အခန်း ၄၄
Viewers 10k

Chapter 44

CHAPTER 44


နောက်ဆုံး၌ ယနေ့မွန်းလွဲပိုင်းတွင် ကာလန်သည် ပါဆယ်ထုပ် ၁၀ ထုပ်ကို လက်ခံရရှိခဲ့သည်။ သူချက်ချင်းပင် သူ့အခန်းထဲသို့ သယ်ဆောင်သွားပြီး ပျော်ရွှင်စွာဖြင့် ဖွင့်ရန် အဆင်သင့်ဖြစ်နေပေပြီ။ ကာလန်သည် အထုပ်ကို ကတ်ကြေးဖြင့် ဂရုတစိုက်ဖောက်ကာဖွင့်လိုက်ပြီး မကြာမီ အထုပ်ထဲမှ အရုပ်လေးကို ဖယ်ထုတ်ယူလိုက်သည်။ အရုပ်ကိုမြင်သောအခါ ကာလန်၏မျက်လုံးများသည် တောက်ပလာသည်။

 

 ထိုဆီဗာကောင်လေးက အမှန်တကယ် တွန့်တိုလွန်းလှသည်။ ကာလန်သည် အရုပ်နှစ်ရုပ်ကို တစ်ခုနှင့် လဲလှယ်မည်ဟု ယခင်က ပြောခဲ့သော်လည်း တစ်ဖက်က ငြင်းဆိုခဲ့သည်။ ကောင်းပြီ၊ အခု သူကိုယ်တိုင် ၁၀ ရုပ်ဝယ်ခဲ့ပြီး တစ်ဖက်သားကိုလည်း ဂရုမစိုက်ပေ။ အထုပ်များကို ဆက်ဖွင့်နေစဉ် ၎င်းကို သူတွေးလိုက်မိသည်။ နောက်ဆုံးအထုပ်ကိုမဖွင့်မီ ကာလန် တံခါးခေါက်သံကို ကြားလိုက်ရသည်။

 

 "ဘာကိစ္စရှိလို့လဲ" 

သူ အရေးကြီးသော အထုပ်တစ်ထုပ်ကို ဖွင့်နေသောကြောင့် လူများနှင့် လုံးဝ စကားမပြောချင်ပေ။ သူ့လေသံသည် အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။

 

 တံခါးအပြင်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။ “သတင်းပို့ပါတယ်၊ လော်ဒါကြယ်ကို ကျွန်တော်တို့တပ်တွေက သိမ်းပိုက်ထားပါတယ်။ စစ်ဆေးမေးမြန်းဖို့အတွက် အဲဒီကနေ ကြယ်တာရာအဖွဲ့အစည်းက လူတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်..."

 

 ထိုသူစကားပြောမပြီးခင်မှာပင် ကာလန် ဖြတ်ပြောလိုက်သည်။


 "စစ်ဆေးမေးမြန်းဖို့အတွက်ကို ဘာလို့ ငါ့ဆီရောက်လာတာလဲ။ သူ့ကို ဘာလို့ ညှဉ်းပန်းနှိပ်စက်ရေးအဖွဲ့ဆီ မပို့တာလဲ.."

 

 တစ်ချိန်တည်းမှာပင် သူသည် နောက်ဆုံးအထုပ်ကို ဖွင့်လိုက်သည်။ ကာလန်သည် အရုပ်ကိုးရုပ်ကို သူ့အိပ်ရာခေါင်းရင်းတွင် ထားလိုက်ပြီး နောက်ဆုံးတစ်ရုပ်ကို သူ့လက်ထဲတွင် ကိုင်ထားခဲ့သည်။ ထို့နောက် သူ တံခါးဆီသို့သွားကာ ပြောလိုက်သည်။ 


“ပထမဦးဆုံး လူကို ထောင်ထဲမှာ ချုပ်ထားလိုက်။ သူ့ကို အစာမကျွေးဘဲ ရက်အနည်းငယ်ကြာအောင် အငတ်ထားလိုက်။ ပြီးရင် ညှဉ်းပန်းနှိပ်စက်ရေးအဖွဲ့က အဖွဲ့ဝင်တွေကို မေးမြန်းခိုင်း—”

 

 တံခါးဖွင့်လိုက်သည်နှင့် ကာလန်သည် အနက်ရောင်မျက်လုံးတစ်စုံနှင့် မမျှော်လင့်ဘဲ အကြည့်ချင်းဆုံသွားသည်။ ထိုမျက်လုံးပိုင်ရှင်သည် အလွန်သန့်ရှင်းပြီး လှပသောလူငယ်လေးဖြစ်သည်။ မိုးမှောင်မျှော်စင် စစ်သားအနည်းငယ်က သူ့အား စောင့်ကြပ်ထားသော်လည်း ထိုနေရာတွင် ရပ်နေသည့်ပုံမှာ အလွန်သက်တောင့်သက်သာရှိလှသည်။

 

 ကာလန် သူ့ရှေ့ရှိ အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးများရှိသည့် လူငယ်လေးကို ကြည့်လိုက်ပြီးနောက် သူ့လက်ထဲရှိ တူညီသောအရုပ်လေးကို ငုံ့ကြည့်လိုက်သည်။

 

အဲဒီအစုတ်အပြတ် ပို့ဆောင်ရေးကုမ္ပဏီက တကယ့်လူအစစ်ကိုပါ သူ့ဆီ ပို့လိုက်တာလား... သူတံခါးဖွင့်လိုက်သောအချိန်တွင် စစ်သားများအကြား ရပ်နေသော ဆံပင်အနက်ရောင်နှင့်လူငယ်လေးကို တွေ့လိုက်ရသောအခါ ကာလန်၏စိတ်ထဲတွင် ထိုအတွေးအား ချက်ချင်းတွေးမိသွားစေသည်။ အရုပ်ကလေးမှာ ချီဘီဗားရှင်းတစ်ခုသာဖြစ်သည်။ တကယ့်လူအစစ်က မည်သည့်ပုံစံမှန်း အတိအကျ မဆုံးဖြတ်နိုင်ပေ။

 (t/n: chibi - ချီဘီဗားရှင်းဆိုတာ သေးငယ်တဲ့လူပုံစံ အရုပ်ကို ပြောတာပါ။)

 

 ကာလန်သည် ဤလူကို မြင်လိုက်သည်နှင့် ရုတ်တရက် သူ့အား တစ်ယောက်ယောက်က စကားပြောနေသလို ခံစားလိုက်ရသည်။ ထိုအရုပ်က သည်လူပင်ဖြစ်သည်။

 

 ကာလန်၏နှလုံးခုန်သံများ မြန်လာသည်။ ထို့နောက် သူသည် နှေးကွေးတုံ့ဆိုင်းနေခြင်းမှ လျင်မြန်စွာ နိုးထလာခဲ့ပြီး သူ့စိတ်က ပြန်လည်အသိဝင်လာခဲ့သည်။ ပထမဆုံးအနေနှင့်... သူ့ရှေ့ရှိ လူငယ်လေးသည် ပို့ဆောင်ရေးကုမ္ပဏီမှ ပေးပို့လိုက်ခြင်းမဟုတ်မှန်း သူသေချာပေါက်သိသည်။ ထိုသူသည် စစ်သားများပြောပြခဲ့သည့် လော်ဒါကြယ်မှ ဖမ်းဆီးခေါ်ဆောင်လာခံရသော ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းမှလူဖြစ်သည်။

 

 သို့သော် တစ်ဖက်လူသည် ဇက်များ၏ဘုရင်ဖြစ်သည်မှာ ထင်ရှားသည်။ ဘာလို့လဲ...

 

 ကာလန်မတွေးနိုင်ခင်မှာပင် သူ့ရှေ့ရှိ မိုးမှောင်မျှော်စင် စစ်သားများထဲမှ တစ်ယောက်က ပြောလိုက်၏။ 


“ဒါဆို အခု ကျွန်တော်တို့ သူ့ကို အချုပ်ခန်းထဲ ခေါ်သွားတော့မယ်.."

 

 "ခဏနေဦး.." ကာလန် ထိုစစ်သားအား တားလိုက်သည်။ သူသည် သူ့လက်ထဲရှိအရုပ်ကို သူ့နောက်တွင် ဝှက်ထားလိုက်ပြီး လက်အောက်ငယ်သားများ၏ မေးခွန်းထုတ်သော အကြည့်များအောက်တွင် သူ့အမူအရာကို တည်ငြိမ်အောင်ပြုလုပ်လိုက်သည်။


 “ပထမဆုံး... အချုပ်ခန်းထဲမှာ နေရာလွတ်မရှိဘူး။ အားလုံး ပြည့်နေပြီ..."

 

 ထိုနေရာ၌ရှိနေသော မိုးမှောင်မျှော်စင်မှ အခြားစစ်သားတစ်ဦးသည် ၎င်းကိုကြားလိုက်ရပြီး အနည်းငယ် ပဟေဠိဖြစ်သွားသည်။ 


“မပြည့်လောက်သေးပါဘူး။ ကျွန်တော်တို့ အခြေစိုက်စခန်းက ထောင်က လုံးဝ အလွတ်ကြီးပါ.."

 

 "ပြည့်နေပြီ..." ကာလန်သည် တိကျသေချာသောလေသံနှင့် ထပ်ဖြည့်ပြောလိုက်သည်။ "မနေ့ကမှ ပြည့်သွားတာ။ မင်း မသိလိုက်တာတစ်ခုခု ဖြစ်သွားတယ်"

 

 ကာလန်၏ဒုတိယစကားသည် ပဟေဠိဖြစ်နေသော မိုးမှောင်မျှော်စင်စစ်သားကို ဖြားယောင်းလိုက်နိုင်ပုံပေါ်သည်။ ထိုသူသည် ခေါင်းညိတ်ကာ အသေးစိတ်ကို မမေးမြန်းခဲ့ပေ။ 


"ကျွန်တော်တို့ သူ့ကို ဘယ်မှာ ထားလိုက်ရမှာလဲ.."

 

 ကုဟွိုက်က ငြိမ်သက်စွာ ရပ်နေပြီး မည်သည်ကိုမျှ မပြောခဲ့ပေ။ ထောင်ပြည့်နေသည်ဟု ပြောလိုက်သည့်အချိန် ကုဟွိုက် ဖော်ပြခဲ့သည့်တစ်ခုတည်းသော တုံ့ပြန်မှုမှာ မျက်တောင်ခတ်လိုက်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူဘာဖြစ်လာမည်မှန်း မသိသောကြောင့်ပင်။ ကုဟွိုက် စိတ်မပူသော်လည်း ကာလန်မှာ မတည်ငြိမ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့အမူအရာတွင် ပြောင်းလဲမှုတစ်စုံတစ်ရာအား မရှိခဲ့ပေ။ 


“စခန်းမှာ အခန်းအပိုတွေ အများကြီးရှိတယ်။ အကျဉ်းထောင်အနေနဲ့ အခန်းတစ်ခုကိုသုံးလိုက်..."

 

 စစ်သားတစ်ယောက်မှ မတုံ့ပြန်ခင်မှာပင် ကာလန်က ရုတ်တရက် ထည့်ဖြည့်ပြောလိုက်သည်။


 “ဒီအဆောက်အဦးရဲ့ ၁၇ ထပ်က အခန်းကိုသာ ရွေးလိုက်။ လူကို ခေါ်သွားလိုက်တော့..."

 

 "၁၇ ထပ်မှာ အခန်းတစ်ခန်းပဲ ရှိတယ်မဟုတ်ဘူးလား... " စစ်သားက တုံ့ဆိုင်းသွား၏။ လသာဆောင်နှင့် အပြင်ဘက်မြင်ကွင်းကောင်းများကို မြင်နိုင်သော အထူးဇိမ်ခံအခန်းဖြစ်သည်ကို သူသတိရမိသည်။

 

 "ဟုတ်သားပဲ ငါ မေ့သွားတယ်..." 


ကာလန်၏အမူအရာသည် မပြောင်းလဲသွားပေ။ “ဘာပဲဖြစ်ဖြစ် လွတ်နေတယ်ဆိုတော့ သူ့ကို ခေါ်သွားလိုက်ပါ..."

 

 "ကျွန်တော်နားလည်ပါပြီ။ တပ်မှူးပြောသလိုပဲ ကျွန်တော်တို့ သူ့ကို ညှဉ်းပန်းနှိပ်စက်တဲ့အဖွဲ့ဆီ မပို့ခင် ရက်အနည်းငယ်လောက် အငတ်ထားလိုက်ပါ့မယ်...” စစ်သားများက ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။

 

 “နေဦး...!” ကာလန် သူတို့ကို ဒုတိယအကြိမ် အော်၍တားလိုက်ပြန်သည်။

 

 စစ်သားများ၏ခြေလှမ်းများ နောက်တစ်ကြိမ် ရပ်တန့်သွားကာ သူတို့၏မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

 

 “မင်းတို့ ညှင်းပန်းနှိပ်စက်ရေးအဖွဲ့ကို ရှာစရာမလိုဘူး။ ဒါက အရေးကြီးတဲ့ အကျဉ်းသားဖြစ်လို့ နောက်မှ ငါ သူ့ကို စစ်ဆေးမေးမြန်းလိုက်မယ်...” 

ကာလန်ပြောလိုက်သည်။

 

 မိုးမှောင်မျှော်စင်စစ်သားမှာ အနည်းငယ်ထူးဆန်းနေကြောင်းကို အမှန်တကယ်တွေ့လိုက်ရသည်။ သူ့စိတ်ထဲတွင် တစ်ဖက်လူက ထိုအရာများအား ဂရုစိုက်ရသည်ကို မနှစ်သက်ပေ။ သို့သော်လည်း ထိုအတွေးသည် ခဏမျှသာဖြစ်ပြီး စစ်သားက ၎င်းကို ဖိအားပေးဖယ်ထုတ်ပစ်လိုက်သည်။

 

 ဤအကြိမ်တွင် နောက်ဆုံးတော့ သူတို့ သွားလို့ရပေပြီ။ စစ်သားများ သူ့ကို ခေါ်ဆောင်သွားကြမည့်အချိန်တွင် ကုဟွိုက် သူ့ပါးစပ်ကို ဖွင့်ကာပြောလိုက်သည်။

 

 "အာ...ဒီနေ့ ငါ ဘာမှမစားရဘူးလား.." ကုဟွိုက် သူ၏သံသယများကို ရိုးရိုးရှင်းရှင်း ဖော်ပြနေသကဲ့သို့ ပုံမှန်လေသံနှင့် မေးလိုက်သည်။ "မနက်ဖြန်ရော သဘက်ခါရောလား.."

 

 ကာလန်, "..."

 

 ကာလန် မျက်လုံးများကိုမှိတ်လိုက်ကာ အခုချက်ချင်း ဒီနေရာမှာပင် သေသွားသင့်သည်ဟု တွေးလိုက်မိသည်။ သူသာ သေဆုံးသွားခဲ့လျှင် ထိုကဲ့သို့အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့်အခြေအနေကို ရင်ဆိုင်ရမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင်တောင် သူ မသေနိုင်သေးပေ။ ကာလန်သည် အပေါ်ယံတွင် အေးဆေးတည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းကို အပြင်းအထန် ကုတ်နေပြီး မည်ကဲ့သို့ ပြန်လည်ဖာထေးပြောဆိုရမည်ကို ကြိုးစားစဉ်းစားနေသည်။

 

 "... မင်း နည်းနည်းတော့ စားလို့ရတယ်..." ကာလန်၏အသံမှာ ယခုထက် အနည်းငယ် အားပျော့သွားသည်။

 

 သူ့ဘေးရှိ စစ်သား, "?"

 

 မဟုတ်သေးပါဘူး၊ ရက်အနည်းငယ်ကြာတဲ့အထိ လူတွေကို အစာအငတ်ထားဖို့ သူပဲပြောခဲ့တာ မဟုတ်ဘူးလား... အဖြေကိုကြားပြီးနောက် ကုဟွိုက်မျက်တောင်ခတ်လိုက်ကာ "ဒီမှာ နိုမစ်ငါး ရှိလား။ ငါ အဲဒီငါး စားချင်တယ်..."

 

 ကုဟွိုက်၏ဘယ်ဘက်ရှိ မိုးမှောင်မျှော်စင်စစ်သားတွင် ဇက်ဗီဇမပါရှိသလို အတွင်းလူလည်းမဟုတ်သောကြောင့် ဤအချိန်၌ သူ့တွင် အတွေးတစ်ခုသာရှိသည်။ သူတို့တပ်တွေ ဖမ်းခေါ်လာတဲ့ အကျဉ်းသားအကြောင်းကို သူတို့ အရမ်းသတိမထားသင့်ဘူးလား...

 

 စားသောက်ဆိုင်တွင် ရောက်နေသကဲ့သို့ အစားအစာများကို လွတ်လွတ်လပ်လပ် အော်ဒါမှာယူနေသော အကျဉ်းသားတစ်ယောက်ကို မြင်ဖူးကြပါသလား.. ထို့နောက် သူ့အကြီးအကဲ၏ တုံ့ပြန်မှုကြောင့် မိုးမှောင်မျှော်စင်စစ်သားမှာ သူ့နားကို ထင်ယောင်ထင်မှား ဖြစ်သွားစေခဲ့သည်။

 

 "မင်း နည်းနည်းတော့ စားလို့ရတယ်..." ကာလန် ထိုအဖြေကိုသာ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

 

 မေးခွန်းနှစ်ခုစလုံးအတွက် တိကျသောအဖြေကို ရရှိခဲ့သည်။ ကုဟွိုက်သည် ပြုံးကာ မည်သည်ကိုမျှ ပြန်မပြောခဲ့ပေ။ ထို့နောက် သူ့အား စောင့်ကြည့်နေသော စစ်သားများသည် သူ့ကို 'အချုပ်ခန်း' ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတလျှောက်တွင် မိုးမှောင်မျှော်စင်စစ်သားတချို့နှင့်လည်း တွေ့ခဲ့ရသည်။သူတို့တွင် ပယင်းရောင်မျက်ဆံများ ရှိနေသရွေ့ ကုဟွိုက်ကိုတွေ့သည့်အခါ သူတို့ နေရာမှာပင် အေးခဲရပ်တန့်သွားကြသည်။

 

 ကုဟွိုက်အား စောင့်ကြည့်နေသည့် မိုးမှောင်မျှော်စင်စစ်သားသည် ထိုအခြေအနေကြောင့် ပဟေဠိဖြစ်သွားသော်လည်း သူ့တာဝန်အပေါ် အာရုံစိုက်ကာ ကုဟွိုက်ကို သတ်မှတ်နေရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ကုဟွိုက်သည် ဧည့်ခန်းရှိ ဆိုဖာဆီသို့လျှောက်သွားကာ ထိုင်ချလိုက်၏။ ကျယ်ဝန်းပြီး သပ်ရပ်စွာ အလှဆင်ထားသော အခန်းကို ကြည့်လိုက်ရင်း အတော်လေး တည်ငြိမ်သွားသည်။

 


အကျဉ်းသားကို ထိန်းသိမ်းထားရန်အတွက် အခန်းကျယ်ကြီး၏ လသာဆောင်ကို အလုံပိတ်ထားပြီး ပြတင်းပေါက်ကိုလည်း ဖွင့်မထားပေ။ သို့သော် သူ မှန်ပြတင်းပေါက်ရှေ့၌ မတ်တပ်ရပ်လိုက်လျှင် လှပသည့်ပင်လယ်ရှုခင်းကို မြင်နိုင်ပေသည်။ မှန်သည်၊ ၎င်းသည် ပင်လယ်အား မြင်ရသည့်အခန်းပင်။

 

၎င်းကို အကျဉ်းသားတစ်ယောက်အပေါ် ဆက်ဆံမှုဟု မည်သူမှ ထင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ကုဟွိုက်ကို ဤအခန်းသို့ ခေါ်ဆောင်လာသော မိုးမှောင်မျှော်စင်စစ်သားသည် ထူးဆန်းသော အမူအရာဖြင့် ထွက်ခွာသွားခဲ့သည်။

 

ကုဟွိုက်သည် ကျန်ရှိနေသေးသည့် မိုးမှောင်မျှော်စင်စစ်သားများနှင့် ဆက်သွယ်နိုင်ရန် မိုးမှောင်မျှော်စင်၏အခြေစိုက်စခန်းသို့ လာခဲ့သည်။ အထက်အရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့ရသောကြောင့် တစ်ဖက်လူသည် သူ့ထံသို့ ချဉ်းကပ်လာမည်ကိုစောင့်ရန် လိုအပ်သည်။

 

ကုဟွိုက် သော့ခတ်ထားသော အခန်းကို လှည့်ပတ်ကြည့်ရှုရင်း တည်ငြိမ်နေသော်လည်း အပြင်ဘက်ရှိ ကာလန်မှာ နာကျင်နေပေသည်။

 

 အမြဲလိုလို ပြုံးနေတတ်သည့် အမူအရာမှာ မရှိတော့ပေ။ သူသည် အတုအယောင်အပြုံးကိုပင် လုံးဝ မပြုံးနိုင်တော့ပေ။ မိုးမှောင်မျှော်စင်စစ်သားများသည် မကြာသေးမီရက်များအတွင်း လေ့ကျင့်ရေးဆင်းခဲ့ရသောကြောင့် သူ၏ပုံမှန်မဟုတ်သောအမူအရာသည် သူတို့အား ကြောက်ရွံထိတ်လန့်စေခဲ့သည်။ တစ်ဖက်လူသည် သူတို့အား လေ့ကျင့်ရေးတာဝန်များ ပေးလာမည်ကို ကြောက်ရွံနေကြသည်။

 

 အခုလေးတင် သူသည် အနက်ရောင်ဆံပင်နှင့်လူငယ်လေးကို နိုမစ်ငါးကို စားခွင့်ပေးမည်ဟု ကတိပေးခဲ့သော်လည်း နီရာကြယ်တာရာတွင် တစ်ကောင်မျှ မရှိပေ။ ထို့ကြောင့် စစ်သားများက ထိုလူငယ်လေးကို ခေါ်ဆောင်သွားသည်နှင့် တပြိုင်နက် ကာလန် သူ၏ဆက်သွယ်ရေးစနစ်ကို ချက်ချင်းဖွင့်လိုက်သည်။

 

 ထို့နောက် အမိန့်ပေးလိုက်၏။ 


“နိုမစ်ငါးတချို့ကို ဝယ်ဖို့ ဘေးနားမှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးကြယ်ဆီ သွားပါ။ ဒီည ၇ နာရီမှာ အရောက်ပြန်လာရမယ်... မဟုတ်သေးဘူး၊ ခြောက်နာရီမှာ အခြေစိုက်စခန်းကို ယူလာရမယ်..."

 

 သတင်းစကားကိုရရှိခဲ့သော လက်အောက်ငယ်သားများ, “...?"

 

 အိမ်နီးချင်းဂြိုဟ်မှ ငါးဝယ်ခြင်းတာဝန်ကို ပေးအပ်ခြင်းခံရသော လက်အောက်ငယ်သားများမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ပေ။ ဆက်သွယ်ရေး ပြတ်တောက်သွားပြီး သူတို့သည် မေးခွန်းပေါင်းများစွာဖြင့် ကျန်ရစ်ခဲ့ရသည်။


စာရေးသူမှာ ပြောစရာရှိပါတယ်။

 

 ဟွိုက်ပေါင်းအား မတွေ့မီ

 

 ကာလန်: သူ့ကို အစာမကျွေးနဲ့။ ဝန်ခံလာတဲ့အထိ သူ့ကို နှိပ်စက်ညှဉ်းပန်းလိုက်။

 

 ဟွိုက်ပေါင်းအား တွေ့ပြီးနောက်

 

 ကာလန်: လာပြီး မြန်မြန်စားလိုက်။ ဘာလဲ။ စစ်ဆေးမေးမြန်းတာမျိုး မလုပ်ပါဘူး။