ်းမီနိုင်သည်။ ကုဟွိုက် ပန်းအများအပြားကိုခူးလိုက်ပြီး ခေါင်းငုံ့ကာဟိုရွှေ့သည်ရွှေ့စတင်လုပ်လေ၏။


အချိန်အတန်ကြာမှ ကုဟွိုက်ခမျာ ပန်းကုံးလေးတစ်ခုကို ခက်ခက်ခဲခဲလုပ်လိုက်နိုင်သည်။ ထို့နောက် သူသည်ပန်းခွေအဝါလေးအား သူ့ကိုချီထားသောတက်ခ်ဇက်၏ခေါင်းပေါ်တွင် ပန်ပေးလိုက်သည်။ တက်ခ်ဇက်က ပန်းခွေကိုပန်ထားရင်း ၎င်း၏မျက်လုံးများက တဖျတ်ဖျတ်လက်နေ၏။ ၎င်းက ခေါင်းပင်မယမ်းချေ။ ခေါင်းပေါ်မှပန်းခွေ ပြုတ်ကျသွားမည်စိုးရိမ်၍ ကျောက်ရုပ်ကြီးပမာနေ နေလေသည်။


တက်ခ်ဇက်ခမျာ ရှူးကနဲ အသံတိုးတိုးထုတ်လိုက်မိသည်။ ထိုအပြုအမူအရ တက်ခ်ဇက်မှာ ကုဟွိုက်ပေးထားသောပန်းကုံးအပေါ် အရေးတယူရှိကြောင်း ရှင်းလင်းနေ၏။ ပိုပိုးလ်စ်ကလေးတစ်ယောက်က ပန်းကုံးလေးပေးသည်ကိုမြင်လိုက်သည့်အခိုက် ကုဟွိုက်မှာလည်း သူ့အားဂရုစိုက်ပေးသောသူများကို ပန်းကုံးလေးများလုပ်ပေးရန်အကြံကောင်းရလာပြီး ချက်ချင်းလုပ်ပေးလိုက်မိသည်။


"ဒါကို ပန်းကုံး လို့ခေါ်တယ်၊ သိပ်တော့မလှပေမဲ့ ကြည့်လို့ကောင်းပါတယ်.."


ကုဟွိုက်မှာ သူကိုယ်တိုင်လုပ်ထားသော ပန်းကုံးအချို့ကိုကြည့်ကာစကားအားပြောင်းပြောလိုက်ပြန်သည်။


"ငါလုပ်လိုက်တော့ရုပ်ဆိုးသွားတယ်..ပုံမှန်ဆို အဲဒါတွေကလှတယ်လေ.."


ယခု ကုဟွိုက်အနားမှ တက်ခ်ဇက်များအားလုံးတွင် ပန်းကုံးလေးများကိုယ်စီရှိနေကြလေပြီ။ လူတိုင်းအားတုန်လှုပ်စေသည့် အန္တရာယ်အငွေ့အသက်များပေးသော တက်ခ်ဇက်များမှာ ပန်းကုံးလေးများနှင့်ဖြစ်နေ၍ရုတ်တရက် အားနည်းသည့်ပုံစံမျိုးဖြစ်သွားကြသည်။


ကုဟွိုက်စကားကြောင့် အဆိုပါတက်ခ်ဇက်များမှာ စတင်တွေးတောလာကြသည်။ သူတို့သည် ကုဟွိုက်စကားတိုင်းအား အလုံးစုံနားမလည်သေးသည့်တိုင် ကုဟွိုက်ဆိုလိုချင်သည်ကိုတွေးပြီး တုံ့ပြန်လာကြ၏။


အဆင့်နိမ့်ဇက်များကား စဉ်းစားနိုင်စွမ်းဉာဏ်ရည်ကင်းမဲ့ကြသည်။ လူသားပုံစံထိန်းသိမ်းထားသောဇက်များနှင့် ၎င်းတို့၏ဉာဏ်ရည်အကြားသိသာထင်ရှားစွာဖြင့် ကွဲပြားကြ၏။ သူတို့မပြောင်းလဲနိုင်ဟု ဆိုလိုသည်မဟုတ်။ ကုဟွိုက်သည် သူ၏အနားမှတက်ခ်ဇက်များက အရင်ကထက် သူ့စကားကိုပိုမိုနားလည်လာကြောင်း တွေ့ရှိလာရသည်။ ဉာဏ်ရည်ကင်းမဲ့ခြင်းမျိုးရှိနေသေးစေကာမူ တိုးတက်မှုကားရှိလာ၏။ သို့ဖြစ်၍ ကုဟွိုက်က သူတို့အား ပစ္စည်းများအကြောင်းပိုမိုပြောပြဖြစ်ပြီး ၎င်းတို့ကို သည့်ထက်ပို၍ နားလည်လာစေချင်သည်။


သူ၏ပထမဆုံးအကြိမ် ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်လာပြီးသည့်နောက် ကုဟွိုက်မှာ ယခင်ကထက် စိတ်ပိုင်းဆိုင်ရာကိုပိုမိုအသုံးပြုလာနိုင်သည်။ သူသည် သူ့အားချီပိုးထားသောတက်ခ်ဇက်၏ပုခုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး တက်ခ်ဇက်အရှေ့တွင်ရပ်ကာ ဝိညာဉ်ပိုင်းဆိုင်ရာဆက်သွယ်ရန် လုပ်ဆောင်ကြည့်လိုက်သည်။


ဝိညာဉ်ချိတ်ဆက်မှုကား လမ်းညွှန်ချက်တစ်ခုပင်။ သူ၏ဘုရင်မင်းမြတ်ဆန္ဒတော်အတိုင်း အဆင့်နိမ့်ဇက်များကိုလမ်းညွှန်ရာတွင် သူ၏အာဏာကိုမည်သို့မည်ပုံအသုံးချရမှန်း သိရှိထားသည် ၎င်းကကုဟွိုက်၏ကြိုးပမ်းအားထုတ်မှုပင်။ သူ၏လမ်းညွှန်ချက်အတိုင်း နောင်အနာဂတ်၌ အဆင့်နိမ့်ဇက်များတွင် ပုံမှန်ဉာဏ်ရည်ဉာဏ်သွေးရှိလာပြီး လူသားပုံစံထိန်းသိမ်းနိုင်မည်ဟု သူမျှော်လင့်ထားသည်။ ထိုကိစ္စကအကျိုးရလဒ်ရှိမရှိကိုသိနိုင်ရန် အချိန်အတန်ကြာအောင်စောင့်ဆိုင်းရမည်ဖြစ်ပြီး အောင်မြင်နိုင်ချေမရှိသော်လည်း ကုဟွိုက်မှာ ကြိုးစားခဲ့သည်။


ဝိညာဉ်ချိတ်ဆက်မှုရရှိသောတက်ခ်ဇက်တို့မှာ ကုဟွိုက် သူတို့အားခေါ်နေသယောင်ကြားရသည်။ သူတို့အားကြည့်နေသောကလေးလေးက အော်ခေါ်နေခဲ့သည်။ ကလေးလေးက စကားမပြောစေကာမူ တက်ခ်ဇက်များက ကုဟွိုက်အား နီဆွေးသည့်မျက်လုံးများဖြင့်ကြည့်နေခဲ့ကြ၏။


"အိုကေ.."


သူနောက်ဆုံးမိနစ်ရောက်မှ ဇက်များနှင့်ဝိညာဉ်ဆက်သွယ်မှုမှာ အောင်မြင်သွားပြီး တက်ခ်ဇက်များကို သူ၏စိတ်ဝိညာဉ်စက်ကွင်းအတွင်းသို့သွင်းလိုက်နိုင်သည်။ ထို့နောက် သူ တက်ခ်ဇက်ကိုခေါင်းညိတ်ပြပြီးပြုံးလိုက်၏။ ကုဟွိုက် အဆုံးသတ်အထိမလုပ်ဆောင်ရသေးသော်ငြား တက်ခ်ဇက်က တုံ့ပြန်နေသေးသည်။


သူ၏စမ်းသပ်မှုက ပြီးမြောက်သွားပြီဖြစ်ရာ ကုဟွိုက် အလ်ဗ်ထံသို့တိတ်တဆိတ်ပြောလိုက်သည်။


"ဒါဆို...ပြန်ကြရအောင်..."


အလ်ဗ်က ခပ်ဖြည်းဖြည်းသာခေါင်းညိတ်ပြသည်၊ ၎င်း၏ မျက်နှာကအေးစက်နေဆဲဖြစ်သည့်တိုင် ဝန်ပေါ့သွားသည့်အသွင်ရှိသည်။ သူတို့နှစ်ယောက်မှာ ခေါင်းတဝက်စာမျှ ခြားနားနေသေး၏။ ကုဟွိုက်မှာ သူ့ကိုယ်သူအလ်ဗ်နှင့် အရပ်ချင်းတိုင်းကြည့်ကာ သက်ပြင်းမောချလိုက်သည်။ ငါကျတော့..ဘာလို့သူ့လိုမရှည်ရတာလဲ..


အလ်ဗ်ကသူ့ကိုငုံ့ကြည့်သည်။


"ဘာလို့သက်ပြင်းချနေတာလဲ အရှင်.."


"အဲဒါက.."


ကုဟွိုက် အစိုးရိမ်လွန်နေသည်။ အကြောင်းအရင်းကိုပြောပြရန်မှာရှက်စရာကောင်းလှသော်ငြား သူ၏အရှေ့မှကြောင်ကြီးအထင်လွဲသွားမည်ကိုလည်းမလိုလားချေ။ သူအမှန်အတိုင်းပြောပြလိုက်၏။


"ငါအရပ်ရှည်ချင်တယ်..ဒါပေမဲ့ မရှည်လာဘူး..အရမ်းစိတ်ပျက်တာပဲ.."


ကုဟွိုက်မှာ ပြောပြီးသည့်နောက် သူ့နားရွက်သူဆွဲဆိတ်မိသည်။ သူရှက်နေသည်ဖြစ်ရာ နားရွက်ထိပ်ဖျားလေးများကား နီရဲလာလေ၏။


သူ၏အရှေ့တွင်ဖြစ်နေ၍ အလ်ဗ်က ချက်ချင်းမပြောသေးပေ။ ၎င်းအနောက်မှငွေမှင်ရောင်အမြှီးကိုသာရွှေ့လိုက်သည်။ ကုဟွိုက်မှာ အဆိုပါအမြှီးဖြင့်ပတ်ခံရတော့မည်ဟု ထင်လိုက်သည့်တိုင် မမျှော်လင့်စွာဖြင့် ၎င်း၏ရေခဲတမ်ွ အေးစက်သည့်ထိပ်ပိုင်းဖြင့်သာ အတို့ခံလိုက်ရသည်။


ကုဟွိုက်၏ခြေဖျားမှာ မြေကြီးပေါ်မှကြွသွားလေသည်။ ၎င်းကသူ့ကိုအပေါ်မြှောက်တင်လိုက်သည့်အချိန်တွင် မတုံ့ပြန်လိုက်နိုင်ဘဲ ကုဟွိုက်မြင်ကွင်းက အလ်ဗ်၏ခေါင်းနှင့်တတန်းတည်းဖြစ်သွား၏။


"ကျွန်တော့်ထက်ပိုရှည်သွားပြီ.."


အလ်ဗ် သူ၏ကျောနောက်မှအမြှီးကိုသိမ်းပြီး လမ်းစလျှောက်လေသည်။


အလ်ဗ်၏ခြေလှမ်းတိုင်းက ညင်သာသည်။ ရန်သူနှင့်ရင်ဆိုင်ရလျှင်ပင်မနှေးမမြန်ရှိ၏။ အဆိုပါခြေလှမ်းတိုင်းက မာန်တက်နေသည်ဟုထင်မြင်ရလွယ်ပြီး မသိစိတ်မှ အန္တရာယ်ကိုခံစားမိစေသည်။ ၎င်းအနောက်မှ ငွေမှင်ရောင်အမြှီးပေါ်တွင် ထိုင်လိုက်လာသောလူငယ်လေးက ထိုအန္တရာယ်တိုင်းအားပျောက်ကွယ်သွားရန်ဖိအားပေးသည်။ ငွေမှင်ရောင်အမြှီးအား ထိမိသူတိုင်း သေနိုင်စေကာမူ ကုဟွိုက်ကား ၎င်းအပေါ်တွင်ထိုင်နေနိုင်သည်။


အစောပိုင်း၌ ကုဟွိုက်မှာ ကြောင်အနေကာ မတုံ့ပြန်နိုင်။ အရှေ့သို့ခြေလှမ်း အနည်းငယ်ရောက်ပြီးမှ အသိစိတ်ပြန်ဝင်လာသည်။ အနှီကြောင်ကြီးက ၎င်း၏ကိုယ်ပိုင်နည်းနာဖြင့် သူ့အား အရပ်ပိုရှည်လာစေရန်ဖန်တီးပေးလိုက်ခြင်းသာ။ ၎င်းက အင်မတန်ချစ်စရာကောင်းလွန်းသည်...


အလ်ဗ်က သူ့စကားဆိုလျှင် အလွန်နားထောင်တတ်သည်။ ကုဟွိုက်က ၎င်းကိုသိလိုက်စဉ်တည်းက အလ်ဗ်တစ်ယောက် မရွှင်မလန်းဖြစ်နေပါက နှစ်သိမ့်ပေးလိုစိတ်ကိုမတားဆီးနိုင်ပေ။ ယခု သူအလ်ဗ်၏အမြှီးပေါ်တွင်ထိုင်လိုက်နေရသည့်အတိုင်း။ ကုဟွိုက်သည် တဖက်လူ၏အလေးအနက်ထားတတ်သောစိတ်သဘောထားအားတွေးမိကာ ငြိမ်ငြိမ်လေးထိုင်လိုက်ရင်း အလ်ဗ်ကို ဆက်လက်သယ်ခိုင်းထားလိုက်၏။


ကုဟွိုက်မှာ ထိုပုံစံအတိုင်းပြန်ရောက်လာခဲ့သည်။ ရှန်းမုနှင့်ဟန်မာတို့မွာ နန်းတော်အနီးတွင်ရှိနေခဲ့သောကြောင့် ထိုမြင်ကွင်းအားမြင်လိုက်ရသည့်အခိုက် တိတ်ဆိတ်သွားကြလေသည်။ ထိုအချိန်၌ အလ်ဗ်ကသူတို့ကို မမြင်ဟန်ဆောင်ပြီး ဆက်လျှောက်သွားသည်။ ဇက်များအတွက် ပိုပိုးလ်စ်များပြင်ဆင်ထားသည့် ကြိုဆိုဧည့်ခံပွဲမှာ အလွန်တရာခမ်းနားလှ၏။ အခမ်းအနားပြီးဆုံးသည်နှင့် ကုဟွိုက်ကား ပိုပိုးလ်စ်ခေါင်းဆောင်များနှင့် မဟာမိတ်တည်ဆောက်နိုင်ခဲ့သည်။ ဇက်များက ပထမဆုံးအဖြစ် ကြယ်များအကြား၌ သံတမန်ရေးရာဆက်သွယ်မှုကိုရရှိလာလေပြီ။


ထိုအချိန်အတွင်း ကြယ်များအကြား ကိစ္စပေါင်းများစွာဖြစ်ပျက်ခဲ့သည်။ ဥပမာအားဖြင့် မနေ့ညသန်းခေါင်ယံ၌ ကြယ်ပင်လယ်ဓားပြအစုငယ်လေးက နောမ်ကြယ်ပေါ်သို့ရောက်ရှိလာခဲ့သည်။ ကြယ်ပင်လယ်ဓားပြများသည် နောမ်ကြယ်မှာ ဓားပြများ၏တိုက်ခိုက်မှုကိုခံရသည်ဟူသောသတင်းကြောင့်ဝေစားမျှစားရရန်ရောက်ရှိလာခြင်းဖြစ်၏။ သို့ရာတွင် သူတို့ကား ဘွားကနဲထွက်လာပြီး လူစိတ်မရှိသော ယူးလားစစ်သင်္ဘောကြောင့် သေလုမျောပါး ထိတ်လန့်သွားကြရသည်။


ကြယ်တာရာမဟာမိတ်အဖွဲ့က တပ်ကူများအင်အားစုမှာ အလာနောက်ကျခဲ့သည်။ ၎င်းတို့မှာ နိုအမ်ကြယ်အနီးတဝိုက်မှနေရာများကိုဝင်ရောက်ရှာဖွေခဲ့ပြီး ဂြိုလ်ပေါ်တွင် မည်သည့်အရာမှဖြစ်ပျက်ခဲ့ခြင်းမရှိသ ည်ကိုတွေ့လိုက်ရသည်။ ဓားပြများကားမရှိနေချေ။ ဂြိုလ်၏အကာအကွယ်အလွှာမှာ ပုံမှန်အတိုင်းပွင့်နေပြီး ကျုးကျော်ခံထားရသည့်လက္ခဏာမရှိ။ သို့တည်းမဟုတ် ကြယ်ပင်လယ်ဓားပြများ၏အဖမ်းခံရပြီး ဂြိုလ်ကအစီးခံလိုက်ရလေသလော။ ထိုအတိုင်းဖြစ်ပါက သူတို့အကူတပ်ကြောင်းမှာအတွင်းထဲအထိ အလွယ်တကူဝင်သွား၍မရနိုင်တော့ဘဲ မဆင်မခြင်လုပ်မိပါက အားလုံးရှင်းထုတ်ခံရလိမ့်မည်။


ပိုပိုးလ်စ်ခေါင်းဆောင်များမှာ ဇက်များ၏ အသုံးတော်ခံရန်သာစဉ်းစားနေပြီး ဘာကိုမျှမတွေးမိကြ။ ကြယ်တာရာမဟာမိတ်အဖွဲ့မှ အကူတပ်ကြောင်းများရောက်လာမှ သူတို့ ကြယ်တာရာမဟာမိတ်အဖွဲ့ထံအကူအညီတောင်းထားသည်ကို မရုပ်သိမ်းရသေးမှန်းသတိရလိုက်ကြသည်။


ထိုအချိန်၌ ကြယ်တာရာကွန်ရက်မှ မျိုးနွယ်စုများမှာ နောမ်ကြယ်က ကြယ်ပင်လယ်ဓားပြများ၏ သိမ်းပိုက်ခံရခြင်း ရှိမရှိအကြောင်းပြောဆိုနေကြလေသည်။


ကြယ်ပင်လယ်ဓားပြများကား မျိုးနွယ်စုများအကြားပတ်သတ်ဆက်နွယ်မှု၏ အရင်းအမြစ်ဖြစ်၏။ အားနည်းသည့်မျိုးနွယ်စုများအတွက် အဆိုပါကြယ်ပင်လယ်ဓားပြများမှာ ခေါင်းပေါ်မှရိပ်ကနဲဖြစ်သွားသည့် အရိပ်နှင့်တူပြီး အချိန်တိုင်းသူတို့အား စိုးရိမ်နေစေသည်။


[Upaz ကြယ်စု: နောမ်ကြယ်က ကြယ်တာရာမဟာမိတ်အဖွဲ့ရောက်လာတဲ့အချိန်အထိတောင် ခံမှာမဟုတ်ဘူး၊ အခု အများစုကဓားပြတွေရဲ့အဖမ်းခံထားရပြီး ဂြိုလ်ကလည်းအသိမ်းခံလိုက်ရပြီနေမယ်]


[ခယ့်တို ကြယ်စု: ပိုပိုးလ်စ်တွေက အနီးပတ်ဝန်းကျင်ကိုအကူအညီတောင်းသေးတယ်၊ ဘယ်သူမှမကူညီချင်ကြဘူးလေ]


[အက်စ်စို ကြယ်စု: နောမ်က ဖွံ့ဖြိုးပြီးဂြိုလ်မဟုတ်ဘူး၊ ကယ်လိုက်လည်း ဘာအကျိုးအမြတ်မှမရဘူး၊ ဒီတခေါက် သူတို့ ဂရစ်ဖင်းဓားပြတွေနဲ့တွေ့လိုက်ရပြီ၊ ဒီအခြေအနေမှာသူတို့ကို ဘယ်သူမှမကူညီချင်တာပုံမှန်ပါပဲ]


ကြယ်တာရာကွန်ရက်တွင် ပေါက်ပေါက်ဖောက်နေကြချိန် နောမ်တည်ရှိနေသော ကြယ်စုဖြစ်သည့်ပန်ဒိုရာမှ မှတ်ချက်တစ်စောင်တက်လာ၍ကြယ်တာရာကွန်ရက်အတွင်းမှ လူတိုင်း ကြက်သေသေကုန်ကြ၏။


[KK ပန်ဒိုရာကြယ်စု: ဇက်ကငါတို့ကိုလာကယ်တယ်၊ သူတို့ကအခုငါတို့ဂြိုလ်ပေါ်မှာဧည့်သည်တွေအဖြစ်ရောက်နေတယ်]


ဧည့်သည်တွေ..? အိပ်မက်မက်နေလိုက်လေ...


ကြယ်တာရာကွန်ရက်အတွင်းရှိ သန်းပေါင်းများစွာသောလူတိုင်းမှာ အဆိုပါ မှတ်ချက်အားမယုံကြချေ။ သူတို့သည် တယောက်ယောက်က ပန်ဒိုရာကြယ်စုထံသို့သွားကာ သတင်းအမှားရလာသည်ဟုသာထင်ကြ၏။


ပထမဆုံးအနေဖြင့် ဇက်များအတွက် တပ်ကူစီစဉ်ပေးရန်မှာ မဖြစ်နိုင်ပေ။ ဧည့်သည်များအနေဖြင့်ဆိုပါက သာ၍ပင်ဆိုးရွာပေဦးမည်။ အနှီလူက အာရုံစိုက်ခံရချင်၍ သတင်အမှားပေးခြင်းပေလော။ မည်သူမှအမှန်ဟုမထင်ကြ။ ကြယ်တာရာမဟာမိတ်အဖွဲ့က ပိုပိုးလ်စ်ခေါင်းဆောင်ထံမှ သတင်းကြားရမှသာအတည်ပြုလိုက်ကြသည်။


အတည်ပြုချက်သည်ကား ရေပြင်ပေါ်သို့ ကျောက်တုံးကြီးပစ်ချလိုက်သည့်နှယ်။ တမဟုတ်ချင်းပင် ကြယ်များကိုဖြတ်ကျော်ကာ ဝဲဂယက်ကြီးဖြစ်သွားခဲ့ပေသည်။