အခန်း၈၈
Viewers 10k

Chapter 88

Chapter 88


အိပ်ပျော်နေစဉ်အတွင်း ကုဟွိုက်သည်ကား ဝိညာဉ်က သူ၏ကိုယ်မှခွာထွက်နေပြီး တဖြည်းဖြည်းဝေးကွာသွားသလိုခံစားရသည်။ တွန်းကန်အားတစ်ခုက ကုဟွိုက်၏အသိစိတ်ကို ခန္ဓာကိုယ်ထံပြန်မလာနိုင်အောင်လုပ်နေခဲ့၏။


ဂြိုလ်တစ်ခုစီတိုင်းတွင် ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းနှင့်ဆန္ဒများရှိတတ်သည်။ ကုဟွိုက်၏အသက်ဝိညာဉ်က ဤကမ္ဘာနှင့်မသက်ဆိုင်သောကြောင့် ဤကမ္ဘာ၏စည်းမျဉ်းက သူ့အားဖယ်ရှားနေခြင်းဖြစ်လေ၏။ ကုဟွိုက်၏တည်ရှိမှုက ဤကမ္ဘာနှင့်မသင့်တော်ပေ။ 'စည်းမျဉ်း' မှာ ဤကမ္ဘာ၏ညွှန်ကြားချက်များကိုရရှိပြီး ၎င်းက မသင့်တော်သည့်အရာများကိုအလိုအလျောက်ဖယ်ရှားပစ်လိမ့်မည်။


သို့သော် ကုဟွိုက်က အဆိုပါတွန်းကန်အားကိုတောင့်ခံထားခဲ့သည်။ သူ၏ ကြီးမားလှသောစိတ်ခွန်အားက ဖယ်ရှားမှုကိုတန်ပြန်နေခဲ့ကာ မူလအစီအစဉ်မှ သွေဖယ်စေခဲ့သည်။


ကုဟွိုက်သည် ထူးဆန်းသည့်နေရာသို့မရောက်ခင် တခဏမျှ သတိလစ်သွားခဲ့သလိုခံစားရသည်။ ဤနေရာသည်ကား ယိုယွင်းနေသောဂြိုလ်တစ်လုံး။ ကောင်းကင်မှာ မဲနယ်ရောင်ဖြစ်နေပြီး လေထုသိပ်သည်းဆမြင့်မားလွန်းသည်။ တခါကြည့်ရုံဖြင့် လူတိုင်းကို မည်းမှောင်နေသည့်တိမ်များကအချိန်ပြည့် အုပ်ဆိုင်းထားသည့်နှယ်ခံစားရစေလိမ့်မည်။ မြေပြင်မှာမညီမညာ။ ကုဟွိုက်မျက်လုံးထဲတွင် သဲများနှင့်ချိုင့်များသာပြည့်နှက်နေသည်။ ပြိုကျပျက်စီးနေပြီးနောက် ဖုန်နှင့်သဲမှုန်များဖုံးနေသည့် အဆောက်အအုံအချို့လည်းရှိနေ၏။


၎င်းကထူးဆန်းသည့်နေရာဖြစ်နေသော်လည်း ကုဟွိုက်ကသတိကြီးစွာထားကာ လှည့်ပတ်ကြည့်နေခဲ့သည်၊ သူဤနေရာကို ရင်းနှီးနေသယောင်ပင်၊ သူမွေးဖွားလာခဲ့သည့်စွန့်ပစ်ဂြိုလ်ကဲ့သို့...


မြင်ကွင်းများက ကုဟွိုက်၏မှတ်ဉာဏ်များထဲကနှင့်မတူသော်လည်း သူ အရှေ့ဘက်သို့ကြည့်လိုက်သည့်အခါ တောအုပ်ငယ်လေးနှင့်တူသောနေရာတစ်ခုအားမြင်တွေ့လိုက်ရသည်။ ၎င်းက ကုဟွိုက်မှတ်ဉာဏ်ထဲကနှင့်အတူတူပင်။ တောအုပ်ထဲမှအပင်အများစုက အနက်ရောင် တာမုသစ်ပင်များဖြစ်သည်။


ကုဟွိုက် သူ့မှတ်ဉာဏ်များထဲမှအတိုင်း လျှောက်လာခဲ့ပြီး ရင်းနှီးနေသည့်ဂူတစ်လုံးအား​တွေ့လိုက်ရသည်။ ကုဟွိုက် တဒင်္ဂမျှတုံ့ဆိုင်းသွားခဲ့၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က စွန့်ပစ်ဂြိုလ်ကို ဇက်တို့ကပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သူသိထားခဲ့ပြီး ဤပုံစံအတိုင်းဖြစ်မနေသင့်ပေ။


ဇက်တို့သည် ကုဟွိုက်မွေးဖွားလာသည့်ဂြိုလ်က လှပသည့်နေရာဖြစ်သင့်သည်ဟုတွေးခဲ့ကြသည်။ ထို့ကြောင့် ကုဟွိုက်ကို တူဆာသို့ပြန်ခေါ်လာကြသည့်အခါ ဤစွန့်ပစ်ဂြိုလ်ကိုပြောင်းလဲနိုင်ရန် တိုးတက်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ကုဟွိုက်၏မွေးနေ့တွင် သူတို့ကကုဟွိုက်အား မွေးနေ့လက်ဆောင်ပေးခဲ့ကြ၏။ ၎င်းသည်ကား တိုးတက်ပြောင်းလဲခဲ့ပြီးသောစွန့်ပစ်ဂြိုလ်ပင်။ ယခု ကုဟွိုက်မျက်လုံးထဲတွင် ဂြိုလ်ကပျက်စီးနေဆဲဖြစ်ပြီး သူ၏မူလ

ကမှတ်မိနေခဲ့သည့်မှတ်ဉာဏ်များထဲကထက်ပင် ပို၍ယိုယွင်းချိနဲ့နေလေသည်။ လုံးဝမဖြစ်နိုင်သည့်အရာမှန်းသိနေသည့်တိုင် ကုဟွိုက်မှာလက်ရှိအခြေအနေကိုကြည့်ပြီး သူ၏ပင်ကိုယ်စိတ်ဖြင့်ပင် နားလည်ပေးနိုင်ရန်ပိုခက်ခဲနေခဲ့သည်။


ယခု သူတွင်ခန္ဓာကိုယ်မရှိပေ။ ဝိညာဉ်အဖြစ်မြောနေသည်ဟုပင်ဆိုရမည်။ ခဏတာခန့် ကုဟွိုက်မှာ ဤအခြေအနေတွင်ဘာလုပ်ရမည်မသိ။ ထို့နောက် အဝေးမှရင်းနှီးနေသော ဂူအဝင်ဝကိုလှမ်းကြည့်ကာ ဝင်သွား၍ကြည့်ရန်ဆုံးဖြတ်လိုက်၏။


ကုဟွိုက်သည် မှတ်ဉာဏ်ထဲကအတိုင်း အတိအကျတည်ဆောက်ထားသည့် မှောင်မည်းနေသောဂူထဲသို့ဝင်သွားလိုက်သည်။ ကုဟွိုက် ပေါ့ပေါ့ပါးပါးလျှောက်သွားလိုက်ပြီး ဂူ၏အတွင်းဘက်အကျဆုံးနေရာသို့ အမြန်ဆုံးရောက်ရှိသွားခဲ့သည်။ ဤနေရာအရောက်တွင် ကုဟွိုက်သည် အတူယှဉ်ထားသည့် ဥလေးနှစ်လုံးအားတွေ့လိုက်ရသည်။ အဖြူတစ်လုံးနှင့်အနက်တစ်လုံး။


၎င်းက ဇက်မျိုးနွယ်စုများ၏ဥများပင်။ သူသည် မွေးဖွားလာခဲ့သည့်စွန့်ပစ်ဂြိုလ်ကိုရှာတွေ့ခြင်းထက်ပင် ပို၍အံ့အားသင့်သွားခဲ့သည်။ ကုဟွိုက်မှာလုံးဝကြက်သေသေသွားခဲ့ရ၏။ အက်ကွဲလာသည့်အသံကိုကြားရသည့်အခါ သူပို၍ပင်သတိရှိသွားခဲ့သည်။


တိတ်ဆိတ်လွန်းသည့်ဂူထဲတွင် ရုတ်တရက်ပေါ်လာသည့်အသံကြောင့်ကုဟွိုက် မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူသည်ဘယ်ဘက်အခြမ်းမှ ဥခွံပေါ်တွင် အက်ကြောင်းရာအသေးစားလေးပေါ်လာသည်ကိုမြင်လိုက်ရသည်။


"ခွပ်၊ ခွပ်__"


အထဲမှသားပေါက်လေးကအပြင်သို့တိုးထွက်လာတော့မည့်ဟန်ဖြင့် ဥ၏အခွံမှာ ပိုမိုအက်ကြောင်းလိုက်လာခဲ့သည်။ နောက်ဆုံးတွင် ရှင်းလင်းပြတ်သားသည့်အသံဖြင့် ဥအခွံမှာလုံးဝကွဲသွားခဲ့၏။ ဥ၏အရည်များဖြင့်ရွှဲနေသည့်အနက်ရောက်ဥအခွံအတွင်းမှ ဒေါင်လိုက်ဖြစ်နေသည့်ရွှေရောင်မျက်လုံးများဖြင့် အဖြူရောင်အမွှေးလုံးလေးထွက်လာခဲ့သည်။


ဇက်သားပေါက်လေး၏ကိုယ်ထည်က လုံးဝိုင်းပြီး မျက်လုံးလေးများမှာလည်းဝိုင်းစက်​နေခဲ့သည်။ ဥမှပေါက်လာပြီးသည့်နောက် သားပေါက်လေးသည်ပထမဆုံးအကြိမ်အဖြစ် လောကကြီးအားမြင်တွေ့ရရန်မျက်လုံးများကိုဖွင့်လိုက်နိုင်ပြီး ၎င်းအတွက် အဖိုးအတန်ဆုံးနှင့်အရေး

အကြီးဆုံးအရာကိုတွေ့လိုက်ရသည်။ သူသည် မသိစိတ်အရ တိုးကပ်သွားမိလေ၏။


"အလ်ဗ်လား.."


ကုဟွိုက် သူ့အနားမှအသားလုံးလေးကို ကြည့်ကာ ဖြစ်ပျက်နေသည့်အရာများကိုနားလည်နိုင်ရန် တဒင်္ဂမျှအချိန်ယူလိုက်ရသည်။ 


အနက်ရောင်ဥထဲမှထွက်လာသည့် သားပေါက်လေးက အလ်ဗ်ဖြစ်လိမ့်မည်။ အမြှီးမှစ၍ အမွှေးပွနေသည်မှာ ယာယီမျှဖြစ်သော်လည်း အေးစက်နေသည့်ငွေမှင်ရောင်အမြှီးကပျောက်မသွားသေးဘဲ သားပေါက်လေးကလည်းအလ်ဗ်နှင့် တပုံစံတည်းပင်။


ယခု ကုဟွိုက်ကဝိညာဉ်ပုံစံဖြစ်နေသော်လည်း သားပေါက်လေးကသူ့အားမြင်နိုင်နေလေသည်။ အတည်ပြုနိုင်ရန် ကုဟွိုက်က အခြားတနေရာသို့သွားကာ သားပေါက်လေးကိုပြန်ကြည့်လိုက်သည်။


"ကျိုး...ကျိုး...?"


ကုဟွိုက်ရွေ့လျှင် သားပေါက်လေးကလိုက်ရွေ့သည်။


သူ့အနောက်မှလိုက်လာသည်။


ပေါက်လာသည်မှာမကြာသေးသော သားပေါက်လေးသည်ကား သူ့အတွက်အရေးကြီးပုံရသောလူကို ဝိုင်းစက်နေသည့်မျက်လုံးများဖြင့်ကြည့်နေလေသည်။ ထို့နောက် သားပေါက်လေးက မျက်လုံးတို့ကိုပင့်ကာ ကုဟွိုက်အသံအတိုင်း လိုက်တုခဲ့သည်။


"ကျိုး..ကျိုး..."


ကုဟွိုက် သားပေါက်လေး၏အော်သံကိုကြားပြီး သူ၏မျက်ခုံးများကသိမ်မွေ့သွားခဲ့သည်။


ကုဟွိုက်၏မျက်လုံးများ ကွေးညွတ်သွားခဲ့ပုံကိုမြင်တွေ့ပြီး အလ်ဗ်ကနောက်တကြိမ် အသံတုလုပ်ပြလာသည်။


"ကျိုး..ကျိုး...!"


သားပေါက်လေးမှာ ကုဟွိုက်မျက်ခုံးပင့်လိုက်သည်နှင့် ကုဟွိုက်အနားသို့ကပ်လာရန် ပိုတက်ကြွလာခဲ့၏၊ သားပေါက်လေးသည်ကား ၎င်း၏ကိုယ်ကို ကုဟွိုက်ခြေထောက်ပေါ်တွင်မှီလာသည်။ သို့ထိတိုင် အလွန်အကျွံကပ်မနေပါချေ။ အလ်ဗ်၏ရှိပြီးသားမျက်လုံးများက ပိုကျယ်လာကာ အမွှေးဖွားဖွားအမြှီးက မပျော်မရွှင်ဖြင့်ယမ်းခါနေခဲ့သည်။


ဇက်တွေကသားပေါက်လေးအရွယ်မှာတောင် မပျော်တဲ့အခါအမြှီးယမ်းတတ်တာပဲလား? ထိုမြင်ကွင်းကြောင့် ကုဟွိုက် မနေနိုင်ဘဲ ပြုံးမိသွားရသည်။ သားပေါက်လေးအားချော့မြူရန် ကုဟွိုက် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူ ၎င်းကို မထိကိုင်ရသေးမှန်းသိရှိလိုက်ပြီး လက်ဆန့်ထုတ်ကာ သားပေါက်လေး၏ခေါင်းကိုပုတ်ပေးလိုက်သည်။


"ကျိုး..."


သားပေါက်လေး၏အမြှီးက အနည်းငယ်မြောက်လာခဲ့၏။


ကုဟွိုက် သူ့အနားတွင်ကပ်နေသည့် သားပေါက်လုံးလေးအားကြည့်ပြီး မဝေးသည့်နေရာမှ ဥအခွံကိုလှမ်းကြည့်လိုက်သည်။ သူဥအခွံရှိနေသည့်နေရာသို့လျှောက်သွားလိုက်ကာ ထိုအနားတွင်ရပ်လိုက်သည်။ ဥအခွံက အနီးလေးတွင်ရှိနေ၏။ ကုဟွိုက်ထွက်မသွားတော့မှန်းသေချာမှ သားပေါက်လေးကဥအခွံကို စတင်စားလေသည်။


ကုဟွိုက် နေရာမှာပင်ရပ်နေလျက် သူမြင်နေရသည့်အရာများကိုနားလည်နိုင်ရန်ကြိုးစားနေသည်။ သူအတိတ်ကိုပြန်ရောက်လာသလို ခံစားနေရသည်။ သူ့ဝိညာဉ်ကဖယ်ရှားခံလိုက်ရသည်။ သူ၏ခုခံမှုတို့ကလောက၏ 'စည်းမျဉ်း' အောက်တွင်ဖိနှိပ်ခံလိုက်ရသည်။ ရလဒ်အနေ

ဖြင့် သွေဖယ်ပြီးကုဟွိုက်၏ဝိညာဉ်မှာလည်း အတိတ်သို့ပြန်ပို့ခံလိုက်ရသည်။


ဤဂူထဲတွင် အနက်ရောင်ဥ၊ အလ်ဗ်နှင့် အဖြူရောင်ဥသာရှိသည်...ကုဟွိုက်သည် ၎င်းကသူဖြစ်လိမ့်မည်ဟုတွေးမိသည်။ အလ်ဗ်က တက်ခ်ဇက်များရှာမတွေ့ခင်အထိ အဖြူရောင်ဥလေးနှင့်အတူ ဤနေရာတွင်အတူရှိနေခဲ့သည်။ ဤအချိန်တွင် အဖြူရောင်ဥလေးက ကုဟွိုက်ပေါက်လာစဉ်ကလို မကြီးသေးဘဲ ပုံမှန်အရွယ်အစားမျှသာရှိသေးသည်။ အဖြူရောင်ဥလေးတွင် အသက်ဓာတ်မရှိသေး။ ကုဟွိုက်ဝိညာဉ်မရောက်သေးပါက ဥလေးက သည်အတိုင်းရှိနေဦးမည်ဖြစ်ကာ ရှင်ဘုရင်လည်းပေါက်ဖွားလာမည်မဟုတ်။


သို့သော် ကုဟွိက်မှာ အလ်ဗ်ကဂြိုလ်ပေါ်တွင်ရှိနေရသည့်အကြောင်းအရင်းကို မသိရသေးပေ။


ဥအခွံကိုစားပြီးသည့်အခါ သားပေါက်လေးက ကုဟွိုက်အနားတွင်ဆက်နေ နေခဲ့သည်။ သားပေါက်လေးဆိုသည်မှာ မှန်နေစေကာမူ အလ်ဗ်သည်စိတ်ဆန္ဒအတိုင်း ကုဟွိုက်ကိုကာကွယ်ပေးလိုကြောင်း ပြသနေခဲ့သည်။ သားပေါက်လေး၏ကာကွယ်ပေးချင်နေသည့်ပုံစံက အလွန်ချစ်စရာကောင်းလွန်းနေ၏။


ကုဟွိုက် မထိန်းနိုင်တော့ဘဲပြုံးလိုက်မိလေ၏။


"မင်းငါ့ကိုကာကွယ်ပေးဖို့မလိုတော့ပါဘူး၊ ငါကဒီပုံစံတောင်ဖြစ်နေပြီ..."


သူ့အခြေအနေက လက်ရှိအ​နေအထားနှင့်အံဝင်ခွင်ကျမဖြစ်ပေ။ ရန်သူများက သူ့အားထိခိုက်အောင်မလုပ်နိုင်လျှင်ပင် သားပေါက်လေးအတွက်နားလည်ရန်ခက်လိမ့်မည်။


အလ်ဗ်သည်ကား နားမလည်။ သူသိထားသည်က သူ့အရှေ့မှလူငယ်လေးကိုကာကွယ်ပေးရမည်၊ ထိုအခါ မည်သူကမျှ လူငယ်လေးအားထိခိုက်အောင်လုပ်နိုင်တော့မည်မဟုတ်ချေ။ သို့ဖြစ်၍ အလ်ဗ်မှာ ဂူထဲဝင်ရရန် ကြမ်းတမ်းသည့်သားရဲများဖြင့်တိုက်ခိုက်ခဲ့ရလောက်သည်။ သူသည် ဥထဲမှပေါက်ဖွားလာသည့်ဇက်သားပေါက်လေးဖြစ်လင့်ကစား ကုဟွိုက်အားစောင့်ရှောက်ပေးနိုင်ရန် ရေကုန်ရေခမ်းကြိုးစားနေဆဲ။


"ကျိုး..."


ဒေါင်လိုက်ဖြစ်နေသောရွှေရောင်မျက်လုံးတစုံဖြင့် သူ ကုဟွိုက်အတွက် အပြင်ဘက်မှသယ်လာပေးခဲ့သောအစာကို ရှေ့တိုးပေးလိုက်သည်။


"ငါ့ကိုမပေးပါနဲ့..."


ကုဟွိုက် အသံကိုနှိမ့်လိုက်သည်။


"ငါအခုမစားသေးဘူး၊ ဗိုက်လည်းမဆာသေးဘူး..."


"ကျိုး.."


သားပေါက်လေးကအသံထွက်လာနေပြီး အစာကိုကုဟွိုက်အရှေ့သို့တွန်းပေးနေဆဲ။


ကုဟွိုက်မှာ သားပေါက်လေးကြောင့် အလွယ်တကူစိတ်လှုပ်ရှားသွားခဲ့၏။


"မင်းကလေးတည်းက ဘာလို့ဒီလောက်ချစ်စရာကောင်းရတာလဲ.."


အရွယ်ရောက်လာပြီးနောက် အေးတိအေးစက်ဖြစ်နေသောအလ်ဗ်အားတွေးကြည့်ပြီး ကုဟွိုက် သူ့အရှေ့မှသားပေါက်လေးအားကြည့်ကာ မျက်လုံးများကွေးညွတ်သွားခဲ့ရသည်။


"မင်းကိုချစ်စရာကောင်းတယ်လို့ချီးကျုးပေးတာက မင်းကိုသဘောကျတယ်လို့ဆိုလိုတာ..."


အဲဒီတော့..နောက်ပိုင်းငါမင်းကိုတွေ့တဲ့အခါ မင်းကိုချစ်စရာကောင်းတယ်လို့ပြောရင် မင်းကိုသဘောကျတယ်လို့ပြောတာပဲ။ သားပေါက်လေးကနားလည်ပုံရသည်။ ကုဟွိုက်စကားကြောင့် အလ်ဗ်၏ဝိုင်းစက်နေသောမျက်လုံးများက တောက်ပလာလေ၏။


_______________


စာရေးသူတွင်ပြောစရာရှိပါသည်။


ဒါက ကျိုးကျိုးစွန့်ပစ်ဂြိုလ်ကိုရင်းနှီးနေရတဲ့အကြောင်းအရင်းပဲ..


ဇက်တွေအော်ရင် တရှူးရှူးအသံပဲထွက်တယ်။ ကျိုးကျိုးက အခြားသားပေါက်လေးတွေနဲ့မတူရတဲ့အကြောင်းက ဟွိုက်ပေါင်းသူ့နာမည်ကိုခေါ်တဲ့အတိုင်းလိုက်လုပ်တတ်လို့ပါ။