အခန်း ၄၆
Viewers 10k

Chapter 46

CHAPTER 46


တစ်ခန်းလုံး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ကာလန် ထိုသို့ပြောပြီးနောက် သူ့အမူအရာမှာ တစ်ခဏမျှ ရှုံ့တွသွားပုံပေါ်သော်လည်း သူ့မျက်နှာသည် နောက်ဆုံးတွင် အေးစက်သွားခဲ့သည်။


ကုဟွိုက် ထိုသို့သောအဖြေကို ကြားရမည်ဟု မမျှော်လင့်ထားသော်လည်း သူ၏တုံ့ပြန်မှုသည် အတော်လေးမြန်ဆန်လှသည်။ သူမျက်တောင်ခတ်လိုက်ပြီး ပြန်ပြောလိုက်သည်။


 “အိုး၊ အဲဒါက ပရဟိတအဖွဲ့အစည်းပဲ.."


“ဟုတ်တယ်..” ကာလန် ခေါင်းညိတ်ပြလိုက်သည်။


"အဲဒါကောင်းတယ်.." ကုဟွိုက် ပြုံးလိုက်သည်။ “ပရဟိတလုပ်တဲ့သူတွေက အရမ်းစိတ်သဘောကောင်းရှိတယ်လို့ ထင်တယ်။ အဲဒီလိုလူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံရ တာ အဆင်ပြေတယ်..."


လူငယ်လေးသည် သူ့စကားများအား သံသယမဝင်သည်ကို မြင်ပြီး ကာလန်၏အမူအရာမှာ တောင့်တင်းသွားကာ မရေမရာပြန်ဖြေလိုက်သည်။


 “အမ်... ဖြစ်နိုင်ပါတယ်..."


ကုဟွိုက်၏မျက်နှာက ပြုံးနေသော်လည်း သူ ရယ်ချင်နေသည်ကို မထိန်းချုပ်နိုင်ပေ။ သူသည် အခန်းထဲ မျက်နှာချင်းဆိုင်တွင်ရှိနေသော စာအုပ်စင်ဘက်သို့ အကြည့်လွှဲလိုက်ပြီး ကြုံရာစာအုပ်တစ်အုပ်ကို အမှတ်တမဲ့ လှမ်းယူလိုက်သည်။ စာအုပ်အဖုံးကို ငုံ့ကြည့်ကာ မေးလိုက်သည်။ 


“ဒါဆို ဘာလို့ လူတွေကို ဖမ်းရတာလဲ။ မနေ့က ငါ ညှဉ်းပန်းနှိပ်စက်ရေးအဖွဲ့အကြောင်း တစ်ခုခုကြားလိုက်သလားလို့..."


အဆိုတင်သွင်းရန်—


ကာလန်၏မျက်ခွံများ တုန်လှုပ်သွားပြီး သူ့ဦးနှောက်များကို ဆက်လက် ညှင်းပန်းနှိပ်စက်လိုက်သည်။ “ညှဉ်းပန်းနှိပ်စက်ရေးအဖွဲ့က ငါတို့အဖွဲ့အစည်းနဲ့ တကယ်မသက်ဆိုင်ဘူး။ အဲဒါက ဒီဂြိုဟ်ပေါ်က အစိုးရဌာနလေ..."


“ငါတို့အဖွဲ့အစည်းက ဂြိုဟ်ပေါ်က အစိုးရနဲ့ ရင်းနှီးတယ်၊ နောက်ပြီး အရေးကြီးတဲ့ တရားခံပြေးတွေ ထွက်ပြေးသွားတယ်လို့ ပြောတဲ့အတွက် လူတွေကို ဖမ်းပေးတာ။ ငါတို့ဘက်က ကူညီပေးဖို့ ကမ်းလှမ်းခဲ့တာလေ...”


 ကာလန်၏လိမ်ညာမှုများသည် ထိုနေရာတွင် ရပ်တန့်သွားပြီး “ဒါပေါ့ မင်းက တရားခံပြေးမဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်။ အဲဒါက နားလည်မှုလွဲတာဆိုပေမယ့် လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ အချိန်လိုသေးတာကြောင့် ငါ မင်းကို အခန်းအပြင် ပေးထွက်လို့မရနိုင်သေးဘူး.."


သူသာ တစ်ဖက်လူကို အခုချက်ချင်း လွှတ်လိုက်လျှင် ဤနေရာမှာပင် ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ ကာလန်သည် သူ့ကိုယ်သူ လက်ခံလာအောင် လိမ်ညာရန်ကြိုးစားခဲ့သည်။


ကုဟွိုက်က သူနားလည်ကြောင်းနှင့် ပိတ်လှောင်ခံထားရသည်ကို သူ စိတ်မဆိုးကြောင်း ဖော်ပြရန် ခေါင်းညိတ်ပြလိုက်သည်။


“ဘယ်လိုတက်ကြွလှုပ်ရှားမှုတွေကို မကြာခဏပြုလုပ်လေ့ရှိလဲ။ ငါ့ကို ပြောပြလို့ရမလား။ ငါက ပရဟိတအဖွဲ့အစည်းတွေကို အရမ်းစိတ်ဝင်စားတယ်...”


 ကုဟွိုက်က တစ်ဖက်ကပြောဆိုလာသည့်အကြောင်းအရာအတိုင်း အလိုက်သင့်လေး ဆက်လက်ပြောဆိုခဲ့ပြီး သူ၏နှုတ်ခမ်းထောင့်များမှာ အနည်းငယ်ပို၍ ကွေးတက်သွားခဲ့သည်။


ကာလန်သည် အတန်းပိုင် ဆရာတစ်ယောက်က နွေရာသီ အိမ်စာများကို စစ်ဆေးခံနေရသော ကျောင်းသားတစ်ယောက်ကဲ့သို့ပင်။ သူ အလျင်အမြန်စဉ်းစားလိုက်ပြီး “ငါတို့က... လူ့အသိုင်းအဝိုင်းကို ရင်းနှီးနွေးထွေးမှုတွေ ပို့ဆောင်ပေးတယ်။ ပြီးတော့ အနီးပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပေးတယ်.."


—ကာကွယ်စောင့်ရှောက်မှုအတွက် အခကြေးငွေများကောက်ခံသည်။


“အိုးမဲ့အိမ်မဲ့တွေကို ထိန်းသိမ်းထားလိုက်..."


—မိုးမှောင်မျှော်စင် စစ်သားများအဖြစ် စုဆောင်းသည်။


“ငါတို့က ဂြိုဟ်ရဲ့ လက်ရှိအစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း ကူညီပေးတယ်.."


နီရာကြယ်တွင် အစိုးရမရှိသောကြောင့် နောက်ဆုံးစကားက လုံးဝ အဓိပ္ပာယ်မရှိပေ။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ အုပ်ချုပ်မထားသော ဤမိုးမှောင်ဧရိယာတွင် နဂါးငွေ့တန်းရှိ အင်အားစုအားလုံးသည် အလွန်ဖရိုဖရဲဖြစ်နေပြီး ဤနေရာရှိ ဂြိုဟ်တိုင်းက အလွန်ရှုပ်ထွေးနေသည်။ ဤသို့သောဖရိုဖရဲဖြစ်နေမှုသည် ဂြိုဟ်ပေါ်ရှိ မငြိမ်သက်မှုကို ရည်ညွှန်းနေသည်။ သို့သော် ရိုးရိုးသားသား ပြောရလျှင် မိုးမှောင်မျှော်စင်သည် နီရာကြယ်တွင် အမြစ်တွယ်အခြေချပြီးကတည်းက နီရာကြယ်၏လုံခြုံရေးက သိသိသာသာ ကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် ကာလန်သည် သူတို့က အနီးပတ်ဝန်းကျင်ကို ကာကွယ်ပေးနေသည်ဟု သူပြောလာသောအခါ လိမ်ညာခဲ့ခြင်းမရှိပေ။


“အဲဒါတွေအားလုံးက အရမ်းအဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်..” ကုဟွိုက် ချီးကျူးစကားဆိုကာ ပူးပေါင်းဆောင်ရွက်လိုက်သည်။


ကာလန်သည် ကုဟွိုက်၏ချီးကျူးမှုအတွက် အပြစ်ရှိသလိုခံစားခဲ့ရသည်။ မိုးမှောင်မျှော်စင်၏ အခြေအနေမှန်ကို ဤလူအား သိခွင့်မပေးနိုင်ဟု သူ ပို ပိုပြီး သန္နိဌာန်ချခဲ့သည်။


အကယ်၍ လူငယ်လေးသာ သူတို့၏အဖွဲ့အစည်းက အမှန်တကယ် လုပ်ဆောင်နေသည့်အရာများကို သိသွားလျှင် လိမ်ညာလှည့်စားခြင်းအတွက် စိတ်ဆိုးခြင်းမရှိလျှင်တောင် သူတို့အား ပြုံးပြုံးလေးဖြင့် ချီးမွမ်းရန်နေနေသာသာ နူးညံ့သိမ်မွေ့သောအပြုအမူဖြင့်ပင် ဆက်ဆံလိမ့်မည်မဟုတ်ပေ။


"မကြာသေးခင် အချိန်တွေတုန်းက ကြယ်တာရာအစုအဝေးတွေကြား လမ်းကြောင်းတွေက မလုံခြုံဘူး။ အဲဒါက ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေပုံပဲ။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို ဥက္ကာခဲလို့ခေါ်တဲ့ လက်နက်တစ်မျိုးနဲ့ ပစ်မှတ်ထားနေတယ်လို့ ပြောကြတယ်။ အခြေအနေက အရမ်းစိုးရိမ်ရတယ်...” ကုဟွိုက်သည် ထိုဥက္ကာခဲအကြောင်းကို ပြောကာ စိုးရိမ်မှုအချို့ကို ပြသခဲ့သည်။


ကာလန်သည် ထိုစကားကိုကြားပြီး သူ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။ ထို့နောက် သူ အစမ်းသဘောဖြင့် မေးကြည့်လိုက်သည်။


 “... မင်းက ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းကို စိတ်ပူနေတာလား"


ကုဟွိုက် ပုံမှန်လေသံနှင့် ပြန်ဖြေလိုက်သည်။ 


“စိုးရိမ်တယ်၊ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းက စကြဝဠာရဲ့တည်ငြိမ်မှုကို ထိန်းသိမ်းပေးထားတာကြောင့် အရမ်းအရေးကြီးတယ်။ ငြိမ်းချမ်းရေးသင်္ကေတ ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်၊ ဒါကြောင့် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းကို စိုးရိမ်တယ်လို့ပြောသင့်တယ်လေ..."


“လက်ရှိဘေးကင်းနေတဲ့ ပတ်ဝန်းကျင်ကို ဖရိုဖရဲ မဖြစ်စေချင်ဘူး။ အင်း... တကယ်တော့ အဓိကအကြောင်းအရင်းက ငါ့မိသားစုကို အန္တရာယ်မဖြစ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်က ဖရိုဖရဲပတ်ဝန်းကျင်မှာထက် အများကြီးလျော့နည်းသွားမှာပဲ မဟုတ်ဘူးလား..” ကုဟွိုက် စာအုပ်၏ပထမစာမျက်နှာကို ဖွင့်လိုက်ပြီး နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။


“...” ကာလန်သည် မျက်လုံးမှိတ်ပြီး လူတစ်စုနှင့်အတူ ပြုလုပ်ထားသည့် ဥက္ကာခဲအကြောင်း တွေးနေကာ စကားမပြောဝံ့ပေ။


ကာလန်သည် ဤနေရာတွင် ဆက်လက်နေထိုင်ပြီး တစ်ဖက်လူအား မျက်နှာချင်းဆိုင်ရန် ကြောက်ရွံ့နေခဲ့သည်။ "ဒါဆို မင်း အရင်ဖတ်ထားနှင့်၊ ငါ အလုပ်ရှုပ်နေလို့ သွားလိုက်အုံးမယ်။ မင်း အခန်းထဲကနေ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားပေးပါ့မယ်..."


“ကောင်းပါပြီ..” ကုဟွိုက် အလွယ်တကူ ခေါင်းညိတ်လိုက်သည်။


သူ အခန်းထဲမှ ထွက်သွားပြီးသည်နှင့် ကာလန်သည် အခြေစိုက်စခန်း၏နေရာတော်တော်များများမှ စစ်သားများကို ချက်ချင်း ခေါ်ယူလိုက်သည်။


သူ လုပ်ငန်းစဉ်ကို စတင်ရမည်။ ၎င်းသည် သူတစ်ယောက်တည်း မပြုလုပ်နိုင်သည့် လိမ်ညာမှုတစ်ခုပင်။ အခြေစိုက်စခန်းရှိ တခြားသူများကိုလည်း သူနှင့်အတူ ဟန်ဆောင်ရပေမည်။ ဧရိယာ-အေမှ ဧရိယာ-စီအထိ စစ်သားများသည် ဦးစွာရောက်ရှိလာကာ ကော်လင်က သူတို့ကို မေးမြန်းလိုက်သည်။ “မိုးမှောင်မျှော်စင်က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ.."


စစ်သားများသည် ခေတ္တမျှ စကားမပြောနိုင်ဘဲ ထူးဆန်းသောအကြည့်များဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။


“...လက်နက်ကိုင်အဖွဲ့အစည်းလား..” မိုးမှောင်မျှော်စင်မှ စစ်သားတစ်ဦးက ကြိုးစားဖြေဆိုလိုက်သည်။


ကာလန် ထိုသူ့ကို တိတ်တဆိတ် စိုက်ကြည့်လိုက်ပြီး “မှတ်ထား၊ တစ်ကြိမ်ပဲပြောမယ်။ ငါတို့က ကြင်နာတတ်တဲ့ ပရဟိတအဖွဲ့တစ်ခုပဲ။ တစ်ယောက်ယောက်က မေးရင် အဲဒီလိုပဲ ပြန်ဖြေရမယ်.."


ထိုနေရာတွင်ရှိနေသော စစ်သားများ, "?"


သူတို့သည် 'ပရဟိတ' ဟူသော စကားလုံးကို ကြားလိုက်သောအခါ ရယ်ချင်သွားသော်လည်း စစ်သားများ သူတို့ဒုတပ်မှူး၏ လေးနက်သောလေသံနှင့် လုံးဝ လေးနက်သောအမူအရာကြောင့် မရယ်နိုင်ပေ။ သို့သော် ပရဟိတအဖွဲ့အစည်းတစ်ခု... မိုးမှောင်မျှော်စင်ကိုထိုကဲ့သို့ သတ်မှတ်ရန် အလွန်အကျွံဖြစ်နေသည်။ ဟာသတစ်ခုပြောနေသကဲ့ပင်။ သို့သော် နားထောင်သူများမှာ မရယ်နိုင်ကြပေ။


ဒုတိယတပ်မှူးသည် အဘယ်ကြောင့် ထိုကဲ့သို့ထူးဆန်းသည့် တောင်းဆိုမှုမျိုးကို ရုတ်တရက် တောင်းဆိုခဲ့လဲကို သူတို့ လုံးဝနားမလည်နိုင်သော်လည်း စစ်သားများမှာ ထုတ်လည်းမမေးရဲကြပေ။ အမိန့်နာခံရန်အပြင် အခြားနည်းလမ်းမရှိခဲ့။ ထို့နောက် နောက်တစ်နေ့တွင် မိုးမှောင်မျှော်စင် စစ်သားအများစုသည် အကြောင်းပြချက်ကို နားလည်သွားကြသည်။


ထိုနေ့တွင် ကုဟွိုက်သည် သူ့အခန်းမှ အပြင်ထွက်ခွင့် ရရှိခဲ့သည်။ လုပ်ထုံးလုပ်နည်းများ ပြီးသွားခဲ့ပြီး အခန်းထဲတွင် ဆက်နေရန် မလိုတော့ကြောင်း ကာလန်က ပြောပြလာသည်။ ကုဟွိုက် အပြင်ထွက်ကာ လျှောက်သွားနိုင်သည်။


"မင်း ဒီအခန်းထဲက ထွက်သွားနိုင်ပေမယ့် အခြေစိုက်စခန်းကနေတော့ ထွက်သွားလို့မရဘူး..." သူ ဆက်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ စခန်းအပြင်ဘက်မှာ လုံခြုံမှုမရှိဘူး။ လုံခြုံရေးဆိုင်ရာ ပြဿနာတွေရှိနေသေးတယ်။ မင်းရဲ့မိသားစုက မင်းဆီလာမယ်လို့ ပြောခဲ့တယ်။ သူတို့ ဒီကို ရောက်မလာခင် ငါတို့အဖွဲ့အစည်းရဲ့ အခြေစိုက်စခန်းခံမှာ ရှိနေတာက မင်းအတွက် ပိုကောင်းတယ်.."


"ကောင်းပြီ၊ အဲလိုပဲ လုပ်လိုက်ပါ့မယ်..." ကုဟွိုက် ပြန်ဖြေလိုက်သည်။


ကာလန်သည် တုန့်ဆိုင်းစွာ မေးလိုက်သည်။ "မင်းကို ဟိုဟိုဒီဒီလိုက်ပြဖို့ ငါ့ကိုလိုသေးလား..."


ကုဟွိုက် ခေါင်းယမ်းကာ ပြုံးပြလိုက်သည်။ “ဒုက္ခမခံပါနဲ့။ ကိုယ်ဘာသာပဲ လျှောက်ကြည့်လိုက်ပါ့မယ်။ ငါ လမ်းမပျောက်ပါဘူး..."


မိုးမှော်မျှော်စင်၏ အခြေစိုက်စခန်းတွင် လျှောက်သွားနေစဉ် ကုဟွိုက် လမ်းပျောက်သွားလိမ့်မည် မဟုတ်သည်မှာ သိသာသည်။ သို့သော် သူကိုယ်တိုင် လျှောက်သွားနေသည်ကို ပယင်းရောင်ဒေါင်လိုက် မျက်ဆံများပါရှိသည့် စစ်သားအားလုံး သူ့ကိုတွေ့သောအခါ နေရာတွင် အေးခဲသွားကြသည်။


အခြေစိုက်စခန်းမှာ အရင်က သူတို့ မတွေ့ဖူးတဲ့လူတစ်ယောက် ဘယ်လိုလုပ်ရှိနေရတာလဲ... ဤလူသည် သူတို့အထက်လူကြီး၏ ခွင့်ပြုချက်ကို ရရှိခဲ့ခြင်းသာ ဖြစ်နိုင်သည်။


အစပိုင်းတွင် ဇက်ဗီဇပါရှိသောသူများကို မျိုးရိုးဗီဇက ဆွဲဆောင်ထားသော်လည်း သူတို့သည် တဖက်လူကို ချဉ်းကပ်ရန် သို့မဟုတ် နီးကပ်ရန်ပင် မဝံ့ရဲကြပေ။


အဓိကအကြောင်းရင်းသည် နားလည်ရခက်သော အဆင့်နိမ့်သည့် အနှိမ်ခံ ခံစားချက်ကြောင့် ဖြစ်သည်။ သူတို့၏မျိုးရိုးဗီဇများအား ပြုပြင်ထားသည့် အသွင်သဏ္ဍာန်က မည်မျှထူးဆန်းနေသည်ကို သူတို့ကိုယ်တိုင် သတိပြုမိသောကြောင့်ဖြစ်သည်။ မိုးမှောင်မျှော်စင် စစ်သားများသည် ကုဟွိုက်ကို သူတို့အား မမြင်စေလိုကြပေ။


တခြားသူများ၏ မျက်လုံးများထဲတွင် စက်ဆုပ်ရွံရှာစရာအဖြစ် အကြည့်ခံရသည့်အခါ သူတို့တွင် မည်သည့်ခံစားချက်မှရှိမနေတော့ပေ။ သူတို့သည် ဟိုးအရင်ကတည်းက ယုံကြည်မှု၊ မျှော်လင့်ချက်များ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဇက်ဗီဇကြောင့် ကုဟွိုက်အား ပိုပြီးအာရုံမစိုက်ဘဲ မနေနိုင်ပေ။ ထို့ကြောင့် သူတို့သည် ကုဟွိုက်ထံမှ အခြားသူများနီးတူ ရွံရှာသောအကြည့်များဖြင့် ကြည့်လာမည်ကိုလည်း မလိုချင်ကြပေ။


သို့သော် ကုဟွိုက်၏အကြည့်များသည် အပျက်သဘောဆောင်သည့် ခံစားချက်များမပါရှိဘဲ ပုံမှန်အတိုင်းရှိနေသည်ကို မိုးမှောင်မျှော်စင် စစ်သားများ မကြာခင်မှာပင် တွေ့ရှိသွားခဲ့ကြသည်။ အံ့အားသင့်ထိတ်လန့်သွားသည့် ခံစားချက်များ ရှိမနေဘဲ ကုဟွိုက်သည် သူတို့အား သာမာန်လူများကဲ့သို့ပင် ကြည့်လာသည်။


ထိုကိစ္စကို တွေ့ရှိပြီးနောက် စစ်သားများသည် ကုဟွိုက်၏ဆွဲဆောင်မှုကို တွန်းလှန်ရန် ခက်ခဲလာခဲ့သည်။ အခြေစိုက်စခန်းအနီးတဝိုက်တွင် သူတို့သည် ကုဟွိုက်နောက်သို့ လိုက်လာခဲ့ကြသည်။ ထိုအချိန်တွင် လူတိုင်းသည် ပရဟိတသမားများအဖြစ် ဟန်ဆောင်ရန် ကြိုးစားနေကြပြီး မြင်ကွင်းက အလွန်ရယ်စရာကောင်းလှသည်။


ဒုတိယတပ်မှူးသည် အခြေစိုက်စခန်းတွင် ဤမျှကြီးမားသောအရာကို ဖြစ်စေခဲ့ပြီး ခေါင်းဆောင်ကိုလည်း အသိမပေးခဲ့ပေ။ ဥက္ကာခဲ လွှတ်တင်ရန် နှစ်ရက်သာ လိုတော့သည်။ ကာလန် သူတို့၏ခေါင်းဆောင်စီဗာကို သွားတွေ့ခဲ့သည်။ ပုံမှန်အားဖြင့် ကော်လင်သည် ဆီဗာကို မချိပြုံး ပြုံးပြဝံ့ပြီး သူ၏အပြုအမူသည်လည်း ခေါင်းဆောင်နှင့်တွေ့နေသည်နှင့် မတူပေ။ သို့သော် ဤတစ်ကြိမ်တွင် သူသည် အလွန်အလေးအနက်ထားနေမှန်း သိသာပေသည်။


“ဥက္ကာခဲလွှတ်တင်ဖို့ သဘက်ခါက သိပ်ကောင်းမယ်လို့ ငါ မထင်ဘူး။ ဥက္ကာခဲ လွှတ်တင်ချိန်ကို နောက်ဆုတ်လိုက်ရင်ရော မင်း ဘယ်လိုထင်လဲ.."


"မကောင်းဘူး" စီဗာက အေးစက်စွာဖြေလိုက်သည်။


တခြားသူများထက်စောပြီး ပေါ်လာသည့် အရုပ်လေးကို သူ လျစ်လျူရှုထားနိုင်လျှင် တစ်ဖက်လူ၏စကားများကို ပိုယုံကြည်လာနိုင်ပေသည်။


ကာလန်သည် ၎င်းကိုသိပြီး ရိုးရိုးသားသားပြောလိုက်သည်။ "တကယ်တော့ ငါ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းကို ဖျက်ဆီးဖို့ သိပ်စိတ်မ၀င်စားဘူး..."


ကုဟွိုက်၏ပေါ်ပေါက်လာမှုက သူ့စိတ်ကို ပြောင်းလဲစေပြီး မိုးမှောင်မျှော်စင် စစ်သားအများစုသည်လည်း သူနှင့်အတွေးတူညီသည်ဟု ထင်မြင်ယူဆခဲ့သည်။ အကယ်၍ စီစဉ်ထားသည့်အတိုင်း ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း၏ဌာနချုပ်ကို ဖျက်ဆီးလိုက်မည်ဆိုလျှင် လူငယ်လေး မျက်မှောင်ကြုတ်နေသည်ကို မြင်တွေ့ရလိမ့်မည်။ ထိုအတွေးသည် သူ့အား အသက်ရှူရခက်စေသည်။


“...” စီဗာက ပြန်မဖြေပေ။ သူ၏မျက်နှာထားသည် အေးစက်နေသော်လည်း မကြာသေးမီက ကာလန်၏အမူအရာကို တွေ့လိုက်ရပြီး သဘောတူညီသည့် အပြုအမူတစ်ခုကို လက်ခံလိုက်သည်။


ဤတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ အတူတူပင်။ လူနှစ်ယောက်ကြား စကားစမြည်ပြောနေစဉ် ကုဟွိုက်သည် သူ့အခန်းထဲတွင်နေပြီး စာအုပ်တစ်အုပ်ဖတ်ကာ အချိန်ကုန်သွားခဲ့သည်။


သူ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့သည်ဟု ကုဟွိုက် ခံစားမိသည်။ ထိုနေ့များတွင် သူသည် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းကို မပျက်စီးစေလိုကြောင်း ထုတ်ဖော်ပြောဆိုရန် ကြိုးစားခဲ့သည်။ ဥက္ကာခဲ ရပ်တန့်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။ နှစ်ရက်အတွင်း ဘာဖြစ်မည်ဆိုသည်ကို ကုဟွိုက်လည်း မသိပေ။


ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း ဒုက္ခရောက်နေချိန် ဤနှစ်ရက်သည် ကုဟွိုက်အတွက် သာမန်စောင့်ဆိုင်းမှုများနှင့်သာ ပြည့်နေပေသည်။ ဂြိုဟ်ပေါ်ရှိ နေထိုင်သူများကို တတ်နိုင်သမျှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းများသာ ကျန်နေရစ်ခဲ့သည်။ မိုးမှောင်မျှော်စင်မှ သတ်မှတ်ပေးထားသော ဥက္ကာခဲလွှတ်တင်ရန် အချိန်နီးလေ၊ ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း၏ဌာနချုပ်ရှိ ဝန်ထမ်းများသည် ပို၍စိတ်လှုပ်ရှားလာလေဖြစ်သည်။


X လ၊ X နေ့၊ ၁၅:၀၀ နာရီ


အချိန်သည် အတိအကျ ရောက်ရှိလာပေပြီ။


စက္ကန့်လက်တံသည် စက်ဝိုင်းတစ်ပတ်အပြည့်လည်သွားပြီး မိနစ်လက်တံရွှေ့သည်နှင့်တပြိုင်နက် အလင်းတန်းကြီးတစ်ခုသည် စကြဝဠာ၏ တိတ်ဆိတ်ငြိမ်သက်နေသည့်အမှောင်ထုကို ဖြတ်ကျော်သွားသည်မှာ အရုဏ်တက်အလင်းရောင်ကဲ့သို့ပင်။ ထိုအလင်းတန်းသည် ဂြိုဟ်ပေါင်းများစွာကိုဖြတ်သန်းသွားပြီး ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်ဆီသို့ ဦးတည်သွားခဲ့သည်။


ကုဟွိုက်သည် ကြယ်တာရာကွန်ရက်ကို ကြည့်ရှုနေပြီး ထိုမြင်ကွင်းကို အချိန်နှင့်တပြေးညီနီးပါး ထုတ်လွှင့်နေခဲ့သည်။


'ငါ မတားလိုက်နိုင်ဘူး' ကုဟွိုက် စိတ်ထဲတွင် တွေးလိုက်မိသည်။


ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်သည် ဂြိုဟ်၏ ကာကွယ်ရေးစနစ်ကို အစောပိုင်းကတည်းက ဖွင့်လှစ်ထားခဲ့ပြီး ဂြိုဟ်တစ်ခုလုံးကို အကာအကွယ်အလွှာများစွာဖြင့် တင်းကျပ်စွာ ကာကွယ်ထားသည်။ အလင်းတန်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကိုယ့်စိတ်ဆန္ဒနှင့်ကိုယ် နေရစ်ခဲ့ကြသော ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း၏ အဖွဲ့ဝင်များအားလုံးသည် သူတို့သေရတော့မည်ဆိုပြီး စိတ်ကိုပြင်ဆင်ထားကြသည်။


အလွန်အားကောင်းသော စွမ်းအင်ရောင်ခြည်တန်းသည် မကြာမီ ဂြိုဟ်ဆီသို့ ချဉ်းကပ်လာပြီး ကျန်ရှိနေသော ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် သူတို့၏မျက်လုံးများကိုမှိတ်ထားရန် ငြင်းဆန်ခဲ့ကြသည်။ သူတို့သည် သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင်တောင် သူတို့၏ဂြိုဟ်ကို အဆုံးထိ စောင့်ကြည့်နေကြလိမ့်မည်။ ထို့နောက် အလင်းတန်းမရောက်မီ တစ်စက္ကန့်—


"ဘန်း—!"


ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ် တည်ရှိရာဂြိုဟ်၏ အရှေ့တွင် ရောင်စုံအကြီးစား မီးရှူးမီးပန်းများ ပေါက်ကွဲသွားခဲ့သည်။ ထိုအဖြစ်အပျက်ကို အာရုံစိုက်ကြည့်နေကြသူတိုင်းသည် မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားကြပြီး အားလုံး အေးခဲသွားကြသည်။


မီးရှူးမီးပန်းများ ပေါက်ကွဲပြီးသွားပြီးနောက် ဂြိုဟ်သည် ဘာမှဖြစ်မလာခဲ့ပေ။


ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်, "?"


မိုးမှောင်မျှော်စင်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာလား...


စာရေးသူမှာ ပြောစရာရှိပါတယ်။


မိုးမှောင်မျှော်စင်: စပရိုက်~


ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ် (ဆွံ့အသွားသော မျက်နှာများဖြင့်): mdzz!


 (T/n: mdzz က တရုတ်လို mā de zhìzhàng လို့အဓိပ္ပါယ်ရပြီး အင်္ဂလိပ်လို "f*ck, what an idiot." လို့အဓိပ္ပါယ်ရပါတယ်။)