အခန်း ၄၃
Viewers 10k

Chapter 43

CHAPTER 43


ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားအုပ်စုကြီးကို ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း ဌာနခွဲမှ ပြင်ဆင်ပေးထားသည့် နေအိမ်သို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။ ကုဟွိုက် နောက်မှစီတန်း၍ လိုက်လာခဲ့ကြသော်လည်း မိုးမှောင်မျှော်စင် စစ်သားများ၏ ဦးနှောက်များမှာ အခြေခံအားဖြင့် ဗလာဖြစ်နေ၏။

 

သူတို့ မည်သည်ကိုမှ မစဉ်းစားနိုင်ဘဲ သူတို့၏ခန္ဓာကိုယ်ကို သူတို့ဦးနှောက်၏အနက်ရှိုင်းဆုံး အသိစိတ်က ညွှန်ကြားစေခိုင်းနေကြသည်။ မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့ အမှန်တကယ် ဖြစ်နေသည့်အရာကို မစဉ်းစားနိုင်ခင်မှာပင် သူတို့သည် ကုဟွိုက်၏နောက်သို့ 'အတူတကွ ပြန်လိုက်လာခဲ့ကြသည်'။

 

ဧည့်ဂေဟာသည် ကြီးမားသောဗီလာဖြစ်ပြီး ဇိမ်ခံဗီလာဟုလည်း ခေါ်ဆိုနိုင်သည်။ ဧရိယာ ကျယ်ဝန်းသော်လည်း ကုဟွိုက် ဦးဆောင်ခေါ်လာသော ဇက်များနှင့် မိုးမှောင်မျှော်စင် စစ်သားများစွာအတွက် မလုံလောက်ပေ။ ကော်လန်နှင့် ရေးစ်တို့သည် ကုဟွိုက်က မိုးမှောင်မျှော်စင် စစ်သားများစွာအား ပြန်လည်ခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရပြီး အံ့ဩဖွယ်ကောင်းသလို ခံစားရသည်။ ယခု သူတို့အားလုံးသည် သတင်းပေးသူများ ဖြစ်သွားကြပြီ။

 

ရေးစ်သည် တည်ငြိမ်စွာ တွေးတောလိုက်ပြီးနောက် သူ့စိတ်ထဲတွင် အဖွဲ့အစည်းအပေါ် သစ္စာဖောက်လိုက်သကဲ့သို့ မခံစားခဲ့ရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တစ်ယောက်တည်း လုပ်နေသည်မဟုတ်။ လူတိုင်းလည်း လုပ်နေကြသည်ပင်၊ ထို့ကြောင့် သူသည်... သူတို့လုပ်သည့်အတိုင်း လိုက်လုပ်ခဲ့ရုံပင်ဖြစ်သည်။


ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများသည် ယခုမူ ကုဟွိုက်အား စိုက်ကြည့်နေကြသည်။ တစ်ဖက်သားက သူတို့ကို ရင်းနှီးသောအပြုအမူဖြင့် အဘယ်ကြောင့် ဆက်ဆံနေသနည်းဟု မတွေးတောဘဲ မနေနိုင်ပေ။ ဤနေရာသို့ သူ့နောက်မှ လိုက်လာသင့်သည်ဟုပင် သူတို့အား ပြောခဲ့သည်။ တစ်ဖက်သားအတွက် သူတို့က ဖျက်ဆီးသတ်ဖြတ်ပစ်ရမည့် ရန်သူတွေ မဟုတ်ပါလား...


တကယ်တမ်း၌ ထိုတူညီသည့်မေးခွန်းအား သူတို့ကိုယ်သူတို့ ပြန်လည်မေးသင့်သော်လည်း မိုးမှောင်မျှော်စင် စစ်သားများသည် အခုအချိန်တွင် အများကြီး မတွေးနိုင်ကြပေ။ ကုဟွိုက်သည် ၎င်းတို့အား ရန်သူများ သို့မဟုတ် မရင်းနှီးသောသူစိမ်းများကဲ့သို့ မြင်တွေ့သတ်မှတ်ခဲ့လျှင်တောင် ဇက်ဗီဇ၏မွေးရာပါနာခံသည့်အပြုအမူအပေါ် သက်ရောက်နိုင်စွမ်းက အကန့်အသတ်ရှိနိုင်ပေသည်။

 

သို့သော် ၎င်းတို့အပေါ် ကုဟွိုက်၏ အပြုအမူကို သုံးသပ်ကြည့်လျှင် ဇက်ဗီဇ၏သက်ရောက်မှုအား အမြင့်ဆုံးအထိရောက်အောင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။

 

ကုဟွိုက် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်မဟုတ်ပေ။ ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားများအပေါ် နူးညံ့စွာ ဆက်ဆံပေးချင်သည့်အတွက် ထိုကဲ့သို့ပြုလုပ်ပေးချင်ဖြစ်သည်။ ကော်လင်၊ ရေးစ်တို့နှင့်တွေ့ဆုံပြီးနောက်၊ ဇက်ဗီဇပါရှိသည့် မိုးမှောင်မျှော်စင် စစ်သားများသည် ကုဟွိုက်၏မျက်လုံးထဲတွင် ဇက်ဗီဇတစ်ဝက်ပါသော ဇက်များကဲ့သို့ပင်။ ကုဟွိုက်သည် သူတို့ကို အေးစက်စွာဆက်ဆံသင့်သည့် အကြောင်းပြချက်ဟူ၍မရှိပေ။

 

 “ဒီမှာ အခန်းမလောက်ဘူး.." ကုဟွိုက် မိုးမှောင်မျှော်စင် စစ်သားများ၏ အရေအတွက်ကို ကြည့်လိုက်သည်။ “ကိစ္စမရှိပါဘူး မင်းတို့နေမဲ့နေရာကို စီစဉ်ပေးဖို့ ခေါင်းဆောင်ကို ငါပြောလိုက်မယ်.."

 

ကုဟွိုက်၏အပြုအမူသည် အလွန်သဘာဝကျလှသည်။ နှစ်ဘက်အကြားတွင်တိုက်ပွဲ လုံးဝမဖြစ်ပွားသွားခဲ့သကဲ့ပင်။ ကုဟွိုက်၏စကားများသည် မိုးမှောင်မျှော်စင် စစ်သားများ၏ ဒေါင်လိုက် မျက်ဆံများအား အနည်းငယ် ကျုံ့သွားစေသည်။ သူတို့၏မသိစိတ်က ကုဟွိုက်၏စကားများကို လိုက်နာချင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် ထိန်းချုပ်ဟန့်တားခံထားရပြီး မည်ကဲ့သို့တုံ့ပြန်ရမည်ဆိုတာကို မသိကြပေ။

 

 “ဒီနေရာက ယာယီနေဖို့နေရာတစ်ခုပါ။ နောက်မှ မင်းတို့ ငါနဲ့အတူ တခြားဂြိုဟ်ကို ပြန်လိုက်ခဲ့ရမယ်.." ကုဟွိုက်က ၎င်းကို စဉ်းစားပြီး စကားတစ်ခွန်း ထပ်ထည့်ပြောလိုက်သည်။

 

 ထိုစကားတစ်ခွန်းက 'ပြန်လိုက်ခဲ့' ဟု နောက်ထပ်တစ်ကြိမ် ပြောလိုက်ခြင်းဖြစ်သည်။ ထိုစကားများသည် မိုးမှောင်မျှော်စင် စစ်သားများအပေါ်တွင် သိသိသာသာ သက်ရောက်မှုရှိ၏။ 'ပြန်လိုက်ခဲ့' ဟူသော စကားလုံးသည် သူတို့တွင် ပြန်စရာအိမ်နေရာရှိနေသည်ဟု ဆိုလိုသည်။ ကုဟွိုက် ပြောလိုက်သော ဤအထူးစကားသည် ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများကို အလွယ်တကူ တုန်လှုပ်စေနိုင်သည်။

 

 ဤစကားများသည် ဗလာသက်သက် ကတိတစ်ခုဖြစ်ပြီး စစ်မှန်သောအာမခံချက်မရှိသည်မှာ ထင်ရှားသည်။ တဖက်လူသည် သူတို့ ဘယ်ဂြိုဟ်သွားရမည်ကိုပင်မပြောခဲ့ပေ။ သို့သော် မိုးမှောင်မျှော်စင်မှ စစ်သားများသည် ကုဟွိုက်၏စကားကိုကြားပြီး သူတို့၏မျက်လုံးများ တောက်ပမလာဘဲ မနေနိုင်ပေ။

 

 မိုးမှောင်မျှော်စင် စစ်သားများသည် အလွန်ထင်ရှားသော အမူအရာမျိုး မပြသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်များ တုန်လှုပ်နေကြပြီး သူတို့၏မျက်လုံးများအား မရွေ့လျားဘဲ ကုဟွိုက်ကို စိုက်ကြည့်နေသည့်ပုံစံမှာ ဇက်ဗီဇမပါရှိသော မိုးမှော်မျှော်စင် စစ်သားများကို အံ့အားသင့်စေခဲ့သည်။

 

 ဇက်ဗီဇမပါသော မိုးမှောင်မျှော်စင် စစ်သားများအတွက် သူတို့သည် အစမှအဆုံးထိ နားမလည်နိုင်ဆုံးသူများသာဖြစ်သည်။

 

 "မင်းတို့က အဖွဲ့အစည်းကို ဒီလိုမျိုးသစ္စာဖောက်လိုက်တာလား.." စစ်သားတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

 

 ထိုစကားသံ ထွက်ပေါ်လာချိန်တွင် ကုဟွိုက်နောက်လိုက်လိုသော မိုးမှောင်မျှော်စင် စစ်သားများသည် တုန်လှုပ်သွားကြပြီး သူတို့၏အမူအရာများမှာ အနည်းငယ် ပိုပြီးမူမမှန်သလို ဖြစ်လာသည်။

 

ကုဟွိုက် မည်သည်ကိုမှ ပြန်မပြောခင် ပထမဆုံး ထွက်ပြေးလာသူများထဲမှ တစ်ယောက်ဖြစ်သော ကော်လင်သည် သူ့အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။


 “ငါတို့မှာ မိုးမှောင်မျှော်စင်နဲ့ ပတ်သက်ဆက်နွယ်မှုမရှိဘူး။ အဖွဲ့ဝင်တွေက ပန်းတိုင်တူနေတာကြောင့်သာ အတူတူနေခဲ့ကြရုံပဲ။ အခု ငါတို့ရဲ့ပန်းတိုင်က ပြောင်းလဲသွားတာကြောင့် အဖွဲ့အစည်းကနေ နှုတ်ထွက်တော့မယ်။ ဒါက ပုံမှန်ဖြစ်ပြီး မှန်ကန်တဲ့ လုပ်ရပ်ပဲ..."

 

ရေးစ်သည် သူ့မျက်လုံးများကို မှိတ်ထားရင်း ကူညီပြောဆိုပေးလိုက်သည်။ 


"ဘာကို သစ္စာဖောက်တာလဲ။ ဒါကို အလုပ်ပြောင်းလုပ်တယ်လို့ခေါ်တယ် နားလည်လား.."(🤣)

 

 မူလက မိုးမှောင်မျှော်စင် စစ်သားအများစုသည် ကုဟွိုက်ထံမှ မျက်လုံးများကို မရွေ့နိုင်ပေ။ အခု တစ်စုံတစ်ယောက်က သူတို့ကို ဆင်ခြေပေးလာသောအခါ ချက်ချင်းနီးပါး သဘောတူလိုက်ကြသည်။


 ဟုတ်တယ်... ဒါက သစ္စာဖောက်တာမဟုတ်ဘူး... ဒီလိုကြားရတာ အဓိပ္ပါယ်ရှိတယ်...

 

 ဤအကြောင်းပြချက်သည် မိုးမှောင်မျှော်စင် စစ်သားများ လိပ်ပြာသန့်သန့်ဖြင့် အဖွဲ့အစည်းကို စွန့်ပစ်နိုင်သည်ဟု ဆိုလိုသည်။ ထိုကဲ့သို့သောတုံ့ပြန်မှုမှာ ဤမေးခွန်းကို မေးသောစစ်သားအား ရှက်ဒေါသကြောင့် နီရဲသွားစေသည်။ ဇက်ဗီဇမပါသော သူတို့ထဲမှ အနည်းငယ်သည် သူတို့ကိုယ်သူတို့ လိမ်ညာလှည့်ဖျားရန် အကြောင်းပြချက်တစ်ခု လိုအပ်သည်။ မှန်သည်၊ သူတို့သည် တစ်စုံတစ်ယောက်က သူတို့ကိုလဲ လက်ခံလာလိမ့်မည်ဟု မျှော်လင့်ထားပြီး တုန်လှုပ်နေကြောင်းကိုလည်း ငြင်းဆန်ရန် ခက်ခဲလှပေသည်၊ သို့သော် သူတို့ တကယ်ကို မြန်မြန်ဆန်ဆန် သစ္စာဖောက်နိုင်တယ်လား...

 

 ကော်လင်သည် သူတို့၏စိတ်ပိုင်းဆိုင်ရာလက္ခဏာကို ထိုးထွင်းသိမြင်ခဲ့ပြီး သူ့အပေါင်းအဖော်၏ပခုံးအား အသာအယာပုတ်ရန် လျှောက်သွားလိုက်သည်။


 “မင်းရဲ့ဂုဏ်သိက္ခာကို အလွန်အကျွံ ဂရုစိုက်တာက ဘဝကို ပျှော်ရွှင်စေမှာမဟုတ်ဘူး။ ငါတို့ အရမ်းစိတ်ဆင်းရဲခဲ့ရပြီးပြီလေ..."

 

 ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်အား အရှက်မဲ့စွာ ပြောဆိုနေမှုကို သူ ကြားခဲ့ခြင်းပင်။ ပခုံးကို အပုတ်ခံရသူသည် မထိတ်လန့်မတုန်လှုပ်ဘဲ မနေနိုင်ပေ၊ သို့သော် အမှန်အတိုင်းဆိုရလျှင် ထိုသူသည် အကန့်အသတ်မရှိ သွေးဆောင်ခြင်းခံခဲ့ရပေပြီ။

 

ကိစ္စများက ထိုကဲ့သို့ဖြစ်လာပေသည်။ မိုးမှောင်မျှော်စင်မှ စစ်သားများအားလုံးသည် သဘောတူညီမှုရရှိခဲ့ပြီး အလွယ်တကူ သစ္စာဖောက်ခဲ့ကြသည်။ ထိုနေရာတွင် ကုဟွိုက် ထိုင်ပြီး ဘာမှမလုပ်လျှင်လည်း မိုးမှောင်မျှော်စင် စစ်သားအများစုက သူ့ကို မကြည့်ဘဲမနေနိုင်ပေ။ သူတို့သည် ကုဟွိုက်အား ကြည့်နေမှန်း သူ့တို့ကိုယ်တိုင် သတိထားမိသည်နှင့် အဝေးသို့ လှည့်ကြည့်ရန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကုဟွိုက်ဆီသို့သာ ပြန်လှည့်သွားကြသည်။

 

 ၎င်းသည် သူတို့ ကြည့်ချင်သော်လည်း မကြည့်ရဲသည့် အခြေအနေပင်ဖြစ်သည်။ သို့သော်လည်း သူတို့ ကုဟွိုက်အား မကြည့်ဘဲမနေနိုင်ပေ။

 

 ကုဟွိုက် သူတို့ကို ပြောလိုက်သည်။ “မင်းတို့ ကြည့်ချင်တယ်ဆို ကြည့်လို့ရပါတယ်"

 

 ဤမိုးမှောင်မျှော်စင် စစ်သားများ၏ အပြုအမူသည် သူနှင့်တွေ့ဖူးသော ဇက်များအကြောင်း ကုဟွိုက်ကို သတိရသွားစေသည်။ ဤအရာသည် သူတို့၏အသံများကို ပုံမှန်ထက် ပို၍ပင် တိတ်ဆိတ်သွားစေခဲ့သည်။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းဌာနခွဲ၏ ခေါင်းဆောင်သည် ထိုနေရာသို့ရောက်လာပြီးနောက် မိုးမှောင်မျှော်စင် စစ်သားများက ကုဟွိုက်၏စကားများအား နာခံနေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

 

 ခေါင်းဆောင်, "..."

 

 ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ လူများနှင့်ရင်ဆိုင်ရသောအခါ မိုးမှောင်မျှော်စင် စစ်သားများသည် အေးစက်ပြီး ရန်လိုနေဆဲဖြစ်သည်။ ဆက်ဆံပြုမူပုံကွာခြားချက်ကြောင့် ဇက်ဗီဇမပါရှိသော မိုးမှောင်မျှော်စင် စစ်သားများ ဆွံအသွားခဲ့ရသည်။

 

 "အခု ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းက မင်းတို့ရဲ့ရန်သူ မဟုတ်တော့ဘူး.." ကုဟွိုက် ပြောလိုက်သည်။

 

 ကုဟွိုက် ထိုသို့ပြောသည့်အခိုက်တွင် မိုးမှောင်မျှော်စင် စစ်သားများ၏ရန်လိုမှုကနာခံစွာဖြင့် ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏အမူအရာများ လျင်မြန်စွာ ပြောင်းလဲသွားသောကြောင့် ထိန်းသိမ်းစောင့်ကြည့်သူများ အံ့ဩသွားကြသည်။ ဌာနခွဲခေါင်းဆောင်သည် ကုဟွိုက်နှင့် ဆွေးနွေးပြီး တစ်ဖက်လူအား အကူအညီတောင်းရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

 

 မိုးမှောင်မျှော်စင် စစ်သားအများစုတွင် ဇက်ဗီဇပါရှိကြောင်း သူသိထားသည်။ ကုဟွိုက်သည် မိုးမှောင်မျှော်စင်ကို ဆန့်ကျင်နိုင်သည့် သူတို့၏နောက်ဆုံးလက်နက်။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်အား ဆက်လက်တည်ရှိနိုင်စေရန်အတွက် ကုဟွိုက်၏အကူအညီကို ရယူရမည်ဖြစ်သည်။

 

 ကုဟွိုက် လာရောက်လည်ပတ်ရခြင်း၏နောက်ကွယ်က ခေါင်းဆောင်၏ ရည်ရွယ်ချက်များကို နားထောင်ပြီး “ကျွန်တော်တို့က အဲဒီရည်ရွယ်ချက်နဲ့ပဲ ဒီကိုလာခဲ့တာ၊ နောက်ပြီး ကူညီဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့..."

 

 "ဒါပေမဲ့ ဘာလဲ.." ခေါင်းဆောင်ကချက်ချင်းမေးလိုက်သည်။

 

 ကုဟွိုက် ပြန်မဖြေခင် ခဏမျှ စဉ်းစားလိုက်ပြီး "ဒီကိစ္စပြီးသွားရင်တော့ ကျွန်တော့်ဘက်က ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းနဲ့ ဖြေရှင်းချင်တာတစ်ခုတော့ရှိတယ်.."

 

 ဒါ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းက သူတို့ကို အကြွေးတင်ထားတဲ့ကြောင်း သတိပေးချင်တာလား... ဒါက တကယ့်ကို ကြီးမားတဲ့ အကြွေးတစ်ခုပဲ... ခေါင်းဆောင်သည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းက အရှင့်ကို စိတ်ကျေနပ်လောက်တဲ့ အကျိုးအမြတ်တွေကို ပေးမှာဖြစ်တာကြောင့် အရှင် စိတ်ချထားလို့ရပါတယ်.."

 

 ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းသည် ကြယ်တာရာ ငြိမ်းချမ်းရေး၏ သင်္ကေတဖြစ်သည်။ သူတို့၏ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပြီး သူတို့သည် ဇက်များအား အကြွေးတင်နေကာ ပုံမှန်အတိုင်း ပြန်ပေးဆပ်ရပေမည်။

 

 “ဟုတ်ပြီ..” ကုဟွိုက် ပြုံးလိုက်ပြီး “ကျွန်တော်တို့ကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်မှပဲ ပြောပြပေးပါ့မယ်.."

 

 "စိတ်မပူပါနဲ့၊ မင်းတို့အတွက် သိပ်ခက်ခဲမှာ မဟုတ်ပါဘူး.." ကုဟွိုက် ဆက်ပြောလိုက်သည်။

 

 အစပိုင်းတွင် ကုဟွိုက်သည် ထိုသို့သောမျက်နှာသာပေးမှုကို တောင်းခံရန် အစပြုလိုခြင်းမရှိခဲ့ပေ။ သူသည် သူတို့၏သဘောထားကို ပြသရန်နှင့် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းကို ကူညီရန် ဇက်များအား ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ အခု မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခုကြောင့် ဤစစ်သားများ၏ အသက်ရှင်သန်ရေးကို သူစဉ်းစားရန် လိုအပ်လာပေသည်။

 

မိုးမှောင်မျှော်စင် တပ်ခွဲပေါင်းများစွာ၏ တပ်ဖွဲ့များသည် လော်ဒါကြယ်ကို တိုက်ခိုက်ရန် စုရုံးခဲ့ကြသည်။ ဤသည်မှာ အခြေစိုက်စခန်းမှ အမိန့်ပေးနေခြင်းဖြစ်သည်။ အကယ်၍ ထိုအင်အားစုတပ်ဖွဲ့များ ပြန်ရောက်မလာခဲ့လျှင် သို့မဟုတ် ၎င်းတို့ထံမှ သတင်းတစ်စုံတစ်ရာ မရရှိခဲ့လျှင် မိုးမှောင်မျှော်စင်၏ အထက်လူကြီးများက ဥက္ကာခဲအား တိုက်ရိုက်ပစ်လွှတ်လာပေလိမ့်မည်။

 

 "အရင်ဆုံး ဂြိုဟ်ကို မိုးမှောင်မျှော်စင်တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ ဟန်ဆောင်လိုက်ရအောင်.." ကုဟွိုက် စစ်သားများထံ ခေါင်းလှည့်မကြည့်ခင် ခေါင်းဆောင်အား စကားပြောလိုက်သည်။


 “မနက်ဖြန် ကျွန်တော့်ကို မိုးမှောင်မျှော်စင်ရဲ့ အခြေစိုက်စခန်းဆီ ခေါ်ဆောင်သွားဖို့ အဖွဲ့ငယ်လေးတစ်ဖွဲ့ ခွဲပေးရမယ်။ ပြီးတော့ ငါက မင်းတို့နဲ့ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းကြား တိုက်ပွဲမှာဖမ်းမိထားတဲ့ အကျဉ်းသားတစ်ယောက်လို့ မင်းတို့ပြောရမယ်..."

 

 "အရှင်မင်းကြီးကလား..." ကုဟွိုက် ပတ်လည်ရှိ ဇက်များအားလုံးသည် ရုတ်တရက် ကြီးမားသော တုံ့ပြန်မှုကို ပြသခဲ့သည်။

 

 ဘုရင်အား အန္တရာယ်ရှိသောနေရာသို့ သွားခွင့်ပေးခြင်းက ဇက်များအတွက် လုံးဝလက်မခံစရာပင်။ ထိုနေရာ၌ ရှိနေသောဇက်တိုင်းသည် ပြင်းထန်သော ခုခံငြင်းဆန်မှုကို ပြသခဲ့ကြသည်။

 

 အလ်ဗ်သည် စကားတစ်ခွန်းမှ မပြောသော်လည်း ကုဟွိုက်၏ခန္ဓာကိုယ်ကို သူ့အမြီးနှင့် ရစ်ပတ်ထားသည်။ သူ့မျက်နှာတွင် မည့်သည့်အမူအရာမှမရှိသော်လည်း ၎င်းသည် အလ်ဗ်က ကုဟွိုက်အား သွားခွင့်ပေးလိမ့်မည်ဟု မရည်ရွယ်ပေ။

 

 ထိုစကားမပြောမီ ဤမြင်ကွင်းအား ကုဟွိုက် ကြိုတင်ခန့်မှန်းမိသောကြောင့် ရှင်းပြလိုက်သည်။


 “မိုးမှောင်မျှော်စင်ရဲ့အခြေစိုက်စခန်းက ငါ့အတွက် အန္တရာယ်ရှိတဲ့နေရာ မဖြစ်နိုင်ဘူး။ ဒါ့အပြင် အလ်ဗ်ကလည်း ငါနဲ့အတူ လိုက်လာလိမ့်မယ်။ တကယ်လို့ အန္တရာယ်ရှိတယ်ဆိုရင် သူက သူ့ရဲ့ အာကာသ ပြောင်းရွှေ့မှုစွမ်းရည်နဲ့ ငါ့ကို ခေါ်သွားလို့ရတယ်.."

 

 အလ်ဗ်တွင် သူ့ခန္ဓာကိုယ်အား ပြီးပြည့်စုံစွာ ကိုယ်ယောင်ဖျောက်နိုင်သည့်စွမ်းရည်ရှိခြင်းကြောင့် ကုဟွိုက် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ဤကြောင်လေးအား စိတ်ကျေနပ်စေရန်အတွက်လည်း ဖြစ်သည်။ ဤအလေးအနက်ဖြစ်နေကြသော မြင်ကွင်းတွင် သူသည် သူ့ပတ်ဝန်းကျင်ရှိ ငွေမှင်ရောင်အမြီးကို တိတ်တဆိတ်ထိလိုက်၏။ ကုဟွိုက်၏ စကားလုံးများနှင့် အမြီးအား ပွတ်သပ်လာမှုများမှာ အလ်ဗ်၏ မျက်နှာပေါ်ရှိ အေးစက်သောအမူအရာကို အနည်းငယ် ဖြေလျှော့ပေးနိုင်သော်လည်း သူ့နှုတ်ခမ်းများသည် ဖြောင့်တန်းနေသေးသည်။

 

 "ဥက္ကာခဲရဲ့တည်နေရာကို မိုးမှောင်မျှော်စင် အခြေစိုက်စခန်းရဲ့ အထက်အရာရှိတွေသာ သိနိုင်တယ်။ သူ့ရဲ့တည်နေရာကိုသိရဖို့ ငါ့ကို အခြေစိုက်စခန်းဆီ ခေါ်ဆောင်သွားတာက တိုက်ရိုက်အဖြစ်ဆုံးနည်းလမ်းပဲ.."


 ကုဟွိုက်သည် မပျော်မရွှင်ဖြစ်နေသောအမြီးကို ကိုင်ကာ စကားဆက်ပြောနေခဲ့သည်။

 

 အမြီးက ပျော်ရွှင်လာပြီး ကြောင်ကြီးသည်လည်း ပျော်ရွှင်လာပေပြီ။

 

 မိုးမှောင်မျှော်စင် အဖွဲ့အစည်းတွင် ဇက်ဗီဇနှင့်ပေါင်းစပ်ထားသော စစ်သားများက အများဆုံးဖြစ်နေသည်။ ဇက်ဗီဇပါရှိသော စစ်သားများသည် ကုဟွိုက်၏ ညွှန်ကြားချက်ကို မလိုက်နာလျှင်တောင် သူ့အား ထိခိုက်အောင်ပြုလုပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ဤနေရာတွင်ရှိနေသောဇက်များသည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ အမှန်တကယ် ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်သောကြောင့် ကုဟွိုက်၏ဆုံးဖြတ်ချက်ကို မလိုလားစွာဖြင့် သဘောတူခဲ့ကြသည်။

 

 မိုးမှောင်မျှော်စင်၏ အခြေစိုက်စခန်းသည် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ အုပ်ချုပ်မှုအောက်တွင် မရှိသော မိုးမှောင်ဧရိယာတွင် တည်ရှိသည်။ အတိအကျပြောရလျှင် မိုးမှောင်နယ်မြေကို လွတ်လပ်သည့်အဖွဲ့အစည်းအသီးသီးက သိမ်းပိုက်ခဲ့ကြသည်။ ဥပမာအားဖြင့် ကင်ညာကြယ်အစုအဝေးကို သိမ်းပိုက်ထားသော ကြေးစားစစ်သားများကဲ့သို့ပင်။

 

 မိုးမှောင်မျှော်စင်၏ တကယ့်အခြေစိုက်စခန်းသည် ထိုကြယ်အစုအဝေးရှိ နီရာကြယ်တာရာတွင်ရှိသည်။

 

 ဤရက်ပိုင်း မိုးမှောင်မျှော်စင် အခြေစိုက်စခန်း၏လေထုသည် အနည်းငယ်တင်းမာနေခဲ့သည်။ အကြောင်းမှာ အခြေစိုက်စခန်း၏ ဒုတိယတပ်မှူး ကာလန်သည် မကြာသေးမီရက်များအတွင်းက အနည်းငယ် စိတ်တိုနေသောကြောင့်ဖြစ်သည်။ ထိုသို့စိတ်တိုနေမှုကို သူသည် အမြဲတမ်း ပြုံးနေပြီး လက်အောက်ငယ်သားများအားပင်ပင်ပန်းပန်း လေ့ကျင့်ရေးအလုပ်မျိုးစုံကို တာဝန်ပေးခြင်းဖြင့် ဖော်ပြလေ့ရှိသည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်က ကာလန်သည် ကြယ်တာရာကွန်ရက်စတိုးမှ အရေးပေါ် ပါဆယ်ထုပ် ၁၀ ထုပ်ကို မှာယူခဲ့သည်။ မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိရသော်လည်း ပါဆယ်ထုပ်များ သယ်ဆောင်လာသော ကြယ်တာရာသင်္ဘောသည် လမ်းတွင်ရှိသောဂြိုဟ်တစ်ခု၌ အချိန်အတော်ကြာ ရပ်တန့်သွားခဲ့သည်။ အဆိုပါ ပါဆယ်ထုပ်များကို မူလက တစ်ရက်အတွင်း အရောက်ပို့ပေးမည်ဟု ခန့်မှန်းယူဆထားသည်။ 


ကာလန်သည် ထိုတစ်ရက်လောက်တောင် မစောင့်နိုင်တော့ကြောင်း ခံစားခဲ့ရပြီး အခု ရက်တော်တော်ကြာအောင် စောင့်ရပေဦးမည်။ မိုးမှောင်မျှော်စင်၌ နောက်ထပ် ဥက္ကာခဲတစ်လုံးရှိနေလျှင် ကာလန်တစ်ယောက် ပို့ဆောင်ရေးကုမ္ပဏီကို ဖောက်ခွဲပစ်လိုက်ချင်မိသည်။