အခန်း ၅၇
Viewers 11k

Chapter 57

Chapter 57


ချစ်သူတွေကြားမှာသာ ထိုအနေအထားမျိုးနှင့် နမ်းနိုင်သည့်အတွက် ကြားဖြတ်ခံလိုက်ရသောအခါ အလ်ဗ်က ယခင်ကထက်ပို၍ အေးစက်သည့်ပုံပေါ်သွားသည်။ သူ့အနောက်တွင်တော့ ငွေမှင်ရောင်အမြီးက ပိုင်ရှင်၏စိတ်ခံစားချက်အတိုင်း လွှဲယမ်းနေ၏။ ဝိညာဉ်ချိတ်ဆက်မှုကိုရရှိသည့်ဇက်များက ကြောက်ရွံ့ပြီး သူတို့ဘုရင်ရှိရာ ဒုတိယထပ်သို့ပြေးသွားသော်လည်း ဝင်ပေါက်အား အလ်ဗ်က ပိတ်ထားခဲ့သည်။


အလ်ဗ်ထုတ်လွှင့်လိုက်သောဖိအားအနည်းငယ်က သိသာထင်ရှားနေပြီး သူ့မျက်ဆံများက ကျဉ်းမြောင်းနေသည်။ ကုဟွိုက်က သူလုပ်မိသည့်ကိစ္စအားသိသွားပြီး မျက်နှာကို ချက်ချင်းကာလိုက်သော်လည်း စိုးရိမ်နေသည်ဇက်များထံသို့ နှစ်သိမ့်ပေးရန် အပြေးသွားရသေးသည်။ 


“ဘာမှမဖြစ်ပါဘူး ငါ့ဘာသာလန့်သွားလို့..”


ကုဟွိုက် အခြေအနေကောင်းကြောင်းကိုတွေ့ပြီး ဇက်များက တင်းမာနေသော ၎င်းတို့၏ အာရုံကြောများကို ဖြေလျှော့လိုက်လေသည်။ အမှန်တွင်တော့ ဝိညာဉ်ချိတ်ဆက်မှုမှတစ်ဆင့် ကုဟွိုက်ဝေမျှလိုက်သည့် ခံစားချက်က ထိတ်လန့်ခြင်းဖြစ်ပေသည်။ ရောထွေးနေသည့် ရှက်ရွံ့မှုတချို့လည်း ပါဝင်နေသည်။ သို့သော်လည်း ဇက်များက ထိုခံစားချက်ကို နားမလည်ပဲ ကုဟွိုက်ကို လုံးဝ ကြောက်ရွံ့နေခြင်းမဟုတ်ဟု ထင်လိုက်မိသည်။


သူ့စိတ်စွမ်းအင်ကို သေချာမထိန်းနိုင်၍ ဖြစ်လာသော ပရမ်းပတာကိစ္စများကို ဖြေရှင်းပြီးနောက် ကုဟွိုက်က သူ့အခန်းသို့ပြန်သွားပြီး သူ့ပါးပြင်ကို ခြစ်ကုတ်လိုက်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး အစောကြီး အနားယူနေမိကြောင်းကို သိရှိသွားရသည်။


အလ်ဗ်က သူ့ဘေးတွင် တင်းမာနေဆဲ။ သူ့အမြီးက လေထဲတွင် ပြင်းထန်စွာ ဝှေ့ယမ်းနေပြီး မပျော်ရွှင်နေမှန်းသိသာသည်။


“မင်းဘာလို့ အမြဲတမ်း မပျော်နိုင်ရတာလဲ” ကုဟွိုက်က သူ့အမြင်နှင့်ပက်သက်ပြီး တစ်ခုခုမှားနေသလိုခံစားရသော်လည်း အလ်ဗ်၏ မပျော်ရွှင်သည့်အမူအရာကိုတွေ့တိုင်း ကြောင်ကြီး၏ပုံစံက ချစ်ဖို့ကောင်းသည်ဟုထင်မိသည်။


အလ်ဗ်၏နှုတ်ခမ်းက စုဝိုင်းသွားပြီး သူ့အမြီးက တည်ငြိမ်စွာနှင့် ရှိနေသည့်အတိုင်း သူလည်း တိတ်ဆိတ်စွာနေနေသည်။


“ငါမင်းကိုနမ်းရင် မင်းပျော်မှာလား” ကုဟွိုက်က ရုတ်တရက်မေးလိုက်သည်။


အလ်ဗ်က နှုတ်ဆိတ်နေပြီး အေးစက်သည့်ပုံစံက မပြောင်းလဲသော်လည်း သူ့အနောက်က ငွေမှင်ရောင်အမြီးကတော့ အနည်းငယ်လှုပ်လာသည်။ ကုဟွိုက်က ထိုအမြီး၏ရွေ့လျားမှုကိုတွေ့ပြီး သူ့မျက်ဝန်းများက ပြုံးရိပ်အနည်းငယ်ဖြစ်ပေါ်သွားရသည်။


 “နှစ်ခါလား”


အမြီးက ယခင်ကထက်ပို၍ သိသာစွာ လှုပ်လာသည်။ အလ်ဗ်က ကုဟွိုက်ကိုကြည့်ပြီး အလျှော့ပေးလိုက်သည်။ “ကျွန်တော် မပျော်တာမဟုတ်ပါဘူး”


ထိုသို့ပြောပြီးနောက် အလ်ဗ်က ကုဟွိုက်၏လုပ်ရပ်ကိုစောင့်နေပုံရသည်။ ကုဟွိုက်က ကြောင်ကြီး၏ ချစ်ဖို့ကောင်းသည့်ပုံစံကိုတွေ့သွားသည်။ သူက ချောင်းဟန့်လိုက်ပြီး သူ့လက်ချောင်းများနှင့် တစ်ဖက်လူ၏ အဝတ်များကို လှမ်းဆွဲလိုက်ကာ အလ်ဗ်ကိုခေါင်းငုံ့ရန် အချက်ပြလိုက်သည်။ 


အလ်ဗ်က ခေါင်းငုံ့လိုက်သောအခါ ကုဟွိုက်က သူ့ကတိအတိုင်း တစ်ဖက်လူကို နှစ်ကြိမ်တိတိ နမ်းလိုက်သည်။ ကြောင်ကြီးက ထိုအနမ်းများကြောင့် စိတ်ပြေသွားသည်ကိုတွေ့ရှိပြီးနောက် ကုဟွိုက်က မေးလိုက်သည်။ 


“အခုပဲကြည့်… နမ်းနေတဲ့အချိန်မှာ မင်းကို ဘယ်သူက လျှာနဲ့လျက်ဖို့ သင်ပေးတာလဲ...”


အလ်ဗ်က ဆတ်ခနဲခေါင်းထောင်လိုက်သည်။ “ကြယ်တာရာကွန်ရက်က...”


ကုဟွိုက် - “...”


“ကြယ်တာရာကွန်ရက်က ပြောတယ် ချစ်သူတွေရဲ့အနမ်းက လျှာကိုအသုံးပြုရတယ်တဲ့...” အလ်ဗ်က ခပ်တည်တည်ဖြင့် ရှင်းပြလာသည်။ သို့သော်လည်း ခုနကတုန်းက ကြားဖြတ်ခံလိုက်ရသည့်အတွက် အလ်ဗ်က စိတ်မကြည်မလင်ဖြစ်နေရသည်။


ကုဟွိုက်က ထိုစကားကိုကြားပြီးနောက် ရုတ်တရက် မွန်းကျပ်သွားရသည်။ “အဟွတ် အဟွတ်…”


“အဲဒီကနေပြီးတော့ မဟုတ်တရုတ်တွေ သင်မလာခဲ့နဲ့...” ကုဟွိုက်၏အမူအရာက တင်းမာနေသည်။


အလ်ဗ်က ကုဟွိုက်၏မျက်ဝန်းသို့ငေးကြည့်ပြီး ပြန်ပြောလိုက်သည်။ “မဟုတ်တရုတ် မဟုတ်ပါဘူး”


အလ်ဗ်က ကြယ်တာရာကွန်ရက်တွင် လိုအပ်သည့်အရာများကို သင်ယူခဲ့သည်။ ၎င်းတို့က -


[ကိုယ့်ချစ်သူကို ဘယ်လိုအားနည်းချက်ပြရမလဲ ]

[ကိုယ့်ချစ်သူရဲ့ အဓိကအချက်ကို ဘယ်လိုပြင်ဆင်အောင်လုပ်ရမလဲ]

[ကိုယ့်ချစ်သူကို ဘယ်လိုဆက်ဆံရမလဲ]

[အချစ်ရေးမှာ အခြေအနေကောင်းအောင်လုပ်ရမယ့် မေးခွန်း အခု ၅၀]

……


ကုဟွိုက်က ထိုကိစ္စမျိုးနှင့်ပက်သက်ပြီး ကြိုးစားရှာဖွေထားခဲ့ခြင်းမရှိပေ။ အိပ်စက်တတ်သည့်အကျင့်ရှိသည်နှင့် အလ်ဗ်ကို သူအနည်းငယ် အိပ်ငိုက်နေကြောင်း ပြောလိုက်သည်။ ထို့နောက် သူက ဆိုဖာပေါ်တွင် ခွေနေပြီး အိပ်မောကျသွားခဲ့လေသည်။ ကုဟွိုက်အိပ်ပျော်သွားသည်နှင့် အလ်ဗ်က သူ့ကို အိပ်ရာပေါ်သို့သယ်ပေးပြီး ငုံ့ကြည့်လိုက်သည်။


သူ့နှလုံးသားထဲတွင် အပေါက်တစ်ခုရှိနေသည်။ ကုဟွိုက်ကိုတွေ့ပြီးနောက် ထိုအပေါက်က ပြည့်လျှံသွားခဲ့သည်။ ထိုပုံစံက အကြာကြီးပျောက်ဆုံးနေခဲ့ရသော ရတနာလေးကို နဂါးတစ်ကောင်က ရှာတွေ့သွားသည့်ပုံစံနှင့်တူသည်။ ကုဟွိုက်က သူ့မြင်ကွင်းထဲပေါ်လာသည်နှင့် အရိုင်းဆန်ပြီး ဖျက်ဆီးလိုစိတ်ရှိသည့် ဆန္ဒများက အလ်ဗ်၏ကမ္ဘာထဲကနေ ပျောက်ကွယ်သွားခဲ့သည်။


အိပ်ရာပေါ်ရှိလူငယ်လေး၏ အသက်ရှုသံကိုကြားပြီး အလ်ဗ်က သူ့ခြေလှမ်းများကို မရွေ့တော့ပေ။ ဘေးနားတွင် တိတ်တဆိတ်ရပ်နေပြီး လူငယ်လေးအား စောင့်ကြည့်ပေးနေမိသည်။


နောက်တစ်နေ့တွင် ကုဟွိုက်သည် အိုင်းယီနှင့်အတူ စက်ပစ္စည်းအားဖျက်စီးခဲ့မိသည့် ကျောင်းရှိရာသို့ အဖော်လိုက်သွားသည်။ ဘယ်နည်းနှင့်မဆို သူသည် တစ်ကျောင်းလုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည့်အတွက် ယနေ့တွင်တော့ သူ့နောက်သို့ ဇက်ကိုလိုက်ခွင့်ပေးလိုက်သည်။


“လီဗင်ကြယ်ပေါ်မှာက နည်းနည်းအေးတယ်နော်..” ကုဟွိုက်က လက်ဖဝါးထဲသို့ လေပူများမှုတ်ထုတ်ရင်းနှင့် နူးညံ့စွာပြောလိုက်သည်။


ဤဂြိုဟ်ပေါ်သို့ ရက်အနည်းငယ်မျှလာရသော်လည်း ကုဟွိုက်က အခုထိ ရာသီဥတုနှင့်ပက်သက်ပြီး နေသားမကျသေးပေ။


တူဆာတွင်တော့ နွေဦးအချိန်ဖြစ်ပြီး နွေရာသီသို့ရောက်တော့မည်ဖြစ်သည်။ သူက တူဆာမှလာခဲ့ခြင်းဖြစ်သည့်အတွက် နွေဦးကနေ ဆောင်းရာသီသို့ ရုတ်တရက်ကူးပြောင်းလာခဲ့ရပြီး ထိုအဓိပ္ပာယ်ကတော့ အပူချိန်ကွာခြားမှုက ကြီးမားသည်ဟုဆိုနိုင်သည်။ 


ကုဟွိုက်က လက်နှစ်ဖက်ကိုပွတ်နေပြီး အလ်ဗ်က သတိထားမိသွားသည်။ သူက ကုဟွိုက်လက်ကိုဆွဲလိုက်ကာ လက်အိတ်ဝတ်ပေးလိုက်၏။ ကုဟွိုက်က မျက်တောင်ခတ်လိုက်မိပြီး အလ်ဗ်က သူ့ကိုလက်အိတ်ဝတ်ပေးနေခြင်းကို ငြိမ်ခံနေလိုက်သည်။ ၎င်းတို့က စစ်လက်အိတ်များဖြစ်ပြီး ကုဟွိုက်ဝတ်နေကျ အဝတ်အစားနှင့် မကိုက်ညီပေ။ သို့သော်လည်း အလ်ဗ်က သူ့ဘေးတွင် စစ်ဝတ်စုံနှင့်ရပ်နေပြီး လက်အိတ်ချွတ်လိုက်သည့်အတွက် ထိုသို့မလိုက်ဖက်မှုက ရင်းနှီးမှုတစ်ခုခုကို ပြသနေသလိုနှင့်တူသည်။


ယခုအခေါက်တွင်တော့ သူကျောင်းကိုရောက်လာသည့်အခါ ယမန်နေ့က သူအယောင်ဆောင်ခဲ့သော ပြောင်းရွေ့လာသည့်ကျောင်းသားနှင့်တွေ့လေသည်။


ယခုနှစ် ပြောင်းရွေ့လာသောကျောင်းသားများက ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းစစ်တပ်ကျောင်းမှ ဥက္ကဌကိုယ်တိုင် ကိုယ်ရေးကိုယ်တာအရ စေလွှတ်လိုက်သော ကျောင်းသားများဖြစ်ပေသည်။ ထိုစီစဉ်မှု၏ အကြောင်းပြချက်က ဖက်ဒရယ်စစ်တပ်ကျောင်း၏ ဥက္ကဌသည် လက်တွေ့အင်ပါယာကျောင်း၏ ဥက္ကဌနှင့် ဆွေးနွေးစရာရှိသောကြောင့်ဖြစ်သည်။


ဖက်ဒရယ်အဖွဲ့အစည်းဥက္ကဌနှင့် အငြိမ်းစားယူထားသော ဗိုလ်ချုပ်ကြီးသည် ရှန်းမုနှင့်ဟန်မာအား ဇက်အုပ်စုထဲတွင် တွေ့လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားရသည်။ 


“မင်္ဂလာပါ ဦးလေး” ဇက်များကြားတွင် ဟန်မာသည် အချိုးမကျစွာပြုံး၍ လေးစားသမှုအနေဖြင့် နှုတ်ဆက်လိုက်၏။


သူ့ကို ဘာကြောင့် ဦးလေးလို့ခေါ်ရခြင်းဖြစ်မည်နည်း။ အဓိကကတော့ ထိုလူကြီးဟာ ရှန်းမု၏ ဖခင်ဖြစ်နေသောကြောင့်။ ဗိုလ်ချုပ်ရှန်းက သူ့သားကို ကြယ်တာရာဓားပြများလက်ချက်ဖြင့် သေဆုံးသွားပြီဟုထင်နေခဲ့သည်။ လပေါင်းအတော်ကြာသည်အထိ မည်သည့်သတင်းမျှမကြားခဲ့ရသောကြောင့် နာရေးပင် ကျင်းပပေးခဲ့လေသည်။ ယနေ့မှာ သားဖြစ်သူအား ဇက်များအကြားတွင် မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ထိုကဲ့သို့ မထင်မှတ်ထားသည့်တွေ့ဆုံမှုက ဗိုလ်ချုပ်ရှန်းကို သားဖြစ်သူ၏ အသက်ရှင်မှုကြောင့် ပျော်ရမည်လား၊ ဇက်များ၏ ဖမ်းဆီးခြင်းကိုခံထားရသည်ဟု သံသယဝင်မိသောကြောင့် ကြောက်ရွံ့ရမည်လားဆိုခြင်းကို စဉ်းစားတွေဝေသွားစေသည်။ သံသယဝင်ခြင်းဟု သုံးနှုန်းလိုက်ခြင်းက ဇက်များ၏ဘက်တွင်ရှိနေသောလူနှစ်ယောက်က သေချာပြုစုခံထားရသည့်ပုံပေါ်နေသောကြောင့်ဖြစ်သည်။ ထိုမြင်ကွင်းက သူ့မျက်လုံးသူပင် သံသယဖြစ်စေ၏။ ၎င်းတို့က ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်း၏ စီနီယာများဖြစ်သည့်အလျောက် လူသားများ၏ စောင့်ကြပ်ခြင်းကိုခံရသည်။ ဇက်သံတမန်နှင့် တွေ့သောအခါ လက်တွေ့လူ့အဖွဲ့အစည်းကလူများ စိတ်လှုပ်ရှားသွားရ၏။


လက်တွေ့ကျောင်းအုပ်ကြီးသည် ကျောင်းထဲတွင် ဇက်များနှင့် လူသားများ အားအင်သုံး၍ တိုက်ခိုက်ကြမည်ကို စိုးရိမ်နေမိသည်။ သို့သော်လည်း နှစ်ဖက်လုံးက ဆန့်ကျင်ဘက်အနေအထားဖြင့် ရပ်နေကြပြီး အငြင်းပွားစရာကိစ္စများလည်းမရှိပေ။


ဗိုလ်ချုပ်ရှန်းတွင် မဖော်ပြနိုင်သည့် မျက်နှာထားရှိနေသည်။ ရှန်းမုက ဘာမှမပြောခင် ဟန်မာက အသက်ရှင်လိုသည့် ပြင်းထန်သောဆန္ဒကြောင့် အရင်ဆုံး စကားစလိုက်သည်။ 


“နားလည်မှုမလွဲပါနဲ့ ကျွန်တော်တို့က လူသားတွေကို လုံးဝ သစ္စာမဖောက်ခဲ့ပါဘူး”


လူသားအင်အားနှင့် ဇက်အင်အားများတွေ့ကြသောအခိုက်အတန့်တွင် နှစ်ဖက်လုံးက ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလိုလျောက်ခလုတ်များ တပ်ဆင်ထားသကဲ့သို့ ရုတ်ချည်း သတိပေးချက်များဖြစ်ပေါ်နေတတ်သည်။ အမှန်တွင် ကုဟွိုက်၏တည်ရှိနေမှုက ဇက်များ၏ မျက်ဆံများကို စုကျုံ့သွားစေသည်။


မြင်ကွင်းက နောက်ဆုံးတွင်တော့ ကုဟွိုက်ကြောင့် ပျက်စီးသွားရသည်။


“မင်္ဂလာပါ” ကုဟွိုက်က သူ့လက်အိတ်ကိုချွတ်လိုက်ပြီး အရှေ့မှ လူသားဗိုလ်ချုပ်ထံသို့ ညာလက်ကို ကမ်းပေးလိုက်သည်။


ဗိုလ်ချုပ်ရှန်းက ကြီးမားသောမြင်ကွင်းများကိုတွေ့မြင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအနေအထားတွင်တော့ ကြက်သေသေသွားရသည်။


ကုဟွိုက်၏တည်ရှိမှုက ကြယ်တာရာကွန်ရက်တွင် မပျံ့နှံ့ခဲ့သော်လည်း အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးရှိသည့် လက္ခဏာရပ်များကိုတော့ ကျယ်ပြန့်စွာသိရှိထားကြသည်။ ဇက်များ၏ ဝန်းရံမှုကိုခံနေရသော ကုဟွိုက်ကိုကြည့်ပြီး သူသည် မည်သို့သောလူဖြစ်ကြောင်းကို ခန့်မှန်းရန် မခက်ခဲတော့ပေ။


ဇက်ဘုရင်က လူသားဗိုလ်ချုပ်နှင့် လက်ဆွဲနှုတ်ဆက်နေသည့်မြင်ကွင်းမှာ အံ့မခန်းဖွယ်ပင်ဖြစ်သည်။


ကုဟွိုက်၏ လက်ဆွဲနှုတ်ဆက်လိုက်မှုကြောင့် နှစ်ဖက်ကြားတွင်ရှိနေသည့် အချိုးမကျမှုများမှာ ပြေလျော့သွားရကာ ယခင်ကလောက် တင်းမာနေခြင်းမရှိတော့ချေ။ ဗိုလ်ချုပ်ရှန်းက သူ့လက်အိတ်ကို ချက်ချင်းချွတ်လိုက်ကာ အရှေ့မှလူငယ်လေး ကမ်းပေးလာသောလက်အား ဆုပ်ကိုင်လိုက်သည်။


ဇက်များဘက်က အရင်စ၍ ခင်မင်ရင်းနှီးမှုကို ဦးဆောင်လိုက်သည့်အတွက် လူသားများကလည်း ဇက်များအား ရန်လိုစရာမလိုတော့ပေ။ ယခင်ခေတ်က ဇက်များနှင့်လူသားများအကြား ကွာဟမှုများစွာရှိခဲ့ပြီး ခပ်ခွာခွာနေခဲ့ကြသော ဆက်ဆံရေးမျိုးရှိခဲ့သည်။ ထိုကဲ့သို့ စိမ်းကားခြင်းမျိုးကို ပယ်ဖျက်ဖို့က အချိန်အနည်းငယ်လိုအပ်သည်။ တစ်ဦးတည်းသောရှိသည့်သားဖြစ်သူအား မမှတ်မိခြင်းက မဖြစ်နိုင်ပေ။ လက်ဆွဲနှုတ်ဆက်ပြီးနောက်တွင် ဗိုလ်ချုပ်ရှန်းက စကားစလိုက်သည်။


 “အကျဉ်းသားနှစ်ယောက်ကို လွှတ်ပေးဖို့ ဘယ်လိုအချက်တွေလိုအပ်မလဲဆိုတာ ကျုပ်သိလို့ရမလား”