အခန်း ၈၉
Viewers 11k

Chapter 89

Chapter 89


ယခုကဲ့သို့ပုံစံဖြင့်တည်ရှိနေမှုက ဘုံသက်ရှိတရားစည်းမျဉ်းနှင့် မသင့်လျော်ပေ၊ ကုဟွိုက်သည် အတိတ်ကာလမှအချိန်တိုအတွင်း တစ်လထက်မနည်း လှည့်လည်နေခဲ့၏။ တဖက်တွင် ကုဟွိုက်မှာ ပြန်သွားချင်နေပြီး မူလအချိန်ကာလအတွင်းမှ သူ့ကိုယ်ထဲသို့ပြန်လည်ဝင်ရောက်ချင်ခဲ့သည်။ သူသည် နှစ်ခြိုက်စွာအိပ်ပျော်နေသောသူ့အား ဇက်တို့စိတ်ပူနေရမည့်အဖြစ်ကိုမလိုချင်ပါချေ။


တဖက်တွင်မူ ကုဟွိုက်မှာ အလ်ဗ်အားလက်မလွှတ်နိုင်ဖြစ်နေလေသည်။ ယခုအချိန်တွင်မွေးဖွားလာသောအလ်ဗ်မှာ မွေးကင်းစသားပေါက်လေးဖြစ်နေ၏။ ယင်းက ကုဟွိုက်ဝင်ပါ၍ရနိုင်သည့်အရာမျိုးမဟုတ်သော်ငြား သူသည် အတိတ်သို့ရောက်လာခဲ့လေပြီ။ အနှီ နုံချာခြောက်

သယောင်းနေသောဂြိုလ်ပေါ်တွင် ပေါက်ဖွားလာသောအလ်ဗ်ကိုမြင်တွေ့ပြီး သူ၏နူးညံ့သောခံစားချက်များက တားဆီးမရဘဲပေါ်ပေါက်လာခဲ့သည်။


ဤနေရာတွင် လှပသည့်အရာဟူ၍မရှိ။ အနှီသားပေါက်လေး ပေါက်ဖွားလာပြီးနောက် မြင်တွေ့လိုက်ရသည့်အရာမှာ မည်းမှောင်နေသောကမ္ဘာတစ်ခုသာ။


ကုဟွိုက်သည် သူအနှီဂြိုလ်ပေါ်တွင်ပေါက်ဖွားလာစဉ်က ဇက်တို့ဝမ်းနည်းနေခဲ့ရသည့်အကြောင်းအရင်းကို ရုတ်ချည်းသဘောပေါက်သွားခဲ့သည်။ သူတန်ဖိုးထားသည့်အရာက လောကကြီး၏သိမ်မွေ့စွာဆက်ဆံပေးမှုအား မခံယူရသည့်အဖြစ်ကိုသိလိုက်ရခြင်းက အမှန်တကယ်ကိုစိတ်ထိခိုက်ဖွယ်ရာပင်။


ကုဟွိုက်က အနှီစွန့်ပစ်ဂြိုလ်ပေါ်တွင်မွေးဖွားခဲ့ပြီး ခက်ခဲကြမ်းတမ်းသည့်ဂြိုလ်ပေါ်တွင် အသက်ရှင်ခဲ့သည့်တိုင် သူ့အားဂရုစိုက်ပေးခဲ့ကြသောတက်ခ်ဇက်အစုတို့က သူ့အားအဖော်ပြုပေးခဲ့ကြသည်။ သူအထီးမကျန်ခဲ့ရချေ။


သားပေါက်လေးတွင် ကုဟွိုက်မှလွဲ၍အခြားအရာမရှိ။ သို့ဖြစ်၍ မသင့်လျော်သည့်အခြေအနေတွင်ပင် ကုဟွိုက်မနေနိုင်ဘဲတွေးမိသည်မှာ...


သူသားပေါက်လေးကို အကြာကြီးအဖော်လုပ်ပေးနိုင်ရင်ကောင်းမှာပဲ..မည်သို့ပင်ဖြစ်စေ သူကလက်ရှိအခြေအနေသို့ရောက်နေပြီဖြစ်ကာ နေရန်သင့်မသင့်ကိုလည်း မဆုံးဖြတ်နိုင်ပေ။ ကုဟွိုက်သည်ကား တကြိမ်တွင် တခါသာတွေးတောနိုင်ပြီး သားပေါက်လေးနှင့်အတူနေထိုင်တော့သည်။


ယခုမူ ကုဟွိုက်၏မျက်လုံးများမှာ မပြောင်းလျှင်ပင် ရွှေရောင်မျက်လုံးများဖြစ်နေလေသည်။ အလ်ဗ်သည် သားပေါက်အရွယ်လေးတည်းက ကုဟွိုက်၏မျက်လုံးများကိုနှစ်သက်ပုံရ၏။ ကုဟွိုက်ခေါင်းငုံ့လိုက်တိုင်းသားပေါက်လေးကသူ့အား မျက်လုံးဝိုင်းများဖြင့်ကပ်ကြည့်နေတတ်သည်ကို မြင်တွေ့ရပေသည်။


ကုဟွိုက်က သားပေါက်လေးအားစူးစိုက်ကြည့်လိုက်သည်။


"ငါ့မျက်လုံးတွေကလှတယ်လို့မင်းထင်လား..."


"ကျိုး..."


အလ်ဗ်က သူ၏အမွှေးဖွားဖွားအမြှီးကိုမြှောက်ကာ ကုဟွိုက်ကို တကျစ်ကျစ်အသံပေးလေသည်။


ကုဟွိုက် မနေနိုင်တော့၍ပြုံးလိုက်မိသည်။


"မင်းမျက်လုံးတွေကငါ့ထက်ပိုလှပါတယ်..."


ကုဟွိုက် အလ်ဗ်၏မျက်လုံးအကာကိုချွတ်ခဲ့စဉ်က ပထမဆုံးချီးကျုးခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားခဲ့သည်။ ထိုလူ၏မျက်လုံးများကအေးစက်လင့်ကစား အမှန်တကယ်ကိုလှပပေသည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးကိုတည်ဆောက်လိုက်ကြစဉ်က တခါတရံ ကုဟွိုက်သည် အလ်ဗ်သူ့အားကြည့်နေသည့်အခါ အနှီကြောင်ကြီး၏မျက်လုံးများကိုနမ်းချင်လာတတ်သည်။ 


သူဘယ်လိုပြောသင့်မှန်းမသိ။ အလ်ဗ်ကအခြားအရာများကိုဂရုမစိုက်သော်လည်း သူ့ကိုသာအာရုံစိုက်ထားခဲ့သည်။ ကုဟွိုက်က အခြားလူတစ်ယောက်ထံမှ အချစ်ခံရနိုင်၏။ သူအမြဲ အဆိုပါကြောင်ကြီးကသူ့အားအလိုလိုက်ထားသည်ဟုခံစားရတတ်သည်။


သားပေါက်ပုံစံလေးနှင့်အလ်ဗ်သည် အရွယ်ရောက်ပြီးအချိန်ထက် ပိုနားလည်တတ်၏။ သားပေါက်လေးက သူ၏ခံစားချက်များကိုဖုံးကွယ်မထားတတ်ဘဲ သူ၏တုံ့ပြန်မှုများကလည်း ဖြောင့်စင်းရိုးရှင်းသည်။ ကု

ဟွိုက်ချီးကျုးပေးသည့်အခါ သားပေါက်လေး၏ အမြှီးမှာ ရုတ်ချည်း ဆတ်ကနဲလှုပ်ရှားသွားလေသည်။


အလ်ဗ်က အမြှီးကို အကြီးအကျယ်လှုပ်နေပုံမှာ သူမပျော်ရွှင်တော့သည့်အကြောင်းပြသနေခြင်းဖြစ်ပြီး အမြှီးကိုဆတ်ကနဲလှုပ်ရှားပုံကမတူညီပေ။ ၎င်းက သူ၏စိတ်အခြေအနေကောင်းသည်ဟုဆိုလိုခြင်းဖြစ်၏။

ကုဟွိုက် သားပေါက်လေးအမြှီးကိုထိချင်သော်လည်း တကယ်တမ်းတွင်မထိမိလိုက်ပေ။ သူသားပေါက်လေးပျော်စေရန် ထိုသို့လုပ်ပေးနိုင်ကြောင်းသဘောပေါက်သွားခဲ့သည်။ သေချာပေါက်ပင် ကုဟွိုက် လက်လှမ်းလိုက်သည်နှင့် အလ်ဗ်အမြှီးကမလှုပ်ရှားတော့ပေ။ ကုဟွိုက်

ပုတ်လိုက်သည်နှင့် အလ်ဗ်ကသူ့အမြှီးကိုဆတ်ကနဲလှုပ်ရှားလာပြန်သည်။


ချစ်စရာကောင်းလွန်းသည်။


ကုဟွိုက် ဂူ၏ချောင်ထဲတွင် ရှိနေသေးသောအဖြူရောင်ဥလေးထံ တိုးသွားလိုက်သည်။ သူသွားသည်နှင့် အနားတွင်လိမ္မာစွာရှိနေသော သားပေါက်လုံးလေးက လက်သည်းလေးများကိုထုတ်ကာ အနောက်မှလိုက်လာလေ၏။


"ဥအခွံကို အချိန်တကျစားပေးရမယ်..."


ကုဟွိုက်က အဖြူရောင်ဥလေးအနားတွင် ပြန့်ကျဲနေသည့် ဥအခွံများကိုကြည့်လိုက်ကာ သူ့အနောက်မှလိုက်လာသောသားပေါက်လေးအားပြောလိုက်သည်။


ကုဟွိုက်နောက်သို့ လိုက်လာသောသားပေါက်လေးက ဥအခွံများကိုမကြည့်ပေ။ ကုဟွိုက်စကားကိုကြားသည်နှင့် အလ်ဗ်ကဥအခွံများကိုနာခံစွာဖြင့်စားတော့သည်။ ဂူထဲတွင် ပြတ်သားသောအသံတစ်ခုရှိနေ၏။ ကုဟွိုက် အစာစားနေသောသားပေါက်လေးနှင့် နံဘေးမှအဖြူရောင်ဥလေးကိုကြည့်ကာ ရုတ်တရက်ပြောလိုက်လေသည်။


"ကျိုးကျိုးက ငါ့ရဲ့သူရဲကောင်းဖြစ်လာသင့်တယ်..."


သူ့ထက်ပိုစော၍မွေးလာခဲ့ပြီး အလ်ဗ်ကသူ့အားစောင့်ရှောက်ခဲ့ရသည်။ ကုဟွိုက်က အနှီသားပေါက်လေးအား သူ၏ 'သူရဲကောင်း' ဟုခေါ်ခြင်းက ပိုသင့်တော်သလိုခံစားရသည်။ သားပေါက်လေးက ဥအခွံအားစား

နေသည်ကိုရပ်လိုက်ကာ ကုဟွိုက်ကိုသူ၏ရွှေရောင်မျက်လုံးဝိုင်းများဖြင့်ကြည့်လာ၏။


ကုဟွိုက်က မျက်တောင်ခတ်လိုက်ကာ "ကဲ..မဟူရာသူရဲကောင်းရေ..."


အဘယ်ကြောင့်ဆိုသော် ဥကအနက်ရောင်ဖြစ်နေသောကြောင့်။ အလ်ဗ်က ကုဟွိုက်စကားကိုနားလည်၍ပေလား သို့မဟုတ် ချီးမွမ်းသည်ဟုထင်၍ပေလား။ သားပေါက်လေးက ဝိုင်းစက်နေသည့်မျက်လုံးများကို ထပ်မံကျယ်လိုက်ကာ ကုဟွိုက်အရှေ့တွင် တောင့်တောင့်လေးဖြစ်သွားပေ၏။


"ကျိုး..!"


သားပေါက်လေး၏ယခုကဲ့သို့သော လှုပ်ရှားမှုက ကုဟွိုက်အား 'ကျွန်တော်အရှင့်ကိုကာကွယ်ပေးမယ်' ဟုသဘောရသည်။


၎င်းကအတော်လေး ချဲ့ကားလွန်းသွားပြီ။


အဖြူရောင်သားပေါက်လေးက အနက်ရောင်ဥထဲမှထွက်လာချိန်တွင်အဖြူရောင်ဥလေးကမူ...ကုဟွိုက်သည် အနက်ရောင်အမွှေးများဖြင့်သူ၏မူလပုံစံကိုတွေးမိသည်။


သားပေါက်လေးသည် စားသောက်ပြီးသည့်နောက် ကုဟွိုက်၏ခြေထောက်ပေါ်တွင် ထပ်မံကပ်နေပြန်၏။


"အိပ်တော့..."


ကုဟွိုက် ထိုင်ချလိုက်ပြီး မလှုပ်တော့ပေ။ အလ်ဗ်က သူ၏အမွှေးဖွားဖွားဖြင့်အမြှီးကို မသိမသာမြှောက်လိုက်သော်လည်း ချက်ချင်းပင်ကုဟွိုက်စကားအားနားထောင်လာပါ၏။ ၎င်းသည်ကား ဂူအဝင်အဝတည့်တည့်သို့စိုက်ကြည့်နေလေသည်။


ကုဟွိုက် သူ့အားနောက်တကြိမ်ချော့မော့ပြောရပြန်သည်။


"ဘာရန်သူမှ မလာပါဘူးကွာ..."


အလ်ဗ်က ဂူအဝင်ဝကိုမျက်တောင်မခတ်တမ်းကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။ သားပေါက်လေးသည် ကုဟွိုက်ကိုမှီကာလှဲချလိုက်ရင်း မှိန်းနေလေသည်။ ဇက်တို့က အချိန်ကြာမြင့်စွာအိပ်စက်ရန်မလိုအပ်သော်လည်း အလ်ဗ်သည်ကား သားပေါက်လေးပုံစံသာရှိနေသေးသည်။ သူနေ့စဉ် တရေးအိပ်စက်သင့်သည်။ ကုဟွိုက်ကိုကာကွယ်ပေးရန်အတွက် အလ်ဗ်အိပ်စက်သည်ကရှားပါးပေ၏။ ကုဟွိုက်ချော့မော့ပြောမှတမှေးအိပ်စက်လေ့ရှိသည်။ အိပ်နေစဉ်မှာပင် အလ်ဗ်ကသတိရှိနေဆဲ။ အခြားသောသက်ရှိတစ်ကောင်က ဂူထဲဝင်လာခဲ့သည်ရှိသော် သူချက်

ချင်းအသံကြားရပြီး ထလာလိမ့်မည်။


သားပေါက်လေးကအမြဲ အားနည်းတတ်သည်။ ဇက်သားပေါက်လေးသည် သာမန်ကြီးရင့်သောသက်ရှိများကိုအနိုင်ယူနိုင်ပြီး အလ်ဗ်သည် အယ်လ်ဖာအဆင့်ဇက်ဖြစ်နေ၍ အနှီစွန့်ပစ်ဂြိုလ်နှင့်လိုက်လျောညီထွေဖြစ်နေပြီးသည့် သားရဲများနှင့်တိုက်ခိုက်နိုင်ရန် သူ့စွမ်းအားများကိုပိုမိုစုစည်းထားရန်လိုအပ်သည်။


နေ့စဉ်နှင့်အမျှ ကုဟွိုက်သည် သားပေါက်လေးအား အဖော်ပြုပေးခဲ့လေ၏။ ဤဂြိုလ်ပေါ်တွင် အခြားသောဉာဏ်ရည်မြင့်သက်ရှိများမရှိလေရာ အတော်လေးအထီးကျန်ဆန်သည်။ 


ကုဟွိုက် သားပေါက်လေးအားကြည့်နေရင်း သူအလ်ဗ်နှင့်ယခင်က တွေခဲ့ဖူးသယောင်ခံစားနေရသည်။ ဥပမာအားဖြင့် ထိုစဉ်က သူဥထဲမှပေါက်ဖွားလာခဲ့ပြီး အခြားလူတစ်ယောက်ကိုအဖော်ပြုပေးနိုင်ခဲ့သည်။


သို့ထိတိုင် ဤသည်က ကုဟွိုက်မတတ်နိုင်သည့်အရာပင်။ အလ်ဗ်သည် ဂူထဲသို့ဝင်လာရန်ကြိုးစားသည့်အခြားသားရဲကောင်များကို အချိန်တိုင်း ရင်ဆိုင်နိုင်ရန် မပြည့်စုံသေးပေ။ တစ်နေ့တွင် ရန်သူများစွာဖြင့်တပြိုင်တည်းရင်ဆိုင်ရသည့်အခါ အလ်ဗ်သာဒဏ်ရာအပြင်းအထန်ရနိုင်သည်။


"ကျိုး..."


ရန်သူကိုအနိုင်ပိုင်းလိုက်နိုင်သော သားပေါက်လေးက ကုဟွိုက်ဘေးသို့ပြန်ရောက်လာပြန်သည်။ ၎င်းကဒဏ်ရာရလာပုံပေါ်ပြီး အမြှီးတွင်သွေးအနည်းစို့နေသော်ငြား ကုဟွိုက်အားကြည့်နေသောမျက်လုံးများမှာ လင်းလက်နေပေသည်။ 


"ကျိုး...ကျိုး..!"


'ကျွန်တော် ရန်သူကိုအနိုင်ယူလိုက်နိုင်ပြီ၊ မကြောက်နဲ့တော့နော်၊ ကျွန်တော်ခင်ဗျားကိုကာကွယ်ပေးမယ်'


သားပေါက်လေးက ထိုစကားများကို ကုဟွိုက်အားပြောပြနေဟန်။


ကုဟွိုက် သူ့နှုတ်ခမ်းများကိုဖိလိုက်သည်။ အလ်ဗ်၏ ကာကွယ်ပေးမှုက သူ့အားစိတ်လှုပ်ရှားသွားစေသည့်တိုင် ကုဟွိုက်မှာကြည့်နေရုံသာတတ်နိုင်သောကြောင့် စိတ်မချမ်းသာပေ။


"ကျိုး..."


အလ်ဗ်က ကုဟွိုက်၏ခံစားချက်များကိုသတိထားမိရှာသည်။


တကျီကျီအသံကြောင့် ကုဟွိုက် မျက်တောင်အမြန်ခတ်ကာ မျက်နှာထားအားပြောင်းလိုက်သည်။ ထို့နောက် သူ၏ချီးကျုးသံကိုမျှော်လင့်နေသည်မှာသေချာသော သားပေါက်လေးအားပြောလိုက်၏။


"မင်းကချစ်စရာအကောင်းဆုံးပဲ..."


မင်းကိုချစ်စရာကောင်းတယ်လို့ပြောရင် မင်းကိုသဘောကျတယ်လို့ဆိုလိုတာ။


အမြှီးတွင်ဒဏ်ရာရထား၍ လှုပ်မိတိုင်းနာကျင်ရလင့်ကစား အလ်ဗ်သည် အနောက်မှ သွေးများဖြာထွက်နေသည့်အမြှီးကို ရုတ်ချည်းမြှောက်လိုက်၏။


"ကျိုး..ကျိုး.."


ဒီဂြိုလ်ပေါ်မှာ ငါအရင်တည်းကပိုင်ဆိုင်ထားတဲ့အရာတစ်ခုပဲရှိတယ်။


မင်းငါ့ကိုရှာတွေ့ခဲ့တယ်။


မင်းကိုသဘောအကျဆုံးပဲ။