အခန်း၈၆
Viewers 11k

Chapter 86

Chapter 86


ခြံဝန်းထဲမှနှင်းလူသားရုပ်အရေအတွက်မှာ မနှစ်ကနှင့်ထပ်တူပင်။ အိုင်းယီတွင် နှင်းလူသားရုပ်နှင့်ပတ်သတ်၍ အထူးတလည်အမှတ်တရမျိုးမရှိတော့သော်ငြား ကုဟွိုက်ကသူ့အား နှင်းတောထဲခေါ်လာသည့်အချိန်တွင် သူလုပ်သင့်သည့်အရာကိုသိနေခဲ့သည်။ နှင်းလုံးအကြီးနှစ်လုံးနှင့်အသေးတစ်လုံးကိုသုံးကာ နှစ်လုံးကြီးပေါ်တွင်နှင်းလုံးလေးအားထပ်လိုက်သည်။


"လှလိုက်တဲ့နှင်းလူသားရုပ်ပဲ.."


ကုဟွိုက်ကပြုံးကာ အိုင်းယီငယ်လေးနှင့်သူအတူတကွ လုပ်ထားသောနှင်းလူသားရုပ်အားကြည့်လိုက်သည်။


လူငယ်အိုင်းယီသည် အေးစက်တည်ကြည်သည်။ ငယ်စဉ်အခါက ၎င်းသည် သူ့ရုပ်ရည်ကိုချောမောသည်ဟုခံစားရပြီး ကလေးအုပ်စုကြားထဲထားလျှင်ပင် ဘုရင်ကိုအများဆုံးစိတ်ကျေနပ်မှုပေးလိမ့်မည်ဟု အတိအကျယူဆထားခဲ့သည်။


အိုင်းယီသည် သူ့အားကုဟွိုက်ပြုံးပြလာသည့်အခါ ချစ်စရာကောင်းသောမျက်နှာလေးပေါ်တွင် အလိုလိုပင်အပြုံးတစ်ခုဖြစ်တည်လာလေသည်။ ၎င်း၏ရွှေရောင်ဖျော့ဖျော့မျက်ဝန်းများကတောက်ပလာ၏။ နှင်းလူသားကအလွန်ကိုပျော်ရွှင်နေပြီး သူသည်လည်းကုဟွိုက်ကြောင့် ပျော်ရွှင်ရပေ၏။ ဤသည်မှာ အိုင်းယီ၏အတွေးပင်။


အိုင်းယီသည် ကလေးအရွယ်တွင် လူသားပုံစံရှိသည်။ ဇက်တို့အားလုံးကအံ့အားသင့်သွားခဲ့ကြသော်လည်း အလျင်အမြန်လက်ခံခဲ့ကြသည်။ 


ကုဟွိုက်မှာ အိုင်းယီဖွံ့ဖြိုးလာနိုင်မည်ဟုတ်မဟုတ်ကိုမသိနိုင်သည့်တိုင် ထိုကိစ္စကသူ့အတွက်အရေးမကြီးပါချေ။ လက်ရှိအနေအထားနှင့်ပင်ကုဟွိုက်သည် အလွန်ပျော်ရွှင်ကျေနပ်နေလေပြီ။


"တူဆာကဒီနှစ်နွေရာသီမှာလည်းနွေးတယ်မထင်ရဘူးနော်...."


ကုဟွိုက် ခြံဝန်းထဲတွင်နှင်းရုပ်အမြောက်အများလုပ်နေရင်း ရုတ်ချည်းထိုသို့ခံစားလာရသည်။


လေမတိုက်တော့၍ နှင်းများကဖြည်းညှင်းစွာကျနေလေသည်။ ယခင်နှစ်ကဆောင်းမျှမအေး။ ကုဟွိုက်မေးခွန်းကိုကြားလိုက်ရသောဇက်တို့မှာ အံ့ဩသွားခဲ့ကြ၏။


ရာသီဥတုအပြောင်းအလဲကဇက်များအပေါ်မသက်ရောက်၍ ၎င်းတို့ကထိုကိစ္စအပေါ်အာရုံမထားကြပေ။ ကုဟွိုက်ထိုသို့ပြောလိုက်သောကြောင့် ၎င်းတို့သည် နှင်းလူသားရုပ်ကြီးများက အလယ်ရောက်နေသည့်နှင်းလူသားရုပ်လေးများကိုကာကွယ်ထားပုံအားမြင်တွေ့ပြီး တထပ်တည်းခံစားလိုက်ကြရသည်။


"ဟုတ်သားပဲ..."


ကာ့ပါးလီယာက တခဏမျှတုံ့ဆိုင်းနေပြီးနောက်ပြန်ဖြေလာခဲ့သည်။


ဂါဗင်ကြောင့်ဖြစ်ရသောမတော်တဆမှုနောက်ပိုင်း ကြယ်တာရာမဟာမိတ်အဖွဲ့သည်လည်း မိုးမှောင်ဧရိယာပေါ်မှ တပ်ဆုတ်သွားခဲ့ကြသည်။ ကြယ်တာရာမဟာမိတ်၏အမိန့်ပြင်ပမှ ရှင်းလင်းရေးလုပ်ရန်ခက်ခဲစေ

ကာမူ အုပ်ချုပ်ရေးပိုင်းမှကြယ်တာရာမဟာမိတ်ခေါင်းဆောင်များနှင့်အမျိုးမျိုးသောမျိုးနွယ်စုများက မိုးမှောင်ဧရိယာတွင် စည်းမျဥ်းများကိုတစ်ခုချင်းထုတ်ပြန်ခဲ့ကြသည်။


စည်းမျဥ်းဆိုသည်မှာ ငြိမ်းချမ်းရေး၏အုတ်မြစ်ပင်။ ကြယ်တာရာလောကမှအမိန့်များမှာ ပိုပြည့်စုံလာပြီး ယခင်ကထက်ပိုမိုအေးချမ်းလာခဲ့သည်။ ကြယ်ပင်လယ်ဓားပြများ အများအပြားရှင်းထုတ်ခံခဲ့ရသည်။ ဇက်တို့သည် သူ့တို့အားနှောင့်ယှက်လာပြီး အလောတကြီးဖြစ်ရမှုတို့ကိုမကြုံတွေ့ရတော့သည့်အခါ အဆိုပါအေးချမ်းသည့်အခြေအနေကိုမြင်တွေ့ရပြီးပျော်ရွှင်လာကြ၏။ ၎င်းတို့သည် တူဆာ၏မြေဆီလွှာဖွံ့ဖြိုးလာရေး

အပေါ်တွင်ပိုမိုအာရုံစိုက်ထားနိုင်ခဲ့ကြသောကြောင့် သူတို့ဘုရင်အတွက် ဂြိုလ်ပေါ်တွင် ပန်းပင်များကိုစိုက်ပျိုးနိုင်တော့မည်။


ထိုသို့တွေးသည်မှာ တူဆာပေါ်မှဇက်များသာမဟုတ်။ ဇက်တို့အားလုံးသည်ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်အားထက်သန်နေခဲ့ကြသည်။ ကုဟွိုက်ပန်းကြိုက်တတ်မှန်းသိပြီးနောက် ၎င်းတို့ကကုဟွိုက်အားမွေးနေ့လက်ဆောင်အဖြစ်ပေးချင်နေခဲ့ကြ၏။


အစီအစဉ်အတွက် ဇက်တို့သည် ကုန်သွယ်ရန် သံတမန်ရေးရာဆက်သွယ်ထားသောမျိုးနွယ်စုများထံမှ ပန်းအမျိုးအစားပေါင်းစုံကိုဝယ်ယူခဲ့ကြသည်။ ဇက်တို့အပေါ် မျိုးနွယ်စုအားလုံးတို့အမြင်သည် တခဏမျှ 'ပန်းချစ်သူမျိုးနွယ်' များဖြစ်သွားခဲ့၏။ ထိုအမြင်မှာ ဇက်မျိုးနွယ်စုများကပစ္စည်းများအပေါ် နူးညံ့တတ်ပြီး တန်ဆာဆင်တတ်သည်ဟူ၍ပြောင်းလဲသွားခဲ့သည်။


ဝယ်ယူထားသည့်ပန်းများမှာ ချက်ချင်းအသုံးပြု၍မရသေးပေ။ ဇက်တို့သည် ဂြိုလ်ပေါ်တွင်စိုက်ခင်းနေရာလုပ်နေစဉ် ခဏတာထိန်းသိမ်းထားလိုက်ကြသည်။ ကုဟွိုက်နေသောအိမ်အနီးတဝိုက်တွင် မည်သည့်ပန်းမျိုးစိုက်၍ရနိုင်မည်နည်း။ ကြီးကြပ်ရေးမှူးနှင့်အခြားသောဇက်တို့က ထိုကိစ္စကိုအစည်းအဝေးထိုင်ဆွေးနွေးကြသည့်တိုင် အဖြေမရလာခဲ့ကြပေ။


ဤနှစ်များအတွင်း တူဆာ၏မြေဆီလွှာမှာ ဆက်လက်တိုးတက်နေဆဲဖြစ်ပြီး ဇက်တို့သည်လည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ သံတမန်ရေးရာတည်ဆောက်နိုင်ခဲ့သော မျိုးနွယ်စုအရေအတွက်မှာလည်းတိုးပွားလာခဲ့လေသည်။


ခုနစ်နှစ်မြောက်တွင် ကြယ်တာရာမျိုးနွယ်စုများမှာ ဇက်တို့အားနားလည်သွားခဲ့ကြလေပြီ။ ထို့ကြောင့် ဤနှစ်တွင် လူသားမျိုးနွယ်စုများဘက်မှ ဇက်တို့အား ခင်မင်မှုအဖြစ်ကမ်းလှမ်းခဲ့သည်။ မျိုးနွယ်စုနှစ်စုမှာ ရန်သူများအဖြစ် ပုံသေယူဆခဲ့ကြသော်လည်း အနှီတင်းမာမှုက ခေတ်သစ်တွင် လျော့ပါးသွားခဲ့သည်။ ကြယ်တာရာခေတ်တွင်အလှည့်အပြောင်းအနေဖြင့် လူသားများကရှေ့သို့ခြေတလှမ်းတိုးရန်ရွေးချယ်လိုက်ကြသည်။


ကြီးကြပ်ရေးမှူးသည် ကုဟွိုက်ဘေးတွင်ရပ်ကာ တင်ပြလာ၏။


"ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းက အရှင်နဲ့စကားပြောဖို့ဖိတ်ခေါ်ထားပါတယ်၊ နေရာကတော့ တတိယမြောက်ကြယ်စုပါ၊ အရှင် လက်ခံမှာပါလား..."


ထို့နောက် ကြီးကြပ်ရေးမှူးက ခဏရပ်ကာထပ်ဖြည့်ပြောလာခဲ့သည်။


"ဒါပေမဲ့ တတိယမြောက်ဂြိုလ်ကတူဆာနဲ့ဝေးတယ်၊ ပြီးတော့ ခရီးလည်းပန်းလိမ့်မယ်၊ ဒီငယ်သားကတော့ စစ်တပ်ခေါင်းဆောင်တွေကိုပဲသွားစေချင်..."


ဘာကြောင့်ရယ်မသိ၊ လွန်ခဲ့ပြီးသောနှစ်များအတွင်း ကုဟွိုက်ကပင်ပန်းလွယ်လာတတ်ပြီး အိပ်ပျော်သွားလျှင်ပင် ယခင်ကထက်ပိုကြာတတ်သည်။ ထိုကိစ္စမှာ ကြီးကြပ်ရေးမှူးပြောလာမှ သတိထားမိသွားခြင်းပါပေ။


ကုဟွိုက်ခေါင်းယမ်းလိုက်သည်။


"ငါလူကိုယ်တိုင်မသွားရင် မကောင်းဘဲဖြစ်လိမ့်မယ်.."


ဘုရင်တစ်ပါးအတွက် မရိုးဖြောင့်ခြင်းက အရေးမကြီးပါချေ။ ကြီးကြပ်ရေးမှူးကထိုအတိုင်းတွေးလိုက်လင့်ကစား ကုဟွိုက်ငြင်းလိုက်လေရာ ကုဟွိုက်၏ရွေးချယ်မှုကိုသာလိုက်နာရတော့သည်။


ကုဟွိုက် ကြီးကြပ်ရေးမှူးကိုလှည့်ကြည့်လိုက်သည်။


"မင်းပဲငါ့အစားအကြောင်းပြန်လိုက်ပါ၊ တွေ့မယ့်နေရာကို ကမ္ဘာမြေပေါ်ပြောင်းလိုက်..."


လူသားတို့သည် အာရုံစိုက်ခံရမှုမှရှောင်နိုင်ရန် စကားပြောမည့်နေရာကို တတိယမြောက်ဂြိုလ်သို့ပြောင်းလိုက်သော်လည်း ကုဟွိုက်ကထိုသို့သောစိတ်မျိုးမရှိပေ။ ယုံကြည်မှုနှင့်လည်းမဆိုင်သောကြောင့် လက်ရှိကြယ်တာရာခေတ်တွင် လူသားမျိုးနွယ်စုအတွက်မကောင်းသရွေ့ ၎င်းတို့ဘက်မှ ဆိုးရွားမည့်အရာများလုပ်ရန်မဖြစ်နိုင်။ တချိန်တည်းမှာပင် ကုဟွိုက်သည် မမျှော်လင့်ထားသည့် အခြေအနေကိုဖြေရှင်းရာတွင် ၎င်းတို့၏စွမ်းရည်အပေါ်ယုံကြည်ချက်ရှိနေခဲ့သည်။


"ကမ္ဘာမြေလား.."


ကြီးကြပ်ရေးမှူးသည်ကား မနေနိုင်တော့၍နောက်တကြိမ်ထပ်မေးမိလိုက်ပေသည်။


ကုဟွိုက်ကလည်းခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။


"အင်း..."


သူကမ္ဘာမြေကိုမမြင်တွေ့ခဲ့ရသည်မှာ အချိန်အတန်ကြာခဲ့ပြီ။ ကုဟွိုက်သည် ကြယ်တာရာခေတ်မှ ကမ္ဘာမြေ၏ပုံစံကိုအင်မတန်စိတ်ဝင်စားနေမိချေသည်။ သူဤအခွင့်အရေးကိုအသုံးချပြီး သွားကြည့်ချင်မိ၏။ ကြီး

ကြပ်ရေးမှူးကတုံ့ပြန်လိုက်သည်။


"ကောင်းပါပြီ၊ ဒီငယ်သားကနားလည်ပါပြီ..."


ကြီးကြပ်ရေးမှူးထွက်သွားသည်နှင့် ကုဟွိုက်မှာ မျက်လုံးကိုပွတ်သပ်လိုက်ပြီး နေရင်းထိုင်ရင်းအိပ်ငိုက်လာလေ၏။


လွန်ခဲ့သောခုနစ်နှစ်က စွမ်းအားတိုးမြှင့်သည့်ကာလနောက်ပိုင်း ကုဟွိုက်မှာ ကိုယ်အတွင်းပိုင်းထဲ၌ပင် အနည်းငယ်မျှသောနာကျင်မှုကိုခံစားရသည်။ နာကျင်မှုကပါးလွန်းနေ၍သာ ဂရုမစိုက်ဘဲနေ၍ရနေခြင်းဖြစ်၏။ သို့သော် နောက်ပိုင်းတွင် နာကျင်မှုကပိုသိသာလာခဲ့သည်။ အလွယ်တကူအိပ်ငိုက်လာတတ်ပြီး အိပ်ပျော်လွယ်လာသည်။ 


ထို့နောက် ကုဟွိုက် အိုင်းယီနှင့်အသက်ဓာတ်ကိုလဲလှယ်ခဲ့သည်။ ယင်းကိစ္စမှာ ဆိုးရွားသည့်အခြေအနေနှစ်ခုဖြင့်ခန္ဓာကိုယ်ကို အတွင်းကျကျနှင့်အမြန် ပေါင်းစည်းလိုက်သလိုပင်။ ကုဟွိုက်က အိပ်ပျော်နေစဉ်တွင်နာကျင်မှုကိုမခံစားရပေ။ ၎င်းကြောင့် ကုဟွိုက်မှာ နာကျင်မှုအား တောင့်ခံထားရပြီး ပင်ပန်းနွမ်းနယ်လာစေသည်။


သို့ရာတွင် ကုဟွိုက်သည်ပေါင်းစပ်မှုအတွင်း သတိလစ်နေစဉ် မတော်တဆတွေ့ရှိခဲ့သည့် 'စည်းမျဉ်း' နှင့် 'လောကကြီး၏ဆန္ဒ' ကိုအမှတ်ရမိ၏။ သူ၏ကိုယ်ခန္ဓာက လောကကြီးနှင့်မသက်ဆိုင်တော့သော်လည်း သူ၏တည်ရှိနေမှုက နှစ်ဖက်လုံးအတွက် အာရုံစိုက်စရာဖြစ်လာခဲ့သည်။


ကုဟွိုက်သည် စဉ်းစားနေလျှင်လည်းအသုံးမဝင်သောကြောင့် အဆိုပါမတော်တဆမှု၏ သူ့အပေါ်သက်ရောက်မှုကိုမတွေးဖြစ်အောင်နေခဲ့သည်။ ယခု ကုဟွိုက်မှာ သူ၏မူမမှန်မှုများက ၎င်းနှင့်ဆက်နွယ်နေကြောင်း ရိပ်စားမိလာချေပြီ။ ထိုအတိုင်းဖြစ်နေလျှင်ပင် ကုဟွိုက်မှာဖြေရှင်းရန်နည်းလမ်းမရှိ။ တကြိမ်တွင် ခြေတလှမ်းသာလှမ်းနိုင်ပြီး ပို၍ပင်နာကျင်လာရုံရှိမည်။ သူ၏ကိုယ်မှနာကျင်မှုက သူသည်းခံနိုင်သည့် အတိုင်းအတာထက်ပိုသိသာလာခဲ့၏။ ပိုပြီး အချိန်ကြာမြင့်စွာအိပ်စက်ရခြင်းနှင့်လည်း မဆိုင်တော့။


"အိပ်ချင်လိုက်တာကွာ..."


ကုဟွိုက် တိုးတိုးလေးညည်းတွားလိုက်ရင်း သူ့ဘေးမှအလ်ဗ်ထံလဲကျသွားသည်။ အလ်ဗ်သည် ကျွမ်းကျင်သွက်လက်စွာဖြင့် သူ့ကိုယ်ကိုဖမ်းလိုက်ပြီး ကုဟွိုက်ကသူ့အားမှီထားခဲ့သည်။ ကုဟွိုက်ကိုကြည့်ရသည်မှာ ချက်ချင်းအိပ်ပျော်သွားခဲ့သည့်အတိုင်းသက်သောင့်သက်သာဖြင့်ဒူးတဝက်ကွေးထားခဲ့သည်။ 


အလ်ဗ်က မည်သည့်နေရာကိုမှမသွားခဲ့ပေ။ သူဆိုဖာပေါ်တွင်လှဲအိပ်လိုက်ပြီး ကုဟွိုက်ကိုသူ့အပေါ်လှဲစေခဲ့သည်။


ပြီးနောက် အလ်ဗ်သည် သူ့အမြှီးဖြင့် ကုဟွိုက်ကို ထိုအနေအထားအတိုင်း ပွေ့ဖက်ထားခဲ့ပြီး ၎င်း၏ငွေရောင်အတောင်ပံများကိုဖြန့်ထုတ်၍အပြင်ဘက်မှအလင်းရောင်များဝင်မလာစေရန်နှင့် ကုဟွိုက်အေးဆေးသက်သာစွာအိပ်စက်နိုင်ရန် ရစ်ပတ်ထားခဲ့သည်။


မည်းမှောင်သောနေရာလွတ်လေးတွင် အလ်ဗ်၏မျက်လုံးများက ကုဟွိုက်မျက်နှာအပေါ်သို့ဖြတ်သန်းသွားခဲ့သည်။ ကုဟွိုက်ကောင်းကောင်းအိပ်ပျော်စေရန် ချော့သိပ်ပေးသည့်အနေဖြင့် ကျောပြင်အားပုတ်ပေးသည်မှာ ညင်သာသည်ဟုဆိုရလောက်၏။ ၎င်းသည်ကား နှစ်ခြိုက်စွာအိပ်ပျော်နေသည့်လူငယ်လေးအား ကျဉ်းမြောင်းသည့်မျက်လုံးများဖြင့်ကြည့်နေခဲ့သည်။ အလ်ဗ်သည် အလွန်နီးကပ်နေသည့်နေရာမှ ကုဟွိုက်၏နှုတ်ခမ်းများကို မရမကပွတ်သပ်မိသည်။ အချိန်နှင့်အမျှ နူးညံ့စွတ်စိုသည့်အထိအတွေ့မှာ သူ့ပါးပြင်နှင့်ရံဖန်ရံခါနှုတ်ခမ်းများပေါ်တွင်လည်းပေါ်လာတတ်၏။ ကုဟွိုက်ထံတွင်လုပ်ချင်သလိုလုပ်ခွင့်ပေးတတ်သည့်သဘောမျိုးရှိသည်။


ခဏအကြာတွင် အိပ်ချင်မူးတူးဖြစ်နေခဲ့သောကုဟွိုက်က နားထဲတွင် အသံတိုးတိုးလေးတစ်စအားကြားလိုက်ရသည်။


"ကျိုး.."


ထိုအသံကြောင့် ကုဟွိုက်မှာ လုံးဝဥဿုံပိတ်နေသောမျက်လုံးများကိုဖွင့်လိုက်ပြီး မှောင်မည်းနေသောနေရာတွင် စမ်းတဝါးဝါးဖြင့်အလ်ဗ်၏နှုတ်ခမ်းများကိုနမ်းလိုက်လေသည်။ ကြောင်ကြီးက ထိုအသံမျိုးလုပ်ရာတွင် အလွန်လူသားဆန်တတ်သည်။ ကုဟွိုက်က ထိုအသံသည်ဆုလိုချင်၍ပေးတတ်သည့်အသံမှန်းသိပြီး အလ်ဗ်လိုချင်သည့်အချိန်တိုင်းပေးတတ်လေသည်။


သည့်အပြင် ကြောင်ကြီးသည်ကား စိတ်ပြေလွယ်သည်။ ထင်သည့်အတိုင်းပင် ဆုပေးလိုက်သည့်အခါ ကုဟွိုက်အားပတ်ထားသည့်အလ်ဗ်၏ငွေမှင်ရောင်အမြှီးကမသိမသာလှုပ်ရှားသွားသည်။ အမြှီးထိပ်ဖျားမှာ ယမ်းခါနေပြီး စိတ်ပျော်နေကြောင်းသိသာနေ၏။ 


ကုဟွိုက်သည် အလ်ဗ်ဖန်တီးပေးထားသည့်နေရာလေးထဲတွင် ဖြည်းဖြည်းချင်းအိပ်ပျော်သွားခဲ့သည်။ ကုဟွိုက်၏အသက်ရှူသံကပုံမှန်ဖြစ်သွားသည်နှင့် အလ်ဗ်သည်လည်းမျက်လုံးမှိတ်လိုက်ပြီး ကုဟွိုက်နှင့်အတူအိပ်စက်လိုက်သည်။


သဘောတူညီထားခဲ့သည့်ရက်သို့ရောက်သည့်အခါ ခေတ်သစ်တွင်ပထမဆုံးအကြိမ်အဖြစ် ဇက်တို့၏ယာဉ်က ကမ္ဘာမြေပေါ်သို့ခြေချခဲ့သည်။ ဇက်တို့၏ယာဉ်ကကမ္ဘာမြေပေါ်သို့ခြေချပြီး လူသားတို့ကလည်း၎င်းတို့ကိုကြိုဆိုခဲ့ကြသည်။ အဆိုပါမြင်ကွင်းက ကြယ်တာရာလောက

တွင် မဖြစ်နိုင်သည့်ကိစ္စအဖြစ်စံချိန်တင်သွားခဲ့သည်။ သို့သော် မဖြစ်နိုင်သည့်ကိစ္စမှ အမှန်တရားဖြစ်သွားခဲ့ရလေ၏။


ကုဟွိုက်သည်ကား လူသားတို့ဘက်မှ ကမ္ဘာမြေပြင်မှအဆင့်အမြင့်ဆုံးသောယဉ်ကျေးမှုနှင့်ကြိုဆိုခံရပေသည်။ စကားပြောဆိုရာတွင်လည်း ရိုးသားပွင့်လင်းကြ၏။ လူသားမျိုးနွယ်များဘက်မှ မှားယွင်းနေသည့်အရာမျိုးမရှိသောကြောင့် ဇက်တို့သည်လည်းခင်မင်ရင်းနှီးသည့်အ

နေအထားသို့ပြောင်းလဲလိုက်ကြသည်။


ခေတ်သစ်ရာစုနှစ် ၂၁၇၊ တချိန်ကရန်သူများဖြစ်ခဲ့ကြသော လူသားနှင့်ဇက်မျိုးနွယ်စုတို့သည် ကြယ်တာရာမျိုနွယ်စုတို့၏ကြားဝင်စေ့စပ်ပေးမှုဖြင့် သင့်မြတ်ခဲ့ပြီး နှစ်ဖက်လုံးမှသံတမန်ရေးရာကိုထူထောင်နိုင်ခဲ့ကြသည်။ ထိုကိစ္စက ဇက်နှင့်လူသားမျိုးနွယ်စုနှစ်ဖက်လုံးအတွက်၊ ကြယ်တာရာလောကအတွက်ပါ အကျိုးအမြတ်များရစေခဲ့သည်။


ပြောဆိုဆွေးနွေးပြီးသည့်အခါ ကုဟွိုက်သည် ကမ္ဘာမြေပြင်ပေါ်မှချက်ချင်းထွက်ခွာရန်အလျင်မလိုသေးပေ။ သူသည်ရင်းနှီးနေသော်လည်း စိမ်းသယောင်ရှိနေသည့် ဂြိုလ်ပေါ်တွင်လှည့်လည်ရန်စိတ်ကူးထားလေသည်။ ဇက်တို့က ကမ္ဘာမြေပြင်သို့ရောက်လာကြ၍ ရှန်းမုနှင့်ဟန်မာ

တို့မှာ အလွန်အမင်းပျော်နေကြပြီး အထူးတလည်ပင်လက်ဆောင်ပြင်ဆင်ကြသေးသည်။


စစ်တပ်ထဲတွင် ရှန်းမုနှင့်ဟန်မာတို့၏အလုပ်ကများလွန်းလှသည်။ လွန်ခဲ့သည့်ခုနစ်နှစ်က တူဆာဂြိုလ်သို့သွားရန် သူတို့ထံ၌အခွင့်အရေးမရပေ။ သို့သော်လည်း သူတို့နှင့် တွေ့တိုင်း ကုဟွိုက်မှာ သူတို့ကြောင့် တနည်းမဟုတ်တနည်းဖြင့် ဒုက္ခရောက်ရသည်ချည့်သာ။


ဤတကြိမ်တွင်မတူတော့ပေ။ ကြီးမားလှသောတက်ခ်ဇက်တို့က ကုဟွိုက်အနားတွင်ရှိနေကြပြီး ချွန်ထက်သောတံတောင်ပေါ်တွင် ပစ္စည်းတစ်ခုကိုချိတ်ဆွဲထားသည်။ တက်ခ်ဇက်တစ်ယောက်က ကုဟွိုက်အနားအထိယူလာပြီး ရှူးကနဲအသံကိုခပ်တိုးတိုးထုတ်ပြကြသည်။


ကုဟွိုက်က ပစ္စည်းကိုသေချာကြည့်ပြီး အေးခဲသွားကာ သူ၏ပါးစပ်ကတွန့်သွားခဲ့သည်။ ဒါက...ကာကွယ်မှုလျော့စေတဲ့ လက်ထိတ်မဟုတ်လား...ဒီကြယ်တာရာခေတ်မှာတောင် ဒီလိုပစ္စည်းမျိုးရှိသေးတာလား။ ထိုပစ္စည်းမျိုးမှာ လူကြီးကတစ်ခုဝတ်ပြီး ကျန်တစ်ခုကိုကလေးကဝတ်ရကာ လက်ထိတ်နှစ်ခုကြားတွင် ကြိုးတစ်ချောင်းချိတ်ထားရသည်။ မူလကမ္ဘာတွင် ကုဟွိုက်သည် အချို့လူများက သူတို့ကလေးများကိုအပြင်ခေါ်လာကြချိန်တွင် ထိုအရာမျိုးသုံးတတ်သည်ကိုမြင်တွေ့ဖူးသည်။


ကုဟွိုက်မှာ သူ့အရှေ့မှ တက်ခ်ဇက်၏ကြက်သွေးရောင်မျက်လုံးဖြင့်ဆုံတွေ့မိပြီး အဆိုပါလက်ထိတ်ကိုကူကယ်ရာမဲ့စွာဖြင့်ဝတ်လိုက်ရသည်။ ကုဟွိုက်က လက်ကောက်ကိုဝတ်လိုက်ပြီး သူ့အနားမှတက်ခ်ဇက်မှာလည်း အင်မတန်ပျော်ရွှင်နေသည်မှာသိသာလှသည်၊ ၎င်းတို့လည်ချောင်းထဲမှတရှူးရှူးအသံကိုပင်ကြားရသည်။


ကြိုး၏တဖက်စွန်းကို ဂရုတစိုက်ကိုင်ထားသောတက်ခ်ဇက်သည် လက်ကောက်နောက်တစ်ခုကိုကိုင်ထားခဲ့ပြီး ချွန်မြေ့နေသောတံတောင်ကိုမြှောက်ထားလေသည်။ လူသားတို့ကပြောကြသည်မှာ သားပေါက်လေးကိုထိုအရာမျိုးပေးထားလျှင် သူတို့ဂရုစိုက်သောသားပေါက်လေးကမပျောက်နိုင်တော့ဟူ၍။ ထို့နောက် ၎င်းတို့၏သားပေါက်လေးကိုဂရုတစိုက်ဖြင့် ဆက်လက်စောင့်ရှောက်နိုင်ကြလိမ့်မည်။