အခန်း၈၁
Viewers 10k

Chapter 81

Chapter 81


မျိုးနွယ်စု၏ တိုးတက်ဖွံ့ဖြိုးမှုများက လမ်းကြောင်းမှန်ကိုရောက်ရှိနေသည်။ စစ်တပ်ခေါင်းဆောင်လေးယောက်၊ ကြီးကြပ်ရေးမှူး နှင့် တခြားစီနီယာဇက်များ၏ ကျေးဇူးကြောင့် ဇက်မျိုးနွယ်စုများအတွက် စိတ်ပူစရာကိစ္စထွေထွေထူးထူးမရှိပေ။ သာမာန်စာရွက်စာတမ်းများကို စစ်တပ်ခေါင်းဆောင်များထံသို့ တိုက်ရိုက်ကမ်းပေးနိုင်သည်။ ကုဟွိုက်က အရေးကြီးသည့် စာရွက်စာတမ်းအနည်းငယ်ကိုသာ ကြည့်ရှုစစ်ဆေးရန်လိုအပ်သည်။


တူဆာသို့ လာရောက်လည်ပတ်ကြသော ခရီးသွားများ များစွာရှိလာနေသည်။ ကုဟွိုက် တစ်ခါမှမျှော်မှန်းမထားခဲ့သော်လည်း တူဆာသည် အချိန်တိုအတွင်းတွင် ခရီးသွားများ လည်ပတ်သွားလာသည့် နာမည်ကြီးနေရာအဖြစ် ထင်ကျန်ခဲ့သည်။ အများပြည်သူတို့၏ သိချင်စိတ်များအလျောက် တူဆာသို့ လာရောက်လည်ပတ်ကြသည့်သူများသည် အိမ်သို့ ဘေးကင်းကင်းနှင့် ရောက်ရှိသည်နှင့် မျိုးနွယ်စုများအားလုံးက လူများသည် တူဆာကို အောက်မေ့ဖွယ်ဖြစ်ရပ်အဖြစ် မှတ်ယူကြသည်။


ခရီးသွားများသည် ၎င်းတို့၏ ဇက်မြို့တော်အပေါ်ထားရှိသော ထင်မြင်ချက်များကို ကြော်ငြာလေ့ရှိကြပြီး ကြယ်တာရာခေတ်မှ ဇက်များ၏ ဂုဏ်သတင်းမှာ ပို၍ ဖော်ရွေလာခဲ့သည်။ ယခုဆိုလျှင် ဇက်များက အရင်လက်ဦးမှုယူစရာမလိုပဲ တခြားမျိုးနွယ်စုများက ဇက်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန် ရောက်ရှိလာတတ်ကြသည်။ ဇက်များက ငြင်းဆန်တတ်သည့်မျိုးနွယ်စုများမဟုတ်ပေ။ အားနည်းသည့်မျိုးနွယ်စုများဖြစ်လျှင်တောင်မှ ရိုးသားမှုကို ပြသနိုင်လျှင် သံတမန်ရေးရာကို အတူတည်ထောင်ရန် ဝန်မလေးပေ။


ယခုနှစ်ဆောင်းရာသီတွင် ကုဟွိုက်က ယမန်နှစ်က သူကတိပေးထားသကဲ့သို့ အိမ်ရာထဲရှိ ခြံဝင်းကြီးထဲတွင်သာ တက်ခ်ဇက်များနှင့်အတူ နှင်းလူသားပြုလုပ်နေသည်။ နောက်နှစ် တူဆာတွင် နှင်းကျလျှင် နှင်းလူသားကို ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ကုဟွိုက်ပြောခဲ့သည်။ ကုဟွိုက်က ထိုကိစ္စကိုမှတ်မိပြီး ပေးထားသည့်ကတိကို မချိုးဖောက်ပေ။


ကုဟွိုက်က ခြံထဲတွင် နှင်းလူသားပြုလုပ်နေကြောင်းကို ဇက်စစ်သားများသိသွားသည့်အတွက် ၎င်းတို့ကလည်း သူတို့၏နှင်းလူသားများကို ပတ်ပတ်လည်တွင် ပြုလုပ်နေကြသဖြင့် ယမန်နှစ်ကထက် နှင်းလူသားများပိုများနေတော့သည်။


နှင်းလူသားများကို ပတ်လည်ဝိုင်း၍ နှင်းလူသားပုံစံသေးသေးလေးများလုပ်ထားကြသည်မှာ အလွန်ပေါ်လွင်ထင်ရှားသည်။ ခန္ဓာကိုယ်အရွယ်အစားက အလွန်သေးသည့်အတွက် ဖျက်ခနဲကြည့်လျှင်တောင်မြင်ရသည်။ နှင်းလူသားအသေးစားလေးများကို တက်ခ်ဇက်များက ပြုလုပ်ထားခြင်းဖြစ်သည်။ ကုဟွိုက်က သူတို့မျက်လုံးထဲတွင် ကလေးအရွယ်သာရှိသေးသည့်အတွက် ယခုနှစ်တွင် တက်ခ်ဇက်များက ကုဟွိုက်ကို ကိုယ်စားပြုသည့် နှင်းလူသားအသေးလေးကို ပြုလုပ်ခဲ့ကြသည်။ နှင်းလူသားလေးက သေးငယ်သည့်ပုံစံရှိပြီး ကာကွယ်မှုကို လိုအပ်နေသေးသည်ဟု ဇက်များက ထင်ကြသည်။ ကုဟွိုက်ကို ကိုယ်စားပြုထားသည့် နှင်းလူသားဘေးတွင် တက်ခ်ဇက်များက ၎င်းတို့ပြုလုပ်ထားကြသည့် နှင်းလူသားများကို ဝန်းရံထားကြသည်မှာ ဘုရင်၏ဘေးတွင် အသင့်ရှိနေကြောင်းဖော်ပြချင်သည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ထိုအကြံညဏ်က ဇက်များကို ကျေနပ်အားရစေသည်။


“မင်းတို့အတွက်လည်း တစ်ခုလုပ်ပေးရမလား..” ကုဟွိုက်က သူ့အရှေ့တွင်ရပ်နေသော စစ်တပ်ခေါင်းဆောင်လေးယောက်ကို မေးလိုက်သည်။


အိမ်ရာထဲတွင် မကြာခဏနေလေ့ရှိကြသော တခြားသောဇက်များက ၎င်းတို့၏ နှင်းလူသားကို ပြုလုပ်ခဲ့ကြသော်လည်း အယ်လ်ဖာအဆင့်ဇက်လေးယောက်တွင်တော့ နှင်းလူသားမရှိသေးပေ။ အယ်လ်ဖာအဆင့်ဇက်လေးယောက်က ဘာမှမပြောသော်လည်း ကုဟွိုက်ကို ငေးကြည့်နေကြသည်။


ထိုပုံစံသည် အယ်လ်ဖာအဆင့်ဇက်များ၏ ထိန်းချုပ်လေ့ရှိကြသော ကန့်သတ်ချက်ဖြစ်မည်ဟု ကုဟွိုက် တွေးလိုက်မိသည်။ သို့မဟုတ်လျှင် ၎င်းတို့၏ပုံစံသည် စကားမပြောလျှင်တောင်မှ လိုချင်သည့်ပုံစံကို ပြသနိုင်ပေလိမ့်မည်။ ကုဟွိုက်က မျက်တောင်ခတ်လိုက်သည်။


 “ဒါဆို မင်းတို့အတွက်လည်း ငါလုပ်ပေးမယ်...”


ကုဟွိုက်က နေရာလွတ်သို့သွားပြီး သာမာန်အရွယ်အစားဖြင့် နှင်းလူသားလေးခုကို ပုံဖော်လိုက်သည်။ နှင်းလူသားများ၏ မျက်လုံးများကို အဖိုးတန်သော ကျောက်မျက်ရတနာဖြင့် ပုံသွင်းထား၏။ ကုဟွိုက်က နှင်းလူသားလေးယောက်ကို ညွှန်ပြပြီး ပြောလိုက်သည်။ 


“ဒါက အလ်ဗ်၊ ဒါက ကာ့ပါးလီယာ၊ တတိယမြောက်က စီမိုဒို၊ နောက်ဆုံးကတော့ အိုင်းယီ...”


အပေါ့ပါးဆုံး ကျောက်မျက်အရိုင်းတုံးလေးများက နှင်းလူသားလေးခုထဲတွင် ထည့်သွင်းမြုပ်နှံထားသည်။ ကုဟွိုက်က နှင်းလူသား၏ မျက်လုံးကို ညွှန်ပြ၍ အိုင်းယီကိုမေးလိုက်သည်။ 


“တော်တော် တူတယ်မလား...”


အိုင်းယီက နှင်းလူသားမျက်နှာပေါ်မှ လင်းလက်သည့် ရွှေရောင်ကျောက်မျက်အရိုင်းတုံးနှစ်ခုကိုတွေ့ပြီး ၎င်း၏ အေးစက်ပြီး တည်ငြိမ်သည့်မျက်နှာပေါ်တွင် အလွန်ပေါ့ပါးသည့်အပြုံးလေးတစ်ပွင့် ပေါ်ပေါက်လာခဲ့သည်။ “ဟုတ်ကဲ့ ဒီလက်အောက်ငယ်သားကလည်း တော်တော်လေး ဆင်တူတယ်လို့ ယူဆမိပါတယ်...”


နှင်းလူသားလေးခုလည်း ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ခြံဝင်းထဲတွင် နှင်းလူသားများနှင့် ပြည့်နှက်သွားတော့သည်။ အယ်လ်ဖာအဆင့်ဇက်လေးယောက်၏ ထိန်းချုပ်ထားမှုကို စဉ်းစားတွက်ချက်ကြည့်ပြီး ကုဟွိုက်က ဦးစွာပြောလိုက်သည်။ “မင်းတို့ကြိုက်တယ်ဆိုရင် နောက်နှစ်လည်း ငါထပ်ပြီးလုပ်ပေးမယ် လက်ဆောင်အဖြစ်သဘောထားပြီး ယူလိုက်ပေါ့...”


စီမိုဒိုက အမြန်ဆုံးနည်းနှင့် တုံ့ပြန်လိုက်ကာ ကုဟွိုက်ထံသို့ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်သည်။ “စီမိုဒိုကလည်း နှင်းလူသားကို ကြိုက်ပါတယ်...”


ပိုတိတိကျကျပြောရမည်ဆိုပါက ကုဟွိုက်ပုံဖော်ပေးထားသော နှင်းလူသားကို ကြိုက်နှစ်သက်ခြင်းဖြစ်သည်။ အလ်ဗ်၏တုံ့ပြန်ချက်ကတော့ ကုဟွိုက်ကို သူ့အမြီးနှင့် ပတ်ရံလိုက်ခြင်းဖြစ်သည်။ ကုဟွိုက်က ထိုကြောင်ကြီးကြောင့် လန့်သွားခဲ့ပြီး ကာ့ပါးလီယာက သူ့ကိုခေါင်းညိတ်ပြနေသည်အား မြင်လိုက်ရသည်။


“နောက်နှစ်ကျရင် အရှင်ခွင့်ပြုမယ်ဆို ဒီလက်အောက်ငယ်သားက အရှင့်အတွက် နှင်းလူသားပုံဖော်ပေးပါ့မယ်..” အိုင်းယီက ပြောလိုက်သည်။


ကုဟွိုက်က အိုင်းယီဆီမှ မထင်မှတ်ထားသောစကားကိုကြားလိုက်ရသည်။ သူက မျက်လွှာလှန်ကြည့်ပြီး အမြန်ခေါင်းညိတ်ပြလိုက်သည်။ “ဒါပေါ့...”


လိုချင်သည့်အဖြေရသွားသည်နှင့် ကုဟွိုက်ကိုကြည့်နေသော အိုင်းယီ၏အကြည့်သည် ပို၍နူးညံ့သွားခဲ့သည်။ ကုဟွိုက်ပြောခြင်းက နှင်းလူသားကို လက်ဆောင်အဖြစ်နှင့်လုပ်ပေးနိုင်ပြီး ထိုလက်ဆောင်သည် တစ်နှစ်နေမှ တစ်ခါရနိုင်သည့်လက်ဆောင်သာဖြစ်သည်ဟု ပြောခြင်းဖြစ်သည်။


“ကျေးဇူးတင်ပါတယ်..” အိုင်းယီက တီးတိုးပြောဆိုလိုက်သည်။


ထိုသို့အဖိုးတန်သည့်လက်ဆောင်သည် ကြိမ်ဖန်ပေါင်းများစွာရရှိနိုင်ကြောင်းကို မသိခဲ့သည့်အတွက် အိုင်းယီက ရင်ဝယ်ပိုက်မြတ်နိုးလျက်ရှိနေသည်။ နှင်းလူသားအပုံများနှင့်ပြည့်နေသည့် ခြံဝင်းထဲတွင် ကုဟွိုက်က သူ့နောက်ကိုအမြဲလိုက်နေကျဖြစ်သည့် တက်ခ်ဇက်များကို စိတ်ဝိညာဉ်ဖြင့် လမ်းညွှန်ခဲ့သည်။


အဆင့်နိမ့်ဇက်များ၏ တိုးတက်ရေးကို အထောက်အကူပြုရန် စိတ်ဝိညာဉ်လမ်းညွှန်မှုကို အသုံးပြုခြင်းသည် အလွန်နှေးကွေးသော်လည်း တိုးတက်ခြင်းမရှိပဲ အထမမြောက်နိုင်ပေ။ လွန်ခဲ့သည့်နှစ်နှင့် ယှဉ်ကြည့်မည်ဆိုပါက တက်ခ်ဇက်များ၏ ဘာသာစကားကိုနားလည်လာမှုသည် တိုးတက်လာသည်ဟု ကုဟွိုက် ခံစားမိသည်။ ရှုပ်ထွေးသည့်အရာများကို ယခုချိန်တွင်ပြောနေမည်ဆိုလျှင်တောင် တက်ခ်ဇက်များက နားလည်နိုင်နေပြီပင်ဖြစ်၏။


ပထမဆုံးဆိုရလျှင် ထိုသည်က ၎င်းတို့၏ ညဏ်ရည်တိုးတက်မှုနှင့် ခန္ဓာကိုယ်တိုးတက်ဖွံ့ဖြိုးမှုဟုဆိုနိုင်သည်။ 


ယခုခေတ်တွင် စစ်ပွဲများက မကြာခဏမဖြစ်တော့ချေ။ ယခင်ကတော့ မွေးဖွားလာခြင်းကနေ သေဆုံးသည့်အချိန်ကာလက အလွန်တိုတောင်းသောကြောင့် အဆင့်နိမ့်ဇက်များက တိုးတက်ပြောင်းလဲရန် အချိန်ပင်မရှိခဲ့ခြင်းဖြစ်သည်။ လုံလောက်သည့်အချိန်ရှိနေသရွေ့ တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ အဆင့်နိမ့်ဇက်များသည် လူသားပုံစံဖြစ်ပေါ်လာနိုင်မည်ဟု ကုဟွိုက်က ယုံကြည်လက်ခံထားခဲ့သည်။


ဇက်များ၏ သံတမန်ရေးရာတိုးတက်မှုအလျောက် ကုဟွိုက်က လတ်တလောလူတွေ့မေးကြားမှုတွင် မေးခွန်းတစ်ခု အမေးခံထားခဲ့ရသည်။ 


“နောက်ဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ် ဇက်တွေကို ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းနဲ့ ပူးပေါင်းဖို့ ဦးဆောင်ချင်တဲ့ဆန္ဒရှိပါသလား...” မေးမြန်းသူက ကုဟွိုက်၏ စိတ်နေသဘောထားကို စမ်းသပ်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။


ကုဟွိုက်က အလွန်ရိုးသားစွာဖြင့် ဖြေလိုက်သည်။ “အချိန်မှန်တစ်ခုရောက်လာဖို့ကို စောင့်နေမှာပါ...”


လူတွေ့မေးမြန်းခြင်းက တိုက်ရိုက်ပြသခြင်းမဟုတ်ပေ။ မေးမြန်းသည့် ဗီဒီယိုထွက်သည်နှင့် ကြယ်တာရာမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းမည့် ကုဟွိုက်၏အဖြေသည် ကြယ်တာရာကွန်ရက်ပေါ်တွင် ဆွေးနွေးရမည့်ကိစ္စတစ်ရပ်ဖြစ်သွားခဲ့သည်။ လူအများစုက ကောင်းမွန်သည့် အဆိုပြုချက်များကို ပြောကြားခဲ့ကြ၏။


[ကာဂျာ(အိုရွန်ကြယ်အစုအဝေး): သာမာန်ပါပဲ မမေးဘဲနဲ့တောင် ဇက်တွေက ကြယ်တာရာမဟာမိတ်အဖွဲ့ကို မကြာခင် ပူးပေါင်းတော့မယ်ဆိုတာ ခန့်မှန်းလို့ရတယ်]


[—(မာရယ် ကြယ်အစုအဝေး): ဒါက ကောင်းတဲ့ကိစ္စပဲလို့ထင်ပါတယ် ဇက်တွေက ကြယ်တာရာမဟာမိတ်အဖွဲ့ကို ပူးပေါင်းတာက ကြယ်တာရာမဟာမိတ်အဖွဲ့ရဲ့ အင်အားကလည်း ပိုအားကောင်းလာနိုင်ပြီး ကြယ်တာရာငြိမ်းချမ်းဖို့အတွက်လည်း အကျိုးပြုမယ်လို့ထင်ပါတယ်]


[—(ဗာကန် ကြယ်အစုအဝေး): အားလုံးလည်း ဒီလိုပဲထင်ကြတာပါ အဲဒီနေ့ကို မြန်မြန်ရောက်လာဖို့ မျှော်လင့်မိတယ် သူတို့ ကြယ်တာရာမဟာမိတ်အဖွဲ့ကိုပူးပေါင်းပြီး ကြယ်တာရာဓားပြတွေကို ဇက်တွေက ခြောက်လှန့်နိုင်ရင် ကောင်းမှာပဲ]


ထိုကဲ့သို့ လူထု၏ ထင်မြင်ချက်များကို သိမြင်နိုင်ခြင်းက ဇက်များ၏ ပုံရိပ်တစ်ခုလုံးကိုပြောင်းလဲနိုင်ခြင်းတွင် ကုဟွိုက်၏ ကြိုးပမ်းမှုက အောင်မြင်သည်ဟု မြင်တွေ့နိုင်သည်။


ပြည်သူ၏ထင်မြင်ချက်များနှင့်ရင်ဆိုင်ပြီးနောက် ကုဟွိုက်သည် ကြယ်တာရာမဟာမိတ်အဖွဲ့ဆီမှ ဖိတ်ကြားလွှာကို လက်ခံရရှိခဲ့သည်။ ဇက်များက ကြယ်တာရာမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းသည့်အကြောင်းကိစ္စမဟုတ်ချေ။ ကိစ္စရပ်တစ်ခုအား အတူတကွဖြေရှင်းရန် ဇက်များကို ရှာဖွေနေသည့်အကြောင်းဖြစ်သည်။ အမှန်တွင်တော့ အများပြည်သူထင်မြင်ချက်မပါလျှင်တောင်မှ ကြယ်တာရာမဟာမိတ်အဖွဲ့က ဇက်များကို အကူညီတောင်းလိမ့်မည်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုကိစ္စရပ်သည် မျိုးရိုးဗီဇအားဖြင့် ပြုပြင်မွမ်းမံထားသော ဇက်စစ်သားများ၏ကိစ္စဖြစ်သောကြောင့်ဖြစ်သည်။


မိုးမှောင်မျှော်စင်စစ်သားများကို ညွှန်းဆိုခြင်းမဟုတ်ပဲ မျိုးရိုးဗီဇအားဖြင့် ပြုပြင်မွမ်းမံထားသည့် တခြားသောစစ်သားအထူးအဖွဲ့အစည်းဖြစ်သည်။ ကြယ်တာရာမဟာမိတ်အနေဖြင့် ယခုစစ်သားအဖွဲ့အစည်းသည် မိုးမှောင်မျှော်စင်စစ်သားများကို ဖြေရှင်းရခြင်းထက် ပိုခက်ခဲသည့်အတွက်ကြောင့် ဇက်များကို အကူညီတောင်းရခြင်းဖြစ်သည်။ 


နောက်ဆုံးဖြစ်ခဲ့သောဖြစ်ရပ်တွင် ဇက်များက မွမ်းမံထားသောစစ်သားများနှင့် နက်နဲသည့်ဆက်သွယ်မှုများရှိခဲ့ပြီး မိုးမှောင်မျှော်စင်စစ်သားများကို အားထုတ်ကြိုးပမ်းစရာမလိုပဲ စုဆောင်းနိုင်ခဲ့သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့က ဇက်များထံမှ အကူညီရယူခြင်းသည် အကောင်းမွန်ဆုံးသောရွေးချယ်မှုဖြစ်ကြောင်းကို ယုံကြည်သည်။


ကုဟွိုက်က ကြယ်တာရာမဟာမိတ်အဖွဲ့မှ တောင်းဆိုမှုကို လက်ခံရရှိပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဂါဗင်က အခုထိ ဒါတွေလုပ်နေတုန်းပဲ...”


ကုဟွိုက်၏မျက်နှာထားက အနည်းငယ်အေးစက်နေသည်။ သူက မိုးမှောင်မျှော်စင်စစ်သားများအကြောင်းတွေးမိပြီး ဂါဗင်ကို ခွင့်မလွှတ်နိုင်ဖြစ်နေသည်။ 


အာရွန်က ကုဟွိုက်မျက်မှောင်ကြုတ်နေသည်ကိုတွေ့ပြီး တခြားဇက်များ၏ မျက်နှာထားက အေးစက်လာသည့်အတွက် သူ့ထင်မြင်ချက်ကို ကမ်းလှမ်းပြောဆိုလိုက်သည်။ 


“လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက ကပ်ဆိုး.ဆိုရင်… ဂါဗင်က လုပ်ငန်းဆောင်တာတွေမှာ မြင့်မားတဲ့ပုံစံရှိပြီး ဆက်ဆံရေးမကောင်းမွန်တဲ့ပုံစံရှိတယ်...”


အာရွန်နှင့် ဂါဗင်က လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့ကြပြီး ဂါဗင်က တစ်သက်မှာတစ်ခါတွင်ရှိနိုင်သော ညဏ်ပညာရှိလူတစ်ယောက်မှန်း သူသိရှိခံစားနိုင်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ စိတ်အခြေအနေက မကောင်းမွန်ကြောင်းကို ခံစားမိခဲ့သည်။


အာရွန်က တစ်ခြားသူများနှင့်ဆက်သွယ်ရခြင်းကို ကြိုက်နှစ်သက်သည့်ပုံစံမဟုတ်ပေ။ ထိုအချိန်က သိမြင်နားလည်ခဲ့လျှင်တောင်မှ ပိုနက်နဲသည်အထိ မတူးဆွခဲ့ပေ။ ကြယ်တာရာမဟာမိတ်အဖွဲ့မှ ဂါဗင်ထွက်ပြေးသွားပြီးနောက်ပိုင်းလုပ်ခဲ့သည့်အရာများကြောင့် သူ့တင်ပြချက်များက သင်္ကာရှင်းသွားခဲ့သည်။


“သူက ကြယ်တာရာငြိမ်းချမ်းမှုကို ဖျက်စီးဖို့အတွက် မိုးမှောင်မျှော်စင်စစ်သားတွေကို ပြုလုပ်ခဲ့တာ… ဇက်မျိုးရိုးက စစ်သားတွေရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် မတော်တဆမှုတွေဖြစ်လာမယ်မှန်း သူမမျှော်မှန်းထားခဲ့ဘူး...” အာရွန်က ဆက်ပြောသည်။


ထိုမတော်တဆမှုက မည်သူမျှစိတ်ကူးမယဉ်နိုင်သည့်ဖြစ်ရပ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုဟွိုက်၏မွေးဖွားလာခြင်းကို မည်သူမျှ မခန့်မှန်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ဇက်များက ဘုရင်ကိုမွေးဖွားလာသည့် ပြောင်းလဲမှုဖြစ်ရပ်မျိုးပေါ်ပေါက်လာခြင်းက စိတ်ကူးယဉ်နိုင်စရာပင်မရှိသောကိစ္စဖြစ်သည်။


ဂါဗင်ကိုရှာဖွေနေသော ကြယ်တာရာမဟာမိတ်အဖွဲ့၏ကြိုးပမ်းမှုသည် အမြဲတမ်း အချည်းနှီးသာဖြစ်ခဲ့သည်။ S အဆင့်မဟာ ပြစ်မှုကျူးလွန်သူက နေရာတိုင်းတွင်ရှိနေသော်လည်း ကြယ်တာရာမဟာမိတ်အဖွဲ့က ၎င်းကို မဖမ်းဆီးနိုင်ချေ။ ထိုကိစ္စရပ်က ကြယ်တာရာမဟာမိတ်အဖွဲ့ကို နှလုံးဖောက်ပြန်မှုများပင် ရလုနီးပါးဖြစ်စေခဲ့သည်။


ကုဟွိုက်က ကြယ်တာရာမဟာမိတ်အဖွဲ့ကို သူ၏ ကူညီချင်စိတ်နှင့်ပက်သက်ပြီး အကြောင်းမပြန်ခင် ခေတ္တမျှတွေးတောစဉ်းစားခဲ့သည်။ ပြုပြင်မွမ်းမံထားသောစစ်သားများက ဒုတိယမြောက်ဖြေရှင်းရန်ဖြစ်သည်။ ပထမဆုံးဖြေရှင်းရမည့် ပြဿနာက ဂါဗင်ကို ဖမ်းဆီးရန်သာဖြစ်သည်။ သို့မဟုတ်လျှင် အနာဂတ်တွင်ဖြစ်လာမည့် ဒုက္ခဆိုးများက ရပ်တန့်တော့မည်မဟုတ်ချေ။


“အဲဒီ မျိုးရိုးဗီဇပြုပြင်မွမ်းမံထားတဲ့စစ်သားတွေက ဇက်မျိုးစိတ်‌တွေ ပါမယ်လို့တော့ မထင်ဘူး” ကုဟွိုက်က သူ၏ ထင်မြင်ချက်ကို ကြယ်တာရာမဟာမိတ်အဖွဲ့ထံသို့ ရိုးသားစွာ ပြောဆိုလိုက်သည်။ ထိုအချက်မှာတင် သူက ရှုံးသွားခဲ့ပြီး ဂါဗင်က အမှားတစ်ခုကို ထပ်လုပ်ရသည်အထိ မရူးမိုက်ကြောင်း ကုဟွိုက်တွေးမိလိုက်သည်။ 


ဆက်သွယ်ပြောဆိုနေကြသည့် တခြားတစ်ဖက်တွင်လည်း ကြယ်တာရာမဟာမိတ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်များသည် ၎င်းတို့၏ မျက်နှာထားက အလွန်လေးလံနေကြလျက် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ 


“လက်ရှိ အကျဉ်းထောင်ထဲမှာပိတ်မိနေတဲ့ အကျဉ်းသားတစ်ယောက်ရှိတယ်၊ စစ်သားကိုတွေ့ဖို့ တစ်ယောက်ယောက်ကိုလွှတ်ပြီး အတည်ပြုလို့ရပါတယ်...” ကြယ်တာရာမဟာမိတ်အဖွဲ့က သတင်းပေးလိုက်သည်။


ကုဟွိုက် ခေါင်းခါလိုက်သည်။ “ဒီကိစ္စအတွက်ကတော့ ကျွန်တော်ကိုယ်တိုင်သွားပြီး အတည်ပြုမှပဲရမယ်...” 


ကုဟွိုက်က ထိုပြုပြင်မွမ်းမံထားသောစစ်သားများတွင် ဇက်မျိုးစိတ်များမပါဝင်ကြောင်း သူထင်သည့်အတိုင်းပြောခဲ့သော်လည်း သူကိုယ်တိုင် မျက်မြင်အတည်မပြုရမချင်း လက်လွှတ်ပေးမည်မဟုတ်ချေ။ ကုဟွိုက်က ကြယ်တာရာမဟာမိတ်အဖွဲ့ကို ထိုသို့ပြောပြီးမကြာမီတွင် ဇက်များ၏ ရေတပ်သင်္ဘောဖြင့် ကြယ်တာရာမဟာမိတ်အဖွဲ့၏ ဌာနချုပ်သို့ လိုက်သွားခဲ့သည်။ ထို့နောက် အကျဉ်းထောင်ထဲရှိ အကျဉ်းသားများကို သူတွေ့ခဲ့သည်။


စစ်သားများ၏ အပြင်ပန်းပုံစံက မျိုးနွယ်စုလက္ခဏာရပ်များ၏ ရောစပ်ထားခြင်းဖြစ်သော်လည်း ကုဟွိုက်က ပိုင်းခြားထားသောမှန်အပြင်ဘက်တွင် ရပ်ကြည့်နေလျက် စစ်သားများထံမှ မည်သည့်ခံစားချက်မျှ မခံစားမသိရှိရပေ။ ထိုသည်က ပြုပြင်မွမ်းမံထားသည့် စစ်သားများတွင် ဇက်မျိုးစိတ်များ မပါဝင်ကြောင်းပြသနေသည်။ ကုဟွိုက်က ထိုကိစ္စကို အတည်ပြုပြီးသည်နှင့် သက်ပြင်းချလိုက်သည်။ မိုးမှောင်မျှော်စင်စစ်သားနှင့် ထိုပြုပြင်မွမ်းမံထားသည့်စစ်သားများ၏ ကွာခြားချက်ကို ပြောရမည်ဆိုပါက ဇက်မျိုးစိတ်များမပါဝင်ခြင်းကလွဲလျှင် ထိုပြုပြင်မွမ်းမံထားသည့်စစ်သားများ၏ မျက်လုံးများသည် ပို၍ မှုန်မှိုင်းနေကြောင်းကို ကုဟွိုက်ခံစားမိလိုက်သည်။


“ပြုပြင်မွမ်းမံထားတဲ့ စစ်သားတွေက အဖမ်းခံရပြီးကတည်းက ဘာစကားမှမပြောဘူး” ကုဟွိုက်ကို ခေါ်လာသည့် တာဝန်ရှိသူက ရှင်းပြသည်။


ပြုပြင်မွမ်းမံထားသည့်စစ်သားက ကုဟွိုက်ကိုကြည့်နေစဉ်တွင် .ပြတ်သားစွာပြောဆိုလိုက်သည်။ 


“ပစ်မှတ်အတည်ပြုရပြီ အတည်ပြုပြီးတာနဲ့ တိုက်ခိုက်ဖို့ စတင်တော့မယ်...”


အိုင်းယီက ပြုပြင်မွမ်းမံထားသောစစ်သား စကားမပြောခင်စက္ကန့်ပိုင်းအလိုတွင် ကုဟွိုက်ကို ကာရံလိုက်သည်။ အလ်ဗ်က အိုင်းယီ၏ လုပ်ပုံကိုတွေ့ပြီး ကုဟွိုက်ကို သူ့အမြီးနှင့် တုံ့ဆိုင်းခြင်းမရှိ ရစ်ပတ်လိုက်သည်။ ထို့နောက် သူ့အတောင်ပံကို ဖြန့်ကျက်၍ ကုဟွိုက်ကို ကာကွယ်လိုက်သည်။ တခြားသောဇက်များကလည်း ကာကွယ်သည့် ကိုယ်နေဟန်ထားအသင့်ရှိနေသည်။ ထိုလုပ်ရပ်များက ဇက်များ၏ အလိုလျောက်လုပ်ရပ်များဖြစ်သည်။


ယခုနေရာက ကြယ်တာရာမဟာမိတ်အဖွဲ့၏ ဌာနချုပ်ဖြစ်သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့ပြုလုပ်ထားသည့် ပိုင်းခြားထားသော ဖောက်ထွင်းမြင်နိုင်သည့်အကျဉ်းထောင်သည် စစ်သင်္ဘော၏ စက်သေနတ်များနှင့်ဆိုလျှင် မပေါက်ကွဲခင်အလို နှစ်ကြိမ်သုံးကြိမ်မျှသာ ဖောက်ခွဲဖျက်စီးရန်လိုသည်။သို့သော် ပြုပြင်မွမ်းမံထားသောစစ်သားများ မည်မျှပင် တိုက်ခိုက်ပါစေ၊ အတားအဆီးကို မဖောက်ထွက်နိုင်ပေ။


ထိုကိစ္စက ဇက်များနှင့် ကြယ်တာရာမဟာမိတ်အဖွဲ့၏ အမှုထမ်းများအား တစ်စုံတစ်ခုကို သတိမူမိစေခဲ့သည်။ ရန်သူ၏ ပစ်မှတ်က ကုဟွိုက်ဖြစ်နိုင်ချေရှိသည်။