အခန်း၅၈
Viewers 10k

Chapter 58

Chapter 58


ကုဟွိုက်က ပေါ့ပါးစွာပြုံး၍ ပြန်ပြောလိုက်သည်။


 “ခင်ဗျား နားလည်မှုလွဲနေတာဖြစ်မယ် သူတို့က ဇက်မျိုးနွယ်စုအတွက် အရေးကြီးတဲ့ အထူးဧည့်သည်တွေပါ အကျဉ်းသားတွေမဟုတ်ပါဘူး”


ဧည့်သည်ဆိုသည့်စကားက ဗိုလ်ချုပ်ရှန်းကို အံ့ဩသွားစေပြီးနောက် ပို၍ထိတ်လန့်စရာကောင်းသည့်စကားများကို ကြားလိုက်ရသေးသည်။


“ကျွန်တော်တို့ ဇက်ရေတပ်သင်္ဘောအစုက ကြယ်တာရာဓားပြရဲ့ စစ်သင်္ဘောအပေါ်မှာ လူသားအရာရှိနှစ်ယောက်ကိုတွေ့ခဲ့တာပါ သူတို့ကို အကျဉ်းချခံထားရလို့ ဇက်တွေက တူဆာပေါ်ကိုခေါ်လာပြီး ကယ်တင်ပေးခဲ့တာပါ..” 


ကုဟွိုက်က မျက်နှာထားပြောင်းလဲခြင်းမရှိပဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေသည်။


ထိုစကားထွက်သွားသည်နှင့် ဗိုလ်ချုပ်ရှန်းတစ်ယောက်တည်း အံ့အားသင့်သွားခြင်းမဟုတ်။ သူတို့အကြောင်းကိုပြောနေကြသည့် လူသားနှစ်ယောက်ကိုယ်တိုင်ပင် မှင်တက်သွားရသည်။ သူတို့ကြားလိုက်ရသည့်အကြောင်းအရာများက မမှန်ကန်သည်ဟု အဘယ်ကြောင့်ခံစားနေရပါသနည်း။


ကုဟွိုက် လိမ်ညာခဲ့ခြင်းမဟုတ်ပေ။ သူပြောခဲ့သည့်အကြောင်းအရာကုန်စင်သည် အမှန်တရားပင်ဖြစ်သည်။ ထိုအချိန်တုန်းက ဇက်များက သူတို့ကို ‘ကယ်တင်ရန်’ ဟု အမှန်တကယ် စဉ်းစားခဲ့သည်။ အမှန်တရားဖြစ်စေကာမူ ရှန်းမုနှင့်ဟန်မာက တစ်စုံတစ်ခုမှားနေသည်ဟု ရှုပ်ထွေးသည့်ခံစားချက်များရှိနေသော်လည်း မဖော်ပြနိုင်ခဲ့ချေ။ ထိုအချိန်တွင် ဇက်များ၏ တုံ့ပြန်မှုက ပို၍ရိုးရှင်းနေခဲ့သည်။ ၎င်းတို့တွေးနေသည့် အကြောင်းအရာများက-


အမေး - သူတို့က ဒီလူနှစ်ယောက်ကို ကယ်တင်ခဲ့တာလား။


အဖြေ - အဲဒီလိုပုံစံတော့ မဟုတ်ခဲ့ဘူး။


ကောက်ချက် - ဘုရင်က ပြောတယ်ဆိုမှတော့ ဟုတ်တာပေါ့။


ဇက်များအားလုံး၏ အမူအရာက ခံစားချက်ကင်းမဲ့နေသည်။ ရှန်းမုနှင့်ဟန်မာ၏ နှုတ်ဆိတ်နေမှုနှင့် ပေါင်းစပ်လိုက်လျှင် ဗိုလ်ချုပ်ရှန်းက စက္ကန့်ပိုင်းမျှအထိ စကားလုံးများ ပျောက်ဆုံးသွားရသည်။


“နားလည်မှုလွဲမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းကမဟုတ်ပေမယ့်လည်း သူတို့အစား ကျုပ်ကပဲ ဇက်များအားလုံးရဲ့ ကယ်တင်ပေးမှုကို ကျေးဇူးတင်ရှိပါတယ်...” ဗိုလ်ချုပ်ရှန်းက နှစ်ယောက်လုံးအတွက် ဖခင်ပမာ ခံစားချက်များရှိနေပြီး သူ့ကျေးဇူးတင်ရှိမှုကလည်း အမှန်တကယ်ပင်ဖြစ်ချေသည်။


ကုဟွိုက်က ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်မှုကို လက်ခံရန် တွန့်ဆုတ်မနေပေ။ “ရပါတယ်...”


တစ်ဖက်လူက စကားမစခင် ကုဟွိုက်က အရင်ပြောလိုက်သည်။


 “လူသားအရာရှိနှစ်ယောက်က ဇက်အဖွဲ့အစည်းနဲ့နေလာတာ အချိန်အတော်ကြာပါပြီ၊ လီဗင်ကနေ တူဆာကိုပြန်တဲ့အခါကျရင် သူတို့ကို ပြန်ပို့ပေးဖို့ ရည်ရွယ်ထားပါတယ် ခင်ဗျားနဲ့လည်း အခွင့်ကြုံလို့တွေ့ခဲ့ရတာဆိုတော့ သူတို့ကို ပြန်ခေါ်သွားလို့ရပါတယ်...”


ဗိုလ်ချုပ်ရှန်းက ဘာမှပြောစရာမရှိပဲ ထပ်ပြီး ကျေးဇူးတင်ရှိကြောင်းကိုသာ ထုတ်ပြနိုင်ခဲ့သည်။ ဇက်များနှင့် လူသားများသည် စိတ်သဘောထားညီညွတ်ကြောင်းကို ပြသနိုင်ခဲ့ပြီး လက်တွေ့အဖွဲ့အစည်းရှိလူများအား အံ့အားသင့်စေခဲ့သည်။ ယခုဆိုလျှင် ရှန်းမုနှင့် ဟန်မာတို့သည် လူသားတပ်ဖွဲ့ထံသို့ ပူးပေါင်းပေတော့မည်။ မထွက်ခွာခင်တွင် ရှန်းမုက နှုတ်ဆက်လက်ဆောင်အား ရရှိခဲ့သည်။


“အမ်… ဒါက အဆိပ်မသင့်ဘူးမလား” လီဆာက ငွေရောင်လက်ကိုင်ပဝါအား ရှန်းမုထံသို့ပေးသောအခါ ဟန်မာက တံတွေးမျိုချလျှက် အနည်းငယ်စိုးရိမ်သွားရသည်။


လီဆာက ပြန်မဖြေခင် ရှန်းမုက လက်ကိုင်ပဝါကိုယူလိုက်သည်။ “ကျေးဇူးပါ”


လက်ကိုင်ပဝါကိုယူပြီးနောက် ရှန်းမုက ဘာမှမလုပ်ပေ။ ဟန်မာကသာ သူ့ကိုလက်ဆောင်ပေးမလားဟု စောင့်နေရင်း လီဆာထွက်သွားခြင်းကို ကြည့်နေရသည်။ မျှော်မှန်းထားသည့် ဟန်မာ၏ အမူအရာက သူ့မျက်နှာပေါ်တွင် ရုတ်ချည်းအေးခဲသွားရသည်။ သူက လှည့်ကြည့်ပြီး မေးလိုက်သည်။


 “နေပါဦး ဒါက မတရားဘူး ဘာလို့ မင်းတစ်ယောက်တည်း လက်ဆောင်ရရတာလဲ...”


ဇက်များနှင့်နေခဲ့စဉ်အတောအတွင်း ဟန်မာအတွက် မတရားမှုကိုခံစားရခြင်းက ပထမဆုံးအကြိမ်မဟုတ်သော်လည်း ယခင်က ထိုမျှလောက် မသိသာခဲ့။


ဥပမာအားဖြင့်ဆိုရလျှင် သူတို့နှစ်ယောက် တူဆာအကျဉ်းထောင်တွင်နေခဲ့ရချိန်က ရှန်းမုအတွက် စားစရာက သူ့အတွက် ပိုကောင်းသည်။ ထိုအချိန်တုန်းက အလွန်သိသာခဲ့သည့်အတွက် ဟန်မာ၏ နှလုံးသားက နာကျင်ခဲ့ရသည်။


ရှန်းမုက ဖြစ်နိုင်ချေရှိသောအကြောင်းပြချက်ကို တွေးမိပြီး အမူအရာက မပြောင်းလဲပေ။


 “ဘာလို့လဲဆိုတော့ မင်းပုံစံကြောင့်လေ...”


သူတို့သာ အချင်းချင်းမရင်းနှီးလျှင် ရှန်းမုက သူ့ကို သရော်နေသည်ဟု ဟန်မာထင်မိလိမ့်မည်။


ပုံစံ…


ဟန်မာက ရှန်းမု၏ အရှေ့တိုင်းစံနှုန်းရှိသောမျက်နှာကို ကြည့်လိုက်သည်။ ရှန်းမုတွင် ဇက်များ၏ ဝန်းခံခြင်းကိုခံထားရသည့် လူငယ်လေးနှင့် တူညီသော အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးရှိခြင်းကို သတိထားမိလိုက်ပြီး နှုတ်ဆိတ်သွားခဲ့ရသည်။ အနက်ရောင်မျက်လုံးနှင့် လုံးဝန်းသောမျက်ဆံသည် လက်ရှိဇက်မျိုးနွယ်စုကြားတွင် အလှရသကိုအသားပေးသော ပုံစံဖြစ်နေသည်။ မြင့်မားသည့် အလှရသရှိသူများက ဇက်များ၏ ပိုမိုကောင်းမွန်သော ချဉ်းကပ်ခြင်းကို ခံရတတ်သည်။


ထိုဖြစ်ရပ်က ပြီးဆုံးသွားပြီး ကုဟွိုက်က အိုင်းယီသင်ကြားပြသပေးမည့်နေရာသို့ ဇက်များကို ခေါ်သွားခဲ့သည်။ ကျောင်းသားများအားလုံးကို တက်ရောက်ခွင့်ပြုရန်အတွက် ပို့ချမှုကို ကျောင်းသားများအားလုံးတက်ရောက်နိုင်သည့် ခန်းမတွင် ကျင်းပခဲ့သည်။ ခန်းမထဲတွင် ကျောင်းသားများနှင့် ပြည့်လျှံနေခဲ့ပြီးဖြစ်၏။ ကုဟွိုက်က ကျောင်းမှစီစဉ်ပေးထားသောနေရာသို့ သွားလိုက်ပြီး ထိုင်ချလိုက်ကာ စင်ပေါ်သို့ ကြည့်လိုက်သည်။


ယနေ့ပို့ချမည့်သူ အိုင်းယီက ဟောပြောရန် စင်မြင့်ပေါ်သို့သွားပြီး ခန်းမထဲရှိ ထောင်ချီသောကျောင်းသားများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ အိုင်းယီ၏ ပို့ချချက်က ကျစ်လျစ်ပြည့်စုံသည်။


 “ဒါက လက်တွေ့သင်ကြားမှုပဲ ဘယ်သူမဆို စင်ပေါ်တက်လာနိုင်ပြီး မင်းတို့ရဲ့ စွမ်းရည်နဲ့ ငါ့ကို တိုက်ခိုက်နိုင်တယ် မင်းတို့မှာ အချိန် သုံးမိနစ်ရမယ်”


ကုဟွိုက်က ချောင်းဟန့်လိုက်သည်။ ထိုရလဒ်က မထင်မှတ်ထားသည့်အရာပင်။ သူ၏ ဇက်က တိုက်ခိုက်မှုပိုင်းဆိုင်ရာတွင် သင်ကြားပေးမည်မဟုတ်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ခန်းမထဲရှိ လက်တွေ့ကျောင်းသားများက ကြိုးစားကြည့်ကြရန်စိတ်အားထက်သန်နေကြသည်။ အစ်ဆာဒိုရယ်မျိုးနွယ်စုက စက်ကွင်းမျိုးနွယ်စုနှင့်ထပ်တူ တခြားသူများထက်သာလွန်သော စိတ်စွမ်းအင်ရှိကြသည်ဟု ကြားသိခဲ့ဖူးသည်။


၎င်းတို့အရှေ့တွင်ရှိနေသည်က အစ်ဆာဒိုရယ် အယ်လ်ဖာအဆင့်ဇက်ဖြစ်ပြီး ဇက်စစ်တပ်ခေါင်းဆောင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထိုလူ၏ အင်အားက မည်မျှကောင်းလိုက်မည်လဲ။


လက်တွေ့ကျောင်းသားများက ငယ်ရွယ်ကြသည့်အတွက် အင်အားကိုသာ စူးစမ်းသိချင်နေကြသည်။ ကြောက်ရွံ့ရကောင်းမှန်းကို မသိကြသည့်အလျောက် တိုက်ခိုက်ရန် အတင့်ရဲနေကြဆဲ။ သို့သော်လည်း အိုင်းယီက ၎င်းတို့ကို ကွာဟချက်အား မြန်ဆန်စွာ ခံစားသိရှိစေလိုက်သည်။ ၎င်းတို့ကို တိုက်ခိုက်ရန် အချိန်သုံးမိနစ်ပေးခဲ့သော်လည်း စင်ပေါ်တက်လာသည့်သူများ မှာတစ်မိနစ်ပင် မခံနိုင်ကြ။ အိုင်းယီက ဘာမှမလုပ်ရသေးသော်လည်း ၎င်းတို့ ပျမ်းမျှငါးစက္ကန့်လောက်လေးနှင့် ပွဲထဲမှထွက်သွားရကြသည်။


အိုင်းယီက သည်အတိုင်းရပ်နေဆဲဖြစ်သည်။ လွန်ခဲ့သောစက္ကန့်ပိုင်းလောက်ကတည်းက ခန့်မှန်းပြီးသားဖြစ်သည့်အတွက် ကျောင်းသားများက အရိုးရှင်းဆုံး အလျင်မြန်ဆုံးနည်းလမ်းဖြင့် ပယ်ဖျက်နိုင်ခဲ့သည်။ တခြားဇက်များနှင့် မတူပဲ အိုင်းယီက သူ့စွမ်းရည်နှင့်မဟုတ်လျှင် တခြားနည်းလမ်းနှင့် မတိုက်ခိုက်ချင်ပေ။ ရန်သူများကို ရှင်းထုတ်ရန်သာ အသုံးပြုခြင်းဖြစ်ပြီး ယနေ့ကတော့ ခြွင်းချက်ဖြစ်သည်။


အိုင်းယီက တခြားကျောင်းသားတစ်ယောက်ကို လွယ်ကူစွာပယ်ဖျက်ပြီးနောက် သူ့မျက်ဆံများကို စုကျုံ့လိုက်ပြီး စင်အောက်တွင်ရှိသော ကုဟွိုက်ဆီသို့သွားနေချိန်တွင် နောက်ထပ်ကျောင်းသားတစ်ယောက်က ထရပ်လာသည်။


“...” ကုဟွိုက်က သံသယမျက်နှာထားဖြင့် ကြည့်လိုက်သည်။


အလ်ဗ်နှင့် တခြားစစ်တပ်ခေါင်းဆောင်နှစ်ယောက်က မည်သည့်သံသယမျှမရှိချေ။ အိုင်းယီ၏ လုပ်ပုံအရ ၎င်းတို့က ချက်ချင်း သတိထားလိုက်ကြပြီး အလ်ဗ်၏အမြီးက ကုဟွိုက်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ကုဟွိုက်က အမြီးနှင့် ရစ်ပတ်ခံရချိန်တွင် ကျောင်းခန်းမထဲရှိ အမိုးခုံးက လေနှင့်အတူ လွင့်စင်ပွင့်ထွက်သွားခဲ့သည်။


ဝုန်း—


နားကွဲမတတ်ဆူညံသည့် ပေါက်ကွဲမှုက ကျယ်လောင်သွားခဲ့သည်။ ကျောက်တုံးအကြီးအသေးများသည် ပွင့်နေသည့် အမိုးခုံးပေါ်ကနေ ကျဆင်းလာပြီး ခန်းမထဲတွင် ချက်ချင်းဆိုသလို ရှုပ်ပွသွားရသည်။ ကျောင်းသားများ၏ အော်ဟစ်မှုများကလည်း ဆူညံသွားရ၏။ ပေါက်ထွက်သွားသည့် အမိုးခုံးကနေ ခန်းမထဲရှိ ကျောင်းသားများနှင့် နည်းပြများက ကောင်းကင်ပေါ်တွင် စစ်သင်္ဘောတစ်စင်းအားတွေ့လိုက်ရသည်။ ၎င်းတို့က သူပုန်အမှတ်တံဆိပ်များနှင့်ဖြစ်ကြသည်။


စက်ကွင်းမျိုးနွယ်စုထဲရှိ တရားမမျှတမှုများကြောင့် နီညိုရောင်အသားအရေရှိသည့် လေ့လာရေးမျိုးနွယ်စုများသည် မမျှတသောဆက်ဆံခြင်းကို များစွာခံစားခဲ့ရပြီး လူမျိုးရေးခွဲခြားခြင်းများလည်း ပါဝင်သည်။ ထို့ကြောင့် ၎င်းတို့က သူပုန်စစ်တပ်နှင့် အတူတကွ ပူးပေါင်းခဲ့ကြသည်။ သူပုန်အဖွဲ့ခွဲများက ယနေ့တွင် တိုးချဲ့ခဲ့ကြပြီး လီဗင်ကြယ်ပေါ်တွင် အဓိကရုဏ်းဖြစ်ပွားရန် ဆုံးဖြတ်ခဲ့ကြကာ အင်ပါယာတက္ကသိုလ်ကို ရွေးချယ်ခဲ့ကြသည်။


အငိုက်ဖမ်းတိုက်ခိုက်ခြင်းက အားလုံးကို ထိတ်လန့်သွားစေသည်။ သူပုန်များက လီဗင်၏ဂြိုဟ်ခံတပ်တွင် ထွက်ပေါက်ရှာတွေ့ထားသည်။ ၎င်းတို့ထဲမှတစ်ယောက်က ခံတပ်ဌာနတွင် အလုပ်လုပ်ခဲ့ဖူးသည့် လက်တွေ့လူသားတစ်ယောက်ဖြစ်ပြီး တရားမမျှတမှုအတွက် ဒေါသဖြစ်ကာ သူပုန်ထဲသို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ထိုလွတ်ပေါက်က ယခုအချိန်တွင် လီဗင်က ကျုးကျော်ဝင်ရောက်မည့် သတိပေးချက်ကို မပေးခဲ့သည့်အဓိပ္ပာယ်ဖြစ်ပေသည်။


ယခုအခါမှ လီဗင်စစ်တပ်လာမည်ဆိုလျှင်ပင် ကျောင်းကိုကယ်တင်ရန်အတွက် အလွန်နောက်ကျနေပေလိမ့်မည်။ သူပုန်များက ၎င်းတို့၏ မျိုးနွယ်စုနှင့်အတူ ထိုကဲ့သို့သော အငိုက်ဖမ်းတိုက်ခိုက်မှုဖြင့် မကျေချမ်းမှုများကို ဖော်ပြခဲ့ကြသည်။ ၎င်းတို့က အပြစ်မရှိသောသူများထံသို့ တုံ့ဆိုင်းခြင်းမရှိပဲ သေနတ်များဖြင့် ချိန်ရွယ်လိုက်ကြသည်။


ခန်းမတစ်ခုတည်းမဟုတ်။ ကျောင်းထဲရှိ တခြားအဆောက်အအုံများသည်လည်း ပျက်စီးခဲ့ပြီဖြစ်သည်။ ကျောင်းသားများက ခန်းမထဲတွင် စုဝေးနေကြကြောင်း သိရှိပြီးနောက် မြေပြင်ပေါ်သို့ ဆိုက်ရောက်လာသည့် သူပုန်စစ်သားများက ဝန်းရံလိုက်ကြသည်။


ရှိနေကြသောလက်တွေ့ကျောင်းသားများမှာ ကြောက်ရွံ့နေကြ၏။ ကျောင်းအုပ်နှင့် နည်းပြများသည် ၎င်းတို့ကျောင်းထဲတွင် ဇက်အဖွဲ့ရှိနေသည့်အတွက် မျှော်လင့်ချက်တစ်ခုကို ခံစားမိလိုက်သည်။ သို့သော်လည်း ကောင်းကင်ပေါ်တွင်ရှိသည့် စစ်သင်္ဘောများက ၎င်းတို့၏ မျှော်လင့်ချက်များကို ပျက်သုဉ်းသွားစေခဲ့သည်။


ဇက်များက အားကောင်းနိုင်သော်လည်း ကြီးမားသည့် စစ်သင်္ဘောများကိုတော့ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အားသုံးနိုင်မည်မဟုတ်ချေ။


ပေါက်ထွက်သွားသော အမိုးခုံးကနေ ကျောက်တုံး အကြီးအသေးများက ဆက်လက်၍ ကျဆင်းနေခဲ့သည်။ ကုဟွိုက်ထံသို့ အရင်ဆုံးကျဆင်းလာသည့် ကြီးမားသည့် သင်ပုန်းကျောက်ကြီးသည် အရပ်ရှည်သည့် အလ်ဗ်လက်ချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာကြေသွားရသည်။ ကျောက်တုံးအသေးများသည်လည်း ကုဟွိုက်နှင့် အနီးဆုံးတွင်ရှိနေသည့် တက်ခ်ဇက်များ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။


ကောင်းကင်ပေါ်မှ ကျောက်တုံးများကျဆင်းလာသည်ကိုတွေ့ပြီး ကုဟွိုက်ကိုကာကွယ်ထားသော တက်ခ်ဇက်များက ရှုးရှုးရှဲရှဲအသံများကို ပြုလုပ်ကြတော့သည်။ ၎င်းက ကုဟွိုက်ကိုကာကွယ်ရန် သူ၏ ကြီးမားသောခန္ဓာကိုယ်အား အသုံးပြုပြီး ကျောက်တုံးအသေးများကို သူ့ကျောပေါ်တွင် ကျဆင်းစေလိုက်သည်။ သေးငယ်သည့်ကျောက်တုံးများသည် ၎င်းတို့အား မည်မျှပင် ထိခိုက်ပါစေ၊ တက်ခ်ဇက်များက လှုပ်ရှားခြင်းမရှိပဲ ခုခံထားဆဲဖြစ်သည်။ တက်ခ်ဇက်များက ထိုသို့ကာကွယ်ပေးနေသရွေ့ ကလေးငယ်အား မထိခိုက်နိုင်သလို နာကျင်စေမည်မဟုတ်ချေ။


“ကာရု…” ကုဟွိုက်က သူ့အရှေ့က တက်ခ်ဇက်၏ ကျောပေါ်တွင် ကျောက်တုံးများ အဆက်မပြတ်ကျဆင်းနေခြင်းကိုတွေ့ပြီး အလိုအလျောက် လှမ်းခေါ်လိုက်မိသည်။ ကုဟွိုက်က ထိုသို့ပြုမူလိုက်သော်လည်း တက်ခ်ဇက်က ချက်ချင်း ရှုးရှုးရှဲရှဲအသံပြုသည်။ ကလေးငယ်၏ ခေါ်ဆိုမှုကို တုံ့ပြန်သည့်အနေဖြင့်ဖြစ်ပြီး မလှုပ်ရှားပဲ ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။


“ကာရု..” ကုဟွိုက်၏မျက်ဝန်းများက အနည်းငယ်ပြူးကျယ်သွားရသည်။


ကျောက်တုံးအသေးများက တက်ခ်ဇက်၏ကျောပေါ်သို့ ပို၍ကျဆင်းလာလေ၊ ကုဟွိုက်က ရင်းနှီးသည့်ခံစားချက်အား သူ့ရင်ထဲတွင် ပို၍ခံစားရလာလေဖြစ်သည်။ထိုခံစားချက်များက စုစည်းနေသည်။


ခန်းမကို ဝိုင်းရံထားသည့် သူပုန်များသည် ရှေ့ဆက်ရန်စတင်လာကြပြီး သူပုန်စစ်သားများက သူတို့၏လက်နက်များနှင့် ကုဟွိုက်ရှိရာ ခန်းမအတွင်းသို့ချိန်ရွယ်ထားသောအခါ ဇက်များ၏ မျက်ဆံများသည် စုကျုံ့လာရာမှ ပါးလွှာသောမျဉ်းကြောင်းအဖြစ်ပြောင်းကာ ဒေါသစိတ်များ မွှန်ထူသွားကြတော့သည်။


ဇက်များက အားကောင်းသော်လည်း ရန်သူဘက်က စစ်သင်္ဘောကိုမောင်းနှင်သူဖြစ်နေသည်။ အနိုင်ရနိုင်ရန် အခွင့်အရေးမရှိပေ။


ခန်းမထဲက လာလေ့လာသည့်လူများက ကောင်းကင်ပေါ်တွင် ရမ်းကားသည့်တစ်စုံတစ်ခုပေါ်လာသည်ကိုတွေ့သောအခါ ထိုအကြောင်းကို တွေးနေခဲ့ခြင်းဖြစ်သည်။ ကြီးမားသည့် မူမမှန်မှုက လူအုပ်ထဲတွင်ထွက်ပေါ်လာပြီး ကျောက်တုံးများအားလုံးကို စုပ်ယူသွားခဲ့သည်။ ထို့နောက် အမိုးခုံးနားသို့နီးကပ်လာသည့် စစ်သင်္ဘောက ကြီးမားသည့်ပြင်ပအင်အားဖြင့် ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ကျွီခနဲအသံမြည်တော့သည်။ 


ရော်ဘာကြိုးနှင့်အားပြင်းပြင်း ဆွဲယူခြင်းခံလိုက်ရသကဲ့သို့ ထိုစစ်သင်္ဘောက မမြင်နိုင်သည့် အင်အားဖြင့် ဆွဲငင်ခြင်းကိုခံလိုက်ရပြီး သင်္ဘော၏အတွင်းပိုင်းများက ရုတ်တရက် ပြန့်ကျဲကုန်ရသည်။ ကောင်းမွန်သည့် စစ်သင်္ဘောက ချက်ချင်းဆိုသလိုပင် ပျက်စီးသွားရ၏။ ထိုမြင်ကွင်းက သူပုန်များရော လက်တွေ့ကျောင်းသားများကိုပါ ကြက်သေသေသွားစေ၏။ 


အလ်ဗ်တွင် ထိုစွမ်းရည်ရှိသော်လည်း ယခုတစ်ခေါက်တွင်တော့ သူလုပ်ခဲ့ခြင်းမဟုတ်ပေ။ ရှိနေသောစက်ကွင်းလူမျိုးများသည် စွမ်းအင်အတက်အကျကို လိုက်ကြည့်နေကြပြီး ထိုစွမ်းအားက အနက်ရောင်ဆံပင်နှင့်လူငယ်လေးအား ဝန်းရံထားသောအမြီးမှလာခြင်းဖြစ်ကြောင်းကို တွေ့လိုက်ရသည်။


ကုဟွိုက်က ကောင်းကင်ပေါ်သို့ ငေးကြည့်လိုက်ပြီး သူ့မျက်ဝန်းများက ရွှေရောင်ဒေါင်လိုက်မျက်ဆံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရွှေရောင်ဒေါင်လိုက်မျက်ဆံ၏အရောင်က အယ်လ်ဖာအဆင့်ဇက်များထက် ပို၍လင်းလက်ကာ နွေးထွေးနေသည်။ နေမင်းကြီးနှင့် နှိုင်းယှဉ်နိုင်လောက်သည့် အပူချိန်ရှိပြီး ကြယ်တာရာများကဲ့သို့ ထူးခြားပြောင်မြောက်ပေသည်။ 


၎င်းက အမှန်စင်စစ်ရွှေဖြစ်ပေ၏။


...........


စာရေးသူမှာ ပြောစရာရှိပါတယ်။


သူ့မိဘတွေက ကျောက်တုံးအသေးတွေရဲ့ ရိုက်နှက်ခြင်းကိုခံနေရတယ်။ အဲဒါကြောင့် ဟွိုက်ပေါင်းက အရမ်းဒေါသထွက်ပြီး စစ်သင်္ဘောကို တစ်စစီဆုတ်ဖြဲလိုက်ပါတော့တယ်။