အခန်း ၄၂
Viewers 10k

Chapter 42

CHAPTER 42


ဂြိုဟ်၏ အသံလွှင့်ခန်းသည် ရုပ်သံလွှင့်လုပ်ငန်းတွင်ပါ၀င်သည့် ပညာရှင်များအတွက်သာဖြစ်ပြီး ၎င်းက အလွန်သီးသန့်ဆန်သောနေရာဖြစ်သည်။ နှစ်စဉ်ကျင်းပသော ပွဲတော်အချို့တွင်သာ ဖွင့်လှစ်လေ့ရှိပြီး ထိုအခန်းမှထုတ်လွှင့်မှုကို ဂြိုဟ်ပေါ်ရှိနေထိုင်သူအားလုံး ကြားရပေလိမ့်မည်။


မိုးမှောင်မျှော်စင်သည် တိုက်ခိုက်မှုကို စတင်လာပြီး ဂြိုဟ်၏အချက်ပေးသံ မြည်လာသည့်အခါ ကုဟွိုက်သည် ခေါင်းဆောင်အား သူ့အသံကို ထုတ်လွှင့်ပေးရန် နည်းလမ်းရှိမရှိကို မေးမြန်းခဲ့ပြီး ထိုအခန်းထဲသို့ ခေါ်ဆောင်သွားရန်ကိုလည်း တောင်းဆိုခဲ့သည်။ ကုဟွိုက်သည် အသံလွှင့်စက်မှတဆင့် သူတို့၏လက်နက်များကို ချရန်ပြောခဲ့သည်။ ထိုစကားသည် အသံလွှင့်ကိရိယာများမှတစ်ဆင့် ဂြိုဟ်၏ ထောင့်တိုင်းနေရာတိုင်းသို့ ရောက်ရှိသွားခဲ့သည်။ ဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီး ရှေ့သို့ ချီတက်ရန် အသင့်ဖြစ်နေသော မိုးမှောင်မျှော်စင် စစ်သားများအပါအဝင် ဂြိုဟ်ပေါ်ရှိလူတိုင်း ကုဟွိုက် ပြောစကားများကို ကြားခဲ့ကြသည်။


ဤသည်မှာ အသံတစ်ခုမျှသာဖြစ်ပြီး ပြတ်သားမှုလုံးဝမရှိပေ။ နူးညံ့သိမ်မွေ့ပြီး မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမျှ မကြားခဲ့ရပေ။ သာမန်စကားဝိုင်းတစ်ခုလိုပင်။ သာမန်အားဖြင့် မိုးမှောင်မျှော်စင် စစ်သားများသည် ဤရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့သော မှတ်ချက်များကို အလေးအနက်မထားခဲ့ပေ။


ရပ်ရမှာလား... လက်နက် ချရမှာလား... ဒီကြယ်တာရာမဟာမိတ်အဖွဲ့အစည်းရဲ့ ဌာနခွဲကလူတွေက ရူးနေကြတာလား... သူတို့၏ခံစစ်သည် အလွန်အားနည်းပြီး လုံး၀ မတိုက်ခိုက်နိုင်ပေ။ မိုးမှောင်မျှော်စင်စစ်သားတွေက ဘာကြောင့် သူတို့စကားကို နားထောင်ရမှာလဲ... သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုအတွေးအတိုင်းပင်ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ဂြိုဟ်ပေါ်ရှိ မြေပြင်တပ်သားအများစုသည် သူတို့၏မသိစိတ်တွင်ဖော်ပြ၍မရသောတွန်းအားတစ်ခုဖြစ်ပေါ်လာသည်။


တွန်းအားတစ်ခု ပထမဆုံးဖြစ်ပေါ်လာခဲ့သော မိုးမှောင်မျှော်စင် စစ်သားက သူ့လက်နက်ကို ရုတ်တရက် ချလိုက်သည်။ သူ့လက်ထဲရှိ ရောင်ခြည်လက်နက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို ကြည့်ပြီးအံ့ဩသွားသည်။ သူဘာလုပ်နေတာလဲ...


"မင်းဘာလုပ်နေတာလဲ..." သူ့ဘေးနားရှိ အပေါင်းအဖော်က တအံ့တသြနှင့် မေးလိုက်သည်။

သူမသိဘူး... လက်နက်ကို ပစ်ချခဲ့သော မိုးမှောင်မျှော်စင် စစ်သားသည် 'အမှားကို ပြန်ပြင်ဖို့ အခုပဲ လက်နက်ကိုကောက်ကိုင်သင့်ပြီ' ဟု သူ့စိတ်ထဲတွင် ကျယ်လောင်စွာ အော်နေမိသည်။ ထို့နောက် သူ့ဦးနှောက်က ထိုအကြံအစည်ကို ငြင်းပယ်ကာ သူ့စိတ်မှာ တည်ငြိမ်နေပြီး ခန္ဓာကိုယ်ကမူ လှုပ်ရှားမလာခဲ့ပေ။


ခန္ဓာကိုယ်: ငါသွားပြီးတော့ လက်နက်ကို ကောက်သင့်တယ်လို့ ထင်တယ်။


ဦးနှောက်: မဟုတ်ဘူး၊ မင်းမလုပ်ချင်ပါဘူး။


မိုးမှောင်မျှော်စင် စစ်သားသည် လက်နက်ကို မကိုင်ချင်ရုံသာမက မတ်တပ်ရပ်ကာ သက်သာအနေအထားအတိုင်းပင် ရှိနေခဲ့သည်။ သူ့ပခုံးများကို နောက်ပစ်ထားပြီး သူ့လက်ချောင်းများက သူ့ဘေးနှစ်ဖက်တွင် တင်ကြပ်စွာ ကပ်လျှက်ရှိနေသည်။ ဤအမူအရာသည် စစ်ရေးပြအခမ်းအနား၌ ထိပ်တန်းအရာရှိကို စောင့်ဆိုင်းနေသည့် စစ်သားတစ်ဦးနှင့်ပင် တူလှ၏။


“မင်းဘာလုပ်နေ...” သူ့စကားမဆုံးခင်၌ အဖော်ဖြစ်သူသည် သူ့ပတ်ဝန်းကျင်တွင် လက်နက်များ ပြုတ်ကျသံကို ကြားရသောကြောင့် အံ့သြတကြီး စိုက်ကြည့်နေခဲ့သည်။ သူတို့၏သေနတ်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ထိုသို့လက်နက်များကို ပစ်ချလိုက်သော မိုးမှောင်မျှော်စင် စစ်သားများသည်ပင် ဖြစ်ပျက်နေသည်များကို သူတို့ကိုယ်တိုင်ပင် လုံးဝမသိလိုက်ဘဲ အံသြသွားပုံပေါ်နေသည်။


“အဲဒါက စောနက ထုတ်လွှင့်လိုက်တာကြောင့်ပဲဖြစ်ရမယ်။ ထုတ်လွှင့်မှုမှာ ထိန်းချုပ်နိုင်တဲ့စွမ်းရည်အချို့ ရှိကိုရှိရမယ်။ ငါတို့ဘက်မှာ ခုခံနိုင်တဲ့သူအချို့ရှိတယ်။ အဆင်ပြေတဲ့သူတွေက သူတို့ရဲ့လက်နက်တွေကို ယူပြီး အဲဒီစွမ်းရည်အသုံးပြုသူကို ရှင်းပစ်ဖို့ ငါနဲ့အတူ..."


သူ့စကားမဆုံးခင်မှာပင် သေနတ်ငါးလက် ခြောက်လက်က သူ့အားချိန်ရွယ်လာသောကြောင့် ထိုစစ်သားမှာ ပါးစပ်ပိတ်သွားရသည်။ လက်နက်ချထားသော စစ်သားများသည် ထိုစကားကိုကြားပြီး သူတို့၏လက်နက်များကို ချက်ချင်းပြန်ကောက်ကိုင်ကာ စကားပြောနေသူအား ချိန်ရွယ်လိုက်ကြသည်။ သူတို့၏ ဒေါင်လိုက်မျက်ဆံများက သိသိသာသာ ကျုံ့သွားကြ၏။ မိုးမှောင်မျှော်စင် စစ်သားများသည် မည်သို့သော စိတ်အခြေအနေရှိမှန်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သူတို့သည် တစ်ဖက်သားကို ထိခိုက်စေလိုသောစိတ်ဆန္ဒ မရှိသည်မှာသိသာသည်။


"မင်းတို့ရဲ့လက်နက်ကို ချလိုက်.." ပယင်းရောင် ဒေါင်လိုက်မျက်ဆံများပါရှိသည့် မိုးမှောင်မျှော်စင် စစ်သားမှ အမိန့်ပေးလိုက်သည်။


ရုတ်တရက် လူအုပ်တစ်စုက သူ့အား လက်နက်များဖြင့် ချိန်ရွယ်လာကြသည်။ ထိုစစ်သားသည် မယုံကြည်နိုင်စွာ မေးလိုက်၏။ 


“မင်းတို့ ရူးနေကြတာလား.."


"မင်းတို့ရဲ့လက်နက်ကို ချလိုက်..."


 မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့၏ဒေါင်လိုက်မျက်ဆံများကို ပါးလွှာသောမျဉ်းများအဖြစ်သို့ ကျုံ့ကာ စကားလုံးများကို ပီပီသသပြောလာခဲ့သည်။


ဇက်များသည် သူတို့၏ဘုရင်ကို ဒုက္ခပေးရန် ကြိုးစားလာသည့်လူများကို သည်းမခံနိုင်ပေ။ ဇက်ဗီဇပေါင်းစပ်ပါရှိသော မိုးမှောင်မျှော်စင် စစ်သားများအတွက် သူတို့အားလုံးတွင် တူညီသော မသိစိတ်များ ရှိကြသည်။ တစ်ဖက်လူများသည် မည်သည့်စကားမှပြန်မပြောနိုင်ဘဲ သူတို့၏လက်နက်များကို ပစ်ချရုံသာတတ်နိုင်ခဲ့ကြသည်။ ထိန်းချုပ်နိုင်သည့်စွမ်းရည်က ထိုသို့ မပြုလုပ်နိုင်ပေ...


ဒါက သူ့အလိုလိုဖြစ်ပေါ်လာတဲ့ စုပေါင်းပုန်ကန်မှုလား...


ဤရှုပ်ထွေးသော အခြေအနေတွင် မိုးမှောင်မျှော်စင် စစ်သားသည် အဖွဲ့အတွင်းရှိ သူတို့၏လက်နက်များကို ပစ်ချလာသည့် အခြားစစ်သားများ ပိုပြီးများပြားလာသည်ကို စောင့်ကြည့်နေခဲ့သည်။ လက်နက်ကိုင်ဆောင်ထားဆဲ သူများသည်လည်း ၎င်းတို့၏ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရှုပြီးနောက် လက်နက်များကို မြေပြင်ပေါ်သို့ ပစ်ချရန် မတွန့်ဆုတ်ကြတော့ပေ။


"ဘာလို့ မြေပြင်တပ်က မလှုပ်ရှားတော့တာလဲ.." တိုက်ခိုက်ရေးစစ်တပ် တပ်မှူးက မျက်မှောင်ကြုတ်လိုက်သည်။


ဘေးနားရှိလူက တုံ့ဆိုင်းသွားပြီး “အဲဒါက ခြုံခိုတိုက်ခိုက်မှု... ဖြစ်နိုင်တယ်.."


“ခြုံခိုတိုက်ခိုက်ဖို့ သူတို့ ငါတို့ကို အကြောင်းကြားထားလား.."


ထိုသို့မေးလိုက်သော် လူတိုင်းတွင် ပြန်ဖြေစရာမရှိခဲ့ပေ။


ထိုသို့မဟုတ်သော်လည်း စစ်သင်္ဘောပေါ်ရှိ မိုးမှောင်မျှော်စင် စစ်သားများသည် မြေပြင်တပ်ဖွဲ့၏ စစ်ဆင်ရေးများ ရပ်တန့်သွားရသည့် အကြောင်းရင်းကို မစဉ်းစားနိုင်ပေ။


ကုဟွိုက်က မိုးမှောင်မျှော်စင် ရေယာဉ်စု၏ မြေပြင်တပ်များအားလုံးကို ရပ်တန့်ရန် စကားလုံးများကိုသာ အသုံးပြုခဲ့သည်။ ထိုမိုးမှောင်မျှော်စင် စစ်သားများသည် သူ့အမိန့်ကို အမှန်တကယ်နာခံခဲ့ပြီး ထိုနေရာ၌ပင် ရပ်နေသည်ကို ကင်းထောက်တပ်သားများထံမှ ပြန်ပို့ပေးလာသော ပုံရိပ်များမှတဆင့် ကုဟွိုက် မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် ကုဟွိုက် အသံချဲ့စက်မှတဆင့် စကားပြောလိုက်၏။ 


“မလှုပ်နဲ့၊ ပြီးရင် ငါ မင်းတို့ကို မကြာခင်လာတွေ့မယ်"


သူတို့ မလှုပ်ဘူးဆိုရင် ရေဒီယိုကနေ သူတို့ဆီ စကားပြောနေသည့်လူကို တွေ့နိုင်မှာလား... သူတို့၏လက်နက်များကို ချထားပြီးဖြစ်သော မိုးမှောင်မျှော်စင် စစ်သားအများစုသည် ပျော်ရွှင်မှု၊ မျှော်လင့်ထားမှုနှင့် ကြောက်ရွံ့မှု အနည်းငယ်တို့ကို မခံစားမိဘဲ မနေနိုင်ပေ။ မြေပြင်တပ်များ ပြီးသွားပြီးနောက် စစ်သင်္ဘောပေါ်ရှိ စစ်သားများသာ ကျန်တော့သည်။


စစ်သင်္ဘောများသည် ဂြိုဟ်၏ကောင်းကင်ယံသို့ နီးကပ်လာသရွေ့ ၎င်းတို့နှင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။ အမှန်တကယ်တွင် ကုဟွိုက်သည် ရေဒီယိုအားအသုံးပြုရန် မလိုအပ်ပါပေ။ သူသည် ဇက်ဗီဇကိုအသုံးပြုကာ စစ်သားအားလုံးနှင့် ဝိညာဉ်ချိတ်ဆက်မှုကို တိုက်ရိုက်ထူထောင်နိုင်ပြီး သူ၏အတွေးများကို ၎င်းတို့ထံ ပေးပို့နိုင်သည်။


သို့သော် ထိုဝိညာဉ်ချိတ်ဆက်မှုသည် မိုးမှောင်မျှော်စင် စစ်သားများအပေါ် အန္တရာယ်ဖြစ်မည်ကို သူ ကြောက်မိသည်။ ထိုဝိညာဉ်ချိတ်ဆက်မှုကို စမ်းသပ်စစ်ဆေးပြီး အဆင်ပြေကြောင်း အတည်ပြုပြီးသည်အထိ ကုဟွိုက် ထိုသို့မပြုလုပ်ချင်ပေ။ သူ၏ကောင်းစွာဖွဲ့စည်းထားသော မြေပြင်တပ်များသည် နားမလည်နိုင်စွာ ရပ်တန့်သွားပြီး သတင်းမေးမြန်းမှုများ သို့မဟုတ် ညွှန်ကြားချက်များကို မတုံ့ပြန်သောကြောင့် နောက်ဆုံးတွင် စစ်သင်္ဘောပေါ်ရှိတပ်မှူးသည် ရှေ့တိုးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ရလဒ်အနေဖြင့် လော်ဒါကောင်းကင်ရှိလေတပ်၏တစ်စိတ်တစ်ပိုင်းမှာ တူညီသောအရာကို ခံစားလိုက်ရသည်။


“စစ်သင်္ဘောရဲ့ လက်နက်စနစ်တွေကို ပိတ်ပြီး စစ်သင်္ဘောကို မြေပြင်ပေါ်သို့ ဆင်းသက်ပေးပါ.."


ယာယီအသံလွှင့်ကြေညာသူ ကုဟွိုက်သည် မတ်မတ်ထိုင်ကာ ထိုစကားများကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။ ကုဟွိုက် ထိုစကားများပြောသည့်အချိန်တွင် ကောင်းကင်ပေါ်ရှိ စစ်သင်္ဘောများအတွက် ခေတ္တရပ်သည့်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ပင် ရပ်တန့်သွားသည်။


ပရမ်းပတာနှင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော စစ်သင်္ဘောများသည် ကုဟွိုက် ပြောပြီးသည်နှင့် ၎င်းတို့၏ လက်နက်စနစ်များကို တစ်ခုပြီးတစ်ခု ပိတ်ပစ်လိုက်သည်။ အခြေအနေက ဤအထိရောက်လာခဲ့ပြီး တည်ငြိမ်သည်ဟု ဆိုနိုင်သည်။ တိုက်ပွဲတခုလုံး အစကနေ အဆုံးအထိ ၁၀ မိနစ်တောင် မကြာလိုက်ပေ။ ကုဟွိုက် တစ်ယောက်တည်းနှင့်ပင် မိုးမှောင်မျှော်စင်အဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို အဆုံးသတ်လိုက်နိုင်သည်။


ပြီး-ပြီးသွားပြီလား... နာနာခံခံ အရှုံးပေးပြီး အနိုင်ရသွားခြင်းက စိတ်ကူးယဉ်ဆန်လွန်းသည်။ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနခွဲခေါင်းဆောင်သည် ထိုလွယ်ကူသောအောင်ပွဲ၌ ခဏတာမျှ နစ်မြှုပ်သွားခဲ့၏။


ကုဟွိုက်၏ စကားကို နားထောင်ပြီးနောက် မိုးမှောင်မျှော်စင် စစ်သားများသည် မလှုပ်ရှားဘဲ စစ်သားများ၏ သတိအနေအထားအတိုင်း ဆက်လက် မတ်တပ်ရပ်နေခဲ့သည်။ ကောင်းကင်ရှိစစ်သင်္ဘောများ ဆင်းသက်လာပြီးသည်နှင့် ကုဟွိုက်သည် ကတိပေးထားသည့်အတိုင်း မိုးမှောင်မျှော်စင် စစ်သားများကို သွားတွေ့ခဲ့သည်။


ကော်လင်၊၊ ရေးစ်တို့နှင့် ယခင်တွေ့ဆုံမှုအပြီးတွင် ကုဟွိုက်သည် ဤမိုးမှောင်မျှော်စင် စစ်သားများထဲမှ တစ်ဦးတစ်ယောက်မျှ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုများကို အတင်းအကြပ် အလုပ်မခံခဲ့ရကြောင်း သိရှိခဲ့သည်။


သူတို့၏ဇာတ်လမ်းများနှင့် ဆက်စပ်၍ပြောရလျှင် မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့ကိုယ်တိုင် လက်မခံနိုင်ဘဲ ပိုင်ဆိုင်မှုခံစားချက်ကို ရှာမတွေ့ခြင်းကြောင့်သာ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းကို ဖျက်ဆီးချင်နေကြသည်ဟု ကုဟွိုက် တွေးမိသည်။ သူတို့သည် သွားစရာနေရာမရှိ၊ ဒေါသများဖြင့် ပြည့်နှက်နေခြင်းကြောင့် ဖျက်ဆီးပစ်ချင်နေကြခြင်းသာဖြစ်သည်။


အမှန်တကယ်တွင် ဂါဗင်သည် ကြယ်တာရာအဖွဲ့အစည်း၏ သိပ္ပံသုတေသနဌာနမှ ထွက်ခွာလာပြီးနောက် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း ပျက်စီးသွားသည်ကို မြင်ချင်ခဲ့သည်ပင်။ သူစိတ်ကူးထားသည့် အရာများသည် ထိုမျှလောက်ကြီးမားသည့် အပြောင်းအလဲဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


ထောင်ပေါင်းများစွာသော တွက်ချက်မှုများကို စဉ်းစားတွေးခေါ်ခဲ့သော်လည်း ကုဟွိုက်၏ပေါ်ထွက်လာမှုကိုတော့ မစဉ်းစားမိခဲ့ပေ။ မိုးမှောင်မျှော်စင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ဇက်များ၏ဗီဇကို သူတို့ဗီဇနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ဂါဗင်သည် ဇက်များ၏နာခံတတ်သည့် မျိုးနွယ်စုသဘာဝကို သေချာပေါက် ထည့်သွင်းစဉ်းစားခဲ့သည်။


သူ ထိုပြဿနာအား ပြီးပြည့်စုံလုနီးပါး ဖြေရှင်းနိုင်ခဲ့သည်။ ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများကို ဘီတာ-အဆင့်တွင် ထည့်သွင်းစဉ်းစားနိုင်သော်လည်း ၎င်းတို့တွင် အယ်လ်ဖာ-အဆင့်ရှိ အဆင့်မြင့်ဇက်များကို နာခံလိုစိတ်မရှိပေ။ အတိအကျပြောရလျှင် နာခံတတ်သည့်ဗီဇသည် လုံးလုံးလျားလျား မပျောက်ကွယ်သွားသေးသော်လည်း အားပျော့သွားခြင်းဖြစ်သည်။


သို့သော် ထိုသို့အားပျော့သွားလျှင်လည်း ဇက်မျိုးနွယ်၏ပိရမစ်ထိပ်တွင်ရပ်တည်နေသော ကုဟွိုက် မွေးဖွားလာသောအခါ ထိုမျိုးရိုးဗီဇကို ခုခံနိုင်စွမ်းမရှိကြပေ။ ၎င်းကို နံပါတ်များဖြင့် ဖော်ပြရလျှင်_


ဘီတာအဆင့်နှင့် သူ့ထက်အဆင့်နိမ့်သောဇက်များတွင် အယ်လ်ဖာ-အဆင့်ဇက်များထံ အညံ့ခံမှုသည် အပြည့်အ၀ အမှတ် ၁၀၀ ရှိသည်။ ဇက်ဗီဇကို ပေါင်းစပ်လိုက်သောအခါ ဂါဗင်သည် အညံ့ခံမှုဗီဇကို ၉၉ မှတ်ထိ လျှော့ချနိုင်ခဲ့ပြီး ၁ မှတ်သာ ကျန်ရစ်ခဲ့သည်။


ရလဒ်အနေဖြင့် အယ်လ်ဖာ-အဆင့်ရှိဇက်များသည် မိုးမှောင်မျှော်စင် စစ်သားများအပေါ် သက်ရောက်မှုမရှိပေ၊ အမိန့်မပေးနိုင်ကြပေ။ သို့သော် ဇက်များသည် ၎င်းတို့၏ဘုရင်အပေါ် အညံ့ခံသည့်ဗီဇမှာ အနည်းဆုံး အမှတ် ၂၀၀ ရှိသည်။ ၉၉ မှတ်ကို နုတ်ယူလိုက်လျှင်ပင် ၎င်းက အပြည့်အဝ အခြေအနေတွင် ရှိနေသေးသည်။(မရှင်းမှာစိုးလို့ပါ သူက အမိန့်နာခံတဲ့ ဗီဇကို ၉၉% လျော့ချလိုက်တာ ပုံမှန်ဆို အထက်အမိန့်ကိုမနာခံတော့ဘူး ဒါပေမဲ့ ဘုရင်အပေါ်ကျ သူတို့က လုံးလုံးလျားလျားချစ်မြတ်နိးမှုပါ ပါနေတာဆိုတော့ 99လျော့ချရင်တောင် ရာနှုန်းပြည့်နီးပါးကျန်နေသေးသလိုပဲ ရှင်းကာမှပိုရှုပ်သွးလားမသိဘူး😁)


ရလဒ်များကို ကြိုတင်ခန့်မှန်း၍ရနိုင်ပေသည်။


ဤမိုးမှောင်မျှော်စင် စစ်သားများရှေ့တွင် ကုဟွိုက် အမှန်တကယ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အသံတစ်သံမျှပင် မကြားရတော့ပေ။ ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများသည် ၎င်းတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး မသိစိတ်ဖြင့် သူတို့၏သတိအနေအထားကို ပိုပြီးစံနှုန်းမီသောပုံစံတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြသည်။


တကယ်တမ်း သူတို့သည် အချိန်အကြာကြီး စံနှုန်းမီသော သတိအနေအထားဖြင့် မနေလိုက်ရပေ။ ကုဟွိုက်သည် ထိုနေရာသို့ ရောက်ရှိလာပြီး သူ့ကြောင့် သတိအနေအထားဖြင့် မတ်မတ်ရပ်နေသော ထိုလူများကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ကုဟွိုက် ချောင်းဟန့်လိုက်ပြီး “မင်းတို့ သတိထားအနေအထားအတိုင်း မတ်မတ်ရပ်နေစရာမလိုပါဘူး။ မင်းတို့အဆင်ပြေသလိုသာ ရပ်ကြပါ.."


မိုးမှောင်မျှော်စင် စစ်သားများမှာ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားကြသည်။ သူတို့သည် ၎င်းတို့၏ လက်ရှိထူးဆန်းသော အခြေအနေနှင့်ပတ်သက်၍ ရှုပ်ထွေးနေသေးသော်လည်း ကုဟွိုက်၏တည်ရှိမှု၊ သူ၏နူးညံ့သိမ်မွေ့သောမျက်လုံးများနှင့် သဘောထားအပြုအမူများက သူတို့အား သူ့စကားများကို မသိစိတ်မှ နာခံလာစေရန် ပြုလုပ်နေသည်။


"ငါနဲ့အတူ ပြန်လိုက်ခဲ့..." ကုဟွိုက်သည် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ ပြင်ဆင်ပေးထားသော နေအိမ်ဆီသို့ အမှတ်တမဲ့ စိုက်ကြည့်ကာ သူ့ရှေ့ရှိ မိုးမှောင်မျှော်စင် စစ်သားကို စကားပြောလိုက်သည်။


ပြန်လိုက်ရမယ်... သူတို့တွင် ပြန်သွား၍ရမည့် နေထိုင်ရာအိမ်ဟူ၍ မရှိပေ။ ထို့ကြောင့် မိုးမှောင်မျှော်စင် စစ်သားများသည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားကြသည်။ ကုဟွိုက် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် မိုးမှောင်မျှော်စင် စစ်သားများစွာသည် မသိစိတ်ဖြင့် သူ့နောက်သို့ လိုက်သွားကြသည်။


ရန်သူထံ ဘက်ပြောင်းအညံ့ခံတာက လွယ်လွန်းမနေဘူးလား...


ဇက်ဗီဇမပါသော မိုးမှောင်မျှော်စင် စစ်သားအနည်းငယ်အတွက် စဉ်းစားစရာများနှင့် ပြည့်နှက်နေသည်။ သို့သော် ၎င်းတို့၏ပတ်ဝန်းကျင်ရှိ အမှန်တကယ် ကုဟွိုက်နောက်သို့လိုက်သွားရန် ရှေ့သို့တိုးလာသော လုပ်ဖော်ကိုင်ဖက်များကိုကြည့်လိုက်ပြီး နောက်တွင်ကျန်ရစ်ခဲ့သော မိုးမှောင်မျှော်စင် စစ်သားအနည်းငယ်သည် အံ့အားသင့်စွာဖြင့် အချင်းချင်းကြည့်လိုက်ကြကာ နားမလည်နိုင်သော မျက်နှာများဖြင့် လိုက်လာကြသည်။


လော်ဒါကြယ်တာရာကို တိုက်ခိုက်နေသည့် မိုးမှောင်မျှော်စင် စစ်သားများမှာ ကုဟွိုက်နှင့် အလွယ်တကူ ပူးပေါင်းသွားခဲ့သည်။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ဌာနခွဲ ခေါင်းဆောင်သည် ထိုအဖြစ်အပျက်ကိုမြင်ပြီး ရုတ်တရက် သဘောပေါက်သွား၏။ ဤနေရာတွင် ဇက်ဘုရင်ရှိနေသ၍ မိုးမှောင်မျှော်စင်သည် လူအများကို ဆက်လက်စေလွှတ်လာလျှင်ပင်မည်သည့်ကိစ္စရှိလိမ့်မည်နည်း... အကယ်၍ ဥက္ကာခဲသည် ဂြိုဟ်များအတွက် လက်နက်တစ်လက်ဖြစ်သည်ဆိုလျှင် ကုဟွိုက်သည်လည်း မိုးမှောင်မျှော်စင်အတွက် လက်နက်တစ်လက်ဖြစ်ပေလိမ့်မည်။


ခေါင်းဆောင်သည် သူတို့ဘက်က ပိုအားကောင်းလာကြောင်း ခံစားမိလာသည်။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်အား အန္တရာယ်မှ ကယ်တင်ပေးလိုက်သည့်ပုံပင်။


စာရေးသူမှ ပြောစရာရှိပါတယ်။


မိုးမှောင်မျှော်စင် စစ်သား: ငါ့ခန္ဓာကိုယ်မှာ ကိုယ်ပိုင်စိတ်ကူးတွေရှိတယ်။


နှေးကွေးတုံ့ဆိုင်းသွားသည့်ပုံ