Chapter 80
ကျည်ကျည်ကျာကျာမြည်သံပြုပြီးနောက် ဇက်များအရှေ့တွင်ရှိသော လုံးဝန်းသောအနက်ရောင်သားပေါက်လေးသည် ၎င်း၏ ရွှေရောင်မျက်ဝန်းများက ပတ်ပတ်လည်မှ ဇက်များနှင့် ထပ်တူညီကျနေသကဲ့သို့ ခေါင်းမော့လိုက်သည်။ ကတ္တီပါစောင်ပေါ်တွင် လဲလျောင်းနေသော အနက်ရောင်သားပေါက်လေးကိုကြည့်ပြီး အခန်းထဲတွင်ရှိသော စိတ်မကောင်းဖြစ်နေကြသည့်ဇက်များသည် သားပေါက်လေးအား မမှိတ်မသုန်ကြည့်နေကြသည်။
ဘုရင်က ၎င်းတို့နှင့် စကားပြောချင်ပါရဲ့လား။ ပိုမိုကောင်းမွန်သည့် အကြံညဏ်မရောက်လာခင် ထိုအတွေးက အရင်ဆုံးဝင်လာရသည်။ ဘုရင်၏ ခန္ဓာကိုယ်က သက်သာပါရဲ့လား။
“အရှင်..” စစ်တပ်ခေါင်းဆောင်သုံးယောက်ဖြစ်သော ကာ့ပါးလီယာ၊ အိုင်းယီနှင့် စီမိုဒိုတို့သည် ဒူးတစ်ဝက်ထောက်၍ အနက်ရောင်သားပေါက်လေး၏ အခြေအနေအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
အိုင်းယီ၏မျက်နှာက သဘောမကျခြင်းများနှင့် ပြည့်နှက်နေသည်။ “အရှင် နေမကောင်းဖြစ်ထားတော့ ပိုပြီးအနားယူဖို့လိုနေတာပါ၊ အောက်မဆင်းသေးသင့်ဘူး...”
ကုဟွိုက်၏ နာမကျန်းဖြစ်ခြင်းက မပြင်းထန်ကြောင်းကိုသိသော်လည်း ကုဟွိုက်နေမကောင်းဖြစ်လျှင် စိုးရိမ်နေရဆဲဖြစ်သည်။
“အရှင်…” ကြီးကြပ်ရေးမှူးနှင့် တခြားဇက်များသည် ကုဟွိုက်နှင့် နီးနီးကပ်ကပ်နေနေခြင်းဟာ ကုဟွိုက်အတွက် စိတ်မသက်မသာဖြစ်စေမည်ကို စိုးရိမ်နေကြသည်။ ဘေးနားက ဇက်များ၏ မြွေလိမ်မြွေကောက်ပုံစံဖြစ်နေသော ခံစားချက်များကို သတိမူမိသည်နှင့် အနက်ရောင်သားပေါက်လေးက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ဒူးထောက်နေသော ကြီးကြပ်ရေးမှူးနားသို့ ကပ်လိုက်ပြီး တစ်ဖက်လူအား အနီးကပ်ကြည့်လိုက်သည်။
“ကျိုး...”
ကြီးကြပ်ရေးမှူးသည် အလွန်ထိတ်လန့်အံ့ဩသွားမှုကြောင့် အေးစက်စက်မျက်နှာထားအား မထိန်းသိမ်းထားနိုင်တော့ချေ။ ပတ်ပတ်လည်မှဇက်များသည်လည်း အနက်ရောင်သားပေါက်လေး၏ အပြုအမူကြောင့် ထပ်တူအံ့ဩသွားကြရသည်။ ဘုရင်က ၎င်းတို့နှင့် နီးစပ်ချင်နေသည်။
ထိုသို့သိရှိမှုက ဇက်များ၏ ဝမ်းနည်းအားငယ်နေသောစိတ်ခံစားချက်များကို ချက်ချင်း ဖယ်ရှားပေးလိုက်နိုင်သည်။ ၎င်းတို့က ပျော်ရွှင်မှုကို ခံစားလာကြရပြီး မျက်ဆံများက ချက်ချင်း တောက်ပလာခဲ့သည်။ ဇက်မျိုးနွယ်များက ခံစားချက်မဲ့ပြီး တည်ငြိမ်မှုကင်းမဲ့သောမျိုးနွယ်စုများဖြစ်ပြီး အေးစက်မှုကတောင် ဇက်စစ်သားများအားလုံးအတွက် အလိုအလျောက်တုံ့ပြန်သော မျက်နှာထားဖြစ်ပေသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်က လွယ်လွယ်ကူကူ မတုန်လှုပ်ပေ။
သို့သော်လည်း ကုဟွိုက်နှင့်တော့ မတူပေ။ ကုဟွိုက်၏ စိတ်သဘောထားနှင့် ပြုမူပုံများသည် ဇက်များ၏ စိတ်ခံစားချက်များကို သက်ရောက်နိုင်သည်။ အခန်းထဲတွင်ရှိသော ဇက်များအားလုံး၏ နှလုံးသားများကို ပြင်းထန်သည့်ပျော်ရွှင်မှုက ထိတွေ့သွားခဲ့ပြီး ကုဟွိုက်နားကိုနီးကပ်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။
“အရှင်၊ ဒီလက်အောက်ငယ်သားက အရှင့်ရဲ့အမွှေးလေးတွေကို ဖြီးသင်ပေးလို့ရမလား..”
ကြီးကြပ်ရေးမှူးက သတိကြီးကြီးနှင့် မေးလိုက်သည်။
ကတ္တီပါစောင်ပေါ်တွင်ရှိသော အနက်ရောင်သားပေါက်လေးသည် သူ့အနောက်မှ အမွေးပွပွအမြီးသေးသေးလေးကို လှုပ်လိုက်သည်။
“ကျိုး..”
ကြီးကြပ်ရေးမှူးက ဘီးအသေးလေးကို အခန်းထဲတွင် အမြန်ပတ်ရှာလိုက်ပြီး သားပေါက်လေး၏ အမွှေးများအား ဂရုတစိုက်နှင့် ဖြီးသင်ပေးလိုက်သည်။ အနက်ရောင်သားပေါက်လေး၏ ရွှေရောင်မျက်ဝန်းများက အမွေးများကို ဖြီးပေးနေသည့်ဖြစ်စဉ်အား မလှုပ်ရှားနိုင်သကဲ့သို့ ပွင့်နေခဲ့သည်။
တူဆာရှိ မနက်အစောပိုင်းတွင် နှင်းများထူထဲစွာ ကျဆင်းနေခဲ့သော်လည်း ယခုအချိန်တွင်တော့ နှင်းကျခြင်းများ ရပ်စဲသွားခဲ့ပြီဖြစ်သည်။ အပြင်ဘက်မှ နွေးထွေးသောနေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲတွင် တောက်ပနေခဲ့ပြီး နေရောင်ကျရောက်သောနေရာတွင် နွေးထွေးသောခံစားချက်အား ပေးစွမ်းနေသည်။
ဇက်များသည် ၎င်းတို့၏ ဘုရင်က အမြဲတမ်းကျန်းမာလျက် နီးနီးကပ်ကပ် အတူတကွနေနိုင်ရန် မျှော်လင့်ထားလျက်ရှိပြီး ထိုသို့ဖြစ်မည်ဆိုလျှင် ၎င်းတို့လည်း အလွန်ပျော်ရွှင်နိုင်မည်ဖြစ်သည်။ စကြဝဠာထဲတွင်နေထိုင်သော ဇက်များအတွက်တော့ ထိုကဲ့သို့ မူးနောက်လောက်စေသည့် ပျော်ရွှင်မှုများသည် ရိုးရှင်းသောအရာလေးမှ ဆင်းသက်လာခြင်းဖြစ်သည်။
ကုဟွိုက်က တစ်နေ့တာလုံး သားပေါက်လေးပုံစံဖြင့်သာရှိနေခဲ့သည်။ နောက်တစ်နေ့မနက်ရောက်ပြီး လူပုံစံဖြစ်မှ ယခင်က သူဖြစ်ခဲ့သောပုံစံကို ဇက်များထံသို့ မရှင်းပြသေးနိုင်ခင်အချိန်ထိဖြစ်သည်။
“ဒီလိုမျိုး ထပ်ဖြစ်တော့မှာမဟုတ်ပါဘူး..” ကုဟွိုက်က တည့်တည့်မတ်မတ်ထိုင်လျက် သူ့ပုံစံက အလွန်လေးနက်နေခဲ့သည်။ “အရင်က ပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်..”
ယခင်က ကုဟွိုက်၏ မူလဘဝတွင် မိသားစုမရှိခဲ့။ ကလေးအရွယ်ကတည်းက လူကြီးဖြစ်လာသည်အထိ တစ်ယောက်တည်းသာဖြစ်ခဲ့သည်။ ထိုကဲ့သို့သော ကြီးပြင်းမှုက ကုဟွိုက်အတွက် တခြားသူများကို စိတ်ကောင်းစေတနာထား၍ ဂရုစိုက်ပေးသည့်နေရာမှာ ပို၍သာလွန်စေခဲ့သည်။ ထို့ကြောင့် ကုဟွိုက်က အလွန်အရေးကြီးသည့် သံယောဇဉ်နှင့် ချစ်မြတ်နိုးမှုအား သည်ကမ္ဘာတွင်ရှိသော သူ၏ ‘မိသားစု’ ကို လုံးလုံးလျားလျား ပေးအပ်ထားခဲ့သည်။
ဘုရင်တစ်ပါးအနေဖြင့် ဇက်များ၏ စိတ်ခံစားချက်များကိုသိမြင်နိုင်သည့် စွမ်းရည်က ကုဟွိုက်အတွက် ဇက်များ၏ အချစ်နှင့်စိုးရိမ်မှုများကို ပို၍ရှင်းလင်းစွာ မြင်တွေ့နိုင်စေသည်။ ထိုခံစားချက်များက စင်စစ် ပြင်းထန်သည်။ ကုဟွိုက်က ထိုခံစားချက်များကို ရသည်နှင့် အလိုအလျောက် တုံ့ပြန်ချင်ခဲ့သည်။
“အရှင် တောင်းပန်စရာမလိုပါဘူး...” ကာ့ပါးလီယာက ကုဟွိုက်ကိုပြောလိုက်သည်။ မျိုးနွယ်၏ထုံးစံအရ အေးစက်သည့်မျက်နှာရှိသော မိန်းကလေးဇက်၏ နှုတ်ခမ်းထောင့်တွင် သေးငယ်သည့်ကွေးညွတ်မှုလေး ဖြစ်ပေါ်လာရသည်။ ထိုပုံစံကို အပြုံးဟုယူဆရန် ခဲယဉ်းသော်လည်း ကာ့ပါးလီယာ၏ ကြိုးစားထားသောရလဒ်ဖြစ်ပေသည်။
ကုဟွိုက်က အပြုံးကိုရှာဖွေရန် ခက်ခက်ခဲခဲရင်ဆိုင်လိုက်ပြီး အလိုအလျောက် မျက်တောင်ခတ်လိုက်မိသည်။
“အင်း… အဲဒီမျက်နှာထားကိုကြည့်ရဖို့က ခက်ခဲလို့လား...” ကာ့ပါးလီယာက တည်ကြည်နေခဲ့သည်။ “အာရွန်ကတော့ တန်ဖိုးထားတဲ့သူတွေအတွက် ဒီမျက်နှာထားအတိုင်းနေတာ ပိုကောင်းတယ်လို့ပြောတယ်...”
အခြားမျိုးနွယ်စုများက ဇက်များထက် စိတ်ခံစားချက်များကို ပို၍သိနားလည်သည့်အတွက် ကာ့ပါးလီယာက အာရွန်၏စကားကို နားထောင်ခဲ့သည်။
“မဟုတ်ဘူး Luna ကတော့ ကောင်းကောင်းပြုံးတတ်တယ်..” ကုဟွိုက်က ခေါင်းမြန်မြန်ခါလိုက်သည်။
ကုဟွိုက်က ထိုသို့ပြောသည်နှင့် ကာ့ပါးလီယာ၏မျက်နှာအမူအရာက ဝင်းလက်သွားခဲ့သည်။ ထို့ကဲ့သို့သော တိုက်ရိုက်ချီးကျူးခြင်းနှင့် ရင်ဆိုင်ရခြင်းမှာ တခြားမျိုးနွယ်စုများရှိ မိန်းကလေးများထက် ဇက်မျိုးနွယ်စုများ၏ မိန်းကလေးများသည် ပို၍အေးစက်နိုင်သော်လည်း ရှက်ရွံ့သောစိတ်ခံစားချက်မပါပဲနှင့်တော့ မဖြစ်နိုင်ချေ။
ထိုအချိန်တွင် ကုဟွိုက်၏ဘေးရှိ တက်ခ်ဇက်သည် စားပွဲပေါ်ရှိ ဘီးသေးသေးလေးကို သူ့လက်ဖျံဖြင့် မြဲမြဲညှပ်ကိုင်ထားရန်ကြိုးစားနေသည်။ ကြိုးပမ်းမှုက အထမမြောက်ပဲ လုံးဝန်းသောဘီးလေးက ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။
သို့သော်လည်း တက်ခ်ဇက်က လက်မလျှော့ချေ။ ခေါင်းငုံ့၍ ထပ်ပြီးယူရန် ကြိုးစားနေသည်။ သတိကြီးစွာဖြင့် အားသွန်ခွန်စိုက်သုံးပြီးနောက်မှာ တက်ခ်ဇက်သည် သူ့လက်ကိုအသုံးပြု၍ ဘီးလေးအား ကောက်ယူနိုင်ခဲ့သည်။
“ရှုး…” ကြီးမားသောတက်ခ်ဇက်က သူကိုင်ထားသောဘီးလုံးလေးအား ကြက်သွေးရောင်မျက်ဆံများဖြင့်ကြည့်၍ ရှုးရှုးရှဲရှဲအသံများပြုလုပ်လိုက်သည်။ တခြားတက်ခ်ဇက်များကတော့ ဂနာမငြိမ်ဖြစ်နေပုံရပြီး တစ်ထေရာတည်းလိုက်လုပ်ချင်နေပုံရသည်။
“ဒီကိုဖြီးပေး..” ဆိုဖာပေါ်တွင်ထိုင်၍ ကုဟွိုက်က ချွန်ထက်သည့်လက်နက်နှင့် ထပ်တူညီသည့် လက်ဖျံအားပုတ်လိုက်ပြီး သူ့အမွှေးကိုညွှန်ပြကာ ပြုံးလိုက်သည်။
အဆင့်နိမ့်ဇက်များသည် စစ်ပွဲများအတွက်သာ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ဧည့်ခန်းထဲတွင်ရှိသည့် ထိုတက်ခ်ဇက်များသည် တိုက်ခိုက်ခြင်းကလွဲလို့ ဘာမှနားမလည်ပေ။ ထိုအရာက ကုဟွိုက်မွေးဖွားလာပြီးကတည်းက ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က သားပေါက်လေးကို ဂရုစိုက်ပေးရမည့်ပုံစံအား သင်ယူခဲ့ပြီး ဘယ်လိုပျော်ရွှင်အောင်ထားရမလဲဟု လေ့လာခဲ့ကြသည်။
ကုဟွိုက်က သူ့အမွှေးကိုညွှန်ပြပြီးနောက်တွင် တက်ခ်ဇက်က ဘီးလေးအား သူ့လက်ဖျံနှင့်ကိုင်လိုက်ကာ ကုဟွိုက်၏ နူးညံ့သည့် အနက်ရောင်အမွေးများအား ဂရုတစိုက် ဖြီးသင်ပေးလိုက်သည်။ ၎င်းက ကုဟွိုက်၏ အမွေးကို ညင်သာစွာဖြီးပေးနေပြီး တက်ခ်ဇက်များ၏ ကြက်သွေးရောင်မျက်ဆံများက တိုးညင်းသော ရှုးရှုးရှဲရှဲအသံပြုရင်း စုကျုံ့သွားခဲ့သည်။
အလ်ဗ်က ကုဟွိုက်၏ဘေးတွင် သူ့အမြီးကိုပတ်လည်ထားကာ ထိုင်နေပြီး ရှိနေကြသော စစ်တပ်ခေါင်းဆောင်သုံးယောက်က ထိုမြင်ကွင်းကို ကန့်ကွက်ခြင်းမရှိကြပေ။ ကုဟွိုက်၏ဘေးတွင်နေလျက် အလ်ဗ်က ထိန်းချုပ်ခြင်းမှထွက်မသွားပေ။ ထို့အပြင် အလ်ဗ်၏ အမူအရာက ကုဟွိုက်၏ ခွင့်ပြုချက်ရထားပြီးဖြစ်သည်။ ကုဟွိုက်၏ ဆန္ဒပင်ဖြစ်ပေ၏။ ကုဟွိုက်အတွက် အလ်ဗ်က အန္တရာယ်မရှိကြောင်း အတည်ပြုပြီးသည်နှင့် စစ်တပ်ခေါင်းဆောင်များက ကုဟွိုက်၏ဆန္ဒကို အကြွင်းမဲ့ လိုက်နာခဲ့ကြသည်။
ကုဟွိုက်က တူဆာ၏မြေဆီလွှာတိုးတက်ရေးစီမံကိန်းအကြောင်းကို စဉ်းစားရင်းနှင့် အမွှေးဖြီးသင်ခံနေသည်။ သူက ခေါင်းထောင်ပြီး ဘေးနားက စီမိုဒိုကိုမေးလိုက်သည်။ “အနာဂတ်မှာ တူဆာက ပန်းတွေအများကြီးစိုက်သင့်တာ စီမိုဒို မင်းပန်းကြိုက်လား..”
စတုတ္ထမြောက်စစ်တပ်ခေါင်းဆောင်က တက်ခ်ဇက်များသကဲ့သို့ အရွယ်အစားကြီးမားပြီး ကြမ်းကြုတ်သောမျက်နှာရှိသော်လည်း ကုဟွိုက်ရှေ့တွင်တော့ ထုံထိုင်းထိုင်းဖြစ်နေသည်။ စီမိုဒိုက သူ့ထင်မြင်ချက်များကို ထုတ်ပြောလေ့မရှိသည့်အတွက် ကုဟွိုက်ကသာ သူ့ကိုမေးခွန်းများမေးရသည်။
“ဟုတ်ကဲ့ အရှင်က ပန်းတွေကိုသဘောကျတယ်ဆိုရင် ဒီလက်အောက်ငယ်သားကလည်း ကြိုက်ပါတယ်...” စီမိုဒိုက သူ့အတွေးအတိုင်း အဖြေပြန်မပေးခင် စက္ကန့်ပိုင်းမျှ စဉ်းစားလိုက်သေးသည်။
ကုဟွိုက်က ထိုစကားများကိုကြားပြီး သူ့ပါးပြင်ကို ကုတ်ခြစ်လိုက်သည်။ “ငါတို့သာ တူဆာပေါ်မှာ ပန်းပင်တွေ စိုက်ပျိုးနိုင်ရင် ပိုပြီးလှလာမှာ… ဒါပေါ့ အခုလည်း တူဆာက လှတယ်ဆိုပေမယ့် ပန်းတွေနဲ့ဆိုရင် ပိုပြီး အရောင်အသွေးစုံလင်သွားမှာ...”
“မင်းတို့နဲ့အတူ ကြည့်ရရင်ကောင်းမယ်” ကုဟွိုက်က စိတ်အခြေအနေကောင်းနေပြီး မျက်ဝန်းများ ကွေးညွတ်နေသည်။
ထိုခဏတွင် ကုဟွိုက်က အိုင်းယီကို လှမ်းကြည့်လိုက်သည်။ “အင်း အိုင်းယီ မှန်းကြည့်တဲ့ အိပ်မက်ထဲမှာဆိုရင်ရော ဘယ်လိုအနာဂတ်မျိုးကို မြင်လဲ… တူဆာကိုတွေ့လား… အဲဒါက ပန်းတွေနဲ့ ပြည့်နေလား...”
ကုဟွိုက်က ယမန်နေ့ကတည်းက သားပေါက်ပုံစံအတိုင်းနေနေပြီး အိုင်းယီ၏ အတိတ်နိမိတ်ပြခြင်းကို ဇက်များပြောဆိုနေသည်အား ကြားလိုက်ရသည်။ ယခုဆိုလျှင် သူက ထိုအကြောင်းကိုမေးရန် စဉ်းစားလိုက်သည်။ ကုဟွိုက်က ထိုကိစ္စကိုမေးပြီး အခန်းထဲရှိ ဇက်များအားလုံးကလည်း စိုးရိမ်နေကြသည်။ ကုဟွိုက်ထက် အရင်မေးသင့်သော်လည်း အိုင်းယီက ထိုအကြောင်းကိုပြောသည့်အချိန်တွင် ကုဟွိုက်က ဖျားနာနေခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ကုဟွိုက်အပေါ်ထားရှိသည့် စိတ်ပူခြင်းက တခြားသောအရာများကို ဂရုစိုက်ရန် နေရာမရှိနိုင်တော့ပေ။
အိုင်းယီက အလွန်ဖျော့တော့သည့် ဒေါင်လိုက်ရွှေရောင်မျက်ဆံများဖြင့် ကုဟွိုက်ကို ကြည့်နေသည်။ သူက ကုဟွိုက်၏ စစ်မှန်သောတည်ရှိမှုကိုကြည့်နေရင်းနှင့် အနာဂတ်ကိုခန့်မှန်းနိုင်သည့် သူ့စွမ်းရည်ကို ရပ်လိုက်သည်။
အိုင်းယီက ကုဟွိုက်အတွက်တော့ တည်ငြိမ်နေသောရေသေလို ခံစားရစေသည်။ အိုင်းယီ၏မျက်နှာပေါ်မှာ မီးခိုးရောင်ပုံစံနှစ်ခုသည် ပဟေဠိဆန်သောခံစားချက်ကို ရစေသည်။ ဇက်များအားလုံးကြားတွင် အိုင်းယီက ‘နူးညံ့သိမ်မွေ့ခြင်း’ ဆိုသည့် အဓိပ္ပာယ်ကိုဖော်ဆောင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ကုဟွိုက်ကိုကြည့်နေသည့် သူ့မျက်ဝန်းများသည် အလွန်တည်ငြိမ်နေသော်လည်း တစ်ချိန်တည်းမှာပင် နူးညံ့ညင်သာနေသည်။ ညင်သာသောအကြည့်ဆိုခြင်းက ၎င်းကို ဆိုလိုသည်။
“ဒီလက်အောက်ငယ်သားကလည်း အရှင့်ရဲ့အမွှေးတွေကို ဖြီးပေးချင်ပါတယ်၊ ဖြီးပေးလို့ရပါရဲ့လား...” ရှားပါးသည့်အပြုအမူနှင့် အိုင်းယီက ကုဟွိုက်၏မေးခွန်းကိုမဖြေပဲ ထိုအစား နောက်ထပ်မေးခွန်းထပ်မေးလိုက်သည်။
ကုဟွိုက်က ခေါင်းညိတ်အဖြေမပေးခင် မမျှော်မှန်းထားသည့်စကားများကြောင့် မျက်တောင်ခတ်မိသွားသည်။ “အင်း...”
ကုဟွိုက်ပြောပြီးသည်နှင့် တက်ခ်ဇက်များက အမြီးကိုဖြီးပေးနေခြင်းအားရပ်လိုက်ပြီး အိုင်းယီက ဘီးကိုယူလိုက်သည်။ သူက ခေါင်းငုံ့ပြီး ဖြီးပေးစရာမလိုတော့သည့် အနက်ရောင်အမွှေးများကို ဂရုတစိုက်ဖြီးပေးနေသည်။
ထို့နောက် အိုင်းယီက အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ဒီလက်အောက်ငယ်သား တွေ့ခဲ့တာကတော့… တူဆာက အရှင်ကြိုက်တဲ့ပန်းတွေနဲ့ပြည့်နေတာ… အရှင်တွေ့ရင် ဝမ်းသာမှာပဲ… အနာဂတ်တူဆာက အရှင်ဖြစ်စေချင်သလိုပဲဖြစ်လာမှာ...”
“ကောင်းတာပေါ့” ကုဟွိုက်က ထိုစကားကိုကြားပြီး အနည်းငယ်တောက်ပသွားခဲ့သည်။ ဇက်များက တူဆာ၏မြေဆီလွှာတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းထားကြောင်းကို ကုဟွိုက်သိသည်။ အခြားမျိုးနွယ်စုများက မြေဆီလွှာကျွမ်းကျင်ပညာရှင်များကိုငှားရမ်းထားရုံတင်မကပဲ တူဆာပေါ်ရှိ ဇက်များအားလုံးကလည်း ထိုအကြောင်းကို စတင်လေ့လာခဲ့ကြသည်။ ထိုကြိုးပမ်းမှုများက ကောင်းမွန်သည့်ရလဒ်ဖြစ်ထွန်းလာမှာသေချာသည်။ ကုဟွိုက်က ပျော်ရွှင်နေခဲ့၏။
“ပန်းတွေကိုကြည့်ဖို့ ငါမင်းကိုခေါ်သွားခဲ့သေးလား..” ကုဟွိုက်က စိတ်ဝင်စားမှုဖြင့်မေးလိုက်သည်။ တူဆာက ပန်းများနှင့်ပြည့်နှက်သွားမည်ဆိုပါလျှင် သေချာပေါက် သွားကြည့်လိမ့်မည်ဖြစ်သည်။
အိုင်းယီ၏မျက်ဝန်းများက အနည်းငယ်အံ့အားသင့်သွားပြီး နှစ်စက္ကန့်လောက်ကြာသည့်အခါတွင် ဖြည်းညင်းစွာ တုံ့ပြန်လိုက်သည်။ “ဟုတ်..”
အမှန်တွင်တော့ အိုင်းယီက တူဆာ၏အနာဂတ်နှင့်ပက်သက်ပြီး ဘာမှမတွေ့ချေ။ သူအိပ်မက်ထဲတွင်တွေ့ခဲ့သော အနာဂတ်သည် ပန်းများနှင့်ပြည့်နှက်နေသည့်တူဆာ၏ပုံစံ မဖြစ်သေးခင်အချိန်ကဖြစ်သည်။ ၎င်းကိုမတွေ့ရသော်လည်း ဇက်များ၏ အားထုတ်ကြိုးပမ်းမှုနှင့် လုံလောက်သောအချိန်များကြောင့် တူဆာသည် ကုဟွိုက်မျှော်မှန်းထားသလိုဖြစ်လာမည်ဟု အိုင်းယီက ယုံကြည်သည်။
“ဒီအနာဂတ်က မြန်မြန်လာရင်ကောင်းမယ်လို့ မျှော်လင့်မိပါတယ် တူဆာပေါ်မှာ ပွင့်နေမယ့်ပန်းတွေကို မင်းတို့ကိုပြချင်တယ်..” ကုဟွိုက်၏စကားများသည် ကတိကဝတ်ပြုမှုများနှင့် ပြည့်နှက်နေသည်။
အိုင်းယီက ပြုံးလိုက်ပြီးပြန်ပြောသည်။ “ဒီလက်အောက်ငယ်သားကလည်း ကြည့်ချင်ပါတယ်..”
ထိုသည်သာ အနာဂတ်ဆိုလျှင် သူတွေ့နိုင်မည်ဖြစ်သည်။
အိုင်းယီတွင် လူသားများခေါ်ကြသည့် ‘လောဘ’ ဆိုသည့် အတွေးရှိသည်။ ယနေ့လိုမျိုး ကုဟွိုက်က ရှင်သန်ပြီး သူတို့၏ပျော်ရွှင်မှုများနှင့် နီးကပ်ချင်စိတ်ရှိသည်။ ဇက်များအားလုံးက ထိုသို့ဆက်ဖြစ်လာရန်မျှော်လင့်သည်။ သို့သော်လည်း ‘ပြောင်းလဲခြင်းမရှိ’ ခြင်းက ‘ပြောင်းလဲခြင်း’ ဆိုသည့်အရာထက် ပို၍ခက်ခဲသည်။ ထိုသို့ထိန်းသိမ်းရန်အတွက်ဆိုလျှင် အိုင်းယီက ဘာမဆိုပေးဆပ်ရန်ဆန္ဒရှိသည်။
ထို့ကြောင့် သူ့ခန့်မှန်းချက်အိပ်မက်အရ ထိုအနာဂတ်ကို မမြင်တွေ့ခဲ့မှန်းသိနေသော်လည်း အိုင်းယီက ထိုအနာဂတ်ကိုဖြစ်လာရန် မျှော်လင့်နေဆဲဖြစ်သည်။