အခန်း ၄၁
Viewers 10k

Chapter 41

Chapter 41


မြေပြင်ပေါ်သို့ ကြီးမားသည့်အပေါက်ကြီး ဖောက်လိုက်ခြင်းက စနောက်နေခြင်းမဟုတ်ပေ။ အခန်းငယ်တစ်ခုလုံး တုန်ခါသွားပြီး အကျဉ်းထောင်ထဲရှိ သတိပေးသံက မြည်လာလေတော့သည်။


ကုဟွိုက်က ထိုသို့သောမမျှော်မှန်းထားသည့်ဖြစ်ရပ်ကြောင့် ထိတ်လန့်သွားရသော်လည်း တခြားသူများထက် လျင်မြန်ခဲ့သည်။ ထောင်စောင့်များ လျင်မြန်စွာရောက်လာသည့်အချိန်တွင် သူ ဖုံးကွယ်လိုက်ပြီးဖြစ်၏။ သူက ချောင်းဟန့်ပြီး ဝန်ထမ်းဖြစ်သူအား ရှင်းပြလိုက်သည်။


“တောင်းပန်ပါတယ် ကျွန်တော်တို့ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့သတိမမူမိပဲ မြေကြီးကိုနင်းလိုက်မိတာပါ ပြုပြင်ခနဲ့ လျော်ကြေးအတွက် ကျွန်တော်တို့ပေးပါ့မယ်...” ကုဟွိုက် အလ်ဗ်၏ ငွေမှင်ရောင်အမြီးကို ဘေးသို့ကပ်၍ မသိမသာကာကွယ်လိုက်ပြီး ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။


သို့သော်လည်း ကုဟွိုက်မဖုံးကွယ်ခင်မှာပင် ဝန်ထမ်းဖြစ်သူက အမြီးကိုတွေ့သွားခဲ့သည်။ သူတို့က ထင်ရှားစွာချိုင့်ဝင်သွားသည့်မြေပြင်အားကြည့်ကာ စက္ကန့်ပိုင်းမျှ ဆွံ့အသွားရသည်။


ထိုမြေပြင်မှာ အထူးအဆောက်အအုံပစ္စည်းများဖြင့်ဆောက်လုပ်ထားသည့်မြေပြင်ဖြစ်ပြီး သာမန်တူးဖောက်သည့်စက်များပင် မထိတွေ့နိုင်ချေ။ သူတို့က ဘယ်လိုများ သတိမထားမိဘဲဒီလိုချိုင့်တွင်းဖြစ်အောင်လုပ်လိုက်ရသလဲ။ သတိမထားမိတာမဟုတ်ရင်ဘာလို့များမြေပြင်ကို ပေါက်ခွဲရသလဲ။


ကုဟွိုက်သည် ဝန်ထမ်းများ၏တိတ်ဆိတ်နေမှုအခြေအနေမှ အတွေးများကို ဖတ်နေမိ၏။ သူ့ဘေးက အလ်ဗ်ကို ဖျက်ခနဲလှမ်းကြည့်ရင်း သာမန်အပြုံးကိုထိန်းသိမ်းကာ သူတို့ထွက်သွားသည်အထိ စောင့်နေမိသည်။ ကြောင်ကြီးက မပျော်နေမှန်း သံသယဝင်စရာမရှိသော်လည်း ဘာကြောင့်ပါနည်း။


ကုဟွိုက်က ထိုသို့တွေးမိပြီး ဝိုးတဝါးဖြစ်သောအကြံညဏ်က သူ့နှလုံးသားထဲတွင် တုန်ခါသွားရသည်။ ဒါက…


ကုဟွိုက်က မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်ကို ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်လို့များလား။ အလ်ဗ်၏မပျော်ရွှင်သည့်အမူအရာသည် ဤတစ်ခေါက်တွင် အလွန်အမင်းပြင်းထန်နေမှန်းသိသာသည်။ ကုဟွိုက်က အေးစက်သည့် ဘေးတိုက်မျက်နှာအနေအထားနှင့် ငွေမှင်ရောင်အမြီးကိုကြည့်လိုက်ကာ အနည်းငယ်အပြစ်ရှိသလိုခံစားသွားရသည်။


သူဘာကိုအပြစ်ရှိသလိုခံစားနေရမှန်း သေချာမသိချေ။ ကုဟွိုက်က ထိုကြောင်ကြီးအား ‘ချစ်ဖို့ကောင်းတယ်’ ဟု တစ်ကြိမ်ထက်မက ခေါ်ခဲ့ခြင်းကိုတွေးမိပြီး ယခု တခြားသူများကို ထိုကြောင်ကြီးရှေ့တွင် ချစ်ဖို့ကောင်းကြောင်းပြောခဲ့မိသည်။ ဒါက သူ့အတွက် တော်တော်လေးကို…


အမ်… သူက…


လူလိမ်များဖြစ်သွားပြီလား…


ထိုစကားလုံးက ကုဟွိုက်၏ခေါင်းထဲ၌ ရုတ်တရက်ပေါ်လာရပြီး ကြက်သေသေသွားရသည်။ ထိုစကားလုံးက မမှန်ကန်ကြောင်း သူခံစားမိလိုက်သော်လည်း ကုဟွိုက်က သင့်လျော်သည့် အခြားသောနည်းလမ်းကို မတွေးမိခင် အလ်ဗ်၏အမြီးက သူ့ကိုရစ်ပတ်လာလေသည်။


လူငယ်လေး၏ခန္ဓာကိုယ်တစ်ဝိုက်ကို သူ့အမြီးဖြင့်ရစ်ပတ်ထားသော အလ်ဗ်ကို ကုဟွိုက် မှီလိုက်သည်။ ထိုအချိန်တွင် အလ်ဗ်သည် လက်အိတ်ဝတ်ထားသော ဘယ်ဘက်လက်ကိုမြှောက်ကာ ကုဟွိုက်၏ခါးပေါ်တွင် တင်လိုက်ပြီး ညာလက်တစ်ဖက်တည်းကိုသာ အလွတ်ထားလိုက်သည်။


အလ်ဗ်က သူ့လက်ကို အလွတ်ထားထားရသည်မှာ တိုက်ပွဲဖြစ်လာလျှင် အချိန်မရွေးတိုက်ခိုက်သည့်အခါ အသင့်ဖြစ်နေရန်အတွက်ဖြစ်သည်။ နောက်တစ်ချက်လည်း ရှိသေးသည်။ သူ ကာကွယ်ပေးရန်လိုအပ်သည်။ မည်သည့်ရှုထောင့်ကပဲကြည့်ပါစေ၊ ထိုသို့ဖက်ထားသည့်ပုံစံသည် ပိုင်ဆိုင်မှုကိုပြသနေသောပုံစံဖြစ်သည်။ အလ်ဗ်၏မျက်ဝန်းက မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်ကို ဖျက်ခနဲလှမ်းကြည့်လိုက်ရင်း ပို၍ဂရုမစိုက်သည့်ပုံပေါ်သည်။


ကုဟွိုက်ကို သူ့လက်မောင်းထဲသို့ဖက်တွယ်ပြီး အလ်ဗ်က မျက်မှောင်များကျဉ်းချုံ့လိုက်ကာ သူ့မျက်ဝန်းများက ကုဟွိုက်အပေါ်မှာသာရှိနေသည်။ ကုဟွိုက်က ဘာစကားမှမပြောချေ။ ကုဟွိုက် တဖက်လူ၏ ဒေါင်လိုက်မျက်ဆံများဖြင့် အကြည့်ခံနေရပြီး သူ့နှလုံးသားထဲက အပြစ်ရှိစိတ်က အနည်းငယ်ကြီးထွားလာရသည်။


“စိတ်ဆိုးနေတာလား…” ထိုလူနှစ်ယောက်ရှေ့တွင် ယခုကိုယ်နေဟန်ထားပုံစံကို ထိန်းသိမ်းဖို့က အဆင်မပြေသည့်အတွက် ကုဟွိုက်က ထိုမေးခွန်းအား မေးလိုက်သည်။


အလ်ဗ်က တိတ်ဆိတ်နေပြီး ဝန်မခံသော်လည်း တစ်ဖက်လူက သူ့ကိုပြန်မဖြေခြင်းနှင့်တင် ထင်ရှားနေသည်။ ကုဟွိုက်က သူ့ကိုရစ်ပတ်ထားသည့်အမြီးက ပို၍တင်းကျပ်သွားကြောင်းခံစားမိလိုက်သည်။ ထိုအခြေအနေက—


အပြစ်ရှိနေစိတ်ကြောင့် ကုဟွိုက်က လက်ရှိပုံစံကို ရုန်းကန်ခြင်းမရှိပေ။ သူက အေးစက်စက်အမြီးကိုပွတ်သပ်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “စိတ်မဆိုးပါနဲ့..”


သို့သော်လည်း ငွေရောင်ကြောင်ကြီးက ဤတခေါက်တွင်တော့ အချော့မခံပေ။ ကုဟွိုက်က တခြားတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အရှေ့က မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်ကိုကြည့်ကာ စကားလုံးများက ထွက်ပေါ်မလာချေ။


“ခဏလေးနော်..” ကုဟွိုက်က မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အား တောင်းတောင်းပန်ပန်ဖြင့် ခေါင်းညိတ်ပြောလိုက်သည်။ သူ့ကိုပတ်ထားသည့် ငွေမှင်ရောင်အမြီးကိုဖယ်ရန် မလွယ်ကူ၍ အလ်ဗ်ကို ထောင့်တစ်နေရာဆီသို့ ခေါ်ဆောင်သွားလိုက်သည်။


သူတို့နှစ်ယောက် ထောင့်တစ်နေရာသို့ပြေးသွားကြပြီး တီးတိုးပြောနေကြသည်။ ကုဟွိုက်က မျက်တောင်ခတ်လိုက်ကာ တည်ကြည်စွာဖြင့်မေးလိုက်သည်။ 


“မင်းဒီလိုဖြစ်နေတာက ငါက တခြားသူတွေကို ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်လို့မလား...”


အလ်ဗ်က နှုတ်ခမ်းကိုစုဝိုင်းထားပြီး ဝန်မခံပေ။ တဖက်လူဆီမှတုံ့ပြန်မှုများမှာ ကုဟွိုက်၏အတွေးကို အတည်ပြုပြီးဖြစ်ခဲ့သည်။ သူထင်နေသကဲ့သို့ ထပ်တူညီဖြစ်၏။ တခြားလူကို တူညီသောစကားလုံးဖြင့် ချီးမွမ်းလိုက်ခြင်းအား မကြိုက်သည့်ပုံစံက အမှန်တကယ် ကြောင်ကြီးနှင့်တူသည်။ အကြောင်းပြချက်ကိုသိရှိသည်နှင့် ကိုင်တွယ်ဖြေရှင်းရန် ပို၍လွယ်ကူသွားခဲ့သည်။


“ဟင်း… ငါတခြားသူတွေကို ချစ်ဖို့ကောင်းတယ်လို့မပြောတော့ဘူး မင်းကိုပဲပြောမယ်လေနော်.." ရွှေရောင်ဒေါင်လိုက်မျက်ဆံများကို ရှောင်ကျဉ်ခြင်းမရှိပဲ အလ်ဗ်၏မျက်ဝန်းတည့်တည့်သို့ကြည့်ကာ ကုဟွိုက်က စပြောလိုက်သည်။


သူ့စကားလုံးများ အဆုံးသတ်သွားသည်နှင့် တဖက်လူ၏မျက်ဝန်းများက အနည်းငယ်တုန်ခါသွားသည်ကို ကုဟွိုက်တွေ့လိုက်ရသည်။ ထိုအချိန်တွင် အလ်ဗ်က ခံစားချက်ကင်းမဲ့နေနိုင်သော်လည်း ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်းကိုလည်း ကုဟွိုက်သိနေသည်။ ထိုသို့ချော့မြူနည်းက မှန်ကန်သည်။ လမ်းကြောင်းအား ဆုံးဖြတ်ပြီးသည်နှင့် ကုဟွိုက်က ဆက်ပြောလိုက်သည်။ 


“မင်းက ချစ်ဖို့အကောင်းဆုံးပဲ...”


ထိုစကားကို တခြားသူများရှေ့တွင်ပြောလို့မဖြစ်ပေ။ ထိုစကားများကိုပြောပြီးနောက် ကုဟွိုက်မှာ သူ့ပါးပြင်တစ်လျှောက် အနည်းငယ်ပူပြင်းလာသည်ကိုခံစားမိလိုက်သည်။ ချီးမွမ်းစကားပြောသည့်သူက ကုဟွိုက်ဖြစ်နေသော်လည်း ချီးမွမ်းခံရသည့်သူအစား သူကဘာကြောင့်ရှက်နေရပါသနည်း။ ထိုစကားကိုပြောမိခြင်းက အနည်းငယ်ရှက်စရာကောင်းနေ၍ဖြစ်မည်။


ကုဟွိုက်က အကြောင်းပြချက်ကိုသိရှိသွားပြီး သူ့ပါးပြင်ပေါ်မှ အပူချိန်က အနည်းငယ်ကျဆင်းသွားသည်။


‘ချစ်ဖို့ကောင်းတယ်’ ဆိုသည့်စကားမှာ ချစ်ခြင်းမေတ္တာကိုညွှန်းဆိုသည်။ ထိုစကား၏အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သည့်အတွက် ကုဟွိုက်ပြောလိုက်သော ‘မင်းက ချစ်ဖို့အကောင်းဆုံးပဲ’ ဆိုသည့်စကားသည် အလ်ဗ်အတွက် အလွန်အားကောင်းသည့်ချော့မြူနည်းဖြစ်ခဲ့သည်။


ထိုမှတ်ချက်ချမှုအား တုံ့ပြန်ရကောင်းမှန်းသိသော်လည်း ပါးစပ်ကနေ ဘယ်လိုထုတ်ပြောရမည်မသိသည့်အတွက် အလ်ဗ်က အနမ်းဖြင့်သာတုံ့ပြန်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ခေါင်းငုံ့ပြီး လူငယ်လေး၏ပါးပြင်အား ညင်သာစွာ နမ်းရှိုက်လိုက်လေသည်။


ကုဟွိုက်က သူ့ပါးပြင်ပေါ်တွင် ညင်သာသောအထိတွေ့အားခံစားမိလိုက်ပြီး ထိတ်လန့်သွားရသည်။ ထိုသို့လုပ်လို့မရကြောင်း အလ်ဗ်ကိုပြောထားပြီးဖြစ်သော်လည်း ယခုအချိန်တွင်တော့ ကုဟွိုက်သည် ပျော်ရွှင်နေသည့်အမြီးအားတွေ့ပြီးနောက် ဘာမှမပြောနိုင်တော့ပေ။


ကုဟွိုက် နောက်ပြန်ဆုတ်ချင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်သည် ကြောင်ကြီးအား ချော့မြူရမည့်အချိန်ဆိုတာကိုသိသည့်အတွက် မလုပ်ခဲ့ပေ။ ရလဒ်အနေဖြင့် အလ်ဗ်က တစ်ကြိမ်တည်းနမ်းခြင်းမဟုတ်။ ကုဟွိုက် ဘာမှမပြောခင် ပါးပြင်ပေါ်အား ညင်ညင်သာသာဖြင့် အကြိမ်ပေါင်းများစွာနမ်းပြီး နောက်ဆုံးတစ်ခေါက်ကတော့ နားရွက်ဖျားပေါ်တွင်ဖြစ်သည်။


ကုဟွိုက်၏မျက်နှာနှင့် နားရွက်များနီရဲသွားသည်အထိ ရုတ်တရက်ဆန်လွန်းသည်။ ထိုအခြေအနေက လုံးဝ မျှော်မှန်းထားခြင်းမဟုတ်သည့်အတွက် ကုဟွိုက် အချိန်အတန်ကြာ စကားမပြောနိုင်ပဲရှိနေခဲ့သည်။ ထို့နောက်က သူ့ကိုစောင့်နေသော စစ်သားနှစ်ယောက်အားတွေးမိပြီး အသက်ဝဝရှုလိုက်ကာ သူ့မျက်နှာပေါ်က အပူချိန်များအား လျော့ကျအောင်လုပ်လိုက်သည်။


ထိုကိစ္စကို အချိန်ခဏကြာသည်အထိ မေ့ဖျောက်ထားရန်လိုအပ်သည်။ အမှန်တွင်တော့ ကုဟွိုက် မည်သို့ဖြေရှင်းရမှန်းမသိ၍ဖြစ်သည်။ သူ အလ်ဗ်ကို ဘာမှမပြောတော့ဘဲ ဘာမှမဖြစ်ခဲ့သလို ပြန်လှည့်သွားရန်လိုအပ်သည်။


ကုဟွိုက်က ပုံမှန်အတိုင်းပြုမူရန်ကြိုးစားနေသော်လည်း သူတို့မသွားခင်နှင့် ပြန်လာပြီးနောက်ပိုင်း ပြောင်းလဲသွားသောအမူအရာများက သိသာသည်။ အထူးသဖြင့် ကုဟွိုက်၏နားရွက်ဖျားက နီမြန်းနေမှုက လုံးလုံးပျောက်ကွယ်သွားခြင်းမရှိပေ။ နဂိုမူလပုံစံအတိုင်းပြန်နေကြပြီး အလ်ဗ်က ကုဟွိုက်ကို တစ်ဝက်လောက်ထိ ကာရံ၍ ကာကွယ်ထားသည်။ အလ်ဗ်၏မျက်နှာအမူအရာက အေးစက်နေသော်လည်း သူ၏တကယ့်စိတ်ခံစားချက်အား အနည်းငယ်မြင့်တက်နေသောနှုတ်ခမ်းနှင့် အမြီးကိုကြည့်၍ တွေ့နိုင်သည်။


“အကြာကြီးစောင့်လိုက်ရတယ်မလား အလုပ်ကိစ္စကိုပြန်ပြောရအောင်..” ကုဟွိုက်၏အသံက ချောမွေ့ညက်ညောသည်။ သူက သူ့အရှေ့က မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်အား ညင်သာသည့်အသံဖြင့်ပြောလိုက်သည်။


 “မင်းတို့ကို ထူးဆန်းတယ်လို့မထင်ပါဘူး မင်းတို့မှာ ဇက်မျိုးနွယ်တွေရဲ့ ဗီဇပါဝင်နေတာဆိုတော့ မင်းတို့ကို တကယ်လိုလိုလားလား လက်ခံနိုင်ပါတယ်..”


ထို့နောက် ကုဟွိုက်က ရိုးသားစွာပြောလိုက်သည်။ “ငါမင်းတို့ရဲ့ စိတ်ခံစားချက်တွေကို အာရုံခံနိုင်တယ် အဲဒါကြောင့် မင်းတို့က ငါ့ကို မလိုမုန်းထားစိတ်မရှိဘူးဆိုတာကိုလည်းသိတယ် အင်း… ဘာလို့လဲဆိုတော့ မင်းတို့မှာ ဇက်မျိုးရိုးဗီဇတွေပါဝင်နေလို့လည်းပါတယ် မင်းတို့ရဲ့ ခံစားချက်တွေကို မစောင့်ကြည့်စေချင်ဘူးဆိုရင် ငါဒီစွမ်းရည်ကို ခဏပိတ်ထားပေးလို့ ရပါတယ်...”


ဇက်များအတွက် ကိစ္စမရှိလေရာ ကုဟွိုက်က ထိုစွမ်းရည်ကို မသိစိတ်၏စေ့ဆော်မှုအရ ဖွင့်ထားမိသည်။ သို့သော်လည်း ထိုမိုးမှောင်မျှော်စင်စစ်သားများက ဇက်များမဟုတ်ပေ။


“ရပါတယ်..” ကော်လင်က အရင်ပြန်ဖြေသည်။


ရေးစ်ကတော့ အနည်းငယ်စိတ်မပါသည့်အတွက် အလျင်စလို ပြန်မဖြေပေ။ ထို့နောက် သူက တုံ့ပြန်လိုက်သည်။ “ရပါတယ် ကိစ္စမရှိဘူး သူ့ထက်တောင် ငါက ရသေးတယ်..”


အဖြေက ကုဟွိုက်ကိုပြုံးစေပြီး သူ့မျက်ဝန်းများက ဘယ်ဘက်သို့ အနည်းငယ်ရွေ့သွားသည်။ အိပ်ရာခေါင်းရင်းတွင် ထားထားသည့် အရုပ်အား ကုဟွိုက်တွေ့သည်နှင့် သူ့ခံစားချက်များက အနည်းငယ်ရှုပ်ထွေးသွားရသည်။


“မိုးမှောင်မျှော်စင်နဲ့ပက်သက်ပြီး မင်းတို့သိထားတာတွေအားလုံးကို ငါ့ကိုပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်...”


“အင်း” ဒီတစ်ခေါက်တွင်တော့ ရေးစ်က အရင်ဆုံးခေါင်းညိတ်သည်။ 


ကြယ်တာရာခေတ်အား ပရမ်းပတာနှင့် ဝရုန်းသုန်းကားအခြေအနေများကိုသာဖြစ်စေချင်ကြပြီး ၎င်းတို့၏ဘဝကို အလေးအနက်မထားသည့် မိုးမှောင်မျှော်စင်စစ်သားများကို သူတို့သိထားသည့်အရာများအားလုံးပြောအောင် လုပ်နိုင်သည့်သူက ကုဟွိုက်တစ်ယောက်သာရှိသည်။


ကော်လင်နှင့်ရေးစ်ကတော့ ကြယ်တာရာပေါ်တွင် သူတို့အတွက် နေရာမကျန်တော့ကြောင်း ခံစားမိသောကြောင့် ကြယ်တာရာမဟာမိတ်အဖွဲ့အား ဖျက်စီးချင်ကြသည်။ ၎င်းတို့အား မည်သူမှလက်မခံကြသည့်အတွက် လက်ရှိအခြေအနေအား ဖျက်ဆီးကာ မကောင်းဆိုးဝါးများအဖြစ်ပြောင်းလဲရန်ကလွဲလျှင် ကျန်သည့်ဘယ်အရာကိုမှ ဂရုမစိုက်တော့ချေ။


ယခုအချိန်တွင်တော့ သူတို့သည် ရှင်သန်ရန်အတွက် အဓိပ္ပာယ်ရှိသေးကြောင်း ခံစားမိလိုက်သည်။ သူတို့အရှေ့က လူငယ်လေးက သူတို့ကိုလက်ခံချင်သည့်ဆန္ဒရှိကြောင်းပြသနေသည့်အတွက် တခြားဇက်များကဲ့သို့ ဇက်မျိုးနွယ်စုများ၏ မျိုးရိုးဗီဇများကို လိုက်နာချင်ကြသည်။ သို့သော်လည်း ၎င်းတို့သည် ဇက်မျိုးနွယ်စုများ၏ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ပြီး တကယ့်စစ်မှန်သည့် ဇက်များမဟုတ်သေးချေ။


ကော်လင်နှင့်ရေးစ်က အနည်းငယ်သိမ်ငယ်သလိုခံစားလိုက်ရပြီး ကုဟွိုက်နှင့်ထိုက်တန်ကြောင်းကို သက်သေပြရန် စိုးရိမ်နေကြသည်။ မကြာမီတွင် သူတို့သည် မိုးမှောင်မျှော်စင်နှင့်ပက်သက်ပြီး သူတို့သိထားသမျှကိုအားလုံးကို ထုတ်ပြောလိုက်ကြသည်။ မိုးမှောင်မျှော်စင်အဖွဲ့ခွဲခေါင်းဆောင်များအနေဖြင့် ကော်လင်နှင့်ရေးစ်မှာ အများအပြားသိထားကြ၏။ သို့သော်လည်း အဖွဲ့အစည်းတွင် အချက်အချာကျသည့် ထိပ်တန်းအဖွဲ့ဝင်များသည်သာ ဥက္ကာခဲ၏တည်နေရာကို သိကြသည်။


ကုဟွိုက်က သူတို့စကားများကို ဂရုတစိုက်နားထောင်ပြီး သတင်းအချက်အလက်များကို မျက်မှောင်ကြုတ်လျက် ခွဲဝေစဉ်းစားနေမိသည်။ ကုဟွိုက် မျက်မှောင်ကြုတ်နေသည်ကိုတွေ့ကာ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်မှာ စိုးရိမ်လာမိသည်။ သူတို့ပြောပြသည့် သတင်းအချက်အလက်များအား ကုဟွိုက်က မကျေနပ်ဖြစ်နေသည်ဟု ထင်နေမိသည်။


“ငါတို့ဘာမှမဖုံးကွယ်ထားပါဘူး ငါတို့သိတာအားလုံးကိုပြောပြတာပါ..” ရေးစ်က ဂရုတစိုက်နှင့် လေးလေးနက်နက်ပြောလိုက်သည်။


“သိပါတယ် မင်းတို့ကိုလည်း သံသယမဝင်ပါဘူး.." ကုဟွိုက်က ထိုလူနှစ်ယောက်၏သတိထားနေသည့်ပုံစံကိုတွေ့ပြီး ပိုသေချာအောင် အတည်ပြုလိုက်သည်။ သူက မျက်မှောင်ကြုတ်နေခြင်းအားရပ်တန့်လိုက်ပြီး သူ့မျက်ဝန်းများက အနည်းငယ်ကွေးညွတ်သွားရသည်။


 “မင်းတို့ပေးတဲ့သတင်းတွေက အရမ်းအသုံးဝင်ပါတယ် ကျေးဇူးပါ..”


“ဒါဆို အခုပြန်တော့မှာလား..” တွေ့ဆုံချိန်က ပြီးလုနီးပါးဖြစ်နေပြီ။ ရေးစ်က နောက်တစ်ခေါက်တွေ့လို့ရနိုင်ဦးမလားဟူ၍မေးရန် မဝံ့မရဲဖြစ်နေသည်။


ကုဟွိုက်က ခေါင်းညိတ်လိုက်သည်။ “အင်း..."


“အမ်… ဒါဆို အပြင်မှာ လုံခြုံမှုကို သေချာဂရုစိုက်သွားပါနော်…” သူပြောပြီးသည်နှင့် ရေးစ်က သူ့ခေါင်းကိုကုတ်လိုက်ကာ ရူးမိုက်သည်ဟု ခံစားလိုက်ရသည်။


အပြင်မှာ ထိုလူအားကာကွယ်ရန်အသင့်ရှိနေသည့် ဇက်များ မြောက်များစွာရှိသည်။ သူက ဘယ်လိုများ အန္တရာယ်ကျနိုင်မှာလဲ။ သူတို့ ထိုအကျဉ်းထောင်ထဲမှ ထွက်သွားနိုင်မည်မဟုတ်သော်လည်း အကျဉ်းထောင်ထဲတွင်ရှိနေခြင်းဖြင့် ထိုလူငယ်လေးအတွက် အသုံးဝင်စေမည့်အရာတစ်ခုကိုလုပ်ပေးခဲ့နိုင်သည်။


ကုဟွိုက် ပြန်တော့မည့်အကြောင်းပြောခဲ့သည်။ ယခုအခါတွင် မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်သည် သူထွက်သွားသည်ကို စိတ်အားထက်သန်စွာကြည့်နေကြ၏။ သူ့နောက်ကျောကိုမမြင်နိုင်တော့သည်အထိ သူတို့၏အကြည့်များကို မရွေ့ပေ။ ကုဟွိုက်က အကျဉ်းထောင်ထဲမှထွက်သွားပြီး ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်ထံသို့ ဦးတည်သွားလိုက်သည်။ ပထမဆုံးထွက်ပေါ်လာသည့်စကားက‌တော့ “အဲဒီ မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်ကို လွှတ်ပေးလိုက်တော့” ဆိုသည့်စကားပင်။


အမှန်ပြောရလျှင် ထိုစကားက မသင့်လျော်မှန်း ကုဟွိုက်သိသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့၏ အကျဉ်းထောင်ကိစ္စစီစဉ်မှုများနှင့်ပက်သက်ပြီး ဝင်ရောက်မစွက်ဖက်သင့်မှန်း ကုဟွိုက်သိသည်။ သို့သော်လည်း ထိုအခြေအနေအား လျစ်လျူရှုထားရန် မသင့်လျော်ပေ။ ထိုတွေ့ဆုံပွဲပြီးနောက်တွင် ကုဟွိုက် သူ့အရှေ့မှ ထိုစစ်သားများအား ဇက်မျိုးရိုးဗီဇနှင့်ပေါင်းစပ်မည်ဆိုလျှင်ပင် လျစ်လျူရှုထားနိုင်မည်မဟုတ်ကြောင်း သိသွားခဲ့သည်။


“ဒါက…” ခေါင်းဆောင်က တုံ့ဆိုင်းနေသည်။ တဖက်တွင်လည်း ထိုတောင်းဆိုမှုအားပြုလုပ်သူဟာ ဇက်ဘုရင်ဖြစ်နေခဲ့သည်။ တဖက်တွင်စဉ်းစားမည်ဆိုလျှင်လည်း အရေးကြီးသည့်အကျဉ်းသားနှစ်ယောက်အား သူဘယ်လိုများလွှတ်ပေး၍ရပါမည်နည်း။


ကုဟွိုက်က ထိုစကားကိုပြောသည့်အချိန်တွင်‌ အေးဆေးတည်ငြိမ်နေခဲ့သည်။ 


“ကျွန်တော့်မှာ ခင်ဗျားကိုပြောပြစရာ လက်ဆုပ်လက်ကိုင်သတင်းတစ်ခုရှိတယ် သူတို့ကို ဒီလိုဖမ်းထားလည်း ဘာအဓိပ္ပာယ်မှမရှိဘူး သူတို့ကိုလွှတ်ပေးဖို့အတွက် ကျွန်တော်တာဝန်ယူပေးနိုင်တယ် သူတို့ ကိုယ်လွတ်ရုန်းပြေးမယ်ဆိုရင်လည်း နောက်မှရှင်းလို့ရတယ်...”


ကြယ်တာရာမဟာမိတ်အဖွဲ့က အခုဆိုလျှင် ဇက်များအား အကူအညီတစ်ခု အကြွေးတင်သွားသည်။ ခေါင်းဆောင်က ကုဟွိုက်၏စကားကိုကြားပြီး သဘောမတူညီကြောင်းပြောဖို့မသင့်ကြောင်းသိသွားခဲ့၏။


“ကောင်းပြီ ကျုပ်သူတို့ကိုလွှတ်ပေးနိုင်တယ်..” ခေါင်းဆောင်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။


ကြယ်တာရာအဖွဲ့အစည်းက ကျွမ်းကျင်ကြသည်။ ကော်လင်နှင့်ရေးစ်က အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသောအချိန်တွင် ဘာစကားမှမပြောနိုင်ကြပေ။ သူတို့က ထောင်ထဲက ထွက်သွားပြီတဲ့လား…


ထောင်ထဲကထွက်သည်နှင့် ကော်လင်နှင့်ရေးစ်က ကုဟွိုက်ဆီသို့ အရင်ဆုံးဦးတည်သွားကြသည်။ အစပိုင်းတွင်တော့ ဇက်များက ကုဟွိုက်အနားတွင် အကပ်မခံမည်ကိုစိုးနေကြသည်။ ထို့နောက် သူတို့ ကုဟွိုက်နောက်သို့လိုက်လာခြင်းကို ဇက်များက တားမြစ်ခြင်းမရှိကြောင်း သိလိုက်ရသည်။


အမှန်တွင်တော့ ဇက်များသည် ၎င်းတို့၏ဘုရင်အား ကြိုက်နှစ်သက်သူများအား ပို၍သည်းခံနိုင်ကြသည်။ ကော်လင်နှင့်ရေးစ်က ဇက်များကဲ့သို့တူညီသည့် သဘောထားအားပြသည့်အတွက်ကြောင့် ဇက်များက ဘာမှမလုပ်ပေ။


ထိုလူနှစ်ယောက် အကျဉ်းထောင်မှလွတ်မြောက်ခံရခြင်း တစ်နေ့နဲ့တစ်ဝက်ကြာမြင့်ပြီးနောက် လော်ဒါကြယ်မှ သတိပေးသံ ထွက်ပေါ်လာခဲ့လေသည်။


ထိုအချိန်တွင် မိုးမှောင်မျှော်စင်စစ်သားနှစ်ယောက်၏ ရေတပ်သင်္ဘောများက လော်ဒါကြယ်ကို စတင်တိုက်ခိုက်တော့မည့်အတွက် ဂြိုဟ်ပေါ်ရှိသတိပေးသံက ပွင့်သွားရသည်။ ထိုရေတပ်သင်္ဘောက မိုးမှောင်မျှော်စင်ရေတပ်သင်္ဘောမှ များစွာသောအဖွဲ့ခွဲများဖြစ်သည်။ လော်ဒါကြယ်ကို တိုက်ခိုက်ရသောအကြောင်းပြချက်က ၎င်းတို့အဖွဲ့ခွဲမှ ခေါင်းဆောင်များ ထိုဂြိုဟ်ပေါ်တွင် ကြယ်တာရာမဟာမိတ်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရသောကြောင့်ဖြစ်သည်။


၎င်းတို့ကို ကယ်တင်ရန်လိုအပ်သည်။ မိုးမှောင်မျှော်စင်စစ်သားများသည် စောစောရောက်ရှိလာမည်ဆိုလျှင် ကော်လင်နှင့်ရေးစ်သည် အနည်းငယ်ပျော်ရွှင်နိုင်မည်ဖြစ်သည်။ အခုဆို သူတို့တွင် အတွေးတစ်ခုသာရှိတော့သည်။


‘ငါတို့ကိုမကယ်နဲ့ ငါတို့မသွားချင်ဘူး’


လော်ဒါကြယ်သည် လက်ရှိတွင် တိုက်ခိုက်ခြင်းခံနေရပြီး ပြန်လည်မခုခံနိုင်ခင်တွင် ဒုတိယအကြိမ်တိုက်ခိုက်ခံနေရပြန်သည်။ ဂြိုဟ်၏ ခုခံကာကွယ်နိုင်စွမ်းအားက မလုံလောက်ပေ။ မိုးမှောင်မျှော်စင်စစ်သားများမှာ ယင်းကိုသတိမူမိပြီး အချိန်ကောင်းရွေးခဲ့ခြင်းဖြစ်သည်။ အချက်ပေးသံမြည်သည်နှင့် ဂြိုဟ်တစ်ခုလုံးရှိလေထုက တင်းမာသွားသည်။ စစ်သားများက မျိုးရိုးဗီဇအားဖြင့် ပြုပြင်မွမ်းမံခြင်းခံခဲ့ရသည့်အတွက် မိုးမှောင်မျှော်စင်၏ မြေပြင်တိုက်ခိုက်မှုများက အလွန်ထင်ရှားသည့် အကျိုးရလဒ်များကိုရရှိသည်။ 


စစ်သင်္ဘောက ဂြိုဟ်၏လေထုထဲသို့ဝင်သွားပြီး မိုးမှောင်မျှော်စင်စစ်သားများ၏ လှိုင်းလုံးများက ဆိုက်ရောက်လာသည်။ ကြယ်တာရာမဟာမိတ်တပ်ဖွဲ့များက အလွန်အမင်းခုခံပုံမရသည့်အတွက်‌ အောင်ပွဲက အစပိုင်းတွင်ကတည်းက ဆုံးဖြတ်ပြီးပုံရနေသည်။ 


“လူတွေကိုကယ်တင်ဖို့ အကျဉ်းထောင်ဆီကို တည့်တည့်မတ်မတ်သွား ဂြိုဟ်ရဲ့ခုခံစွမ်းအားက အရမ်းအားနည်းလို့ ငါတို့ အလွယ်တကူလုပ်နိုင်တယ်..” မိုးမှောင်မျှော်စင်အဖွဲ့ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။


မိုးမှော်မျှော်စင်၏ မြေပြင်တပ်ဖွဲ့များက အကျဉ်းထောင်ဆီသို့ တည့်တည့်မတ်မတ်သွားသည်။ ၎င်းတို့သည် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်တွင် ကောင်းကင်ပေါ်တွင် အသံလွှင့်မှုပေါ်လာရသည်။ 


“အားလုံး ရပ်ပြီး လက်နက်တွေချလိုက်တော့..”


ကုဟွိုက်က ဂြိုဟ်၏ ရေဒီယိုအသံလွှင့်အခန်းတွင်ထိုင်နေပြီး စကားပြောခွက်ကနေ ထိုစကားကိုပြောကြားလိုက်သည်။


စာရေးသူမှာ ပြောစရာရှိပါတယ်။


ကျိုးကျိုးဘာသာပြန်သူ ၂.၀


ဟွိုက်ပေါင်း : ငါက မင်းကိုပဲချစ်ဖို့ကောင်းတယ်လို့ပြောတာ (ငါက မင်းကိုပဲကြိုက်တာ)


ဟွိုက်ပေါင်း : မင်းက ချစ်ဖို့အကောင်းဆုံးပဲ (မင်းကို ငါအကြိုက်ဆုံးပဲ)