အခန်း ၅၆
Viewers 11k

Chapter 56

Chapter 56


ကျောင်းအုပ်ကြီးက ငြင်းဆိုစကားပြောရန်အတွက် အလွန်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သူက ရိုးသားသည့်ပုံစံကိုသာ ပြသလိုက်ပြီး ကျောင်းအတွက် လျော်ကြေးပေးရန်မလိုကြောင်း ပြောကြားလိုက်သည်။ 


သူတို့သည် ဇက်များနှင့် သံတမန်ရေးရာပိုင်းတွင် အတူတည်ထောင်ကြရန် စိတ်ဝင်စားခြင်းတစ်ခုတည်းမဟုတ်ပဲ မနက်ဖြန်ဆိုလျှင် ကျောင်းသားများအား သင်ကြားပေးရန် ဇက်များရောက်လာပေလိမ့်မည်ဖြစ်သည်။ အနာဂတ်တွင် မျိုးနွယ်စုနှစ်ခုလုံးအတွက် ရေရှည်ကောင်းမွန်သောဆက်ဆံရေးကိုငဲ့တွက်ပြီး ထိုကိစ္စပေါ်တွင် ၎င်းတို့၏စိတ်သဘောထားများကို ပြသရန်လိုအပ်သည်။


ကျောင်းအုပ်ကြီးက ထိုသို့ပြောသည်နှင့် ဇက်များဘက်မှ တုံ့ပြန်မှုက—


ခံစားချက်မရှိသည့် အလ်ဗ် - “...”


ကာ့ပါးလီယာက မျက်မှောင်ကြုတ်လိုက်ကာ ထက်မြက်သည့်ဓားသွားက လက်ထဲမှ ရုတ်တရက်လွတ်ကျပြီး မြေပြင်ပေါ်သို့ ခြစ်မိသွားသည်။


“ဟမ့်” စီမိုဒို၏ ကြီးမားသောခန္ဓာကိုယ်က ပျင်းစရာကောင်းသည့်အသံပြုလုပ်ရင်း ရွေ့လျားလိုက်သည်။


နောက်ဆုံးတော့ အိုင်းယီက ပြတ်သားစွာပြောလိုက်သည်။ 


“ကျုပ်တို့ ငြင်းပယ်တယ်...”


ကျောင်းအုပ်ကြီးက တင်းမာစွာပြုံး၍ အေးခဲသွားရပြန်သည်။


“ခင်ဗျားတို့ရဲ့ ငြင်းဆန်မှုကို ထပ်ပြီးငြင်းပယ်ပါတယ် မငြင်းပါနဲ့တော့...”


ကျောင်းအုပ်ကြီးက ထိုအကြံညဏ်ကို နားလည်ပြီး တိတ်ဆိတ်စွာ ပြန်ပြောလိုက်သည်။ 


“ဒါဆို… ခင်ဗျားတို့ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...”


သူက လျော်ကြေးပေးရန်မလိုကြောင်းပြောခဲ့သော်လည်း ဇက်များကတော့ အတင်းအကျပ်ပေးရန် တောင်းဆိုနေသည်။ ယခင်က ထိုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှမကြုံတွေ့ခဲ့ဖူးသည့်အတွက် ကျောင်းအုပ်ကြီးမျက်နှာပေါ်က အပြုံးက ပို၍ ပို၍ အကျပ်တွေ့လာသလိုပင်။


ဇက်လေးယောက်က ကျောင်းမှ သူတို့အိမ်သို့ပြန်သွားကြသောအခါ ကုဟွိုက်က ခန်းမထဲရှိ ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး သုံးဖက်မြင်ရသည့် တီဗီစီးရီးတစ်ခုကို ကြည့်နေသည်။


ပြန်လာကြသောဇက်များကိုတွေ့သောအခါ သူ ခပ်မြန်မြန်ထရပ်လိုက်ပြီး မေးသည်။ 


“အဆင်ပြေခဲ့လား ကျောင်းက လူတွေက ဘယ်လိုပုံစံဖြစ်နေကြလဲ...” 


ဘယ်လိုပုံစံဖြစ်ရမှာလဲ…


ဇက်များ၏အမူအရာက တစ်ပုံစံတည်းဖြစ်ကြပြီး ချက်ချင်းပြန်မဖြေကြ။ အိုင်းယီက သေချာစဉ်းစားပြီး သူ့လက်ကိုမြှောက်ကာ အင်္ကျီကိုပြင်လျှက်ပြောလိုက်သည်။


 “သူတို့ ပျော်ပျော်ရွှင်ရွှင်ပဲ ပြုံးနေကြတာ...”


ပျော်ပျော်ရွှင်ရွှင်ပြုံးနေသည်တဲ့။ ထို့ကြောင့် မည်သည့်ပြဿနာမှဖြစ်ခဲ့ပုံမရချေ။


ကုဟွိုက်က သံသယကင်းကင်းနှင့် စိတ်ဒုံးဒုံးချလိုက်မိသည်။ “ဒါဆိုလည်း ကောင်းတာပေါ့..”


အိုင်းယီက မနက်ဖြန် ကျောင်းကိုပြန်သွားရမည်။ ကုဟွိုက်က ထိုကိစ္စကိုတွေးပြီးပြောလိုက်သည်။ “ငါမနက်ဖြန် မင်းနဲ့ ကျောင်းလိုက်ခဲ့မယ်...”


ထိုဇက်က ဆရာအဖြစ် မည်သည့်အတွေ့အကြုံမျှမရှိကြောင်းကို သူသိသည်။ ကုဟွိုက်က ထိုကိစ္စနှင့်ပက်သက်ပြီး ပို၍ဆင်ခြင်သင့်သည်ဟု ခံစားမိသည်။ အိုင်းယီက ပေါ့ပေါ့တန်တန်ပြုံးလိုက်ပြီး တုံ့ပြန်သည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။


 “ဒီလက်အောက်ငယ်သား နားလည်ပါပြီ မနက်ဖြန်ကျရင် အတူတူသွားဖို့ အရှင့်ကို စောင့်နေပါ့မယ်...”


ယနေ့မှာတော့ သူသည် လီဗင်ကြယ်ပေါ်တွင် လွတ်လွတ်လပ်လပ်သွားလာနိုင်သေးသည်။ ကုဟွိုက်က သူ့အနောက်ကလိုက်လာသည့် ဇက်များကို ထိုဂြိုဟ်ပေါ်တွင် ဘယ်ကိုသွားချင်သွားချင် သွားနိုင်ကြောင်း ပြောလိုက်သည်။ သူနှင့်အတူနေပေးစရာမလိုပေ။


ယေဘုယျအားဖြင့်ဆိုရလျှင် လီဗင်ကြယ်သည် ကောင်းမွန်သည့်ဂြိုဟ်ဖြစ်ပေသည်။ ကုဟွိုက်က သူ့ဘေးတွင် အစောင့်အကြပ်များ အများကြီးရှိနေသည်ဟု ခံစားရသည်။ ကုဟွိုက်က ထိုအကြောင်းကို အခန်းထဲတွင်ရှိသောဇက်များအားလုံးကို ပြောလိုက်သောအခါ သူတို့အားလုံး ငြိမ်သက်သွားကြသည်။ ရုတ်တရက်ဆိုသလိုပင် ကုဟွိုက်က ငေးကြည့်နေကြ၏။


“အရှင် ကျွန်တော်တို့မှာ သွားစရာနေရာမရှိပါဘူး” ဇက်စစ်သားတစ်ယောက်က ပြောလာသည်။


“ကျွန်တော်တို့က အရှင့်ကိုပဲတွေ့ချင်တာပါ..” နောက်ဇက်တစ်ယောက်က ထပ်ပြောသည်။ သူတို့အနေချင်ဆုံးသောနေရာက သူတို့၏ဘုရင့်ဘေးတွင်သာဖြစ်သည်။ သူတို့အတွက် ဘုရင့်လောက် ပိုပြီးဆွဲဆောင်မှုရှိနိုင်သည့် နေရာဟူ၍မရှိပေ။ သူတို့က ဘုရင်နှင့်သာအတူရှိနေချင်ကြပြီး ဘယ်ကိုမှမသွားချင်ကြပေ။


ကုဟွိုက် ဇက်များ၏အကြည့်ကိုခံနေရသည့်အတွက် သူ့စကားကိုပြောင်းပြောရပေတော့မည်။ “ဘယ်မှမသွားချင်ဘူးဆိုရင်လည်း မသွားပါနဲ့...”


ကုဟွိုက်က ထိုသို့ပြောလိုက်ပြီး ဇက်များက အေးစက်သောမျက်နှာထားရှိနေကြသေးသော်လည်း သူတို့၏ ပျော်ရွှင်မှုကို အာရုံခံနိုင်ပေသည်။ ကုဟွိုက် ဒီမှာရှိနေသရွေ့၊ အိမ်ထဲတွင် တစ်ချိန်လုံးနေလျှင်တောင်မှ ထိုဇက်များက လုံးဝ ပျင်းရိမည်မဟုတ်ပေ။

 ဆိုဖာပေါ်တွင် ကုဟွိုက် အိပ်ပျော်နေသည့်ပုံကို ကြည့်ရလျှင်တောင် ဇက်များက ပျော်ရွှင်မှုကို ခံစားရသည်။


ကုဟွိုက်က ယနေ့မှာတော့ အပြင်ထွက်ရန် အစီစဉ်မရှိပေ။ သို့သော်လည်း သူ့မိသားစုဝင် ဇက်များကိုကြည့်ပြီး အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ မနေ့က သူအပြင်ထွက်စဉ် ဇက်များကို အနောက်က မလိုက်လာခိုင်းခဲ့။ သူဒီနေ့ အပြင်မထွက်လျှင် သူ့ဘေးက ဇက်များက အပြင်မထွက်ဘဲ အိမ်ထဲတွင် နှစ်ရက်လောက် ပိတ်မိနေလိမ့်မည်။ ဇက်များက ထိုကိစ္စကို ဂရုမစိုက်သော်လည်း ကုဟွိုက်က စိတ်မကောင်းဖြစ်မိသည်။ သူတို့ တခြားဂြိုဟ်သို့ရောက်လာကြပြီဖြစ်သည့်အတွက် သူ၏ဇက်များကို အပြင်က လှပသည့်နေရာများကို ကြည့်ခွင့်ပြုသင့်သည်။


“ငါအပြင်သွားမလို့ ငါနဲ့လိုက်ခဲ့မလား” ကုဟွိုက်၏လေသံမှာ အမေးမပါပေ။ သူပြောပြီးသည်နှင့် အိမ်ထဲမှဇက်များက သူနဲ့လိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။


ကုဟွိုက်က များပြားသောဇက်အဖွဲ့နှင့် အပြင်ထွက်သွားသည့်အတွက် လူအများ၏ အာရုံစိုက်ခြင်းကို မလွဲဧကန်ရရှိခဲ့သော်လည်း လီဗင်ကြယ်၏မြို့တော်တွင်နေကြသော စစ်မြေပြင်ရှိလူများက ဇက်များ၏လာရောက်လည်ပတ်ခြင်းကို ပြင်ဆင်ပြီးဖြစ်သည့်အတွက် ကြောက်ရွံ့မနေပေ။


ကုန်သွယ်လမ်းပေါ်ရှိ ဈေးဆိုင်တစ်ချို့ကို လည်ပတ်ပြီးနောက်တွင် ဇက်များက ငြိမ်သက်စွာရပ်နေကြောင်းကို ကုဟွိုက်တွေ့သွားသည်။ ၎င်းတို့က ငြိမ်သက်နေကြခြင်းပင်မဟုတ်ပဲ ဆိုင်ထဲရှိ နက်ပြာရောင် ကျောက်လုံးကို ၎င်းတို့၏ ကြက်သွေးနီရောင်မျက်လုံးများဖြင့် ငေးကြည့်နေကြပြီး လည်ချောင်းထဲမှတစ်ဆင့် ရှုးရှုးရှဲရှဲအသံများပြုလုပ်နေကြသည်။ ဆိုင်ခန်းတံခါးနားတွင် အရွယ်ကြီးမားသည့် တက်ခ်ဇက်များ ရပ်ကြည့်နေကြသည့်အတွက် ဆိုင်ပိုင်ရှင်အား စိတ်ဖိစီးမှုဖြစ်စေသည်။


ကုဟွိုက်က ပြသထားသည့်မှန်ဘောင်နားသို့သွားလိုက်ပြီး တက်ခ်ဇက်များ၏ အာရုံကိုဖမ်းစားလိုက်သည့်အရာအား တွေ့လိုက်ရသည်။ သူ တက်ခ်ဇက်ကိုမော့ကြည့်ကာ မေးလိုက်သည်။ “ကာရု မင်းဒီဟာကို လိုချင်လို့လား”


တက်ခ်ဇက်၏နာမည်ကို ကုဟွိုက်က ခေါ်လိုက်ရာ ဦးညွတ်ကာ အသံတိုးတိုးဖြင့် ရှုးရှုးရှဲရှဲအသံပြုလိုက်သည်။ သူတို့ကြိုက်သည့်အရာတိုင်းကို ဆွဲယူသွားလို့မဖြစ်ပေ။ ကုဟွိုက်က အရင်က ထိုသို့ပြောထားသောကြောင့် တက်ခ်ဇက်က ထိုကျောက်လုံးကို တိုက်ရိုက်ဆွဲမလုနိုင်ပေ။


ကုဟွိုက်က သေချာသောတုံ့ပြန်မှုကိုကြားလိုက်သော်လည်း တစ်ပြားမှမပါလာသည့်အတွက် ဤတစ်ခေါက်မှာတော့ မဝယ်ပေးနိုင်ချေ။ ပစ္စည်း၏ဈေးနှုန်းကိုသာ ကြည့်နိုင်ပြီး သူနှင့်အနီးဆုံးက အလ်ဗ်ဆီသို့ မသိမသာ လှည့်ကြည့်လိုက်ရသည်။ အလ်ဗ်က ကုဟွိုက်၏အကြည့်ကို လက်ခံရရှိပြီး ဘာမှမပြောချေ။ သူက ထိုကျောက်လုံးကို ဝယ်ရန် ဘာစကားမှမဆိုပဲ အရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။


ဝယ်ယူပြီးသည့်နောက် အလ်ဗ်က ထိုကျောက်လုံးအား ကုဟွိုက်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကုဟွိုက်က ကျောက်လုံးကို တက်ခ်ဇက်ထံသို့ ကမ်းပေးလိုက်သော်လည်း ဘယ်သူမှ မယူကြပေ။ 


သူက ဒါဇင်ပေါင်းများစွာသော ကြက်သွေးနီရောင်မျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံနေရပြီး ရုတ်တရက် နားလည်သွားရသည်။ 


“မင်းတို့က ဒီကျောက်လုံးကို… ငါ့ကို ပေးချင်တာလား”


ကြက်သွေးရောင်ရှိသောဒေါင်လိုက်မျက်ဆံများသည် အနည်းငယ်စုကျုံ့သွားကြပြီး ကုဟွိုက်ကို ရှုးရှုးရှဲရှဲအသံပြုလိုက်သည်။ ၎င်းတို့၏ ကလေးတွင် ကစားစရာ ဘောလုံး အနည်းငယ်သာရှိသည်။ ထိုတက်ခ်ဇက်များသည် ကုဟွိုက်က ထိုကဲ့သို့သော ကစားစရာဘောလုံးများကို ကြိုက်နှစ်သက်ကြောင်း သိသည့်အတွက် ကုဟွိုက်အတွက် အနည်းငယ်ထပ်စုဆောင်းပေးချင်မိသည်။ သို့သော်လည်း ကြည့်ကောင်းသည့်ပုံစံအား ရှာမတွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပုံစံမမှန်သည့်ပုံမျိုးနှင့် လှပသောကျောက်တုံးများသာရှိခဲ့ပြီး လုံးဝန်းခြင်းမရှိသည့်အတွက် ၎င်းတို့၏ ကလေးအတွက် ကစားစရာဘောလုံးအဖြစ် အသုံးမတည့်နိုင်ပေ။


တက်ခ်ဇက်များ၏ တုံ့ပြန်မှုကိုကြားပြီး ကုဟွိုက်သည် နက်ပြာရောင်ကျောက်လုံးလေးအား သူ့အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် လက်ဆန့်ထုတ်ကာ သူ့အရှေ့က တက်ခ်ဇက်အား ဖက်လိုက်သည်။ လူနှစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားကွာခြားမှုကြောင့် လူသေးသေးလေးက လက်ဆန့်ထုတ်ပြီး ကြီးမားသည့်အရာကြီးအား တွယ်ကပ်နေသလိုနှင့်တူသည်။


အလ်ဗ်က ထိုဖြစ်ရပ်ကိုကြည့်ပြီး ဘာမှမပြောပေ။ သို့သော်လည်း ပြန်ရောက်ပြီးနောက်တွင် ကုဟွိုက်၏အခန်းနားသို့ တိတ်တဆိတ်လှည့်ပတ်ကြည့်ရှုနေသည်။ ကုဟွိုက်က သူ့အကြည့်ကိုတွေ့သော်လည်း ကြောင်ကြီးက သူ့အား ဘာလို့ကြည့်နေသလဲဆိုခြင်းကိုတော့ နားမလည်ပေ။


“ဘာဖြစ်လို့လဲ” ကုဟွိုက်က မေးလိုက်သည်။


အလ်ဗ်က ကုဟွိုက်စကားကိုကြားပြီးနောက် ကုဟွိုက်ကို အမြီးနှင့် ရစ်ပတ်လိုက်သည်။ ထို့နောက် သူက ကုဟွိုက်ကို အပေါ်စီးကနေ အနီးကပ်ကြည့်ပြီး မေးသည်။


 “ကျွန်တော်ကရော ဆုပြန်မရဘူးလား”


ဆုတဲ့လား။ ကုဟွိုက်က ဘာကိုပြောချင်မှန်း သေချာစဉ်းစားလိုက်ရပြီး တစ်ဖက်လူက ကျောက်လုံးဝယ်ပေးခြင်းနှင့်ပက်သက်ပြီး ညွှန်းဆိုနေသည်ဟု ထင်လိုက်မိသည်။ တကယ် အဲဒါကိုပြောတာထင်တယ်…


ကုဟွိုက်က သူ့ကိုရစ်ပတ်ထားသည့်အမြီးက အနည်းငယ်တင်းကျပ်လာသည်နှင့် စဉ်းစားလိုက်မိသည်။ ထို့နောက် အလ်ဗ်က အေးစက်ပြီး တိုးညင်းသောအသံနှင့်ပြောသည်ကို ကြားလိုက်ရသည်။


 “ကျိုးကျိုးလည်း ဆုလိုချင်တာပေါ့လို့...”


ဘယ်သူက ဟန်ဆောင်နေနိုင်မည်လဲ။ အလ်ဗ်က ထိုသို့ပြောပြီးသည်နှင့် ကုဟွိုက်မှာ တစ်ဖက်လူ၏အကြည့်ကြောင့် မတည်ငြိမ်နိုင်တော့ပေ။


“... မင်းက ဘာဆုလိုချင်လို့လဲ” အလ်ဗ်က သူ့ကိုပေးမည့်အဖြေအား နားလည်လိုက်စဉ်တွင် ထိုမေးခွန်းအား မေးလိုက်ခြင်းဖြစ်ပြီး သူ့မျက်နှာပေါ်တွင် သဘာဝအတိုင်းရှိသည့်အမူအရာက‌ လျော့ကျသွားရသည်။ အလ်ဗ်က ပြန်မဖြေပဲ ကုဟွိုက်၏ပါးပြင်ရှိရာသို့ နိမ့်ဆင်းလာခဲ့သည်။ သို့သော်လည်း အနမ်းက ပါးပြင်ပေါ်တွင် ရပ်တန့်သွားခြင်းမရှိပဲ ကုဟွိုက်၏နှုတ်ခမ်းနားသို့ ရောက်လာခဲ့သည်။


ကုဟွိုက်က အနည်းငယ်အေးခဲသွားရပြီး ရွေ့လျားခြင်းမရှိတော့ပေ။ သူ့ပါးပြင်ပေါ်က နူးညံ့သည့်အထိအတွေ့က မကြာမီတွင် နှုတ်ခမ်းထောင့်စွန်းနားသို့ ကူးပြောင်းသွားခဲ့သည်။ အလ်ဗ်၏အနမ်းက ထိုနားမှာတွင် ရပ်သွားသည်။ ကုဟွိုက်က မငြင်းဆန်ကြောင်းကို အတည်ပြုပြီးနောက်တွင် အလ်ဗ်က သူ၏အေးစက်သောနှုတ်ခမ်းအား ကုဟွိုက်နှုတ်ခမ်းပေါ်သို့တင်ကာ အမှန်တကယ် နမ်းရှိုက်တော့သည်။


ကုဟွိုက်၏ နားရွက်ဖျားများက ရုတ်ချည်းဆိုသလိုပင် နီရဲသွားခဲ့သည်။ ပထမအနမ်းက ပေါ့ပေါးသော်လည်း ကုဟွိုက်၏မျက်လုံးထဲတွင်‌ ငွေရောင်ကြောင်ကြီးသည် ပုံမှန်နည်းအတိုင်း မလိုက်နာပေ။ ထိတွေ့နေရုံတင်မဟုတ်ပဲ ဘာသတိပေးခြင်းမှမပြုပဲ ရေခဲမုန့်စားသကဲ့သို့ လျှာဖြင့်လျက်နေလေတော့သည်။


「——! 」


ဝိညာဉ်ချိတ်ဆက်မှု ဖြစ်ပေါ်လာခဲ့သည်။ ကာကွယ်ရန်အတွက် အလွန်နောက်ကျသွားခဲ့၏။ ကုဟွိုက်က မတော်တဆဆိုသလိုပင် ပမာဏသေးငယ်သည့် ဝိညာဉ်ချိတ်ဆက်မှုအား ထုတ်လွှတ်လိုက်မိပြီး ပထမထပ်တွင်ရှိသောဇက်များထံသို့ ချက်ချင်းတုံ့ပြန်စေလိုက်သည်။


“ဘုရင်—”


“အရှင်”


ဇက်အဖွဲ့များက ကုဟွိုက်၏အခန်းထဲသို့ ပြေးသွားကြသည်။ တံခါးက အထဲမှပွင့်နေသည့်အတွက် တကူးတကဖွင့်ရန်ပင်မလိုပေ။ အလ်ဗ်က တံခါးနားတွင်ရပ်ပြီး ၎င်းတို့အား ခံစားချက်မရှိသည့် အမူအရာဖြင့် ကြည့်နေလိုက်သည်။


စာရေးသူမှာ‌ ပြောစရာရှိပါတယ်။


တော်တော့ တော်တော့ ဝိညာဉ်ချိတ်ဆက်မှုနဲ့ပက်သက်ပြီး မကောင်းတဲ့အတွေးတွေကို တော်လိုက်တော့ (ဘာတွေးနေလဲဆိုတာသိတဲ့ပုံ)