Chapter 40
သူ့ပါးစပ်က အဝတ်စနှင့် ပိတ်ဆို့ခြင်းခံလိုက်ရသည်။ သူ့အဖော်၏ စကားများကိုကြားလိုက်ရချိန်တွင် ဇဝေဇဝါဖြစ်မှုများနှင့် တုံ့ဆိုင်းသွားရပြီး သူ့မျက်လုံးများက ပြူးကျယ်သွားရသည်။
“အမ်—”
ဒီအဝတ်စုတ်နဲ့များ… ရေးစ်ရဲ့မျက်ဝန်းများမှာ မီးတောက်များနှင့်ပြည့်နှက်နေပြီး စိတ်ဆိုးဒေါသဖြစ်စွာဖြင့် သူ့ပါးစပ်ထဲမှ အဝတ်စကိုဆွဲထုတ်ရန် လက်မြှောက်ချင်နေသည်။ သူ့အဖော်က သူ့လှုပ်ရှားမှုများကိုတွေ့ပြီး ပါးစပ်ကိုတင်းကျပ်စွာ ကာထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တစ်ဖက်တွင်ကြည့်နေကြသော ကြယ်တာရာမဟာမိတ်အဖွဲ့ဝင်များ - “...”
၎င်းက ရဲဘော်ရဲဘက်များနှင့် ကြီးမားသည့်အပေးအယူလုပ်သည့်အခါတွင် ယူသင့်သည့် ဥပမာတစ်ရပ်ဖြစ်သည်။ ထိုထက်ကြီးမားသည့်ဖြစ်ရပ်များကို တွေ့ခဲ့ပြီးဖြစ်သော်လည်း သတ္တမမြောက်ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်သည် ယခုဖြစ်ရပ်အား အံ့အားသင့်နေရဆဲဖြစ်သည်။
ဇက်မျိုးနွယ်စုများက အမှန်တကယ်ကိုပြင်းထန်တာပဲ.. ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ဖြစ်သူက တွေးလိုက်မိ၏။
“မိုးမှောင်မျှော်စင်မှာ အမာခံနယ်မြေတွေအများကြီးရှိတယ်ဆိုတာကိုပဲ ပြောနိုင်မယ် သူတို့အားလုံးကို တစ်ပြိုင်တည်းရှင်းထုတ်ပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး မိုးမှောင်မျှော်စင်ရဲ့ အရေးအကြီးဆုံးအမာခံနယ်မြေက ကြယ်တာရာမဟာမိတ်အဖွဲ့ရဲ့ တရားစီရင်ပိုင်ခွင့်ထဲမှာမရှိဘူး ဥက္ကာခဲရဲ့ တည်နေရာကိုလည်း ငါမသိဘူး..”
ကော်လင် ရုန်းကန်နေသည့် သူ့အဖော်၏ပါးစပ်ကို အတင်းဖိပိတ်ထားပြီး သူ့စကားများကို တိုးညင်းသောအသံဖြင့် အဆုံးသတ်လိုက်သည်။
ထို့နောက် ကော်လင် သူနှင့်ဆန့်ကျင်ဘက်အရပ်တွင်ထိုင်နေသောလူထံသို့ လက်ကမ်းလိုက်ပြီး ရှင်းလင်းသည့်အဓိပ္ပာယ်အား ဖော်ပြလိုက်သည်။ ခေါင်းဆောင်ဖြစ်သူသည် အလျှော့ပေးပြောဆိုလာသည့် မိုးမှောင်မျှော်စင်စစ်သားကြောင့် ကျေနပ်အားရသွားပြီး ၎င်း၏ပါးစပ်ကတော့ တွန့်လှုပ်နေဆဲဖြစ်သည်။ ထို့နောက် ကတိပေးထားသည့်အတိုင်း အရုပ်အား ကမ်းပေးလိုက်၏။ အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးရှိသည့်အရုပ်အား ရပြီးသည်နှင့် ကော်လင်က အပေးအယူပြီးမြောက်သွားသည့်သဘောအရ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ရေးစ်က သူ့ပါးစပ်ကိုကာထားသည့်လက်အား ဆွဲချလိုက်ပြီး အဝတ်စအားဆွဲထုတ်ကာ မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
“ကော်လင် ခွေးကောင်..” ရေးစ်က ဆဲရေးတိုင်းထွာမှုများအား ပြုလုပ်ပြီး သေမတတ်ဒေါသူပုန်ထနေခဲ့သည်။
အခုလေးတင်ပဲ သူ့ကို နိုးထဖို့ပြောခဲ့တာ ဘယ်သူလဲ… သူကကျတော့ အသိစိတ်မဝင်ပဲနဲ့လေ… သူ ယခုဖြစ်ရပ်ကြောင့် အရှက်ရသွားခဲ့သည်။ မိတ်ဆွေဖြစ်နေသည့်အတွက်ကြောင့်သာ သူ့အရှေ့က အရှက်မဲ့သည့်သူအား ချက်ချင်းမသတ်ပစ်ခဲ့ခြင်းဖြစ်သည်။
ကော်လင် အပြောခံရလည်း ဂရုမစိုက်ပေ။ မကြားဘူးဆိုသည့်အမူအရာဖြင့် လက်ထဲရှိအရုပ်ကိုကိုင်ကာ ဘေးကပ်ရပ်နေသည်။
“ငါအရင်စပြီး လှုပ်ရှားတာဆိုတော့ မင်းလက်ထဲမှာရှိတာ ငါ့ကိုပေးလိုက်..” ရေးစ်က တစ်ဖက်လူကို စူးစူးစိုက်စိုက်ကြည့်နေသည်။
ကော်လင် တည်ကြည်သောမျက်နှာအမူအရာဖြင့် မလှုပ်မယှက်ရှိနေ၏။ “ဒါပေမယ့် မင်းမပြောခင် ငါအရင်ပြောတာဆိုတော့ ငါ့ဟာပဲ..”
“မင်းက အရှက်မရှိဘူးပဲ..”
“မလိုချင်ဘူး.."
အရှက်မရှိသောသူ့အဖော်ကြောင့် ချုပ်တည်းထားလိုက်ရပြီး ရေးစ်မှာ အချိန်အတန်ကြာစကားမပြောနိုင်ပဲရှိနေရသည်။ အရုပ်ကိုလည်းမရနိုင်သလို ရေးစ်ကလည်း လုယူရန် အလျင်မလိုနေတော့ပေ။ ထိုအချိန်တွင် သူနှင့်ဆန့်ကျင်ဘက်တွင်ထိုင်နေသော ကြယ်တာရာမဟာမိတ်အဖွဲ့၏ အမှုထမ်းနားသို့ ကပ်သွားလိုက်သည်။ “ထပ်ပြောရမယ်ဆိုရင် အဲဒီလူနဲ့တွေ့ပြီး စကားပြောခွင့်ရှိတယ်လို့ပြောတယ်လေ အဲဒါကိုလည်း ထည့်ပြောရမယ်..”
ခေါင်းဆောင်ဖြစ်သူက ခေါင်းညိတ်လိုက်သည်။
“မင်းတို့ တစ်ယောက်ယောက်နဲ့တွေ့ပြီးပြောချင်တယ်ဆိုရင် ငါတို့က ကြိုးစားစီစဉ်ပေးနိုင်ပါတယ်...”
ကော်လင်နှင့် ရေးစ်က အချင်းချင်းလှမ်းကြည့်လိုက်ကြပြီးနောက်မှ ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။ “မင်းတို့ခုနကပြောခဲ့တဲ့လူ ဇက်ဘုရင်..”
“ငါတို့က သိချင်လို့လုပ်တာပါ မင်းတို့ဘာသာပေးခဲ့တဲ့ကတိပဲ ပြီးတော့ ဒီအစည်းအဝေးက ဘာအဓိပ္ပာယ်မှမရှိဘူး...” ရေးစ်က ထပ်ပြောလိုက်သည်။
မင်းဟာမင်းယုံကြည်နေလိုက်။
ခေါင်းဆောင်ဖြစ်သူက တစ်ဖက်လူကိုစိတ်ဓာတ်မကျစေချင်၍ သူ့ရဲ့ပုံမှန်မျက်နှာထားကိုသာ ထိန်းသိမ်းထားခဲ့သည်။
“ဒီကိစ္စက နည်းနည်းခက်ခဲနိုင်တယ် ငါဘုရင်ကို ဒီအကြောင်းသွားပြောလိုက်မယ် ဒါပေမယ့် တွေ့လို့ရမရကတော့ သူ့ဆန္ဒအပေါ်မူတည်တာပေါ့.."
"တွေ့လို့မရလည်း အရေးမကြီးပါဘူး..” ထိုသို့ပြောပြီးနောက် ရေးစ်က သူ့မျက်လုံးများကိုမှိတ်လိုက်ကာ ထိုင်ခုံပေါ်သို့ မှီထိုင်လိုက်ပြီး တဖက်လူအား ဂရုမစိုက်ကြောင်း ရည်ရွယ်ပြသလိုက်ကာ သူတို့သွားနိုင်ကြောင်း တိတ်တဆိတ်ညွှန်းဆိုလိုက်သည်။
ကြယ်တာရာမဟာမိတ်အဖွဲ့မှလူများထွက်သွားသည့်ခြေသံကြားသည်နှင့် ရေးစ်က ပိတ်ထားသည့်မျက်လုံးတစ်ဖက်အားဖွင့်ကာ ထွက်သွားသည့်လူများ၏ နောက်ကျောကိုကြည့်လိုက်သည်။ အရိပ်က လုံးဝ ပျောက်ကွယ်သွားသည်နှင့် ရေးစ်၏မျက်နှာထားကလည်း ပျက်ပြားသွားခဲ့သည်။
တဖက်လူက သူတို့ကိုမတွေ့ချင်ရင် ဘယ်လိုလုပ်မလဲ။ ထိုဖြစ်နိုင်ချေကိုတွေးမိသောအခါ ရေးစ်က စိတ်ဒုက္ခရောက်သွားရသည်။ ကော်လင်က ထိုဖြစ်နိုင်ချေအား မတွေးမိပေ။ သူ့လက်ထဲက အရုပ်လေးအားကြည့်ကာ ရေးစ်ထက်ပို၍ တည်ငြိမ်နေသည်။
ခေါင်းဆောင်က အကျဉ်းထောင်ထဲမှထွက်ပြီး ကုဟွိုက်၏ရုံးခန်းသို့ အလျင်စလိုသွားကာ ကိစ္စရပ်အား ရှင်းပြသည်။
“ဒီလိုဖြစ်လာခဲ့ပါတယ် အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဒီတွေ့ဆုံပွဲကို အရှင်သဘောတူမယ်လို့ထင်ပါတယ် အရှင်သာ သွားတွေ့ပေးမယ်ဆိုရင် သူတို့က ပိုပြီးအခြေအမြစ်ရှိတဲ့သတင်းတွေကို ပြောပြပေးမယ်လို့ထင်ပါတယ်..”
“အင်း” ကုဟွိုက်က ခေါင်းမညိတ်ခင် သေချာဂရုတစိုက်စဉ်းစားခဲ့သည်။
တွေ့ဆုံပွဲက မနက်ဖြန်မနက် အစီစဉ်ရေးဆွဲထားခြင်းဖြစ်သည်။ ကုဟွိုက်သည် ဇက်မျိုးရိုးဗီဇများပါဝင်သော မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရန် မည်သို့သောစိတ်နေသဘောထားကိုပြသရမလဲဟု ဆုံးဖြတ်ရန်လိုသည်ဟု ခံစားမိသည်။
“ဘာလို့ အဲဒီမိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်နဲ့ပက်သက်ပြီး ချီတုံချတုံဖြစ်နေရတာလဲ..” အိုင်းယီက အနက်ရောင်ဆံပင်နှင့်လူငယ်အားကြည့်လိုက်ကာ သူတွေးနေပုံကိုတွေ့၍ မေးလိုက်သည်။
ကုဟွိုက်က သူ့အတွေးများကိုဆွဲထုတ်ပြီး အမှန်တရားကိုပြောလိုက်၏။
“ဘာလို့လဲဆိုတော့ သူတို့က မင်းလိုမျိုး တူညီတဲ့ခံစားချက်ကိုပေးလို့..”
ကုဟွိုက်က သူ့ဇက်ကို မနာကျင်စေချင်ပေ။ ကုဟွိုက်မှာ ဇက်မျိုးရိုးဗီဇနှင့်ပေါင်းစပ်ထားသည့် မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်နှင့်ရင်ဆိုင်ရပြီး ၎င်းတို့၏ခံစားချက်များကို အာရုံခံမိစဉ်က သာမန်လူများသကဲ့သို့ ဆက်ဆံနိုင်မည့်နည်းလမ်း လုံးဝ မရှိချေ။ ဘုရင်က ၎င်းတို့နှင့်ပက်သက်ပြီး အရေးကြီးသည့်သံယောဇဉ်တွယ်တာမှုများအား ပြသလိုက်ခြင်းကြောင့် ဇက်များက ရုတ်တရက် အလွန်ပျော်သွားကြသည်။
“မနက်ဖြန် မင်းတို့ ငါနဲ့လိုက်စရာမလိုဘူး သူတို့ကို ငါတစ်ယောက်တည်းတွေ့မယ်” ကုဟွိုက်က ထပ်ပြောလိုက်သည်။
မနက်ဖြန် ဘုရင်နှင့်အတူ သူတို့လိုက်လို့မရကြောင်းကြားပြီးနောက် ပျော်နေကြသောဇက်များမှာ စိတ်ပျက်သွားကြပြန်သည်။ နောက်တစ်နေ့ရောက်သောအခါ သူတို့မျက်စိရှေ့မှ ကုဟွိုက်ပျောက်ကွယ်သွားသည်အထိ ငေးကြည့်ခဲ့ကြသည်။ သို့သော်လည်း ဇက်များအားလုံး မလိုက်နာချေ။ မလိုက်နာသည့်တစ်ယောက်က ၎င်း၏မျက်လွှာကိုအောက်ချပြီး ခံစားချက်ကင်းမဲ့သည့်ပုံစံဖြင့် ကုဟွိုက်အနောက်သို့လိုက်လာသည့် အလ်ဗ်ဖြစ်နေသည်။ ထိုကြောင်ကြီး၏ အရည်အချင်းက အလွန်တော်ပြီး တခြားသူများက ထိုသို့မလုပ်ဆောင်နိုင်သည့်အတွက် ကုဟွိုက်က နှုတ်ဟပြီး ငြင်းဆန်မနေတော့ချေ။
ထိုနေရာက အကျဉ်းထောင်ဆိုသော်လည်း ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲများက အခြေနေကောင်းသည့် အရေးကြီးသောအကျဉ်းသားများကိုသာ ထားသည့်နေရာ အဖြူရောင်အကျဉ်းထောင်ဖြစ်ပေသည်။ ထိုနေရာက ရိုးရှင်းသည့်အခန်းငယ်နှင့် နီးစပ်သည်။ နံရံများအား စနစ်တကျဆောက်လုပ်ထားပြီး သော့ခတ်ထားသည့်နေရာများသို့ အခြေအနေပေါ်မူတည်ပြီးဆွဲငင်အားရှိသည့် အကွင်းကိုဝတ်ဆင်ရန်လိုအပ်သည်။
အကျဉ်းထောင်၏ဝင်ပေါက်သို့ ဝင်ပြီးနောက် ကုဟွိုက်သည် မိုးမှောင်မျှော်စင်စစ်သားများထားရှိသည့်နေရာသို့ ဝန်ထမ်းတစ်ယောက်၏ခေါ်ဆောင်မှုဖြင့် ရောက်သွားရသည်။
သူတို့အထဲဝင်သွားသည်နှင့် အလ်ဗ်က ကုဟွိုက်ဘေးကနေ ကုဟွိုက်၏အရှေ့သို့ ဖြည်းဖြည်းချင်းရွေ့လာသည်။ လူငယ်လေး၏ရှေ့တွင် အရပ်ရှည်ပြီး ရုပ်ချောသည့်လူတစ်ယောက်ရပ်နေကာ ကာကွယ်သည့်ကိုယ်နေဟန်ထားဖြင့် ကုဟွိုက်၏ခန္ဓာကိုယ်တစ်ဝက်လောက်ကို ကာရံထားသည်။ ထို့နောက် သူက ခပ်လှမ်းလှမ်းက မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အား မျက်လုံးမှေးကား လှမ်းကြည့်လိုက်သည်။
ကြောင်ကြီးလိုက်ရသည့် အဓိကအကြောင်းပြချက်က ထိုသို့ဖြစ်နေမှန်း ကုဟွိုက်နားလည်သွားရသည်။
“သူတို့မှာ ဆွဲငင်အားကွင်းတွေရှိပြီးသားပါ ငါ့ကိုထိခိုက်အောင် မလုပ်နိုင်ပါဘူး...” ကုဟွိုက်က ရှင်းလင်းစွာပြောကြားလိုက်သည်။ အမှန်တွင်တော့ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်က သူ့ကိုထိခိုက်လိုစိတ်မရှိကြောင်း ခံစားမိပြီးဖြစ်သည်။ ၎င်းတို့၏ ခံစားချက်များကို အခြေခံ၍ လက်ရှိတွင် သိမြင်နားလည်သွားရကာ အတည်ပြုလိုက်နိုင်သည်။
သို့သော်လည်း အလ်ဗ်က မျက်လွှာချထားပြီး လမ်းမဖယ်ပေးချေ။ ထို့ကြောင့် ကုဟွိုက်က အလ်ဗ်၏ကာကွယ်မှုစက်ဝန်းထဲမှ ရိုးရှင်းစွာပဲ လိုက်လာခဲ့ရသည်။ ထိုကာကွယ်မှုစက်ဝန်းထဲတွင်နေပြီး အပြင်လူများကိုစကားပြောရန်မှာ မဖြစ်နိုင်ပေ။
ကုဟွိုက်၏ တည်ငြိမ်ခြင်းနှင့်ယှဉ်ကြည့်မည်ဆိုလျှင် ကော်လင်နှင့် ရေးစ်သည် တစ်ဖက်လူဝင်လာသည်နှင့် တောင့်တင်းသွားရသည်။ ကုဟွိုက်က ပိုနီးကပ်လာသည်နှင့် ၎င်းတို့က ပိုပြီးတင်းမာသွားရသည်။ ယင်းက မဖော်ပြနိုင်သည့်ခံစားချက်ပင်ဖြစ်၏။ သူတို့နားမလည်နိုင်သည့် အလိုအလျောက်ဖြစ်ပေါ်လာသောဆွဲငင်အားများကြောင့်မဟုတ်ပဲ ကုဟွိုက်က သူတို့ကိုကြည့်နေသောကြောင့်ဖြစ်သည်။
လူငယ်လေးရဲ့ပုံစံက အရမ်းညင်သာတာပဲ… နည်းနည်းလေးတောင် နူးညံ့နေသလိုပဲ… ကုဟွိုက်က ၎င်းတို့အား အစမ်းသပ်ခံ သို့မဟုတ် မကောင်းဆိုးဝါးများလို ကြည့်နေခြင်းမဟုတ်။
ကော်လင်နှင့်ရေးစ်သည် ထိုကဲ့သို့ သာမာန်ဆက်ဆံခံရပုံကို မှတ်မိနိုင်စွမ်းတောင်မရှိပေ။ မျိုးရိုးဗီဇပြုပြင်မွမ်းမံခြင်းကို ခံရသည်နှင့် မိုးမှောင်မျှော်စင်စစ်သားများသည် အပြင်လူများ၏အမြင်တွင် ထူးဆန်းသည့်သူများအဖြစ်သို့ အကြည့်ခံခဲ့ရသည်။
တကယ်တမ်း အပြင်လူများတင်မဟုတ်ပေ။ တစ်ခါတစ်လေတွင် သူတို့ကိုယ်သူတို့ မှန်ထဲတွင်ပြန်ကြည့်မိပြီး မအီမသာဖြစ်မှုများကို ခံစားခဲ့ရသည်။
“မင်း… ငါတို့ကို ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား” ထိုမျက်ဝန်းများနှင့် ၎င်းတို့အား မည်သို့များကြည့်နိုင်ပါသနည်း။ ရေးစ်က မနေနိုင်ပဲ ဂရုတစိုက်မေးလိုက်မိသည်။
၎င်းတို့သည် ထူးဆန်းပြီး မကောင်းဆိုးဝါးများသကဲ့သို့ခံစားရသော်လည်း ၎င်းတို့အရှေ့က လူငယ်လေးက အခုမှပထမဆုံးတွေ့ဖူးသည်ကိုပင် သာမန်မျက်ဝန်းများနှင့်သာ ကြည့်နေခဲ့သည်။
“ထူးဆန်းတယ်တဲ့လား အဲဒါ ဘာအဓိပ္ပာယ်လဲ..” ကုဟွိုက်က သိပ်နားမလည်၍မေးလိုက်သည်။
ရေးစ်က တံတွေးမျိုချလိုက်၏။ “ဒီတိုင်း… ငါတို့ရဲ့ ပုံစံကိုပြောတာ”
ပုံစံ။ ထိုစကားကိုကြားသည်နှင့် ကုဟွိုက်သည် သူ့အရှေ့က မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။ ကုဟွိုက်က ကြယ်တာရာခေတ်တစ်လျှောက်မှ မျိုးနွယ်စုများ၏ လက္ခဏာရပ်များကို လေ့လာပြီးဖြစ်သည်။ ကုဟွိုက် သူ့အရှေ့မှ မျိုးနွယ်ဗီဇများရောစပ်နေသောမိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အားကြည့်လိုက်သည်။ လူတစ်ယောက်ထဲတွင် များပြားလှသော မျိုးနွယ်စုလက္ခဏာရပ်များပေါင်းစပ်ထားခြင်းက သေချာပေါက် ထူးဆန်းနေနိုင်သော်လည်း ကုဟွိုက်က ဇက်များကဲ့သို့ ပယင်းရောင်မျက်လုံးအစုံရှိသောနှစ်ယောက်အားကြည့်ကာ ပြန်ပြောလိုက်သည်။
“မထူးဆန်းပါဘူး အရမ်းချစ်ဖို့ကောင်းတယ်လို့ထင်တယ်...”
ထိုကဲ့သို့တူညီမှုမျိုးကို ခံစားရသည့် ကုဟွိုက်သည် လိမ်ညာနေခြင်းမဟုတ်ပေ။ လူပုံစံမပေါ်ပေါက်နိုင်သေးသည့် အဆင့်နိမ့်တက်ခ်များနှင့်တူသည်။ တခြားမျိုးနွယ်စုများ၏အမြင်တွင် ကြည့်ရဆိုးနေသော်လည်း ကုဟွိုက်၏မျက်လုံးထဲတွင်တော့ ထိုတက်ခ်ဇက်များက ချစ်ဖို့ကောင်းသည်။
ကုဟွိုက်၏ပြုမူပုံက မီးပွားများကဲ့သို့ လင်းလက်သွားစေသည်။ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်သည် ယုံကြည်ရန်တစုံတရာရှာတွေ့သွားပြီး ၎င်းတို့၏ ဒေါင်လိုက်မျက်ဆံများက တောက်ပသွားရသည်။ ထိုစကားများက ဘာမှမဟုတ်သော်လည်း အတားအဆီးများမပါသည့် လက်ခံပေးမှုက ၎င်းတို့အတွက် အလွန်အဖိုးတန်သည်။
တစ်ဖက်တွင်တော့ ကုဟွိုက်က တခြားသူအား ‘ချစ်ဖို့ကောင်းတယ်’ ဟု ပြောခြင်းကိုကြားလိုက်ရသောအခါ အလ်ဗ်ရဲ့ငွေမှင်ရောင်အမြီးက သူ့အနောက်တွင် တုန်ခါသွားရပြီး မျက်နှာက ခံစားချက်မဲ့သွားသည်။ ထိုအမြီးက မြေပြင်ကို ရိုက်နှက်ကာ ကြီးမားသည့်အပေါက်ကြီးပြုလုပ်ရန် တာဆူနေပေပြီ။