အခန်း ၄၅
Viewers 12k

Chapter 45

CHAPTER 45


 

 ညနေ ၆:၃၀ တွင် ကုဟွိုက်၏သော့ခတ်ထားသောအခန်းတံခါးက အချိန်ကိုက်ပွင့်လာခဲ့သည်။ အဆင့်သုံးဆင့်ပါရှိသော ဝန်ဆောင်မှု တွန်းလှည်းတစ်စီးက အခန်းတံခါးမှနေ၍ တွန်းဝင်လာခဲ့သည်။ ကာလန်သည် တောင့်တင်းသော ခန္ဓာကိုယ်ဖြင့် ကုဟွိုက်ရှေ့သို့ ထိုဝန်ဆောင်မှုတွန်းလှည်းကို တွန်းလာခဲ့သည်။

 

 "ဒါတွေအားလုံးက ငါ့အတွက် ညစာလား.." ကုဟွိုက် အဆင့်သုံးဆင့်ကို ကြည့်လိုက်မိသည်။ အလွှာတိုင်းတွင် နူးညံ့လှပသော ဟင်းပွဲများဖြင့် ပြည့်နှက်နေသောကြောင့် သူ သိလိုစွာဖြင့် မေးလိုက်မိခြင်းဖြစ်သည်။

 

 ကာလန် တောင့်တင်းသောအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်"

 

 "ကျေးဇူးတင်ပါတယ်.." ကုဟွိုက်သည် ပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်ပြီး အနည်းငယ်သော ပျော်ရွှင်မှုကို ပြသလိုက်သည်။

 

 "...ရပါတယ်" ကာလန် ခြောက်ကပ်စွာ ပြန်ဖြေလိုက်၏။

 

 “ငါ ဒီအခန်းထဲမှာပဲ နေ,နေရပြီး အပြင်ထွက်လို့မရဘူးလား။ မင်း ငါ့ကို ဘာလို့ဖမ်းထားတာလဲ.." ကုဟွိုက် နွေးထွေးသောလေသံဖြင့် မေးလိုက်သည်။

 

 တကယ်တော့ ဤနေရာသို့ စတင်၍ ရောက်လာခဲ့သူသည် သူကိုယ်တိုင်ဖြစ်သော်လည်း ယခုတွင် သူသည် ၎င်းတို့အား လိမ်လည်စွပ်စွဲနေပေသည်။

 

 ကာလန်, "... ..."

 

 “ဒါက နားလည်မှုလွဲတာဖြစ်နိုင်တယ်...” 


ကာလန် ရှင်းပြလိုက်သည်။ “အမှန်တရားကို ရှာတွေ့သွားတဲ့အထိ စောင့်လိုက်ပါ။ ဖြစ်နိုင်ပါတယ်... မင်း ဒီအခန်းထဲက ထွက်သွားလို့ရနိုင်မှာပါ.."

 

 “ငါလည်း နားလည်မှုလွဲတယ်လို့ပဲ ထင်ပါတယ်။ ငါ့မိသားစုကို ဘာမှမပြောဘဲ ထွက်လာခဲ့ပြီး ငါ့ကြယ်သင်္ဘောက လော်ဒါကြယ်ကို ဖြတ်သွားခဲ့တယ်။ ငါ့ကို ဖမ်းမိဖို့ အချိန်သိပ်မကြာတာကြောင့် ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး..” 


ကုဟွိုက်သည် တစ်ဖက်သား၏စကားများအတိုင်း နောက်မှလိုက်ပြီး ကိစ္စများကို စတင်လုပ်ကြံဇာတ်ခင်းခဲ့သည်။

 

 ထိုအကြောင်းကို ကာလန် ကြားလိုက်သည်နှင့် သူ့စိတ်ထဲတွင် ကျိုးကြောင်းဆီလျော်သည့် ဇာတ်လမ်းတစ်ခုကို ဖန်တီးလိုက်သည်။ သူ့တပ်များသည် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်း၏ အရေးကြီးသောအဖွဲ့ဝင်တစ်ဦးနှင့် အခြားသူတစ်ဦးကို လွဲမှားပြီး သူ့ကို ဤနေရာသို့ ဖမ်းခေါ်လာခဲ့သည်ဟု ထင်သွားသည်။ တစ်ဖက်လူက ခိုးထွက်လာခြင်းဖြစ်သည်။ သူ့ကို ကာကွယ်ရန် ဘေးပတ်၀န်းကျင်တွင် ဇက်များမရှိခြင်းက အံ့သြစရာတော့မဟုတ်ပေ။ ကာလန် သူ့ဦးနှောက်အား အလုပ်ပေးနေချိန်တွင် ကုဟွိုက်က အခန်းတဝိုက်ကို ကြည့်လိုက်သည်။ 


“အခန်းထဲမှာ ဘာမှမရှိဘူးဆိုတော့ နည်းနည်းပျင်းစရာကောင်းတယ်။ မင်း အဖြစ်မှန်ကို ရှာမတွေ့သေးခင် အချိန်ဖြုန်းဖို့ စာအုပ်တချို့ပေးလို့ရမလား.."

 

 “ရတယ်..” ကာလန် ချက်ချင်း သဘောတူလိုက်သည်။ "မနက်ဖြန် တစ်ယောက်ယောက်ကို လာပေးခိုင်းလိုက်မယ်..."

 

 ကုဟွိုက် ထိုစကားကိုကြားပြီး ပြုံးလိုက်ပြန်သည်။ သူ၏စိတ်အခြေအနေ ကောင်းမွန်နေခြင်းကြောင့် ကာလန်၏ဒေါင်လိုက် မျက်ဆံများသည် အနည်းငယ် ကျုံ့သွားသည်။

 

 စကားဝိုင်းအဆုံးတွင် ကာလန် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

 

 ကာလန် ထွက်သွားသောအခါ တံခါးအပြင်ဘက်တွင် မိုးမှောင်မျှော်စင်စစ်သားများစွာ ရှိနေသည်။ အခန်းထဲသို့ ခိုးကြောင်ခိုးဝှက်နှင့်ကြည့်ကာ အခန်းရှေ့မှ ဖြတ်သွားသလိုဟန်ဆောင်ခဲ့ကြသည်။ သူတို့အားလုံးတွင် တူညီသောမျက်ဆံများရှိကြပေသည်။ ဤအခန်းထဲတွင် သော့ခတ်ထားသော ကုဟွိုက်ကို တွေ့လိုက်ရသောကြောင့် အခန်းတံခါးသည် သူတို့အတွက် နားမလည်နိုင်သော ဆွဲဆောင်နိုင်သည့်အရာတစ်ခုဖြစ်လာသည်။ သူတို့ လာမကြည့်ဘဲ မနေနိုင်ကြပေ။

 

 "အဲလ်ဗ်" ကုဟွိုက်သည် သူမှလွဲ၍ မည်သူမျှမရှိသော အခန်းထဲတွင် အလ်ဗ်၏နာမည်ကို လှမ်းခေါ်လိုက်သည်။

 

 ဤနေရာသို့ မလာခင်က ကုဟွိုက်သည် အဲလ်ဗ်နှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။ အခန်းထဲတွင် စောင့်ကြည့်ကင်မရာမရှိလျှင် အလ်ဗ်သည် ပေါ်လာနိုင်သည်။ စောင့်ကြည့်ကင်မရာရှိလျှင် ကုဟွိုက်သည် သူ့ကိုယ်သူ စကားပြောနေလိမ့်မည်။ ကုဟွိုက်သည် နာမည်တစ်ခုကို တိတ်တဆိတ်ခေါ်လိုက်သောအခါ အရပ်ရှည်ပြီး လှပသော ငွေရောင်ဆံပင်များနှင့် ဇက်သည် အခန်းထဲရှိ အမှောင်ရိပ်တစ်ခုထဲမှ ထွက်ပေါ်လာပြီး ကုဟွိုက်၏ဘေးနားသို့ လျှောက်လာခဲ့သည်။

 

 "ညစာစားရအောင်..." ကုဟွိုက်သည် ချောင်းဟန့်လိုက်ပြီး နိုမစ်ငါးများပါသည့်ပန်းကန်ပြားကို အလ်ဗ်၏အရှေ့တွင် ချထားလိုက်သည်။ "ငါ့ကို အရိုးကူနွှင်ပေးလို့ရမလား.."

 

 ကုဟွိုက် ဤငါးအမျိုးအစားကို မစားနိုင်ပေ။ ပထမအကြိမ်စားစဉ်က အလ်ဗ်သည် သူ့အား အရိုးကူနွှင်ပေးခဲ့သည်။ ယနေ့ အလ်ဗ်သည် သူနှင့်အတူရှိနေသောကြောင့် ထိုငါးမျိုးကို စားချင်သည်ဟု ကုဟွိုက် ပြောလိုက်ခြင်းဖြစ်သည်။

 

 ငါးစားသည့်အခါ တစ်ဖက်လူအား အရိုးကူနွှင်ပေးရန် တောင်းဆိုချင်သောကြောင့် သူတို့ အတူတူ စားသင့်သည်ဟု ကုဟွိုက် ပြောခဲ့သည်။အလ်ဗ်က ငါး၏အခွံမာကို ကူညီခွာပေးနေချိန်တွင် ကုဟွိုက်သည် ဝန်ထုပ်ဝန်ပိုးဖြစ်သော ခံစားချက်များကို ပေါ်ပေါက်လာရန် အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ငါးအရိုးနွှင်ခြင်းသည် အလ်ဗ်အတွက် အနည်းငယ်မျှပင် အားစိုက်ထုတ်ရန် မလိုအပ်သောကြောင့်ဖြစ်သည်။ ငါး၏မျက်နှာပြင်ကို ဓါးဖြင့် ခွာထုတ်လိုက်ပြီး ငါးအရိုးများအားလုံးကို ဂရုတစိုက်ဆွဲထုတ်ကာ ငါးကို ပန်းကန်ပြားပေါ်သို့ တင်လိုက်သည်။

 

 “ကြောင်တစ်ကောင်အတွက် ငါးစားရတာ တကယ်ကောင်းတယ်ပေါ့...” ကုဟွိုက် သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်သည်။

 

 "ကြောင်လား..." အလ်ဗ်၏မျက်လုံးများက အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။

 

 သူ တိုးတိုးလေး ပြောလိုက်သောစကားများကို တစ်ဖက်လူကြားရလိမ့်မည်ဟု ကုဟွိုက် မမျှော်လင့်ထားပေ။ ကုဟွိုက်သည် သူ့ပါးကို ကုတ်ကာ အသံထွက်ပြီးပြောလိုက်သည်။ 


“အဲဒါက အရမ်းချစ်စရာကောင်းတဲ့ သတ္တဝါလေ.."

 

 ထို့နောက် သူ့ရှေ့၌ရှိသော ကြောင်ကြီးရှေ့တွင် တခြားသူများအား ချစ်စရာကောင်းသည်ဟု မပြောရန် ကတိပေးထားခဲ့သည်ကို ကုဟွိုက် အမြန်သတိရသွားသည်။ တစ်ဖက်လူသည် ပျော်ရွှင်လိမ့်မည်မဟုတ်ပေ။

 

 သူ့၏ဆက်လက်အသက်ရှင်သန် လိုသောခံစားချက်သည် ကုဟွိုက်အား ၎င်းအတွက် တန်ပြန်ပြောဆိုနိုင်စေခဲ့ပြီး သူသည် စိတ်အားထက်သန်စွာပြောလိုက်သည်။ 


“တခါတလေ မင်းက ကြောင်တစ်ကောင်လိုမျိုး ငါ့ကို ခံစားရစေတယ်။ အမ်... ကြောင်အကြီးကြီးလိုမျိုးပဲ။ ဘာကြောင့်လဲဆိုတော့ မင်းက ချစ်ဖို့ကောင်းတယ်၊ ဒါကြောင့် ကြောင်လေးကလည်း ချစ်ဖို့ကောင်းလိမ့်မယ်လို့ ငါ ထင်တယ်..."

 

 အဲလ်ဗ်၏အနောက်ရှိ ငွေမှင်ရောင်အမြီးက အပေါ်အောက်လှုပ်ရမ်းနေသည်။ ကုဟွိုက် ထိုသို့ပြောပြီးသည်နှင့် အမြီးသည် မြှောက်တက်သွားပြီး အရမ်းကြီး မလှုပ်ရှားတော့ပေ။ ကုဟွိုက် ထိုသို့တန်ပြန်ပြောဆိုနိုင်မှုကို ရမှတ်အပြည့်ပေးလိုက်သည်။ အမြီးသည် ငြိမ်သက်သွားရုံသာမက အလ်ဗ်၏မျက်ဆံများသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ စကားမပြောသော်လည်း စိတ်အခြေအနေ ကောင်းမွန်လျှက်ရှိသည်မှာ ထင်ရှားသည်။

 

 ချစ်စရာကောင်းတယ်လို့ အခေါ်ခံရတာကို သူက ဘာလို့သဘောကျရတာလဲ။ သူ့ရှေ့တွင် မာနကြီးပြီး လျစ်လျူရှုတတ်သည့် ငွေရောင်ကြောင်တစ်ကောင်ရှိသော်လည်း ထိုကြောင်ကြီးသည် ချစ်စရာကောင်းသည်ဟု အခေါ်ခံရသည်ကို သဘောကျနေပေသည်။ ၎င်းသည် ကုဟွိုက်အား တစ်ဖက်သားသည် ပိုချစ်စရာကောင်းသည်ဟု ခံစားရစေရန်ပြုလုပ်ပေးနေသည်။ ထိုသူသည် အရမ်းချစ်စရာကောင်းသောကြောင့် ကုဟွိုက် အလ်ဗ်၏ဆံပင်များကို ထိရန်လက်မလှမ်းဘဲမနေနိုင်ပေ။ အလ်ဗ်သည် အလွန်နာခံပြီး သူ၏ဆံပင်ကို ကုဟွိုက် ပိုမိုလွယ်ကူစွာထိကိုင်နိုင်စေရန် ခေါင်းကိုပင် အနည်းငယ်ငုံ့ထားပေးခဲ့သည်။

 

 ညစာစားပြီး သိပ်မကြာခင်မှာပင် ကောင်းကင်ကြီးသည် လုံးဝအမှောင်ယံသို့ပြောင်းလဲသွားသည်။ ကုဟွိုက် အခန်းတွင်းရှိ တစ်ခုတည်းသောကုတင်ကို ကြည့်ပြီး အလေးအနက် စဉ်းစားလိုက်သည်။ အခန်းကို ဇိမ်ခံနေအိမ်တစ်ခုအဖြစ် ဒီဇိုင်းဆင်ထားသည်။ ဤမျှကြီးမားသောအခန်းတွင် ဒုတိယကုတင်ဟူ၍ မရှိပေ။

 

 ကံကောင်းထောက်မစွာပင် ကုတင်သည် အတော်အသင့် ကျယ်ဝန်းလှသည်။

 

 ကုဟွိုက် ဘယ်ဘက်တွင် နေရာယူလိုက်ပြီး ကုတင်၏ညာဘက်ခြမ်းရှိ လွတ်နေသောနေရာကို ပုတ်လိုက်ကာ "မင်းက ဒီမှာအိပ်"

 

 တကယ်တော့ အလ်ဗ်သည် အနားယူရန် သိပ်မလိုအပ်ပေ။ သို့သော်လည်း အဲလ်ဗ်သည် ကုတင်ပေါ်တွင် လဲလျောင်းနေသော အနက်ရောင်ဆံပင်နှင့်လူငယ်လေးကို ကြည့်ပြီး ကုတင်ဆီသို့ လျှောက်သွားကာ သူ့ယူနီဖောင်းကို ချွတ်လိုက်ပြီး မအိပ်ခင် ဘေး၌ဖယ်ထားလိုက်သည်။ ကုဟွိုက် ကုတင်ပေါ်တွင် လဲလျောင်းပြီး မကြာမီ အိပ်ပျော်သွားခဲ့သည်။ အဲလ်ဗ်က အမှန်တကယ် အိပ်မပျော်ခဲ့ပေ။

 

 ဇက်မျိုးနွယ်တစ်ခုလုံးတွင် ကုဟွိုက်တစ်ဦးတည်းသာ နေ့တိုင်း အိပ်လေ့ရှိသည်။ အခြားဇက်များသည် ရက်အနည်းငယ်ကြာမှသာ အိပ်လေ့ရှိကြသော်လည်း အိပ်ရန် လုံးဝမလိုအပ်ပေ။ တစ်ခါတစ်ရံမှသာ သူတို့သည် တစ်ရေးတစ်မော အိပ်လေ့ရှိသည်။ အလ်ဗ်သည် ရံဖန်ရံခါမှသာ အိပ်လေ့ရှိသည်။ ကုဟွိုက် အိပ်ပျော်သွားပြီးနောက် အလ်ဗ်သည် သူ၏အမြီးကို အကာအကွယ်ပေးသည့်ပုံစံဖြင့် တစ်ဖက်လူအား ဝန်းရံထားသည်။

 

 အိပ်ပျော်နေသောကုဟွိုက်သည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တစ်ခုခုကို ခံစားမိသောကြောင့် ထိုအရာကို ထိကိုင်ရန် မသိစိတ်ဖြင့် လှုပ်ရှားလိုက်သည်။ သူ ထိုအရာကို ခေါင်းအုံးတစ်ခုကဲ့သို့ ဆုပ်ကိုင်ထားသည်။ ပွေ့ဖက်လိုက်ပြီးနောက် ကုဟွိုက်သည် မသိစိတ်ဖြင့် ထိုအရာအား သူ့မျက်နှာနှင့် ပွတ်သပ်လိုက်သည်။ ထိုပွတ်သပ်လိုက်သည့်ဖြစ်စဉ်တွင် သူ့နှုတ်ခမ်းများသည် ထိုအမြီးကို မတော်တဆ ထိမိသွားလေသည်။ မထင်မှတ်ထားသည့်အနမ်းကြောင့် အဲလ်ဗ်၏နှုတ်ခမ်းများသည် စေ့ပိတ်သွားရသည်။ သူ့အမြီးကိုအသုံးချကာ လူငယ်လေးအား သူ့ရင်ခွင်ထဲသို့ တိတ်တဆိတ် ဆွဲသွင်းလိုက်သည်။

 

 နောက်တစ်နေ့တွင် ကုဟွိုက်နိုးလာပြီးနောက် အလ်ဗ်၏ အေးစက်ကာသွယ်လျသောလည်ပင်းကို တွေ့လိုက်ရသည်။ သူသည် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှပ်အင်္ကျီအဖြူကို ၀တ်ဆင်ထားသောကြောင့် ခွန်အား၊ အလှတရားတို့ဖြင့် ပြည့်နှက်နေသော သူ၏ခန္ဓာကိုယ်ကောက်ကြောင်းများသည် ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။ ယခု အလ်ဗ်သည် ကုဟွိုက်နှင့် အလွန်နီးကပ်သောနေရာတွင် ရှိနေသည်။

 

 ကုဟွိုက် စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားသည်။ သူ တစ်ဖက်လူ၏အမြီးကို ကိုင်ထားကြောင်း တွေ့လိုက်သည်နှင့် ပို၍ပင် အံသြသွားရသည်။ သူ့အိပ်တဲ့အကျင့်က အရမ်းဆိုးရွားနေလား... ကုဟွိုက် သူ့ကိုယ်သူ သံသယမဝင်ဘဲမနေနိုင်ပေ။ သူကိုင်ထားသည့်အမြီးနှင့် ဘာလုပ်ရမလဲ တွေးနေစဉ် တံခါးနားသို့ လျှောက်လှမ်းလာသော ခြေသံများက သူ့အား ကယ်တင်လိုက်လေသည်။

 

 ခြေသံများသည် ပေါ့ပါးကာ အနည်းငယ်တိုးလျသော်လည်း အဲလ်ဗ်က ၎င်းတို့ကို ကြားနေရသည်။ သူ့ယူနီဖောင်းအင်္ကျီကို ပြန်ဝတ်လိုက်ပြီး အမှောင်ရိပ်ထဲတွင် ပုန်းနေလိုက်သည်။ အခန်းထဲသို့ဝင်လာသောသူမှာ ကာလန်ဖြစ်သည်။ မနေ့က ကုဟွိုက် သူ စာအုပ်လိုချင်ကြောင်း ပြောခဲ့သည်။ ယနေ့တွင် ကာလန်သည် သူ့လူများအား ကြီးမားသောစာအုပ်စင်ကြီးကို အခန်းထဲသို့ ရွှေ့ခိုင်းခဲ့သည်။ သူသည် စာအုပ်စင်ကြီးကို အခု ရွှေ့နေခြင်းဖြစ်သည်။

 

 “စာအုပ်တွေ အများကြီးပဲမလို့ အချိန်ခဏလောက်တော့ ဖတ်ဖို့ လုံလောက်မှာပါ..” ကုဟွိုက် စာအုပ်စင်ကို ကြည့်ကာ ပြောလိုက်သည်။

 

 ကာလန်သည် ကုဟွိုက်၏တောင်းဆိုမှုအား ကျေနပ်အောင်လုပ်ဆောင်နိုင်ခဲ့သောကြောင့် ပျော်ရွှင်သွားသည်။ “တကယ်တော့ ဒီထက်ပိုပြီးအများကြီးရှိသေးတယ်။ ငါ သူတို့ထဲကတချို့ကိုပဲ ရွှေ့လာခဲ့တာ.."

 

 “ငါ ဒါတွေ အကုန်ဖတ်လို့ မနိုင်ဘူး။ ငါ့မိသားစုက ငါ့ဆီကို မကြာခင်လာတွေ့လိမ့်မယ်။ နားလည်မှုလွဲမှားတာကြောင့် အဖမ်းခံရတယ်လို့ မင်းဆုံးဖြတ်လိုက်ရင် ငါ့မိသားစု ဒီကိုရောက်လာတဲ့အခါကျ ငါထွက်သွားလို့ရနိုင်တယ်မလား.." ကုဟွိုက် မေးလိုက်သည်။

 

 မိသားစု... ထွက်သွားမယ်...

 

 ထိုစကားလုံးများသည် ကာလန်၏ပျော်ရွှင်မှုအား လျော့ပါးသွားစေသော်လည်း သူ ခေါင်းညိတ်လိုက်ပြီး “အင်း"

 

 "ဒါနဲ့ပြောရရင် မင်းမျက်လုံးတွေက ငါ့မိသားစုရဲ့မျက်လုံးတွေနဲ့ အရမ်းတူတယ်.." ကုဟွိုက် ဖြေးညှင်းစွာ ပြောလိုက်သည်။


 "မင်းက ဘာမျိုးနွယ်လဲဆိုတာ ငါ သေချာမသိနိုင်ပေမယ့် မင်းမျက်လုံးတွေက ငါ့ကို အရမ်းရင်းနှီးတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တယ်..."

 

 ကာလန်၏ခံစားချက်သည် အတက်အဆင်းနှင့် ပြည့်နေသော ရိုလာကိုစတာစီးနေရသလိုပင်။ ကုဟွိုက်၏စကားကြောင့် သူ အလွန်ပျော်ရွှင်သွားသည်။

 

 "အရင်က လော်ဒါကြယ်မှာ မင်းရဲ့အဖွဲ့အစည်းနာမည်က မိုးမှောင်မျှော်စင်လို့ ငါကြားဖူးခဲ့ သလားလို့..." ကုဟွိုက်က သာမာန်အကြောင်းအရာတစ်ခုကဲ့သို့ ပြောလိုက်သည်။ “မိုးမှောင်မျှော်စင်က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ.."

 

 ကာလန်သည် ထိုမေးခွန်းကို အမေးခံရပြီးနောက် သူ့ဦးနှောက်က လျင်မြန်စွာ စတင်လည်ပတ်လာခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ အချိန်ခဏလောက်သာ ကြာသေးသော်လည်း သူ့ရှေ့ရှိ လူငယ်လေးသည် တကယ့်ကို နူးညံ့သိမ်မွေ့သည်ဟု ခံစားရသည်။ သူတို့၏အဖွဲ့အစည်းသည် ဥက္ကာခဲနှင့် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်း၏ဌာနချုပ်အား ပစ်မှတ်ထားနေသည်ကို ကာလန် တွေးမိပြီး သူ့နှုတ်ခမ်းများ တုန်လှုပ်နေခြင်းကို မရပ်တန့်နိုင်ပေ။

 

 မဟုတ်ဘူး၊ သူဒီလို ပြောလို့ မရဘူး... သူ့ရှေ့ရှိ လူငယ်လေး၏ပျော့ပျောင်းသော အနက်ရောင်ဆံပင်များကို ကြည့်လိုက်ပြီး ကာလန်သည် သူ့စိတ်ထဲရှိ မရေမတွက်နိုင်သည့် အဖြေများကို မြန်မြန်ဆန်ဆန် ရှင်းထုတ်ပစ်လိုက်ပြီး နောက်ဆုံးတွင် မစဉ်းစားဘဲ ပြောချလိုက်သည်။

 

 “ငါတို့က အများအကျိုးဆောင်ရွက်တဲ့ ပရဟိတအဖွဲ့အစည်းပါ..."

 

 စာရေးသူမှာ ပြောစရာရှိပါတယ်။

 

 ဟွိုက်ပေါင်း (မျက်တောင်ခတ်လျှက်) : ငါ့မှာ စားစရာမရှိဘူးလား။


  ကာလန်: ချက်ချင်း သေဆုံးသွားသောပုံ


Chibi Version - ချီဘီဗားရှင်း