အခန်း ၈၇
Viewers 10k

Chapter 87

Chapter 87


8


လူသားမျိုးနွယ်နှင့်ဇက်မျိုးနွယ်တို့သည် အပြန်အလှန်လက်ဆွဲနှုတ်ဆက်ကြကာ သံတမန်ဆက်ဆံရေးကိုထူထောင်လိုက်ကြသည်။ အဆိုပါသတင်းသည်ကား ကြယ်တာရာတခွင်၌တစ်လမျှ ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့လေ၏။


နှစ်ဖက်​ပေါင်းစည်းမှုကိုတည်ထောင်လိုက်ပြီးသည့်နောက် ရှန်းမုနှင့်ဟန်မာတို့သည် တူဆာသို့အကြောင်းအမျိုးမျိုးရှာ၍ရောက်လာတတ်ကြပြီး ယခုတစ်နှစ်အတွင်းမှာပင် အခေါက်ပေါင်းမနည်းလာရောက်ခဲ့ကြသည်။ လူသားအရာရှိနှစ်ယောက်နှင့် တူဆာပေါ်မှဇက်တို့သည်ကား ကောင်းမွန်သောဆက်ဆံရေးများရှိနေကြပေ၏။


ကုဟွိုက်မှာ အနှီလူသားနှစ်ယောက်ကဇက်တို့အား ထူးထူးဆန်းဆန်းများမသင်ပေးနေသရွေ့ ပိုကောင်းသည်ဟုသာတွေးလိုက်သည်။ ကုဟွိုက်သည်ကား ထိုလူနှစ်ယောက်ကြောင့် ဦးနှောက်ခြောက်ခဲ့ရသည့်အကြိမ်ရေပေါင်းများခဲ့ရ၍ ထိုလူနှစ်ယောက် တူဆာသို့လာလည်တိုင်း အမြဲတစေ မကောင်းသောခံစားချက်များကိုရတတ်သည်။


အဆိုပါလူသားနှစ်ယောက်မှာ ရည်ရွယ်ချက်ရှိစွာလုပ်ခဲ့ကြခြင်းမဟုတ်ပေ။ ရံဖန်ရံခါတွင်သူတို့သည်လည်း မမျှော်လင့်ထားခဲ့သည့်အခြေအနေမျိုးဖြစ်လာမည်ဟု မထင်ခဲ့ကြရုံသာ။


လူသားနှင့်ဇက်မျိုးနွယ်တို့ သံတမန်ရေးရာထူထောင်ပြီး နှစ်နှစ်မြောက်တွင် ဇက်တို့သည် ကြယ်တာရာမဟာမိတ်အဖွဲ့မှမဲအရေအတွက်အပြည့်ဖြင့် ကြယ်တာရာမဟာမိတ်အဖွဲ့အစည်းထံသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။


ကြယ်တာရာခေတ်သစ် သက္ကရာဇ် ၂၁၈ မှစတင်ပြီး ကြယ်တာရာကွန်ရက်အတွင်း 'ရွှေခေတ်' နှင့်ပတ်သတ်သော​ဆွေးနွေးမှုများပေါ်ပေါက်လာခဲ့သည်။


ကြယ်တာရာခေတ်ဟောင်းမှာ မျိုးနွယ်စုအမျိုးမျိုးကြားမှ ရှည်လျားသောစစ်ပွဲများ၏ခေတ်ဖြစ်ခဲ့ကာ ၎င်းနောက်မှ ငြိမ်းချမ်းသောခေတ်သစ်ပေါ်ပေါက်လာခဲ့သည်။ သက်တမ်းဆိုသည်မှာ ကြယ်တာရာမျိုးနွယ်စုများအတွက်အ​ကောင်းဆုံးသော တိုးတက်သည့်ခေတ်သစ်ကိုဆိုလိုသည်။


ဤခေတ်သစ်တွင် ကြယ်တာရာမျိုးနွယ်စုများအားလုံး ကြီးပွားကြ၏။ နေ့ရက်တိုင်းကလွယ်ကူနေပြီး ကုဟွိုက်ဝင်ရောက်ဖြေရှင်းရမည့်ကိစ္စမှာလည်း အနည်းငယ်သာရှိသည်။ ထို့ကြောင့် ကုဟွိုက်သည် သူ၏ဉာဏ်ပညာများကို အဆင့်နိမ့်ဇက်များတိုးတက်ရေးအပေါ်တွင်သာ မြုပ်နှံထားလိုက်တော့သည်။


အမှန်တကယ်တွင် ကုဟွိုက် ထိုအစီအစဉ်ကိုစတင်ခဲ့သည်မှာအတန်ကြာခဲ့ပြီ။ လွန်ခဲ့သောအချိန်များတည်းက သူ၏စိတ်ဝိညာဉ်ဖြင့်ချိတ်ဆက်ကာ အဆင့်နိမ့်ဇက်များ၏စိတ်ပိုင်းတိုးတက်မှုကို ကူညီလမ်းပြပေးခဲ့နေခဲ့သည်။ ကြယ်တာရာအတွင်းမှ မျိုးနွယ်စုအများစုမှာ အဆင့်နိမ့်ဇက်များတွင်အသိပညာသိပ်မရှိကြောင်း သိထားခဲ့သည်။


၎င်းကမှန်ကန်သည့်တိုင် အဆင့်နိမ့်ဇက်များက တိုးတက်မလာနိုင်ဟုလည်းမဆိုလိုပေ။ ၎င်းတို့၏တိုးတက်မှုနှုန်းကနှေးကွေးပြီး သက်သောင့်သက်သာရှိသောပတ်ဝန်းကျင်မရှိ၍သာဖြစ်သည်။


ခေတ်ဟောင်းတွင်စစ်ပွဲများကဆက်တိုက်ဆိုသလိုဖြစ်နေခဲ့ပြီးအဆင့်နိမ့်ဇက်များက တိုက်ခိုက်ရန်သာဇောသန်ခဲ့ကြသည်။ မွေးဖွားချိန်နှင့်သေဆုံးချိန်မှာ အဆင့်နိမ့်ဇက်များအတွက်တိုတောင်းလွန်းခဲ့၏။ ယခုမူ မတူညီတော့ပေ။ တည်ငြိမ်သောရပ်ဝန်းတစ်ခုရှိနေပြီး ကုဟွိုက်သည်လည်း စိတ်ဝိညာဉ်ဖြင့်ဆက်သွယ်ပေး၍၎င်းတို့ကိုကူညီနေကာ အဆင့်နိမ့်ဇက်များကိုဉာဏ်ရည်မြင့်မားလာအောင်ကူညီပေးနေသည်။


တစ်နေ့တွင် စိတ်ဝိညာဉ်ဆက်သွယ်မှုအပြီး၌ ကုဟွိုက်မှာပင်ပန်းနေသည့်ပုံစံဖြင့် ဆိုဖာကိုနောက်မှီထားကာ မှေးစက်နေ၏။


အလ်ဗ်က သူ့အမြှီးဖြင့်ကုဟွိုက်အားပတ်ထားလျက် သူ့အားမှီထားစေပြီး ခပ်တိုးတိုးပြောနေလေသည်။


"စိတ်ဝိညာဉ်ချိတ်ဆက်ပြီးညွှန်ပြပေးတာကို ပုံမှန်နှစ်ရက် ဒါမှမဟုတ် ရက်နည်းနည်းပဲထားလိုက်လို့ရတာပဲလေ၊ အားဟွိုက် နေ့တိုင်းအပင်ပန်းခံနေစရာမလိုပါဘူး..."


ကုဟွိုက်က နိုးကြားသွားကာခေါင်းယမ်းလိုက်လေသည်။


"ငါကညွှန်ပြပြီးအိပ်ချင်လာရုံပါ၊ ခက်လည်းမခက်ပါဘူး.."


ဤကိစ္စက အင်မတန်အရေးကြီးသည်။ သူနေ့တိုင်းလမ်းညွှန်ပေးနေ၍သာ အစီအစဉ်ကအမြန်ဆုံးနည်းဖြင့်ရှေ့သို့ရောက်နေခဲ့ခြင်းဖြစ်ပေ၏။ ကုဟွိုက်သည်ကား သူ၏ခန္ဓာကိုယ်အခြေအနေက မကောင်းမှန်းသိနေသည်။ သူ၏အမည်မသိနာကျင်မှုနှင့်ပင်ပန်းနွမ်းနယ်မှုတို့က ကုဟွိုက်ကိုနေထိုင်ရခက်စေသည်။ အစပိုင်းတွင်မသိသာခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လက်ရှိဖြစ်နေသည့်အနေအထားသို့ရောက်လာခဲ့၏။


ကုဟွိုက်သည် သူလက်ခံနိုင်သလောက် စိတ်ရှည်သည်းခံရမည်ဟု တွေးထားခဲ့သည်။


ကြိုးစားမှုတိုင်းတွင် အမြဲရလဒ်ရှိသည်။ ကုဟွိုက်၏အစဉ်မပြတ်အားထုတ်မှုများကိုသာကျေးဇူးတင်ရလိမ့်မည်၊ နောက်ဆုံးတွင် သူသည် အဆင့်နိမ့်ဇက်များကို 'ဘာသာစကား' သင်ကြားပေးနိုင်ခဲ့၏။ ထိုအရာမှာ...တက်ခ်ဇက်များ ပထမဆုံးသင်ယူလိုက်ရသည့်စကားကြောင့် ကုဟွိုက်မှာ ကယ်သူမဲ့သလိုခံစားလိုက်ရသည်။


"မဟုတ်ဘူး...အဲဒါအားဟွိုက်ပါ..."


ကုဟွိုက် သူ့အရှေ့ရှိတက်ခ်ဇက်များကိုအမှန်ပြင်ပေးနိုင်ရန်ကြိုးစားသည်။ သူသည် သူ့ကိုယ်သူလက်ညိုးထိုးကာ စိတ်ရှည်လက်ရှည်ဖြင့်ပြောလိုက်၏။


"ပြောကြည့်...အားဟွိုက်..."


ကုဟွိုက်ပြောလိုက်သည်အချိန် တက်ခ်ဇက်များကခေါင်းငုံ့သွားကြပြီး ကိုယ်လုံးကြီးကြီးနှင့်တက်ခ်ဇက်က ၎င်း၏သွေးနီရောင်မျက်ဆန်များဖြင့် ကုဟွိုက်ထံသို့ကြည့်ကာ အက်ကွဲနေသောအသံဖြင့်ရွတ်လာသည်။


"ကလေးလေး..."


ကုဟွိုက် ချက်ချင်းပင်သူ့မျက်လုံးသူကာလိုက်ပြီး စိတ်ထဲတွင်ကယ်ရာမဲ့သည့်ခံစားချက်ကိုရလိုက်၏။ တက်ခ်ဇက်တို့သည်ကား ကုဟွိုက်၏အကူအညီမဲ့နေမှုကို သည်အတိုင်းကြည့်နေကြသည်။ တစ်ယောက်က ကုဟွိုက်ကိုအလေးအနက်ဖြင့်ကြည့်နေပြီး 'ကလေးလေး' ဆိုသည့်စကားလုံးကိုကြိုးစားပမ်းစားသင်ယူနေသည်။


'ကလေးလေး' ဆိုသည့်အဓိပ္ပါယ်က သားပေါက်လေးများကိုဆိုလိုသည်။ တူဆာထံသို့လာလည်ကြသည့် လူသားနှစ်ယောက်တို့က ထိုအကြံဉာဏ်ကိုပြောပြခဲ့ကြခြင်းဖြစ်ပြီး တက်ခ်ဇက်တို့သည်လည်း ၎င်းတို့ပါးစပ်ကိုပြင်ရန်ခေါင်းမာနေခဲ့ကြ၏။


လူသားတို့က ၎င်းတို့ချစ်မြတ်နိုးရသောသားပေါက်လေးများကို 'ကလေးလေး' ဆိုသည့်နာမ်စားသုံးကာခေါ်ဝေါ်ကြသည်။ တက်ခ်ဇက်တို့က ထိုလူသားများပြောသည့်အတိုင်းသင်ယူခဲ့ကြခြင်း။ နောက်တမျိုးလှည့်ကာစဉ်းစားကြည့်ကြပါဦးစို့၊ အချစ်မခံရသည့်သားပေါက်လေးများဆိုလျှင် 'ကလေးလေး' ဟု​ခေါ်စရာမလိုပေ။ သူတို့သည်သူတို့စိတ်နှင့်သူတို့ ကုဟွိုက်ကို ဂရုစိုက်ပေးကြခြင်းဖြစ်၍ သူ့အား 'ကလေးလေး' ဟုခေါ်ခြင်းကဖြစ်သင့်သည်။


"အားနာပါတယ်ကွာ..."


အဖြစ်အပျက်ကိုကြည့်ပြီး ဟန်မာမှာမရယ်ရမနေနိုင်တော့။ ထိုရယ်သံကြောင့် ကုဟွိုက်က အသံတိတ်လှမ်းကြည့်လိုက်သည်။


ကုဟွိုက်လှမ်းကြည့်လိုက်သောကြောင့် ဟန်မာ၏အပြုံးက ရတ်ချည်းတန့်သွားလေသည်။ သူနှင့်ဟန်မာမှာ ချောင်းခြောက်ဆိုးလိုက်ရလေသည်။


"အဟွတ်...စိတ်မဆိုးပါနဲ့...မရည်ရွယ်ပါဘူး..."


ရှန်းမုနှင့်ဟန်မာတို့နှစ်​ယောက်လုံးမှာ တက်ခ်ဇက်တို့က 'ကလေးလေး' ဟုခေါ်ခြင်းကိုခွင့်ပြုပေးထားသော နစ်နာသူကုဟွိုက် လွတ်မြောက်ရေးအတွက် ကြံမိကြံရာလုပ်နေကြသည်။


"ငါစိတ်မဆိုးပါဘူး.."


ကုဟွိုက်ပြန်ပြောလိုက်၏။


သူအကူအညီမဲ့သလိုခံစားနေရရုံသာ။ အကူအညီမဲ့နေသည်ထက် ပြောပြရခက်သည့်ခံစားချက်မျိုးဟုဆိုရမည်။ တက်ခ်ဇက်များ ပထမဆုံးတတ်လာသည့်စကားလုံးက 'ကလေးလေး'တဲ့လား။ အဆိုပါစကားက သူ့အတွက်သင်လာခဲ့သည်ဟုပြောနိုင်ပြီး ကုဟွိုက်မှာ သူပိုပြီးအားစိုက်ထုတ်သင့်သည်ဟုတွေးမိသွားသည်။


ထားလိုက်တော့။ ကလေးလေးဆိုတာလည်းကောင်းတာပဲ။ ဂျီးများမနေနဲ့တော့။


"ကလေးလေး..."


တက်ခ်ဇက်တို့၏ ကြက်သွေးရောင်မျက်လုံးများက ကုဟွိုက်ကိုကြည့်နေပြီး အဆိုပါစကားလုံးနှစ်လုံးကိုစွဲလန်းနေသည့်အတိုင်း ထပ်ပြောလာကြသည်။ အနှီတက်ခ်ဇက်တို့က ကုဟွိုက်၏တုံ့ပြန်မှုကို ကြားချင်နေကြမှန်းသိသာ၏။


ကုဟွိုက်မှာ သက်ပြင်းချလိုက်ကာ နောက်ဆုံး၌ ယောင်ဝါးဝါးဖြင့်အသံပြန်ပေးလိုက်သည်။


"အင်း..."


ကုဟွိုက်၏တုံ့ပြန်သံကိုကြားပြီး တက်ခ်ဇက်တို့က တမဟုတ်ချင်းပျော်ရွှင်သွားကြကာ ကြက်သွေးရောင်မျက်လုံးများက တဖက်လူကိုထိတ်လန့်သွားစေလောက်သည်အထိ အရောင်တောက်သွားကြလေ၏။


နေ့ရက်များကကုန်လွန်သွားခဲ့ပြီး တက်ခ်ဇက်တို့သည်လည်းနည်းမှန်လမ်းမှန်ဖြင့်ဆက်လက်တိုးတက်နေခဲ့ကြသည်။ ကုဟွိုက် ပိုပြီးအိပ်ငိုက်လာတတ်သည်မှအပ အရာအားလုံးနီးပါးအဆင်ပြေချောမွေ့နေခဲ့သည်။


အစတည်းမှ နေ့စဉ်အိပ်စက်သည့်အချိန်တိုးလာခဲ့​သော်လည်းနောက်ပိုင်း၌ သူ၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင်လည်းအိပ်ပျော်လာခဲ့သည်။ ဇက်တို့မှာ ကုဟွိုက်၏ခန္ဓာကိုယ်အခြေအနေကိုစိုးရိမ်လာကြ၏။


"အင်း..ငါထပ်ပြီးအိပ်ပျော်သွားပြန်ပြီလား...မင်းပြောတာငါမကြားလိုက်ဘူး..."


ကုဟွိုက် တကယ်ကိုပင်ပန်းနေလေပြီ။ သူနိုးထလာရန်ခွန်

အားအများအပြားကိုသုံးနေရပြီး နာကျင်မှုသည်လည်းဆက်လက်ရှိနေလေ၏။ အလ်ဗ်ကစကားမဆိုဘဲ ကုဟွိုက်ကိုနမ်းရုံသာနမ်းလိုက်သည်။


ဆေးအဖွဲ့သည်လည်း မူမမှန်သည့်မည်သည့်အရာကိုမှရှာမတွေ့ပေ။ ကုဟွိုက်၏ရှုထောင့်မှကြည့်မည်ဆိုပါက သူ၏ကိုယ်ခံအားကို ဤကမ္ဘာကငြင်းပယ်နေပုံနှင့်တူသည်။ ကုဟွိုက်သည်ကား စည်းမျဉ်းနှင့်လောက၏ဆန္ဒကိုသိရှိထားသောကြောင့် ဤအတွေးမျိုးကိုတွေးမိနေခြင်းဖြစ်၏။ သူ၏ယူဆချက်ကမှန်ကောင်းမှန်နိုင်သည်ဟုခံစားရသည်၊


သူနိုးလာသည့်အချိန်တိုင်း ကုဟွိုက်သည်အလ်ဗ်က သူ့ဘေးတွင်စောင့်နေသည်ကိုမြင်တွေ့ရသည်။ သူအိပ်ပျော်သွားတတ်သည့်အကြိမ်ရေများလာသည့်အခါ ကုဟွိုက်မှာ ကြောင်ကြီးကိုဆွဲခေါ်ပြီး နွေးထွေးသည့်လေသံဖြင့်ပြောရတော့၏။


"မင်းငါနိုးလာတဲ့အချိန်တိုင်း စောင့်ပေးနေစရာမလိုဘူး..."


အလ်ဗ်သည်ကား ဘာကိုမှမပြော။ ရွှေရောင်တောက်နေသည့်ရေခဲနှင့်နှင်းစက်များဖြင့်တူသော အေးစက်လှပသည့်မျက်လုံးများက ကုဟွိုက်အား သူ၏သဘောထားကိုအသံတိတ်ဖော်ပြသည့်အနေဖြင့်စိုက်ကြည့်နေလေသည်။ 


"တစ်နေ့ ငါအကြာကြီးအိပ်ပျော်သွားခဲ့ရင် မင်းငါ့ရဲ့ဘေးမှာအမြဲစောင့်နေစရာမလိုတော့ဘူး..."


ကုဟွိုက်သည် သူ၏ခန္ဓာကိုယ်အခြေအနေကိုတွေးမိပြီး အလ်ဗ်အားပြောမိသည်။ 


"ငါအကြာကြီး​နေမှမနိုးလာတော့ဘူးဆိုရင် စောင့်မနေနဲ့တော့.."


သည်တကြိမ်တွင်မူ အလ်ဗ်သည်တိတ်ဆိတ်မနေတော့ဘဲ ငြင်းဆိုလာပေသည်။


"ကိုယ်စောင့်နေမှာပဲ..."


အလ်ဗ်က အမြဲ ကုဟွိုက်စကားကိုနားထောင်ခဲ့စေကာမူ ဤကိစ္စတွင် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ဖြစ်နေသည်။ သူစောင့်နိုင်သမျှ စောင့်နေဦးမည်ပင်။


ဆက်နွယ်နေခဲ့ဖူးသည့်မှတ်ဉာဏ်မျိုးမရှိလင့်ကစား အလ်ဗ်သည် ကုဟွိုက်ကို သိလာခဲ့သည်မှာ သူ့မှတ်ဉာဏ်ထဲမှပထမဆုံးအကြိမ်တွေ့ခဲ့စဉ်ကထက် အလွန်တရာကြာညောင်းခဲ့ပြီဟုခံစားရသည်။ ကုဟွိုက် ပျောက်သွားခဲ့ပြီး သူအချိန်အတန်ကြာအောင်စောင့်ဆိုင်းနေခဲ့ရဖူး၍ဖြစ်လိမ့်မည်။ နောက်ဆုံး၌ သူထပ်မစောင့်နိုင်တော့ပေ။ အခြေခံမကျသောစိတ်ကူးမျိုးဖြစ်နေသော်လည်း အလ်ဗ်သည် စောင့်ဆိုင်းရသည့်အဓိပ္ပါယ်ကိုသိလာခဲ့သည်။


ကုဟွိုက်မှာ အနှီခေါင်းကြောမာသည့်ကြောင်ကြီးနှင့်ပတ်သတ်ပြီး ဘာမှမတတ်နိုင်တော့ပေ။ သူအလ်ဗ်ကိုမဖြောင်းဖျနိုင်တော့ဘဲ နိုးထလာချိန်တိုင်း တဖက်လူက သူ့အားစောင့်စားနေခဲ့သည့်အဖြစ်ကို နေသားကျနေခဲ့ပြီ။ ကုဟွိုက်၏နှလုံးသားကလှုပ်ရှားလာနေပြီး အလ်ဗ်အပေါ်ရှိနေသည့်သူ၏အချစ်မှာလည်း တနေ့တခြားထိန်းချုပ်မရနိုင်အောင်ဖြစ်လာခဲ့သည်။ ကြောင်ကြီးက အလွန့်အလွန်ချစ်စရာကောင်းနေ၏။


"ငါမင်းကိုသဘောအကျဆုံးပဲ..."


တနေ့တွင် ကုဟွိုက်ကအလ်ဗ်အားထိုသို့ပြောခဲ့သည်။ ကုဟွိုက်စကားကြောင့် အလ်ဗ်၏မျက်လုံးများက အနည်းငယ်မျှရီဝေသွားခဲ့၏။ သူကုဟွိုက်ကို ရိုးရိုးရှင်းရှင်းသာကြည့်လိုက်သည်။ နွေးထွေးသောချစ်ခြင်းမေတ္တာမဟုတ်သော်ငြား ၎င်းကအဆုံးမရှိပါချေ။


အလ်ဗ်က ကုဟွိုက်ကိုပြန်ပြောခဲ့သည်။


"ကိုယ်လည်း အားဟွိုက်တစ်ယောက်တည်းကိုပဲ သဘောကျတာပါ..."


အနှီတုံ့ပြန်ချက်က ကုဟွိုက်ကိုဆွံ့အစေပြီး မျက်တောင်သာခတ်မိလိုက်သည်။


တူဆာ၏မြေဆီလွှာဖွံ့ဖြိုးမှုအစီအစဉ်က တစ်နှစ်အတွင်းမှာပင်ဖြည်းဖြည်းချင်း တိုးတက်နေခဲ့၏။ မနှစ်က စူးစမ်းလေ့လာသည့်အသင်းသည် ၎င်းနှင့်ပတ်သတ်၍သတင်းကောင်းပေးခဲ့ပြီးမြေဆီလွှာစမ်းသပ်မှုရလဒ်ရရန် နီးကပ်လာပြီဟုပြောခဲ့ကြသည်။ ထိုစဉ်က ဇက်တို့အားလုံးပျော်ရွှင်ခဲ့ကြသည်။ မြေဆီလွှာစမ်းသပ်မှုအဖြေရလာသည်နှင့် အချိန်တစ်ခုရောက်လျှင် စမ်းသပ်ဂြိုလ်ပေါ်၌ ပန်းပင်များကိုစိုက်ပျိုးနိုင်တော့မည်ဖြစ်သည်။


ဤကိစ္စတွင် ၎င်းတို့က ဘုရင်ကိုတရားဝင်မွေးနေ့လက်ဆောင်ပေးနိုင်ကြတော့မည်။ ထပ်လောင်းပြောရလျှင် ဤနှစ်၌ သတင်းကောင်းအစအနလေးများက လေ့လာရေးအသင်းထံမှရောက်လာခဲ့၏။


လေ့လာနေသည့်ပညာရှင်တစ်ယောက်က အံ့ဩတကြီးဆိုလာ၏။


"တိုးတက်လာတဲ့အဖူးအငုံလေးပဲဟေ့.."


အလွန်သေးငယ်ပြီးနူးညံ့သည်။ မြေကြီးထဲမှထွက်လာသည့် ပန်းပင်၏ရိုးတံနှင့်အဖူးလေးက အသေးစားမတော်တဆမှုကြောင့်ပျက်စီးသွားခဲ့ပုံရပြီး ကျိုးဆတ်ခြင်းကိုဖယ်လိုက်ပါက ၎င်းမှာအသက်ဓာတ်ရှိနေပုံကိုပြသသည်။ အဖူးအငုံလေးအားကြည့်ပြီး ဇက်တို့ ပျော်ရွှင်နေခဲ့ကြ၏။


"အဖူးလေးကိုမြင်ရင် အရှင်ပိုပြီးသက်သာလာလောက်တယ်.."


သူတို့သည် ရလဒ်ကို ကုဟွိုက်အမြန်ဆုံးတွေ့စေချင်၍ စူးစမ်းလေ့လာနေသည့်ဇက်သည် ပန်းပွင့်လေးကိုအိုးထဲသို့ပြောင်းစိုက်လိုက်သည်။ ထို့နောက် ပန်းအိုးကိုအလ်ဗ်ထံပေးလိုက်၏။ အလ်ဗ်က အခန်းထဲတွင် ကုဟွိုက်နိုးလာမည့်အချိန်အထိစောင့်နေခဲ့၏။ ယခုမူ သူသည် သူ့လက်အောက်ငယ်သားလက်ထဲမှ ပန်းအိုးလေးအားလှမ်းယူပြီး တယုတယကိုင်ကာ အိပ်ရာဘေးတွင် ငြိမ်ငြိမ်လေးစောင့်နေခဲ့သည်။


ယနေ့တွင် ကုဟွိုက်က ပုံမှန်ထက်အိပ်ချိန်ကြာခဲ့ပြီး အလ်ဗ်သည်လည်း ကုဟွိုက်ကိုမနှောင့်ယှက်ဘဲ ပုံမှန်အတိုင်းနိုးထလာစေခဲ့သည်။ အိုးထဲမှပန်းလေးက နုနယ်လွန်းသည်။ ကြီးလာခဲ့လျှင်ပင် ပန်းပင်အငယ်လေးအဖြစ်သာကြီးထွားနိုင်မည်။ ပန်းပင်ငယ်လေးဟုသတ်မှတ်၍မရသေးသော်လည်း ကုဟွိုက်က၎င်းကိုကြည့်ပြီး အင်မတန်ပျော်ရွှင်သွားလိမ့်မည်။


အလ်ဗ်က ထိုသို့တွေးလိုက်ပြီး ဒေါင်လိုက်မျက်ဆန်အိမ်များကကျုံ့ဝင်သွားခဲ့သည်၊ ယင်းက သူ့အားကြောင်ကြီးတစ်ကောင်နှင့်တူသွားစေ၏။ နေ့လည်ကျော်ပြီး ညနေစောင်းသည်အထိ အလ်ဗ်သည်ကုဟွိုက်နိုးလာသည်အထိ မစောင့်နိုင်တော့ပေ။ ကုဟွိုက် စားရန်လိုအပ်သည်ဟုယူဆပြီး အလ်ဗ်ကကုဟွိုက်ကိုအရင်နှိုးလိုက်သည်။ 


အလ်ဗ်သည် ကိုင်ထားသည့် ပန်းအိုးလေးအားအောက်သို့ချကာ အိပ်ရာပေါ်မှကုဟွိုက်ကိုသူ့အမြှီးဖြင့်ပတ်လိုက်သည်။ 


"အားဟွိုက်..."


အလ်ဗ်အသံမှာ နူးညံ့နေပါ၏။


အိပ်ပျော်နေသည့်လူငယ်လေးက မတုံ့ပြန်လာခဲ့ဘဲ အလ်ဗ်သည်လည်း စိတ်ရှည်ရှည်ဖြင့် ဆက်လက်ခေါ်နေခဲ့သည်။ ကုဟွိုက်က မည်သည်တုံ့ပြန်မှုမှမပြလာသည့်အခါ အလ်ဗ်မှာ စိတ်ထင့်လာခဲ့သည်။ 


ကုဟွိုက်အိပ်ပျော်နေပြီး နိုးမလာသည့်ကိစ္စက ဇက်မျိုးနွယ်တစ်ခုလုံးအား ပေါက်ကွဲသွားလုမတတ်ဖြစ်စေခဲ့သည်။ ရုတ်ချည်းပင် တူဆာသည် အခြားဂြိုလ်များပေါ်တွင်နေထိုင်ကြပြီး အပြေးအလွှားရောက်လာကြသည့်ဇက်တို့နှင့်ပြည့်ကျပ်သွားသည်။ကုဟွိုက်အိပ်ပျော်နေသည့်ကိစ္စက ခန့်မှန်း၍မရ။ ဆေးအဖွဲ့ကကုဟွိုက်ကျန်းမာရေးကိုစစ်ဆေးကြည့်သော်လည်း အိပ်ပျော်နေသည့်ပုံစံဖြင့်သာတူနေသည်။


တစ်နှစ်ဟူသောအချိန်က မြန်ဆန်စွာကုန်ဆုံးသွားခဲ့ပြီး အဖူးအညှောင့်လေးသည်လည်း ဝင်းဝါသည့်ပန်းလေးဖြစ်လာခဲ့သည်။ အလ်ဗ်သည် ပန်းအိုးလေးကို ကုဟွိုက်အနားသို့ယူလာပေးခဲ့၏။


"ပန်းလေးလေ.."


အလ်ဗ်အသံက တိုးတိမ်နေသည်။ တုံ့ပြန်မှုကင်းမဲ့နေသည်မှအပ အလ်ဗ်သည် ကုဟွိုက်အရှေ့တွင် တခဏမျှပန်းအိုးကိုကိုင်ကာရပ်နေခဲ့သည်။ တခဏခန့်စောင့်ဆိုင်းနေပြီးမှ ကုဟွိုက်၏ပါးကိုနမ်းရှိုက်ခဲ့၏။


သူစောင့်နေခဲ့သည်။ စောင့်နေခဲ့စဉ် တူဆာသည်ဆက်လက်ရှင်သန်နေဆဲ။


ဘုရင်က ခေတ္တမျှအိပ်ပျော်သွားခဲ့ပြီး ၎င်းတို့သည်လည်းဘုရင်အားမွေးနေ့လက်ဆောင်ပေးရန် မရပ်မနားအလုပ်လုပ်နေခဲ့ကြ၏။ 


ပိုပြီးကြိုးစားစွာဖြင့်။ 


ထိုအတိုင်းသာဆိုလျင် ကုဟွိုက်နိုးလာသည့်တစ်နေ့တွင် ၎င်းတို့က ကုဟွိုက်အား ပန်းဝေနေသောဂြိုလ်ကို မြင်တွေ့စေရမည်ပင်။